.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, February 11, 2019

Applying newborn passport in Myanmar Embassy - SG

စင်္ကာပူမှာ မွေးတဲ့ မွေးကင်းစကလေးအတွက် မြန်မာသံရုံးမှာ passport လျှောက်ဖို့လိုလာရင် ဘာတွေ ဘယ်လို လုပ်ရသလဲဆိုတဲ့ အတွေ့အကြုံကို ပြန်လည် ဝေမျှပါမယ်။

သားကို ၁၉ ရက်နေ့ ဇန်န၀ါရီလ ၂၀၁၉ မှာ စင်္ကာပူက ဆေးရုံတခုမှာ မွေးပါတယ်။ မွေးပြီး ၃ ရက်အကြာ ဆေးရုံဆင်းမယ့်နေ့ ၂၁ ရက်နေ့ ဇန်နဝါရီမှာ ဆေးရုံမှာပဲ မွေးစာရင်း (Birth Certificate) လုပ်ပါတယ်။ မွေးစာရင်းနဲ့အတူ စင်္ကာပူ လဝက ICA က Special Pass ကို မွေးဖွားတဲ့နေ့ကနေ စပြီး ၄၂ ရက်စာ (ရက်သတ္တပတ် ၆ ပတ်) ထုတ်ပေးပါတယ်။ အဲဒါကို Advisory Note လို့ ခေါ်ပါတယ်။ အဲဒီ ၄၂ ရက်အတွင်းမှာ ကလေးအတွက် မြန်မာသံရုံးမှာ passport လျှောက်ရပါမယ်။

မြန်မာသံရုံးမှာ Newborn အတွက် passport လုပ်တဲ့အခါမှာ အဆင့် ၂ ဆင့် ရှိပါတယ်။ ပထမအဆင့်က passport အသစ်လုပ်ခွင့်ကို မြန်မာသံရုံးကနေတဆင့် လျှောက်ထားရတာပါ။ အဲဒီဟာကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က စိစစ်ပြီး ခွင့်ပြုလိုက်ပြီးဆိုရင် ဒုတိယအဆင့်က မြန်မာသံရုံးမှာ passport လုပ်ရတာပါ။

ပထမအဆင့်အတွက် စင်္ကာပူက မြန်မာသံရုံးရဲ့ Website မှာ အရင်ဦးဆုံး Online Appointment ယူရပါတယ်။ Newborn Baby Passport ဆိုတာကို နှိပ်ရပါမယ်။ အဲဒီမှာ ပထမအဆင့်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို download လုပ်ဖို့ ပေးထားသလို ဒုတိယအဆင့်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို download လုပ်ဖို့လည်း ပေးထားပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကို download လုပ်ထားပါ။ ပြီးရင်တော့ Online Appointment လုပ်ပြီး လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်သွင်းပါ။ ပြီးရင် ကိုယ် ဖြည့်ခဲ့တဲ့ email ထဲကို မြန်မာသံရုံးက Confirmation Link လေး လှမ်းပို့တဲ့အခါ Confirm လုပ်ပေးဖို့ လိုပါတယ်။ Confirm လုပ်ပြီးရင် email ထဲကို Token နံပါတ်နဲ့အတူ ကိုယ်ရေးရာဇဝင် ဖြည့်ဖို့လျှောက်လွှာပုံစံ ပါတဲ့ email တစောင် ဝင်လာပါမယ်။ အဲဒီလျှောက်လွှာက ၁ စောင်တည်း ဆိုပေမယ့် မိတ္တူ ၃ စုံ ထုတ်ထားဖို့ လိုပါတယ်။

ပထမအဆင့်မှာ ဖြည့်ရတဲ့ စာရွက်စာတမ်း လျှောက်လွှာတွေ အတော်များပါတယ်။ မိဘ ၂ ပါးရဲ့ ကိုယ်ရေးရာဇဝင်နဲ့ လျှောက်ထားတဲ့ ကလေးရဲ့ ကိုယ်ရေးရာဇဝင်တွေ ဖြည့်ရပါတယ်။ ကိုယ်ရေးရာဇဝင် လျှောက်လွှာက စာမျက်နှာ ၈ မျက်နှာ ရှိပါတယ်။ အဲဒီထဲမှာ အဖေ အမေရဲ့ မိဘမောင်နှမ ဆွေမျိုးသားချင်းတွေပါ ဖြည့်သွင်းရပါတယ်။ အဲဒီ ကိုယ်ရေးရာဇဝင်မှာ မိဘ ၂ ပါးနဲ့ ကလေးရဲ့ ဓါတ်ပုံလည်း ကပ်ပေးရပါတယ်။ တခြား လိုအပ်တဲ့ စာရွက်စာတမ်းတွေက မိဘ ၂ ပါးရဲ့ Passport မူရင်းနဲ့ မိတ္တူ၊ စင်္ကာပူမှာ လက်ရှိကိုင်ဆောင်ထားတဲ့ ID Card (PR, EP, SPass, DP) မူရင်းနဲ့ မိတ္တူ၊ မြန်မာပြည်က နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ လက်ထပ်စာချုပ် မူရင်းနဲ့ မိတ္တူ၊ ကလေးရဲ့ မွေးစာရင်း မူရင်းနဲ့ မိတ္တူ၊ အလုပ် လုပ်တဲ့ မိဘရဲ့ စင်္ကာပူက မြန်မာသံရုံးမှာ အခွန်ဆောင်ထားကြောင်း အခွန်ပြေစာ မူရင်းနဲ့ မိတ္တူ။

အဲဒါတွေ ပြင်ဆင်ပြီးပြီဆိုရင် မြန်မာသံရုံးကို Appointment ယူထားတဲ့ရက်မှာ သွားပါ။ သွားတဲ့အခါမှာ ကောင်တာနံပါတ် ၃ မှာ ကိုယ်ပြင်ဆင်လာတဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှု ရှိမရှိ အရင် သွားစစ်သင့်ပါတယ်။ ကောင်တာနံပါတ် ၃ က ဓါတ်ပုံရိုက်တဲ့အခန်းရဲ့ အနောက်အတွင်းဘက်မှာ ရှိပါတယ်။ မိတ္တူကူးဖို့ လိုအပ်တာတွေ ရှိရင်လည်း အဲဒီမှာ ကူးပေးပါတယ်။ ၁ စောင်ကို စင်္ကာပူ ၅၀ ဆင့် (ပြား ၅၀) ပေးရပါတယ်။ အဲဒီမှာ စစ်ဆေးပြီးရင် ကောင်တာနံပါတ် ၁ နဲ့ ၂ က Token နံပါတ် ခေါ်ပါမယ်။ ကိုယ့်နံပါတ်ကို ခေါ်တဲ့အခါမှာ အဲဒီစာရွက်စာတမ်းတွေကို ပေးလိုက်ပါ။ သူတို့က စစ်ဆေးပြီးတဲ့အခါ ကွန်ပျူတာထဲမှာ အချက်အလက်တွေ ဖြည့်ပါတယ်။ အဲဒီလို အချက်အလက် ဖြည့်သွင်းတဲ့ အကျိုးဆောင်ခအနေနဲ့ စင်္ကာပူဒေါ်လာ ၂၀ ပေးရပါတယ်။ အဲဒါပြီးရင်တော့ အဲဒီစာရွက်စာတမ်းတွေကို ကောင်တာနံပါတ် ၅ နဲ့ ၆ တခုခုမှာ တန်းစီပြီး လျှောက်လွှာတင်ပါ။ အဲဒီကောင်တာကနေ passport လျှောက်ထားကြောင်း သံရုံးထောက်ခံစာ လာထုတ်ဖို့ ဖြတ်ပိုင်းတခု ပြန်ပေးပါမယ်။ အဲဒီဟာကို ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ သွားထုတ်ရပါတယ်။ ထောက်ခံစာဖိုး စင်္ကာပူဒေါ်လာ ၈ ဒေါ်လာ ပေးရပါတယ်။

အဲဒီထောက်ခံစာ ရပြီးတဲ့နောက် ရက်သတ္တပတ် ၂ ပတ်လောက်မှာ သံရုံး website မှာ passport အသစ်ပြုလုပ်ခွင့်ရတဲ့ စာရင်းမှာ ကိုယ့်ကလေးရဲ့အမည် ပါလာသလား ဆိုတာ ပုံမှန် စစ်ကြည့်ပေးဖို့ လိုပါပြီ။ အရင်တုန်းကတော့ ၁ လ လောက် ကြာတယ် ပြောကြတယ်။ ကိုယ့်သားအလှည့်မှာတော့ ၂ ပတ်တိတိမှာ အမည်စာရင်း ပါလာတာကို တွေ့ရတယ်။ အမည်စာရင်း ပါလာပြီ ဆိုရင် ဒုတိယအဆင့် passport လုပ်လို့ ရပါပြီ။ ထုံးစံအတိုင်း သံရုံး website မှာ Appointment တင်ပါ။ အဲဒီမှာ လိုအပ်တဲ့ အချက်အလက် ဖြည့်ပါ။ email ထဲကို Confirmation Link ပါတဲ့ စာ ဝင်လာပါမယ်။ Confirm လုပ်ပြီးတဲ့အခါ Token နံပါတ်နဲ့အတူ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့် လျှောက်လွှာပါတဲ့ email ဝင်လာပါမယ်။

