.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, February 13, 2008

Birthday of our National Hero

လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ကို ၀န်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ် ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုန့်လောက်ဘဲလို့ ကျုပ်မှတ်ထားပါတယ်။

(၁၉၄၆ အောက်တိုဘာလ ၂၀ ရက်၊ ရွှေတိဂုံ အနောက်ဘက်မုဒ်)



အောင်ဆန်းဇာနည်

ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊

ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊

တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။

Monday, February 11, 2008

The Wild One

အောင်ဆန်း (သို့မဟုတ်) အရိုင်း

(၁) သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ။ တစ်ချို့က ပြုံးရယ်နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်းတစ်ခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး တညီတညွတ်တည်း တည်ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကို နောက်ကား ခံထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင်ကားကိုမျှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်းတစ်ခုကိုသာ ရဲဝံ့စွာ ဆောင်၍ နေလေသည်။

သူသည် စိမ်းညှို့သော ကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထ၀ီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ယက်လုပ်သည့် ပင်နီ ဖျဉ်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချီဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတစ်ယောက်၏ မျက်နှာနှင့်လည်းတူ၏။

တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထယ်ဝါခြင်း ယဉ်ကျေး သိမ်မွေ့ခြင်းတို့သည် သူ့တွင် လုံးဝ မခိုအောင်း။ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တစ်ဦးနှင့်သာတူ၏။ လူထုထဲမှ လူတစ်ဦး၏ အသွင်အပြင်မျိုးသာဖြစ်သည်။

သူသည် လက်နှစ်ဖက်ကို ဘေးသို့ကား၍ လှုပ်ခါလှုပ်ခါ စကားပြော၏။ သူ၏စကားလုံးများကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ခြင်းမရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။

သင်ပထမဦးဆုံးတွေ့မြင်သော အောင်ဆန်း၏ ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည်ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆-ခု၊ ပဌမဆုံးကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူပလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ၊ နယ်မှ ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်းသား ညီလာခံသို့တက်ရောက်စဉ်၊ အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။

၁၉၃၆- ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့် အခိုက်၊ ''အောင်ဆန်း'' အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ၊ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ်သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာဖြစ်၏။ ကျွန်တော်မှာ စာပေ ၀ါသနာပါသူဖြစ်ရာ၊ အောင်ဆန်းကို အိုးဝေ မဂ္ဂဇင်းအယ်ဒီတာ အဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဘူးချင်၏။

သို့သော် ဂျူဘလီဟော ကျောင်းသားများညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင်ကြားနာရသောအခါ အထင်နှင့် အမြင်ကွာနေသည်ကို တွေ့၇၏။ ကျွန်တော်ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟုဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော်အထင်ကြီးထားလေ၏။

တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်၊ စကားအပြောကလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။ ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

(၂) နောက် ၁- နှစ်ခန့်ကြာသောအခါ၊ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇-၃၈- ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဌ၊ ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ဥက္ကဌဖြစ်၏။ ထိုအခါ ကျွန်တော်သည် အောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်၊ မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍မဖြစ်။ သူသည် ရင်းနှီး၍ရသော လူစားမျိုးမဟုတ်။ နိုင်ငံရေး အတူတူတွဲဘက်လုပ်လျှင်သာ သူနှင့် ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဘက်သတ်မလိုက်။ စာပေ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင်သဖြင့်၊ သူနှင့် မရင်းနှီး နိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်လေသည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဗဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမားသက်သက် မဟုတ်သဖြင့် သူ၏အသိထက် လွန်မြောက်၍ ရင်းနှီးသော အဖြစ်သို့ မရောက်သွားခဲ့ပေ။

သခင်ဗဟိန်းနှင့်ကား သည်လိုမဟုတ်။ သခင်ဗဟိန်းသည် ယဉ်ကျေး သိမ်မွေ့သူဖြစ်၏။ စာပေကဗျာ လင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ်ဖြစ်နေသည့် ဘ၀အထိပင် ရင်းနှီးချစ်ခင်ခြင်းမပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့ မဟုတ်။

ကျွန်တော်စာရေး ၀ါသနာပါသည်ကို ကိုအောင်ဆန်းသိ၏။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံ စသော ကဗျာများ၊ ၀တ္ထုတို၊ ဆောင်းပါး စသည့်စာပေများကို သူအကုန် ဖတ်ဘူးလိမ့်မည်မထင်။ ဂရုစိုက်၍ဖတ်မည့် လူမျိုးလည်းမဟုတ်။

သို့သော် တစ်ခါက သခင်ဗဟိန်းနှင့်အတူ သမဂ္ဂ အမှုဆောင်ကော်မီတီခန်းတွင်ပင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော့်ဆောင်းပါးတခုကိုကား ကျွန်တော်ရှေ့တွင် ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက်ပေး၏။

ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ်-ဗမာ ဆောင်းပါးရှင်တဦးဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော သူ၏ ဆောင်းပါးများကို ဂန္ဓမလောကဂ္ဂဇင်းတွင် ဖတ်ရဘူးသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကိုရေး၏။

ကျောင်းသားများ အ၀တ်အစား ၀တ်ဆင်ရေးပြဿနာကို သူသည် ဂန္ဓမလောကတွင် ပန်းတနော်ဦးသန့်နှင့် အပြန်အလှန်ရေးသည်။ ဗမာတနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ကြွေးကြော်သံ ''မျိုးညွန့်'' မဂ္ဂဇင်းတွင် ပါဝင်သော သူ၏ ''လောက၀ိဟာ'' အမည်ရှိ ဆောင်းပါးတိုလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ ဗဟုသုတ အမြင်တို့ကိုပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာ အရေး ညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာသုံး၏။ တခါတရံ ဟာသဥာဏ်ပါ၏။

ပုသိမ်မြို့တွင်ကျင်းပသော ကျောင်သားများ ညီလာခံ၌ သူ၏ ဥက္ကဌမိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို ''ပညာရေး ပူရာဏ်ကျမ်းကြီး ပေတကား...'' ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက်ပါပေသည်။

ကျောင်းမှ ထွက်ပြီး ဒို့ဗမာ အစည်းအရုံးသို့ ၀င်သောအခါ၊ ငတ်ပြတ်လာ၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။

ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား ''နိုင်ငံရေးအမျိုးမျိုး'' ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက် ဗမာနိုင်ငံရေး အခြေအနေအထိရေး၏။ စာပြောင်၏။ ဖတ်၍ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့်၊ သူ့ဆောင်းပါးလည်း ရပ်သွား၏။ အစိုးရကလည်း ငြိုးထား၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်းကြီးမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရရှာလေသည်။

(၃) သမဂ္ဂဥက္ကဌဖြစ်သော ၁၉၃၈-၃၉ ခုနှစ်က သူသည် ဘီအယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင်နေသည်။ သူ၏ အခန်းသည် သပ်ရပ်ခြင်းကင်းမဲ့၏။ အခန်းတွင် စာအုပ်များနှင့် ပြည့်နှက်နေ၏။ စာအုပ်များသည် စားပွဲပေါ်တွင်တချို့၊ ဘီဒိုပေါ်တွင်တချို့၊ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကြဲကာရုန်းရင်း ဆန်ခတ် ဖြစ်၍နေကြ၏။ သူသည် အင်မတန် စာဖတ်သူ တစ်ယောက်ဖြစ်၏။

သူသည် ဒေါသ ကြီးသူတစ်ဦးဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့် အဘို့ကား ဒေါသကြီးသည် မကြီးသည်ကို မသိ၊သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်သည်။

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲက ထ၍ ဝေဖန်စကားများပြောကြ၏။ ထိုသို့ ပြောကြသည့် အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတဦးက ဥက္ကဌဟောင်း မစ္စတာ ရာရှစ် ကို ဝေဖန်ရာ၌ အတော်ထိခိုက်သော အပြစ်တွေကို ထုတ်ဖေါ်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာရာရှစ် အတွက် ဒေါပွကာ၊ ထိုကုလားကျောင်းသားကို ကြိမ်းမောင်း၍ ''ရဲရင်ထွက်'' စသော စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ၀ိုင်း၍ဆွဲထားရလေသည်။ သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာ ဘမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ညိုမြ အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကို ဒေါပွကာ၊ ဥက္ကဌ ကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တစ်ပတ်လောက်ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်လာလေသည်။

တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသောမျက်နှာကို ထားခဲ၏။ သူ၏မျက်နှာထားသည် သုန်မှုန်၏၊ တခါတွေ့ဘူးသောသူကို နောက်တခါတွေ့လျှင် နှုတ်ဆက်ချင်မှ နှုတ်ဆက်၏။ သူ့ကို သိသူက ပြုံးပြသော်လည်း၊ သူသည် တုန့်ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့်သူသည် သုန်မှုန်လျက်ရှိနေသည်။

သူ စကားပြောလျှင်လည်း နိုင်ငံရေး အကြောင်းသာပြောသည်။ သူပြောနေစဉ်တွင် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးမှ လူများ၏ စကားကို သူမကြား။ သူပြောချင်တာတွေကိုသာ စွပ်၍ ပြောနေ တတ်သည်။

(၄) တခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန်။ ၀ိတိုရိယရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက်ရှိကြသည်။ ကျွန်တော်မှာလည်း တောမှ ရောက်ခါစဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်ထိုင်ကာ တီးနေ၏။ ဘေးမှ သခင်စံဝေနှင့် ကျောင်းသားအချို့က ၀ိုင်း၍ သီချင်းလိုက်ဆိုလျက်ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ ဂီတ အင်မတန်ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။

ချစ်မှာလား ခင်ခင်ရယ်
ချစ်သဲနွယ်
အဟုတ်ကို ချစ်တော့မယ်
ခင်ရယ် ကြင်မယ်

ဝိုင်း၍ဆိုနေကြရာမှ၊ သည်နေရာသို့ရောက်သောအခါ၊ ကိုအောင်ဆန်းသည် ဂေါက် ဂေါက် ဂေါက် ဂေါက်နှင့် တစ်ဖက်မှ လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ရပ်လျှက် ''ဟေ့ . . . ရပ်ကြ။ ခုလိုခါမျိုးမှာ၊ ရဲစိတ်ရဲမာန်တက်စေမဲ့ ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး။ ''

ရုတ်တရက် ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်သည်။ သူသည် ပြောချင်တာပြောပြီး ထွက်သွားလေသည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုမျိုးလူစား။

သမဂ္ဂဥက္ကဌ ကိုဘမောင်(ယခု သံအမတ်) ၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေ ခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပဌမဦးဆုံးဖြစ်သည်။ လက်ထပ်ပွဲ ပြီးသောအခါ၊ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာနေကြ၏။ စန္ဒယားဆရာတဦးက တီးက ဖျော်ဖြေလျက်ရှိသည်။

သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကို ရပ်စေကာ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ၏။ တီးသော သီချင်းမှာ ကဉ္ဇန သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တပုဒ် တီးခိုင်းပြန်၏။

တခါက ဂျပန်ခေတ်ဝန်ကြီးတဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည် ပြုသောအခါ၊ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ ဧည့်သည်များသည်ကား အ၀တွင် ရပ်၍ သူအ၀င်ကို စောင့်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ၀င်လာကာ ရုတ်တရက် စားပွဲထိပ်ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကြော်တတုံး ယူစားလိုက်လေ၏။

သူထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံအရ ထမင်းစားပါ အုံးလားဟု ခေါ်ချင်မှ ခေါ်သောလူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ''ကြောင်သည်'' ဟု အမှတ် ထားကြလေ၏။

(၅) သူ့တွင် သိမ်မွေ့ခြင်းမရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ်ထုံးစံ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်၊ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာရပ် များကို မလိုက်စား၊ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင်မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။

သူ့တွင် နိုင်ငံရေး ၀ိဥာဏ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာ လုပ်သော လူတစ်ဦးဖြစ်သည်။

သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်။ တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်း ကိုသာ မဲ၍လုပ်သော နိုင်ငံရေး သတ္တ၀ါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။

၁၉၄၂-၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြောပြ၏။

အနုပညာဆိုတာ ရှိတာပဲ။ လင်မယားဘ၀မှာလဲ အနုပညာမဲ့ယင်၊ လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့် တော်လှန်ရေး အစစ်ပဲ...။

ဆရာမ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃-၄ ရက်အလိုက ကိုဘဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။

သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ ''ဒီမယ်.. အိမ်ထောင်ပြုတယ်ဆိုတာ သိပ်စဉ်းစား တွေဝေနေလို့မရဘူး။ တခါတည်း ဇွတ်လုပ်လိုက်ရတယ်။'' ဟု မမေးပဲ သူ့ဖာသာ သူပြောနေ၏။

လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပမ်းမှုစာအုပ်နှင့် ပတ်သက်၍ အင်းလျား ကန်စောင်းရှိ သူ့အိမ်သို့ရောက်သွား၏။

ဧည့်ခန်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည် ကို တွေ့ရ၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။

သည့်နောက် သူနှင့် ကျွန်တော်မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိပဲ သူ့ဆီ သွားလည်လည်း ဖေါ်ဖေါ်ရွေရွေ လောကွတ်ပျူငှာ ခေါ်မည့် လူစားမျိုးလည်းမဟုတ်။

တခါက ဗိုလ်ချုပ်ဘ၀တွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး ကလေးများနှင့် တပြုံကြီးကိုမြင်လိုက်၏။ အော်... သားနဲ့ မယားနဲ့မို့ လူစိတ်တော်တော် ပေါက်လာပြီ၊ အရင်ကလို ကြောင်တော့မည်မဟုတ်။ အကြမ်း အရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောက်မေ့လိုက်၏။ မှန် မမှန်ကား မပြောတတ်။

ဖဆပလ ဥက္ကဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော်မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်းမဟုတ်။ သူ၏ အဖြစ်သာ ကျွန်တော်သိသည် အထိ ပြောပြခြင်းဖြစ်သည်။

တခုတော့ ထင်သည်။ သူသည် လူထုထဲမှ လူတစ်ဦးဖြစ်၍ လူထုနှင့်ဆက်စပ်နေ၍၊ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။

ဒဂုန်တာရာ

Sunday, February 10, 2008

Day for Human Beings

တရုတ်ရိုးရာ အစဉ်အလာအရ တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ခုနစ်ရက်မြောက်နေ့ဟာ လူသားနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနေ့လေး ဖြစ်ပေါ်လာပုံကို အခုတစ်ခေါက် ရေးသားပါအုံးမယ်။

ဟိုးရှေးရှေးတုန်းက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးဟာ အခုလို သီခြား တည်ရှိမနေပဲ ဥတစ်လုံးလို လုံးဝန်းနေတဲ့ အစိုင်အခဲကြီးတစ်ခုပေါ့။ အဲဒီ ဥကြီးထဲမှာ တရုတ်တွေရဲ့ ဘိုးဘေးအဖြစ် လူသိများတဲ့ ပန်ခူ ဆိုတဲ့ လူတစ်ယောက် အိပ်ပျော်လျက် ရှိနေပါတယ်။ သူ့ခန္ဓာကိုယ်ဟာ လီပေါင်း ကိုးသောင်း ရှိပါတယ်။ လီဆိုတာ တရုတ်အတိုင်းအတာ သတ်မှတ်ချက်တစ်ခုပါ။ ၂ လီ မှာ ၁ ကီလီုမီတာ ရှိပါတယ်။ လီပေါင်း ကိုးသောင်းဆိုတော့ သူ့ခန္ဓာကိုယ်ဟာ ကီလိုမီတာ ၄ သောင်းခွဲလောက် ရှိတယ်ပေါ့။ တစ်ကိုယ်လုံး အမွေးအမှင်တွေ ဖုံးအုပ်နေတဲ့ ဧရာမ လူအကြီးကြီးပေါ့ဗျာ။

တစ်နေ့မှာ သူ နိုးထလာခဲ့တယ်။ ပြီးတော့ အဲဒီဥခွံထဲကနေ အပြင်ကို ထွက်ဖို့ ကြိုးစားပါတော့တယ်။ ပန်ခူဟာ အားကုန်စိုက်ထုတ်ပြီး ဥကြီးကို ဖောက်ထွက်ခဲ့ပါတယ်။ အဲဒီလို ပေါက်ကွဲသွားတဲ့ ဥကြီးရဲ့ သိပ်သည်းမှု နည်းတဲ့ အပိုင်းအစတွေ မိုးကောင်းကင် ဖြစ်လာပြီး သိပ်သည်း လေးလံတဲ့ အပိုင်းဟာ ကမ္ဘာမြေကြီး ဖြစ်လာပါတော့တယ်။ အဲဒီ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးဟာ ဥအဖြစ် ပြန်လည် ပေါင်းစည်ဖို့ တဖြည်းဖြည်း ပြန်လည် နီးကပ်လာနေပါတယ်။



ဒါပေမယ့် ပန်ခူဟာ အဲဒီအခြေအနေကို မဖြစ်စေလိုပါဘူး။ အဲဒါကြောင့် ပန်ခူဟာ သူ့ရဲ့ တုတ်ခိုင် သန်စွမ်းတဲ့ လက်တွေနဲ့ ကောင်းကင်ကြီးကို ပင့်ထောက် မ ထားပါတယ်။ သူရဲ့ ခြေထောက်ကြီးတွေနဲ့ ကမ္ဘာမြေကြီးကို ခြေကန်ထားပါတယ်။ နှစ်ပေါင်း ထောင် သောင်း ချီတဲ့အထိ အဲဒီလို ကျားကန်ထားတဲ့အခါ ကမ္ဘာမြေကြီးနဲ့ မိုးကောင်ကင်ဟာ သီးခြား တည်ရှိလာခဲ့ပါတယ်။ ပထမဦဆုံးကလို ပြန်လည် ပေါင်းစည်းတာမျိုး ထပ်မဖြစ်တော့ပါဘူး။ အဲဒီလို သီးခြား တည်ရှိလာတဲ့ အချိန်အထိ လက်နဲ့ မ ခြေထောက်နဲ့ ကန်ထားရတဲ့ ပန်ခူဟာ အလွန်ကို ပင်ပန်းနွမ်းနယ်ပါပြီ။ ခဏကြာတော့ သူ အားပြတ်ပြီး အရုပ်ကြိုးပြတ် လဲကျပါတော့တယ်။ နောက်ဆုံးတော့ ပန်ခူ သေသွားရှာပါလေရော။

ပန်ခူ သေသွားပြီးတဲ့နောက်... သူရဲ့ ဘယ်ဘက်မျက်လုံး တစ်လုံးဟာ နေဖြစ်သွားပြီး ညာဘက်မျက်လုံး တစ်လုံးက လ ဖြစ်သွားကြပါတယ်။ သူရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ဟာ တောင်တန်းတွေ တောင်ကုန်းတွေ ဖြစ်ကုန်ကြပါတယ်။ သူရဲ့ သွေးတွေကတော့ မြစ်တွေအဖြစ် စီးဆင်းသွားပါတယ်။ သူရဲ့ အမွေးအမှင်တွေက အပင်တွေ ဖြစ်ကုန်ပါတယ်။ သူရဲ့ ချွေးတွေက မိုးတွေ၊ ဆီးနှင်းတွေအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီလိုနဲ့ ကမ္ဘာမြေကြီး ရှင်သန် ဖွံ့ဖြိုးလာပါတော့တယ်။

အဲဒီလို မိုးနဲ့ မြေ ဖြစ်တည်ပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကမ္ဘာမြေမှာ လူသားဆိုတာ မပေါ်သေးပါဘူး။ တစ်နေ့မှာ နွီဝှါး လို့ခေါ်တဲ့ တန်ခိုးရှင် နတ်မိမယ်တစ်ပါး မြေပေါ်ကို ဆင်းသက်လာပါတယ်။ နတ်မိမယ်ဟာ မြေကမ္ဘာမှာ အဖော်မဲ့နေပါတယ်။ အလွန်ကို အထီးကျန်ဆန်ပြီး ပျင်းရိဖွယ် ကောင်းနေခဲ့ပါတယ်။ အဲဒီလိုနဲ့ နွီဝှါးဟာ ရေကန်စပ်တစ်ခုမှာ ထိုင်ရင်း ရေပြင်ကို ငေးကြည့်နေပေမယ့် ရေထဲမှာ သူမရဲ့ အရိပ်ကိုပဲ အဖော်အဖြစ် မြင်တွေ့နေရပါတယ်။

ရေကန်ထဲမှာ ရေဆော့ ကစားနေတုန်း သူမရဲ့ လက်မှာ ရွှံ့တွေ လာကပ်ကုန်ပါတယ်။ လက်ထဲမှာ ကပ်နေတဲ့ ရွှံ့တွေကို ရေထဲကို ခါချလိုက်တဲ့အခါ ရွှံ့စက်လေးတွေက ဖားတစ်ပိုင်း ငါးတစ်ပိုင်းလေးတွေ ဖြစ်ကုန်ပါတယ်။ အဲဒါကို မြင်တွေ့ပြီး နောက်ပိုင်းမှာ နွီဝှါးဟာ ရွှံ့တွေကို အသုံးပြုပြီး သူ့အတွက် အဖော် တိရစ္ဆာန်တွေကို ဖန်တီးပါတော့တယ်။ နှစ်သစ် ပထမလရဲ့ ပထမ ခြောက်ရက်အတွင်းမှာ ကြက်၊ ခွေး၊ ၀က်၊ ဆိတ်၊ နွားနဲ့ မြင်းတွေကို ဖန်တီးခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ တစ်ခုခု လိုအပ်နေတယ်လို့ ခံစားနေရပါတယ်။ ဒါနဲ့ သူနဲ့ တူတဲ့ပုံစံတစ်ခုကို ဖန်တီးဖို့ စဉ်းစားမိပါတယ်။ ပထမဦးဆုံး မိန်းခလေး ရုပ်တုတစ်ခုကို ရွှံ့နဲ့ ပြုလုပ်လိုက်ပါတယ်။ တစ်ခုတည်း ဖန်တီးထားရင် အထီးကျန်ဆန် ပျင်းနေမှာကို စိုးတာနဲ့ နောက်ထပ် ယောကျာ်းလေးတစ်ရုပ်ကို ထပ်ဖန်တီးလိုက်ပါတယ်။ နောက်ထပ် အရုပ်တွေ အမြောက်အမြား ဆက်လုပ်နေပါတော့တယ်။ အဲဒီလိုနဲ့ နှစ်သစ် ပထမလရဲ့ ခုနစ်ရက်မြောက်နေ့မှာ နွီဝှါးဟာ လူသားတွေကို စတင် ဖန်တီးမွေးဖွါးခဲ့ပါတယ်။ အဲဒါကြောင့် တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ခုနစ်ရက်မြောက်နေ့ကို လူသားနေ့အဖြစ် သတ်မှတ်ပြီး လူသားတွေကို စတင်ဖန်တီးခဲ့တဲ့ နွီဝှါး နတ်မိမယ်ကို ပူဇော်ကန့်တော့ကြတဲ့ ရိုးရာအစဉ်အလာ ဖြစ်တည်လာခဲ့ပါတော့တယ် ခင်ဗျာ။

