.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, August 1, 2007

Dengue Fever

လူကြီး လူငယ် ကလေး သွေးလွန်တုပ်ကွေး
(ဒေါက်တာ အောင်ခင်ဆင့်)

ရှေးခတ်တော်တော်ဝေးဝေး အချိန်က အရိုးကျိုးမတတ် ခံစားရသော ကိုက်ခဲဖျားနာ ရောဂါကို (Break Bone Fever) ဟု ပထမ အမည်တွင်ခဲ့သည့် ရောဂါတမျိုးရှိခဲ့ဖူးပါသည်။ အထက်ဖေါ်ပြပါ ရောဂါမှာ နှစ်အတန် ကြာခဲ့သောအခါ ခြင်ကိုက်ခြင်းမှ တဆင့်ရသော ရောဂါဖြစ်ကြောင်း သိလာကြပြန်သည်။ အမည်ကိုလည်း ဒိန်ဂွီးအဖျား (Dengue Fever) ဟု အမည်ပြောင်း၍ ခေါ်လာပြန်ပေသည်။ ဒိန်ဂွီးအဖျားရောဂါ ဟုခေါ်သော စကားမှာ အာဖရိက လူမျိုးများ၏ ဘာသာစကား ဖြစ်သည်ဟု သိရသည်။ အဓိပ္ပာယ်မှာ အလွန်ကိုက်ခဲခြင်းဟု အဓိပ္ပာယ်ရပါသည်။

ဝေဒနာရှင်မှာ အရိုးကျိုးမတတ် ကိုက်ခဲသည့်အပြင် ဝေဒနာခံစားနေရပုံမှာ ကြိုးနှင့်တုပ်ထားသည့် အလား ကွေးနေသည့် ပုံသဏ္ပ္ဌာန်အရ တုပ်ကွေး ဟု မြန်မာစကားဖြင့် ခေါ်ခဲ့ဟန်တူပေသည်။ ဒိန်ဂွီးတုပ်ကွေး အဖျားရောဂါကို ကလေးလူငယ် လူကြီးလူလတ် အားလုံးဝေဒနာ ခံစားရကြောင်း ဆေးပညာမှာ အသိအမှတ် ပြုခဲ့ပါသည်။ ဤခေတ်က ဒိန်ဂွီးတုပ်ကွေးအဖျားရောဂါဟု အမည်ပေးခဲ့ပါသည်။

၁၉၆၅ ခုနှစ်နောက်ပိုင်းမှာ အရှေ့တောင်အာရှဒေသတစ်ခွင်တွင် ကလေးသူငယ်များ၏ ဒိန်ဂွီးရောဂါမှာ လက္ခဏာတမျိုး ပေါ်လာပြန်သည်။ စုံစမ်းလေ့လာသူများ၏ အဆိုမှာ ဒိန်ဂွီးတုပ်ကွေး အဖျားဖြစ်ကြောင်း တွေ့ရှိထားသော်လည်း လက္ခဏာတမျိုး ပြောင်းလဲလာခဲ့သည်ကို သတိမူလာကြပါသည်။ ပြောင်းလဲလာသော လက္ခဏာမှာ သွေးကြောနုနယ်သော အသက် ၁၂ နှစ်အောက် ကလေးသူငယ်များ ဒိန်ဂွီးအဖျားခံစားနေစဉ် သွေးကြောနုလေးများ ဒုက္ခ ခံစားရပြီး သွေးခြည်ဥပါသဖြင့် အနီ အပြောက်အစက်ကလေးများ ကလေး ခန–ာကိုယ်ပေါ်တွင် တွေ့လာခြင်းဖြစ်သည်။ သွေးနီဥများ အဖျက်အဆီးခံရသည်ဟု တွေးခေါ်ယူဆလာသော ခေတ်တခတ် ရောက်ခဲ့ပြန်ပါသည်။ Dengue Haemorrhaegic Fever ဟု အရှေ့တောင်အာရှတခွင်တွင် ခေါ်တွင်ခဲ့သည့် ခေတ်ဖြစ်ပါသည်။ လူကြီးလူလတ်များ၏ သွေးကြောထူ၍လား သို့တည်းမဟုတ် အခြားအခြေခံ များကြောင့် သွေးခြည်ဥသော ဒုက္ခမခံစားကြရဟု သုတေသီတို့က အဆိုရှိလာခဲ့ပါသည်။ ကလေးများသည် ဒိန်ဂွီးအဖျားဖြင့် ရောဂါလက္ခဏာအဖြစ် သွေးထွက်သံယိုဖြစ်သည်ဟု ယူဆကာ မြန်မာဘာသာဖြင့် ကျန်းမာရေးဦးစီးဌာနမှ အမည်ပေးခဲ့သည်မှာ - သွေးလွန်တုပ်ကွေး - ရောဂါဟု အမည်တွင်စေခဲ့ပါသည်။

မြန်မာအခေါ်ဝေါ် သွေးလွန်တုပ်ကွေး ဟု အမည်ရခဲ့သည်က အစသွေးနီဥများ အထွက်များသည် သွေးနီဥများ အဖျက်ဆီး ခံရသည်ဟု အယူအဆအရ ဆေးဝါးကုသနည်းကိုလည်း တိတိကျကျ ကြေညာခဲ့သည်မှာ သွေးသွင်းကုသရမည် ဟူသော ကုထုံးဖြစ်သည်။ သွေးသွင်းကုသသော ခေတ်တခတ် ၁၉၇၀ ပြည့်နှစ် လောက်တွင် ဖြစ်ခဲ့ပါသည်။

ဘန်ကောက်မြို့ရှိ အပြည်ပြည်ဆိုင်ရာ သွေးလွန်တုပ်ကွေးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိကြေညာချက်မှာ သွေးလွန်တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုး လေးမျိုးရှိကြောင်း ဤသို့ ရောဂါလေးမျိုးပါ၍ ထပ်ခါထပ်ခါ မျိုးခြား ပိုးတို့ဖြင့် သုံးလေးခါ ရောဂါထပ်ဖြစ်တတ်ကြောင်း၊ ဤဒေသရှိသွေးလွန်တုပ်ကွေး ဝေဒနာရှင် ကလေး သူငယ်များသည် သွေးနီဥပျက်စီးမှု နည်းပါးကြောင်း၊ သွေးဖြူရည်(ပလာစမာ)သာလျှင် ပျက်စီး လျော့နည်းသွားကြောင်း၊ သို့ပါ၍ သွေးသွင်းကုသမှု အများအားဖြင့် မလိုဘဲ ပလာစမာ ခေါ် သွေးဖြူရည်နှင့် အခြားဆေးရည်များသာ အကြောအတွင်းသို့ ပေးသွင်းကုသရကြောင်း၊ မလိုအပ်ဘဲ သွေးသွင်းပါက နှလုံးဝေဒနာနှင့် နှလုံးပန်းရောဂါဖြင့် ဒုက္ခရောက် တတ်ကြောင်း တွေ့နေရပါပြီ။

ကလေးအသက်ကယ်ဆယ်ရေး အတွက်လိုအပ်သည်မှာ သွေးလန့်သော(ရှော့ခ်) လက္ခဏာများစမ်းသပ်၊ စစ်ဆေး၊ စောင့်ကြည့်၊ ကုသပေးခြင်းတို့ သည်သာ အရေးကြီးဆုံးဖြစ်ကြောင်း စသဖြင့် ကြေညာခဲ့သည်။ ဤသို့ ဆေးကုသမှု အယူအဆ အသစ်တမျိုးပေါ်လာခဲ့ရာ ယခုထက်တိုင် ဤကုထုံးကို အသိအမှတ်ပြုပြီး သွေးမလိုအပ်ဘဲ သွေးသွင်းကုသမှုမပြုတော့သည့် ခေတ်တခေတ်ဖြစ်ခဲ့ပါပြီ။

ဤသို့သော ကုသနည်းသစ် ကြေညာချက်နှင့်အတူ (ပလာစမာ) ပလပ်စတစ်အိတ်နှင့် ဘူးများ မြောက်မြားစွာ အကူအညီ အထောက်အပံ့အဖြစ် အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများသို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ယူနီဆက်တို့က ချက်ချင်းပေးပို့ ကူညီထောက်ပံ့ခဲ့ပါသည်။ မလိုအပ်ပါက သွေးမသွင်းသော ခေတ်တခေတ် ဖြစ်လာပြန်ပါသည်။ ကလေး သေပျောက်မှုနှုန်း သိသိသာသာ ကျဆင်းသွားခဲ့ပါသည်။

ကလေးတွေကို ဒုက္ခပေးနေသော သွေးလွတ်တုပ်ကွေးသည် လူငယ် လူလတ်၊ လူကြီး အသက် အပိုင်းအခြားမရှိ သိသာလှသောနှင့် မသိသာသော ရောဂါဝေဒနာ လူတိုင်း ခံစားရတတ်ကြောင်း၊ လူငယ် လူလတ်၊ လူကြီးတို့က ဝေဒနာမသိမသာ ခံစားပြီး မိမိခန္ဓာကိုယ်အတွင်းက ဗိုင်းရပ်စ်ပိုးကို ခြင်ကိုက်ခြင်းမှ တဆင့် ကလေးများသို့ ဖြန့်ဖြူး ပေးနေသူတို့ဖြစ်ကြောင်း၊ အချို့မှာ သွေးလွန်တုပ်ကွေး ဝေဒနာကို သိသိသာသာ ခံစားလာကြကြောင်း သမားတော်အချို့က ကြေညာခဲ့သည်ကိုလည်း ပြောပြပါသည်။

ကလေးသူငယ်များအတွက် သွေးလွတ်တုပ်ကွေးရောဂါ ကာကွယ်ရာတွင်၊ ကလေးသူငယ်များနှင့်အတူ လက္ခဏာ မသိသာသော ဝေဒနာရှင်၊ လူငယ်၊ လူလတ်၊ လူကြီး ဝေဒနာရှင်တို့ကို ခြင်ကိုက်မခံရရေး။ ခြင်ကိုက်ခြင်းဖြင့် ရောဂါမပြန့်ပွားရေး၊ ကလေးများသို့ လူငယ်၊ လူလတ် လူကြီးဝေဒနာရှင်တို့မှ ခြင်ကိုက်၍ ရောဂါကူးစက် မသွားစေရေး တို့ကိုပါ ထည့်သွင်း စဉ်းစားကာကွယ်သွားကြပါမှ သွေးလွန်တုပ်ကွေး ကာကွယ်ကုသရေး သိသိသာသာ အောင်မြင်မည် ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

လူတိုင်းသိဖို့အတွက် ယခုခေတ်သွေးလွန်တုပ်ကွေး (မြန်မာပြည်ကုထုံး) အကျဉ်းချုပ်

(၁) မိုးရာသီတွင် ကလေးများဖျားလျှင် သွေးလွန်တုပ်ကွေးကို ပထမထည့်၍ တွက်ပါရန်။
(၂) ခြင်ကျားသယ်ယူသည့် သွေးလွန်တုပ်ကွေး ပိုးအမျိုးအစား အမျိုးကွဲ လေးမျိုးရှိနေပါပြီ။
(၃) ဒါကြောင့် ဒီရောဂါသုံးလေးခါ (မျိုးကောင်တမျိုးဆီက) ရောဂါ သုံးလေးခါ ပြန်ဖြစ်နိုင်သေးကြောင်း သိရပါမည်။
(၄) ဤရောဂါခံစားရစဉ် ကိုယ်ပူကျဆေး ပါရာစီတမောကို အန္တရာယ်ကင်းစွာ သုံးစွဲနိုင်ပါသည်။
နောက်တနည်းက ရိုးရိုးရေအေးဖြင့် တကိုယ်လုံး ရေဖတ်အုပ်ပေးပါရန်။
(၅) ဤရောဂါတွင် သွေးလန့်စေခြင်းဖြစ်ခြင်းမှာ သွေးကြောအတွင်းမှ အရည်ကြည်များ ခန–ာကိုယ်ထဲ အရောက်များသွားလို့ သွေးကြောအတွင်း အရည်နည်းပြီး သွေးလန့်စေခဲ့တာပါ၊ ခန–ာကိုယ်ထဲ ရေလိုနေခြင်းကြောင့် ဖြစ်သည်။
(၆) သွေးမလန့်စေရန် အရည်များများ ကလေးကို တိုက်ကျွေးပါ။ ဖျားလို့ဆိုပြီး အစာအရည် မဖြတ်ပါနှင့်။ မလျှော့ မကျွေးဘဲ မနေပါနှင့်။ အစာအရည် မဖြတ်လျှင် အရည်ပြည့်ပြည့်စုံစုံ ရနေပါသဖြင့် သွေးမလန့်စေပါ။
(၇) အကျိုးရှိသော အရည်ဆိုရာမှာ ဓာတ်ဆားရည်၊ စွပ်ပြုပ်ရေ၊ သစ်သီးဖျော်ရည် မျိုးစုံတို့ဖြစ်သည်။ မအန်ရလေအောင် ကလေးအကြိုက် အရည်နည်းနည်း ခဏခဏ စ၍တိုက်ပါ။
(၈) နေ့ကိုက်ခြင်ကျား အကိုက်မခံရလေအောင်။ ခြင်ကောင်မပေါက်အောင် ဂရုပြုကာကွယ်ကြပါ၊ ကလေးတို့အတွက် ခြင်ဆေးပါသော ခြင်ထောင် ယခုပေါ်နေပါပြီ။
(၉) လိုအပ်လျှင် ဆေးရုံဆေးခန်းမှာ ရောဂါစုံစမ်းပြီး အကြံဥာဏ်ယူ ကုသမှုခံယူပါ၊ နောက်မကျစေရေး အရေးကြီးပါသည်။
(၁၀) သွေးလွန်တုပ်ကွေးဆိုပြီး ကြောက်လန့်မနေပါနှင့်။ ယခုကုထုံးတွေ တိုးတက်နေပါပြီ။ ဆေးဘက်ဆိုင်ရာ အတွေ့အကြုံ များနေပါပြီ။ မိခင်၊ ဖခင်တို့၏ ကလေးစောင့်ရှောက်မှု တာဝန်ပိုင်းကို ပိုကြိုးစားကြပါဟု အရေးကြီးသော အကြံပြုချက် အဖြစ် အကျဉ်းချုံး အကြံပြုလိုက်ရပါသည်။

Weekly Eleven သတင်းဂျာနယ်
အမှတ် ၄၂ အတွဲ ၂ စာမျက်နှာ ၁၆
၃၁ ရက် ဂျူလိုင် ၂၀၀၇ (အင်္ဂါနေ့ ထုတ်)

No comments: