.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, December 21, 2010

Coppersmith


Photo Credit: www.photos-of-the-year.com


ပန်းထိမ်ဖိုငှက်

နဖူးနီရဲ နှုတ်သီးမည်း
သစ်ခေါင်းထဲက ပြူထွက်လာ။

အတောင်ကိုယ်မွေး စိမ်းဝါသွေး
နီနီတွေးတွေး ခြေထောက်ပါ
တုံတုံ တုံတုံ တစ်နေ့လုံး
နေပူတုန်းလည်း တူခေါက်တာ။

ဘာငှက်လည်းကွယ် သိရင်ပြောကြ
သရက်တောက သတ္တဝါ။

သိပါတယ်ကွယ် တို့ခြံဝိုင်းက
သရက်ကိုင်းမှာ တစ်ကောင်ပါ။

ငှက်ပန်းထိမ်ဖို သူ့သံကြားက
တို့များအိပ်ငိုက် မိတော့တာ။
ငှက်ပါ ငှက်ပါ။

(ရှုမဝ။ ဖေဖော်ဝါရီ၊ ၁၉၈၂)


မှတ်ချက်။ မင်းသုဝဏ်ရဲ့ လူကလေးတို့ရဲ့ မိတ်ဆွေ ငှက်ကလေးတွေ... ကဗျာစာအုပ်မှ ကူးယူဖော်ပြတာပါ။ အဲဒီစာအုပ်မှာ ကဗျာတွေက ဖတ်လို့ ကောင်းသလို ငှက်ပုံလေးတွေလည်း အရောင်စုံ ထည့်ပေးထားပါတယ်။

Tuesday, December 14, 2010

Donation to HAPCS of NLD


နယ်က လာတဲ့ လူနာတွေက ကြက်ဆီထမင်း စားဖူးချင်တယ်ဆိုလို့ ဗူး ၁၂၀ ဝယ်လိုက်တယ်...


မီးဖိုချောင်အတွက် ကြက်သွန်နီ၊ ကုလားပဲနဲ့ အိုင်အိုဒင်းဆားလည်း လှူဖြစ်တယ်...


ထမင်းချက်ဖို့ ဆန် ၂ အိတ်နဲ့ ဟင်းချက်ဖို့ ဆီ ၂၀ ပိဿာလည်း ပါတာပေါ့...


လမ်းမသိမှာ စိုးလို့ ကိုယ်တိုင် လာကြိုပြီး ဝိုင်းကူကြတဲ့ ဂေဟာက လုပ်အားပေးတွေ...


အားဆေး ဗူး ၂၀ အပါအဝင် လှူဒါန်းမှုအစုစုကို မဖြူဖြူသင်းဆီ လွှဲပြောင်းလှူဒါန်းခဲ့ပါတယ်...


အဆောင်နေရာ အခက်အခဲကြောင့် တချို့ဧည့်သည်တွေက အပြင်မှာပဲ အိပ်ကြရတယ်...


ဆရာကြီးဦးဝင်းတင် လှူဒါန်းထားတဲ့ မြေကွက်မှာ အဆောင်တခုခု ဆောက်နိုင်ရင် ကောင်းမယ်...

ရေအတွက်ကတော့ ပူစရာ မလိုဘူး ဆိုပေမယ့် နွေရာသီရောက်ရင် လောက်ငှနိုင်မလား...

မဖြူဖြူသင်း ဦးဆောင်နေတဲ့ HIV/AIDS Prevention and Care Section ကို အလှူအတွက် တခါတခေါက် ရောက်ဖြစ်ခဲ့တယ်။ တောင်ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ ဂေဟာမှာ လူနာ ၁၀၀ ကျော်လောက် လက်ခံထားတယ်။ ပျဉ်ခင်း ထရံကာ နှစ်ထပ်ဆောင်ထဲမှာ လူနာတွေ အများကြီးပေါ့။ ပျဉ်ထောင်အိမ်လေးထဲမှာလည်း လူနာတွေ ရှိသေးတယ်။ နေရာ မဆန့်လို့ အပြင်မှာ ထွက်အိပ်တဲ့ ဧည့်သည်တွေလည်း ရှိတယ်။ မိုးတွင်းဆိုရင်တော့ ဒုက္ခရောက်မယ်။

ဘေးမှာတော့ မြေကွက်လပ်ကြီးရှိတယ်။ အဲဒီမြေကွက်က ဆရာကြီးဦးဝင်းတင် လှူထားတာတဲ့။ အဲဒီမြေမှာ အဆောင်တခုခု ဆောက်ပေးနိုင်ရင် လူနာတွေအတွက် ပိုကောင်းမလားပဲ။ လှူချင်တန်းချင်တဲ့ အလှူရှင် ရှိလာရင် ဆက်သွယ်ပေးလိုက်ကြပါလို့ တောင်းဆိုချင်ပါတယ်။

Wednesday, December 8, 2010

Donation to Waibargi Hospital










စေတနာရှင် သူငယ်ချင်းများရဲ့ စုပေါင်းလှူဒါန်းမှုကြောင့် ၂၀၁၀ ခု ဒီဇင်ဘာလ ၇ ရက်နေ့မှာ
မြောက်ဥက္ကလာပ ဝေဘာဂီကူးစက်ဆေးရုံက HIVပိုး ကူးစက်ခံထားရတဲ့ လူနာ အယောက် ၁၀၀ အတွက်
ဒန်ပေါက်ထမင်းနဲ့ မိုင်လိုဗူးတွေကို နေ့လည်စာအဖြစ် လှူဒါန်းဖြစ်ခဲ့ပါတယ်။

Sunday, December 5, 2010

Youth Donor Camp 2010



ခရစ်စမတ်ပိတ်ရက်မှာ အချိန်လေးများ ပေးနိုင်ရင် စင်္ကာပူကြက်ခြေနီက ဖွင့်လှစ်တဲ့ Youth Donor Camp 2010 ကို လာခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ အသက် ၁၆ နှစ်ကနေ အသက် ၃၀ နှစ်ကြား မည်သူမဆို တက်ရောက်နိုင်ပါတယ်။ စင်္ကာပူမှာ နေတဲ့သူဆိုရင်တော့ ဒေါ်လာ ၂၀ ဝင်ကြေးပေးရပါမယ်။ အဲဒီ ဒေါ်လာ ၂၀ က မနက်စာ၊ နေ့လည်စာ၊ ညစာအတွက်ပါ အပြီးအစီး စရိတ်ငြိမ်းပါ။ သွေးလှူတာနဲ့ပတ်သက်တဲ့ အမြင်တွေ ဖလှယ်ကြမယ်။ အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေ ဆွေးနွေးကြမယ်။

ဝင်ခွင့်လျှောက်လွှာကို ဒီနေရာမှာ ယူနိုင်ပါတယ်။ အဲဒီလျှောက်လွှာကို ဖြည့်ပြီးရင် Ms Chin Li Peng, lipeng.chin@redcross.org.sg ဆီကို မေးလ်ပို့လိုက်ပါ ခင်ဗျာ။

Wednesday, December 1, 2010

What is your pledge?


"Stop AIDS. Keep the Promise."

ကဲ... ကျွန်တော်တို့ ဘာတွေ လုပ်ခဲ့ပြီးပြီလဲ။
လုပ်ပါမယ် လို့ပြောခဲ့ ဆိုခဲ့တာတွေ လုပ်ဖြစ်ခဲ့လား။
ပေးထားခဲ့တဲ့ ကတိတွေ တည်ခဲ့ကြသလား။
ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်ကြမလဲ။
၂၀၁၀ မှာ ပြန်လည် ဆန်းစစ်ကြည်ကြပါအုံး။

၂၀၁၀ အထိ ကျွန်တော် ဘာတွေ လုပ်ခဲ့လဲ...
ပြည့်တန်ဆာလောကမှာ ကွန်ဒုံတွေ အခမဲ့ ဝေခဲ့ဖူးတယ်။
ကုန်ကားမောင်းတဲ့ ကားဆရာတွေကို ကွန်ဒုံတွေ အခမဲ့ ဝေခဲ့ဖူးတယ်။
ARV ဆေးလိုတဲ့သူတွေကို သဇင်ဆေးခန်းနဲ့ ချိတ်ဆက်ပေးခဲ့ဖူးတယ်။
မျိုးဆက်ပွါး ကျန်းမာရေးပညာပေးတွေ ဟောပြောခဲ့ဖူးတယ်။
သုခရိပ်မြုံဂေဟာက ကလေးတွေကို နေ့လည်စာတွေ ကျွေးခဲ့ဖူးတယ်။
သုခရိပ်မြုံဂေဟာက ကလေးတွေကို ကစားစရာအရုပ်တွေ ဝယ်ပေးခဲ့ဖူးတယ်။
သုခရိပ်မြုံဂေဟာက ကလေးတွေအတွက် ဒါန်းတစ်စင်း လှူဒါန်းဖြစ်အောင် စီစဉ်ဖူးတယ်။
လောလောဆယ် ဝေဘာဂီကူးစက်ဆေးရုံမှာ HIV လူနာတွေကို နေ့လည်စာ ကျွေးဖို့ စီစဉ်နေတယ်။

ကဲ... သူငယ်ချင်းတို့ရော... ဘာတွေ လုပ်ခဲ့ပြီးပြီလဲ။
ဘာတွေ ဆက်လုပ်ကြအုံးမလဲ...


World AIDS Day - 2010