ဒုတိယအဆင့်မှာ ဖြည့်ရတဲ့ လျှောက်လွှာက ၁ မျက်နှာတည်းပါ။ အဲဒီမှာ ကလေးရဲ့ ဓါတ်ပုံ ၁ ပုံ ကပ်ရပါမယ်။ passport မှာ ထည့်ချင်တဲ့ ကလေးရဲ့ ဓါတ်ပုံကို ဖုန်းထဲမှာ ယူသွားလို့ ရပါတယ်။ အဲဒီ ဓါတ်ပုံကို ကောင်တာနံပါတ် ၃ မှာ email ကနေတဆင့် ပို့ပေးလို့ ရပါတယ်။ ဓါတ်ပုံ ထုတ်ပြီးသား ရှိရင်လည်း အဲဒီပုံကို ပေးလိုက်လို့ ရပါတယ်။ ဒုတိယအဆင့်မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေက မိဘ ၂ ပါးရဲ့ Passport မူရင်းနဲ့ မိတ္တူ၊ စင်္ကာပူမှာ လက်ရှိကိုင်ဆောင်ထားတဲ့ ID Card (PR, EP, SPass, DP) မူရင်းနဲ့ မိတ္တူ၊ လက်ထပ်စာချုပ် မူရင်းနဲ့ မိတ္တူ၊ ကလေးရဲ့ မွေးစာရင်း မူရင်းနဲ့ မိတ္တူ၊ အလုပ် လုပ်တဲ့ မိဘရဲ့ စင်္ကာပူက မြန်မာသံရုံးမှာ အခွန်ဆောင်ထားကြောင်း အခွန်ပြေစာ မူရင်းနဲ့ မိတ္တူ။ ဒုတိယအဆင့်မှာ မြန်မာပြည်က နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူကိုတော့ မတောင်းတော့ဘူး။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်တဲ့ passport အသစ်ပြုလုပ်ခွင့်ရတဲ့ စာရင်းကိုလည်း သံရုံး website ကနေ download လုပ်ပြီး print ထုတ်သွားပါ။ အဲဒီစာရင်းကို မယူသွားဖြစ်ရင်လည်း ကောင်တာနံပါတ် ၃ မှာ print ထုတ်ပေးပါတယ်။

ကိုယ်ယူထားတဲ့ Token နံပါတ်ကို ကောင်တာ ၁ နဲ့ ၂ က ခေါ်ပါမယ်။ အဲဒီလို မခေါ်ခင်မှာ ကောင်တာနံပါတ် ၃ မှာ ဖြည့်ထားတဲ့ အချက်အလက်တွေနဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှု ရှိမရှိ အရင် စစ်ဆေးပါ။ အဲဒီလို ကြိုတင် စစ်ထားတော့ လိုအပ်တာတွေ အစုံရှိနေတဲ့အခါမှာ ကောင်တာ ၁ နဲ့ ၂ မှာ ချောချောမွေ့မွေ့ ရှိစေပါတယ်။ ကောင်တာနံပါတ် ၁ နဲ့ ၂ မှာ စာရွက်စာတမ်း မူရင်းတွေကို မိတ္တူတွေနဲ့ တိုက်စစ်ပြီးတဲ့အခါ ကွန်ပျူတာထဲမှာ အချက်အလက်တွေ ဖြည့်ပါတယ်။ အဲဒီလို အချက်အလက် ဖြည့်သွင်းတဲ့ အကျိုးဆောင်ခအနေနဲ့ စင်္ကာပူဒေါ်လာ ၂၀ ပေးရပါတယ်။ အဲဒါပြီးရင်တော့ ဓါတ်ပုံရိုက်တဲ့အခန်းကို သွားရပါတယ်။ email ပို့ထားတဲ့ ဓါတ်ပုံကို လျှောက်လွှာနဲ့ တွဲပေးပြီး ဖြတ်ပိုင်းတခု ထုတ်ပေးပါတယ်။ ပြီးရင်တော့ ကောင်တာနံပါတ် ၅ နဲ့ ၆ တခုခုမှာ တန်းစီပြီး အဲဒီဖြတ်ပိုင်းနဲ့ လျှောက်လွှာကို တင်ပါ။ အဲဒီကောင်တာကနေ passport လာထုတ်ဖို့ ဖြတ်ပိုင်းတခု ပြန်ပေးပါမယ်။ ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ အဲဒီ ဖြတ်ပိုင်းကို ပြပြီး စင်္ကာပူဒေါ်လာ ၃၅ ဒေါ်လာ ပေးပြီးတဲ့အခါ passport ထုတ်လို့ ရပါပြီ။

ပထမအဆင့်မှာ စုစုပေါင်း စကာင်္ပူ ၂၈ ဒေါ်လာ ကုန်ကျပါတယ်။ ဒုတိယအဆင့်မှာ စင်္ကာပူ ၅၅ ဒေါ်လာ ကုန်ကျပါတယ်။ မိတ္တူကူးခတွေတော့ ထည့်မတွက်ထားဘူးပေါ့။ စင်္ကာပူက မြန်မာသံရုံးမှာ မွေးကင်းစကလေးအတွက် passport လျှောက်တာကတော့ ဒါပါပဲကွယ်။ အစစအရာရာ အဆင်ပြေကြပါစေ။

No comments: