.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, October 1, 2007

Blood Donation (2nd time)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာ ၃၀) မှာ စကာင်္ပူ သြော့ထရမ်ပတ်ခ် ဘူတာနားက သွေးဘဏ်မှာ သွေးသွားလှူဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်က ဒုတိယအကြိမ် လှူဖြစ်တာပါ။ ပထမအကြိမ်က ဇူလိုင် ၇ ရက်နေ့မှာ လှူခဲ့တာလေ။ စနေနေ့ကတည်းက လှူလို့ရနေပေမယ့် ရုံးတက်နေရလို့ တနင်္ဂနွေနေ့မှ လှူဖြစ်တယ်။ အိမ်မှာ အတူငှားနေတဲ့ ညီငယ်ကလည်း ဒီတစ်ခေါက်မှာ ထပ်လှူပါတယ်။ ညီမတစ်ဦးလို ခင်မင်ရတဲ့ ဖိုရမ်တစ်ခုက မန်ဘာတစ်ဦးကလည်း ပထမဦးဆုံး အကြိမ်အနေနဲ့ သွေးလှူဖို့ လိုက်လာခဲ့ပါတယ်။ အဲဒီညီမငယ်က ရှေ့တစ်ခေါက်ကတည်းက လှူမလို့ စီစဉ်ထားပေမယ့် အကြောင်းမတိုက်ဆိုင်လို့ မလှူလိုက်ရတဲ့သူပါပဲလေ။

မနက် ကိုးနာရီလောက် သွားဖို့ လုပ်ထားပေမယ့် ညီမငယ်က အိပ်ရေး မ၀မှာ စိုးလို့ နောက်ကျမှ သွားဖို့ တောင်းဆိုတာနဲ့ ၁၀ နာရီခွဲလောက် အိမ်ကနေ စထွက်ဖို့ အစီအစဉ်ပြောင်းလိုက်ပါတယ်။ ပထမဦးဆုံး စလှူမယ့်သူဆိုတော့လည်း စိုးရိမ်စိတ်တွေ များတတ်ပါတယ်။ မနက်ပိုင်းကျတော့ အိမ်က ညီငယ်က ဘုရားရှိခိုး ပုတီးစိတ်နေတာနဲ့ ၁၀ နာရီခွဲအထိ အိမ်ကနေ မထွက်ရသေးပါဘူး။ မနက် ၁၁ နာရီကျမှပဲ ဘူတာကို ရောက်ပါတော့တယ်။ ဘူတာမှာ ချိန်းထားလို့ ရောက်နေတဲ့ ညီမငယ်နဲ့ တွေ့ပြီး သွေးဘဏ်ရှိရာကို ရထားစီးလာခဲ့ကြပါတယ်။ သွေးဘဏ်ကိုရောက်တော့ ၁၂ နာရီထိုးခါနီးပါပြီ။

စာရွက်စာတမ်းတွေ ဖြည့်ပြီး ဆရာဝန် သွေးပေါင်ချိန် စစ်ဖို့အခေါ်ကို ထိုင်စောင့်နေလိုက်ပါတယ်။ ရေအ၀သောက်ဖို့ မှာထားတာနဲ့ ရေသောက်လာတဲ့သူတွေ ကျန်းမာရေးအတွက် သန့်စင်ခန်းကို ပြေးကြရပြန်ပါတယ်။ ကျွန်တော်ကို သွေးပေါင်စစ်တဲ့ ဆရာဝန်က ကုလားမဖြစ်ပေမယ့် သူတို့ နှစ်ယောက်ကို စစ်တဲ့ ဆရာဝန်ကတော့ မြန်မာပြည်က လာတဲ့ ရွှေဒေါက်တာ ပေါ့ဗျာ။ မြန်မာအချင်းချင်းဆိုတော့ မြန်မာလို ပြောကြဆိုကြတာပေါ့။ သွေးပေါင်ချိန်ပြီး သွေးအမျိုးအစား ဟေမိုဂလိုဗင် စစ်ပါတယ်။ ပြီးတော့ သွေးဖောက်ခန်းက သူနာပြုဆရာမတွေ အခေါ်ကို ထိုင်စောင့်နေကြတာပေါ့ဗျာ။ သွေးလှူတဲ့ လူက များတော့လည်း အပြင်ဘက်မှာ ထိုင်စောင့်နေရတာပါ။


