.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, July 30, 2010

Fish head



ငါးတွေပဲ ခေါင်းပုံဖြတ်ခံရတာ မဟုတ်ဘူး...
လူတွေလည်း အချင်းချင်း ခေါင်းပုံဖြတ်ကြတယ်။

Tuesday, July 27, 2010

By the way - 02

ဘာရယ်တော့ မဟုတ်ပါဘူး။ ဟိုပါတီ ဒီပါတီတွေ များလာတော့ ကြားကနေ ငထွားတို့လည်း ခါးနာရပါတယ်။ ပါတီတွေ များလာတာနဲ့ ငထွား ခါးနာရတာ ဘာဆိုင်လဲလို့ သိချင်ကြမှာပေါ့။ ပါတီတွေ အပြိုင်အဆိုင် မဲဆွယ်ဖို့ ကြိုးစားနေတာ အများအသိပဲလေ။ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းတွေခင်း၊ စက်ရေတွင်းတွေ တူးတာတောင် ခပ်တည်တည်နဲ့ ဆိုင်းဘုတ်ကြီး ပြူးပြဲနေအောင် တင်နေကြတာ အမြင်ပဲ မဟုတ်လား။ တခြားပါတီတွေလည်း လူထုကောင်းကျိုးကို လုပ်ချင်ကြမှာပေါ့။ ဒါပေမယ့် လုပ်ချင်တာတွေ လုပ်ခွင့်ရဖို့ အဆင့်ဆင့် တင်ပြရမယ် ဆိုပဲ။ အဲဒီမှာ ကွက်လပ်ဖြည့်တတ်တဲ့ ငထွားတို့လည်း ခါးနာတော့တာပဲ။ အရင်လို နားလည်မှုနဲ့ လုပ်လို့ မရတော့ဘူး။ မြောင်းကော် ခြုံရှင်းဖို့အတွက် မယကကိုလည်း စာတင်ရတယ်။ ရဲစခန်းကိုလည်း စာတင်ရတယ်။ တော်ပါပြီလေ... စိတ်ကုန်တယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ မိုးရာသီဆိုတော့ ဟိုနားဒီနား ရေတွေ အိုင်ပါတယ်။ ရေအိုင်တွေမှာ ခြင်တွေ ပေါက်တယ်။ ခြင်တွေ ပေါက်တော့ ခြင်ကိုက်တာပေါ့။ ခြင်ကိုက်တော့ ခြင်ထောင်တွေ ရောင်းကောင်းပြီး လူဦးရေ တိုးပွါးလာတယ်လို့ မပြောချင်ပါဘူး။ ပြောချင်တာက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ကြပါတယ်။ ကလေးတွေလည်း ဖြစ်သလို လူကြီးတွေလည်း ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးဆိုတာ သွေးလန့်တတ်လို့ အရေးပေါ် သွေးသွင်းကုသဖို့ လိုတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် ဆေးရုံမှာ သွေးတွေ အဆင်သင့်ရှိရင် လူနာအတွက် အကောင်းဆုံးပေါ့။ ဒါပေမယ့် အခုချိန်မှာ သွေးတွေ မလိုအပ်ပါဘူးလို့ ပြောတဲ့ ဆေးရုံလည်း ရှိတယ်ဗျာ။ တကယ် ချစ်ရဲ့လားလို့ မေးချင်မိတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ အိမ်မှာ မွေးထားတဲ့ Hamster ၃ ကောင်တောင် အကောင်ကြီးလာပြီ။ တစ်ကောင်ကို ဒေါ်လာ ၃၀ ပေးရတယ်။ လှောင်အိမ်က ၅၁ ဒေါ်လာပါ။ အစာဖိုး သဲဖိုးတွေလည်း ကုန်ပါတယ်။ မွေးတုန်းကတော့ အရွယ်တူတူလေးတွေ။ အခုတော့ အရွယ်အစားက ကြီးစဉ်ငယ်လိုက် စီလို့ရတယ်။ အိပ်တာ စားတာ မတူလို့ပဲလား။ အဆော့သန်လွန်းလို့ပဲလား မသိဘူး။ တစ်ကောင်တော့ တခြားအကောင်တွေလောက် မထွားဘူး။ အခုထိတော့ လူကြောက်တုန်းပဲ။ ဒါပေမယ့် အစာတော့ တောင်းတတ်လာပြီ။ နေ့ခင်းပိုင်းဆို အိပ်နေတတ်တယ်။ ညပိုင်းမှာဆို ဗြောင်းဆန်အောင် ဆော့ကြတယ်။ လှောင်အိမ် အောက်ခံကို တစ်ပတ်တစ်ခါ မလဲပေးရင် နည်းနည်းတော့ နံတယ်။ မွေးရတာ ကရိကထတော့ များလှပါတယ်။ အိမ်မှာ တစ်ယောက်တည်း ကျန်နေတဲ့သူအဖို့ လုပ်စရာ အလုပ်ရှိတော့ အချိန်ကုန်မြန်တယ်လေ။ မပျင်းတော့ဘူးပေါ့။ အိမ်မွေးတိရစ္ဆာန် ဆိုတာ ချစ်တတ်တဲ့သူတွေအဖို့ မိသားစုဝင်လိုပါပဲ။