Friday, February 8, 2008

The Dragon's Descendants

တရုတ်နဂါးအကြောင်း ရေးပြီးတဲ့အခါ တရုတ်နဂါး ဖြစ်ပေါ်လာတဲ့ နောက်ခံဇာတ်လမ်းလေးကို တင်ပြပါအုံးမယ်။ နဂါးဆိုတာ တရုတ်တွေရဲ့ အလွန်အရေးပါတဲ့ လူမျိုးရေး သင်္ကေတတစ်ခု ဖြစ်သလို တရုတ်အများစုဟာ သူတို့ဟာ နဂါးကနေ ဆင်းသက်လာတဲ့ လူတွေအဖြစ် ဂုဏ်ယူတတ်ကြပါတယ်။

နဂါးဆိုတာ တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကျော်ကတည်းက ပေါ်ပေါက်နေပါပြီ။ လေ့လာသူတွေရဲ့ အဆိုအရ တရုတ်နဂါးဟာ လူမျိုးစုတွေရဲ့ သင်္ကေတတွေ ပေါင်းစပ်ဖန်တီးမှုကနေ ပေါ်ပေါက်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီလို ပေါင်းစည်းမှုမှာ ခေါင်းဆောင်မှု ပေးတဲ့လူမျိုးစုက မြွေသင်္ကေတကို အသုံးပြုပုံ ပေါ်ပါတယ်။ အဲဒါကြောင့် နဂါးရဲ့ အဓိက ပုံပန်းသဏ္ဍာန်ဟာ မြွေကို အခြေခံထားသလို ဖြစ်နေတာပါ။

ဟိုးရှေးရှေးတုန်းက လူမျိုးစုတွေဟာ သူတို့ရဲ့ လူမျိုးစု သင်္ကေတ ရုပ်တုပုံကို သူတို့ကြောက်ရွံ့တဲ့ သားရဲတိရစ္ဆာန်တွေရဲ့ ပုံကို အသုံးပြုကြပါတယ်။ တချို့လူမျိုးစုတွေကျတော့ ပန်းပွင့်တွေ အပင်တွေရဲ့ပုံကို သုံးကြပါတယ်။ အဲဒီ သင်္ကေတတွေ ရုပ်တုပုံတွေကို ပူဇော်ခြင်းအားဖြင့် သူတို့ကို ဘေးအန္တရာယ်ကနေ ကင်းဝေးစေတယ်လို့ မျှော်လင့် ယုံကြည်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက တရုတ်ပြည်မှာ လူမျိုးစုတွေ အကွဲကွဲ အပြဲပြဲ နေထိုင်ကြပါတယ်။ တစည်းတလုံး မရှိကြသေးပါဘူး။ လူမျိုးစုတိုင်းမှာ သက်ဆိုင်ရာ လူမျိုးစု သင်္ကေတ ရုပ်တုပုံတွေ ရှိကြပါတယ်။ တချို့က နွားကို ကိုးကွယ်ကြတယ်။ တချို့က ငှက်ကို ကိုးကွယ်တယ်။ အဲဒီလိုပဲ မြွေတွေ၊ ဆိတ်တွေလည်း ကိုးကွယ်ကြပါတယ်။ နောက်ပိုင်းမှာ လူမျိုးစုတွေအားလုံး တစ်စုတည်းအဖြစ် စုစည်းမိပြီး ညီညွတ်မှု ရလာကြပါတယ်။

အဲဒီအချိန်မှာ အရင်က အကွဲကွဲ အပြားပြား အသုံးပြုနေတဲ့ သင်္ကေတတွေကို တစ်ခုတည်းအဖြစ် ပြောင်းလဲဖို့ လိုလာပါတယ်။ အဲဒါနဲ့ ခေါင်းဆောင်တစ်ဦးက အဲဒီ အကောင်ကို ရွေးချယ်ဖို့ အဆိုပြုပါတယ်။ လူမျိုးစုတိုင်းက သူတို့ လက်ရှိ သုံးနေတဲ့ အကောင်ကိုပဲ သုံးဖို့ သူ့ထက်ငါ အပြိုင်အဆိုင် အဆို တင်သွင်းကြပါတယ်။ လူမျိုးစုတစ်စုက အဆိုပြုတဲ့ အကောင်ကို ကျန်လူမျိုးစုတွေက လက်မခံနိုင်ဘူး ဖြစ်နေကြပါတယ်။ အဲဒီလိုနဲ့ လူမျိုးစုတစ်စုနဲ့တစ်စု စကားတွေများ အငြင်းပွါး ရန်တွေဖြစ်ကုန်ကြပါလေရော။ နောက်ဆုံးတော့ လူမျိုးစုအားလုံးရဲ့ ခေါင်းဆောင်လုပ်တဲ့သူကပဲ ဘယ်သူရဲ့ အကောင်ကိုမှ မသုံးတော့ဘဲ နောက်ထပ် အကောင်အသစ်တစ်မျိုး ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒါနဲ့ မြွေရဲ့ ကိုယ်လုံးကို အဓိက အသုံးပြုပြီး ကျန်တဲ့ မျိုးနွယ်စုတွေရဲ့ အစိတ်အပိုင်းတွေကို ဖြည့်စွက်ဖို့ သဘောတူကြခဲ့ကြပါတယ်။ အဲဒီလို ဟိုတစ်စု ဒီတစ်စု ဖြည့်စွက်ရင်း နဂါးဆိုတဲ့ အကောင်ကြီး တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါတယ်။ အဲဒီ အကောင်ကြီးကို နဂါးလို့ပဲ အမည်ပေးဖို့ လူမျိုးစုတွေက တညီတညွတ်တည်း သဘောတူကြပါတယ်။

အဲဒီအချိန်ကစပြီး တရုတ်တွေဟာ နဂါးကို ပူဇော်ပသကြပါတယ်။ ကောင်းကင်မှာ လျှပ်စီးလျှပ်လို့ ပေါ်လာတဲ့ပုံကို နဂါးပုံနဲ့ တူတယ်လို့ ယူဆပြီး နောက်ပိုင်းမှာ သဘာဝရဲ့ အစွမ်းသတ္တိတွေဖြစ်တဲ့ မိုးကြိုးတွေ၊ လျှပ်စီးတွေကို နဂါးပုံထဲမှာ ထည့်သွင်း လာကြပါတယ်။ အဲဒီလိုနဲ့ နဂါးဟာ ရာသီဥတုကို ဖန်တီးနိုင်တဲ့ တန်ခိုးရှိတဲ့ သတ္တ၀ါ ဖြစ်လာပါတော့တယ်။

လူမျိုးစုသင်္ကေတအနေနဲ့ သတ္တ၀ါတွေကို ကိုးကွယ်တဲ့ခေတ်တွေ ကျော်လွန်ခဲ့ပေမယ့် ယခုအချိန်အထိ တရုတ်လူမျိုးတွေရဲ့ အသည်းနှလုံးမှာ နဂါးဟာ အလွန်အရေးပါနေဆဲပါ။ နဂါးကနေ ဆင်းသက်လာတဲ့ လူမျိုးတစ်ခုအဖြစ် ဂုဏ်ယူဝံ့ကြွားနေဆဲပါ။

Wednesday, February 6, 2008

The Chinese Dragon

ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက တရုတ်လူမျိုးတွေဟာ နဂါးကို မြင့်မြတ်တဲ့ အလွန်တန်ခိုးရှိတဲ့ ဒဏ္ဍာရီနွယ် အကောင်တစ်မျိုးလို့ မြင်ကြပါတယ်။ နဂါးဟာ တရုတ်ဒဏ္ဍာရီဝင် တန်ခိုးရှိအကောင် လေးမျိုးထဲက တစ်မျိုးပါ။ နောက် အကောင်သုံးမျိုးကတော့ အနီရောင် ဇာမဏီငှက်၊ ကျားဖြူနဲ့ လိပ်တို့ပါပဲ။ နဂါးဟာ မိုးပေါ်ပျံလို့ရသလို ရေလည်း ကူးတတ်ပါတယ်။ မိုးတွေ လေတွေကိုလည်း လိုသလို ဆင့်ခေါ်နိုင်တဲ့ အစွမ်းတွေ ပိုင်ဆိုင်ပါတယ်။

တန်ခိုးရှင်ဖြစ်တဲ့နဂါးတွေဟာ လူသားတွေကို လာဘ်လာဘ ပေါကြွယ်ဝမှုတွေ၊ ချမ်းသာမှုတွေ၊ ကံကောင်းခြင်းတွေ ပေးစွမ်းနိုင်တယ်လို့၊ လူသားတွေကိုလည်း သူတို့ရဲ့ ဆန်းကြယ်တဲ့ တန်ခိုးအစွမ်းတွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ ဘေးအန္တရာယ်ကနေ အကာအကွယ်ပေးထားတယ်လို့ ယုံကြည်ကြပါတယ်။ တရုတ်လူမျိုးတွေအတွက် နဂါးဟာ တော်ဝင်နန်းထိုက်၊ တန်ခိုးပါဝါ၊ ကြီးကြယ်မြင့်မြတ်မှု၊ သူရဲကောင်း စတာတွေကို ကိုယ်စားပြုစေခဲ့ပါတယ်။

