.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, June 17, 2018

Save this World

ကိုယ်က ကုလားကား အကြည့်များတယ်။ တကူးတက ရှှာဖွေကြည့်တာထက်... စနေ တနင်္ဂနွေမှာ ကုလားတီဗွီလိုင်းက ပြတဲ့ ကားတွေကိုပဲ ကြည့်ဖြစ်တာ များပါတယ်။

တခါက ကြည့်ဖူးတဲ့ ကုလားကားမှာ မင်းသားက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ကိစ္စမျိုးတွေမှာ တက်ကြွလှုပ်ရှားသူပေါ့။ သူနဲ့ သူ့ညီဝမ်းကွဲ (ဗီလိန်)တို့ ထိပ်တိုက်ရင်ဆိုင်တဲ့ အခန်းမှာ...
သူ့ညီက ပြောတာက... ဒီတောဒီတောင် ဒီပိုင်နက်ကို သူ့ယောက်ခမ ပိုင်တာ ဖြစ်လို့... စီးပွါးရေးအရ အကျိုးအမြတ်ရှိမယ့် ကိစ္စမှန်သမျှကို သူ လုပ်ချင်သလို လုပ်မယ်။ လာမတားနဲ့ မရဘူး... ဆိုတဲ့ သဘောမျိုး ပြောတယ်။

မင်းသားက ပြန်ပြောတယ်။ ဒီတောဒီတောင် ဒီသဘာဝပတ်ဝန်းကျင်ကို ဘယ်သူမှ မပိုင်ဘူး။ ငါတို့က ဧည့်သည်တွေ။ ဒီသဘာဝပတ်ဝန်းကျင်ရဲ့ ဧည့်သည်တွေ။ ငါတို့က ပိုင်ရှင် မဟုတ်ဘူး။ ဒီသဘာဝပတ်ဝန်းကျင်ကို ငါတို့လည်း မပိုင်သလို အနာဂတ်မှာ ရှိလာမယ့် လူသားတွေလည်း မပိုင်ဘူး။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို မပျက်မဆီးရလေအောင် သဘာဝအတိုင်းပဲ ရှိနေဖို့လိုတယ် ဆိုတာမျိုး ပြန်ပြောတယ်။

အဓိက ပြောချင်တာက... ကိုယ်တွေက ဧည့်သည်ပါ။ ဒီကမ္ဘာမြေကြီးက အိမ်ရှင်ပါ။ အိမ်ရှင်ကို ဧည့်သည်က မစော်ကားရဘူး ဆိုတာမျိုး ပြောကြဆိုကြတယ်။ အိမ်ရှင်ကို စော်ကားမိရင် ဧည့်သည်အဖို့ ရလဒ်ကောင်းတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ။ အိမ်ရှင်ကို စော်ကားတဲ့ လုပ်ရပ်တွေ လုပ်မိကိုင်မိတဲ့အခါမှာ အိမ်ရှင်ရဲ့ တုံ့ပြန်မှုကို ဧည့်သည်တွေ ခါးစည်းခံရပြီပဲ။

ဘာရယ်တော့ မဟုတ်ပါဘူး။ ရေကြီးတာတွေ ရာသီဥတု ဖောက်ပြန်တာတွေကို မြင်ရကြားရသိရတော့ ဧည့်သည်ဖြစ်တဲ့ လူသားတွေဟာ အိမ်ရှင်ကမ္ဘာမြေကြီးအပေါ်မှာ စော်ကားထားတာ များနေပြီဆိုတာ သတိချပ်မိလို့ပါ။ တောတွေတောင်တွေ ပြောင်သလင်းခါကုန်ရင် ရေတွေကြီးတတ်တယ် ဆိုတာကို လက်တွေ့ မြင်ရလာပါပြီ။ သစ်တောသစ်ပင်တွေ မရှိတဲ့အခါ ရာသီဥတုကြီး ပူသထက် ပိုပူလာပါပြီ။

ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းကြပါလို့... သစ်တောသစ်ပင်တွေကို စောင့်ရှောက်ကြပါလို့... အထူး တိုက်တွန်းချင်ပါတယ်။

Tuesday, June 5, 2018

My Lovely Teachers

မနက်ပိုင်းမှာ အိပ်မက် မက်တယ်။ ကိုယ်က အလုပ်ကိစ္စနဲ့ ပုသိမ်ဘက်ကို ခရီးထွက်လာတာပေါ့။ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ အလုပ်က ကိုယ့်အထက်အရာရှိ ဘွားတော်ကြီးနဲ့ တွေ့လို့ ပုသိမ်ကို ဘယ်လို သွားမလဲ လို့တောင် သူက မေးတယ်။ ကိုယ်က ဘယ်သွားသွား ကိုယ့်ပါးပါးက ကားမောင်းပြီး လိုက်ပို့ပေးတာလို့ ဖြေလိုက်တယ်။ (ဟိုးအရင်ကတည်းက ကိုယ်တွေ အလုပ်ကိစ္စ စာမေးပွဲကိစ္စနဲ့ ပတ်သက်ပြီး ဟိုဟိုဒီဒီ သွားရမယ်ဆိုရင် ပါးပါးက သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့တတ်တာကို စိတ်စွဲတာ ဖြစ်မယ်။ စင်္ကာပူရုံးက လူတွေ ပုသိမ်ကို ဘာသွားလုပ်ဖို့လဲ ဆိုတာလည်း အိပ်မက်ထဲမှာ မပါဘူး။)

အဲဒီလက်ဖက်ရည်ဆိုင်နားမှာ တခြားဆိုင်တွေလည်း ရှိလို့ လှည့်ပတ်ကြည့်နေတုန်း စာသင်ကျောင်းတခုထဲကို ရောက်သွားတယ်။ ကျောင်းကတော့ ပျဉ်ကာ သွပ်မိုး မြေစိုက်ကျောင်းလေးပါ။ ကျောင်းဝင်းတံခါးကလည်း သစ်သားပျဉ်ချပ်တွေနဲ့ လုပ်ထားတဲ့ တံခါးပေါ့။ ကျောင်းခြံစည်းရိုးတွေကလည်း သစ်သားတိုင်တွေနဲ့ ကာထားတာ။ ကျောင်းဖွင့်ခါစ ဖြစ်လို့ အကြီးတွေက ငိုနေတဲ့ အငယ်တွေကို လက်ဆွဲပြီး ကျောင်းထဲ ခေါ်လာတာမျိုးတွေလည်း တွေ့ရတယ်။ တချို့ဆို ပွေ့ပိုက်ချီပြီး ကျောင်းခန်းထဲ ခေါ်လာတာလည်း မြင်ရတယ်။ (ဒါကတော့ သတင်းတွေမှာ မြန်မာပြည်က ကျောင်းဖွင့်ချိန် မြင်ကွင်းတွေကို မြင်ပြီး အိပ်မက်ထဲအထိ ပါလာတာ ဖြစ်မယ်။)

ဘယ်ကနေ ဘယ်လို ကိုယ်က ကျောင်းဝင်းထဲ ရောက်နေသလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းဝင်းတံခါးကနေ ကိုယ်က ဝင်လာတာ မဟုတ်ဘူး။ ကျောင်းဝင်းတံခါးနားမှာ ကင်းတဲလိုမျိုး သစ်သားဆောင်လေးတခု ရှိတယ်။ အဲဒီိအဆောင်လေးထဲမှာ ဆရာမတွေ ရှိကြတယ်။ ကျောင်းရဲ့ ခြံထောင့်နားမှာလည်း စက္ကူပန်းပင်တွေ ရှိနေတယ်။ အဲဒီအောက်က သစ်သားခုံတန်းရှည်မှာလည်း ဆရာမတချို့ ထိုင်နေကြတယ်။

ကျောင်းဝင်းအဝကို ကိုယ်က လှမ်းကြည့်မိလိုက်တော့ ဆရာမတယောက်က ကိုယ့်ကို မြင်ပြီး အားရဝမ်းသာနဲ့ လက်ကြီး၂ ဘက်ကို ဘေးကို ဖွင့်ထားပြီး ပြေးလာတယ်။ ပြီးတော့ ကိုယ့်က ဖက်ထားလိုက်တယ်။ အဲဒါ ကိုယ်နေခဲ့တဲ့ အလယ်တန်းကျောင်းက ဆရာမ ဒေါ်နော်စာဖောပဲ။ ကရင်ဆရာမကြီးပေါ့။ ဆရာမက ကွမ်းစားတတ်လို့ သွားမှာ ကွမ်းဂျိုးတွေ ကပ်နေတာကို အထင်းသား မြင်ရနိုင်တဲ့အထိ ပါးစပ်ကြီး အားရပါးရ ဖွင့်ပြီး ရယ်ပြံုံးတတ်တဲ့ ဆရာမပါ။

ဆရာမက ကိုယ့်ကို ဖက်ထားတုန်း ကိုယ့်စိတ်ထဲမှာ ကိုယ်တွေရဲ့ ဆရာမ ဒေါ်ရွှေသန်းကို ဖြတ်ကနဲ သတိရမိသွားတယ်။ အဲဒါကို ဆရာမ ဒေါ်နောစာဖောကိုလည်း ပြောမိတယ်။ ဆရာမကို အခုလိုနေရမှာ မမျှော်လင့်ပဲ တွေ့တော့ ဆရာမဒေါ်ရွှေသန်းကို သတိရမိသွားတယ်လို့။ အဲဒီအခါ ဆရာမလည်း ငို... ကိုယ်လည်း ငိုကြတယ်။ ကိုယ်တွေ ငိုနေတာကို စာသင်ခန်းထဲက ဆရာမဒေါ်စန်းစန်းက လှမ်းကြည့်နေတယ်။ စက္ကူပန်းပင်အောက်က ခုံတန်းမှာ ထိုင်နေတဲ့ ဆရာမဒေါ်ကြည်ကြည်လွင်တို့လည်း လှမ်းကြည့်ကြတယ်။

အပြင်လောကမှာ ဆရာမ ဒေါ်ရွှေသန်းရော ဆရာမ ဒေါ်နောစာဖောရော မရှိကြတော့ပါဘူး။ ဆရာမ ဒေါ်ရွှေသန်းက အရင်ဆုံးတာပါ။ ဆရာမ ဒေါ်နောစာဖောကတော့ နောက်မှ ဆုံးတာပါ။ ဆုံးပါးသွားပြီ ဖြစ်တဲ့ ဆရာမ ၂ ယောက်ကို အိပ်မက်ထဲမှာ တွေ့မိ သတိရမိတာပါ။

အိပ်မက်ထဲမှာ မျက်ရည်တွေ အလုံးလိုက် ကျတဲ့အထိ ဝမ်းနည်းပက်လက် ငိုကြတယ်။ ဘယ်လောက်တောင် ငိုသလဲတော့ မသိဘူး။ အဲဒီ ငိုတဲ့အရှိန်နဲ့ အိပ်ယာက နိုးလာတယ်။ နိုးလာတာတောင် ရင်ထဲမှာ ငိုထားတဲ့အရှိန်က မသေသေးဘူး။ တငွေ့ငွေ့နဲ့ ကျန်နေသေးတယ်။

ပြောချင်တာက ကိုယ်တွေနေခဲ့တဲ့ အလယ်တန်းကျောင်းလေးက ဆရာ ဆရာမတွေကို ကိုယ်တွေ သိပ်ချစ်ကြောက်ရိုသေတာ ဘယ်လောက်ထိလဲ ဆိုတော့... အိပ်မက်ထဲမှာ မျက်ရည်အလုံးလိုက် ကျအောင် ငိုခဲ့ရတဲ့အထိ သံယောဇဉ်ကြိုးတွေ ခိုင်မြဲ ကြီးမားလွန်းလှတယ် ဆိုတာပါပဲ။ ကိုယ်တွေရဲ့ တောကျောင်းက ဆရာ ဆရာမတွေ သိပ်ချစ်ဖို့ ကောင်းတယ်။ ကိုယ်တွေအပေါ်မှာ ကျေးဇူးကြီးလှပါတယ်။

Sunday, April 22, 2018

The meaning of Entitlement

မနက်က တီဗွီအစီအစဉ်မှာ စင်္ကာပူမှာ လာဖွင့်ထားတဲ့ ဂျပန်ဆူရှီဆိုင်အကြောင်း ပြတယ်။ စားဖိုမှုးနဲ့ ငါးအပါအဝင် ကုန်ကြမ်းတွေက ဂျပန်ကပေါ့။ အမှတ်မထင် ထိုင်ကြည့်လိုက်ပေမယ့် စိတ်ဝင်စားစရာတွေ အများကြီးပါပဲ။

ဂျပန်မှာ ငါးအသားက အညိုအမဲ စွဲနေရင် စျေးကို ပြန်သွားပြီး ချက်ချင်း ပြန်လဲလို့ရတယ်။ အခု စင်္ကာပူမှာကတော့ ငါးက ဂျပန်ကနေ လာတာဖြစ်လို့ အသားလွှာလိုက်ရင် အသားမှာ အညိုအမဲ မစွဲတဲ့ ငါးတွေ ပါလာဖို့ပဲ ဆုတောင်းနေရတယ်တဲ့။ ဂျပန်မှာ အရာရာ အဆင်ပြေနေလို့ ဂရုစိုက်ဖို့ မလိုတဲ့ အသေးအမွှားတွေကို စင်္ကာပူမှာ ဂရုစိုက်နေရတဲ့အကြောင်း ပြောပြသွားတယ်။

နောက်တခုက သူ့အဖေက သူ့ကို ဘယ်လို လေ့ကျင့်ပေးတယ် ဆိုတဲ့အကြောင်းလေးကို အင်တာဗျူးထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ သူ့အဖေက သူ့ကို အသက် ၁၄ နှစ်အရွယ်ထိ ဆူရှီဆိုင်ကို ဝင်လာဖို့ မပြောနဲ့ ချောင်းကြည့်ခွင့်တောင် မပေးခဲ့ဘူး။ စိတ်ဝင်စားမှု မလျှော့သွားရအောင် ဆိုင်ကို ပေးမကြည့်တဲ့ သဘောမျိုးပဲ။ မြင်ပါများရင် ငယ် နမ်းပါများရင် ပြယ် ဆိုတဲ့ သဘောတရားလိုမျိုး ဖြစ်မယ်။

သူ့အသက် ၁၄ နှစ်အရွယ် ရောက်မှ သူ့အဖေက ဆိုင်ထဲကို ပေးဝင်ပြီး အလုပ် စ လုပ်ခိုင်းတယ်။ အဲဒီမှာ သူ့အဖေ ပြောသွားတဲ့ စကားလေးကို သဘောကျမိတယ်။

လူငယ်တွေက ရပိုင်ခွင့် (entitlement) ကို နားလည်မှု လွဲနေကြတယ်။ အစစအရာရာကို သင်ပေးမှု တတ်မြောက်နိုင်တာ မဟုတ်ဘူး။ သူ့သားကို ဘာတခုမှ သင်ပေးဘူး။ ဓါးလည်း ပေးမကိုင်ဘူး။ ငါးလည်း မကိုင်ရဘူး။ ၂ နှစ်တိတိ ဆိုင်ထဲမှာ စားပွဲထိုးခိုင်းထားတယ်။ အဲဒီအချိန်မှာ ဆိုင်ထဲက စာဖိုးမှူးတွေ ဆူရှီီတွေကို ဘယ်လိုမျိုး ပြင်ဆင်သလဲ ငါးတွေကို ဘယ်လိုမျိုး အသားလွှာသလဲ ဆိုတာကို ဘေးကနေ ကြည့်ခိုင်းတယ်။ သူများတွေ လုပ်ပုံကိုင်ပုံကို အတုယူဖို့ အရေးကြီးတာကို နားလည်အောင် လုပ်ပေးတယ်။ ၂ နှစ် ပြီးတော့မှ ဓါးပေးကိုင်ပြီး လက်တွေ့ လုပ်ခိုင်းခဲ့တယ်တဲ့။

ရပိုင်ခွင့်တွေကို မကြည့်ပဲ အလုပ်ထဲကနေ ဘာတွေ လေ့လာသင်ယူလို့ ရသလဲ ဆိုတာတွေကိုလည်း ကြည့်သင့်ကြောင်းကို ဂျပန်အဖိုးကြီးက ပြောပြသွားတာ လိုုက်နာစရာ နမူနာယူစရာပါပဲ။

Wednesday, April 18, 2018

How to renew Passport at Myanmar Embassy?

စင်္ကာပူက မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးတဲ့ အကြောင်းအရာ လုပ်ငန်းစဉ်ကို အတိုချုပ် ရေးပါမယ်။ သက်တမ်းတိုး လုပ်ချင်တဲ့သူတွေ သိရအောင် အတွေ့အကြုံကို ဝေမျှတာမျိုးပါ။

၁။ မြန်မာသံရုံး စင်္ကာပူရဲ့ Web site မှာ ရက်ချိန်း Appointment ယူရပါတယ်။ Appointment ရက်ကို ရွေးပြီးတဲ့အခါမှာ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို Online Form မှာ ဖြည့်ရပါတယ်။ ပြီးရင်တော့ Form ဖြည့်ထားတုန်းက ပေးထားတဲ့ email ထဲကို Confirm လုပ်ဖို့ စာတစောင် ဝင်လာပါမယ်။ ပေးထားတဲ့ Link ကို နှိပ်လိုက်ရင် Appointment Confirm ဖြစ်ပြီး Appointment Number (Q Number) တခု ရပါမယ်။ Print လုပ်ရမယ့် PDF Form တခုပါတဲ့ email တစောင် ထပ်ဝင်လာပါမယ်။

၂။ email ထဲက PDF Form ကို Print ထုတ်ပါ။ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပြီး ၆ လအတွင်း ရိုက်ထားတဲ့ ဓါတ်ပုံ ၁ ပုံ ကပ်ပါ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မိတ္တူ ကူးပါ။ ဥပမာ လက်ရှိ ကိုင်ထားတဲ့ Pass (PR, EP, SP, WP), Passport ။ ပြီးရင် Appointment Number (Q Number) အရ ချိန်းထားတဲ့ ရက်မှာ ဘယ်အချိန် သွားသင့်သလဲ ဆိုတာ သံရုံးက Web site မှာ ရှာဖွေဖတ်ရှုထားပါ။ Q Number က ၁၀၀ က စပါတယ်။

၃။ သံရုံးက မနက် ၈ နာရီ စ ဖွင့်ပါတယ်။ Q Number က ၁၀၀ ပတ်ဝန်းကျင်ဆိုရင် မနက် ၈ နာရီ အရောက် သွားနိုင်ရင် ကောင်းပါတယ်။ သံရုံးကို ရောက်တဲ့အခါမှာ ကောင်တာ ၁၊ ၂၊ ၃ က ခေါ်နေတဲ့ Q Number တွေကို ပြထားပါတယ်။ အဲဒီ ကောင်တာတွေမှာ ယူလာတဲ့ စာရွက်စာတမ်းတွေ ပြပါ။ သူတို့က လိုအပ်တာတွေ စစ်ဆေးပြီးရင် ကွန်ပျူတာစနစ်ထဲကို အချက်အလက်တွေ ဖြည့်ပါမယ်။ အဲဒီလို စစ်ဆေးခနဲ့ အချက်အလက် ထည့်သွင်းတဲ့ ကောင်တာမှာ စင်္ကာပူဒေါ်လာ ၂၀ ပေးဆောင်ရပါတယ်။ မိတ္တူကူးဖို့ လိုအပ်တာတွေ ရှိရင် အဲဒီကောင်တာကပဲ ကူးပေးပါတယ်။ ၁ စောင်ကို ပြား ၅၀ ပေးရပါတယ်။

၄။ အဲဒီကောင်တာ ပြီးတဲ့အခါ ဘေးကပ်ရပ်အခန်းမှာ ဓါတ်ပုံရိုက် လက်ဗွေနှိပ်ရပါတယ်။ လက်မ ၂ ခုကို အရင် နှိပ်ရတယ်။ ပေးရင် လက် ၄ ချောင်းကို နှိပ်ရပါတယ်။ Passport မှာ ပါလာမယ့် လက်မှတ် နမူနာ ယူပါတယ်။ အဲဒါတွေပြီးရင် ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ လက်မှတ်နမူနာပါတဲ့ ဖြတ်ပိုင်း ၁ ခု ပေးပါတယ်။ အဲဒီ ဖြတ်ပိုင်းနဲ့ ဖိုင်တွဲကို ယူပြီး မနက် ၉ နာရီခွဲမှာ စ ဖွင့်မယ့် ကောင်တာ ၅ နဲ့ ၆ ကို စောင့်ရပါတယ်။

၅။ ကောင်တာ ၅ နဲ့ ၆ က ခေါ်ပြီဆိုရင် စာရွက်စာတမ်း မူရင်းတွေကို ပြရပါတယ်။ ဥပမာ လက်ထပ်စာချုပ်၊ မွေးစာရင်းတို့ပေါ့။ စစ်ဆေးတာ ပြီးသွားရင် ဓါတ်ပုံကောင်တာက ပေးလိုက်တဲ့ ဖြတ်ပိုင်းကို ပြန်ပေးပြီး ညနေ ၄ နာရီမှာ စာအုပ်လာထုတ်ဖို့ ပြောပါလိမ့်မယ်။ စာအုပ် ထုတ်တဲ့အချိန်မှာ စာအုပ်ဖိုး စင်္ကာပူ ၃၅ ဒေါ်လာ ယူလာဖို့လည်း မှာပါလိမ့်မယ်။

၆။ ညနေ ၄ နာရီ ပတ်ဝန်းကျင်မှာ ကောင်တာ ၆ အရှေ့မှာ တန်းစီနေတဲ့ လူတန်းကြီးကို တွေ့ရပါမယ်။ ယောကျာ်းလေးတွေက တလိုင်း၊ မိန်းကလေးတွေက တလိုင်း တန်းစီရပါတယ်။ ကောင်တာရှေ့ကို ရောက်တဲ့အခါ ဖြတ်ပိုင်းလေးနဲ့ စာအုပ်ဖိုး ပေးလိုက်ရင် သူတို့က စာအုပ် ရှာပေးပါတယ်။ သူတို့ ပြန်ပေးတဲ့ စာအုပ်အဟောင်းနဲ့ အသစ်ကို ယူ... ကိုယ့်စာအုပ် ဟုတ်မဟုတ် စစ်ပြီးရင် ပြန်လို့ ရပါပြီ။

၇။ မိသားစုလိုက် စာအုပ်အတူတူ သက်တမ်းတိုးတယ် ဆိုရင် စာအုပ် လာရွေးတဲ့အခါမှာ ၁ ယောက်တည်းက ဖြတ်ပိုင်းပြပြီး လာရွေးလို့ ရပါတယ်။ PV ကနေ PJ တို့ PT တို့ ပြောင်းတာလည်း သံရုံးက တခါတည်း လုပ်ပေးပါတယ်။ လျှောက်လွှာမှာ အချက်အလက်ဖြည့် လက်မှတ်ထိုးပြီး တွဲတင်လိုက်ဖို့ပဲ လိုတာပါ။ လက်ရှိကိုင်ထားတဲ့ စာအုပ် သက်တမ်းက ၁ နှစ်အောက်ပဲ ကျန်ရင် ဒဏ်ကြေးဆောင်စရာ မလိုပါဘူး။

မှတ်ချက်။ တောင်းထားတဲ့ စာရွက်စာတမ်းတွေ ပြည့်စုံရင် လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ ကိုယ်တွေက ဒီနေ့ မနက် ၈ နာရီခွဲ သံရုံးကို ရောက်တယ်။ မနက် ၁၀ နာရီ မထိုးခင်မှာ ဖြတ်ပိုင်းရလို့ အိမ်ပြန်လိုက်တယ်။ ညနေ ၃ နာရီ မထိုးခင် အိမ်ကနေ ပြန်ထွက်လာတယ်။ သံရုံးကို ညနေ ၄ နာရီလောက် ရောက်ပြီး စာအုပ်ရွေးဖို့ တန်းစီတယ်။ ညနေ ၄ နာရီမခွဲခင် သံရုံးအပြင်ကို စာအုပ်အသစ်နဲ့ ပြန်ထွက်လာခဲ့တယ်။ စင်္ကာပူက မြန်မာသံရုံးမှာ စာအုပ်သက်တမ်းတိုးတာ ဒီလောက်ပါပဲကွယ်။

Saturday, March 10, 2018

Don't spread fake news

အမှန်တရားက အပြင်ထွက်ဖို့ ဖိနပ်စီးနေချိန်မှာပဲ မုသားက ကမ္ဘာတပတ် ပတ်ပြီးသွားပြီတဲ့။
FB မှာ သတင်းအမှားတွေ လုပ်ကြံရေးသားတဲ့ သတင်းအတုတွေကို မိတ်ဆွေတချို့က ဝေမျှတတ်ကြပါတယ်။ အဲဒီလို သတင်းအမှား ဖြစ်ကြောင်းကို ကိုယ်တွေက ထောက်ပြ ရှင်းပြပြီးတဲ့အချိန်မှာပဲ အဲဒီလို သတင်းအတုကို ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကနေ တဆင့် ဖတ်မိပြီး လက်ဆင့်ကမ်း ဝေမျှထားတဲ့သူတွေက များသထက် များနေပြီးပါပြီ။

ကိုယ်တွေက ထောက်ပြရှင်းပြလိုက်လို့ ကိုယ့်မိတ်ဆွေတွေက အမှန်ကို သိသွားတဲ့အခါ အဲဒီသတင်းအမှားကို ဖျက်ချလိုက်တာမျိုးလည်း ရှိပြန်တယ်။ အဲဒါမျိုးက ကောင်းလည်း ကောင်းတယ်။ မကောင်းလည်း မကောင်းဘူး။

မကောင်းတာက ကိုယ်တွေ ဖြေရှင်းထောက်ပြထားတဲ့ သတင်းအမှား ဖြစ်တယ် ဆိုတဲ့အကြောင်းကို တခြားသူတွေ ဖတ်ခွင့်မကြုံရတော့ဘူး။ အဲဒီတော့ သူ့ဆီကနေ တဆင့် ထပ်ဆင့်ဝေမျှထားတဲ့သူတွေက အဲဒီအမှားကို သိခွင့်မရလိုက်လို့ ပြင်ဆင်ခွင့်လည်း မရတော့ဘူး။

ကောင်းတာက အဲဒီသတင်းအမှားကို မဖတ်ရသေးတဲ့သူအနေနဲ့ အဲဒီဟာကို သိခွင့် မကြုံလိုက်ရတော့ဘူး။ အဲဒီတော့ အဲဒီသတင်းအမှားကို လက်ဆင့်ကမ်း မဖြန့်ဝေဖြစ်တော့ဘူး။
ဒါပေမယ့် လက်ဆင့်ကမ်း ဖြန့်ဝေထားတဲ့ သတင်းအတုရဲ့ ခရီးရောက်နှုန်းက သိပ်ကို မြန်လွန်းပါတယ်။ ပြင်ဆင်ခွင့်လေးက အနောက်ကနေ ဘယ်လိုပဲ လိုက်လိုက်... အမှားကို အမှီလိုက်ဖို့ မလွယ်တော့ဘူး။ သတင်းမှန်တွေ ဘယ်လိုပဲ ထုတ်ထုတ် အမှားလိုမျိုး ထပ်ဆင့်ဝေမျှတဲ့သူ မရှိကြဘူး။ အမှန်တရားကို ထပ်ဆင့် ဝေမျှတဲ့သူက နည်းကြတယ်။ သတင်းအမှန်ကို ဖတ်ပြီးရင် ဖတ်ပြီးသလိုပဲ ထားတဲ့သူက များတယ်။

