.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, December 21, 2016

Complaint Master

တခါတလေ ကိုယ်တွေ မြန်မာအချင်းချင်း သိပ်ခက်တယ်။ ဘာမှ မဟုတ်တာတွေကို ရစ်ကြတယ်။
ရန်ကုန်ဘက်ကို လေယာဉ်စီးတုန်းကပေါ့... လေယာဉ်မယ် လေယာဉ်မောင်တွေက မြန်မာတွေ။ လေယာဉ်ပေါ်မှာ ထမင်းကျွေးတဲ့အချိန် ရောက်တော့... လေယာဉ်မောင်က ကြက်သားနဲ့ ထမင်း စားမလား.... ငါးသားနဲ့ ခေါက်ဆွဲကြော် စားမလား တယောက်ချင်းကို မေးပြီး ဝန်ဆောင်မှုတွေ ပေးတယ်။ တနေရာကို ရောက်တော့ အဲဒီခုံတန်းက ကိုရွှေမြန်မာက ရစ်ပါလေရော။

ကြက်သားက ဟာလာ လုပ်ထားသလားတဲ့။ မေးတဲ့သူက အသံအကျယ်ကြီးနဲ့ မေးပေမယ့် ဖြေတဲ့သူကတော့ တိုးတိုးတိတ်တိတ်ပဲ ဖြေတော့ လေယာဉ်မောင်က ဘာဖြေလိုက်သလဲတော့ မကြားလိုက်ရဘူး။ အဲဒီကနေ ရစ်နေတာ ဖြေရှင်းလို့ မရတော့ ရှေ့ခေါင်းခန်းက ပိုပြီး စီနီယာကျတဲ့ လေယာဉ်မယ်က အဲဒီခုံကို ရောက်လာပြီး ဖြေရှင်းပေးပါတယ်။

သူ စားချင်တာက ငါးထမင်းနယ်တဲ့။ လေယာဉ်မယ်က ပြန်ဖြေပါတယ်။ အဲဒါမျိုးက သီးသန့်ကြိုတင်မှာထားမှ ရပါတယ်ပေါ့။ အခုအခေါက်မှာတော့ ကြက်သားနဲ့ ငါးပဲ ပါတယ် ဆိုတာကို သေချာ ပြန်ရှင်းပြပါတယ်။ အဲဒီအခါ ကိုယ်တော်ချောက အဲဒါဆို သူက Seafood ပင်လယ်စာနဲ့ စားချင်ပါတယ် ဆိုပြီး ပြန်ပြောင်းပြောပြန်ရော။ ကြက်သား မစားတဲ့သူတွေအတွက် ပင်လယ်စာတော့ ရှိသင့်ပါတယ် ဆိုပြီး ထပ်ရစ်တယ်။ သူဟာ Singapore Airlines, Silk Air, Jet Star, Air Asia အကုန်စီးဖူးတယ်။ အဲဒီလေယာဉ်တွေမှာ Seafood ပင်လယ်စာ သီးသန့် လုပ်ပေးထားတယ် ဘာညာတွေ ဆက်ပြီး ရွှီးပြန်လေတယ်။ သူစီးဖူးသမျှ ကိုယ်လည်း စီးဖူးတော့ ရွှီးနေမှန်း သိပ်သိသာလွန်းတယ်။
ဟာလာ မလုပ်ထားတဲ့ ကြက်သားဆိုရင် အဲဒါဟာ ဘာသာရေးကို စော်ကားရာ ရောက်တယ်။ ပင်လယ်စာတွေ ရှိသင့်တယ် ဘာညာတွေ ထပ်ပြောလေရော။ အဲဒီစကားအရ ကိုယ်တွေ ထင်တာက သူက မွတ်စလင် ဘာသာဝင်များလာပေါ့။ နောက်ဆုံး သူ ထပ်ပြောလိုက်မှပဲ ရှင်းသွားတယ်။ သူက မွတ်စလင်ဘာသာဝင် မဟုတ်ပါဘူးတဲ့။ သူများ ဘာသာအတွက် စဉ်းစားမိလို့ အခုလို အကြံပေးရတာပါတဲ့။

လေယာဉ်ပေါ်က လူတွေလည်း သူ့ရဲ့ ဟောင်ဖွာဖွာ အသံကြားမှာပဲ မကြားချင်လည်း ကြားနေရတယ်။ လေယာဉ်မယ်ကတော့ အတော်လေး သည်းခံပြီး တောင်းပန်နေတာကို တွေ့ရတယ်။ သူ ဘယ်တော့ ပြန်မလဲ။ ဘယ်အချိန် လေယာဉ်လဲ ဆိုတာကို မေးပြီး ငါးထမင်းနယ် ရအောင် လုပ်ထားပေးပါမယ် ဆိုတာတွေလည်း ပြောနေတာ ကြားရတယ်။

အဲဒီနေရာမှာ မြန်မာမဟုတ်ပဲ တခြား လူမျိုးတွေဆိုရင် အဲဒီလို ရစ်ချင်မှ ရစ်မယ်လို့ ကိုယ်ကတော့ မြင်မိတယ်။ ကိုယ့်မြန်မာအချင်းချင်းမို့လို့ပဲ သတ္တိတွေ ကောင်းပြနေသလားပဲ။ တကယ်ကို တလွဲပါပဲ။ ရှင်းရှင်းပြရရင် အဲဒီသူဟာ သောက်တလွဲကောင်ပါပဲ။

Monday, December 12, 2016

Say something about Vietnam

လက်ရှိအလုပ်မှာ ကိုယ့်ဘေးက တယောက်က ဗီယက်နမ်။ သူနဲ့ ထမင်းစားချိန် အတူတူ သွားစားဖြစ်ရင်း ဗီယက်နမ်အကြောင်းတွေ သူ ပြောပြလို့ ဟိုနည်းနည်း ဒီနည်းနည်း သိခွင့်ရလိုက်တယ်။

ဗီယက်နမ်မှာက အခုထိ တောင်ပိုင်းနဲ့ မြောက်ပိုင်း ကွဲနေသေးတယ်။ မြောက်ပိုင်းက တရုတ်နဲ့ရုရှဘက် ယိမ်းတဲ့ ကွန်မြူနစ်တွေ တောင်ပိုင်းကတော့ အမေရိကန်ဘက် ယိမ်းတဲ့လူတွေပေါ့။ တောင်ပိုင်းဆိုတာ အရင်တုန်းက ဆိုင်ဂုံ အခု ဟိုချီမင်းစီးတီး ရှိတဲ့အခြမ်း။ မြောက်ပိုင်းကတော့ ဟနွိုင်းမြို့ ရှိတဲ့အခြမ်း။ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း လုပ်လို့ အဆင်ပြေတဲ့ တောင်ပိုင်းက ချမ်းသာပြီး ကုန်သည်ပွဲစား များတယ်။ တောင်ထူထပ်တဲ့ မြောက်ပိုင်းက ဆင်းရဲပြီး စစ်သားများတယ်။

တောင်ပိုင်းက လူတွေ မြောက်ပိုင်းက လူနဲ့ အိမ်ထောင်ပြုမယ်ဆိုရင်လည်း မိဘအသိုင်းအဝိုင်းက သဘောမတူကြဘူး။ မြောက်ပိုင်းမှာက ချွေးမကို ကျွန်လို ခိုင်းကြတယ်။ သားနဲ့ ပတ်သက်လို့ ရလာတဲ့ သမီးတယောက်လို့ သဘောမထားဘူး။ တောင်ပိုင်းမှာက ချွေးမကို မြောက်ပိုင်းလောက် မနှိပ်ကွပ်ဘူး။ မြောက်ပိုင်းမှာက မိဘရဲ့ အမွေကို သားအကြီးဆုံးက ဆက်ခံရတယ်။ ကျန်တဲ့သူတွေက ဘာမှ မရကြဘူး။ တောင်ပိုင်းမှာက သားအငယ်ဆုံးကို အမွေပေးတယ်။ ငယ်သေးလို့ ရှာဖွေစားသောက်ရ ခက်ခဲမှာ စိုးလို့ ဆိုပြီး မိဘအမွေကို ပေးကြတယ်။ ထုံးစံအတိုင်း သမီးတွေကတော့ အိမ်ထောင်ပြုတဲ့အချိန် ပေးလိုက်တဲ့ ခန်းဝင်ပစ္စည်းက လွဲလို့ မိဘဆီက ဘာအမွေမှ မရကြဘူး။ မြောက်ပိုင်းက လူတွေက သန်မာတယ်။ ကြမ်းတမ်းတယ်။ တောင်ပိုင်းက လူတွေက လူရည်လည်တယ်။

ဗီယက်နမ် ပြည်တွင်းစစ် ပြီးသွားလို့ မြောက်ပိုင်းသားတွေ စစ်နိုင်သွားတဲ့အခါ တောင်ပိုင်းသားတွေရဲ့ စစ်တပ်တွေကို ဖျက်သိမ်းသလို အစိုးရအလုပ်ထဲမှာလည်း သားစဉ်မြေးဆက် ဝန်ထမ်းလုပ်ခွင့် မပေးပါဘူး။ တောင်ပိုင်းသားအချို့ကို ထောင်ချတယ်။ ကွန်မြူနစ်ဝါဒကို လက်ခံယုံကြည်ပါတယ်လို့ လက်မှတ်ထိုးရင် ထောင်က လွှတ်ပေးတယ်။ အဲဒီလိုမျိုး ထောင်ထဲမှာ ၃ နှစ်အထက် ထောင်ကျဖူးရင် အမေရိကန်က နိုင်ငံရေးခိုလှုံခွင့်ပေးတော့ တောင်ပိုင်းသားအများစုက ထောင်ကြာကြာ ကျအောင် အဲဒီကွန်မြူနစ်ဝါဒကို လက်မခံကြောင်းပဲ လုပ်ကြတယ်။ အဲဒီလိုနဲ့ ထောင် ၄ နှစ် ၅ နှစ်ကျပြီးလို့ လွှတ်လာရင် အမေရိကားကို ရောက်အောင် ပြေးကြတာပါပဲ။ အမေရိကားမှာ စစ်ပြေးဗီယက်နမ် အသိုင်းအဝိုင်းက မနည်းမနောပါပဲ။

ဗီယက်နမ်မှာက ကွန်မြူနစ်အစိုးရ အုပ်ချုပ်တယ် ဆိုပေမယ့် အကျင့်ပျက် လာဘ်စားမှုက ရာထူးအဆင့်ဆင့်တိုင်းမှာ ရှိတယ်။ တိုင်းပြည်မှာ ရဲနဲ့ စစ်သား အင်အားကလည်း အများကြီးပဲ။ လာဘ်စားလွန်းလို့ ရဲတွေကို လူထုက အဝါရောင်ခွေး အစိမ်းရောင်ခွေးလို့တောင် ခေါ်ကြတယ်။ သူတို့ ရဲဝတ်စုံက အစိမ်းရောင်ဖြစ်ပြီး ယာဉ်ထိန်းရဲဝတ်စုံက ကာကီရောင် ဖြစ်နေလို့။ စစ်တပ်က ဗိုလ်ချုပ်တွေရဲ့ လစာဟာ စင်္ကာပူဒေါ်လာ ၁ ထောင်လောက်ပဲ ရှိနေပေမယ့် သူတို့မှာ ဒေါ်လာသိန်းချီတန်တဲ့ ကားတွေ အိမ်တွေ ပိုင်ဆိုင်နေကြတယ်။

ဗီယက်နမ်မှာ ကားပိုင်ရင် အကောင်ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကားက ဈေးကြီးလွန်းတယ်။ ကားတစီးရဲ့ တန်ဖိုးဟာ မူရင်းစက်ရုံထုတ်ဈေးအပြင် အခွန် ၂၈၅ ဆ ထပ်ဆောင်မှ ကားပိုင်ဆိုင်ခွင့်ရတယ်။ ဥပမာ ကားတစီးကို သိန်း ၁၀၀ တန်တယ်ဆိုရင် အခွန် ၂၈၅ သိန်း ထပ်ပေါင်းပြီး ၃၈၅ သိန်းပေးနိုင်မှ ကားဝယ်နိုင်မယ်။ အဲဒါကြောင့် ဗီယက်နမ်မှာ လူနေမှုအဆင့်အတန်းကို ပြချင်လို့ ကားဝယ်စီးကြတယ်။ ကားခေါင်းခန်းမှာ စစ်ဦးထုပ်တွေ တင်ထားတာမျိုး၊ စစ်တပ် ရဲဌာနချုပ်ရဲ့ တံဆိပ်တွေ ကပ်ထားတာမျိုးလည်း လုပ်ကြပြန်တယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ သူများ ပြောပြလို့ ဗီယက်နမ်အကြောင်း တိုတိုထွာထွာ သိထားတာလေးတွေကို ကိုယ့်မိတ်ဆွေလည်း သိရအောင် ပြန်လည်ဝေမျှတာပါ။ အလွတ်သဘောမျိုး ပြောတဲ့စကားကနေ သိထားရတာတွေမှာ ရာနှုန်းပြည့် အမှန်မဖြစ်နိုင်သလို အမှားတွေလည်း ပါနိုင်ပါတယ်။

Wednesday, November 30, 2016

Safety cannot be compromised

မနက်ဖြန် Big Box မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကာင်္ပူရောက် မြန်မာမိသားစုတွေ တွေ့ဆုံပွဲ ရှိတယ်။ တက်ရောက်ဖို့ လက်မှတ်ဝယ်ထားတဲ့ အရေအတွက်က ၅ ထောင်နဲ့ ၇ ထောင်ကြားမှာ ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အဆင့် အရေးကြီးပုဂ္ဂိုလ် ဖြစ်တာနဲ့အညီ စကာင်္ပူအစိုးရနဲ့ ရဲတပ်ဖွဲ့ဟာ အဲဒီပွဲရဲ့ လုံခြုံရေးကို တာဝန်ယူပေးရပါတယ်။ လုံခြုံရေးအရ လိုအပ်တာတွေကို ကြိုတင် စီစဉ်ဆောင်ရွက် အကြောင်းကြားပေးဖို့ တွေ့ဆုံပွဲစီစဉ်တဲ့ အဖွဲ့အစည်းကို ညွှန်ကြားပါတယ်။ ဒါနဲ့ပဲ တွေ့ဆုံပွဲအတွက် ဆောင်ရန်ရှောင်ရန်တွေ စည်းမျဉ်းစည်းကမ်းတွေ ပြုဖွယ်ကိစ္စအဝဝတွေကို အဲဒီအဖွဲ့အစည်းက ထုတ်ပြန်ကြေညာပါတယ်။ အဲဒီမှာ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေကို ရင်ဖွင့်ကြတဲ့ အသံတွေ ထွက်လာကြပါတယ်။ 

အားလုံး အဆင်ပြေဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ တွေ့ဆုံပွဲ ကျင်းပမယ့်နေရာနဲ့ ကိုယ်ရဲ့ ရုံးနဲ့ ဝေးတဲ့လူတွေ၊ အလုပ်ချိန်မှာ စောထွက်မရလို့ အချိန်မှီ မရောက်ပဲ နောက်ကျနိုင်တဲ့ လူတွေ၊ ခွင့်ယူဖို့အတွက် ခွင့်လက်ကျန် မရှိတော့တဲ့လူတွေ... စုံပလုံစိပါပဲ။ ကိုယ့်အခက်အခဲကို တင်ပြတာကို လက်ခံပါတယ်။ ဒါပေမယ့် တင်ပြချက်တိုင်းကို လုံခြုံရေးအစီအမံအရ လိုက်လျောလို့ မရတာကိုလည်း ပြန်လည် နားလည်မှု ပေးဖို့ လိုပါလိမ့်မယ်။

အခုလို အချိန်မှာ... အထူးသဖြင့် ရခိုင်အရေးကို တလွဲပုံဖော်ထားတဲ့ မီဒီယာအချို့ကြောင့် ဒေသအတွင်းက မူစလင်အသိုင်းအဝိုင်းမှာ အထင်အမြင်လွဲ တင်းမာမှုတွေ ဖြစ်နေတဲ့အချိန်မှာ... စင်္ကာပူဟာ မလေးရှားနဲ့ အင်ဒိုနီးရှားဆိုတဲ့ မူစလင်အများစုရှိတဲ့ တိုင်းပြည် ၂ ခုနဲ့ လက်တကမ်းအကွာမှာ တည်ရှိနေတာကို သတိပြုဖို့ လိုပါမယ်။