ဘာရယ်တော့ မဟုတ်ပါဘူး။ ၃ လ တောင် ပြည့်သွားပါပြီ။ လမင်းကြီးကို ဆီးချိုမဖြစ်စေချင်လို့ ပျားရည်တော့ မစမ်းထားဘူး။ မေတ္တာနဲ့ ကွမ်းသီးပါတဲ့ နောင်ဂျိန်ဆိုတဲ့ ဟာသကား ပြန်မကြည့်ရသေးဘူး။ လျှာနဲ့ သွားဆိုတော့ တချိန်ချိန်မှာ ကိုက်မိဖို့တော့ ရှိနိုင်ပါတယ်။ အခုထိတော့ လျှာမကိုက်မိသေးပဲ ထမင်းစားလို့ ကောင်းနေတယ်။ တနင်္ဂနွေ သားသမီးတွေက စိတ်ကောက် ဖင်ကောက် ဆံပင်ကောက် သုံးမျိုးထဲက တစ်ခုခု ကောက်တတ်တယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် ဆင်ကြီးကို ဂဠုန်ချီသွားလို့လား မသိဘူး။ ဆင်ကြီးလည်း ကောက်တယ်ဗျ။ ဘာကောက်လည်း ဆိုရင် သုံးခုထဲက တစ်ခုလို့ပဲ မှတ်ထားလိုက်ပါတော့။

ဘာရယ်တော့ မဟုတ်ပါဘူး။ Tag အကြွေးတွေလည်း မဆပ်ရသေးဘူး။ စိတ်ကူးထဲမှာ ဟိုတစ်စဒီတစ်စ ရှိပေမယ့် လက်က ချမရေးဖြစ်ဘူး။ တခါတလေ မအားလို့ စာမရေးဖြစ်ပါဘူး။ တခါတလေ အားပေမယ့် တခြားကိစ္စတွေ ရှိလို့ မရေးဖြစ်ပြန်ဘူး။ တခါတလေက ဘာမှကို မလုပ်ချင်လို့ ဘာမှကို မလုပ်တာပါ။ ဒီထဲမှာ ရေးဖြစ်တာတွေကလည်း အချိန်ကြာရင် မေ့သွားမှာ စိုးလို့ ချရေးမိထားတဲ့ အပိုင်းအစတွေပါ။ မှတ်ဥာဏ်က မကောင်းရှာတော့ အခုလိုပဲ ရေးမှတ်ထားရတယ်။ တချိန်မှာ စားမြုံပြန်ဖို့ ပြန်ရှာဖတ်ရင် အဆင်ပြေအောင်ပေါ့။ Tag အကြွေးရှင်တွေကတော့ စိတ်ကွက်ကုန်ပြီလား မသိပါဘူး။ မျက်နှာပူမိပါတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီညလည်း စောစောအိပ်ရမှာ။ လေယာဉ်ကွင်းကို မနက် ၆ နာရီ မထိုးခင် ရောက်သင့်တယ်လို့ အကြံပေးတဲ့ သူလည်း ရှိတယ်။ အချိန်မှီ ရောက်မှ စိတ်ချရတာပေါ့တဲ့။ ၆ နာရီ မထိုးခင် ရောက်ဖို့အတွက် ၅ နာရီကျော်ကတည်းက အိမ်က ထွက်ရမယ့်ကိန်းပဲ။ ဒါဆို မနက် ၄ နာရီခွဲလောက် အိပ်ရာ ထရမှာပေါ့။ ညဉ့် နက်ချင်သလောက် နက်ပါစေ... မအိပ်ပဲ နေနိုင်ပေမယ့် မနက်စောစော အိပ်ရာထရတာတော့ စိတ်ကုန်တယ်။ မသွားမဖြစ် သွားရမှာဆိုတော့ ကုန်းရုန်းထရအုံးမှာပေါ့လေ။ ကဲ... အိပ်ပြီဗျာ။

Friday, July 23, 2010

Thailand Visa

ထိုင်းကို အလုပ်ကိစ္စ အစည်းအဝေးတက်ဖို့ သွားရပါအုံးမယ်။ ရုံးကနေ လွှတ်တာဆိုတော့ လိုအပ်တာတွေကို ရုံးက စီစဉ်ပေးမှာပေါ့။ ရုံးက လေယာဉ်လက်မှတ် စီစဉ်ပေးတယ်။ နေဖို့အတွက်ကို ဟိုဘက်အခြမ်းက တာဝန်ယူ စီစဉ်ထားလိမ့်မယ်။ ဗီဇာကတော့ မလိုဘူးတဲ့။ ဆိုက်ရောက်ဗီဇာ ရှိတယ် ဆိုပဲ။ မြန်မာနိုင်ငံဆိုတာ အာဆီယံထဲက ဖြစ်လို့ ဗီဇာတောင် မလိုဘူးနော် ဆိုပဲဗျ။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိတယ်လို့ပဲ ပြောရပါမယ်။ အင်တာနက်မှာ ထိုင်းသံရုံးဆိုဒ်တွေထဲ ဝင်ပြီး ဗီဇာ လိုမလို ရှာဖွေဖတ်ကြည့်တော့ မြန်မာပြည်အနေနဲ့က အစိုးရဝန်ထမ်းတွေပဲ ဗီဇာမလိုတာပါ။ နိုင်ငံသားတွေအနေနဲ့ ဗီဇာ လျှောက်ရမှာပါ။ ဆိုက်ရောက်ဗီဇာလည်း မရပါဘူး။

ခရီးသွားဝန်ဆောင်မှုပေးတဲ့ အေးဂျင့်က ဗီဇာကိစ္စ လုပ်ပေးမယ်။ လေယာဉ်လက်မှတ် စီစဉ်ပေးတာ သူတို့ပါပဲ။ ဒါပေမယ့် ရုံးမှာ စာရွက်စာတမ်း လာယူတာက ၁ ရက်၊ သံရုံးမှာ ဗီဇာသွားတင်တာ ၁ ရက်၊ ဗီဇာရလို့ ပြန်သွားယူတာက ၁ ရက်၊ ကျွန်တော့်ရုံးကို ပြန်လာပို့ပေးတာက ၁ ရက်၊ စုစုပေါင်း အနည်းဆုံး ၄ ရက် ကြာမယ်တဲ့။ ခက်တာက နောက်အပတ် တနလာင်္နေ့က ထိုင်းနိုင်ငံရဲ့ ရုံးပိတ်ရက်ဖြစ်ပြန်ရော။ ပိတ်ရက်တွေပါ ပေါင်းလိုက်ရင် ဗီဇာရဖို့က အတော်ကြာနိုင်တယ်။ ကိုယ့်ဘာသာ သံရုံးသွားပြီး လျှောက်ရင်တော့ ဗီဇာတင်ဖို့နဲ့ ပြန်သွားယူဖို့ ၂ ရက်ပဲ ကြာမယ်။ အဲဒါနဲ့ပဲ ကိုယ့်အား ကိုယ်ကိုးဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

ဗီဇာလျှောက်ဖို့က ဗီဇာဖောင် ဖြည့်ရပါတယ်။ ဗီဇာဖောင်မှာ စင်္ကာပူဘက်က အာမခံပေးမယ့် Guarantor လိုပါတယ်။ ထိုင်းဘက်မှာ တည်းခိုမယ့်လိပ်စာကို ဖြည့်ရပါတယ်။ တည်းခိုမယ့် လိပ်စာ မသိရင်လည်း ကိစ္စမရှိပါဘူး။ အင်တာနက်ကနေ ဟိုတယ်လိပ်စာ တစ်ခုခုကို ရှာပြီး ထည့်လိုက်လည်း အဆင်ပြေပါတယ်။ အဲဒါအပြင် ထိုင်းကို ရောက်မယ့်နေ့ကို ဖြည့်ရပြန်တယ်။ ထိုင်းမှာ ဘယ်နှရက် နေမယ်ဆိုတာလည်း မေးပါတယ်။ ကျန်တာတွေကတော့ ကိုယ်ရေး ရာဇ၀င်ပေါ့။

