စင်္ကာပူရောက်ခဲ့ပြီးတဲ့နောက် ဒူးရင်းသီးထဲမှာ လုပ်တဲ့ ဂီတပွဲတွေကို လစဉ်လိုလို နားထောင်ဖြစ်ခဲ့တယ်။ ရုံးက မန်နေဂျာက ခေါ်လို့ ဗစ်တိုးရီးယား ကပွဲရုံမှာ လုပ်တဲ့ ဂီတပွဲကို လွန်ခဲ့တဲ့ ၆ လ ကျော်က စ ရောက်ခဲ့တယ်။ နောက်ပိုင်း ရောက်တဲ့ပွဲတွေက ဒူးရင်းသီးထဲမှာ လုပ်တဲ့ ဂီတပွဲတွေပါ။ အစက အဲဒီလို တီးဝိုင်းတွေကို ပျင်းစရာ ကောင်းမယ်လို့ပဲ တုံးအစွာ မြင်ခဲ့မိတယ်။ ဒီလို ဂီတသံစဉ်တွေက ကျွန်တော်အတွက် အလှမ်းဝေးခဲ့မိတယ်။ ဘယ်တူရိယာကိုမှ မတီးမှုတ်တတ်တဲ့ ကျွန်တော်ဟာ ဂီတကို နားထောင်တဲ့ ပရိသတ်အဆင့်မှာပဲ ရှိခဲ့ပါတယ်။ မိုးဇတ်တို့ ဘင်တိုဗင်တို့ဆိုတာ ကြားဖူးနားဝ အဆင့်မှာပေါ့။
ရုံးက မန်နေဂျာရဲ့ ကောင်းမှုနဲ့ပဲ လတိုင်းနီးပါး ပွဲဆက်မပြတ်ခဲ့ပါဘူး။ သူ မလာနိုင်တဲ့ ပွဲရှိရင်တောင် ဖုန်းနဲ့ မတ်ဆေ့ခ်ျပို့ပြီး သတင်းပေးပါတယ်။ တချို့ပွဲတွေက သံစုံတီးဝိုင်းကြီးတွေပါ။ တချို့ပွဲက လေမှုတ်တူရိယာ အစုံအလင်နဲ့ တီးခတ်တဲ့ ပွဲပါ။ တချို့ပွဲကျတော့ တရုတ်ရှေးရိုးရာ တူရိယာတွေနဲ့ တီးခတ် ဖြေဖျော်တဲ့ပွဲမျိုးပါ။ ဘယ်လို တီးဝိုင်းတွေ ဖြစ်နေပါစေ... ဘယ်လို တူရိယာတွေနဲ့ တီးခတ်နေပါစေ... သံစဉ်ဂီတဟာ လူရဲ့စိတ်ကို နူးညံ့ပျော်ရွှင် ကြည်နူး လွမ်းဆွတ်စေပါတယ်။ အိပ်ငိုက်ဖို့ ဝေးစွ... ပျင်းရိဖို့ ဝေးစွ။
ပြီးခဲ့တဲ့ တနင်္ဂနွေမှာလည်း ဒူးရင်းသီးထဲကို ရောက်ခဲ့တယ်။ ဒီတစ်ခေါက်ပွဲက လေမှုတ်တူရိယာ အစုံအလင်နဲ့ တီးခတ်တဲ့ပွဲပါ။ ကာတွန်းကားထဲက ဇာတ်ဝင်သီချင်းတွေကို တီးမှုတ် ဖျော်ဖြေမှာပါ။ ရွှန်းမီနဲ့ စာကလေးကို ဖိတ်ထားပေမယ့် စာကလေးနဲ့ သူ့ သူငယ်ချင်းတစ်ယောက်ပဲ ပွဲတက်နိုင်ခဲ့တယ်။ ရွှန်းမီက နေ့လည်ပိုင်းမှာ ခဏတဖြုတ် အိပ်ပျော်သွားလို့ ပွဲချိန် မမှီလိုက်ဘူး။ အိပ်မက်တွေ ကောင်းနေလို့လားပဲနော်။
ရှေ့ပွဲတွေရဲ့ အတွေ့အကြုံအရ ဒူးရင်းသီးထဲမှာ ဓါတ်ပုံရိုက်ခွင့် မပေးပါဘူး။ အဲဒါကြောင့် နောက်ပိုင်းမှာ ကင်မရာ ယူမသွားတော့ဘူး။ ဒါပေမယ့် အဲဒီနေ့က ပွဲမစခင်မှာ ကင်မရာ မီးရောင်တွေ တဖျပ်ဖျပ်ပါပဲ။ ကင်မရာ မယူခဲ့တဲ့ နေ့မှာ ဓါတ်ပုံရိုက်ခွင့်က အလှူပေးသလို အခွင့်ရနေတာ တကယ့်ကို စိတ်နာစရာပါပဲ။ ဒါနဲ့ပဲ စာကလေးမှာ ပါလာတဲ့ ကင်မရာနဲ့ အခုပုံကို အမှတ်တရ ရိုက်ယူထားလိုက်တယ်။ ဂီတပွဲ စတဲ့အခါမှာတော့ တီးမှုတ်ဖျော်ဖြေနေတဲ့ သူတွေကို အနှောင့်အယှက် မဖြစ်ရလေအောင် ဓါတ်ပုံရိုက်ခွင့် မပေးတော့ပါဘူး။ အသံဖမ်းခွင့်လည်း မရှိပါဘူး။ အားလုံး ကိုယ့်အသိစိတ်နဲ့ ငြိမ်ငြိမ်လေး နေရတယ်။ အားလုံး တိတ်ဆိတ်နေမှ ဂီတရဲ့ သံစဉ်တွေကို ခံစား ရင်ဖိုနိုင်မယ်လေ။
ရှေ့လ ဒီဇင်ဘာ ၂၇ ရက် မှာလည်း ဂီတပွဲတစ်ပွဲ ရှိပါသေးတယ်။ အဲဒီပွဲက တရုတ် ရှေးခေတ်တူရိယာတွေနဲ့ တီးခတ်မှာပါ။ သေချာပါတယ် ပွဲခင်းထဲမှာ ကျွန်တော်တစ်ယောက် ရောက်နေမယ် ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲကွယ်။