.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, March 5, 2017

Religious Harmony

မနေ့ညက FB ထဲက အစ်မတယောက် Share ထားလို့ ဆရာမတယောက် ဖြစ်မယ်လို့ ယူဆရတဲ့သူ ရေးထားတဲ့ စာလေးကို ဖတ်လိုက်ရတယ်။ စတုတ္ထတန်း ပြည်သူ့နီတိထဲက ဘာသာတရားများ မိတ်ဆက် ဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်ရေး လုပ်ထားတာပါ။

ကမ္ဘာပေါ်မှာ ဘာသာတရားယူဆချက်တွေ အများကြီး ကွဲပြားခြားနားစွာ ရှိပါတယ်။ အဲဒီထဲမှာမှ လူအများစု ကိုးကွယ်ယုံကြည်တဲ့ အဓိက ဘာသာကြီး ၄ ခု ရှိပါတယ်။ ခရစ်ယာန်၊ အစ်စလမ်၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာတို့ပါပဲ။ အဲဒီ ၄ ခုထဲမှာ တကယ်တော့ ဗုဒ္ဓဘာသာက ကိုးကွယ်ယုံကြည်သူ အနည်းဆုံးပါပဲ။
ကိုယ်တွေရဲ့ တိုင်းပြည်မှာ ဗုဒ္ဓဘာသာကို အဓိကထား ကိုးကွယ်လို့ တိုင်းပြည်ထဲက အများစုဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထိတွေ့မှု အများကြီး ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့သူတွေဟာ ဗုဒ္ဓဘာသာရဲ့ တရားသဘောတွေကို အနုစိတ် အသေးစိတ် မသိရင်တောင် အပေါ်ယံလောက် နားလည်ကြပါတယ်။ 

ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေဟာ တခြားဘာသာတွေနဲ့ ပတ်သက်ပြီး ထိတွေ့မှု သိပ်မရှိကြပါဘူး။ အဲဒီတခြားဘာသာတွေ အကြောင်းကို နားလည် သဘောပေါက်မှု မရှိကြပါဘူး။ အဲဒီအခါမှာ တချို့ကိစ္စတွေမှာ မသိခြင်းကို အခြေခံထားတဲ့ အထင်လွဲမှုတွေ အမြင်မှားမှုတွေ ရှိလာပြီး စိတ်အစာမကြေမှုတွေ ဖြစ်လာရပါတယ်။ စိတ်အစာမကြေမှုတွေ တဖြည်းဖြည်း စုပုံလာတဲ့အခါမှာ မလိုမုန်းတီးမှုတွေ ပေါက်ကွဲမှုတွေ ဆင့်ပွါး ဖြစ်လာရပြန်တယ်။

အဲဒီလို မလိုလားအပ်တဲ့ အကြောင်းတရားတွေ မဖြစ်လာရအောင် ကလေးဘဝကတည်းက မြန်မာပြည်မှာ အဓိက တည်ရှိနေတဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး မိတ်ဆက်တာတွေ လုပ်ဖို့အတွက် ၂၀၁၅ ထုတ် ပြည်သူ့နီတိစာအုပ်ထဲမှာ ဘာသာတရားများ မိတ်ဆက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းဖော်ပြတာကို တွေ့ရပါတယ်။ အဲဒီစာအုပ်က ပညာရေးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ စာအုပ်တော့ မဟုတ်ပါဘူး။ NGO တခုက ထုတ်ထားတဲ့စာအုပ်ပါ။

အဲဒီလို မိတ်ဆက်တာဟာ မသိတာကို သိရအောင် လုပ်ပေးတာပါ။ ဘာသာတိုင်းရဲ့ အနှစ်သာရမှာ ကောင်းတဲ့အချက်တွေ ရှိတယ်။ အဲဒါတွေကို တိုင်းသူပြည်သားအားလုံး သိရှိပြီး အချင်းချင်း အပြန်အလှန် ယုံကြည် လေးစားမှုရှိအောင် လုပ်ပေးနေတာပါ။ ဘာသာရေး ဆွယ်တရား ဟောနေတာ မဟုတ်ပါဘူး။ ဘယ်ဘာသာက ပိုကောင်းတယ်လို့လည်း ထောက်ပြနေတာ မဟုတ်ပါဘူး။

အဲဒီလိုစာတွေ ပြည်သူ့နီတိမှာ ပါတာ ကလေးတွေအတွက် အဆိပ်အတောက် မဟုတ်ပါဘူး။ အဲဒီ အဆိပ်အတောက် မဟုတ်တဲ့စာကို အဆိပ်အတောက် ဖြစ်အောင် သင်ကြားပို့ချတာမျိုး ဆရာ ဆရာမတွေ မလုပ်မိအောင် သတိထားဖို့ လိုပါတယ်။ ဆရာ ဆရာမတွေအနေနဲ့ ဘာသာတရားနဲ့ ပတ်သက်ပြီး အမြင်ရှင်းဖို့ လိုပါတယ်။ ပညာဝမ်းစာပြည့်ဖို့ လိုပါတယ်။ ဗဟုသုတ အမြင်စုံဖို့ လိုပါတယ်။ အမုန်းတရားတွေ မပြန့်ပွါးအောင် သတိထား ဆင်ခြင်နိုင်ပါစေ လို့ ဆန္ဒပြုပါတယ်။

တပည့်မရှား တပြားမရှိတဲ့ ကျွန်တော့်ရဲ့ တောကျောင်းလေးက ဆရာ ဆရာမများကို ဦးထိပ်ထား လေးစားလျှက်...

No comments: