.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, July 19, 2010

July 19 (1947-2010)

ဘာလိုလိုနဲ့ အာဇာနည်နေ့ကို ရောက်လာပြန်ပြီပေါ့။ မနေ့ကတည်းက အာဇာနည်နေ့ကို မှတ်မှတ်ရရ သတိတရ ရှိနေမိပေမယ့် ဘာသိဘာသာ ကျော်ဖြတ်သွားတဲ့ သူတွေလည်း ရှိနေနိုင်ပါပြီ။ အဲဒီအတွက်နဲ့ ဘယ်သူ့ကိုမှလည်း အပြစ် မတင်ချင်တော့ပါ။

ငယ်ငယ်တုန်းက အာဇာနည်နေ့ကို မရောက်ခင် တစ်ပတ်အလိုကတည်းက ကြိုပြီးသိရတယ်။ ကျောင်းမှာဆို ကဗျာရွတ်ပွဲတွေ လုပ်ပေးတယ်။ နှစ်တန်းကျောင်းသားဘဝတုန်းက ဆရာမက တစ်ခန်းလုံးကို ခုံပေါ်တက် မတ်တပ်ရပ်ခိုင်းပြီး ကဗျာဆိုခိုင်းဖူးတယ်။ အာဇာနည်နေ့ကဗျာကို ကျောက်သင်ပုန်းပေါ်မှာ ရေးပေးထားတယ်။ အတန်းရှေ့မှာ ဆရာမက အသံနေ အသံထားနဲ့ လက်သီးလက်မောင်းတန်းပြီး တစ်ကြောင်းချင်းစီ ဆိုပြတယ်။ ကျွန်တော်တို့ကလည်း အဲဒီအတိုင်း လိုက်ဆိုရတယ်။ ကဗျာမှာ အခုချိန်အထိ မှတ်မိတာလေးက အာဇာနည် အာဇာနည် ကိုးဦးအာဇာနည်... တဲ့။ တစ်ရက်တည်း ဆိုရတာမျိုး မဟုတ်ဘူး။ အတန်းတိုင်း အတန်းတိုင်း ၅ ရက်လောက် နေ့စဉ်ရက်ဆက် ကဗျာဆိုရတယ်။ အသံအနေအထား အကောင်းဆုံး ဆိုနိုင်တဲ့သူတွေကို ကျောင်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ပို့ပေးတယ်။ အဲဒါကြောင့် ကလေးဘဝကတည်းက မြန်မာပြည်ရဲ့ အာဇာနည်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းလို့ သိထားခဲ့လိုက်တယ်။

ငယ်ငယ်တုန်းက အာဇာနည်နေ့မှာဆို အိမ်ရှေ့က အစိုးရရုံးတွေမှာ အလံတိုင်ဝက်ကို လျှော့ချထားတယ်။ အိမ်မှာလည်း အလံကို တိုင်ဝက်ထူထားတယ်။ ရပ်ကွက်ထဲက အိမ်ပေါက်စေ့မှာလည်း အလံတွေ တိုင်ဝက်မှာ ကိုယ်စီကိုယ်စီ။ အိမ်မှာက အလံထူလေ့ မရှိဘူး။ ရပ်ကွက်ရုံးက လော်စပီကာနဲ့ လိုက်အော်တဲ့အခါမျိုးမှ အလံ ထူတာ။ ရပ်ကွက်ရုံးက အလံထူဖို့ အော်တိုင်းလည်း မထူပါဘူး။ အလံသယ်တဲ့ ပြည်ထောင်စုနေ့နဲ့ တိုင်ဝက်မှာ အလံထူရတဲ့ အာဇာနည်နေ့ပဲ အလံထူတယ်။ အိမ်မှာ လူကြီးတွေ အလံထူရင် သူတို့အနားကပ်ပြီး ကိုယ်တိုင် လုပ်ကြည့်ချင်လို့ ပူဆာသေးတယ်။ ဒါပေမယ့် လူကြီးတွေက အလံပြုတ်ကျရင် အဖမ်းခံရမှာနော်။ ကလေးတွေ လုပ်လို့ မရဘူး ဆိုတာနဲ့ ကြည့်ပဲ ကြည့်နေလိုက်ရတယ်။

ငယ်ငယ်တုန်းက အာဇာနည်နေ့ မနက်ပိုင်းမှာ ပါပါးရဲ့ လေးဘီးကားနဲ့ ကားလိုက်စီးဖို့ အပြင်ထွက်ခဲ့တယ်။ ဈေးဝယ်ထွက်တာလား ဓါတ်ဆီထည့်တာလား... တစ်ခုခုပဲ။ သေချာ မမှတ်မိတော့ဘူး။ လေးဘီးကားလေး ကမ်းနားလမ်းပေါ်လည်း ရောက်ရော မြစ်ကမ်းတလျှောက်က စက်ရုံတွေ သဘောင်္တွေ ဥသြတွေ ဆွဲပါလေရော။ သစ်စက်တွေလည်း ဥသြဆွဲတယ်။ ပါပါးလည်း ကားကို ခဏရပ် အောက်ဆင်းပြီး ဟွန်းတီးတယ်။ လမ်းပေါ်က ကားတွေလည်း အကုန်ရပ်တယ်။ တချို့လည်း ဟွန်းတီးကြတယ်။ လမ်းဘေးမှာ လျှောက်နေတဲ့ လူတွေလည်း ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေကြတယ်။ ကလေးဘဝတုန်းကတော့ ဘယ်လိုအဓိပ္ပါယ်နဲ့ အခုလိုမျိုး လုပ်ကြတယ် ဆိုတာကို သေသေချာချာ နားမလည်ခဲ့ဘူး။ ဒါပေမယ့် အာဇာနည့်နေ့မှာ ဥသြဆွဲတယ် ဟွန်းတီးတယ်လို့ပဲ ကလေးအတွေးနဲ့ မှတ်ထားလိုက်တယ်။

ငယ်ငယ်တုန်းက အိမ်မှာ ရေဒီယိုပဲ ရှိသေးတယ်။ တီဗွီက သိပ်မပေါသေးဘူး။ အာဇာနည်နေ့ အနားနီးပြီဆိုရင် ရေဒီယိုက အာဇာနည်နေ့သီချင်းတွေ လွင့်တယ်။ ကလေးဘဝတုန်းက ရေဒီယိုမှာ နားထောင်ချင်တာက ဇာတ်လမ်းပမာ နားဆင်စရာနဲ့ ပုံပြင်ပဲ ဆိုတော့ အဲဒီသီချင်းတွေ မကြိုက်တာ အမှန်ပဲ။ ရှေးအသံနဲ့ ဆိုထားတဲ့ ရှေးဟောင်းသီချင်းတွေဆိုပြီး နားမထောင်ဖြစ်ဘူး။ အာဇာနည်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ် တိတိ ထိုးတာနဲ့ ရေဒီယိုကလည်း ဥသြဆွဲသံ လွှင့်ပေးတယ်။ အဲဒီလို ဥသြဆွဲသံ ကြားရင် ဘယ်သူ့ကို လွမ်းလို့ လွမ်းမှန်း မသိတဲ့ ခံစားချက်မျိုး ရလာတယ်။ ငိုချင်သလိုလိုနဲ့ မျက်ရည်ဝဲမိတယ်။

ငယ်ငယ်တုန်းက အာဇာနည်နေ့မှာ အာဇာနည်ကုန်းကို သွားချင်တယ်။ ဒါပေမယ့် ဗုံးကွဲဖူးလို့ လူကြီးတွေက လိုက်မပို့ပေးဘူး။ မြောက်ကိုရီးယားတွေက ဗုံးလာခွဲဖူးတယ်လို့ ပြောပြပေမယ့် သေချာတော့ မသိခဲ့ပါဘူး။ အာဇာနည်ကုန်းပေါ်က ကြယ်ဖြူတစ်ပွင့် လင်းလက်နေတဲ့ အနီရောင်ဂူဗိမာန်ကြီးက ခမ်းနားထည်ဝါတာတော့ အမှန်ပဲ။ ဗိမာန်ရဲ့ ဗိသုကာက ဆရာဦးဆန်းဦးလို့ သိထားပါတယ်။ အဲဒီဗိသုကာ လက်ရာအပေါ်မှာ ပြုတုစု ဆိုပြီး ဝေဖန်ချက်တွေတော့ ရှိပါတယ်။ နိုင်ငံတစ်ခုက အာဇာနည်ဗိမာန်နဲ့ ခပ်ဆင်ဆင် တူနေတယ်လို့လည်း ဖတ်ခဲ့ဖူးပါတယ်။ ဘယ်သူက အရင်ဆောက်ခဲ့သလဲ ဆိုတာတော့ ကျွန်တော်လည်း မသိပါ။ အာဇာနည်ဗိမာန်ရဲ့ ဗိသုကာလက်ရာဖွဲ့စည်းပုံကို အနီးကပ် မြင်တွေ့လေ့လာချင်တယ်။ ကျွန်တော်ဟာ အာဇာနည်ကုန်းနားကို အခေါက်ပေါင်းများစွာ ရောက်ခဲ့ပေမယ့် အခုချိန်အထိ အာဇာနည်ကုန်းပေါ်ကို တစ်ခါတစ်ခေါက်တောင် မတက်ဖူးသေးတဲ့ ရန်ကုန်သားစစ်စစ်ပါ။ ဒါဟာ ရန်ကုန်သားအချို့အတွက် သိပ်တော့ မထူးဆန်းလှပါ။

ငယ်ငယ်တုန်းက အာဇာနည့်နေ့နဲ့ ပတ်သက်ပြီး ကြုံဆုံခံစားခဲ့ရတဲ့ အကြောင်းတွေဟာ အခုအချိန်မှာတော့ အငွေ့အသက်တောင် မကျန်တော့ပါ။ အာဇာနည်နေ့ကို မမေ့တဲ့သူတွေက မမေ့သေးပါဘူး။ ဒါပေမယ့် လုံးဝကို မသိတော့တဲ့ သူတွေလည်း ရှိနေပါပြီ။ ရုံးပိတ်တယ် ကျောင်းပိတ်တယ်။ ဒီထက်ကို မပိုတော့ပါဘူး။ မသိတာကို အပြစ်တင်မစောစေချင်ပါ။ မသိတာက မသိအောင် မျက်စိပိတ်နားပိတ် အလုပ်ခံထားရလို့ပါ။ မသိတဲ့သူတွေကို အပြစ်တင်မယ့်အစား သိအောင် မျက်စိဖွင့် နားဖွင့် လုပ်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။

ဒါဆို ဘယ်လိုမျိုး မျက်စိဖွင့် နားဖွင့်ပေးကြမလဲ။ အာဇာနည်နေ့အကြောင်း အာဇာနည်တွေအကြောင်း မြန်မာ့နိုင်ငံရေးအကြောင်း ကိုယ်သိထားသလောက် ကိုယ့်ပတ်ဝန်းကျင်မှာ လက်ဆင့်ကမ်း ဝေမျှပေးကြပေါ့။ အာဇာနည်ဆိုတာ အသံကောင်းတဲ့ အဆိုတော် မဟုတ်ကြောင်းပါ ပြောဖို့လည်း လိုမယ် ထင်ပါတယ်။



ဗိုလ်ချုပ်က မသေသေးဘူး...
အခုထိ အသတ်ခံနေရတုန်း... လို့ပဲ ၂၀၁၀ အာဇာနည်နေ့မှာ ထပ်ပြောချင်ပါတယ်။

Wednesday, July 14, 2010

Ayam Penyet

Ayam Penyet ဆိုတာ အင်ဒိုနီးရှားဆိုင်ပါ။ အင်ဒိုနီးရှား ထမင်းဟင်းတွေကို စားချင်ရင် အဲဒီကို သွားစားကြပေါ့။ ပထမဦးဆုံး စားဖူးတဲ့ဆိုင်က Bugis ဘက်မှာပါ။ Hot Pot ဆိုင်တွေရဲ့ အနားလေးမှာပဲ။ အခုတော့ အဲဒီဆိုင် မရှိတော့ဘူး။ ညီမဝမ်းကွဲက သူ့မွေးနေ့ကို အဲဒီဆိုင်မှာ လိုက်ကျွေးခဲ့တယ်။ ကြက်ကြော်နဲ့ ချဉ်ဟင်းက ကောင်းလွန်းတယ် ဆိုပြီး ညွှန်းတယ်။ ဟုတ်ပါ့မလားပေါ့။ တကယ်စားကြည့်တော့မှ ဟုတ်ပါ့ဟုတ်ပါ့ ဆိုတာ သိလိုက်ရတယ်။ ခရမ်းချဉ်သီးနဲ့ လုပ်ထားတဲ့ ငပိချက်က အတော်ပူတယ်။ ဒါပေမယ့် စားလို့ ကောင်းတယ်။ ချဉ်ဟင်းကတော့ စပါယ်ရှယ်လို့ ပြောလို့ရတယ်။ ချိုသလိုလို ချဉ်သလိုလိုလေး။ ချဉ်ဟင်းမှာ ပြောင်းဖူး၊ မြေပဲ။ ဂေါ်ဖီ၊ ပဲသီးတွေ ပါတယ်။


