.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, August 14, 2011

To my brother

ညီလေးရေ...

ညီလေးရေ...
လမ်းမမှားအောင် ရွေးကွာ
အချိန်များဟာ နည်းလွန်းတယ် ဘဝမှာ
ညီလေးရေ...
မြစ်တစ်ခုမှာ ရေနှစ်ခါ
ချိုးလို့မရနိုင်တာ မင်းနားလည်ပါ...

ညီလေးရေ...
လောကစာမျက်နှာ
သင်ကြားပါ ကောင်းမှူရှာတဲ့အခါ
ညီလေးရေ...
အမျိုးအကျိုးဆောင်ယူပါ
နှလုံးသားရဲ့ အမှန်တရား စွဲမြဲခိုင်မာ...

စည်းနှစ်ဘက်ရဲ့ကြား မင်းမရပ်နဲ့ကွာ
တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ
လမ်းတစ်ခုသာရွေး အမှား (သို့) အမှန်
ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား...

မင်းသွေးများ အားနည်းနေလား
သွေးသစ်လဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ့်
လူသားတစ်ယောက်အဖြစ်နဲ့...

ညီလေးရေ...
လမ်းရွေးပြီးရင် သွားကွာ
အချိန်မရှိပါ
တို့နောက်မှာ သေခြင်းတရား

ညီလေးရေ...
လမ်းဆုံးရင် ရွာတစ်ရွာ
ရောက်ရှိဖို့ယုံပါ စွဲမြဲခိုင်မာ...

စည်းနှစ်ဘက်ရဲ့ကြား မင်းမရပ်နဲ့ကွာ
တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ
လမ်းတစ်ခုသာရွေး အမှား (သို့) အမှန်
ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား...

မင်းသွေးများ အားနည်းနေလား
သွေးသစ်လဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ့်
လူသားတစ်ယောက်အဖြစ်နဲ့...

ညီလေးရေ...
မင်းအကြောင်းဟာ သမိုင်းမှာ
မှတ်သားစရာ မရှိခဲ့တဲ့ မဟုတ်ပါ
ညီလေးရေ...
အားလုံးဟာ မရေရာ
ဝမ်းနည်းဖို့ မလိုတာ မင်းနားလည်ပါ။


ဒီသီချင်းရဲ့ တေးရေး/ တေးဆိုက ထူးအိမ်သင်ပါ။ ဒီသီချင်းလေးက ကျွန်တော့်ညီရဲ့ မွေးနေ့အတွက် ရည်ရွယ်ပြီး ရေးတင်လိုက်သလို ထူးအိမ်သင်နေ့ အမှတ်တရအနေနဲ့ ရေးတင်တာလည်း ပါပါတယ်။

ညီလေးရေ ဆိုတဲ့ သီချင်းလေးက ကိုငှက်ရဲ့ လူငယ်တွေအပေါ်မှာ ထားရှိတဲ့ စေတနာကို နားလည် သိရှိ ခံစားစေနိုင်ပါတယ်။ တက်သစ်စ လူငယ်တွေကို နားဝင်အောင် ပြောဆို ဆုံးပ ညွှန်ပြရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ အညွှန့်တလူလူနဲ့ မာနတံခွန် ထူစ ပြုနေတဲ့အရွယ်၊ ပြောသမျှကို အလွယ်တကူ နားမထောင်ပဲ အရာရာကို လက်တည့်စမ်း လုပ်ချင်တဲ့ အရွယ်၊ ဂျစ်ကန်ကန် မိုက်ကန်းကန်း ထင်ရာစိုင်းတဲ့ အရွယ်၊ ဒီလို အရွယ်တွေကို နားဝင်အောင် ပြောဆိုဖို့ဆိုတာ တကယ်ကို မလွယ်မှန်း သိကြမှာပါ။ ကိုငှက်ကတော့ သီချင်းလေး ဖန်ဆင်းပြီး လူငယ်တွေ နားဝင်အောင် ပြောဆို ဆုံးမသွားတာ တကယ်ကို လှလွန်းပါတယ်။ ဒီလိုအလှကို မြင်အောင် ကြည့်တတ်စရာတောင် မလိုပါဘူး။ အလွယ်တကူ မြင်နိုင် သိနိုင် ခံစားနိုင်ပါတယ်။

ကိုယ်တတ်စွမ်းတဲ့ အနုပညာမှော်စွမ်းအားနဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့အကျိုး၊ အနာဂတ် တိုင်းပြည်ရဲ့ အကျိုးကို စေတနာအပြည့်နဲ့ ဖြည့်တင်းသွားတဲ့ ကိုငှက်ကို လေးစားရင်း ဒီစာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

2 comments:

သက်ဝေ said...

နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ သူ ပြန်မလာနိုင်ပြီပဲ... ဘာကြောင့်လည်း ကိုယ်မသိခဲ့ပါ... ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်...

99 said...

ညီလေးရေ...
လမ်းမမှားအောင် ရွေးကွာ
အချိန်များဟာ နည်းလွန်းတယ် ဘဝမှာ ...
နေဘုန်းလတ်ရေ..တိုးတက်ချင်တဲ့လူတော်တွေမှာ အချိန်ဆိုတာ တစ်ကယ်ကိုနည်းလွန်းတယ်ဆိုတာလက်ခံတယ်..
အမြန်ဆုံးပြန်လွတ်မြောက်ပြီး တိုးတက်မှု့တွေကို ပြန်လက်ခံရပါစေလို့ဆုတောင်းရင်း