မကောင်းဆိုးဝါးလို့ တခါတရံ သရုပ်ဖော်ခံရတဲ့ အနောက်တိုင်းက နဂါးတွေနဲ့ မတူ တမူထူးခြားစွာ အရှေ့တိုင်းက တရုတ်နဂါးတွေဟာ ချစ်ခင်လေးစားမှုတွေနဲ့ ထုံမွမ်းထားပါတယ်။ လူတွေက နဂါးတွေကို ချစ်လည်း ချစ်ကြသလို ကြောက်လည်း ကြောက်ကြပါတယ်။ ချစ်ကြောက်ရိုသေပေါ့။ ဒါကြောင့်မို့ တရုတ်ဘုံကျောင်းတွေမှာ လူတွေဟာ နဂါးရုပ်ထုတွေကို အမွေးတိုင်တွေ ထွန်းပြီး အရိုအသေပေး ကန့်တော့နေကြတာကို တရုတ်မြို့ အတော်အများမှာ တွေ့မြင်ရမှာပါ။ အဲဒီလို ဆုတောင်းတဲ့အခါမှာ နဂါးတွေက သူတို့ကို စောင့်ရှောက်ဖို့၊ ရာသီဥတု ကောင်းမွန်စေဖို့၊ လောကကြီး ငြိမ်းချမ်းသာယာဖို့ ဆုတောင်းလေ့ ရှိကြပါတယ်။


နဂါးဟာ ဘုရင်မင်းဧကရာဇ်တွေရဲ့ တော်ဝင်နန်းထိုက်တဲ့ သင်္ကေတတစ်ခုအဖြစ်လည်း သုံးကြပါတယ်။ ရှင်ဘုရင်ရဲ့ ခန္ဓာကိုယ်ကို နဂါးရဲ့ခန္ဓာကိုယ်နဲ့ ခိုင်းနှိုင်းသလို ရှင်ဘုရင်ရဲ့ မျက်နှာကို နဂါးရဲ့မျက်နှာလို့ ခေါ်ဆိုကြပါတယ်။ ဘုရင်တွေဟာ နဂါးပုံပါတဲ့ ၀တ်ရုံတော်ကို ၀တ်ဆင်ပါတယ်။ နဂါးပလ္လင်မှာ ထိုင်ပြီး နဂါးသလွန်တော်မှာ စက်တော်ခေါ်ကြပါတယ်။ မင်းညီမင်းသား ဆွေတော်မျိုးတော်တွေကို နဂါးမျိုးဆက်လို့ ခေါ်ဝေါ်ကြပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ တရုတ်နဂါးဟာ မြွေရဲ့ ခန္ဓာကိုယ်ကို အဓိက ထားပြီး အခြားအကောင်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ ဒဏ္ဍာရီလာ သတ္တ၀ါတစ်မျိုးပါ။ နဂါးရဲ့ ဦးခေါင်းပိုင်းမှာဆိုရင် ၀က်ဦးခေါင်း၊ ဒရယ်ချို၊ ဆိတ်မုတ်ဆိတ်နဲ့ နွားနားရွက်တွေကို အချိုးကျကျ ပေါင်းစပ်ထားပါတယ်။ ကိုယ်လုံးကတော့ မြွေကိုယ်လုံးဖြစ်ပြီး အကြေးခွံတွေက ငါးအကြေးခွံတွေပါ။ နဂါးရဲ့ ခြေထောက်က သိမ်းငှက်ခြေထောက်ကို ယူသုံးထားသလို ခြေသည်းတွေက သိမ်းငှက်ခြေသည်းတွေပါပဲ။

တရုတ်တွေရဲ့ ပထမဦးဆုံး နဂါးပုံကို တွေ့ရှိမှုကတော့ ရှေးဟောင်းဂူတစ်ခုထဲမှာ တွေ့ခဲ့ရပါတယ်။ အဲဒီလွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကျော်က လက်ရာပါ။ အစောဦးဆုံး လက်ရာတစ်ခုပါ။ ကမာကောင်တွေရဲ့ အခွံတွေကို အသုံးပြုပြီး နဂါးပုံ ပုံဖော်ထားတာပါ။ နဂါးမှာ လက်တွေ ခြေတွေပါတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်က ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နဂါးပုံကတော့ အတွင်းမွန်ဂိုလီယားမှာ တွေ့ခဲ့ပါတယ်။ ယွမ်မင်းဆက်၊ မင်မင်းဆက်နဲ့ ချင်မင်းဆက်တွေရဲ့ ဘုရင်ဝတ်ရုံတွေမှာ ထည့်တဲ့ နဂါးမှာ ခြေသည်း ၅ ခု ပါလာတာကို တွေ့ရှိရပါတယ်။ အစပိုင်း နဂါးတွေမှာ အဲဒီလောက်အထိ အသေးစိတ် ဖော်ကျူးထားတာ မရှိခဲ့ပါဘူး။

ကဲ.... တရုတ်နဂါးအကြောင်း လေ့လာထားမိသလောက် ပြန်လည် ဝေမျှလိုက်ပါတယ် ခင်ဗျာ။