လတ်တလောလေးမှာပဲ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်နေတယ်လို့ အထင်အမှတ် မှားပြီး မလေးရှား၊ အင်ဒိုနီးရှားမှာ ဆန္ဒပြပွဲကြီးတွေ လုပ်သွားပြီးပါပြီ။ အင်ဒိုနီးရှားက မြန်မာသံရုံးကိုလည်း ဗုံးခွဲဖို့ ကြံစည်ထားတဲ့အမှုကိုလည်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါသေးတယ်။

မြန်မာပြည်က လူတွေနဲ့ မလေးတွေ အင်ဒိုတွေက လူတွေဟာ အသားအရောင် မျက်နှာသွင်ပြင် (မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး မပါ) ခန္ဓာကိုယ်အချိုးအစား သိပ်မကွဲပြားပဲ ခပ်ဆင်ဆင်ပဲ ရှိကြပါတယ်။ အဲဒီအချက်တွေကြောင့် အဲဒီပွဲရဲ့ လုံခြုံရေးတင်းကျပ်မှုဟာ တကယ်ကို မဖြစ်မနေ လိုအပ်ပါတယ်။ တဦးတယောက်ရဲ့ တကိုယ်ရေတကာယ အဆင်မပြေမှုကြောင့် တွေ့ဆုံပွဲရဲ့ လုံခြုံရေးတင်းကျပ်မှုကို ဖြေလျှော့ပေးဖို့ လိုမလိုကို ပြန်လည် သုံးသပ် စဉ်းစားစေလိုပါတယ်။

အကြံပေးချင်တာကတော့...

ခွင့်ရက်ကျန်သူများအနေနဲ့ အဲဒီပွဲနေ့မှာ ရုံးကနေ နေ့တဝက် ခွင့်ယူပြီး လိုအပ်တဲ့ ပြုဖွယ်ကိစ္စအဝဝကို ကြိုတင်ဆောင်ရွက်ကြပါ။

ခွင့်ရက်မကျန်သူများအနေနဲ့ ကိုယ့်အထက်အရာရှိကို နားလည်အောင် ပြောပြီး ရုံးချိန်ကနေ တတ်နိုင်သမျှ စောထွက်လို့ရအောင် ကြိုးစားစေလိုပါတယ်။

အကြောင်းကြောင်းကြောင့် အချိန်မှီ မရောက်နိုင်သူများအနေနဲ့ကတော့ လက်မှတ်ခ အဆုံးခံဖို့ပဲ ရှိပါတော့တယ်။

Thursday, October 13, 2016

Myanmar Passport PJ

Job Passport နဲ့ ပတ်သက်ပြီး အသံတွေ ထွက်လာတယ်။ အဲဒီလို အသံတွေ ထွက်လာမှပဲ ကိုယ်တွေလည်း ဘာလဲဟ ညာလဲဟ ဆိုပြီး လိုက်စပ်စုမိတယ်။

အဲဒီမှာ ဘာတွေ့လဲ ဆိုတော့ Passport မှာ ဓါတ်ပုံရဲ့ အပေါ်ဘက် ဘေးနားလေးမှာ Type ဆိုတာ ရှိတယ်။ အဲဒီမှာ PJ, PV တွေ ရေးထားလိမ့်မယ်။ PJ ဆိုရင် Job ပါ။ PV ဆိုရင် Visit ပါ။ ဟိုးအရင် အဟောင်းတွေမှာ PT လို့ ရေးထားတာ တွေ့လိမ့်မယ်။ တခါမှလည်း ဂရု မပြုမိလို့ မမေးမိသလို passport ရုံးကလည်း အဲဒါနဲ့ ပတ်သက်ပြီး ရှင်းမပြဖူးပါဘူး။

သတိထားမိတာက အဲဒီဟာက အခုအစိုးရခေတ်မှာ စ လုပ်ထားတာ မဟုတ်ပါဘူး။ အရင် အစိုးရခေတ်ကတည်းက ရှိပြီးသားပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော့် passport က ၂၀၁၃ မှာ အသစ် လုပ်ထားတာပါ။ အဲဒီမှာ PJ လို့ပဲ ရေးထားပါတယ်။ စက်နဲ့ ဖတ်လို့ရတဲ့ Passport တွေ စ ပြောင်းကတည်းက အဲဒီ Type ဆိုတာမှာ PJ တွေ PV တွေ ဖြစ်နေပြီလို့ လေ့လာမိပါတယ်။
စင်္ကာပူက မြန်မာသံရုံးမှာ စာအုပ်အသစ် လုပ်ရင်တော့ PJ ဖြစ်ကြပါတယ်။ စင်္ကာပူမှာ Dependent pass ကိုင်ထားတဲ့ သူတွေကိုလည်း PJ ပြောင်းထုတ်ပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ passport ကတော့ PV အဖြစ်ပဲ ဆက်ထားပေးပါတယ်။

ကျွန်တော့် Passport ဟာ ရန်ကုန်ရုံး MOHA မှာ လုပ်တာ ဖြစ်ပေမယ့် စင်္ကာပူကနေ ပြန်လာထားတဲ့ အထောက်အထားတွေနဲ့ စင်္ကာပူကို ပြန်ဦးမှာ ဆိုတာ သိထားတဲ့အတွက် PJ ဖြစ်သွားပုံပါပဲ။

ဖြည့်စွက်ချက်။
PJ က ဘာအကျိုးထူးလဲ ဆိုရင်တော့ ကျွန်တော် ရန်ကုန်ပြန်ပြီး passport အသစ် ထုတ်တုန်းက ၃ ရက်ပဲ ကြာပါတယ်။ စင်္ကာပူကို ပြန်ရမှာဖြစ်လို့ PJ လည်း ဖြစ်လို့ Passport ဟာ အမြန်လမ်းက ထွက်လာပါတယ်။ ပုံမှန်ဆို ၇ ရက်ကနေ ၁၀ ရက် ကြာပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး စာတပုဒ် ရေးတင်ဖူးပါတယ်။

Saturday, May 14, 2016

Bullshit Taboo

လာဘ်တိတ်စေသောအကြောင်းတရားများ ဆိုပြီး Facebook မှာ တက်လာလို့ ဖတ်ကြည့်လိုက်တယ်။ ဘာတွေ ရေးထားသလဲ ဆိုတာကို ပြန် ဖောက်သည်ချရမယ် ဆိုရင်တော့...
 
၁။ မနက်အိပ်ယာထလျှင် အိမ်သာထဲသို့ တန်းမသွားရ။ မီးဖိုခန်းထဲသို့ သွားပြီး မီးမွှေးခြင်း ထမင်းအိုးတည်ခြင်း တန်းမလုပ်ရပါ။
၂။ ထမင်းစားပြီး ဘေးမှာကျနေသော အမှိုက်များကို မိမိ ပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ယူမသွားရ။
၃။ စားပြီး အိုးခွက် ပန်းကန်များကို မနက်မှ ဆေးမယ်လေဆိုပြီး မီးဖိုခန်းထဲမှာ တညလုံး ပုံမထားသင့်ပါ။
၎။ အိမ်ထောင်ဦးစီး အမျိုးသား၏အင်္ကျီ စွပ်ကျယ် ပုဆိုး တဘက် အဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သုတ် မလုပ်ရပါ။
၅။ လင်မယားအချင်းချင်း နံနက် ၉နာရီ မကျော်မီ စောစောစီးစီး စကားများရန်မဖြစ်ရ မငြူစူရ ဒေါသမဖြစ်ရပါ။ စောစောစီးစီး နိမိတ်မကောင်းသော အမင်္ဂလာသီချင်းများ မဖွင့်ရပါ။ 
 
အဲဒီအချက် ၅ချက်ထဲကနေ ၂ချက်လောက် လုပ်မိလျှင် လာဘ်တိတ်စေပါတယ်။ ငွေဝင်လာလျှင်လဲ အကြောင်းရှာပြီး ပြန်ထွက်သွားတတ်ပါသည်။

ဘယ်သူက စလိုက်တဲ့ဟာလည်း မသိဘူး။ ဘယ်စာအုပ်ကနေ ကောက်နှုတ်ထားသလဲ မသိဘူး။ ဒါပေမယ့် ထုံးစံအတိုင်း တချက်ခြင်း ပြန်ရှင်းကြည့်ကြတာပေါ့။
 
၁။ မနက်အိပ်ယာထမှာ အိမ်သာထဲ တန်းမဝင်ရ ဆိုတော့ ဘာအရင် လုပ်ရမှာလဲ။ စကာင်္ပူက အိမ်တွေဆို အိမ်သာနဲ့ ရေချိုးခန်းက တွဲလျှက် ၁ ခန်းတည်းပဲလေ။ အဲဒါမျိုးဆိုရင်ရော ဘယ်လို လုပ်ရမလဲ။ ကုတင် အိပ်ယာပေါ်မှာပဲ ငုပ်တုပ်လေး ထိုင်နေရမှာလား။ တညလုံး မပေါက်ဖြစ်ပဲ အောင့်ထားတဲ့ သေးတွေကို ဆက်အောင့်ထားရမှာလား။ အာပုတ်ရည်တွေပေ မျက်ချေးတွေ ဝေနေတဲ့ အခွက်ကြီးနဲ့ ဧည့်ခန်းထွက်ပြီး ထိုင်နေရမှာလား။ အိပ်ယာထပြီးတဲ့နောက် မီးဖိုချောင်ထဲဝင်ပြီး မီးမွှေးတာ ထမင်းအိုးတည်တာ မလုပ်ရဘူး ဆိုတော့... အချိန်တွေ သိပ်ပေါနေတယ်ပေါ့ ဟုတ်လား။ မနက်စာ ဆီချက်ခေါက်ဆွဲလေးဖြစ်ဖြစ် နန်းကြီးသုပ်လေးဖြစ်ဖြစ် လုပ်စားမယ်ဆို မီးဖိုပေါ်တင် ခေါက်ဆွဲပြုတ်ရမှာပဲလေ။ အဲဒါတွေ မလုပ်ပဲ ဘာလုပ်ရမလဲ။
 
၂။ ထမင်းဝိုင်းမှာ ချထားတဲ့ စားပြီးသား ဟင်းထမင်း အရိုးတွေကို ထမင်းပန်းကန်ထဲ ထည့်သိမ်းတိုင်း လာဘ်တိတ်တယ်ဆိုရင်တော့ စင်္ကာပူက စားသောက်ဆိုင်တွေ လာဘ်တွေ တိတ်ပြီပေါ့လေ။ အခုများတော့ လာကြည့်ပါလေ... စင်္ကာပူက ဘယ်စားသောက်ဆိုင်တန်း မဆို ထိုင်စရာ စားပွဲနေရာ မရှိလို့ ရပ်စောင့်နေရတဲ့သူတွေ အများကြီး။ ဆိုင်တွေမှာလည်း တန်းစီပြီး ဝယ်ရတယ်။ စားသောက်ဆိုင်လုပ်ငန်း လုပ်တဲ့သူတွေ စီးတဲ့ ကားတွေကလည်း BMW တွေ မာစီးဒီးတွေ။ သူတို့တတွေ တကယ်ပဲ လာဘ်တိတ်ရှာတယ်နော်။
 
၃။ စားပြီး အိုးခွက်ပန်းကန်တွေကို မဆေးကြောပဲ မီးဖိုခန်းမှာ ပစ်ထားတာကတော့ ကျန်းမာရေးရှုထောင့်က ကြည့်ပြီး မလုပ်သင့်ဘူး ပြောရင် လက်ခံတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်ရင် စားကြွင်းစားကျန်တွေ လာစားတဲ့ ပိုးဟပ် ကြွက် ယင်ကောင်တွေကနေ တဆင့် ရောဂါတွေ ရလာနိုင်တယ်။ ဒါပေမယ့် အဲဒီဟာနဲ့ လာဘ်တိတ်တာ ဘယ်လို ဆက်စပ်မှုရှိလဲ အဖြေရှာလို့ကို မရဘူး။
 
၎။ အိမ်ထောင်ဦးစီးရဲ့ အဝတ်ဟောင်းတွေကို လက်သုတ် ဖုန်သုတ် ကြမ်းသုတ်တဲ့နေရာမှာ မသုံးသင့်ဘူး ဆိုပဲ။ မသုံးတော့လို့ လွှင့်ပစ်ရမယ့် အဝတ်ဟာ အမှိုက်ပုံထဲ ရောက်သွားမှာပဲလေ။ အမှိုက်ပုံနဲ့ အိမ်က ဖုန်... ဘယ်အရာက ပိုညစ်ပတ်သလဲ။ Recycle သဘောတရားအရ ကြည့်ရင် ဒါဟာ ကောင်းတဲ့ အလေ့အကျင့်ပဲ။ ဘယ်သူဘယ်ဝှါရဲ့ အဝတ်ဟောင်း ဆိုတာကို ထည့်ပြောစရာကို မလိုတာ။ တမြတ်တနိုးထားတဲ့ ဘုရားစင်တို့ စာအုပ်စင်လို နေရာမျိုးတွေကိုတော့ အဲဒီလို အဝတ်ဟောင်းတွေနဲ့ ဘယ်သူမှ မသုတ်ကြဘူး။ အဲဒီတော့ အဲဒီကိစ္စနဲ့ အခုပြောနေတဲ့ဟာ မသက်ဆိုင်တော့ဘူး။
 
၅။ မနက် ၉ နာရီ မကျော်မီ လင်မယားချင်း စကားမများရဘူး... ရန်မဖြစ်ရဘူး ဆိုတော့ မနက် ၉ နာရီနောက်ပိုင်းတော့ ရန်ဖြစ်ချင်ရင် ရန်ဖြစ်ကြ... စကားများချင်ရင် စကားများကြလို့ ပြောချင်တာလား။ အမှန်က စကားမများ ရန်မဖြစ်ကြရင် အကောင်းဆုံးပဲ မဟုတ်ဘူးလား။ မနက်စောစောစီးစီး ရန်ဖြစ်ရင်တော့ စိတ်မကြည်မလင် ဖြစ်ပြီး အလုပ်မှာ အဆင်မပြေတာတွေ ဆက်ပြီး ကြုံတွေ့နိုင်တယ်။ ညဘက် ရန်ဖြစ်ရင်ရော... အိမ်က လူတွေ သားသမီးတွေ အိမ်နီးနားချင်းတွေ စိတ်အနှောင့်အယှက် မဖြစ်ရဘူးလား။ နိမိတ်မကောင်းတဲ့ အမင်္ဂလာ မရှိတဲ့ သီချင်းတွေကို မနက်ဖွင့်တာ ညဖွင့်တာထက် ဘာသီချင်းဖြစ်ဖြစ် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အသံကို ဂိတ်ဆုံးဖွင့်တာမျိုး မလုပ်ရင် ပိုကောင်းပါတယ်။
 
တချို့ ရှေးရိုးအယူအဆတွေဟာ တကယ်ကို ပေါက်တက်ကရတွေပါပဲ။ အဲဒီထဲက အယူအဆတချို့ဟာ မိန်းမသားတွေဘက်ကို တမင် နိမ့်ချထားတယ်။ ယောကျာ်းက မိန်းမထက် ပိုမြတ်တယ် ဆိုတဲ့ အယူအဆကို အခြေခံထားတယ်။ ယောကျာ်းက မိန်းမထက် ပိုမြတ်သလား... မိန်းမက ယောကျာ်းထက် ပိုမြတ်သလား ဆိုတာ လုပ်ရပ်နဲ့ပဲ ဆိုင်တယ်။ မွေးလာကတည်းက ပါလာတဲ့ လိင်အင်္ဂါတွေနဲ့ ဘာမှ မသက်ဆိုင်ဘူး။ အရက်သမား ယောကျာ်းနဲ့ တရားဓမ္မနဲ့ မွေ့လျှော်နေတဲ့ မိန်းမမှာ ယောကျာ်းက ပိုမြတ်တာပေါ့လို့ ဆိုလိုချင်တယ် ဆိုရင်တော့... အမေမွေးတုန်းက ပါလာတဲ့ ဦးနှောက်ကို မသုံးတတ်တာ သိပ်သိသာစေတယ်။
 
တချို့က ပြောကြပါဦးမယ်... ဟဲ့... ရှေးရိုးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့။ ဒါပေမယ့် ပယ်သင့်တဲ့ဟာတော့ ပယ်ရမှာပဲ။ ဘုမသိ ဘမသိ ဒါဟာ ရှေးရိုးကွ မပယ်သင့်ဘူးလို့ လာမပြောကြပါနဲ့။ အဲဒီရှေးရိုးအကြောင်းကို အပ်ကျမတ်ကျ သိအောင် အရင်လုပ်ပြီး အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ လာပြောရင်တော့ လက်ခံသင့်တဲ့ဟာကို လက်ခံမယ်။ ၁၀၀% တော့ အာမ မခံဘူး။