.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, January 31, 2009

Snapshot on smile


လျှပ်တပြက် ဖမ်းမိတဲ့ အပြုံး...

မလက္ကာမြစ်ကြောင်းတစ်လျှောက် မော်တော်ဘုတ်စီးနေတုန်း အခြားမော်တော်ဘုတ်ပေါ်က တစ်ယောက်ကို လျှပ်တပြတ် ရိုက်လိုက်တဲ့ပုံလေးက ကောင်းနေလို့ တင်လိုက်တာပါ။ သူကတော့ သူ့ဘာသာသူ ပြုံးနေတာပါ။ ဓါတ်ပုံရိုက်နေမှန်း သိလို့ တမင်ပြုံးနေတာတော့ မဟုတ်ပါဘူး။ အဲဒီအပြုံးတစ်ခုကို မထင်မှတ်ပဲ ဖမ်းမိခဲ့တာပါ။ လူပုံတွေရိုက်ရင် အဆင်မပြေသေးတဲ့ ကျွန်တော့်အဖို့ ပုံကောင်းကောင်းလေးတွေ ရဖို့ ကြိုးစားနေရတုန်းပေါ့။ လူရုပ်တွေရိုက်ရင် ၀ါးနေတုန်းပဲဗျ။ အဟ...

ဒါနဲ့ ကိုဇူလိုင်ဗျာ... တင်မယ့်တင် ကောင်မလေးလှလှပုံလေး တင်ပါလားလို့ ပြောချင်ကြမယ့် ပရိသတ်ကြီးကို ပြန်ဖြေချင်တာကတော့... ကျွန်တော်ဆီမှာ ကနွဲ့ကလျကွန့်မန့်တွေ ဂွတီးဂွကျကွန့်မန့်တွေ အမြဲလိုလိုနီးပါး လာလာပေးနေတတ်တဲ့ Strike ဆိုတဲ့ အထူးစပါယ်ရှယ် ဗွီအိုင်ပီကြီးအတွက် အဓိက ရည်စူးပြီး ဒီပုံလေးကို တင်ပေးထားတာပါ။ အနည်းဆုံးတော့ သူရင်ခုန်သွားမယ်လေ။ သူပျော်သွားမယ်လေဗျာ။ :P

Wednesday, January 28, 2009

One more uneasiness

တစ်ပူပေါ် နှစ်ပူဆင့်ဆိုတာ ဒါမျိုးပဲ ထင်တယ်။ မြွေပူရာ ကင်းမှောင့်လို့ ပြောရင်လည်း ရတယ်။ ဗူးလေးရာ ဖရုံဆင့်ဆိုတာလည်း ဒါပဲလား။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ... ဆိုရင်လည်း ကိုဇူလိုင်တစ်ယောက် အရှင်လတ်လတ် ဘ၀ပြောင်းသွားအုံးမယ်။ အဲဒီတော့ ကံဆိုးထီး သွားရာ မိုးလိုက်လို့ရွာ ပြောင်းရမလားပဲ။ ခက်တာက မိုးရွာရင် ကိုဇူလိုင်က အေးဆေးပဲ။ ကံဆိုးတယ်လို့ကို မထင်ဘူး။ မိုးရေထဲမှာ လမ်းလျှောက်ရင်း ဆွေးဆွေးမြေ့မြေ့လေး ခံစားလွမ်းတတ်တာ တစ်ခုပဲရှိတာ။ ခက်တာက အခုဟာကြီးက ကံဆိုးတာလည်း ဟုတ်သေးပါဘူး။ အဲဒါလေးက ရှင်းလေ ရှုပ်လေနဲ့ လိုရင်းကို မရောက်တော့ပါဘူး။

ဒီအပတ်က ၂၄ နာရီ ၇ ရက် ဖုန်းဖြေပေးဖို့ တာဝန်ကျတဲ့ အပတ်။ ကိုယ်နဲ့ မသိတဲ့ ပရောဂျက်က ကိစ္စတွေ လာမေးရင်း အတော်လေးကို ခေါင်းစားတယ်။ ဟိုဟိုဒီဒီ ကွေ့ပတ်ပြီး ဖြေနေရတယ်။ နောက်ဆုံး ဘူတာက သက်ဆိုင်တဲ့သူဆီကို အီးမေးလ်ပို့ဖို့ ပြောယူရတာပါပဲ။ တချို့တွေက ကောင်းကောင်းမွန်မွန် ဆက်ဆံပေမယ့် တချို့တွေကျတော့ ဘာမှတောင် သေချာမပြောတဲ့ ၀ူးဝူးဝါးဝါးတွေ။ ဘာပဲဖြစ်ဖြစ် တာဝန်က တာဝန်ပဲလေ။ အဲဒီတော့ လာသမျှ ဖုန်းဖြေပေတော့။

ဒီရက်တွေမှာ မျှော်တလင့်လင့် ဖြစ်စေတဲ့ ကိစ္စတစ်ခုကို စီစဉ်နေတယ်။ အောင်မြင်ဖို့က ၅၀-၅၀ ရာခိုင်နှုန်းပဲ။ ဒါပေမယ့် အရင်ကလို ဇာတ်မျှောကြီး ဖြစ်နေရမှာထက်စာရင် ဖြူလားမဲလား တစ်ခုခု ကွဲပြားလောက်ပါရဲ့ဆိုပြီး အရဲစွန့်ထားတာ။ လောလောဆယ်မှာတော့ သောင်တင်ရေမကျပဲ။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်။ ဒီတစ်ဆင့် အောင်မြင်ရင်တောင် ရှေ့မှာ ဆက်ရအုံးမယ့် ခရီးလမ်းက အရှည်ကြီးပဲ။ ဒါကြောင့် စိတ်ပင်ပန်းတာကတော့ အမှန်ပါပဲ။

အရေးထဲမှ အရာပေါ်ဆိုသလို ကိုယ့်ဘာသာကို အိပ်မရတဲ့ညများကို မေ့မရတဲ့စိတ်နဲ့ ကျော်ဖြတ်နေရချိန်မှာ တခြားအပူက လာကပ်နေတယ်။ ညနေပိုင်းမှာ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ ညီမ၀မ်းကွဲတစ်ယောက်က ဖုန်းဆက်တယ်။ နေ့လည်ကတောင် သူနဲ့ ဖုန်းပြောဖြစ်သေးတယ်။ ညနေပိုင်း ထပ်ဆက်တော့ ဘာများလဲပေါ့။ ပထမတော့ အလုပ်များ ဖြုတ်ခံလိုက်ရလားပေါ့။ အလုပ်ဖြုတ်ခံရလို့လား မေးတော့ သူက ဟုတ်တယ်ဆိုပဲ။ အဲဒါ စိတ်ညစ်တယ် ဘာညာ ပြောနေတယ်။ နေ့လည်ကတောင် အကောင်းကြီး ဘယ်လို ဖြစ်သွားပါလိမ့်ပေါ့။

နောက်မှ တခြားအသံတစ်ခု ဖုန်းထဲ ထပ်ဝင်လာတယ်။ ယောကျာ်းတစ်ယောက် အသံ။ အခုပြောနေတဲ့ ဖုန်းကို ချပစ်လိုက်ပြီး သူပြောတာကို ကျေးဇူးပြုပြီး နားထောင်ပေးပါဆိုပဲ။ သူပြောချင်တာလေး ပြောခွင့်ရပြီးရင် သူ ချက်ချင်း လှည့်ပြန်ပါမယ်တဲ့။ သဘောပေါက်လိုက်ပြီ။ ရည်းစားစကား လိုက်ပြောနေတာ။ ပြောနေတဲ့ ယောကျာ်းလေးကိုလည်း သိတယ်။ ကျွန်တော့်ညီမရဲ့ ဦးလေးဆီမှာ အလုပ်ဝင်ဖူးတဲ့ ၀န်ထမ်းတစ်ယောက်။ သူလည်း စင်္ကာပူမှာ အခြေကျလို့ ပီအာတောင် ဖြစ်နေပြီဆိုတာ သိထားတယ်။ သူက တရုတ်တန်းက ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ ရှေ့တစ်ခေါက် တရုတ်နှစ်ကူးပွဲကို သွားတုန်းက အဲဒီတစ်ယောက်ပဲ လိုက်ပို့ပေးတာ။

ကျွန်တော့်ညီမကလည်း ကျွန်တော့်ညီမပဲ အေးအေးဆေးဆေး ဖြေရှင်းရမယ့်ဟာကို ဘယ်လိုဖြေရှင်းနေသလဲ မသိဘူး။ သူက ခါးခါးသီးသီး ငြင်းလေ ဟိုက စကားပြောခွင့် အတင်းတောင်းလေ။ အဲဒါနဲ့ နာရီဝက်လောက် တိုင်ပတ်နေတယ်။ ဟိုကလည်း သူသွားလေရာ နောက်ကို တကောက်ကောက် လိုက်နေတယ်။ ရုံးပေါ် ပြန်တက်ပြေးတော့လည်း ဓါတ်လှေခါးထဲအထိ လိုက်ဝင်တယ်။ တက်စီငှားတော့လည်း တံခါးဖွင့်ပြီး အတင်းဝင်ထိုင်လို့ ကားဆက်မငှားဖြစ်ပြန်ဘူး။ ရဲတိုင်ချင်လည်း တိုင်လိုက်ပါတော့တဲ့။ ရဲစခန်း ရောက်လည်း ရောက်ပါစေတော့ စကားလေးတော့ ပြောခွင့်ပေးပါဆိုပဲ။ ဖုန်းထဲမှာ အသံတွေကို အကုန်ကြားနေရတယ်။

ခက်တာက ကျွန်တော်လည်း ဘာမှ လုပ်ပေးလို့မရဘူး။ ကားငှားပြီး သူ့ရုံးကို လိုက်သွားရအောင်လည်း အဆင်မပြေပြန်ဘူး။ အဲဒါနဲ့ ဖုန်းထဲကနေပဲ အနုနည်းနဲ့ ဖြေရှင်းဖို့ တဖွဖွ ပြောယူရတယ်။ ညီမဖြစ်သူက ဒေါသထွက်နေတော့ ပိုဆိုးတယ်။ ဟိုကလည်း တောက်တဲ့ကပ်သလို ကပ်နေတယ်။ ကျွန်တော်လည်း နားတွေ ပူလွန်းလို့ စပီကာဖွင့်ပြီး နားထောင်ရတယ်။ နောက်ဆုံး ကားငှားပြီး အိမ်ပြန်ဖို့ ကောင်းကောင်းမွန်မွန် ပြောဖို့ သေချာမှာပြီး လိပ်ခဲတည်းလည်း အခြေအနေကို ဖြေရှင်းယူရတယ်။ ကားပေါ်အထိ ဆက်မလိုက်လာပဲ ပြန်သွားလို့ ဒီဇာတ်လမ်း ဒီနေ့မှာ ဒီလောက်နဲ့ ပြီးသွားတယ်။ နောက်နေ့တွေ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ ကျွန်တော်လည်း မသိသေးဘူး။

ဘယ်သူမှားတယ် မှန်တယ်လို့ မပြောချင်ပါဘူး။ နှစ်ယောက်စလုံးကို ရင်းရင်းနှီးနှီး သိနေထားတာကို။ အမျိုးနဲ့ အမျိုးလို ရင်းနှီးသူကြားမှာ ကျွန်တော်ဇူလိုင် စတင် ဆားညှပ်ပါတော့မယ်။ ညီမဖြစ်သူကလည်း သူ့ဦးလေးရဲ့ အလုပ်သမားလို့ သဘောထားပြီး လုံးဝ လက်မခံနိုင်ဘူးတဲ့။ ရန်ကုန်မှာတုန်းက မော်တောင် မကြည့်ရဲခဲ့သူက အခုလို လုပ်တာကို ပိုလို့တောင် စိတ်ဆိုး နာကျည်းနေလေရဲ့။ ဟိုတစ်ယောက်ကလည်း တခြားနည်းလမ်းတွေ ရှာဖွေစဉ်းစား သုံးသင့်တယ်လို့ ထင်မိတယ်။ အခုလို ရုပ်ပျက်ဆင်းပျက် ဖြစ်နေရတဲ့ အနေအထားမျိုးကို ရှောင်ကြဉ်သင့်တယ်လို့ မြင်မိတယ်။ ဘာလို ဖြေရှင်းပေးရမှန်းတောင် မသိတော့ဘူး။

ကျွန်တော့်ဘ၀မှာ အခုလို အတင်းအကျပ် ချစ်ရေးဆိုတာမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ လုပ်စရာလည်း မရှိခဲ့ဘူး မဟုတ်လားလို့ စကားတင်း မဆိုကြပါနဲ့။ နူးနူးညံ့ညံ့ ရိုမန်တစ် ဖြစ်စေတဲ့ အနေအထားမျိုးတွေပဲ တကူးတက ဖန်တီးတယ်။ ကရကဋ်ပီပီ စိတ်ကူးယဉ် ဆန်လွန်းလို့ အများအားဖြင့် မအောင်မြင်တတ်ဘူး။ ထင်ထားသလို ဖြစ်မလာပါဘူး။ ဒါပေမယ့် ထင်တဲ့အတိုင်း မဖြစ်လို့ဆိုပြီး ဘယ်တော့မှ အကြမ်းနည်း မသုံးခဲ့ဘူး။ သုံးရင်လည်း ဘာအရှုပ်အရှင်းမှ မဖြစ်လောက်တဲ့ အနေအထားမှာ ရှိခဲ့ပေမယ့်လည်း လုံးဝ မလုပ်ခဲ့ဘူး။ အဓိက မာမားရဲ့ စကားတစ်ခွန်းက စိတ်ဆင်ရိုင်းကို ချွန်းအုပ် ထိန်းချုပ် လွှမ်းမိုးထားတာပါ။

အဲဒီစကားလေးက ...
ကိုယ့်မှာ ညီမအရင်းမရှိပေမယ့် ညီမအရင်းလို ကိုယ်ချင်းစာပါ...

Monday, January 26, 2009

Chinese New Year @SG


အခုတစ်ခါက စင်္ကာပူမှာ ဒုတိယအကြိမ်မြောက် တရုတ်နှစ်သစ်ကူးပွဲကို သွားခြင်းပါပဲ။ ၂၀၀၇ ခုနှစ်တုန်းက ပွဲကို ရောက်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ်က ပွဲကိုတော့ မသွားဖြစ်ခဲ့ပါဘူး။ အခု ၂၀၀၉ ခုနှစ် ပွဲကိုတော့ ရုံးက ဖိလစ်ပိုင်လေးနဲ့ အတူ သွားဖြစ်ခဲ့ပါတယ်။ သူက ရုံးမှာ အလုပ်ဖြုတ်ခံရတဲ့အထဲ ပါသွားပြီး ဖိလစ်ပိုင်ကို ပြန်ရတော့မှာဆိုတော့ စင်္ကာပူမှာ ရှိနေတဲ့အချိန်လေး ဟိုဟိုဒီဒီ လည်ပတ်ချင်တယ် ဆိုတာကြောင့် အဲဒီပွဲကို တကူးတက လိုက်ပို့ပေးခဲ့တာပါ။ ကိုယ်လည်း တရုတ်မလေးတွေ ကြည့်ရတာပေါ့။ ငမ်းတာ မဟုတ်ဘူးနော်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။

ည ၉ နာရီလောက် အိမ်ကနေ ထွက်လာခဲ့ပြီး အနီလိုင်းကနေ ခရမ်းလိုင်းကို ပြောင်းပြီး တရုတ်တန်းမှာ ဆင်းခဲ့တယ်။ လူအုပ်ကြီးတွေ သွားရာနောက်ကို ယောင်တောင် ပေါင်တောင်နဲ့ လိုက်သွားတာ ဇာတ်စင်ရဲ့ အနောက်ဘက်ကို ရောက်သွားလို့ တကွေ့တပတ်ကြီး ပြန်ပတ်ပြီး ဇာတ်စင်ရှေ့ကို ရောက်အောင် မနည်းကို တိုးဝှေ့ခဲ့ရသေးတယ်။ ကားလမ်းတွေ ပိတ်ထားသလို ရဲတွေလည်း အများကြီးပါပဲ။ လူတွေကလည်း ကျိတ်ကျိတ်တိုးပါပဲ။ ကြွားနိုင်တဲ့သူတွေကလည်း ရှိတာတွေအကုန် ထုတ်ကြွားကြပါတယ်။ တိုနိုင်သမျှတို ဟိုက်နိုင်သမျှ ဟိုက်ကြပါတယ်။ အဲဒီတော့ မတော်တဆ လက်ရောက်မှုတွေ မဖြစ်ရလေအောင် ကင်မရာကို လက်နှစ်ဘက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့လိုက်တော့ တစ်ရန်ရှင်းတာပေါ့။ ဒါလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။

ဇာတ်စင်နားရောက်တော့ ရွှေရင်စို့တာပါပဲ။ ဇာတ်စင်ရှေ့တည့်တည့်မှာ တာလပတ်စတွေနဲ့ ကာထားတော့ ဘာမှ မမြင်ရဘူး။ အဲဒါနဲ့ အဝေးကနေပဲ နတ်ကရာ ကျီးမော့ခဲ့ရတယ်။ အိမ်မှာ အေးအေးဆေးဆေး တီဗွီဖွင့်ပြီး ကြည့်ရင်တောင် အစုံမြင်ရအုံးမယ်။ အခုတော့ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်နဲ့ ခြေဖျားလေး ထောက်ပြီး ကြည့်နေရတယ်။ ဓါတ်ပုံရိုက်တော့လည်း လက်လေးမြှောက်ပြီး ရချင်ရာရ ရမ်းတမ်းရိုက်ရတယ်။ လူအုပ်ထဲမှာ တိုးဝှေ့နေရတော့ မီးနေသည် ချွေးအောင်းသလိုပဲ ချွေးတွေကလည်း တပြိုက်ပြိုက်ပဲ။ မိုးကလည်း ဖွဲဖွဲလေး ရွာနေသေးတော့ ကင်မရာကို ဥစ္စာခြောက်ရသေးတယ်။ ဒါလေးပဲ ချမ်းသာတာလေ။

၁၂ နာရီထိုးခါနီးတော့ ဆက်မနေနိုင်တော့ဘူး။ လူလည်း နုံးချိပြီး သာခွေယိုင် ဖြစ်နေပြီ။ အဲဒါနဲ့ လူအုပ်ကြီးကို မနည်းတိုးဝှေ့ထွက်ပြီး ပွဲဈေးလျှောက်နေလိုက်တယ်။ ဗိုက်ကလည်း ဆာနေပြီဆိုတော့ အမြည်းကျွေးထားတဲ့ သရေစာမုန့်တွေ ဆိုင်တကာလှည့် လျှောက်နှိုက်စားတာပေါ့။ ပြီးတော့ ၀ယ်လည်း မ၀ယ်ကြဘူး။ အဲဒါနဲ့ ဗိုက်ဝသွားရော။ ၁၂ နာရီကျော်တော့ ရထားဘူတာထဲကို ရောက်နှင့်နေပြီ။ အရင်တစ်ခါတုန်းက ပွဲပြီးမှ ထွက်လာတာ လူအုပ်တိုးရတာနဲ့တင် ဘူတာရောက်ဖို့ နာရီဝက်ကျော် ကြာတယ်။ ရထားပေါ်မှာလည်း လူက အရမ်းကျပ်ခဲ့တယ်။ ဒီတစ်ခါတော့ နားလည်သွားပြီ။ စောစော ဘူတာဆင်းနှင့်ပြီး ရထားပေါ် တက်ခဲ့တော့ ချောင်ချောင်ချိချိ စီးရတာပေါ့ဗျာ။

အခုပွဲမှာ ပျော်စရာတွေ ရှိသလို အဆင်မပြေတာတွေလည်း ဒွန်တွဲနေပါတယ်။ ဒီလောက်တိုးဝှေ့နေရတဲ့ လူအုပ်ကြီးထဲမှာ ဆေးလိပ်သောက်ကြတဲ့ စလုံးဖင်ပြားမတွေက နံပါတ်တစ်အချက်ပေါ့ဗျာ။ ဥပဒေအသစ် ထုတ်ထားတာကို မသိတာလား လူလိုပဲ နားမလည်တာလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။ ပိန်ချင်တော့လည်း သူတို့ပဲ။ ရှိသမျှ အပေါ်ပင့်ပြီး ကြွားချင်တာလည်း သူတို့ပဲ။ နားလည်ရ ခက်လှပါပေတယ်။ အဲဒီလိုပဲ လူအုပ်ကျပ်လွန်းလို့ ကလေးငိုနေတာကို လျှစ်လျှူရှုပြီး ပွဲဈေးတိုးတဲ့ ကုလားလင်မယားကလည်း အတော့်ကို လေးစားစရာပါပဲ။ လှည့်ပြန်သွားရင် ဘာဖြစ်သွားမှာမို့လို့လဲတော့ မသိပါဘူး။ ပွဲဈေးကို တောက်လျှောက် တိုးနေတော့ပါပဲ။ ကလေးကလည်း အာပြဲကြီးနဲ့ ငိုနေတုန်းပဲ။ လင်နဲ့မယား အတော်ကို လိုက်ဖက်ညီပါတယ်။

နောက်တစ်ခုက ရထားပေါ်က အော်ကျယ်အော်ကျယ် ရွှေတစ်ဖွဲ့ပါ။ ကြည့်ရတာ WPနဲ့ လုပ်နေတဲ့သူတွေ ဖြစ်ဖို့များပါတယ်။ အ၀တ်အစားတွေ မတောက်ပြောင်တာကို ကြည့်ပြီး ခန့်မှန်းကြည့်တာပါ။ ရထားတစ်တွဲ ခြားနေတာတောင် သူတို့အသံက ဒီဘက်အတွဲအထိ ရောက်ပါတယ်။ ကြားရယုံလေး မဟုတ်ပဲ အတော်ကို ကျယ်နေတာပါ။ အာပေါင်အားရင်းသန်သန် ပြောနေတဲ့ အကြောင်းကလည်း ဂေလမ်းဆိုတဲ့ ဇိမ်နန်းတွေမှာ ပျော်ပါးယစ်မူးခဲ့တဲ့ အကြောင်းတွေပါ။ အခုလို အတွေ့အကြုံမျိုးကို မြန်မာဘာသာနဲ့ လူသိရှင်ကြား ဝေမျှရဲတဲ့ ပွင့်လင်းမှုကို လေးစားပါတယ်ခင်ဗျာ။ နောက်ဆုံးတစ်ခုကတော့ လူလိုသူလို သောက်စားမလာပဲ စားပိုးနင့် အန်ဖတ်စို့တဲ့ တရုတ်တွေပါပဲ။ ရထားဘူတာမှာလည်း အန်ဖတ်တွေ၊ ရထားထဲမှာလည်း အန်ဖတ်တွေ။ နှစ်ကူးကို အန်ဖတ်စို့ပြီး ကြိုဆိုပုံလေးက ချဉ်စော်နံ့လေးကို သင်းနေတော့တာပါပဲဗျာ။

ဒီလိုနဲ့ပဲ တရုတ်နှစ်သစ်ကူးပွဲမှာ... မျက်စိလည်း အစာကျွေး ဗိုက်ကိုလည်း အစာကျွေး။ ပီတိတွေဝေသလို ဒေါသတွေလည်း ဝေဖြစ်ခဲ့ရပါတယ် ခင်ဗျာ။

Thursday, January 22, 2009

Centenary of U Thant's Birth

Centenary of former UN Secretary-General U Thant's Birth
22 Jan 1909 - 22 Jan 2009

မြန်မာပြည်မှာ လူဖြစ်လာရတဲ့ဘ၀မှာ ကျေနပ်ဂုဏ်ယူမိတဲ့ အချက် အနည်းငယ် ရှိပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေ အခိုင်အမာ ပြလို့ရခဲ့တဲ့ ရှေးဟောင်းပုဂံနယ်မြေ၊ စေတီပုထိုး ဘုရားကျောင်းကန် စုံလင်လှတဲ့ ဗုဒ္ဓသာသနာ ထွန်းကားမှုတွေ၊ ရဲရင့်ပြတ်သားပြီး ကိုယ်ကျိုးစွန့်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးတွေ စသည် စသည်ဖြင့်ပေါ့ဗျာ။ အဲဒီအထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံသား ဦးသန့်လည်း တစ်ယောက် အပါအ၀င်ပေါ့။

ပြောမယ့်သာ ပြောတာပါ။ ကျွန်တော် ဦးသန့်ဆိုတဲ့ လူတစ်ယောက်အကြောင်းကို စတင် သိခဲ့တာ ၁၉၉၈ ခုနှစ် ကျော်မှာပါ။ အဲဒီအချိန်အရှေ့ပိုင်း ဦးသန့်ဆိုတာ တစ်ခါမှ မကြားဖူးသလို ကြားမိရင်တောင် ဘာမှန်းဆိုတာ သိမှာမဟုတ်ပါ။ ၁၀ တန်းအထိ ဖတ်မှတ်ခဲ့ရတဲ့ ကျောင်းသင်ခန်းစာ သမိုင်းစာအုပ်တွေမှာလည်း ဦးသန့်ဆိုတာ ရှာမတွေ့ခဲ့ပါဘူး။ အာဇာနည်နေ့လို ပွဲမျိုးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဟောပြောတဲ့သူ ရှိပေမယ့် ဦးသန့်အကြောင်း တစ်ခါမှ မပြောကြပါဘူး။ ဒီလိုနဲ့ ဦးသန့်တစ်ယောက် ပြည်ဖုံးကားချခံထားရပါတယ်။

ဒီလိုနဲ့ တစ်ရက်... ညီဝမ်းကွဲတစ်ယောက်နဲ့ ပန်းဆိုးတန်းလမ်းက စာအုပ်ဆိုင်တွေကို ဟိုဟိုဒီဒီ မွှေနှောက်ရင်း တက္ကသိုလ်စိန်တင် ရေးတဲ့ ဦးသန့်ရဲ့ အထုပတ္တိစာအုပ်ကို တွေ့မိပါတယ်။ စာအုပ်ဈေးကလည်း အဲဒီခေတ် အချိန်အခါမှာလည်း မနည်းမနှောပါပဲ။ သေချာတာတစ်ခုက အဲဒီအချိန်မှာ အဲဒီစာအုပ်ကို ၀ယ်နိုင်တဲ့ ငွေအင်အား ကျွန်တော့်လက်ထဲမှာ လုံးဝ မရှိခဲ့ပါဘူး။ ညီဝမ်းကွဲကတော့ ဂျပန်ရောက် သူ့ဦးလေးတွေ အဒေါ်တွေ လွှဲပေးတဲ့ မုန့်ဖိုးတွေကြောင့် သူကတော့ အေးဆေး ၀ယ်နိုင်တဲ့ အနေအထားပါပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ သူက အသက်လည်း ငယ်သေးတော့ စာဖတ် ၀ါသနာမပါရှာဘူး။ ကျွန်တော်နဲ့တာ အတူ ပါလာတာ ဘာမှ ၀ယ်ချင်စိတ်ရှိတဲ့ပုံ မပေါ်ဘူး။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ပြောဆို စည်းရုံးမှုနဲ့ပဲ သူ အဲဒီစာအုပ်ကို ၀ယ်ခဲ့လိုက်ပါတယ်။ ၀ယ်ပြီးတာနဲ့ အဲဒီစာအုပ်က သူ့အိမ်မှာ တစ်ပတ်လောက်ပဲ ကြာပြီး ကျွန်တော့်လက်ထဲ ရောက်နေတာ အခုချိန်ထိပါပဲ။ ၁၉၉၈ ကနေ တွက်ကြည့်ရင် ၁၁ နှစ်တောင် ရှိပြီပဲ။

အဲဒီစာအုပ်ရဲ့ ကျေးဇူးနဲ့ ဂုဏ်ယူစရာ ကောင်းလောက်တဲ့ မြန်မာနိုင်ငံသားတစ်ယောက် အကြောင်း သိရှိခွင့် ရခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ ပထမဦးဆုံးသော အာရှသားတိုက်သားဟာ ကျွန်တော်ရဲ့ မွေးရပ်မြေဖြစ်တဲ့ မြန်မာပြည်သားဆိုတာ ကျွန်တော် အသိနောက်ကျခဲ့ပါတယ်။ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူဖွယ်ရာကြီးတစ်ခု သမိုင်းမှာ အထင်ကရ ရှိနေခဲ့တာကို နှစ်ပေါင်းများစွာ အမှောင်ချထားခဲ့တဲ့ ရူးသွပ် မိုက်မဲမှုကိုလည်း အံ့အားသင့်ခဲ့မိပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ကြိုးစား ဖျောက်ဖျက်ပါစေ... ဦးသန့်ဟာ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ ထာဝစဉ် လင်းလက်နေမယ့် မီးရှူးတန်ဆောင် တစ်ခုပါပဲဗျာ။

သြော်... အခုဆို ဦးသန့်မွေးနေ့ နှစ်တစ်ရာတောင် ပြည့်ခဲ့ပြီပဲ။


ယာယီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်...

U Thant, who served as Secretary-General of the United Nations from 1961 to 1971, was chosen to head the world body when Secretary-General Dag Hammarskjold was killed in an air crash in September 1961.

U Thant was born at Pantanaw, Burma, on 22 January 1909, and was educated at the National High School in Pantanaw and at University College, Rangoon.

Prior to his diplomatic career, U Thant's experience was in education and information work. He served as Senior Master at the National High School, which he had attended in Pantanaw, and in 1931, he became Headmaster after winning first place in the Anglo-Vernacular Secondary Teachership Examination.

He was a member of Burma's Textbook Committee and of the Council of National Education before World War II, and was an Executive Committee member of the Heads of Schools Association. He was also active as a free-lance journalist.

In 1942, U Thant served for a few months as Secretary of Burma's Education Reorganization Committee. In the following year, he returned to the National High School as Headmaster for another four years.

U Thant was appointed Press Director of the Government of Burma in 1947. In 1948, he became Director of Broadcasting, and in the following year, he was appointed Secretary to the Government of Burma in the Ministry of Information. In 1953, U Thant became Secretary for projects in the Office of the Prime Minister, and in 1955, he was assigned additional duties as Executive Secretary of Burma's Economic and Social Board.

At the time of his appointment as Acting Secretary-General of the United Nations, U Thant had been Permanent Representative of Burma to the United Nations, with the rank of Ambassador (1957-1961).

During his diplomatic career, U Thant served on several occasions as Adviser to Prime Ministers of Burma.

U Thant began serving as Acting Secretary-General since 3 November 1961, when he was unanimously appointed by the General Assembly, on the recommendation of the Security Council, to fill the unexpired term of the late Secretary-General, Dag Hammarskjold. He was then unanimously appointed Secretary-General by the General Assembly on 30 November 1962 for a term of office ending on 3 November 1966.

U Thant was re-appointed for a second term as Secretary-General of the United Nations by the General Assembly on 2 December 1966 on the unanimous recommendation of the Security Council (resolution 229, 1966).

U Thant retired at the end of his second term in 1971 and he died on 25 November 1974 after a long illness. He was 65 years old.

Credit : UNIC

Wednesday, January 21, 2009

Pls support U Kovida...

အမှန်တကယ် ပြောရရင် အဲဒီဦးဇင်း ဦးကောဝိဒကို ကျွန်တော် မသိပါဘူး။ အပြင်လောကမှာလည်း မသိသလို အွန်လိုင်းကမ္ဘာမှာလည်း မဆုံခဲ့ပါဘူး။ အဲဒီဦးဇင်းကို မသိမှတော့ ဦးဇင်း ဘာလုပ်နေလဲဆိုတာကို ပိုလို့တောင် မသိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘလော့အကယ်ဒမီ ပေးပွဲမှာမှ စတင် သတိထားမိခဲ့တယ်။ ဒါတောင် ဦးကောဝိဒ ဆိုတာပဲပါပြီး ဆိုဒ်ကို မဖော်ပြထားလို့ ဘာမှန်းတောင် သေသေချာချာ မသိခဲ့ဘူး။ မဲတွေ ပေးထားကြတာတော့ တွေ့မိပါရဲ့။ ဒီလိုနဲ့ပဲ ဦးကောဝိဒဆိုတာကို စတင် သတိထားမိခဲ့ပါတယ်။

တလောကပဲ ပီကေရဲ့ လှူဒါန်းနိုင်ကြရန် ဆော်သြလိုက်သည်... ဆိုတဲ့ ပို့စ်လေး အီးမေးလ်ထဲ ရောက်တယ်။ ပီကေပဲ ပို့လိုက်တာပါ။ ဒီတစ်ခါတော့ ပီကေက သူ့ဖာသာသူ ကျွန်တော်ကို လာကပ်တာပါ။ အဲဒါနဲ့ပဲ ကျွန်တော်လည်း ပီကေကို ပြန်ကပ်လိုက်ရပါပြီ။ အဲဒီစာထဲမှာ သူရေးထားတာ အတော်လေး ပြည့်ပြည့်စုံစုံ ရှိလှပါတယ်။ ဒါကြောင့် သူ့စာလေးကိုပဲ ကျွန်တော် ထပ်ဆင့် မျှဝေရင်း တိုက်တွန်း နှိုးဆော်လိုက်ပါရစေဗျာ။

လှူဒါန်းနိုင်ကြရန် ဆော်သြလိုက်သည်...

၂၀၀၈ ခုနစ် ခရစ္စမတ်နေ့ က ဘလာဂေါက်တို့ ဦးစီးပြီး လုပ်တဲ့ My Web My Style ပွဲလေးမှာ ဦးဇင်း ဦးကောဝိဒကို စပြီး ခင်မင်ခဲ့ရပါတယ်။ စကားလက်စုံ ကျရင်း ဦးဇင်းရဲ့ ပညာဒါန အလှူတွေအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ကျနော့အနေနဲ့ လေးစားမိတာက တစ်ကြောင်း၊ အားကျမိတာက တစ်ကြောင်း၊ ကူညီပေးချင်တာက တစ်ကြောင်းကြောင့် ကျနော်ရဲ့ ဘလော့ဂ်မှာ အများအနေနဲ့ မုဒိတာ ပွားနိုင်သလို၊ တတ်စွမ်းသလောက် ဝိုင်းဝန်းဖေးမပေးဖို့ ကုသိုလ်ယူရန် လက်တို့လိုက်ရပါတယ်။

ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။

၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက် ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။ သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့ ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသ တစ်ခုကို ကိုယ်တိုင်​ ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက် လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီး သာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊ ရေဒီယို ကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခု အင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော် ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့ အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့ အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေး ခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင် ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။

အဲဒီခေတ်ရဲ့ရေစီးနဲ့ အခက်အခဲကို သိတဲ့အပြင် ကူညီဖြေရှင်းဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစား အားထုတ်နေသူကတော့ ဦးဇင်း ဦးကောဝိဒပါ။ ဦးဇင်းက စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့မှာ တစ်လှည့်စီ ကွန်ပြူတာပညာရပ်တွေကို သူ တတ်သလောက် ပညာဒါနအနေနဲ့ ဖြန့်ဝေပေးနေတာပါ။ မန္တလေးမြို့ရဲ့ စေတနာအလှူရှင်ကြောင့် ဦးဇင်းအနေနဲ့ အွန်လိုင်း သင်ကြားခွင့်ရခဲ့ပါတယ်။ မန်းက အင်တာနက် ကဖေးတစ်ဆိုင်က ဦးဇင်းကို သင်ကြားဖို့ လှူဒါန်းတာကြောင့် မန်းက သံဃာတော်တချို့ကို ပညာဒါနအနေနဲ့ အင်တာနက်သင်တန်းအဖြစ် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့မှာလည်း သင်တန်းခန်းမ တစ်ဆောင်အနေနဲ့ သီးသန့် လုပ်ထားပြီး ကွန်ပြူတာအကြောင်းကို သင်တန်းအနေနဲ့ သံဃာတော်တွေအတွက် ပညာဒါန ဝေမျှ ပေးနိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းခန်းမရဲ့ ကြမ်းပြင်ကိုလည်း ညီလင်းဆက်ရဲ့ အကူအညီနဲ့ နိုင်ငံခြားမှ လှူဒါန်းငွေကြောင့် မကြာခင်က ကြမ်းခင်းထားပါပြီ။ သင်တန်းမှာ ကွန်ပြူတာ (၆) လုံးပဲ ရှိပါတယ်။ အဲဒီ ကွန်ပြူတာခြောက်လုံးနဲ့ပဲ အခု သင်တန်းသစ်တစ်ခု စတင်ဖို့ ကြံဆောင်နေတယ်လို့ ဦးဇင်းက မိန့်ပါတယ်။

သင်တန်းသစ်စမယ်လို့ သတင်းရတာနဲ့ စစ်ကိုင်းမြို့မှာ ရှိတဲ့ ကွန်ပြူတာ နည်းပညာ ငတ်မွတ်သူ၊ အင်တာနက် ငတ်မွတ်သူတွေ ဝိုင်းပြီး စာရင်း ပေးလိုက်တာ ကြေငြာပြီး မကြာခင်မှာပဲ လျှောက်လွှာတင်သူ ၅၀ ကျော်သွားလို့ ရပ်ဆိုင်းထားရပါတယ်။ ရပ်ဆိုင်းထားဆို ကွန်ပြူတာက (၆) လုံးတည်း ရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဦးဇင်းရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့အနေနဲ့ လျှပ်စစ်မီး ကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်မီး အချိန်များများ ရဖို့တောင် ဆုတောင်းဖို့ မလွယ်ပါ။ ဒါကြောင့် ကွန်ပြူတာရဲ့ အသက်ဖြစ်တဲ့ လျှပ်စစ်မီးက ရှိဖို့ အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့လည်း မီးစက်ဝယ်ဖို့ စိုင်းပြင်းနေရပြန်တယ်။ ပညာဒါန အလှူလုပ်ဖို့ သင်ကြားတယ်ဆိုတော့ ပစ္စည်းပစ္စယ ဝယ်ဖို့ ငွေကြေးဆိုတာ အလှူရှင်ကိုပဲ အဓိက တည်မှီနေရတော့မှာပါ။ ဦးဇင်းကို မေးကြည့်တော့ မီးစက်ဝယ်ဖို့ ကျပ်ငွေ (၁၇) သိန်းလောက် လျာထားရမယ်လို့ မိန့်ပါတယ်။ နောက်ပြီး သင်တန်း အရှိန်ရဖို့ ကွန်ပြူတာအလုံးရေ များဖို့ကလည်း အရေးကြီးပြန်တော့ ကွန်ပြူတာအလှူရှင်ကလည်း လိုအပ်နေပြန်ပါတယ်။

ဒီအခက်အခဲတွေ ကြားက ဘာကိုမှ မမှုဘဲ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို အကောင်အထည် ပေါ်ဖို့ပဲ အမြဲ ကြိုးစားနေတဲ့ ဦးဇင်းရဲ့ စိတ်ဓါတ်နဲ့ ဇွဲကို ကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။ အားကျတယ်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ဦးဇင်းရဲ့ ပညာဒါန သင်တန်းတွေ အမြဲ အဓွန့်ရှည် တည်တန့်စေနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်းမှာ ရှိတဲ့ သာမာန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ငွေ တစ်သောင်း လှူဖို့ဆိုတာ အခက်အခဲ ရှိပေမယ့် ပြည်ပ ရောက်နေသူတွေအတွက် အခက်အခဲ သိပ်မရှိလောက်လို့ အကူအညီ တောင်းလိုက်ရပါတယ်။ တကယ်လို့ ပြည်တွင်းက လူတွေအနေနဲ့လည်း တတ်နိုင်သလောက် တစ်ထောင် နှစ်ထောင်ကအစ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ သင်တန်းကျောင်းအတွက် လက်တလော လိုအပ်နေတဲ့ ပစ္စည်းတွေကတော့

၁။ ကွန်ပြူတာ (လက်ရှိ ခြောက်လုံးသာ ရှိသည်)
၂။ သင်တန်းခန်းမ မျက်နှာကျက် (လုံးဝ မရှိသေးပါ)
၃။ ကြမ်းခင်းအုတ်ခင်း (ခန်းမ အရှေ့ပိုင်းကို ညီလင်းဆက်ကူညီသော အလှူနဲ့ အုတ်ခင်းပြီး)
၎။ ၁၀ ကီလိုဝပ်ထွက် မီးစက်တစ်လုံး (မီးမရှိလျှင် လုံးဝ သင်မရပါ။ လက်ရှိ လျှပ်စစ်မီးမှာ ပျက်တလှည့် မလာတလှည့်)
၅။ နည်းပညာပိုင်း ဆိုင်ရာ ပညာဒါန သင်ကြားပေးနိုင်သူ (မန်း သို့ စစ်ကိုင်းတွင် သင်ကြားပေးနိုင်သူ ဖြစ်ရန်လိုသည်)
၆။ အင်တနက် သင်တန်း သင်ကြားနိုင်ရန် အွန်လိုင်း သုံးစွဲခွင့် (အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ သူ့ဆိုင်တွင် သင်ကြားနိုင်ရန် အချိန်ပိုင်း လှူဒါန်းထားသည်။ ထိုအလှူရှင်ကဲ့သို့ လှူဒါန်းနိုင်လျှင် ပိုကောင်းမည်။ သို့မဟုတ် တစ်နာရီ သုံးစွဲခ လျှော့ဈေးဖြင့် ညှိနှိုင်းပေးပါကလည်း အဆင်ပြေပါမည်။ သို့မဟုတ်ပါက အလှူငွေဖြင့် အင်တာနက် သုံးစွဲဖို့ စီမံရပါမည်)
၇။ ရေအေးစက် (အင်မတန်ပူသော စစ်ကိုင်းမြို့အတွက် လိုပါသည်)
၈။ အလှူငွေ (တခြား သင်တန်းအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ရန်)

လှူဒါန်းလိုသူများ ဆက်သွယ်ရန်
၁။ ဦးကောဝိဒ @mailto: kovida9@gmail.com
၂။ ပီကေ @mailto: pikay@myanmarbloggers.org
၃။ ညီလင်းဆက် @site: http://blog.nyilynnseck.com
၎။ မျက်လုံး @mailto: thethtoo@gmail.com
၅။ မင်းယွန်းသစ် @mailto: minnyoonthit@gmail.com
၆။ အရုပ်ကလေး @mailto: idulize@gmail.com

နိုင်ငံခြားမှ လှူဒါန်းလိုသူတွေအတွက် PayPal နှင့် UK Bank Account နှစ်မျိုးစလုံးနဲ့ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ ဦးဇင်း ဘလော့ဂ်မှာ ကျနော် အပေါ်မှာတင်ပြခဲ့တဲ့ ဦးဇင်းရဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ ကျနော်အနေနဲ့ တောင်းဆိုချင်တာက အလှူငွေမှ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ဒီပို့စ်လေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးစေချင်ပါတယ်။

အားလုံးကို လေးစားသောအားဖြင့်
ပီကေ