Boonlay - Jurong Point က ဆိုင်

ဟိုးအရင် မွေးနေ့တုန်းက ဘလော့ဂါတွေနဲ့ Bugis က ဆိုင်မှာ စားဖြစ်တယ်။ ညီမတစ်ယောက် စင်္ကာပူကို လာလည်တော့ အဲဒီဆိုင်ကို ခေါ်သွားသေးတယ်။ ဒါပေမယ့် အဲဒီနေရာမှာ ဆိုင်မဖွင့်တော့ဘူး။ ဆိုင်နေရာ ရွှေ့သွားတာလား မသိဘူး။ Orchard လမ်းက Lucky Plaza မှာလည်း ရှိတယ်ဆိုတာ ကောင်ကောင်မိုကြီး လိုက်ပို့လို့ သိရတယ်။ လက်ရာကောင်းတယ်။ ဒါပေမယ့် မီးဖိုးချောင်က ညှော်နံ့က အပြင်ထွက်လာတော့ သိပ်အဆင်မပြေလှဘူး။ Boonlay Jurong Point က ဆိုင်ကိုတော့ ရုံးက လူတွေနဲ့ ရောက်ဖြစ်တယ်။ ဆိုင်အပြင်အဆင် အတော်ကောင်းတယ်။ စားလို့လည်း ကောင်းတယ်။ ပိတ်ရက်မှာဆို လူများလွန်းလို့ တန်းစီရတာ အချိန်ကုန်တယ်။ Woodlands Causeway Point က ရုပ်ရှင်ရုံရှိတဲ့ အထပ်မှာလည်း အဲဒီလို အင်ဒိုနီးရှား အစားအစာဆိုင်တော့ ရှိတယ်။ ဒါပေမယ့် လက်ရာ မကောင်းဘူး။ Vivo City မှာလည်း တစ်ဆိုင် ရှိတယ်။ လက်ရာက Lucky Palaza နဲ့ Jurong Point က ဆိုင်တွေကို မမှီဘူး။


အရိုးထုတ်ထားတဲ့ ကြက်ကြော်

ကြက်သားကြော်နဲ့ ထမင်း တစ်ပွဲကို စင်္ကာပူဒေါ်လာ ၇ ဒေါ်လာနီးပါး၊ ချဉ်ဟင်းတစ်ခွက်ကို ၄ ဒေါ်လာ နီးပါး ပေးရတယ် ဆိုပေမယ့် ဟမ်ဘာဂါ ၀ယ်စားရတဲ့ဈေးနဲ့ ယှဉ်ကြည့်ရင် ထမင်းနဲ့ဟင်း စားရတာ ပိုတန်သလိုပဲ။ ကြက်ကြော်မှာ ပဲပြားကြော်နဲ့ အရွက်ကြော်လည်း ထည့်ပေးတတ်တယ်။ အမဲသားနဲ့ လုပ်တဲ့ ဟင်းတွေလည်း ရှိတယ်။ မစားဖူးတော့ သိပ်မသိဘူး။ ငါးခူကြော်တွေလည်း ရှိတယ်။ တချို့ဆိုင်တွေက ငပိချက်ကို ကြိုက်သလို ယူခွင့်ရှိတယ်။ တချို့ကျတော့ ဟင်းခွက်ထဲမှာ ထည့်ပေးထားသလောက်ပဲ ရတယ်။ များများလိုချင်ရင် ဟင်းမှာကတည်းက တခါတည်း ပြောရတယ်။ Lucky Plaza နဲ့ Jurong Point က ဆိုင်တွေမှာ အအေးပါ မှာလို့ရတယ်။ ထောပတ်သီးဖျော်ရည်က သောက်လို့ အကောင်းဆုံးပဲ။ ထောပတ်သီး ပေါ်တဲ့ ရာသီချိန်မှ ရတယ်။ မုန့်လက်ဆောင်းလည်း ရတယ်။ Blueberry လည်း ရတယ်။ အဲဒါတွေလည်း သောက်လို့ ကောင်းပါတယ်။ တစ်ခါက အင်ဒိုနီးရှား လက်ဘက်ရည်ဆိုလို့ စမ်းသောက်ကြည့်တာ ရေနွေးကြမ်းအအေးကို သကြားနဲ့ မွှေပြီး ဖျော်ပေးထားသလိုပဲ။ အဲဒါကို ကြိုက်တဲ့သူ ရှိကောင်း ရှိပါမယ်။


အင်ဒိုချဉ်ဟင်း

သူငယ်ချင်း အပေါင်းအသင်း မိဘဆွေမျိုးတွေ စင်္ကာပူကို အလည်တခေါက် ရောက်လာတဲ့အချိန်မှာ ဧည့်ခံဖို့ ဆိုင်ကောင်းကောင်းတွေ သိစေချင်တဲ့သဘောနဲ့ ပြောပြတာပါ။ သိသူ ဝင်စား မသိသူ ကျော်သွား ဆိုတာမျိုး မဖြစ်ရလေအောင် ဝေမျှတာပါ။ ကြော်ငြာပေးတာလည်း မဟုတ်ပါဘူး။ ကော်မရှင်ခ ပွဲစားခလည်း မရပါဘူး ခင်ဗျာ။

Saturday, July 10, 2010

Clean the beach



ဒီနေ့ ပင်လယ်ပြာ သောင်ပြင်မှာ အမှိုက်ကောက်ဖြစ်တယ်။ သဲသောင်ပြင်ဖြူလွှလွှမှာ ပုံတွေ ရေးဆွဲဖြစ်တာ မဟုတ်ဘူးနော်။ ရုံးအနေနဲ့ ကိုယ်စားပြုသွားရတာပါ။ SITF က လုပ်အားပေး လွှတ်ပေးဖို့ ရုံးကို ဖိတ်တယ်။ ရုံးက စိတ်ဝင်စားတဲ့ သူတွေကို သွားခိုင်းတယ်။ စာရင်းပေးထားတုန်းကတော့ ၁၀ ယောက်လောက် ရှိတယ်။ တကယ်တမ်းကျတော့ ၇ ယောက်ပဲ လာတယ်။ ၇ ယောက်ဆိုတာမှာ ရုံးက လူကို ရေမယ်ဆိုရင် ၄ ယောက်ပဲ ရှိတယ်။ တခြား ၃ ယောက်က သူတို့ရဲ့ ကြင်သူသက်ထားတွေ။

မနက် ၆ နာရီလောက် အိပ်ရာထရတယ်။ ရုံးက တစ်ယောက်က ဖုန်းဆက် နှိုးပေးတယ်။ မထချင်ပေမယ့် ကုန်းရုန်း ထလိုက်တယ်။ လုပ်ပေးမယ် ပြောထားပြီးမှတော့ ဖြစ်အောင် လုပ်ပေးရမှာပေါ့။ နေတဲ့နေရာနဲ့ သွားရမယ့် ပင်လယ်ကမ်းခြေက အရှေ့နဲ့အနောက်... တောင်နဲ့ မြောက်လိုပဲ။ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် ပြောလို့ရတယ်။ အဲဒီတော့ မနက် ၈ နာရီခွဲ အရောက် ကမ်းခြေရောက်ဖို့ ၇ နာရီကတည်းက အိမ်ကနေ ထွက်လာခဲ့ရတယ်။ မနက်စာတော့ အိမ်ကနေပဲ စားခဲ့လိုက်တယ်။

ကမ်းခြေနဲ့ အနီးဆုံး ဘူတာမှာ ရုံးက ဘော်ဒါတွေနဲ့ ချိန်းလိုက်တယ်။ ဘူတာကနေ ဘတ်စ်ကား စီးဖို့ သိပ်အဆင်မပြေတော့ တက်စီပဲ ငှားလိုက်တယ်။ တက်စီက အများဆုံး ၄ ယောက်ပဲ တင်လို့ရတယ်။ သွားမယ့်လူက ၅ ယောက် ဆိုတော့ ကား ၂ စီးနဲ့ သွားရမယ့်ကိန်း။ ကံကောင်းချင်တော့ တားလို့ရတဲ့ ကားက ၇ ယောက် စီးလို့ရတဲ့ ကားမျိုးဖြစ်နေတယ်။ ကားခတော့ ပိုပေးရတာပေါ့။ အဲဒီလိုနဲ့ပဲ ချိန်းထားတဲ့စုရပ်ကို မနက် ၈ နာရီခွဲကျော်ကျော်မှာ ရောက်သွားပါလေရော။

ကားမောင်းတဲ့ ဒရိုင်ဘာက စောစောစီးစီး ဘာတွေသွားလုပ်မှာလဲ မေးတော့ ရှေ့ခန်းမှာထိုင်တဲ့ ဘော်ဒါက ကမ်းခြေမှာ အမှိုက်ကောက်ရမှာလို့ ပြန်ဖြေတယ်။ ဒရိုင်ဘာက မင်းတို့တတွေ လမ်းဘေးမှာ အမှိုက်ပစ်လို့ အဖမ်းခံရပြီး ပထမဆုံးအကြိမ်အနေနဲ့ အမှိုက်ကောက်ဖို့ အပြစ်ပေးခံရတာလားလို့ ပြန်မေးတယ်။ အဲဒီလိုမျိုး အပြစ်ပေးခံရတာ မဟုတ်ပါဘူး... ဗော်လန်တီယာ သွားလုပ်ကြမှာပါလို့ ကပြာကယာ ရှင်းပြရသေးတယ်။ ဥပဓိရုပ်က အဲဒီလိုမျိုးကို အထင်ကြီး ခံရတာ။ စည်းမဲ့ကမ်းမဲ့ရုပ် ဖြစ်နေပြီ ထင်တယ်။

စုရပ်ရောက်တော့ အမည်စာရင်းပေးရတယ်။ တစ်ယောက်ဆီကို ရေသန့်တစ်ဗူး ပေးတယ်။ လက်အိတ်တွေ ပေးတယ်။ အမှိုက်ထည့်ဖို့ အိတ်ပေးတယ်။ အမှိုက်အိတ်တွေကို ၁၀ နာရီခွဲမှာ ပြန်လာပေးဖို့ မှာပြီး တာလွှတ်လိုက်တယ်။ တချို့က ပြေးလမ်းတလျှောက် ကောက်တယ်။ တချို့က စားသောက်ဆိုင်ဘက်မှာ ကောက်တယ်။ တချို့က သဲသောင်ပြင်ပေါ်မှာ ကောက်တယ်။ ကျွန်တော်တို့က လှိုင်းဖွေးဖွေး ကမ်းစပ်မှာ အမှိုက်သွားကောက်တယ်။

စားသောက်ဆိုင်ဘက်မှာ အမှိုက်ကောက်တဲ့ အဖွဲ့တွေကတော့ အမှိုက်အများဆုံး ရတယ်။ ပုလင်းခွံ ဘူးခွံတွေ၊ တစ်ရှူးစက္ကူတွေ၊ ဇွန်းခရင်းတွေ၊ ဖော့ဘူးတွေပေါ့။ သဲသောင်ပြင်နဲ့ ပင်လယ်ကမ်းစပ်မှာ ကောက်တဲ့သူတွေက အမှိုက်ထုထည် အနည်းဆုံး ရတယ်လို့ ပြောရမလားပဲ။ ပုလင်းကွဲတွေ၊ ပုလင်းဖုံးတွေ၊ ဆေးလိပ်တိုတွေ၊ ဝါယာကြိုးတွေ၊ အဝတ်စတွေ၊ အရုပ်တွေ၊ ပလတ်စတစ်အိတ်တွေပဲ ရှာတွေ့တယ်။ ပလတ်စတစ်အိတ်တွေကို ကမ်းစပ်တဝိုက် ရှာရှာဖွေဖွေ ကောက်နိုင်ခဲ့တာကို ကျေနပ်နေမိတယ်။ အဲဒီအိတ်တွေက ရေသတ္တဝါတွေကို အကြီးအကျယ် ဒုက္ခပေးမယ့် အရာတွေလေ။ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဆွေးမြေ့မယ့်အရာမျိုးလည်း မဟုတ်ဘူး။ ဒါကြောင့် အမှိုက်ပစ်တဲ့သူတွေ ဆင်ခြင်သင့်ပါတယ်။

မနက် ၁၀ နာရီခွဲတော့ အမှိုက်အိတ်ကို စုရပ်မှာ ပြန်အပ်လိုက်တယ်။ အဖွဲ့လိုက်လည်း ဓါတ်ပုံစုရိုက်ဖြစ်တယ်။ စုရပ်မှာ ငှက်ပျောသီးနဲ့ ကိတ်မုန့်တွေ ကျွေးတယ်။ ဗိုက်မစာတာကြောင့် မစားခဲ့ဘူး။ McCafe က Gift Voucher လည်း ပေးတယ်။ ရုံးက လူတွေနဲ့ ဆာတေး စားဖို့ လုပ်ပေမယ့် ဆိုင်က မဖွင့်သေးဘူး။ ဒါနဲ့ အုန်းစိမ်းရေ သောက်ပြီး ကျေနပ်လိုက်ရတယ်။ ကမ်းခြေတလျှောက် ဟိုဟိုဒီဒီ လျှောက်ကြည့်သေးတယ်။ စက်ဘီးငှားစီးရင် ၁ နာရီ ငှားရင် အပို ၁ နာရီပေးတယ်တဲ့။ နေပူတော့ စက်ဘီးလည်း မစီးဖြစ်ပါဘူး။ ဒါကြောင့် အိမ်ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အပြန်မှာလည်း ဘတ်စ်ကားက မလွယ်ပြန်ဘူး။ ရုံးဖွင့်ရက်ဆို ကားမရှိဘူး။ စနေနေ့ဆို နေ့လည် ၂ နာရီကျော်မှ ဘတ်စ်ကား ရှိမယ်။ အဲဒီတော့ အနီးဆုံး ဘူတာကို တက်စီငှားပြီး သွားခဲ့လိုက်တော့တယ်။ ဘူတာကနေ ရထားစီး အိမ်ပြန်ပေါ့။

ကမ်းစပ်တလျှောက် အမှိုက်ကောက်တဲ့ ရလဒ်ကတော့ အမှိုက်ပစ်တာ ဆင်ခြင်ရမယ် ဆိုတဲ့ အသိစိတ်လေး ဝင်သွားတယ်။ အမှိုက်ပစ်လိုက်ရတာ လွယ်ပါတယ်။ ပြန်လိုက်သိမ်းရတာတော့ မလွယ်ပါဘူး။ ကမ်းခြေဆိုတာ အကျယ်ကြီးလေ။ ကိုယ့်အသိစိတ်ဓါတ်နဲ့ ဆင်ခြင်နိုင်ရင် အကောင်းဆုံးပေါ့။

ဒါပေမယ့် အခုတော့ ကျွန်တော်ဇူလိုင် အသားမဲနေပါပြီလေ။



Wednesday, July 7, 2010

July 7 2010

ဇူလိုင်အိပ်မက်ဘလော့ သက်တမ်း ၃ နှစ်ပြည့်ပါပြီ။ အရည်မရ အဖတ်မရတွေ များပါတယ်။ ဘလော့ဖတ်ရင် အရည်လည်း မရပါဘူး။ အဖတ်လည်း မရပါဘူး။ သေချာတာက အများကြီးဖတ်မိရင် မျက်စိညောင်းတာပဲ ရှိပါမယ်။ မျက်စိညောင်းလို့ မျက်ရည်ထွက်လာရင် အရည်တော့ရပါတယ်။ မျက်ချေးတွေပါ ကော်နိုင်ရင်တော့ အဖတ်ရပါတယ်။ ဒါပေမယ့် ဘလော့ဖတ်တာက တချို့လူတွေအတွက် အပျင်းပြေစေတယ်လို့ ပြောနိုင်ပါမယ်။ ဗဟုသုတ ရစေတဲ့ ဘလော့တွေ ရှိပါတယ်။ အတွေးအမြင်တွေ ပြောင်းသွားစေနိုင်တာတွေလည်း ရှိပါတယ်။ အသေအချာ ဝေဖန်ပိုင်းခြားပြတဲ့ စာတွေရှိတဲ့ ဘလော့တွေလည်း ရှိပါတယ်။ ဒါကြောင့် ယူသော် ရ၏... လို့ ပြောချင်ပါတယ်။

ကျွန်တော့်ဘလော့ကတော့ ဖုတ်လှိုက်ဖုတ်လှိုက်ပါ။ တချို့က ရေးအားတွေ ကျသွားတယ်လို့ ပြောကြပါတယ်။ အရင်လိုမျိုး ရေးချင်စိတ်တွေ ပျောက်နေတာက အမှန်ပါပဲ။ မငြင်းပါဘူး။ အရင်ကတော့ အားယားနေတယ်။ ဒါကြောင့် အလုပ်မရှိ ကြောင်ရေချိုး ဆိုသလိုမျိုး ဟိုတွေး ဒီရေး လုပ်ဖြစ်တယ်။ အခုများမှာတော့ အချိန်ဆိုတာ ရှိပေမယ့် အလုပ်ဆိုတာက အချိန်ထက် နှစ်ဆနီးပါး ပိုများနေတယ်။ ရေးချင်တာတွေ ရှိရင်တောင် အလုပ်တွေ ကျန်သေးတယ် ဆိုပြီး အလုပ်ဘက်ကို ရောက်ရောက်သွားတယ်။

ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ပို့စ်တွေထဲက သွေးနဲ့ပါတ်သက်တဲ့ ပို့စ်တွေနဲ့ ဘရာဇီယာ ဝတ်ပြီး အိပ်သင့် မအိပ်သင့်ပို့စ်ကိုတော့ ရွှေပြည်ကြီးက အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်မှာ ဖော်ပြခံရတယ်။ အဲဒီအတွက် စာမူခလည်း ရတယ်။ ဒါပေမယ့် စာရေးဆရာ ဖြစ်ပြီလို့တော့ မဆိုဝံ့ပါ။ ရန်ကုန်က အိမ်မှာတော့ ဂျာနယ်တွေ ဝယ်သိမ်းထားပါတယ်။ အမျိုးအဆွေတွေကို ပြဖို့တော့ ဟုတ်ဟန် မတူပါဘူး။ သေချာတာကတော့ အခုချိန်ဆို ဂျာနယ်တွေ ဖုန်တက်နေပါပြီ။

ဘလော့မှာ သွေးနဲ့ပါတ်သက်တဲ့ လူမှုရေးအလုပ်တွေကို အများဆုံး တင်ဖြစ်တယ်။ ကိုယ်ရေးကိုယ်တာတွေကို ရေးသင့်သလောက် ချရေးထားတယ်။ တချို့ကို ဒဲ့ဒိုးရေးတယ်။ တချို့ကို သွယ်ဝှိုက်ပြီးရေးတယ်။ တချို့ကို ဓါတ်ပုံအနေနဲ့ပဲ တင်ထားလိုက်တယ်။ တချိန်ချိန်မှာ ပြန်ဖတ်လို့ ရနိုင်အောင်ပေါ့။ ဖြစ်ခဲ့သမျှကို ပြန်မှတ်မိတဲ့ ဥာဏ်မျိုး မရှိတော့လည်း အခုလိုပဲ ရေးမှတ်ထားရတယ်။ တချို့တွေများတော့ ငယ်ဘဝမှာ ဖြစ်ခဲ့သမျှကို ခရေစေ့တွင်းကျ အကုန်ပြန်မှတ်မိတယ်။ အားကျမိတာ အမှန်ပါပဲ။

မွေးနေ့မှာ ဘလော့ စလုပ်ခဲ့တယ် ဆိုတော့ ဘလော့သက်တမ်း ၃ နှစ်ပြည့်တာဟာ အသက် ၃ နှစ်ပြည့်ပြီလို့ မဆိုလိုပါဘူး။ ထိပ်စီးပြောင်းမယ့် နှစ်လို့တော့ ပြောလို့ရတယ်။ ၂ ကနေ ၃ ကို ပြောင်းခါနီးပြီ။ ဒီနှစ် မွေးနေ့မှာ ဘာလုပ်ဖြစ်သလဲ မေးရင် ရုံးသွားပါတယ်။ အလုပ် လုပ်ပါတယ်။ အိမ်ကို ဖုန်းဆက်ပါတယ်။ ချစ်ချစ်နဲ့ အတူတူ ညစာ သွားစားပါတယ်။ စားရကံ မကြုံတဲ့သူတွေ ငတ်ရှာပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ မွေးနေ့ဆုတောင်းတွေကို ကျေးဇူးတင်ကြောင်း ပြန်ဖြေပါတယ်။ ဒီညမှာတော့ ဂျာမဏီနဲ့ စပိန် ကန်မယ့် ဘောပွဲကို ကြည့်ချင်ပါတယ်။ ကမ္ဘာဖလားဆိုတာ ကိုယ်နဲ့ လုံးဝ မဆိုင်သလို ဖြစ်နေပြီ။

ဒီတစ်ပုဒ်လည်း အရည်မရ အဖတ်မရပါ။ ဘာရေးရမှန်း မသိလို့ တောင်စဉ်ရေမရ ရေးလိုက်မိတယ်။ ကျွန်တော် အတော့်ကို ညံ့ပါတယ်။ ကြိုးစားပါအုံးမယ်။

Friday, July 2, 2010

Are we Monkeys?






၂၀၀၉ နိုဝင်ဘာလထုတ် သရဖူမဂ္ဂဇင်းမှာပါတဲ့ ကာတွန်းလေးပါ။ ကာတွန်းဆရာက ဆရာအော်ပီကျယ်လို့ ထင်ပါတယ်။ အဲဒီကာတွန်းကို အီးမေးလ်တွေနဲ့ ပို့နေတာ တွေ့ရသလို Facebook မှာလည်း ဝေမျှနေတာ တွေ့ရပါတယ်။ အတွေးလေးကို သဘောကျလွန်းလို့ ဒီနေရာမှာ သိမ်းထားလိုက်ပါရစေ။ သရဖူမဂ္ဂဇင်း၊ ကာတွန်းရေးဆွဲသူနဲ့ ထပ်ဆင့်ဝေမျှတဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောလိုပါတယ်။

ကျွန်တော်တို့လည်း မျောက်တွေ ဖြစ်နေတာ ကြာလှပါပြီလို့ ထင်ပါတယ်။