ရိုးသားတဲ့ ကိုယ့်မိတ်ဆွေတချို့က အဲဒီလို သတင်းအတုတွေကို တခြားသူတွေက နောက်ပြောင် ကျီစယ်တဲ့အနေနဲ့ ရေးတယ်လို့ ထင်ကြတယ်။ အတော် နောက်တဲ့ လူတွေပဲဗျာလို့ ပြောတတ်ကြတယ်။ ကိုယ်ကတော့ အဲဒီလို မမြင်ဘူး။ ဒါဟာ အကွက်ကျကျ ချောက်ချတာပါပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ မြင်မိတယ်။

ကိုယ့်မိတ်ဆွေတွေကို စေတနာနဲ့ ပြောချင်တာက...
Share ဆိုတာကို ကလစ်မနှိပ်ခင် သေချာ စဉ်းစားကြပါ။ ကိုယ်က ဒီသတင်းမျိုးကို Share ဖို့ လိုသလားပေါ့။

အမှန်တရား ဘက်တော်သားတယောက်အနေနဲ့... ဒီမိုကရေစီ သဘောတရားအရ... လက်မခံနိုင်တဲ့အရာကို လက်မခံနိုင်ကြောင်း ပြောခွင့် ရှိပါတယ်။ ဒါပေမယ့် အဲဒီအကြောင်းအရာက ကာယကံရှင်ကိုယ်တိုင်က တကယ်ပြောခဲ့တာလား တခြားသူက လုပ်ကြံ ပြင်ဆင် ရေးသားထားတာလား ခွဲခြား သိမြင်ဖို့ လိုအပ်ပါတယ်။

တကယ်လို့များ လွှတ်တော်အမတ်တွေက ဖြစ်စေ... အစိုးရ အဖွဲ့ဝင်က ဖြစ်စေ... အတိုက်အခံပါတီက ဖြစ်စေ... အများပြည်သူ လက်မခံနိုင်တဲ့ အကြောင်းကိစ္စတခုကို စီစဉ်လုပ်ကိုင် ပြောဆိုနေရင် ပြည်တွင်းမှာရှိတဲ့ သတင်းဌာနတွေ၊ တက်ကြွလှုပ်ရှားသူတွေက ငြိမ်မနေကြပဲ အသံထွက်လာမှာ အသေအချာပါပဲ။ NLD အမတ်တွေက အမှား လုပ်တာ ဆိုရင် ပြည်ခိုင်ဖြိုးဘက်က အသံထွက်လာမှာပါ။ ပြည်ခိုင်ဖြိုးဘက်က မှားတာ လုပ်တယ်ဆိုရင်လည်း NLD ဘက်ကနေ အသံတွေ ထွက်လာမှာပါ။ အဲဒီလိုပဲ ဘယ်ဘက်က မှားမှား... သတင်းဌာနတွေက ဆော်ကြဦးမှာပါ။ ကိုယ်တွေက အချိန်လေးတခု ယူပြီး စောင့်ကြည့်နေရုံပါပဲ။

ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းမျိုး မဟုတ်ရင် အပျင်းပြေ ဖတ်ကြည့်ဖို့တောင် မလိုပါဘူး ခင်ဗျာ။ ထပ်ဆင့် ဝေမျှဖို့ဆိုတာ ပိုလိုတောင် ဝေးပါသေးတယ်။ FB မှာ ရေးထားသမျှဟာ အမှန်တွေ မဟုတ်ပါဘူး။ ဒါကို အသိတရားနဲ့ ဆင်ခြင်နိုင်ဖို့ လိုအပ်သလို ကိုယ့်ရဲ့လက်ကို ဘရိတ်လေး အုပ်တတ်ဖို့ လိုအပ်ပါတယ်။ မုသားက ကမ္ဘာပတ်တာ အရမ်းမြန်နေလို့ပါ။

မိတ်ဆွေရောင်းရင်းတွေအတွက် ကောင်းကျိုးလိုလားတဲ့ စေတနာနဲ့ အမုန်းခံပြီး ပြောတာပါ ခင်ဗျာ။ မသိခြင်းများကြောင့် ကိုယ်တိုင်ရေးသမိုင်းထဲမှာ တိုင်းပြည်အတွက် အဆိပ်ပင် ရေလောင်းခဲ့သူ မဖြစ်စေလိုပါ။