.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, September 8, 2009

Blood facts in general

သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။

သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့ ခုနစ်ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သယ်ဆောင်ပေးပါတယ်။

သွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓါတ်များကို စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို သယ်ဆောင်ပေးသွားပြန်တယ်။

သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့ ကူညီပေးသေးတယ်။

အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီး လေးခုရှိပါတယ်။

သွေးအမျိုးအစားတိုင်းမှာ မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း ရှိပြန်သေးတယ်။

သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုး ပေါင်းစပ်ပါဝင်နေတယ်။

သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ တာဝန်ယူပေးထားပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိ ရှိတတ်ပါတယ်။ ကိုယ်ထဲကို ၀င်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက များပြားလာတတ်ပါတယ်။

သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကို အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။

သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းအထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးပါတယ်။

သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အ၀ါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည်ထဲမှာ ရေဓါတ်၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓါတ်တွေ၊ ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေပေါ့။

သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။

သွေးနီဥကို သာမာန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။

အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။

သွေးဥမွှားကတော့ ၅ ရက်အတွင်း အသုံးပြုရပါတယ်။

သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ အသုံးပြုပါတယ်။

သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊ ဟိုမုန်းဓါတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။

အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ ထားလို့ရပါတယ်။

လူရဲ့သွေးထဲမှာ ပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်တွေကို ရိုးတွင်းခြင်ဆီကနေ သဘာဝအလျှောက် ထုတ်လုပ်ပေးတာပါ။

Sunday, September 6, 2009

The 10th time VNRBD



စင်္ကာပူကျွန်းမှာ ကျွန်းစံနေရတဲ့ ဘ၀အတွင်းမှာ ၁၀ ကြိမ်မြောက် သွေးလှူဖြစ်ပါတယ်။ သွေးလှူပြီးတော့ စလုံးကြက်ခြေနီရဲ့ 09-09-09 သွေးလှူပွဲကိစ္စအတွက် လက်ကမ်းစာစောင် လိုက်ဝေဖြစ်တယ်။ သွားရလာရတာ များပြီး ပင်ပန်းသွားလို့ အိမ်ပြန်ရောက်တော့ မှောက်သွားပါတယ်။ ဖျားတော့ မဖျားပါဘူး။

ဒါပေမယ့် အဲဒီနေ့က ချစ်သူလေး ဖျားနေပါတယ်။ သူကတော့ မာလာဟင်း သွားစားရင်း မိုးကြီးလေကြီးနဲ့ ကြုံဆုံတွေ့ပြီး အအေးမိတာပါ။ ဆရာဝန် မပြပဲ ခေါင်းမာနေလို့ အဝေးကနေ စိတ်ပူနေရတယ်။

သြော်... VNRBD ဆိုတာ ဘာလဲဆိုတာ မသိတဲ့သူလည်း ရှိနိုင်ပါတယ်။
Voluntary Non-Remunerated Blood Donation ကို ပြောတာပါ။

Friday, September 4, 2009

Volunteers needed for F1

စင်္ကာပူကြက်ခြေနီအသင်းက ၂၀၀၉ စင်းတဲလ် ဖော်မြူလာဝမ်းကားပြိုင်ပွဲမှာ စကာင်္ပူကြက်ခြေနီ ရံပုံငွေအတွက် ဈေးရောင်းပေးဖို့ စေတနာ့ဝန်ထမ်း လုပ်အားပေးတွေ ခေါ်နေပါတယ်။ အသက် ၁၈ နှစ်နဲ့အထက် ဖြစ်ရင် လျှောက်ထားလို့ရပါတယ်။ ဒါပေမယ့် စင်္ကာပူကြက်ခြေနီ အသင်းဝင်ဖြစ်ရပါမယ်။ လျှောက်လွှာကို စက်တင်ဘာ ၈ ရက်နေ့ မတိုင်ခင် စင်္ကာပူကြက်ခြေနီရုံးကို ပို့ပေးရမှာပါ။ လူဦးရေ ကန့်သတ်ထားတဲ့အတွက် ရွေးချယ်မှု စည်းမျဉ်းစည်းကမ်းတွေကို ဖော်ပြထားပါတယ်။

Event Details:

Race days: 25 - 27 September (Friday to Sunday)
Sales Shifts: 2pm – 10pm (Fri & Sat), 2pm – 10:30pm (Sun)
Duty Attire: T-shirt (provided), Bermudas/ Jeans and Covered Shoes
Briefing: To be conducted on the event day at the reporting location
(Reporting details will be advice upon confirmation)
Meals: Dinner Coupon will be issued to every volunteer

Wednesday, September 2, 2009

Monkey food



လဆန်းနှစ်ရက် အလုပ်တွေပိ ညဂျူတီနဲ့အိပ်ရေးတွေပျက်
နောက်ဆုံးတော့လည်း ဘောနပ်စ်က ငှက်ပျောသီးပဲဖြစ်မှာပါ
တကယ်တော့ ရုံးကမန်နေဂျာကြီးဆိုတာ ကုလားကြီးဗျ
ဘာပဲဖြစ်ဖြစ် ငှက်ပျောသီးစားကြည့်တော့ အားရှိပါ၏။

Tuesday, September 1, 2009

Reflection in the mirror


မှန်တစ်ချပ်ရှေ့မှာ အချိန်အတော်ကြာကြာ ကြည့်ဖူးကြသလား... ဘာတွေ တွေ့မယ် ထင်သလဲ။ ဘာတွေကို ခံစား ဆင်ခြင် သုံးသပ်မိသလဲ။ ပြန်ရမယ့်အဖြေက မှန်ထဲမှာ ကိုယ့်ပုံ ကိုယ်ပြန်မြင်မှာပေါ့။ ကိုယ့်ရူပကာအပေါ် ဆင်ခြင်သုံးသပ်မိမှာပေါ့။ ၀မ်းနည်း ၀မ်းသာ ခံစားမိမှာပေါ့။ အဲဒါတွေပဲလား။

မှန်ရှေ့မှာ ပြုံးပြလိုက်ရင် မှန်ထဲမှာ အပြုံးပုံလေး မြင်နေရမယ်။ မှန်ရှေ့မှာ မဲ့ပြလိုက်ရင်တော့ မဲ့နေတဲ့ ပုံလေး ထွက်လာမယ်။ မှန်ရှေ့မှာ တည်တည်ကြီးနေရင် မှန်ထဲမှာလည်း တည်တည်ကြီးပဲ တွေ့ရမယ်။ မှန်ရှေ့မှာ မှုန်ကုပ်နေရင် မှန်ကလည်း မှုန်ကုပ်ကုပ်ပုံလေး ပြလိမ့်မယ်။ မှန်ရှေ့မှာ ကုန်းပြ ကွပြ ကားပြလည်း လုပ်သမျှ ပုံစံအတိုင်း မှန်က အချိန်နဲ့ တပြေးညီ လိုက်ပြနေလိမ့်မယ်။

ကျွန်တော်တို့ နေ့စဉ်လိုလို မှန်ကြည့်ကြပေမယ့် မှန်အကြောင်းကို ဟိုဟိုဒီဒီ တွေးမိခဲ့ကြရဲ့လား။ မှန်ဆိုတာ သက်မဲ့အရာဝတ္ထုတစ်ခုပါ။ နူးညံ့တဲ့ ၀ါဂွမ်းစလိုမျိုး မှန်တွေ မရှိပါဘူး။ မှန်ရဲ့မျက်နှာပြင်က မာကြောနေတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ကွဲလွယ်ရှလွယ်တဲ့ ပစ္စည်းတစ်ခုပေါ့။

မှန်တွေဟာ သစ္စာရှိပါတယ်။ မှန်တဲ့အတိုင်းပဲ ပြတယ်။ ပြုံးနေတာကို မဲ့နေတယ်လို့ မပြဘူး။ အိုမင်းနေတာကို နုပျိုတယ်လို့ မပြဘူး။ မဲတူးနေတာကို ဖြူဝင်းနေတယ်လို့ မပြဘူး။ လှတဲ့သူကို အကျည်းတန်သူလို့ မပြဘူး။ ပုံပြင်ဇာတ်လမ်းတွေမှာတောင် မှန်တွေ သစ္စာရှိတဲ့အကြောင်းကို ဖွဲ့နွဲ့ရေးသားကြတယ်။ စနိုးဝှိုက်ပုံပြင်ထဲက စုန်းမကြီးရဲ့ မှော်တန်ခိုးနဲ့ စီရင်ဖန်တီးထားတဲ့မှန်တောင် ကမ္ဘာပေါ်မှာ ဘယ်သူအလှဆုံးလဲ ဆိုတာကို မေးလိုက်တိုင်း အမြဲတမ်း အမှန်တရားကိုပဲ ပြလေ့ရှိတယ်။ ပိုင်ရှင်သခင်ဖြစ်တဲ့ စုန်းမကြီးရဲ့ အလိုကိုလိုက် အကြိုက်ဆောင်ပြီး မုသားမသုံးခဲ့ဘူးတာ ဖတ်ဖူးကြမယ် ထင်ပါတယ်။

မှန်တွေဟာ မှန်တွေရဲ့ သဘာဝအတိုင်းပဲ မှန်မှန်လေးနေလေ့ရှိပါတယ်။ ဒါပေမယ့် မှန်ကြည့်တဲ့လူတွေက အမှန်ကို မြင်ရတဲ့အခါမှာ တခါတလေ လက်မခံတတ်ကြပါဘူး။ လက်မခံဝံ့တာလည်း ဖြစ်နိုင်တယ်။ မှန်က အရှိကို အရှိတိုင်းပဲ ပြနေတယ်။ ဒါကြောင့် မှန်မှာ အပြစ်မရှိပါဘူး။ တချို့လူတွေကသာ မှန်က ပြတဲ့ပုံရိပ်ကို လက်မခံနိုင်ကြဘူး ဖြစ်နေတာ။ အဲဒါကိုက မှန်ရဲ့ ပြဿနာဖြစ်နေတယ်။

အပြစ်မရှိတဲ့ မှန်ကို ဒေါသစိတ်နဲ့ ထိုးခွဲပစ်ကြတယ်။ ချခွဲပစ်ကြတယ်။ ရိုက်ခွဲပစ်ကြတယ်။ အဲဒီအခါမှာ မှန်တွေ တစ်စစီ ကွဲသွားပါပြီ။ အစိတ်စိတ် အမွှာမွှာလည်း ဖြစ်နိုင်ပါတယ်။ မှန်ကွဲစမှာ အချွန်အတက်တွေလည်း ထွက်နေနိုင်တယ်။ အဲဒီလို ကွဲနေတဲ့ မှန်တွေထဲကို လှမ်းကြည့်လိုက်ရင် ဘာတွေ ပြနေမယ် ထင်သလဲ။ မှန်ကွဲတွေက အမှန်တွေပဲ ပြနေသေးတယ်။ ဒါပေမယ့် ပြည့်ပြည့်စုံစုံ လှလှပပတော့ မဟုတ်တော့ဘူးပေါ့။

လောကမှာ မှန်တွေရဲ့ တန်ဖိုးကို နားလည်ခံစားတတ်တဲ့လူတွေ ရှိသေးတာကိုက မှန်တွေအတွက် ဖြေသိမ့်စရာ ကျေနပ်စရာလေးပေါ့။ မှန်တွေအတွက် ကျွန်တော်လည်း မှန်တစ်ချပ်ကို တန်ဖိုးထားပါတယ်။