.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, November 28, 2008

Busy days

ဒီတစ်ပတ်လုံး အတော် အလုပ်များပါတယ်။ တနလာင်္နေ့ တစ်ရက်ပဲ အသက်ရှူချောင်တယ်။ အင်္ဂါနေ့က စပြီး သောကြာနေ့အထိ ရူးမတတ် အလုပ်များတယ်။ ရူးတော့ မရူးသေးပါ။ ဒါကြောင့် ကျွန်တော့်ဘလော့လည်း အချိန်ပေးပြီး မရေးနိုင်သလို တခြားသူတွေဆီကို အလည်အပတ်လည်း မထွက်ဖြစ်ပါဘူး။

စင်္ကာပူမှာ အလုပ်လုပ်ရတာ တခါတလေတော့လည်း ရူးချင်ချင်ပါပဲ။ လုပ်ပုံလုပ်နည်းတွေနဲ့ ပါတ်သတ်ပြီး အထင်ကြီးစရာတွေ ရှိသလို သောက်တလွဲတွေလည်း အများကြီးပါပဲ။ ရှေ့ ၂ လကတည်းက ကြိုသိထားတဲ့ အလုပ်ကြီးတစ်ခုနဲ့ ပါတ်သတ်ပြီး လုပ်စရာရှိတာတွေကို ကြိုမလုပ်ထားပဲ အနားရောက်မှ ကပ်ပြီးခိုင်းတော့ လုပ်ရတဲ့သူအကုန် သေပြီပေါ့။ ဗုဒ္ဓဟူးနေ့မှာ သြစတေးလျက ယူဇာက Testing လုပ်ချင်လို့ System ကို အဆင်သင့်ဖြစ်အောင် Configure လုပ်ထားပေးပါတဲ့။ ပြောတဲ့အချိန်က တနလာင်္နေ့ည ၁၀ နာရီ။

အင်္ဂါနေ့မှာ လိုအပ်တဲ့ဟာတွေကို စီစဉ်ရပြီ။ ကွန်ပျူတာဆာဗာ အရင်ရှာရတယ်။ ပြီးတော့ ဒေတာဘေ့စ်အတွက် DBA (Database Administrator)နဲ့ စကားပြောညှိနှိုင်းရတယ်။ ဒါတောင် ဒေတာဘေ့စ်က လိုအပ်တဲ့အတိုင်း မမှာမိလို့ နောက်တစ်ခါ ပြန်လုပ်ခိုင်းရသေးတယ်။ အဲဒါနဲ့တင် နေ့ဝက်ကျော်နေပြီ။ သြစတေးလျကနေ လှမ်းသုံးလို့ရအောင် Web server ထိုင်ရသေးတယ်။ ညနေစောင်းနေပြီ ကျွန်တော် လုပ်ရမယ့် အလုပ်က အခုထိ မစရသေးဘူး။ ညနေ ၅ နာရီမှ ကျွန်တော့်အပိုင်းက စရတော့တယ်။ ပုံမှန်ဆိုရင် ၂ ရက်ကြာအောင် လုပ်ရတဲ့ အလုပ်ကို ညတွင်းချင်း မအိပ်ပဲလုပ်ရတယ်။ ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီခွဲကျော်မှာ အကြမ်းထည် ပြီးသွားတယ်။ စမ်းလို့ရပြီဆိုတဲ့အကြောင်း ရုံးကို အီးမေးလ် ပို့လိုက်တယ်။

ဗုဒ္ဓဟူးနေ့ မနက်ကို ၉ နာရီခွဲမှ အိပ်ရာနိုးတယ်။ မျက်နှာသစ်ပြီးတော့ အီးမေးလ်တွေ ထိုင်စစ်လိုက်တယ်။ လုပ်စရာရှိတဲ့ အလုပ်တွေကို ရုံးမသွားပဲ အိမ်ကနေ လုပ်ပေးထားလိုက်တယ်။ နေ့လည် ၁၂ နာရီမှ ရုံးကို ထွက်လာခဲ့လိုက်တယ်။ လမ်းမှာ ဖုန်းကို စစ်ကြည့်တော့ မတ်ဆေ့ခ်ျတွေ ၀င်နေတယ်။ ဘယ်ကပို့တာလဲ ဆိုတော့ ရုံးကတစ်ယောက် ပို့ထားတာ။ မနက် ၈ နာရီခွဲကတည်းက ပို့ထားတာဗျ။ ဘာရေးထားလဲ ဆိုတော့ ရုံးလာနေပြီလားတဲ့။ တစ်ညလုံး မအိပ်ပဲ အလုပ် လုပ်ပေးထားတဲ့သူကို မနက် ၈ နာရီခွဲမှာ ရုံးလာနေပြီလား... မေးရက်တယ်နော်။ အတော် ဒေါသထွက်စရာပဲ။

ဗုဒ္ဓဟူးနေ့ညမှာလည်း စောစော မအိပ်ရပါဘူး။ တခြား ပရောဂျက်က အလုပ်တွေကို ဒီအတိုင်း ပစ်ထားလို့မှ မရတော့ ကိုယ်ပဲ လုပ်ရတာပေါ့ကွယ်။ သြစတေးလျပရောဂျက်ရဲ့ စမ်းသပ်တဲ့အဖြေကနေ လိုအပ်တာတွေကို တစ်ညလုံး ထပ်ပြင်၊ ထပ်ဖြည့်ပေးနေရတာနဲ့ ကြာသပတေးနေ့ မနက် ၂ နာရီကျော်မှ အိပ်ရာဝင်ရတယ်။ တခြားပရောဂျက်တွေလည်း ဒီရက်တွေမှာ အချိုးမပြေပါဘူး။ လိုအပ်ရင်တာ ဖင်မထားမတတ် ဖူးဖူးမှုတ်ပြီး လုပ်ပေးပါ ရှင်းပေးပါ တကဲကဲ အီးမေးလ်တွေ လိမ့်ပို့နေတယ်။ ကိုယ်က လုပ်ပေးပြီးလို့ အကျိုးအကြောင်း အီးမေးလ်ပို့ပြီး မေးထားတာ တခါမှ အကြောင်းမပြန်ဘူး။ သူတို့ အကြောင်းမပြန်တော့ ကိုယ်လုပ်ပေး အဆင်ပြေလား မပြေလား အသေအချာ မသိလိုက်ရဘူးပေါ့။ အချိန်အတော်ကြာမှ ပြသနာတစ်ခုခု ထဖြစ်ရင် ကိုယ့်ဆီကို လက်ညိုးထိုးကြအုံးမယ်။ သောက်ကျင့်တွေက တစ်စက်မှ မကောင်းဘူး။

ကြာသပတေးနေ့ညလည်း ကုလားပြည်က ပရောဂျက်တစ်ခုကို ၀ိုင်းကူပေးပါဆိုလို့ ၀င်ကူညီပေးလိုက်တာ မိုးလင်းရော။ အမှန်ဆို အဲဒီအလုပ်က ကိုယ်နဲ့ တိုက်ရိုက် မဆိုင်ပါဘူး။ သူတို့တွေ အလုပ်များနေတာ သိလို့ ကိုယ်လည်း လုပ်ပေးနိုင်တာ ဖြစ်လို့ ကူညီပေးလိုက်တာပါပဲ။ အမှန်ဆို ကုလားပြည်က ကုလားတွေ လုပ်ရမှာ။ သူတို့က မလုပ်တတ်ဘူး မသိဘူး ဖင်ပိတ်ငြင်းနေတော့ စင်္ကာပူဘက်က လုပ်ပေးရတာပေါ့ဗျာ။ ၀ိုင်းကူတာက ကူပေးပါတယ်။ ခက်တာက ကူညီပေးတိုင်းလည်း မကောင်းဘူး ခင်ဗျ။ ကူညီတတ်မှန်းသိရင် တချို့တလေက လုပ်နိုင်ရဲ့သားနဲ့ ရေသာခိုပြီး မလုပ်တတ်ဘူး ငြင်းကြတယ်။ ဘောလီဘော ပုတ်ကြတယ်ဗျ။ အဲဒီတော့ လုပ်တတ်တဲ့သူ အိပ်ရေးပျက်ခံ တစ်ညလုံး လုပ်ပေးပေတော့။

ဒီရက်ထဲမှာ ခေါင်းစားတာက စာအုပ်ကြီးသမားတွေနဲ့ ဆက်ဆံရတာပါပဲ။ ကိုယ်ဘက်က လုပ်ပေးလိုက်ရင် ဘာမှ အချိန်ကုန်တာ မဟုတ်ပေမယ့် စာအုပ်ကြီးနဲ့ တိုင်းနေတော့ အလုပ်တွေ နှောင့်နှေးပြီး မလိုအပ်တာတွေ ထပ်ကုန်ရတာပေါ့။ ပြသနာ ဖြစ်ဖြစ်ချင်းမှာ ဖြေရှင်းပေးလိုက်ရင် တစ်ရက်နဲ့ ပြီးမယ့် အလုပ်ကို ခွင့်ပြုချက်တွေ အတည်ပြုချက်တွေ အဆင့်ဆင့်စောင့်နေတော့ ၅ ရက်လောက် လုပ်ရမယ့် အလုပ်ဖြစ်သွားရော။ ဒါတောင် လမကုန်သေးလို့။ နောက်လကို ကူးသွားရင် ၅ ရက် မပြောနဲ့ကို ၁၅ ရက်တောင် မပြီးဘူး။ အခန့်မသင့်ရင် ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့ အနေအထားထိ ရောက်သွားနိုင်တယ်။ အပ်နဲ့ ပေါက်ရမယ့် ကိစ္စကို ပုဆိန်နဲ့ ထွင်းနေကြတယ်။

အဲဒါပါပဲ။ ဒီရက်အတွင်းမှာ ကျွန်တော် ဇူလိုင် မြွေကိုက်နေတယ်။ ဒါပေမယ့် ညတိုင်းတော့ ပြေးဖြစ်ပါတယ်။ ည ၉ နာရီကျော်မှာ ပြေးတဲ့ တရုတ်မလေး ၂ ယောက်က ချောတယ်ဗျ။ အခုညလည်း ပြေးပြီး ပြန်လာတာပါပဲ။ ဒါပေမယ့် ဒီညတော့ အလုပ်တွေ ဘယ်လောက်ရှိရှိ မအိပ်ပဲနေလို့တော့ မရဘူး။ မနက်ဖြန် မနက်ပိုင်း SG Blogger Blood Driveမှာ သွေးလှူစရာ ရှိတာမို့လို့ ဒီတစ်ညတော့ စောစောအိပ်ရမယ်ဗျ။

Monday, November 24, 2008

SG Blogger Blood Drive


Nuffnang Singapore is pleased to bring you Singapore’s first blogger blood donation drive!

Our aim is to get 300 bloggers to donate blood on a single day! With each donation saving 3 lives potentially, that’s 900 lives saved! As a community, besides enjoying movies, parties, and great contests together, we also hope to foster a sense of charity and goodwill. 25,000 bloggers can do a whole lot of good for the community at large, and we want to make as much noise as possible!

The Nuffnang team has been hard at work to ensure that whilst our bloggers are doing good, all our bloggers have as fun a day out as possible! It will be a blogger “festival” of sorts, with games, movie screenings, food, and great great company THROUGHOUT the day. Each blogger blood donor will also receive a certificate to commemorate this momentous event, and a very limited T Shirt, to SHOUT TO THE WORLD, “I TOOK PART IN SINGAPORE’S FIRST BLOGGER BLOOD DONATION DRIVE”.

You’re just our type, so let’s gooooo Nuffnangersss!!!! Be part of Singapore's First Blogger Blood Drive on 29th November 2008 at the Bloodbank @HSA.

TO RSVP for this event: Email your name, IC no, and blog address to savelives@nuffnang.com

FOR MORE INFORMATION: Email your queries to aymt@nuffnang.com


How to go to the Blood Bank? See in this post.
What is the Blood donation procedure? See in this post.

Saturday, November 22, 2008

My favorite cartoon movie

အရူးအပေါဂိုဏ်း နာယကကြီး ၀က်ခေါင်းကိုင် သခင်မ ရှင်ဂွမ်းသာလို့ ကျွန်တော် ခေါ်တဲ့ မတူးတူးသာက မနက် အိပ်ရာနှိုးရင် သူ့ဘလော့ကို လာခဲ့... Tag စရာ ရှိလို့တဲ့။ သူကတော့ ရေးနေတုန်း မပြီးသေးဘူးတဲ့။ ချက်ချင်းဆိုသလို ကာတွန်းကားအကြောင်း ရေးခိုင်းမယ်ဆိုတာကို သိလိုက်တယ်။ နန်းညီဆီမှာ Lion King အကြောင်း ရေးထားတာကို ဖတ်မိထားတော့ အဲဒီ Tag Game က မကြာခင် ကျွန်တော်ဆီကို လာတော့မယ် ဆိုတာ သဘောပေါက်ထားတယ်လေ။
Mighty Mouse, Micky Mouse, Tom & Jerry တို့ကတော့ ငယ်စဉ်တောင်ကျေး နှပ်ချီးတွဲလောင်း ကလေးဘ၀ကတည်းက ကြည့်ခဲ့တဲ့ ကာတွန်းစီးရီးတွေပေါ့။ ဒီလိုပဲ ကြည့်ဖူးခဲ့တဲ့ ကာတွန်းရုပ်ရှင်တွေက အများကြီးပါပဲ။ မှတ်မိသလောက် ပြန်ရေးပြရင်တော့... The Jungle Book, Bambi, Tarzan, Snow White and The Seven Dwarfs, Cinderella, Aladdin, Sinbad, Hercules, Sleeping Beauty, Beauty And The Beast, Pocahontas, The Lion King, The Little Mermaid, Toy Story, Shark Tale, Shrek, Mulan, Madagascar, Ice Age, Antz, A Bug's Life, Finding Nemo, Ratatouille, Kung Fu Panda.
အဲဒီကာတွန်းကား အားလုံးနီးပါးကို သဘောကျမိတယ်။ လူတွေ သရုပ်ဆောင်ထားတဲ့ရုပ်ရှင် ကြည့်ရတာထက် ကာတွန်းကားတွေ ကြည့်ရတာကို နှစ်သက်မိတယ်။ စိတ်ချမ်းသာလို့၊ ချစ်စရာကောင်းလို့၊ အပြစ်ကင်းလို့။ သူတို့တွေက ဘ၀အမောတွေကိုလည်း ပြေစေတယ်။ စိတ်ညစ်နေတာတွေလည်း ပျောက်သွားစေတယ်။ အဲဒီကာတွန်းကားတွေထဲမှာ အကြိုက်ဆုံးကို ရွေးဖို့က အတော်ခက်ပါတယ်။ ဘယ်ရည်းစားကို အချစ်ဆုံးလဲ မေးသလိုမျိုးပဲဗျာ။ အားလုံးနီးပါးက ရသကိုယ်စီနဲ့ ကောင်းမွန်လွန်းလှပါတယ်။ အဲဒီကာတွန်းကားတွေကို ကလေးတွေပဲ ကြိုက်ကြတာ မဟုတ်ပါဘူး။ ကြီးကောင်ကြီးမား ကျွန်တော်တို့ အရွယ်တွေလည်း နှစ်ခြိုက် တပ်မက်နေတုန်းပါ။ ကလေးတွေ ကြည့်နေတဲ့အချိန် သူတို့ မိဘတွေလည်း အတူ ကြည့်ကြတဲ့ ကားတွေပါ။
ကျွန်တော့်အနေနဲ့ အကြိုက်ဆုံး နံပါတ် ၁ ပေးပြီး ရွေးချယ်ချင်တာကတော့ တရုတ်ဒဏ္ဍာရီ ပုံပြင်လေးတစ်ခုကို အသက်သွင်းထားတဲ့ Mulan ဆိုတဲ့ ကာတွန်းကားပါပဲ။ အဲဒီဇာတ်ကားလေးကို ၁၉၉၈ ခုနှစ် ဇွန်လမှာ ထုတ်လုပ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်က အဲဒီကာတွန်းကားကို ၂၀၀၀ ခုနှစ်လောက်မှ ကြည့်ဖူးခဲ့တာပါ။ ၁၉၉၈ခုနှစ်ရဲ့ ၀င်ငွေအများဆုံး နံပတ်ခုနစ် နေရာမှာ ချိတ်ခဲ့တဲ့ ဇာတ်ကားလေးပါပဲ။ ၀င်ငွေစုစုပေါင်း ဒေါ်လာ ၃၀၄ သန်း ရရှိခဲ့ပါတယ်။ အရှေ့တိုင်းပုံစံ တရုတ်ယဉ်ကျေးမှုနဲ့ တူအောင် အဓိကထား ရေးဆွဲခဲ့တဲ့ မုလန်ဟာ The Lion King လို အသေးစိတ် မခြယ်မှုန်းထားပါဘူး။ ဇာတ်ကားတစ်ခုလုံးကို ရေဆေးနဲ့ ရေးဆွဲခဲ့ပါတယ်။
ဇာတ်လမ်းကျောရိုးကတော့ တရုတ်အင်ပါယာ သက်ဦးဆံပိုင် ဘုရင်ခေတ်မှာ အခြေခံထားပါတယ်။ အာရှတိုက် အလယ်ပိုင်းက Hun လူမျိုးတွေရဲ့ စစ်တပ်ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ရှန်ယူဟာ တရုတ်ပြည်ကို ကျူးကျော် တိုက်ခိုက်လာပါတယ်။ အဲဒီကျူးကျော်စစ်ကို ခုခံဖို့အတွက် အိမ်တိုင်းအိမ်တိုင်းက အရွယ်ရောက်ပြီးသား ယောကျာ်းတိုင်း စစ်ထဲ ၀င်ရမယ်လို့ တရုတ်အင်ပါယာ ဘုရင်ကြီးက အမိန့်တော် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအချိန်... ရွာလေးတစ်ရွာမှာ လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ကင်းကင်း နေတတ်တဲ့ ကောင်မလေး တစ်ယောက် ရှိပါတယ်။ သူမကို ၀ှါးမုလန်လို့ ခေါ်သတဲ့။ သူမရဲ့မိသားစုမှာ ယောကျာ်းသားဆိုလို့ ခြေထောက် မသန်တဲ့ စစ်ပြန် အဖေအိုကြီးပဲ ရှိပါတယ်။ ဘုရင်ရဲ့ အမိန့်တော်ကို လက်ခံရရှိချိန်မှာ မုလန်ဟာ သူမရဲ့ ဆံပင်ကို ဖြတ်၊ ယောကျာ်းလေးလို ၀တ်စားဆင်ယင်ပြီး သူမအဖေရဲ့ ကိုယ်စား စစ်ထဲ ၀င်ခဲ့ပါတယ်။ သူမရဲ့ ပိန်ညှောင်ညှောင် နဂါးလေးမူရှူးရဲ့ အကူအညီတွေနဲ့အတူ သူမဟာ စစ်ဗိုလ်လေး လီရှန်းနဲ့ ရဲဘော်တွေရဲ့ ယုံကြည်မှုကို ရရှိအောင် ကြိုးစားနိုင်ခဲ့ပါတယ်။

မုလန်ဟာ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုး အနိဌာရုံကို ရိုက်ကူးတင်ပြခဲ့တဲ့ Disneyရဲ့ ပထမဦးဆုံးသော ကာတွန်းကား ဖြစ်ပါတယ်။ နှင်းထုပေါ်မှာ အသက်မဲ့နေတဲ့ ရာပေါင်းများစွာသော အလောင်းကောင်တွေကို အဲဒီ ကာတွန်းကားထဲမှာ မြင်တွေ့ရမှာပါ။ စစ်ပွဲတစ်ပွဲ ပြီးဆုံးချိန်မှာ ကျန်ရှိခဲ့တဲ့ မြင်ကွင်းတွေပေါ့။ ဒါပေမယ့် ကာတွန်းပုံတွေဟာ ထိတ်လန့်ဖွယ် စက်ဆုပ်ရွှံရှာဖွယ်တော့ မဟုတ်ပါဘူး။ ဒါကြောင့် မုလန်ဟာ စစ်ပွဲတွေကို ဂုဏ်တင်နေတဲ့ ကာတွန်းကားလေးတစ်ခု မဟုတ်တာတော့ အသေအချာပါပဲ။
အဓိကဇာတ်ကောင် မုလန်ဟာ မြင်တွေ့နေကျ Disney ဇာတ်ကောင်တွေရဲ့ ၀တ်စားဆင်ယင်ပုံနဲ့ မတူပဲ တမူထူးခြားပါတယ်။ တရုတ်ဝတ်စုံလေးနဲ့ အမြင်ဆန်းစေပါတယ်။ အခြားကာတွန်းဇာတ်ကောင်တွေ ဖြစ်တဲ့ Alice, Jasmin, Pocahontas တို့ရဲ့ ပုံစံတွေနဲ့ မတူပေမယ့် ဓလေ့ထုံးတမ်းရဲ့ ချည်နှောင်မှုကို မခံယူလိုတဲ့ မိန်းမသားတစ်ယောက်ရဲ့ စိတ်ဓါတ်ခွန်အားတွေမှာတော့ တူညီနေတာကို တွေ့ရမှာပါ။ ဒီကာတွန်းကားထဲမှာ ကျားမကဏ္ဍ သာတူညီမျှ ရှိရမယ်လို့ တကူးတက အလေးထား ဖော်ပြထားတာ မရှိပေမယ့် ကလေးတွေရဲ့ စိတ်ထဲမှာ ယောကျာ်းတွေလို မိန်းမသားတွေမှာလည်း အစွမ်းသတ္တိတွေ ရှိနေပါလား..... ဆိုတာကို ခံစား သိရှိသွားစေနိုင်ပါတယ်။

Disneyရဲ့ ထုံးစံအတိုင်း ကာတွန်းကားထဲမှာ ထူးထူးခြားခြား အမှတ်ရစရာတွေလည်း ရှိပါတယ်။ မုလန်ရဲ့ ခြေနှစ်ဘက်နဲ့ စုံကန်ချက်တွေဟာ ထင်ရှားလှသလို စကားတစ်ခွန်းမှ မပြောတဲ့ ပုရစ်လေးလည်း ချစ်စရာ ကောင်းလှပါတယ်။ နောက်တစ်ခုက တခါမှပါးစပ်မပိတ်ပဲ စကားအရမ်းများတဲ့ နဂါးပိန်ညှောင်လေး မူရှူးပါ။ မုလန်ကာတွန်းကားမှာ ကလေးတွေရဲ့ အဓိက ဇာတ်ကောင်က နဂါးပိန်ညှောင်လေး မူရှူးပါပဲ။ သူကြောင့် ကလေးတွေ အဲဒီကာတွန်းကားကို အရူးအမူး ကြိုက်ကြတာပါ။ အဲဒီလိုပဲ ကလေးမဟုတ်တော့တဲ့ ကျွန်တော်တို့ အရွယ်တွေမှာလည်း နဂါးပိန်ညှောင်လေး မူရှူးကြောင့် ပြုံးခဲ့ ရီခဲ့ရတာပေါ့။

အဲဒီကာတွန်းကားလေးထဲမှာ ပုံမှန်သုံးနေကျ မဟုတ်တဲ့ ကင်မရာ ရိုက်ထောင့်တွေ အသစ်အဆန်းမျိုးစုံ သုံးထားတာကိုလည်း တွေ့မြင်ရအုံးမှာ။ ရှေ့အရင် ကာတွန်းကားတွေထက် ပိုပြီး ကြိုးစား အားထုတ်ထားပုံပဲ။ ရိုက်ချက်ဆန်းတွေကို အဖွင့်ခန်းဖြစ်တဲ့ မဟာတံတိုင်းကို ရန်သူတွေ တိုက်ခိုက်တဲ့အခန်းမှာ တွေ့မြင်နိုင်သလို စစ်တပ်ကို လေ့ကျင့် တည်ဆောက်နေတဲ့ အခန်းတွေ၊ နှင်းတောင်တွေက တိုက်ပွဲအခန်းတွေ၊ ရွာတွေ မီးလောင် ပျက်စီးနေတဲ့ အခန်းတွေမှာ တွေ့မြင်နိုင်ပါတယ်။ ချီးကျူးရမယ့် လက်ရာကတော့ မိန်းမသား တစ်ယောက်ကို ယောကျာ်းပုံစံတူအောင် လုပ်ထားပေမယ့် မိန်းမသားဆိုတဲ့ နွဲ့နွဲ့နှောင်းနှောင်းပုံစံလေးကို မပျောက်သွားအောင် ကာတွန်းပုံဆွဲနိုင်ခဲ့တာပါပဲ။
မုလန်ကာတွန်းကားနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေက..
Featuring the voices of: Ming-Na Wen, Eddie Murphy, B.D. Wong, Miguel Ferrer, Harvey Fierstein, Pat Morita, Soon-Tek Oh, George Takei
Directors: Tony Bancroft, Barry Cook
Producer: Pam Coats
Screenplay: Eugenia Bostwick-Singer, Rita Hsiao, Philip LaZebnik, Chris Sanders, Raymond Singer
Music: Jerry Goldsmith
Songs by: Matthew Wilder and David Zippel
U.S. Distributor: Walt Disney Pictures

မုလန်ကာတွန်းကားရဲ့ ဇာတ်ဝင်သီချင်းတွေကို YouTube မှာ ကြည်လို့ရပါတယ်။
ဒါက I'll Make a Man Out of You သီချင်းစာသားလေးပါ။
Vocals: Donny Osmond and Chorus
Lyrics: David Zippel

I'll Make a Man Out of You

Let's get down to business - to defeat the Huns
Did they send me daughters when I asked for sons?
You're the saddest bunch I've ever met
But you can bet before we're through
Mister, I'll make a man out of you

Tranquil as a forest
But on fire within
Once you find your center
You are sure to win
You're a spineless, pale pathetic lot
And you haven't got a clue
Somehow I'll make a man out of you

I'm never gonna catch my breath
Say goodbye to those who knew me
Boy, was I a fool in school for cutting gym
This guy's got 'em scared to death
Hope he doesn't see right through me
Now I really wish that I knew how to swim

(Chorus:)
Be a man
We must be swift as the coursing river
Be a man
With all the force of a great typhoon
Be a man
With all the strength of a raging fire
Mysterious as the dark side of the moon

Time is racing toward us till the Huns arrive
Heed my every order and you might survive
You're unsuited for the rage of war
So pack up, go home you're through
How could I make a man out of you?

ကဲ... ဖတ်တဲ့လူတွေကိုတော့ အားနာပါတယ်။ စာလည်း အတော်ရှည်သွားတယ်။ ရေးချင်တာတွေ များနေတော့ တစ်ခါတည်း ရေးလိုက်မိတယ်။ အခုရေးထားတာက ပန်းချီပညာရှင် ကာတွန်းပညာရှင်အဆင့် မဟုတ်ပါဘူး။ ကာတွန်းကားကို ကြည့်မိပြီး စိတ်ထဲမှာ မြင်သလောက် ခံစားရသလောက် ရေးချလိုက်တာပဲ။ ဒီပို့စ်ရေးတာ အချိန်အကြာဆုံးပဲ။ ၉ နာရီကျော် ကြာတယ်။ စာရေးတာက နည်းနည်း ကာတွန်းကားတွေ လိုက်ကြည့်နေတာ များများပါ။ ပုံတွေ ရှာရတာလည်း အချိန်ကုန်တယ်။ မှီငြမ်းဖို့ အချက်အလက်တွေလည်း ရှာရသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ အတော်လေး နုပျိုသွားတယ်။

ကဲ... အစဉ်အလာရ ဆက်ပြီး Tag ရမယ်ဆိုရင်တော့... ကျောင်းက လူတွေပဲ Tag တော့မယ်ဗျာ။ ရေးပေးမယ် ထင်လို့ Tag လိုက်ပါပြီ။

ဒါပေမယ့် အဲဒီလိုဆိုရင် ခွဲခြားဆက်ဆံတယ် ဖြစ်မှာစိုးလို့... ရေးပေးမယ်ဆိုတဲ့ သူတွေကို နောက်ထပ် Tag လိုက်ပါအုံးမယ်။ မရေးချင်ဘူး မရေးတတ်ဘူးဆိုတဲ့ သူတွေကိုတော့ အားနာလို့ မရေးခိုင်းတော့ပါဘူး။

Friday, November 21, 2008

A piece of gipsy life-1

ဖြတ်သန်းခဲ့တဲ့ ဘ၀အခိုက်အတန့်မှာ အမှတ်တရ ရှိခဲ့တာတွေကို ဟိုဟိုဒီဒီ ရေးမလို့ပါ။ ကောင်းတာတွေလည်း ဖြစ်နိုင်သလို မကောင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ ထုံးစံအတိုင်း ပြောရရင် အမြင့်ကြီး မတွေးထားပါနဲ့။ ကျွန်တော်ဟာ သာမာန်လူထဲက လူပါပဲ။ အတွေးထဲမှာ ပေါ်လာတာတွေကို မှတ်တမ်းတင်တဲ့ သဘောလေးပါ။

လောလောဆယ် သတိရနေတာက ကျွန်တော့်ထက် ၅ နှစ်လောက် အသက်ကြီးတဲ့ လူတစ်ယောက်။ သူနဲ့က ငယ်ပေါင်းတွေ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကမှ သိခဲ့တာ။ ကွန်ပျူတာ ဂိမ်းဆော့ရင်း သိခဲ့ရတဲ့သူပေါ့။ ဂိမ်းထဲမှာ သူ့နစ်ခ်က ဒိန်းဂျား ဆိုပဲ။ Counter Strike ဂိမ်းတွေ ဆော့ဖြစ်ကြတော့ သူနဲ့ အဖွဲ့ကျသွားတယ်။ အစဦးပိုင်းမှာ သူက မောက်စ်တောင် သေချာမကိုင်တတ်ဘူး။ ချာလပတ် ရမ်းနေတယ်။ နောက်ပိုင်းကျတော့ သူ့ပစ်ချက်တွေက ကိုယ်ထက်သာသွားတယ်။

သူက ငွေကို ရေလိုသုံးနိုင်တယ်။ သုံးနိုင်မှာပေါ့ သူက ချဲဒိုင်လုပ်တာကိုး။ ဒါတွေက နောက်မှ သိတာပါ။ သိပြီး သိပ်မကြာဘူး... သူလည်း ရဲဖမ်းလို့ ထောင်ကျသွားတယ်။ နယ်ကနေ ရန်ကုန်ကို ဒီအတိုင်း အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ တက်လာပြီး ရေသန့်ထမ်းတဲ့ ဘ၀ကနေ ချဲဒိုင်ကိုင်တဲ့ ဘ၀အထိ အဆင့်ဆင့် ပြောင်းလဲခဲ့တာပါ။ ကိုယ်ပိုင်အိမ် မ၀ယ်နိုင်သေးပေမယ့် ယူထားတဲ့ မိန်းမကို တင့်တင့်တယ်တယ် ထားနိုင်ခဲ့တယ်။ သားလေး မွေးပြီး မကြာခင်မှာပဲ သူ ထောင်ကျသွားတယ်။ အမှုရင်ဆိုင်ချိန်မှာ မိန်းမဘက် အမျိုးတွေက အတင်းအကျပ် ကွာရှင်းခိုင်းလို့ သူ ကွာရှင်းပေးခဲ့လိုက်တယ်။

သူ့ကို စီရင်ချက်ချတဲ့နေ့က ဂိမ်းအတူတူ ဆော့ခဲ့တဲ့ ကျွန်တော်တို့တစ်ဖွဲ့လုံး တရားရုံးရှေ့မှာ ရှိခဲ့တယ်။ ၁၀ ယောက်ကျော်ပေါ့။ အချုပ်ကားလေးနဲ့ ထောင်ကို ပို့တဲ့အချိန် သူက အ၀တ်ဖြူလေးနဲ့ပေါ့။ ငါ ပြန်လာခဲ့မယ်။ မင်းတို့တွေ လက်မကျစေနဲ့နော်... ကြိုးစားထား... လို့ ပြုံးပြုံးလေး ပြောပြီး အချုပ်ကားရဲ့ သံတိုင်ကြားကနေ သူ လက်ပြခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်တော် သူ့ကို နှစ်နဲ့ချီပြီး မတွေ့ဖြစ်တော့ဘူး။ ထောင်ဝင်စာလည်း သွားမတွေ့ဖြစ်ခဲ့ဘူး။

သူနဲ့ပါတ်သတ်ပြီး သတိထားမိတာက သူက မိန်းမကျမ်းကျေတယ်လို့ ဆိုရမလားပဲ။ ဒါမှမဟုတ် စကားပြော ကောင်းတယ်လို့ပဲ ပြောရမယ် ထင်တယ်။ သူ့မှာ ရည်းစားတွေ အများကြီးပဲ။ ပြီးတော့ သူ့ရုပ်ရည်နဲ့ ယှဉ်ရင် သူယူထားတဲ့ မိန်းမက အတော်လေးကို ချောပါတယ်။ အသားလည်း ဖြူတယ်။ သူကတော့ မဲကျုတ်နေတာပဲ။ အဝေးသင်တက္ကသိုလ်မှာ အနီးကပ်သင်တန်းတွေ တက်ရင်း ကြိုက်ခဲ့တဲ့ ရည်းစားတွေထဲက အချောဆုံးကို ရွေးခဲ့တယ်လို့ ပြောတာပါပဲ။ သူ့မိန်းမက ဆွေမျိုးအင်အား တောင့်တင်းတယ်။ သူ့လို့ တစ်ကောင်ကြွက် မဟုတ်ဘူး။ သူနဲ့ သဘောမတူကြဘူး။ အဲဒါကို ရအောင် ယူခဲ့တယ်။ ကျွန်တော်ကတော့ သူ့ကို ကျီးကန်း ဘဲဥချီလာတယ်လို့ စစနောက်နောက် ပြောခဲ့ဖူးတယ်။

သူ ထောင်က လွတ်လာတော့ ကျွန်တော်က စင်္ကာပူ ရောက်နေပြီ။ ဂျီတော့ခ်နဲ့ တစ်ခါ စကားပြောဖြစ်တယ်။ လုပ်ငန်းတွေ ပြန်စချင်လို့ ငွေချေးပါဆိုတာနဲ့ ၅ သိန်း ချေးလိုက်ရသေးတယ်။ အဲဒီနောက်ပိုင်း သူ စီးပွါးရေး အဆင်ပြေပုံပဲ။ ဟန်းဖုန်းတွေတောင် ငှားပြီး သုံးလာနိုင်တယ်။ မိန်းမနဲ့ ပြန်ပေါင်းဖို့ သူကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ ဒီလိုနဲ့ ပေပေတေတေ ပွေနေခဲ့တာပေါ့။ ရည်းစားတွေလည်း အများကြီးပေါ့။

နာဂစ်ဖြစ်တဲ့အချိန်မှာ ကျွန်တော် ရန်ကုန်ကို ရောက်နေခဲ့တယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖြစ်တော့ သူလည်း လုပ်အားပေး ကူညီခဲ့တယ်။ မငြီးမငြူပဲ လူအား ငွေအား အချိန် အကုန်ပံ့ပိုးခဲ့တယ်။ ရန်ကုန်မြို့မှာ မီးမလာ ရေတွေ ပြတ်နေလို့ ပြည်သူတွေ အတော် အတိဒုက္ခ ရောက်ခဲ့ကြတော့ ကျွန်တော်တို့ မီးစက်ကြီးတွေ ရေစုပ်စက်ကြီးတွေနဲ့ ဆင်းရဲတဲ့ ရပ်ကွက်တွေမှာ နေ့ရောညပါ ရေလိုက်တင်ခဲ့ကြတယ်။ သူ့ကို မရမ်းကုန်း အပိုင်းကို ကြီးကြပ်ဖို့ သူငယ်ချင်း တစ်ယောက်နဲ့အတူ တာဝန်ချထားခဲ့လိုက်တယ်။ ကျွန်တော်ကတော့ မြို့နယ်ပေါင်းစုံကို လိုအပ်သလို ပြေးလွှားနေရတာပေါ့။ သူငယ်ချင်းတစ်ယောက်က သူ့ကားလေးနဲ့ ဒိုင်ခံ လိုက်ပို့နေလို့ တော်သေးရဲ့။

ဒီလောက် ခေတ်ကြီး ပျက်နေတဲ့အချိန် ကိုယ်တော်ချောက ပွေတုန်းပဲ။ မရမ်းကုန်းမှာ အထိုင်ချထားတာတောင် ရည်းစားနဲ့ ချိန်းပြီး သမိုင်းလမ်းဆုံက တည်းခိုခန်းမှာ နေ့လည်ပိုင်းကြီး သွားအိပ်ကြသေးတယ်။ ကျွန်တော်က မရမ်းကုန်းဘက်ကို လမ်းကြုံလို့ ၀င်ကြည့်တော့ သူ မရှိဘူး။ ဟိုတစ်ယောက်ပဲ ကျန်တယ်။ မေးကြည့်တော့ ကောင်မလေး တစ်ယောက် လာခေါ်သွားလို ထမင်းစား ထွက်သွားတယ် ဆိုပဲ။ ညဘက်မိုးချုပ် ပြန်လာမှ မေးကြည့်တော့... ကိုယ်တော်က ချစ်ဗျူဟာ ခင်းနေတာကိုး။ ဒီနေ့ ပင်ပန်းတယ်ကွာ... ဆိုပြီး ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတဲ့ တိုက်ခန်းမှာ ၀င်အိပ်သွားပါလေရော။

အဲဒီတိုက်ခန်းမှာ ကျွန်တော် ရှိတဲ့အချိန်မျိုးမှာ သူ့ကို လာတွေ့တဲ့ ကောင်မလေးတွေက တစ်နေ့ တစ်မျိုး မရိုးရအောင်ပဲ။ အိမ်ထောင်ကျဖူးတယ်။ တစ်ခုလပ် ဆိုတာလည်း သူတို့ သိကြတယ်။ ဒါလဲ ဖုန်းဆက်လိုက် လက်ဖက်ရည်ဆိုင် ထိုင်လိုက် အကြော်ဆိုင် ထိုင်လိုက်နဲ့။ တချို့ဆို နာဂစ်ကာလအတွင်းမှာ လိုရင်လိုသလို သူသုံးဖို့စွဲဖို့ဆိုပြီး ပိုက်ဆံတွေတောင် ပေးထားခဲ့သေးတယ်။ ကျွန်တော်နဲ့ ကျောင်းနေဘက် သူငယ်ချင်းရဲ့ ညီမတောင် ပါလိုက်သေးတယ်။ သူနဲ့ဆို အသက်က ၁၀ နှစ်ကျော်တောင် ကွာနေတာ။ ဘာတွေများ ဒီလောက် စွမ်းနေသလဲ မသိဘူး။ တကယ်ကို လိုက်လို့မမှီပါဘူး။