ခရီးသွားရတဲ့ ရည်ရွယ်ချက်ကိုလည်း ဖြည့်ပေးရပါတယ်။ အလည်အပတ်လား၊ အစိုးရအလုပ်ကိစ္စလား၊ စီးပွါးရေးကိစ္စလားပေါ့။ စင်္ကာပူကနေ ထိုင်းကို အလည်သွားတာ ဆိုရင် ခရီးသွားဖို့ လုံလောက်တဲ့ ဓနအင်အား ရှိဖို့လိုတဲ့အတွက် စင်္ကာပူမှာ အလုပ် လုပ်နေတဲ့သူအဖို့ ဘဏ်အကောင့် ပြရပါတယ်။ တစ်ယောက်တည်း သွားတာဆိုရင်တော့ ဘဏ်ထဲမှာ စင်္ကာပူဒေါ်လာ တစ်ထောင် ရှိကြောင်း ပြပေးရပါတယ်။ မိသားစုလိုက် သွားတာဆိုရင် စင်္ကာပူဒေါ်လာ နှစ်ထောင်ရှိကြောင်း ပြရပါတယ်။ အွန်လိုင်းဘဏ်စနစ် မရှိတဲ့သူအနေနဲ့ ဘဏ်စာအုပ်ကို ယူသွားပြီ ပြလိုက်ရင် အဆင်ပြေပါတယ်။

အလုပ်ကိစ္စအတွက် သွားမယ်ဆိုရင် ရုံးက စာထုတ်ပေးရပါတယ်။ ရုံးတံဆိပ် ပါရပါတယ်။ ထိုင်းနိုင်ငံဘက်မှာ အာမခံပေးမယ့် လူရဲ့ အမည်နဲ့ လိပ်စာတွေ ပေးရပါတယ်။ ကျွန်တော့်အနေနဲ့ ရုံးစာထုတ်တာက ကြာပါတယ်။ ရုံးချုပ်ကနေ စာထုတ်ပေးပြီးရင် ဒီဘက်ရုံးကို လာပို့ရအုံးမယ်။ စာထုတ်ပေးမယ့် HR က မမတွေလည်း အချိန်ပေးနိုင်မှ စာက ထွက်လာအုံးမှာ။ ဒါတောင် မမတွေက အာဆီယံသားတွေ ဗီဇာ မလိုပါဘူးဆိုပြီး ဖင်ပိတ်ငြင်းနေတာ။ ထိုင်းဘက်မှာ တာဝန်ယူမယ့်သူကိုလည်း အမည်အပြည့်အစုံနဲ့ လိပ်စာတွေ ဖုန်းဆက်ပြီး မေးရအုံးမယ်။ အဲဒီတော့ အလည်သွားတဲ့ အနေနဲ့ပဲ ဗီဇာယူတာ အကောင်းဆုံးပါပဲ။

ဗီဇာသွားတင်ဖို့အတွက် ပတ်စ်ပို့ဓါတ်ပုံ ၁ ပုံ လိုပါတယ်။ ဗီဇာမှာ တခါတည်း ဓါတ်ပုံကပ်သွားလိုက်ပါ။ မကပ်သွားနိုင်ရင်လည်း သံရုံးရောက်ရင် ကပ်ဖို့ ကော်ပေးပါတယ်။ အရေးကြီးဆုံးက နိုင်ငံကူးလက်မှတ် ယူသွားဖို့ပါ။ စင်္ကာပူနိုင်ငံက ထုတ်ပေးထားတဲ့ တရားဝင်ကဒ်ပြား (PR, EP, Spass) ကိုလည်း မိတ္တူကူးပြီး ပေးရပါတယ်။ လေယာဉ်လက်မှတ် ယူသွားဖို့ လိုပါတယ်။ လောလောဆယ်မှာတော့ ဗီဇာကြေး မပေးရပါဘူး။ ကင်းလွတ်ခွင့် ပေးထားပါတယ်။ အဲဒီစာရွက်စာတမ်းတွေ စုံပြီဆိုရင်တော့ အော့ချက်လမ်းက ထိုင်းသံရုံးမှာ မနက် ၉ နာရီခွဲကနေ ၁၁ နာရီခွဲ အကြား အရောက်သွားပြီး ဗီဇာတင်ဖို့ လုပ်ရတာပေါ့။ ကောင်တာမှာ ဗီဇာတင်ပြီးရင် နောက်တစ်နေ့မှာ ဗီဇာ လာရွေးဖို့အတွက် စာရွက်လေး ထုတ်ပေးပါတယ်။ အဲဒီစာရွက်လေးနဲ့ နောက်တစ်နေ့ ၂ နာရီနဲ့ ၄ နာရီခွဲ အကြား ဗီဇာ သွားထုတ်လို့ ရပါပြီ။ စင်္ကာပူမှာ ထိုင်းဗီဇာ လျှောက်တာ ဒါလေးပါပဲကွယ်။



Monday, July 19, 2010

July 19 (1947-2010)

ဘာလိုလိုနဲ့ အာဇာနည်နေ့ကို ရောက်လာပြန်ပြီပေါ့။ မနေ့ကတည်းက အာဇာနည်နေ့ကို မှတ်မှတ်ရရ သတိတရ ရှိနေမိပေမယ့် ဘာသိဘာသာ ကျော်ဖြတ်သွားတဲ့ သူတွေလည်း ရှိနေနိုင်ပါပြီ။ အဲဒီအတွက်နဲ့ ဘယ်သူ့ကိုမှလည်း အပြစ် မတင်ချင်တော့ပါ။

ငယ်ငယ်တုန်းက အာဇာနည်နေ့ကို မရောက်ခင် တစ်ပတ်အလိုကတည်းက ကြိုပြီးသိရတယ်။ ကျောင်းမှာဆို ကဗျာရွတ်ပွဲတွေ လုပ်ပေးတယ်။ နှစ်တန်းကျောင်းသားဘဝတုန်းက ဆရာမက တစ်ခန်းလုံးကို ခုံပေါ်တက် မတ်တပ်ရပ်ခိုင်းပြီး ကဗျာဆိုခိုင်းဖူးတယ်။ အာဇာနည်နေ့ကဗျာကို ကျောက်သင်ပုန်းပေါ်မှာ ရေးပေးထားတယ်။ အတန်းရှေ့မှာ ဆရာမက အသံနေ အသံထားနဲ့ လက်သီးလက်မောင်းတန်းပြီး တစ်ကြောင်းချင်းစီ ဆိုပြတယ်။ ကျွန်တော်တို့ကလည်း အဲဒီအတိုင်း လိုက်ဆိုရတယ်။ ကဗျာမှာ အခုချိန်အထိ မှတ်မိတာလေးက အာဇာနည် အာဇာနည် ကိုးဦးအာဇာနည်... တဲ့။ တစ်ရက်တည်း ဆိုရတာမျိုး မဟုတ်ဘူး။ အတန်းတိုင်း အတန်းတိုင်း ၅ ရက်လောက် နေ့စဉ်ရက်ဆက် ကဗျာဆိုရတယ်။ အသံအနေအထား အကောင်းဆုံး ဆိုနိုင်တဲ့သူတွေကို ကျောင်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ပို့ပေးတယ်။ အဲဒါကြောင့် ကလေးဘဝကတည်းက မြန်မာပြည်ရဲ့ အာဇာနည်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းလို့ သိထားခဲ့လိုက်တယ်။

ငယ်ငယ်တုန်းက အာဇာနည်နေ့မှာဆို အိမ်ရှေ့က အစိုးရရုံးတွေမှာ အလံတိုင်ဝက်ကို လျှော့ချထားတယ်။ အိမ်မှာလည်း အလံကို တိုင်ဝက်ထူထားတယ်။ ရပ်ကွက်ထဲက အိမ်ပေါက်စေ့မှာလည်း အလံတွေ တိုင်ဝက်မှာ ကိုယ်စီကိုယ်စီ။ အိမ်မှာက အလံထူလေ့ မရှိဘူး။ ရပ်ကွက်ရုံးက လော်စပီကာနဲ့ လိုက်အော်တဲ့အခါမျိုးမှ အလံ ထူတာ။ ရပ်ကွက်ရုံးက အလံထူဖို့ အော်တိုင်းလည်း မထူပါဘူး။ အလံသယ်တဲ့ ပြည်ထောင်စုနေ့နဲ့ တိုင်ဝက်မှာ အလံထူရတဲ့ အာဇာနည်နေ့ပဲ အလံထူတယ်။ အိမ်မှာ လူကြီးတွေ အလံထူရင် သူတို့အနားကပ်ပြီး ကိုယ်တိုင် လုပ်ကြည့်ချင်လို့ ပူဆာသေးတယ်။ ဒါပေမယ့် လူကြီးတွေက အလံပြုတ်ကျရင် အဖမ်းခံရမှာနော်။ ကလေးတွေ လုပ်လို့ မရဘူး ဆိုတာနဲ့ ကြည့်ပဲ ကြည့်နေလိုက်ရတယ်။

ငယ်ငယ်တုန်းက အာဇာနည်နေ့ မနက်ပိုင်းမှာ ပါပါးရဲ့ လေးဘီးကားနဲ့ ကားလိုက်စီးဖို့ အပြင်ထွက်ခဲ့တယ်။ ဈေးဝယ်ထွက်တာလား ဓါတ်ဆီထည့်တာလား... တစ်ခုခုပဲ။ သေချာ မမှတ်မိတော့ဘူး။ လေးဘီးကားလေး ကမ်းနားလမ်းပေါ်လည်း ရောက်ရော မြစ်ကမ်းတလျှောက်က စက်ရုံတွေ သဘောင်္တွေ ဥသြတွေ ဆွဲပါလေရော။ သစ်စက်တွေလည်း ဥသြဆွဲတယ်။ ပါပါးလည်း ကားကို ခဏရပ် အောက်ဆင်းပြီး ဟွန်းတီးတယ်။ လမ်းပေါ်က ကားတွေလည်း အကုန်ရပ်တယ်။ တချို့လည်း ဟွန်းတီးကြတယ်။ လမ်းဘေးမှာ လျှောက်နေတဲ့ လူတွေလည်း ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေကြတယ်။ ကလေးဘဝတုန်းကတော့ ဘယ်လိုအဓိပ္ပါယ်နဲ့ အခုလိုမျိုး လုပ်ကြတယ် ဆိုတာကို သေသေချာချာ နားမလည်ခဲ့ဘူး။ ဒါပေမယ့် အာဇာနည့်နေ့မှာ ဥသြဆွဲတယ် ဟွန်းတီးတယ်လို့ပဲ ကလေးအတွေးနဲ့ မှတ်ထားလိုက်တယ်။

ငယ်ငယ်တုန်းက အိမ်မှာ ရေဒီယိုပဲ ရှိသေးတယ်။ တီဗွီက သိပ်မပေါသေးဘူး။ အာဇာနည်နေ့ အနားနီးပြီဆိုရင် ရေဒီယိုက အာဇာနည်နေ့သီချင်းတွေ လွင့်တယ်။ ကလေးဘဝတုန်းက ရေဒီယိုမှာ နားထောင်ချင်တာက ဇာတ်လမ်းပမာ နားဆင်စရာနဲ့ ပုံပြင်ပဲ ဆိုတော့ အဲဒီသီချင်းတွေ မကြိုက်တာ အမှန်ပဲ။ ရှေးအသံနဲ့ ဆိုထားတဲ့ ရှေးဟောင်းသီချင်းတွေဆိုပြီး နားမထောင်ဖြစ်ဘူး။ အာဇာနည်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ် တိတိ ထိုးတာနဲ့ ရေဒီယိုကလည်း ဥသြဆွဲသံ လွှင့်ပေးတယ်။ အဲဒီလို ဥသြဆွဲသံ ကြားရင် ဘယ်သူ့ကို လွမ်းလို့ လွမ်းမှန်း မသိတဲ့ ခံစားချက်မျိုး ရလာတယ်။ ငိုချင်သလိုလိုနဲ့ မျက်ရည်ဝဲမိတယ်။

ငယ်ငယ်တုန်းက အာဇာနည်နေ့မှာ အာဇာနည်ကုန်းကို သွားချင်တယ်။ ဒါပေမယ့် ဗုံးကွဲဖူးလို့ လူကြီးတွေက လိုက်မပို့ပေးဘူး။ မြောက်ကိုရီးယားတွေက ဗုံးလာခွဲဖူးတယ်လို့ ပြောပြပေမယ့် သေချာတော့ မသိခဲ့ပါဘူး။ အာဇာနည်ကုန်းပေါ်က ကြယ်ဖြူတစ်ပွင့် လင်းလက်နေတဲ့ အနီရောင်ဂူဗိမာန်ကြီးက ခမ်းနားထည်ဝါတာတော့ အမှန်ပဲ။ ဗိမာန်ရဲ့ ဗိသုကာက ဆရာဦးဆန်းဦးလို့ သိထားပါတယ်။ အဲဒီဗိသုကာ လက်ရာအပေါ်မှာ ပြုတုစု ဆိုပြီး ဝေဖန်ချက်တွေတော့ ရှိပါတယ်။ နိုင်ငံတစ်ခုက အာဇာနည်ဗိမာန်နဲ့ ခပ်ဆင်ဆင် တူနေတယ်လို့လည်း ဖတ်ခဲ့ဖူးပါတယ်။ ဘယ်သူက အရင်ဆောက်ခဲ့သလဲ ဆိုတာတော့ ကျွန်တော်လည်း မသိပါ။ အာဇာနည်ဗိမာန်ရဲ့ ဗိသုကာလက်ရာဖွဲ့စည်းပုံကို အနီးကပ် မြင်တွေ့လေ့လာချင်တယ်။ ကျွန်တော်ဟာ အာဇာနည်ကုန်းနားကို အခေါက်ပေါင်းများစွာ ရောက်ခဲ့ပေမယ့် အခုချိန်အထိ အာဇာနည်ကုန်းပေါ်ကို တစ်ခါတစ်ခေါက်တောင် မတက်ဖူးသေးတဲ့ ရန်ကုန်သားစစ်စစ်ပါ။ ဒါဟာ ရန်ကုန်သားအချို့အတွက် သိပ်တော့ မထူးဆန်းလှပါ။

ငယ်ငယ်တုန်းက အာဇာနည့်နေ့နဲ့ ပတ်သက်ပြီး ကြုံဆုံခံစားခဲ့ရတဲ့ အကြောင်းတွေဟာ အခုအချိန်မှာတော့ အငွေ့အသက်တောင် မကျန်တော့ပါ။ အာဇာနည်နေ့ကို မမေ့တဲ့သူတွေက မမေ့သေးပါဘူး။ ဒါပေမယ့် လုံးဝကို မသိတော့တဲ့ သူတွေလည်း ရှိနေပါပြီ။ ရုံးပိတ်တယ် ကျောင်းပိတ်တယ်။ ဒီထက်ကို မပိုတော့ပါဘူး။ မသိတာကို အပြစ်တင်မစောစေချင်ပါ။ မသိတာက မသိအောင် မျက်စိပိတ်နားပိတ် အလုပ်ခံထားရလို့ပါ။ မသိတဲ့သူတွေကို အပြစ်တင်မယ့်အစား သိအောင် မျက်စိဖွင့် နားဖွင့် လုပ်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။

ဒါဆို ဘယ်လိုမျိုး မျက်စိဖွင့် နားဖွင့်ပေးကြမလဲ။ အာဇာနည်နေ့အကြောင်း အာဇာနည်တွေအကြောင်း မြန်မာ့နိုင်ငံရေးအကြောင်း ကိုယ်သိထားသလောက် ကိုယ့်ပတ်ဝန်းကျင်မှာ လက်ဆင့်ကမ်း ဝေမျှပေးကြပေါ့။ အာဇာနည်ဆိုတာ အသံကောင်းတဲ့ အဆိုတော် မဟုတ်ကြောင်းပါ ပြောဖို့လည်း လိုမယ် ထင်ပါတယ်။



ဗိုလ်ချုပ်က မသေသေးဘူး...
အခုထိ အသတ်ခံနေရတုန်း... လို့ပဲ ၂၀၁၀ အာဇာနည်နေ့မှာ ထပ်ပြောချင်ပါတယ်။

Wednesday, July 14, 2010

Ayam Penyet

Ayam Penyet ဆိုတာ အင်ဒိုနီးရှားဆိုင်ပါ။ အင်ဒိုနီးရှား ထမင်းဟင်းတွေကို စားချင်ရင် အဲဒီကို သွားစားကြပေါ့။ ပထမဦးဆုံး စားဖူးတဲ့ဆိုင်က Bugis ဘက်မှာပါ။ Hot Pot ဆိုင်တွေရဲ့ အနားလေးမှာပဲ။ အခုတော့ အဲဒီဆိုင် မရှိတော့ဘူး။ ညီမဝမ်းကွဲက သူ့မွေးနေ့ကို အဲဒီဆိုင်မှာ လိုက်ကျွေးခဲ့တယ်။ ကြက်ကြော်နဲ့ ချဉ်ဟင်းက ကောင်းလွန်းတယ် ဆိုပြီး ညွှန်းတယ်။ ဟုတ်ပါ့မလားပေါ့။ တကယ်စားကြည့်တော့မှ ဟုတ်ပါ့ဟုတ်ပါ့ ဆိုတာ သိလိုက်ရတယ်။ ခရမ်းချဉ်သီးနဲ့ လုပ်ထားတဲ့ ငပိချက်က အတော်ပူတယ်။ ဒါပေမယ့် စားလို့ ကောင်းတယ်။ ချဉ်ဟင်းကတော့ စပါယ်ရှယ်လို့ ပြောလို့ရတယ်။ ချိုသလိုလို ချဉ်သလိုလိုလေး။ ချဉ်ဟင်းမှာ ပြောင်းဖူး၊ မြေပဲ။ ဂေါ်ဖီ၊ ပဲသီးတွေ ပါတယ်။


Boonlay - Jurong Point က ဆိုင်

ဟိုးအရင် မွေးနေ့တုန်းက ဘလော့ဂါတွေနဲ့ Bugis က ဆိုင်မှာ စားဖြစ်တယ်။ ညီမတစ်ယောက် စင်္ကာပူကို လာလည်တော့ အဲဒီဆိုင်ကို ခေါ်သွားသေးတယ်။ ဒါပေမယ့် အဲဒီနေရာမှာ ဆိုင်မဖွင့်တော့ဘူး။ ဆိုင်နေရာ ရွှေ့သွားတာလား မသိဘူး။ Orchard လမ်းက Lucky Plaza မှာလည်း ရှိတယ်ဆိုတာ ကောင်ကောင်မိုကြီး လိုက်ပို့လို့ သိရတယ်။ လက်ရာကောင်းတယ်။ ဒါပေမယ့် မီးဖိုးချောင်က ညှော်နံ့က အပြင်ထွက်လာတော့ သိပ်အဆင်မပြေလှဘူး။ Boonlay Jurong Point က ဆိုင်ကိုတော့ ရုံးက လူတွေနဲ့ ရောက်ဖြစ်တယ်။ ဆိုင်အပြင်အဆင် အတော်ကောင်းတယ်။ စားလို့လည်း ကောင်းတယ်။ ပိတ်ရက်မှာဆို လူများလွန်းလို့ တန်းစီရတာ အချိန်ကုန်တယ်။ Woodlands Causeway Point က ရုပ်ရှင်ရုံရှိတဲ့ အထပ်မှာလည်း အဲဒီလို အင်ဒိုနီးရှား အစားအစာဆိုင်တော့ ရှိတယ်။ ဒါပေမယ့် လက်ရာ မကောင်းဘူး။ Vivo City မှာလည်း တစ်ဆိုင် ရှိတယ်။ လက်ရာက Lucky Palaza နဲ့ Jurong Point က ဆိုင်တွေကို မမှီဘူး။


အရိုးထုတ်ထားတဲ့ ကြက်ကြော်

ကြက်သားကြော်နဲ့ ထမင်း တစ်ပွဲကို စင်္ကာပူဒေါ်လာ ၇ ဒေါ်လာနီးပါး၊ ချဉ်ဟင်းတစ်ခွက်ကို ၄ ဒေါ်လာ နီးပါး ပေးရတယ် ဆိုပေမယ့် ဟမ်ဘာဂါ ၀ယ်စားရတဲ့ဈေးနဲ့ ယှဉ်ကြည့်ရင် ထမင်းနဲ့ဟင်း စားရတာ ပိုတန်သလိုပဲ။ ကြက်ကြော်မှာ ပဲပြားကြော်နဲ့ အရွက်ကြော်လည်း ထည့်ပေးတတ်တယ်။ အမဲသားနဲ့ လုပ်တဲ့ ဟင်းတွေလည်း ရှိတယ်။ မစားဖူးတော့ သိပ်မသိဘူး။ ငါးခူကြော်တွေလည်း ရှိတယ်။ တချို့ဆိုင်တွေက ငပိချက်ကို ကြိုက်သလို ယူခွင့်ရှိတယ်။ တချို့ကျတော့ ဟင်းခွက်ထဲမှာ ထည့်ပေးထားသလောက်ပဲ ရတယ်။ များများလိုချင်ရင် ဟင်းမှာကတည်းက တခါတည်း ပြောရတယ်။ Lucky Plaza နဲ့ Jurong Point က ဆိုင်တွေမှာ အအေးပါ မှာလို့ရတယ်။ ထောပတ်သီးဖျော်ရည်က သောက်လို့ အကောင်းဆုံးပဲ။ ထောပတ်သီး ပေါ်တဲ့ ရာသီချိန်မှ ရတယ်။ မုန့်လက်ဆောင်းလည်း ရတယ်။ Blueberry လည်း ရတယ်။ အဲဒါတွေလည်း သောက်လို့ ကောင်းပါတယ်။ တစ်ခါက အင်ဒိုနီးရှား လက်ဘက်ရည်ဆိုလို့ စမ်းသောက်ကြည့်တာ ရေနွေးကြမ်းအအေးကို သကြားနဲ့ မွှေပြီး ဖျော်ပေးထားသလိုပဲ။ အဲဒါကို ကြိုက်တဲ့သူ ရှိကောင်း ရှိပါမယ်။


အင်ဒိုချဉ်ဟင်း

သူငယ်ချင်း အပေါင်းအသင်း မိဘဆွေမျိုးတွေ စင်္ကာပူကို အလည်တခေါက် ရောက်လာတဲ့အချိန်မှာ ဧည့်ခံဖို့ ဆိုင်ကောင်းကောင်းတွေ သိစေချင်တဲ့သဘောနဲ့ ပြောပြတာပါ။ သိသူ ဝင်စား မသိသူ ကျော်သွား ဆိုတာမျိုး မဖြစ်ရလေအောင် ဝေမျှတာပါ။ ကြော်ငြာပေးတာလည်း မဟုတ်ပါဘူး။ ကော်မရှင်ခ ပွဲစားခလည်း မရပါဘူး ခင်ဗျာ။