.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, November 22, 2007

YTU Poem - 1

လွမ်းပြေအောင်

စွယ်တော်ရိပ် ...၏
အတိတ်သမိုင်း၊ ရင်ထဲလှိုင်းခတ်
မမေ့တတ်သူ ....

ကံကော်စိန်ပန်း၊ စွယ်တော်တန်းနှင့်
ခရေလမ်းမှာ၊ ပန်းကောက်သူတွေ
တပြေတရွာ၊ အနေကြာလည်း
နာရီလက်တံ၊ နောက်ပြန်လှည့်ကြည့်
သတိရစရာ ....

အေဆောင် ဘီအောင်
နောက်ပြောင်အော်ဟစ်၊ အပြစ်မမြင်
ချစ်ကြခင်ကြ၊ ကျီစယ်ကြနှင့်
ဥတ်တရရှေ့၊ ပျော်မွေ့သံစဉ်
လက်တွင်ဂီတာ ၊ ဘာဂျာတယော
ပန်းစုံတောမှာ ဂျီဟောသူကို
ဖျော်ဖြေသူ ...

ဘီလ်ဒင် ၀မ်း တူး
ကူးလူးဖြတ်သန်း၊ စာသင်ခန်းဝင်
လွင်လွင် ဘဲလ်သံ၊ စီစီညံကို
ပြန်လည်ကြားယောင်၊ သန်းခေါင်ညဉ့်နက်
ဂဏန်းတွက်သူ၊ စာကျက်သူတွေ ....

အာအိုင်တီ
အီကိုရာဇူး၊ မြူးတူးယှဉ်ပြိုင်
အနိုင်မခံ၊ အရှုံးမပေး
အားပေးသန်သူတို့ စုဝေးရာ ....

အဆင်ဗလီဟော၊ စာပေဟောပြောပွဲတဲ့
သောသောညံညံ၊ လက်ခုပ်သံနှင့်
ဆိုင်းသံဗုံသံ၊ တရံမပြတ်
ပြဇာတ်အငြိမ့်၊ ခြိမ့်ခြိမ့်သဲသဲ
နားထဲကြားယောင် ....

ကာတွန်းဘောက်တဲ့ ....
အပြောက်အမွှမ်း၊ အရွှန်းအသော
ဟာသနှောလျက်၊ ပြောင်မြောက်လက်ရာ
ကောက်ကြောင်းမှာလျှင်
သစ္စာရှာသူ ....

သြဘာလမ်းမှာ
ဖြတ်သန်းလျှောက်သွား၊ ဟားဟားဟီးဟီး
လက်ခုပ်တီးကြ၊ နောက်ပြောင်ကြနှင့်
ဘ၀ဂ်ထိညံ ကျီစယ်သံ ....တို့
ပြန်လည်ကြားယောင် ....

နွေးအေး အောင်သိပ္ပံ
ကန်သာယာ ဦးချစ် ခြောက်နှစ်ခြောက်မိုး
သည့်ထက်တိုးလို့၊ နေသူပေသူ
ပျော်တတ်သူတွေ ....

စာမေးပွဲနီး၊ ပျာယီးပျာယာ
စာကြည့်စားပွဲ၊ ပြန့်ကြဲမှတ်စု
အဖုအထစ်၊ မပြေပြစ်လည်း
ခေတ်နဲ့စနစ်၊ အနှစ်အကာ
ဘယ်အရာမှန်၊ ဝေဖန်တတ်သူ ....

စွယ်တော်ရိပ် ... တဲ့
အတိတ်သမိုင်း၊ ရင်ထဲလှိုင်းခတ်
မမေ့တတ်သူ ......

မောင်ညွှန့်ဌေး (အထက်မင်းလှ)

နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းများ၏ ဆရာကန်တော့ပွဲ အမှတ်တရထုတ် စာအုပ်မှတဆင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments: