အစတုန်းက ကျွန်တော့်စားပွဲမှာ ချစ်စရာ ဓါတ်ပုံမှန်ဘောင်လေး မရှိခဲ့ဘူး။ အခုတော့ မှန်ဘောင်လေးတစ်ခု နေရာယူလာခဲ့ပြီပေါ့။ နံရံထောင့်လေး လွတ်နေတဲ့ နေရာလေးက အခုတော့ ဓါတ်ပုံလေးနဲ့ အံဝင်ဂွင်ကျ လိုက်ဖက်ညီ လှပနေပါပြီ။ ဘောလ်ပင်တွေ ထည့်ထားတဲ့ ခွက်လေးကတောင် သူ့ပိုင်နက်နေရာလေးကို ဖယ်ပေးလိုက်ရလို့ ကျွန်တော့်ကိုများ မကျေမနပ် ဖြစ်နေမလားပဲ။ အစက အဲဒီနေရာမှာ အဲဒီခွက်ကလေးကို ထားထားတာလေ။
ဓါတ်ပုံလေးရှေ့က ပြက္ခဒိန်လေးကတော့ လက်ချိုးရေရမယ့် ရက်တွေကို ပြနေတယ်လေ။ အဲဒီလ အဲဒီအချိန်ကို ရောက်ဖို့ ရက်တွေ အများကြီး ကျန်နေသေးတယ်တဲ့။ ရင်မောရတာပေါ့ဗျာ။ ရှေ့က စပီကာလေးကတော့ ကျွန်တော့်အတွက် သံစဉ်ချိုချိုတွေ ထုတ်ပေးရင်း ကျွန်တော့်ကို အလွမ်းတွေပိုအောင် ဖန်တီးပေးတဲ့သူပေါ့။ သူ့ဘေးနားက အိုင်ပေါ့ဒ်လေးက ကိုယ်နဲ့မကွာ ထားတဲ့အရာတစ်ခုပါ။ ကျွန်တော် ရုံးသွားရုံးပြန် ရထားပေါ် ကားပေါ် အချိန်တွေ၊ ရုံးမှာ အလုပ်လုပ်နေတဲ့ အချိန်တွေမှာ သူက ကျွန်တော်ရဲ့ အိပ်ကပ်ထဲမှာ အမြဲတမ်း နေရာယူလေ့ရှိတယ်။ ညဘက်ရောက်မှပဲ သူ့ခမျာ အနားယူရရှာတာ။ အဲဒီအချိန်ကျတော့ စပီကာတွေက အလုပ်လုပ်နေကြပြီလေ။
သူ့ရှေ့မှာတော့ ကျွန်တော်ရဲ့ ဟန်းဖုန်းလေးပါ။ တကယ်တော့ သူ့ခင်မျာ အိမ်ဖုန်းလောက်တောင် တာဝန် မယူရရှာပါဘူး။ ရုံးမှာဆို ရုံးဖုန်းသုံးတယ်။ အိမ်မှာဆို အိမ်ဖုန်းသုံးတယ်။ တစ်နေ့နေလို့ ဖုန်းတစ်ခါတောင် မလာတော့ သူ့ခင်မျာ အေးဆေးလေး နားနေရတာများပါတယ်။ ညပိုင်းဆိုလည်း အခုလို စားပွဲပေါ်မှာပဲ ငြိမ်ငြိမ်လေး နေနေရရှာတယ်။ သူငယ်ချင်း အများစုက ဂျီတော့ခ်ကနေ စာရိုက်ပြီး စကားပြောကြတယ်။ တကူးတက ဖုန်းခေါ်မနေကြဘူး။
စားပွဲ အလည်တည့်တည့်က ကွန်ပျူတာကတော့ ရုံးက ပေးထားတဲ့ ကွန်ပျူတာပါ။ ရုံးမှာလည်း သူနဲ့ပဲ။ အိမ်မှာလည်း သူနဲ့ပဲ။ အချစ်လေးနဲ့ ဂျီတော့ခ်မှာ စကားပြောရင်လည်း သူကနေ တဆင့်ပေါ့။ ကျွန်တော့် ခံစားချက်တွေ သီဖွဲ့ရင်လည်း သူ့ကိုပဲ သုံးရတာပဲလေ။ အခုတလော သူကတော့ ငြီးနေရှာမှာပါ။ လွမ်းတယ် ချစ်တယ်ဆိုတာတွေကိုပဲ ခဏခဏ ပြောနေ ကြားနေ ရေးဖွဲ့နေလို့တဲ့။ ကြည့်ရတာ သူလည်း ကျွန်တော့်ကို အားကျ မနာလို ဖြစ်သွားပုံပဲ။ အားလည်းကျမိတယ်။ မနာလိုလည်း ဖြစ်မိတယ် ဆိုပါတော့ဗျာ။ သူ့ကိုတော့ အတော်အားနာပေမယ့် ကျွန်တော်ကလည်း ဒါတွေပဲ ရေးဖွဲ့ ပြောနေရမှာပဲလေ။ ကျွန်တော်က မြတ်မြတ်နိုးနိုး ချစ်မိနေတာကိုး။ ဒါကြောင့် ချစ်တာကို ချစ်တယ်လို့ ရိုးသားစွာ ပြောမိတာပေါ့။
ဘေးနားမှာရှိနေတဲ့ နာရီလေးကတော့ နှိုးစက်လေးပေါ့။ တခါတလေ ကျွန်တော့်ဘာသာ အိပ်ရာမထဖြစ်ရင် နှိုးစက်အချိန် ပေးထားရတယ်။ မဟုတ်ရင် ရုံးကို အတော်လေး နောက်ကျမှ ရောက်မှာလေ။ ခဏခဏ ရုံးနောက်ကျတာတော့ မကောင်းဘူးပေါ့။ ဒါကြောင့် သူက ကျွန်တော့်ကို အိပ်ရာက နှိုးပေးရှာပါတယ်။ အိပ်ရာက နှိုးလာတိုင်း သတိရမိတာက ဘယ်သူလဲဆိုတာ သိပါတယ်နော်။ နှိုးစက်လေးကြောင့် ကျွန်တော် မနက်ခင်းတိုင်း သတိရခြင်းများစွာနဲ့ အိပ်ရာက နှိုးထခဲ့တာပေါ့။ ညဆိုလည်း ၁၁ နာရီခွဲပြီလားကို မကြာခဏ လှမ်းလှမ်းကြည့်မိလို့ သူလည်း ရှက်နေလောက်ပါပြီ။
အနောက်က ဖုန်းလေးကတော့ အိမ်ဖုန်းပါပဲ။ ကျွန်တော့် အခန်းထဲမှာ တစ်လုံး တပ်ထားတယ်။ အပြင်မှာ တစ်လုံးရှိတယ်။ ညစဉ်ညစဉ် အချစ်နဲ့ ရင်ထဲက စကားတွေ ဖွင့်ဟပြောဖို့အတွက် သူ့ခင်မျာ မငြီးမငြူ မငြိုမငြင် တာဝန်ယူပေးရှာပါတယ်။ ကျွန်တော် နှိပ်သမျှ နံပါတ်ပေါင်း များစွာကို ခံရရှာတယ်။ တစ်ခါခေါ်လို့ မရရင် နောက်တစ်ခါ ဖုန်းနံပါတ် ထပ်နှိပ်ပြီး ခေါ်ရတော့ နံပါတ်တွေ အများကြီး နှိပ်ဖြစ်တာပေါ့။ ဒါပေမယ့် ဖုန်းပြောရင်း ပြုံးနေတဲ့ ကျွန်တော်ရဲ့ မျက်နှာကို အနီးကပ် မြင်ခွင့်ရထားတဲ့ အရာဝတ္ထုတစ်ခုပါ။ အဲဒီအတွက် သူကျေနပ်နေမှာ ကျွန်တော် သိနေတယ်။
သူတို့တွေ အားလုံးကြားမှာ ဧည့်သည် အသစ်လေးတစ်ခု တိုးလာပြီပေါ့။ အဲဒါကတော့ ချစ်သူရဲ့ ဓါတ်ပုံပါတဲ့ မှန်ဘောင်လေးပေါ့။ ပုဂံဘုရားတွေရဲ့ နီညိုညို အုတ်အရောင်၊ မှန်ဘောင်ရဲ့ သစ်သားအရောင်၊ အချစ်လေး ၀တ်ထားတဲ့ အနီရောင်တီရှပ်၊ အားလုံးဟာ လိုက်ဖက်ညီလှပါတယ်။ ကျွန်တော့်အတွက်တော့ အမောပြေစေတဲ့ အချစ်ဆုံးပေးတဲ့ လက်ဆောင်မွန်တစ်ခုပါပဲ။ လွမ်းတိုင်း ကြည့်မိလို့၊ သတိရတိုင်း ကြည့်မိလို့ ဓါတ်ပုံထဲက ကောင်မလေးတော့ ဘယ်လိုနေမလဲတော့ မသိဘူး။ သူ့ဘေးနားက ဘီလူးကြီးတောင် အကြည့်ခံရလွန်းလို့ ရှက်ပြီး ပြုံးတောင် ပြုံးလာသလိုပဲနော်။
~~~~~~~~~~
အနှစ်ချုပ်.... အရူးပြော အရူးယုံဆိုတဲ့အတိုင်း ချင့်ယုံကြလော။
ပုထုဇနောဥမ္မာ့တကော...