.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, December 27, 2007

Lessons of Life

လူဆိုတာ အတွေ့အကြုံက သင်ခန်းစာယူပြီး ဖွံ့ဖြိုးတိုးတက်ရတဲ့ သဘောရှိပါတယ်။ အတွေ့အကြုံ ကြွယ်ဝသူ၊ အတွေ့အကြုံကို သုံးသပ်ဆင်ခြင်ပြီး သင်ခန်းစာ ယူတတ်သူ၊ သင်ခန်းစာ အသိတရားကို ကျန်ရှိနေတဲ့ ဘ၀ခရီးအတွက် အသုံးချတတ်သူ... အဲဒီလိုသူမျိုးတွေဟာ လောကမှာ အောင်မြင်သူ၊ ကြီးပွါးသူ၊ ထူးချွန်သူများ ဖြစ်လာကြပါတယ်။

အတွေ့အကြုံဆိုတာမှာ "ကိုယ်တွေ့" ရှိသလို "သူ့တစ်ပါးတွေ့" လည်းရှိပါတယ်။

"ကိုယ်တွေ့" ဆိုတာက ဖြတ်သန်းခဲ့တဲ့ သက်တမ်းတစ်လျှောက် မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မပြီးဆုံးသေးတဲ့ ဘ၀တစ်ခုအကြောင်း တစ်ပိုင်းတစ်စ မှတ်တမ်းမျှသာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အတွေ့အကြုံများတဲ့သူ ဖြစ်ပါစေ မှတ်တမ်းက မကြီးကျယ်နိုင်ပါ။

"သူတစ်ပါးတွေ့" ဆိုတာက မိမိနဲ့ တစ်ပြိုင်တည်း ရှင်သန်နေဆဲ လူပေါင်းမြောက်မြားစွာတို့ရဲ့ အတွေ့အကြုံ၊ မိမိအရင်က ရှိနေခဲ့၊ ဒီလူ့ပြည်မှာ နေနှင့် သေနှင့်ခဲ့တဲ့ မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ လူသားထုကြီးရဲ့ အတွေ့အကြုံ အစုအပုံများပင်။ ကိုယ်တွေ့နဲ့ နှိုင်းယှဉ်လိုက်ရင် နှိုင်းလို့မရအောင် ကြီးမားလှပါတယ်။

ကိုယ့်အတွေ့အကြုံသက်သက်မှ သင်ခန်းစာ ယူနေရင် မပြည့်စုံနိုင်ပါဘူး။ အတွေ့က အရင် အသိက နောက်မှ ဖြစ်လာပြီး ဘ၀ခရီးမှာ အမှားအယွင်းတွေ တင်းကျမ်းပြည့်နေပါလိမ့်မယ်။ တကယ်လည်း လောကမှာ တစ်ဘ၀လုံး အမှားအယွင်းတွေနဲ့ စခန်းသွားနေကြတဲ့သူတွေ ပတ်ဝန်းကျင်မှာ တစ်ပုံတစ်ပင် ရှိပါတယ်။ သူတစ်ပါး အတွေ့အကြုံများကို မလေ့လာ မစူးစမ်းမိ သင်ခန်းစာ မယူမိကြသူများပင်။

လူဆိုသည်မှာ အမှားတစ်ခု ကြုံရုံမျှနဲ့ သင်ခန်းစာ ရချင်မှ ရတတ်သော သဘောရှိပါတယ်။ တစ်ကြိမ် နှစ်ကြိမ် သုံးလေးကြိမ် ကြုံမှ... သြော် ဒါအမှားပဲ၊ ဒါဒီလို ရှောင်ရမှာပဲ သဘောပေါက်တတ်ကြပါတယ်။ အဲဒီအချိန်မှာ အမှားတွေက လွန်ခဲ့ကျွန်ခဲ့ပြီ။ အမှားရာဇ၀င် ကြီးမားခဲ့ပြီ။ တချို့အမှားတွေက ပြင်ဆင်လို့ ရချင်မှ ရတော့မယ်။ အဲဒီအမှားတွေ ဒဏ်ကို တစ်သက်လုံး ခါးစည်းပြီး ခံပေတော့။

ဘ၀အစောပိုင်းကာလတွေမှာ သူတစ်ပါး အတွေ့အကြုံများမှ သင်ခန်းစာ ယူတတ်သူ၊ အဲဒီ သင်ခန်းစာ အဲဒီ အသိပညာတွေရဲ့ ပဲ့ကိုင်လမ်းညွှန်မှုတွေနဲ့ ဘ၀ခရီးကို လျှောက်လှမ်းတတ်ကြ သူတွေမှာမူ အမှားအယွင်း ကင်းစင်သူများ ဖြစ်လာကြပါတယ်။ ဘ၀ခရီးလမ်းကို ကျွမ်းကျင်စွာ လျှောက်လှမ်းတတ်သူများ ဖြစ်လာကြပါတယ်။ သူတို့တွေဟာ အသက်အရွယ် ငယ်ရွယ်ပေမယ့်လည်း အတွေ့အကြုံများသူ၊ ဘ၀ အသိကြီးမားသူ၊ ဘ၀ရဲ့ အခက်အခဲများကို သူတစ်ပါးထက် မှန်ကန်စွာ ဆုံးဖြတ်ဖြေရှင်းနိုင်သူ၊ ပေါက်မြောက် အောင်မြင်သူများ ဖြစ်လာကြပါတယ်။

ကဲ... ဒါကြောင့် ကျွန်တော်လည်း ကိုယ့်အတွေ့အကြုံတွေ ဖလှယ်ပေးပြီး သူများဆီက အတွေ့အကြုံတွေ ရယူရအောင် မနက်ဖြန် ၂၈ ရက်ကနေ ၃၀ ရက်နေ့အထိ ကြက်ခြေနီ လူငယ်စခန်းမှာ သွားပြီး လူမှုရေးလုပ်ငန်း အတွေ့အကြုံတွေ ယူလိုက်အုံးမယ်ဗျာ။

Credit: ဖေမြင့် (ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ)

No comments: