.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, February 16, 2011

Chingay 2011 - 01








မှတ်ချက်... လက်ရာကောင်းလို့ အကြိုက်တွေ့လို့ ဓါတ်ပုံတွေ တင်ထားတာမျိုး မဟုတ်ပါ။ အချိန် အားအားရှိ ပင်နီဇူလားမှာ အချိန်ဖြုန်းနေတတ်တဲ့ အသိမိတ်ဆွေတချို့ကို စင်္ကာပူမှာ ဒီလိုမျိုးပွဲတွေ... သွားသင့်လာသင့်တဲ့ နေရာတွေ... ရှိပါတယ် ဆိုတာလေးကို သိစေချင်ယုံလေးပါ။ အချိန်တန်လို့ အိမ်ပြန်တဲ့အခါ စင်္ကာပူဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ သိရအောင် အမြင်မကျဉ်းရလေအောင် ဆိုတဲ့ စေတနာလေးကို အရင်းခံထားပါတယ်။

Wednesday, February 9, 2011

Snapshot at CNY 2011


ဝေါစီးနေတဲ့ စီးပွါးလာဘ်လာဘကို ပေးတဲ့ Tsai Shen Yeh


မြေစောင့်နတ် လင်မယား Tu Di Gong နဲ့ Tu Di Po


တစ်ကောင်တည်း မဟုတ်တဲ့ နတ်ကျားမိသားစု...


ဘုံကျောင်းအဝင်ဝက ရွှေသွားအပြည့်နဲ့ ခြူးခြင်္သေ့

Sunday, February 6, 2011

CNY - Rabbit Year

တရုတ်နှစ်သစ်ကူးကို Chinese New Year (CNY) လို့ ပြောသလို Lunar New Year (LNY) လို့လည်း သုံးနှုန်းကြတယ်။ ကလေးဘဝတုန်းကတော့ လူနာဆိုတဲ့ စာလုံးရဲ့အဓိပ္ပါယ်ကို နားမလည်ဘူး။ ဘာကြောင့်များ တရုတ်တွေကို လူနာလို့ ပြောကြတာလဲ... အသားဖြူလို့ လူနာနဲ့များ တူနေသလား ဆိုပြီး အူကြောင်ကြောင် ကလေးအတွေးတွေ တွေးခဲ့ဖူးတာပေါ့။ တရုတ်ပြက္ခဒိန်က လကို အခြေပြုပြီး တွက်ချက်ထားတဲ့ ပြက္ခဒိန်ဆိုတာ မသိခဲ့တာ အမှန်ပဲလေ။

တရုတ်ပြက္ခဒိန်အရ ဒီနှစ်ကတော့ ယုန်နှစ်ပါ။ ယုန်တွေက တီထွင်ကြံဆအား ကောင်းတယ်။ လူချစ်လူခင် ပေါများတယ်။ အပေါင်းအသင်းနဲ့ မိသားစုကို ခုံမင်တယ်။ ပဋိပက္ခတွေကို မကြိုက်လို့ ရှောင်လေ့ရှိတယ်။ ပြဿနာနဲ့ ရင်ဆိုင်နေတဲ့ အချိန်မှာတောင် ယုန်တွေဟာ တစ်ဘက်သားကို ငဲ့ညှာတယ် လို့ ပြောကြတာပဲ။ အဲဒီလိုပဲ ယုန်နှစ်က ကျားနှစ်ထက်စာရင် ပိုကောင်းတယ်လို့ ကလေးယူတော့မယ့် စုံတွဲတွေက ယူဆကြတယ်။ ကျားနှစ်ဖွားတွေက အိမ်ထောင်ဘက် ရှာရတာ နည်းနည်းခက်တယ်။ အိမ်ထောင်ဘက်ရဲ့ မွေးနှစ်အကောင်က အကောင်ကြီး ဖြစ်ဖို့ကို သေချာရွေးရတယ်။ အယူသီးတဲ့ မိဘတွေဆိုရင် ကျားနှစ်ဖွားတွေနဲ့ အိမ်ထောင် ချပေးဖို့ တွန့်ဆုတ်တတ်ကြတယ်။

ဘုံကျောင်းအဝင်ဝက ရွှေဆေးပြယ်နေတဲ့ နဂါးနီတိုင်လုံးကြီး...

ဒီနှစ် ယုန်နှစ်မှာ ကံနိမ့်တဲ့ တခြားရာသီခွင်တွေ ရှိပါတယ်။ အဲဒါတွေကတော့ ယုန်နှစ်ကနေ သုံးနှစ်၊ ခြောက်နှစ်၊ ကိုးနှစ် အကွာမှာ ရှိတဲ့ အကောင်တွေဖြစ်တဲ့ ကြွက်၊ ကြက်နဲ့ မြင်း ပေါ့။ မြန်မာမှာ အတာစားတယ် ဆိုတာမျိုးနဲ့ တူမယ်လို့ ထင်ပါတယ်။ ပြဿဒါးနေ့က မကောင်းဘူးလို့ ယူဆသလိုမျိုး ယုန်နှစ်မှာ အဲဒီရာသီဖွားတွေ ကျန်းမာရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး ချူခြာပါမယ်တဲ့။ အဲဒီလို ကံနိမ့်နေတဲ့ အကောင်တွေအနေနဲ့ ကံမြင့်အောင် ဘုံကျောင်းမှာ ယတြာချေရပါတယ်။ ကျွန်တော်တို့ အခုနေတဲ့အိမ်မှာက အဲဒီလိုအကောင်တွေ ရှိနေတာနဲ့ ဘုံကျောင်းမှာ ယတြာချေဖို့အတွက် နှစ်ဆန်းလေးရက်နေ့မှာ ထွက်လာခဲ့တယ်။ အဲဒီ နှစ်ဆန်း ၄ ရက်နေ့မှာပဲ ယတြာချေရတာလို့ ထင်မိတယ်။


ယတြာချေဖို့ ကန့်တော့ကြတဲ့ ဘုရားခန်းက ဆင်းတုတွေ...

ဘုံကျောင်းကို ရောက်တော့ ဘုံကျောင်းဝေယျာဝစ္စအဖွဲ့သားတွေက ယတြာချေဖို့အတွက် လိုအပ်တာတွေကို မေးမြန်းပါတယ်။ တရုတ်အမည်၊ ကျား/မ၊ မွေးသက္ကရာဇ်၊ အကောင်၊ နေရပ်တွေကို မေးပြီး အဲဒါတွေကို စာအိတ်အနီလေးပေါ်မှာ ရေးပေးလိုက်တယ်။ ဘုရားခန်းအထဲကို ရောက်တော့ တရုတ်အဖိုးကြီးတစ်ယောက်က ဘုရားကို ဘယ်လောက် လှူရမယ် ဆိုတဲ့ ငွေပမာဏကို တွက်ချက်ပေးပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ၂ ဒေါ်လာ ၃ ဒေါ်လာ လောက်ပါပဲ။ အဲဒီငွေကို ပေးလိုက်ရင် အကြွေစေ့တွေ လဲပေးလိုက်ပြီး အနီရောင် စက္ကူအိတ်ထဲကို ထည့်ပေးပါတယ်။ မီးရှို့ဖို့အတွက် ရွှေစက္ကူတွေနဲ့ ဘာမှန်းမသိတဲ့ ရောင်စုံစက္ကူတွေကို အထပ်လိုက် ပေးပါတယ်။ အဲဒါတွေ ယူပြီးရင် ဘုရား ရှိခိုးဖို့ တန်းစီပေတော့။

ဘုံကျောင်းက ပေးတဲ့ မီးရှို့ဖို့အတွက် ရောင်စုံစက္ကူတွေ...

တန်းစီနေတဲ့ လူတွေရဲ့ အရှေ့ဆုံးမှာ တရုတ်မကြီးတစ်ယောက်က အလှည့်ကျ ဆုတောင်းပေးနေတယ်။ ကိုယ့်အလှည့် ရောက်ဖို့ ၁ ယောက် ၂ ယောက် အလိုလောက်ဆိုရင် အမွေးတိုင်ကို မီးညှိထားလိုက်တယ်။ ကိုယ့်အလှည့် ရောက်တဲ့အခါ လက်ထဲက အိတ်အနီလေးကို သူ့ဆီ ပေးလိုက်ရင် သူက တရုတ်လို ဘုရား ရှိခိုး ဆုတောင်းပေးပါတယ်။ ဘာတွေ ဆုတောင်းနေသလဲတော့ မသိပါဘူး။ အိစိကွစိတွေ ရွတ်နေတာပဲ သိတယ်။ ဆုတောင်းတာပြီးရင် အိုးထဲမှာ အမွေးတိုင်တွေ ထွန်းခဲ့ပေါ့။ ပြီးရင် ဘုရားခန်း အပြင်ဘက် ခြံဝင်းထဲထွက်ပြီး စက္ကူမီးရှို့တဲ့ နေရာမှာ ရောင်စုံစက္ကူ အထပ်လိုက်ကြီးကို မီးရှို့ကြတယ်။ ကဲ... အဲဒါ ယတြာ ချေပြီးပြီ။

လုပ်စရာရှိတာ လုပ်ပြီးရင် ကျန်တာတွေကတော့ ဒီနှစ်ကုန်တဲ့အထိ စောင့်ကြည့်ကြတာပေါ့။

Wednesday, February 2, 2011

The red



တရုတ်တွေ သိပ်ကြိုက်ကြတဲ့
အနီရောင်ကို နောက်ခံထားပြီး
သူများတွေပြောတဲ့အတိုင်း လိုက်ပြောလိုက်မယ်
Gong Xi Fa Cai ပါခင်ဗျာ။

Thursday, January 27, 2011

Cartoons reflect the time




အီးမေးလ်ထဲ ရောက်လာတဲ့ နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းလက်ရာမွန်လေးတွေပါ။ တကူးတက Scan ဖတ်ပြီး မှတ်တမ်းယူထားတဲ့ သူက ဘယ်သူလဲဆိုတာတော့ ကျွန်တော် မသိပါ။ ဒါကြောင့် သူရဲ့ အားထုတ်မှုကို ကျေးဇူးတင်မိလို့ တလေးတစား မှတ်တမ်းတင် ဂုဏ်ပြုမိပါတယ်။ မူရင်း ရေးဆွဲသူဖြစ်တဲ့ ဆရာကြီး ဦးဘဂျမ်းကိုလည်း လေးစားမိပါတယ်။

ခေတ်တခေတ်ရဲ့ အခြေအနေကို ဖော်ပြနိုင်တဲ့ ဦးဘဂျမ်းရဲ့ ကာတွန်းလေးတွေက အခုခေတ်အတွက်လည်း အဆင်ပြေနေပြန်တာကို တွေးမိပြုံးမိလို့ ကျွန်တော့်ဘလော့မှာ အမှတ်တရ သိမ်းထားလိုက်ပါရစေ...