နာဂစ်အပြီး ၃ လ လောက်မှာ သူ သွေးလှူဖို့ဆိုပြီး သွေးစစ်တော့ ဘီပိုး ထိနေတယ် ဆိုတာ သိလိုက်ရတယ်။ သူလည်း အတော် စိတ်ဓါတ်ကျသွားပုံပဲ။ အသားအရည် ဖြူဖတ်ဖြူရော် ပုံစံနဲ့ ဓါတ်ပုံထဲမှာ တွေ့လိုက်ရတယ်။ အဲဒီ ဘီပိုးက သူ ထောင်ကျတုန်းက ရလာတာလား။ ဒါမှ မဟုတ် သူ့ရည်စားတွေနဲ့ ချစ်ပွဲတစ်ရာ နွှဲရင်းကနေ ကူးတာလား။ ဒါဆို ဘယ်နှစ်ယောက်တောင် ဘီထိသွားပြီလဲ။ သေချာတာက သူ့ရည်းစားတွေ အကုန်နီးပါး ဘီပိုး ထိနိုင်တယ် ဆိုတာပါပဲ။ ဘီပိုးကာကွယ်ဆေး မထိုးထားရင်တော့ ထိနိုင်ပြီလေ။

ကျွန်တော်ကတော့ ဖုန်းထဲကနေ တစ်ခွန်းပဲ မှာလိုက်ပါတယ်။ ဒိန်းဂျား... ကွန်ဒုံး သုံးဖြစ်အောင် သုံးပါ...

Thursday, November 20, 2008

Vice President of (fluff)


Facebook ထဲက fluff friends application မှာ သမ္မတရွေးပွဲလုပ်နေတာကို ကျွန်တော် ၀င်ပြိုင်ထားကြောင်း နိုဝင်ဘာလ ၆ ရက်နေ့မှာ ပို့စ်တစ်ခု တင်ဖူးပါတယ်။ မဲပေးချိန်က ၁၄ ရက်ပါ။ မနေ့က ၁၉ ရက်နေ့မှာ ရွေးကောက်ပွဲ ရလဒ်ကို ကြေညာပေးသွားပါတယ်။

မဲအများဆုံးရတဲ့ ထိပ်ဆုံး ၂ ရာခိုင်နှုန်းကို သမ္မတအဖြစ် ရွေးချယ်ပါတယ်။ ဆိုလိုတာက ၀င်ရောက်ယှဉ်ပြိုင်တဲ့ အခြားသော ၉၈ ရာခိုင်နှုန်းသော သူတွေထက် မဲပိုရတဲ့သူတွေပေါ့။ မဲအရေအတွက် အများဆုံး ၂ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းကြား ထောက်ခံမဲရသူများကို ဒုတိယ သမ္မတအဖြစ် ရွေးချယ်ပါတယ်။ အဲဒီလိုပဲ ရရှိတဲ့ ထောက်ခံမဲ အရေအတွက်ပေါ် မူတည်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူတွေ၊ အတွင်းရေးမှူးတွေ၊ လွှတ်တော် ဥက္ကဌတွေ၊ လွှတ်တော်အမတ်တွေ၊ ကိုယ်စားလှယ်တော်တွေ၊ သံအမတ်တွေ အဆင့်ဆင့် ရွေးချယ်သွားခဲ့ပါတယ်။

ကျွန်တော်ကိုဇူလိုင်ရဲ့ fluff friendsလေးကတော့ မဲအများဆုံးရဲ့ထိပ်ဆုံး ၂ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းကြားမှာ ၀င်နေတဲ့အတွက် fluff friends နိုင်ငံတော်မှာ ဒုတိယ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရပါပြီ။ ဒုတိယ သမ္မတရဲ့ အဆောင်အယောင်ဖြစ်တဲ့ တံဆိပ်တုံးနဲ့အတူ အထူးလေယာဉ်ပျံ တစ်စီး ရပါတယ်။ သမ္မတကတော့ အိမ်ဖြူတော်၊ တံဆိပ်တုံးနဲ့ အထူးလေယာဉ်ပျံ တစ်စီး ရပါတယ်။

ကျွန်တော့်ကို facebookမှာ မဲလာပေးတဲ့ ဘလော့ဂါတွေလည်း ရှိပါတယ်။ ဘလော့ဂါ ၅ ယောက်လောက်ပေါ့။ မဲအများစုကတော့ တစ်ခါမှ မသိဖူးတဲ့ Facebookထဲက လူတွေ ပေးသွားခဲ့တာပါ။ စုစုပေါင်း လူပေါင်း ၂၀၀ နီးပါး မဲပေးသွားခဲ့ကြပါတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ မဲပေးဖို့ ပို့စ်တင်ခဲ့ပြီး ရွေးကောက်ပွဲ အဖြေထွက်တာကို မပြောရကောင်းမလား ဆိုပြီး အပြစ်တင် ခံနေရမှာ စိုးရိမ်လို့ အရေမရ အဖတ်မရ ကွမ်းစားတဲ့ ပို့စ်လေး တင်လိုက်တာပါ။ စင်္ကာပူမှာ အင်တာနက် ကောင်းကောင်း ရလို့လည်း ဒါမျိုးတွေ ကလိနိုင်တာပါဗျာ။ မြန်မာပြည်မှာဆိုရင်တော့ စိတ်တောင် မကူးရဲပါဘူး ခင်ဗျ။