.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, September 16, 2009

A part of the team



ဖော်မြူလာဝမ်း ကားပြိုင်ပွဲမှာ စင်္ကာပူကြက်ခြေနီ ရံပုံငွေအတွက် ဈေးရောင်းတဲ့နေရာမှာ လုပ်အားပေးအနေနဲ့ အရွေးခံရကြောင်း ဒီနေ့ညနေမှာ စာဝင်လာပါတယ်။ ဘ၀မှာ အတွေ့အကြုံ အသစ်တစ်ခုအနေနဲ့ ပါဝင်ကူညီ ဆင်နွှဲလိုက်ပါအုံးမယ်လေ။

စင်္ကာပူကြက်ခြေနီက ပို့လိုက်တဲ့ စာလေးကိုလည်း ဒီပို့စ်မှာ မှတ်တမ်းယူထားလိုက်ပါမယ်။

~~~~
Dear Volunteer,

Thank you for your interest in supporting the Singapore Red Cross through the sale of Race Survival Kits for the upcoming Formula 1 SingTel Grand Prix. We are please to inform you that you have been selected to be a part of the sales team on the following days:

Confirmed date: Saturday 26th September 2009
Reserved date: NA

Due to overwhelming responses, we apologize if we are unable to assign you for all your selected dates.

Please be reminded that the duties and responsibility of the sales team include:

1. Selling of Race Survival kits at allocated areas/ zones
2. Assisting in moving of kits stocks/ sales logistics to allocated zones
3. Handling donations and payment for the Kits
4. Upholding the image of Singapore Red Cross Society

We will be creating your security passes for admission during the Race and we would like to seek your kind co-operation by submitting your digital passport size photo to susan.chua@redcross.org.sg by Friday 18th September 2009.

Monday, September 14, 2009

Envy eats nothing



“Envy eats nothing but its own heart”

... ဆိုတဲ့ ဂျာမန်စကားပုံတစ်ခုရှိတယ်။
အားကျမနာလိုဖြစ်တယ် ဆိုတာ ဒါမျိုးတွေပေါ့။

Saturday, September 12, 2009

Stay up and fight

ဒီတစ်ပတ်လုံး နေ့ရောညပါ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ကြိုးစားပမ်းစား စီစဉ်ထားသမျှ အနားကပ်မှ တေ့ဖြုတ်ခံလိုက်ရတယ်။ ဖေ့စ်ဘွတ်ခ်မှာလည်း ကွန့်မန့်တစ်ခုကို စ နောက်ပြီး ရေးခဲ့မိတာနဲ့ ဆွမ်းခံရင်း ငှက်သင့်ခံလိုက်ရတယ်။ ချစ်သူလေးခမျာ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတင်ထားရပြန်တယ်။ ဗူးလေးရာ ဖရုံဆင့်၊ မြွေပူရာ ကင်းမှောက်သလိုမျိုး စိုးရိမ်စိတ်တစ်ဝက် နှောက်ကျိနေတဲ့ စိတ်တစ်ဝက်နဲ့ ပေါက်ကွဲခါနီး ယမ်းအိုးကြီးကို စနက်တံ ဆွဲဖြုတ်ပေးတဲ့ သတင်းက ၀င်ချလာတော့ ဒေါသလှိုင်းလုံးကြီးတွေ ဆူနာမီထက် မြင့်သွားတယ်။

ကိုယ်ကျိုးလည်း မရှိ အများအတွက် အကျိုးလည်း မရှိ... ဘာလို့များ ဖျက်လိုဖျက်ဆီး လုပ်ချင်သလဲ မသိဘူး။ မျောက်ပြပြီး ဆန်တောင်းတယ် ဆိုပဲ။ တတိယကြိမ်မြောက် တိုင်ကြပြန်ပြီ။ ကြိုးစားစီစဉ်ထားတဲ့ ပွဲက ဘာလို့ ပျက်သွားသလဲဆိုတာ အဲဒီတော့မှ ဇာတ်ရည်လည်တော့တယ်။ စေတနာ ထားမိတော့ ပိုပြီး စိတ်နာရတယ်။ အကျိုးခံစားရမှာက တို့သွေးလည်းမဟုတ် တို့သားလည်းမဟုတ်ပါ။ မွေးရပ်မြေဆိုတဲ့ နှောင်ဖွဲ့မှုတစ်ခုကြောင့် ရုန်းမထွက်နိုင်တာပါ။ ကိုယ့်ပိုက်ဆံနဲ့ ကျွန်ခံနေတယ်ဆိုပြီး အသိုင်းအ၀ိုင်းက လှောင်နေတာ ကြာလှပြီ။

အွန်လိုင်းမှာရှိနေတဲ့ ကိုမင်းအိုနဲ့ ပြဿနာတွေကို ရင်ဖွင့်ဖြစ်တယ်။ သူက ကျွန်တော်နဲ့ စကားပြောနေရင်း ဖေ့စ်ဘွတ်ခ်မှာ စာတွေ တင်နေပြန်တယ်။ မင်းဖတ်ဖို့အတွက် တင်နေတာလို့ ပြောသေးတယ်။ သူပေးထားတဲ့ အကြံအတိုင်း ခံစစ်ကနေ တိုက်စစ်တွေ ပြန်ဖွင့်ရမယ်။ ထာဝရ ရန်သူဖြစ်နိုင်လား ဆိုတာ ဆန်းစစ်ရပါမယ်။ ဒီလိုပဲ မိတ်ဆွေတွေကို ရန်သူ မဖြစ်အောင် စီစဉ်ရပါပြီ။ မနက်ဖြန်မှာ တိုက်ပွဲတွေ စပါပြီ။

ဖေ့စ်ဘွတ်ခ်မှာ သူရေးတင်ထားတဲ့ စာတွေကို ပြန်ဖတ်နိုင်ဖို့အတွက် အခုလိုပဲ သိမ်းထားလိုက်ပါတယ်။

မိတ်ဆွေများနဲ့ နီးအောင်နေ... ရန်သူနဲ့တော့ ပိုနီးအောင်နေပါ...။

နည်းလမ်းရှာလို့ ကုန်တာမှ ဖြေရှင်းလို့မရသေးရင် ပြသနာကို ပိုကြီးအောင် လုပ်ရတယ်...။

သူရဲကောင်းလိုချင်ရင် စစ်ပွဲတော့ တိုက်ရမှာပဲ။ တိုက်ပွဲမရှိဘဲ သူရဲကောင်းဘွဲ့ပေးချင်ရင် လူရယ်စရာပဲဖြစ်မယ်။

ခံစစ်ကြောင်းက နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ပြောလာရင် သေချာရဲ့လား မေးမနေပါနဲ့။ တိုက်စစ်ကို စပါတော့...။

ကိုယ့်အစီအစဉ်အတိုင်း မဖြစ်တော့ဘူးဆိုရင် သူ့အစီအစဉ်အတိုင်း မသွားမိအောင် အရင်ကြိုးစားဖို့ မမေ့ပါနဲ့။

ရန်သူနဲ့ ပူးပေါင်းတော့မယ်ဆိုရင် မိတ်ဆွေတွေကို ရန်သူမဖြစ်လာစေဖို့ အရင် စီစဉ်ထားပါ...။

ရန်သူကို အပြီးသတ်ချေမှုန်းဖို့ စဉ်းစားရင် သူဟာ ထာဝရ ရန်သူဟုတ်ရဲ့လားကို အရင်စုံစမ်းပါ...။

ကိုယ့်ပြိုင်ဘက်က ကိုယ့်အရပ်မှာ ကိုယ်နဲ့အတူကြီးပြီး ကိုယ်နဲ့အတူ နှစ်ပေါင်းများစွာ နေခဲ့တာဆိုရင် သူလည်း ကိုယ့်ထက်ပိုပြီး မဟာဗျူဟာတွေ တတ်မနေဘူးဆိုတာ သဘောပေါက်ထားပါ...။

သြော် ဒါနဲ့ ဒီနေ့ဟာ World First Aid Day ပါ။ ဒီနှစ် ၂၀၀၉ အတွက် ဆောင်ပုဒ်က...
"First Aid skills should be available to all and not only for those who can afford it"

Friday, September 11, 2009

Hemoglobin

လူနာက သွေးသွင်းဖို့ လိုနေတယ်။ သွေးလာလှူပေးပါဆိုလို့ ဆေးရုံမှာ သွေးသွားလှူကြတယ်။ လိုအပ်တဲ့ သွေးအမျိုးအစားလည်း တူအောင် စီစဉ်ကြတယ်။ ဘီသွေးလိုတယ်ဆိုလို့ ဘီသွေးအလှူရှင် ခေါ်လာတယ်။ အေသွေးလိုတယ်ဆိုရင် အေသွေးသမား ပါလာတယ်။ ခေါ်လာတဲ့ သွေးလှူရှင်မှာ ယောကျာ်းလေးတွေလည်း ပါတယ်။ မိန်းခလေးတွေလည်း ပါတယ်။ ဓါတ်ခွဲခန်းကနေ သွေးစစ်ပြီးတော့ ထွက်လာကြတဲ့ တချို့က ခေါင်းခါပြတယ်။ တချို့က ခေါင်းငိုက်စိုက်နဲ့။ အေဘီစီများလား။ ဘာများဖြစ်ကြသလဲ ဆိုပြီး စိုးစိတ်တိုးတိတ် မေးရမြန်းရပြီပေါ့။ သူတို့ရဲ့ အဖြေက သွေးလှူလို့ မရဘူးတဲ့။

သွေးဘဏ်ကို သွေးလှူရှင်တွေ လိုက်ပို့ပေးခဲ့ဖူးတဲ့ သက်တမ်းတလျှောက် သွေးလှူခွင့်မရတဲ့ ကြုံခဲ့ရသမျှမှာ အများစုက သွေးမှာ ဟေမိုဂလိုဗင် မပြည့်လို့ပါတဲ့။ အဲဒီ ဟေမိုဂလိုဗင်ဆိုတာကို ကြားဖူးကြမယ် ထင်ပါတယ်။ မကြားဖူးသေးတဲ့သူတွေလည်း ရှိကြပါမယ်။ တချို့က သွေးလှူဖူးပေမယ့် ဟေမိုဂလိုဗင် စစ်တယ်ဆိုတာကို မသိလိုက်တာလည်း ရှိနိုင်တယ်။ တချို့က ဟေမိုဂလိုဗင်ဆိုတာ ကြားဖူးကြပေမယ့် ဘာမှန်းဆိုတာကို မသေချာ မရေရာတာလည်း ဖြစ်နိုင်ပြန်တယ်။

၁၈၄၀ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ကြတဲ့ ဟေမိုဂလိုဗင်ဆိုတာ သွေးနီဥထဲမှာရှိတဲ့ ပရိုတင်းပါတဲ့ဓါတ်တစ်မျိုးပါ။ သူက သွေးကို အနီရောင်ဖြစ်စေတဲ့ အရာလေးပဲပေါ့။ ပြီးတော့ သူက အဆုတ်တွေကနေ အောက်ဆီဂျင်ကို သယ်ပေးသေးတယ်။ ဟေမိုဂလိုဗင် မပြည့်ဘူးဆိုတာ သွေးထဲမှာ သွေးနီဥ အရေအတွက် နည်းနေတာလည်း ဖြစ်နိုင်သလို သံဓါတ်ချို့တဲ့တာလည်း ဖြစ်နိုင်ပါတယ်။ တခြားအကြောင်းတွေလည်း ရှိနိုင်ပါသေးတယ်။

သွေးမလှူခင်မှာ ဟေမိုဂလိုဗင်ကို အမြဲစစ်ပါတယ်။ လက်ထိပ်က ဖောက်ထုတ်လိုက်တဲ့ သွေးစက်လေးကို အပြာရောင် ဓါတုဆေးရည် ထည့်ထားတဲ့ ဖန်ခွက်ထဲ ချကြည့်ပါတယ်။ သွေးစက်လေးက အပေါ်ကနေ ကျလာတဲ့ အရှိန်ကြောင့် ဖန်ခွက်ထဲက အရည်ထဲကို တိုးဝင် နှစ်မြှုပ်သွားပေမယ့် ဖန်ခွက်အောက်ခြေထိ မရောက်ခင်မှာ သံဓါတ် အားမကောင်းတဲ့ သွေးစက်တွေဟာ အရည်မျက်နှာပြင်ပေါ်ကို ပြန်တက်လာပါတယ်။ ဟေမိုဂလိုဗင် ပြည့်တဲ့ သွေးစက်တွေပဲ အောက်ခြေအထိ ဆင်းသွားပါတယ်။ ဖန်ခွက် အောက်ခြေအထိ မရောက်တဲ့ သွေးကို ဟေမိုဂလိုဗင် တိုင်းတာတဲ့စက်နဲ့ တစ်ခါပြန်စစ်ပါတယ်။ အနိမ့်ဆုံး သတ်မှတ်ချက်ကို ပြည့်မီတယ်ဆိုရင် သွေးလှူခွင့် ပေးပါတယ်။

ဘယ်လို အကြောင်းအရာကြောင့် ဟေမိုဂလိုဗင် အားနည်းရတာလဲဆိုရင် အဓိကအဖြေကတော့ သံဓါတ်ပါတဲ့ အစားအစာတွေ စားသုံးမှု နည်းလို့ပါ။ အသားမစားရင်၊ နို့ထွက်ပစ္စည်း စားသုံးတာ နည်းလွန်းရင် သံဓါတ် ချို့တဲ့နိုင်ပါတယ်။ သတ်သတ်လွတ် စားတဲ့သူတွေ၊ ကိုယ်အလေးချိန် လျှော့ချဖို့ အစားရှောင်နေတဲ့ သူတွေမှာ သံဓါတ် အားနည်းတာကို တွေ့ရနိုင်ပါတယ်။ သံဓါတ်ပါတဲ့ အစားအစာတွေကို စားသောက်ပေမယ့်လည်း နေထိုင်မကောင်းတဲ့အချိန်၊ ကိုယ်ထဲမှာ ဗီတာမင်စီဓါတ် နည်းနေတဲ့အချိန် ခန္ဓာကိုယ်မှာ သံဓါတ်စုတ်ယူမှု အားနည်းနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှုတွေကြောင့်လည်း သံဓါတ် အားနည်းတတ်ပါတယ်။ လိပ်ခေါင်းဖြစ်နေတဲ့သူတွေလည်း ဟေမိုဂလိုဗင် အားနည်းနိုင်ပါတယ်။ မိန်းခလေးတွေ ရာသီဓမ္မတာလာတဲ့ ကာလမှာ ဟေမိုဂလိုဗင် အားနည်းနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တဲ့အချိန်မှာလည်း ဖွံ့ထွားလာတဲ့ သန္ဓေသားက မိခင်ဆီကနေ သံဓါတ်ကို ရယူတဲ့အတွက် မိခင်မှာ သံဓါတ် အားနည်းစေပါတယ်။ ဒါကြောင့် မိန်းခလေးတွေကို ရာသီလာနေတဲ့အချိန်၊ ကိုယ်ဝန်ဆောင်တဲ့ အချိန်၊ မီးဖွားပြီးတဲ့ အချိန်တွေမှာ သွေးလှူဒါန်းခွင့် မပြုပါဘူး။

ဟေမိုဂလိုဗင် အားကောင်းအောင် ဘယ်လို လုပ်ရမလဲဆိုရင် အဖြေကတော့ သံဓါတ်ပါတဲ့ အစားအစာတွေကို များများ စားသောက်ပေးပါလို့ပဲ ဖြေရပါမယ်။ ပဲအမျိုးမျိုး၊ အသည်း၊ အသားတွေဟာ သံဓါတ် အားကောင်းတဲ့ အစားအစာတွေပါပဲ။ သစ်သီးတွေထဲမှာဆိုရင် ငှက်ပျောသီး၊ ထောပတ်သီး၊ သခွါးမွှေး၊ စတော်ဘယ်ရီနဲ့ စပျစ်သီးတွေက သံဓါတ် အားတိုးစေပါတယ်။ ဟင်းသီးဟင်းရွက်ထဲမှာဆိုရင် ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ မုန့်လာဥ၊ ခရမ်းချဉ်သီး၊ အာလူး၊ ကန်စွန်းဥ၊ ပြောင်းဖူးတို့ကို များများ စားသင့်ပါတယ်။

ဗီတာမင်စီပါတဲ့ အစားအစာကို အတူတွဲပြီး စားပေးရင် သံဓါတ်စုတ်ယူမှုကို ပိုမို အားကောင်းစေတဲ့အတွက် ဗီတာမင်စီပါတဲ့ ကီဝီသီး၊ လိမ္မော်သီးတွေကို သံဓါတ်ပါတဲ့ အစားအစာတွေနဲ့အတူ စားပေးသင့်ပါတယ်။ စားလိုက်တဲ့အစာကနေ သံဓါတ်တွေ စုတ်ယူမှုကို လက်ဖက်ရည်က အနှောင့်အယှက်ပေးတဲ့အတွက် သံဓါတ် အားနည်းတဲ့သူတွေ လက်ဖက်ရည် လျှော့သောက်သင့်ပါတယ်။ လက်ဖက်လည်း လျှော့စားသင့်ပါတယ်။ တစ်ခု သတိပေးချင်တာကတော့ ခန္ဓာကိုယ်ထဲမှာ သံဓါတ်တွေ အရမ်းများနေရင်လည်း မကောင်းပါဘူး။ ဒါကြောင့် ဘယ်အရာမဆို တရားလွန် မစားကြဖို့ သတိထားစေလိုပါတယ်။

သြော်... လူသားတွေရဲ့ သွေးထဲက ဟေမိုဂလိုဗင် ဘယ်လိုပုံစံမျိုး ရှိသလဲဆိုတာ ပြောဖို့ ကျန်ခဲ့တော့မလို့။ ကဲ... မြင်ဖူးသွားရအောင် ဘယ်လိုပုံစံလေးလဲဆိုတာ ပုံကိုပဲ ကြည့်လိုက်ပါတော့ဗျာ။

Photo Credit: Wikipedia

Wednesday, September 9, 2009

Myths about blood donation

သွေးလှူတာနဲ့ ပတ်သက်ပြီး အယူအဆအမှားတွေ အတွေးအမှားတွေ အများကြီး ကြုံဖူးကြားဖူးခဲ့ပါတယ်။ ကျွန်တော့်မှာလည်း အတွေးမှား အမြင်မှားတွေ ဟိုတချိန်တုန်းက ရှိခဲ့ဖူးပါတယ်။ အဲဒီလို အယူအဆအမှား အမြင်အမှားတွေကြောင့် သွေးလှူနိုင်ရဲ့သားနဲ့ သွေးမလှူဖြစ်တဲ့လူတွေ အများကြီးပါပဲ။ မွန်မြတ်ဖြူစင်လှတဲ့ လှူဒါန်းမှုတစ်ခုကို လူတွေက လုပ်ချင်ပေမယ့် ဘယ်လိုအချက်တွေက တားဆီးထားသလဲ။

၁။ သွေးလှူပြီးရင် ၀ လာမယ်။
တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ၀ လာတာမျိုး မရှိပါဘူး။ အသားအရည် စိုပြေပြီး အလှတိုးတာပဲ ရှိပါတယ်။ သွေးလှူထားတာကြောင့် အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန် စားသောက်တာထက် ပိုပြီး စားဖို့သောက်ဖို့လည်း မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။ အဲဒီလိုဆို အရင်ကထက် ပိုပြီး ၀ လာစရာ မရှိပါဘူး။

၂။ သွေးလှူတာကြောင့် ရောဂါကူးမယ်။
တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့ အပ်တွေ၊ သွေးအိတ်တွေ၊ ပစ္စည်းကိရိယာတွေဟာ သန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို သုံးထားပါတယ်။ သွေးဖောက်ပေးတဲ့ သူနာပြုတွေကလည်း တစ်ခါသုံး လက်အိတ်တွေကို အသုံးပြုပါတယ်။ အစအဆုံး စနစ်တကျ ရှိလှတဲ့အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါပိုး ကူးစက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၃။ သွေးလှူပြီးရင် ကျန်းမာရေး ထိခိုက်မယ်။
တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို အရင်စစ်ဆေးပေးပါတယ်။ သွေးလှူဒါန်းဖို့ သင့် မသင့်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေး ကောင်းမွန်မှ သွေးပေးလှူတာပါ။ ဒါပေမယ့် သွေးလှူပြီးရင်တော့ ကုတင်ပေါ်မှာ မိနစ် အနည်းငယ်လောက်တော့ အနားယူသင့်ပါတယ်။

၎။ သွေးဖောက်တဲ့အခါ အပ်ကြီးကြီးကြောင့် နာမယ်။
တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာ မဟုတ်ပါဘူး။ နားဖောက်တာလောက် သွားနှုတ်တာလောက် မနာပါဘူး။ ပုရွတ်ဆိတ် ကိုက်ရင်တောင် ဒီထက်ပိုနာပါတယ်။ တစ်ခုလောက် သတိရစေချင်တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့ နာကျင်မှုဒုက္ခက သွေးလိုနေတဲ့ လူနာရဲ့ သွေးမရရင် ခံစားရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ဘူး ဆိုတာပါပဲ။

၅။ သွေးလှူရတာ အချိန်ကုန်မယ်။
တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အဲဒီ တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရတာတွေ၊ မေးခွန်းတွေ ဖြေရတာတွေ၊ ကျန်းမာရေး စစ်ဆေးမှု ခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က ၁၀မိနစ် ပတ်ဝန်းကျင်ပဲ ရှိပါတယ်။

၆။ သွေးလှူတဲ့အခါ သွေးအများကြီး ဖောက်ယူခံရမယ်။
တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲ ယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့ သွေးပမာဏကို ခန္ဓာကိုယ်က အချိန်ပိုင်းအတွင်း ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

၇။ ကျွန်တော် သွေးလှူဖို့ မလိုဘူး။ သွေးလှူရှင်တွေက အများကြီးပဲလေ။
တကယ်တော့ လူနာတွေအတွက် သွေးလှူရှင် လိုနေပါတယ်။ သွေးလှူလို့ရနိုင်တဲ့ လူဦးရေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုးဖို့အရာ မပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက် သွေးလှူရှင်တွေ အများကြီး လိုနေပါတယ်။

၈။ သွေးဆိုတာ အကြာကြီး အထားခံတယ်။ တစ်ခါ လှူပြီးရင် လုံလောက်တယ်။
တကယ်တော့ အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ သိမ်းထားလို့ရပါတယ်။ သွေးနီဥကို သာမာန် အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်နိုင်ပါတယ်။ သွေးဥမွှားကတော့ ၅ ရက်ပဲ အထားခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က များလွန်းတဲ့အတွက် လှူထားတဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင် ကြာကြာမထားလိုက်ရပဲ လူနာတွေဆီကို သွေးသွင်းကုသပေးလိုက်ရတာ များပါတယ်။ ဒါကြောင့် သွေးဘဏ်မှာ သွေးအိတ်တစ်ခုကို အကြာကြီး မမြင်ရပါဘူး။

၉။ ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။
တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို ကုသိုလ်ဒါနပြုမှုကို အားပေးချီးမြှောက်ထားပါတယ်။ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲ ပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြုစင် ဇီဝတဒါန လှူဒါန်းမှုတစ်ခုပါ။

အခုပြောသွားတဲ့ အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေက စပြီး လူ့အသက်တွေကို ကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံး ပြန်ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။