ပထမဦးဆုံး ကျွန်တော်တို့ ၂ ယောက် အရင်ဝင်ရတယ်။ ပထမဦးဆုံး စလှူမယ့်သူကတော့ မ၀င်ရသေးဘဲ ကျန်ခဲ့ပါတယ်။ ကုတင်ပေါ်မှာ လှဲနေပြီး နပ်စ်မတွေက လက်မှာ သွေးကြောရှာ ဆေးတွေထိုး၊ လိုအပ်တဲ့ သံဓါတ်အားဆေးတွေ ပေးတာပေါ့။ ဒီတစ်ခေါက်မှာလည်း သွေးလှူနေတဲ့ ဓါတ်ပုံကို ရိုက်ချင်ပေမယ့် ရိုက်ပေးပါမယ်ဆိုတဲ့ နပ်စ်မတွေ မအားတာနဲ့ မရိုက်ဖြစ်လိုက်ဘူး။ အားနေတဲ့ ညာလက်တစ်ဖက်နဲ့ပဲ သွေးပိုက်တန်းလန်းနဲ့ ဘယ်ဘက်လက်ကို ကိုယ်ဘာသာကိုယ် ဓါတ်ပုံရိုက်လိုက်ပါတယ်။ ကျွန်တော် သွေးလှူတာ အရင်ဦးဆုံး ပြီးသွားတာနဲ့ ညီမငယ်ရှိရာဘက်ကို အဆင်ပြေ မပြေ သွားကြည့်လိုက်ပါတယ်။ သူက ပထမဦးဆုံးပဲ ဖြစ်နေလို့လား မသိဘူး သွေးအထွက် နည်းနေတဲ့အတွက် နပ်စ်မတစ်ဦးက လက်ကို ဖိနှိပ်ပေးနေရပါတယ်။ အဲဒါနဲ့ သူ့အတွက်ပဲ ဓါတ်ပုံတွေ ရိုက်ဖြစ်လိုက်ပါတယ်။


သွေးလှူပြီးတော့ ခဏတဖြုတ်နား စားသောက်ပြီး ဆေးရုံကနေ ပြန်လာခဲ့ကြပါတယ်။ အပြန်မှာ တိုးပါးရိုးက မြန်မာဘုန်းကြီးကျောင်းကို ခဏတဖြုတ် ၀င်လိုက်ပါသေးတယ်။ ကျွန်တော်က ရှေ့တစ်ရက်မှာ လာခဲ့ပြီးပေမယ့် ညီမငယ်က သူမရောက်သေးလို့ သွားချင်ပါတယ် ဆိုတာနဲ့ ဘုန်းကြီးကျောင်းကို လာခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ အနီရောင် လက်ပါတ်လေးတွေနဲ့ ရင်ထိုးဖဲပြားလေးတွေကို ဝေငှပေးပါတယ်။ နီရဲနေတဲ့ လူအုပ်ကြီးက လှုပ်စိလှုပ်စိနဲ့ အများကြီးဗျ။ ကျွန်တော်တို့တွေကလည်း အနီတွေ ၀တ်လာခဲ့တော့ အနီရောင်ပင်လယ်ထဲကို အနီရောင် မြစ်ချောင်းလေးတွေ ပူးပေါင်း စီးဆင်းသွား သလိုပေါ့ဗျာ။ အဲဒီမှာ မတွေ့တာ အတော်ကြာခဲ့တဲ့ ကျောင်းက သူငယ်ချင်းအချို့ကို ဟိုတစ်စု ဒီတစ်စု တွေ့လိုက်ရပါသေးတယ်။ မြန်မာတွေက အရေးကြီးတော့ သွေးစည်းကြသားပဲဗျ။ ညဦးပိုင်းမှာ မြန်မာသံရုံးရှေ့မှာ ဆီမီးထွန်းပွဲ ရှိနေတယ်ဆိုတာကို ချန်နယ်နယူးအေးရှားကနေ သိလိုက်ရပေမယ့် သွေးလှူထားတာရယ် ဘုန်းကြီးကျောင်းမှာ အချိန်ပေးလိုက်တာရယ်ကြောင့် လူလဲ ပင်ပန်းသွားလို့ ဆီးမီးထွန်းပွဲကို မသွားဖြစ်ခဲ့ပါဘူး။ စင်္ကာပူ အတိုက်အခံပါတီက အစိုးရခွင့်ပြုချက် မရဘဲ ဒဏ်အရိုက်ခံပြီး ဦးဆောင် ကျင်းပပေးခဲ့တာ ဆိုတာကိုတော့ သူငယ်ချင်းတွေ ပြန်ပြောပြလို့ သိခဲ့လိုက်ရပါတယ်။

No comments: