၁။ ပထမဦးဆုံး ပုံစံ/ငွေသွင်းဆိုတဲ့ ကောင်တာမှာ မြန်မာငွေ ၃၅၀၀ ကျပ် သွင်းပြီး အစိမ်းနုရောင် ပြေစာတရွက် အရင်ထုတ်ရပါမယ်။ အဲဒီပြေစာက ဓါတ်ပုံရိုက်တဲ့နေရာမှာ ပြရမယ့် ပြေစာပါပဲ။
၂။ ဘေးကပ်ရက်(L ပုံစံ ထောင့်ချိုး)က ကောင်တာမှာ ငွေသွင်းထားတဲ့ ပြေစာကို ပြပြီး လျှောက်လွှာ ၃ စောင်တွဲကို ထုတ်ရပါမယ်။ ပြေစာပေါ်မှာ လျှောက်လွှာထုတ်ပြီးကြောင်း အမှတ်အသားတခု လုပ်ပေးပါလိမ့်မယ်။
၃။ လျှောက်လွှာကို နောက်မှ ဖြည့်ပါ။ ဓါတ်ပုံ အရင် သွားရိုက်ပါ။ ဓါတ်ပုံရိုက်တဲ့အခန်းက အမျိုးသားတခန်း အမျိုးသမီးတခန်း ရှိပါတယ်။ ၁၅ မိနစ်လောက် ကြာရင် ပထမဦးဆုံး ငွေသွင်းခဲ့တဲ့ ကောင်တာဘေးက ဓါတ်ပုံထုတ်ရန်ဆိုတဲ့ ကောင်တာမှာ ဓါတ်ပုံ ထုတ်လို့ ရပါပြီ။
၎။ စာအုပ်အသစ် စလျှောက်တာဆိုရင်တော့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္တူ ၃ စုံ ကူးဖို့ လိုပါတယ်။ မှတ်ပုံတင် မရှိသေးတဲ့ ကလေးအတွက်ဆိုရင် မွေးစာရင်း လိုပါတယ်။ အသစ်လျှောက်တဲ့သူတွေက မှတ်ပုံတင် (မွေးစာရင်း)နဲ့ သန်းခေါင်စာရင်းကို စစ်ဆေးတဲ့ ကောင်တာမှာ မူရင်းတွေပြပြီး တိုက်ဆိုင် အစစ်ခံရဖို့ လိုပါတယ်။ စစ်ဆေးတဲ့ ကောင်တာ ပုံစံထုတ်တဲ့ကောင်တာရဲ့ မျက်စောင်းထိုးမှာ ရှိပါတယ်။ စစ်ဆေးပြီးရင် လဝက အရာရှိက အဲဒီမိတ္တူတွေအပေါ်မှာ တံဆိပ်တုံးထု လက်မှတ်ထိုးပေးပါတယ်။ သက်တမ်းတိုးတဲ့သူတွေအတွက် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ လက်ရှိကိုင်ဆောင်ထားတဲ့ ပတ်စ်ပို့စာအုပ်ကို မိတ္တူ ၂ စုံ ကူးထားရပါမယ်။ သက်တမ်းတိုးတဲ့သူတွေအတွက် အဲဒီမိတ္တူတွေကို စစ်ဆေးခံဖို့ လုံးဝ မလိုအပ်ပါဘူး။
၅။ ငွေသွင်းဖို့ ဘဏ်ဖွင့်ပြီဆိုရင်တော့ လျှောက်လွှာတွေကို နောက်မှဖြည့်ပါ။ ငွေသွင်းဖို့ အရင်တန်းစီလိုက်တာ ပိုကောင်းပါတယ်။ ဘဏ်က လျှောက်လွှာဝယ်ရတဲ့အခန်းကြီးရဲ့ မျက်နှာချင်းဆိုင် အခန်းမှာပါ။ အရင်ဦးဆုံး ငွေသွင်းပြေစာမှာ အမည် မှတ်ပုံတင် အစရှိတဲ့ အချက်အလက်တွေကို ဖြည့်ပါ။ ပြီးရင် တန်းစီပြီး ငွေသွင်းပါ။ ကိုယ်နဲ့အတူ အဖေါ်ပါလာရင် ကိုယ်က အချက်အလက်တွေ ဖြည့်နေတုန်း သူ့ကို တန်းစီခိုင်းထားပါ။ ငွေသွင်းပြီးရင် ခဏစောင့်ရပါတယ်။ ဘဏ်က အမည်အော်ခေါ်ပြီး ငွေသွင်းပြေစာ ပြန်ထုတ်ပေးပါမယ်။ သက်တမ်းတိုးတာအတွက် မြန်မာငွေ ၂ သောင်းကျပ် ပေးသွင်းရပါမယ်။ အကယ်လို့ သက်တမ်းတိုးမယ့် ပတ်စ်ပို့စာအုပ်က ၁ နှစ်ကျော်လောက် သက်တမ်းကျန်နေသေးရင် ဒဏ်ကြေး ၄ သောင်းကျပ် ထပ်ဆောင်ရပါသေးတယ်။
၆။ ဓါတ်ပုံလည်း ရပြီ။ ဘဏ်ငွေသွင်းပြေစာလည်း ရပြီ။ အဲဒါဆို လျှောက်လွှာ ၃ စောင်ကို ဓါတ်ပုံ ၁ ပုံစီကပ်ပြီး ဖြည့်ပေတော့။ ဓါတ်ပုံကပ်ဖို့ ကော်ဗူး၊ မှားရေးတာ ရှိရင် ဖျက်ဖို့ မင်ဖျက်ဆေးဖြူတွေ အိမ်ကနေ တပါတည်း ယူလာပါ။ ပြီးရင် ပုံစံစီတယ် ဆိုလား လျှောက်လွှာစီတယ် ဆိုလား... သွားလုပ်ရပါတယ်။ မိတ္တူကူးပေးတဲ့ အခန်းထဲမှာပဲ အဲဒီကောင်တာ ရှိပါတယ်။ အဲဒါက ဘာမှတော့ မဟုတ်ပါ။ ကိုယ်တွေ ဖြည့်ထားတဲ့ လျှောက်လွှာတွေ၊ မိတ္တူတွေကို အစီအစဉ်တကျ ဖြစ်အောင် စီပေးတာပါ၊ အဲဒီမှာ ဓါတ်ပုံ ၁ ပုံ ထပ်ပေးရပါတယ်။
၇။ ပြီးရင် လျှောက်လွှာသွားတင်လို့ ရပါပြီ။ ကွန်ပျူတာဌာနမှာ ကိုယ့်အချက်အလက်တွေကို ကွန်ပျူတာနဲ့ ဖြည့်ပါမယ်။ ဓါတ်ပုံကို စကန်ဖတ်ပါတယ်။ အဲဒီမှာပဲ လက်ဗွေနှိပ်ရပါတယ်။ ပြီးရင်တော့ ပတ်စ်ပို့ထုတ်ရမယ့် နေ့စွဲပါတဲ့ စလစ်လေး ထွက်လာပါမယ်။ အဲဒီ စလစ်မှာ ပါတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ အမည်၊ မွေးနေ့ စတဲ့ အချက်အလက်တွေကို သေချာ ပြန်စစ်ပါ။ အမည် စာလုံးပေါင်း မတူတာ ရှိရင် ချက်ချင်း ပြန်ပြောဖို့ လိုပါတယ်။ ၁၀ ရက်အကြာမှာ အဲဒီစလစ်ကို ယူပြီး ပတ်စ်ပို့ ထုတ်လို့ရပါပြီ။
ကဲ... ရန်ကုန်မှာ ပတ်စ်ပို့စာအုပ် သက်တမ်းတိုးတာ ဒါပါပဲကွယ်။ ကြားထဲမှာတော့ လိုအပ်သလို မိတ္တူကူးခိုင်းတာတွေ ရှိပါတယ်။ မိတ္တူကူးခက တမျက်နှာကို မြန်မာငွေ ၁၀၀ ကျပ်ပါ။ ၁၀၀ တန် ၂၀၀ တန်တွေ ဆောင်ထားဖို့ လိုပါမယ်။ အိမ်က လျှောက်လွှာတွေ ကြိုဝယ်ပေးထားနိုင်ရင်တော့ လျှောက်လွှာကို ကြိုဝယ်ထားပြီး အိမ်မှာ အေးအေးဆေးဆေး အချိန်ယူ ဖြည့်ပါလို့လည်း အကြံပေးချင်ပါတယ်။
ပြောင်းလဲလာတဲ့ အချက်ကတော့ အရင်ကလို လက်ဖက်ရည်ဖိုး တောင်းတာ မရှိတော့ပါဘူး။ ကောင်တာက တချို့သော ရဲတွေကတော့ ဟောက်စားလုပ်တာ ရှိတတ်ပါတယ်။ အများစုကတော့ ချိုချိုသာသာ ပြောဆို ဆက်ဆံပေးကြတာကို ကြုံခဲ့ရပါတယ်။ ဘယ်အခန်းက ဘယ်နားမှာ ရှိမှန်း မသိဘူးဆိုရင်လည်း တွေ့တဲ့ဝန်ထမ်းကို မေးပြီး လမ်းညွှန်ဖို့ အကူအညီတောင်းပါ။ သူတို့ ကူညီပေးကြပါတယ်။ တချို့က တိုတိုတုတ်တုတ် ဖြေပါတယ်။ တချို့က အသေးစိတ် ဖြေပါတယ်။ မူပြောင်းပေမယ့် လူပြောင်းဖို့ နည်းနည်းလေး ကျန်နေသေးတယ် ဆိုတဲ့ သဘောလေးပါပဲကွယ်။
P.S ပတ်စ်ပို့ထုတ်ရမယ့် နေ့ရောက်လို့ သွားထုတ်တဲ့အခါမှာ ပတ်စ်ပို့ထုတ်ရန် ဆိုတဲ့ ထောင့်ဆုံးအခန်းလေးကို အရင်သွားပါ။ အထဲမှာ ကွန်ပျူတာတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဝန်ထမ်း ၂ ယောက်ကို တွေ့ရပါမယ်။ စနစ်တကျ တန်းစီတာကို ကျင့်သားမရသေးတဲ့ ရွှေပြည်ကြီးမှာ တန်းစီနေသူဟာ နောက်မှာပဲ ရှိနေတတ်တာကို ကြုံခဲ့ရပါတယ်။ အဲဒါကြောင့် အဲဒီအခန်းသေးသေးလေးရဲ့ ပြတင်းပေါက်အဝမှာ လူတွေ စုပြုံတိုးနေတာကို တွေ့ခွင့်ရှိနိုင်ပါမယ်။ အဲဒီပြတင်းပေါက်ကနေ အထဲကလူကို စလစ်ပေးလိုက်ရင် သူက ကွန်ပျူတာနဲ့ တိုက်စစ်ပြီး စာရွက်ပေါ်မှာ နံပါတ်တွေ ချရေးပါတယ်။ ပြီးရင် အမည်ခေါ်ပြီး အဲဒီစလစ်ကို ပြန်ပေးပါလိမ့်မယ်။ တချို့ကိုတော့ မိတ္တူကူးခိုင်းတာ တွေ့ရပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ အဲဒီစလစ်ကို ယူပြီး အဲဒီအခန်းကနေ မျက်စောင်းထိုးလောက်မှာ ရှိတဲ့ ဘဏ်ဘေးနားက ပတ်စ်ပို့စာအုပ်ထုတ်ရန် ဆိုတဲ့ အခန်းထဲကို ဝင်သွားပါ။ ပါလာတဲ့ စလစ်ကိုပေးပြီး ပတ်စ်ပို့စာအုပ်ထုတ်ယူပါ။ ပတ်စ်ပို့ပါ အချက်အလက်တွေကို မှန်မမှန် စစ်ဆေးပါ။ စာအုပ်သက်တမ်း ၅ နှစ် ပေးထား မပေးထားကို ပြန်စစ်ပါ။ အားလုံး မှန်ကန်တယ် ဆိုရင်တော့ အိမ်ပြန်လို့ ရပါပြီခင်ဗျာ။
Wednesday, October 23, 2013
Tuesday, February 19, 2013
Burma Born Chinese (BBC)
ဦးနုရဲ့ တာတေစနေသား၊ ဦးသုဝေရေးတဲ့ ဖဆပလဦးကျော်ငြိမ်း၊
ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိ ဆိုင်းစုမှသည်
မန်ဟိုင်းဆီသို့၊ ဒေါက်တာခင်လက်ျာရေးတဲ့ ဖေဖေဗိုလ်လက်ျာ၊ သိန်းဖေမြင့်ရဲ့
မြန်မာ့နိုင်ငံရေး ကန့်လန့်ဖြတ်မြင်ကွင်း စတဲ့ စာအုပ်တွေကို ဖတ်ဖြစ်တာ
အကျိုးရှိတယ်။ အရင်က ဟိုတစ ဒီတစ သိထားတဲ့ ဖတ်စာအုပ်ထဲက မပြည့်မစုံ
သမိုင်းတွေပဲ ရှိတာ။ အခုတော့ ခေတ်အခြေအနေတခုရဲ့ သမိုင်းရုပ်လုံးကို
အပြည့်အစုံ မဟုတ်တောင်မှ မှုန်ဝါးဝါး ကွက်တိကွက်ကျား မြင်ရတာမျိုး
မဟုတ်တော့ဘူး။ နောက်ထပ် ဖတ်စရာတွေ အများကြီး ကျန်သေးတယ် ဆိုတာလည်း
သိထားပါတယ်။ ဖတ်သင့်တဲ့ စာအုပ်တွေ ရှိရင်လည်း ကျေးဇူးပြုပြီး လမ်းညွှန်ဝေမျှပါဦး။
ကမ္ဘာ့သမိုင်းထက် မြန်မာ့သမိုင်းတွေကို ပိုဖတ်ဖြစ်တယ်။ ဟိုဘက်ဒီဘက် အမျိုးတွေထဲမှာ အဲဒီလို သမိုင်းစာအုပ်တွေ အထုပ္ပတ္တိတွေ ရှာဖွေစုဆောင်း ဖတ်ဖြစ်တာ ရှားရှားပါးပါး ကိုယ်တယောက်ပဲ ရှိတယ်။ အောင်ဆန်းသူရိယဘွဲ့ရထားတဲ့ ဗိုလ်မှူးအေးချို၊ ဗိုလ်ကြီးတိုက်ချွန်း၊ တပ်သားလှသောင်းတွေရဲ့ အထုပ္ပတ္တိစာအုပ်တွေလည်း ဝယ်စုထားတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့အထုပ္ပတ္တိလည်း မချန်ထားခဲ့ဘူး။ သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ ဆိုတဲ့ နှစ်အုပ်တွဲကိုလည်း ဈေးကြီးပေးဝယ်ပြီး သိမ်းထားတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ သူ့ကျွန် မခံပြီ စာအုပ်နဲ့ ဆရာမြသန်းတင့်ရေးတဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ စာအုပ်တွေ လက်ထဲရောက်တုန်းက သိပ်ကို ပျော်ခဲ့ဖူးတယ်။
သမိုင်းကို စိတ်ဝင်စားလို့ ဖတ်ဖြစ်တာပါ။ နိုင်ငံရေး လုပ်ဖို့လား သမိုင်းဆရာ လုပ်ဖို့လား ဝေဖန်ရေး လုပ်ဖို့လားဆိုရင် ကိုယ့်မှာ ဖြေစရာ ဘာအဖြေမှ ရှိမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာတခုကတော့ ကိုယ့်ရဲ့ နောက်မျိုးဆက်တွေကို ကိုယ်မွေးဖွား ကြီးပြင်းရာမြေရဲ့ ပုဂံခေတ်၊ ဟံသာဝတီခေတ်၊ ကုန်းဘောင်ခေတ် သမိုင်းတွေ၊ ကိုလိုနီခေတ် ဂျပန်ခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးရပြီးကာစ ခေတ်ကာလသမိုင်း၊ သမိုင်းအစုံကို ပြန်ပြောင်း ပြောပြနိုင်မယ်။ ကိုယ့်ရဲ့နောက်မျိုးဆက်က ကိုယ့်လို မြန်မာ့သမိုင်းကို စိတ်ဝင်စားတယ် ဆိုရင်ပဲ ကိုယ်ဟာ အတော်လေးကို ကျေနပ်ပီတိဖြစ်မိနေမယ် ထင်ပါတယ်။
သမိုင်းကို ပြောပြတာနဲ့အတူ ကိုယ်သိထားသလောက် မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ ပွဲတော်တွေ၊ ယဉ်ကျေးမှုတွေ၊ ထုံးတမ်း ဓလေ့တွေ၊ အရပ်ဒေသတွေရဲ့ အကြောင်းတွေကိုလည်း ပြောပြဖြစ်မယ်။ ပွဲတော်တွေ၊ အရပ်ဒေသတွေကို အခါအခွင့်သင့်ရင် သင့်သလို သွားရောက် လည်ပတ်နိုင်အောင် ကြိုးစားမယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နဲ့ ရှမ်း ဆိုတဲ့ လူမျိုးစုကြီးတွေ စုစည်းနေထိုင်တဲ့ အကြောင်းတွေ ပြောပြဖြစ်မယ်။ အကြောင်းကြောင်းကြောင့် တချိန်ချိန်မှာ တနေရာရာမှာ အမြဲတမ်း အခြေချဖြစ်နေရင်တောင် ဇီးသီးသည်မဗျိုင်း မဖြစ်ရလေအောင် နှလုံးသွင်းဖို့ ကြိုးစားမယ်။
စကားမစပ်.... မြန်မာစာကိုလည်း မြတ်နိုးတယ်။ မြန်မာလို ရေးတဲ့စာအုပ်တွေကို ပိုဖတ်ဖြစ်တယ်။ သိတဲ့ဘာသာစကားကလည်း မြန်မာစာနဲ့ အင်္ဂလိပ်စာပဲ ရှိတာကိုး။ အင်္ဂလိပ်ရေးတဲ့ စာအုပ်တွေကို ပညာရေးအတွက်ပဲ ဖတ်ဖြစ်တယ်။ အခုချိန်ထိ အင်္ဂလိပ်လို ရေးထားတဲ့ ဝတ္ထုစာအုပ်ကို တအုပ်လုံး ကုန်အောင် အစအဆုံး မဖတ်ဖူးသေးပါ။ လက်ရှိအချိန်ထိ မြန်မာစာကို စာလုံးပေါင်းအပြင် အသုံးအနှုန်း၊ သဒ္ဒါအထားအသို မှန်အောင်ပါ ဂရုတစိုက်နဲ့ လေ့လာမှတ်သား ရေးသားဖို့ ကြိုးစားနေဆဲပါ။ ကိုယ်ရေးတဲ့စာအထဲမှာ မှားတာတွေရှိလို့ ထောက်ပြပေးရင်လည်း အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။ အပြန်အလှန်သဘောနဲ့ တချို့တွေမှာ စာလုံးပေါင်း မှားတာတွေကို တွေ့ရင်လည်း အမှန်ဖြစ်စေလိုတဲ့ သဘောနဲ့ ပြင်ပေးတာမျိုးတွေ လုပ်နေတုန်းပါပဲ။ အမုန်းခံရပေါင်း များပေမယ့် အမှားတွေ မြင်တဲ့အခါ အမှတ်မရှိ ပြင်ပေးနေတုန်းပါ။
သြော်... အရေးကြီးတာတခု ပြောဖို့ ကျန်ခဲ့တယ်။ အဲဒါကတော့ ကိုယ်ဟာ မြန်မာပြည်မှာ မွေး... မြန်မာပြည်မှာ ကြီးတဲ့ တရုတ်ကြီးပါ ခင်ဗျာ။ ဘာရယ်တော့ မဟုတ်ပါဘူး။ :)

Friday, December 21, 2012
Sharing the joyness in Ad-hoc basic
ဒီနေ့ နေ့လည်စာ စားပြီးပြန်လာတော့ ရုံးက စားပွဲပေါ်မှာ
စက္ကူအိတ်အဖြူကြီး တင်ထားတာ တွေ့လိုက်တယ်။ အိတ်က ၁ ပေခွဲလောက် မြင့်တယ်။
အထဲမှာ အသီးခြောက်တွေနဲ့ လုပ်ထားတဲ့ ချော့ကလက် ကိတ်မုန့်ကြီးတခု။
ဈေးပေါမယ့်ဟာမျိုးတော့ မဟုတ်လောက်ဘူး။ စင်္ကာပူမှာ ကိတ်မုန့်ဈေးကတော့ ဒေါ်လာ
၃၀ ကနေ ၅၀ ကြားလောက်မှာ ရှိမယ်။ ဟိုတယ်တွေမှာ ဖွင့်ထားတဲ့
ဆိုင်အကောင်းစားကနေ ဆိုရင် ဒီထက်မက ဈေးပိုပေးရတယ်။
ဒီဇင်ဘာလဆိုတော့ အဲဒီဟာက ခရစ်စမတ်လက်ဆောင် ဖြစ်မယ်လို့ပဲ တွေးလိုက်တယ်။ ပေးမယ့်သူကလည်း ကျွန်တော်တို့ဌာနရဲ့ ဘော့စ်ပဲ ဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုံးက စားပွဲတိုင်းမှာ မရှိဘူးလေ။ ဘော့စ်ရဲ့ လက်အောက်မှာ လုပ်နေတဲ့ ကျွန်တော်တို့ ၅ ယောက်ရဲ့ စားပွဲတွေမှာပဲ အဲဒီအိတ်တွေကို တွေ့ရတာပါ။ ဘော့စ်က စင်္ကာပူငယ်မွေးခြံပေါက် ခရစ်ယာန်ဘာသာဝင်ပါ။ အိမ်ထောင်ရှိပေမယ့် ကလေးမရှိဘူး။ လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်စားတာတွေ့ရတယ်။ ကမ္ဘောဒီးယားမှာ မိဘမဲ့ကလေးတွေကို ကျောင်းတွေ ဆောက်ပေးတာ၊ ကစားကွင်းတွေ ဆောက်ပေးတာကို သာသနာပြုအဖွဲ့တွေနဲ့အတူ လုပ်အားပေးတာမျိုး လုပ်တယ်။ ငွေလည်း လှူတာပေါ့။
ကိတ်မုန့်ကြီးကို အိမ်ကို ယူသွားပြီး အိမ်ကလူတွေနဲ့ ခွဲစားမယ်လို့ အစပထမတုန်းမှာ စိတ်ကူးလိုက်တယ်။ ရုံးစောစောဆင်းလို့ ရပေမယ့် အဲဒီအိတ်နဲ့ လူကြပ်တဲ့ ရထားပေါ်မှာ အဆင်မပြေပါဘူး ဆိုပြီး ရုံးက ဖယ်ရီဘတ်စ်ကားကိုပဲ စောင့်စီးမယ်လို့ စိတ်ကူးမိတာနဲ့ ရုံးမှာပဲ အလုပ် ဆက်လုပ်နေလိုက်တယ်။ ရုံးဆင်းချိန်ရောက်တော့ ရုံးဝင်းအပြင်က ဘတ်စ်ကားစီ လမ်းလျှောက်လာတုန်း ဝင်းထိပ်က လုံခြုံရေးတွေကို တွေ့မိတယ်။ သူတို့တွေက ရုံးပြန်တဲ့လူမှန်သမျှရဲ့ အိတ်တွေကို ရုံးဝင်းထိပ်မှာ ဖွင့်စစ်လေ့ရှိတယ်။
အဲဒီမှာ စဉ်းစားမိတာက... ဒါမျိုးမုန့်တွေက ကိုယ်တွေအနေနဲ့ မကြာခဏ စားဖူးတယ်။ ရုံးက လုပ်တဲ့ပွဲတွေမှာလည်း စားဖူးတယ်။ မွေးနေ့ပွဲတွေမှာလည်း စားဖူးတယ်။ ဧည့်ခံပွဲတွေမှာ စားဖူးတယ်။ ဟိုလူက ဝယ်ကျွေး ဒီလူက ဝယ်ကျွေး... အဲဒီဟာမျိုးမှာလည်း စားဖူးတယ်။ စားချင်ရင်လည်း ဝယ်စားနိုင်တယ်။ ဟိုဦးလေးကြီးတွေကတော့ မိုးလင်းမိုးချုပ် လုပ်ရပေမယ့် လခလည်း နည်းရှာတယ်။ ရုံးမှာ လုပ်တဲ့ပွဲတွေကိုလည်း အဖိတ်ခံရမျိုး မဟုတ်ဘူး။ ဒါမျိုးကိတ်မုန့်တွေကို ငွေကုန်ကြေးကျခံပြီး ဝယ်စားမှာလည်း မဟုတ်လောက်ဘူး။ ဒါနဲ့ပဲ အိမ်ကို ယူသွားမယ့် ကိတ်မုန့်ကို အဲဒီဦးလေးကြီးတွေ လက်ထဲ ထည့်ပေးလိုက်တော့တယ်။ ရုတ်တရက် ကြောင်နေတဲ့ သူတို့တွေကို ခရစ်စမတ် လက်ဆောင်လို့ ပြောပြီး ပေးလိုက်တယ်။ သူုတို့တွေကို ဂရုတစိုက် အလေးထားတဲ့သူတွေ ရှိမှန်း သူတို့ သိသွားရတာပေါ့လေ။
ဒီနေ့ ဘာလုပ်မယ် ညာလုပ်မယ် ကြိုတင် မရည်ရွယ်ထားပဲ ရှိတာလေးနဲ့ ကြုံသလိုလေး အဆင်ပြေသလိုလေး ပေးလှူခဲ့ဖြစ်တယ်။ အလှူကြီး အတန်းကြီး မဟုတ်တာ... တန်ဖိုးကြီးတာ မကြီးတာ အပထား။ အခုလို ဖျတ်ခနဲ ပေးလှူဖြစ်တာမျိုးလေးကို သဘောကျမိတယ်။ အဲဒါမျိုးအကျင့်က ပါပါးဆီက အမွေရတာလို့ ပြောနိုင်တယ်။ ပါပါးက အဲဒါမျိုး ဖျတ်ခနဲ ပေးကမ်းတာမျိုးတွေ ခဏခဏ လုပ်ဖူးတာ ငယ်ငယ်ကတည်းက မြင်ဖူးတယ်။ သူက မရှိဆင်းရဲသားတွေကို ကျွေးမွေးတယ်။ ပေးကမ်းတယ်။ ပြည့်နေတဲ့ အိုးတွေကို ထပ်ဖြည့်တာထက် မပြည့်တဲ့အိုးတွေကို ဖြည့်ဆည်းပေးတာ ပိုကောင်းတယ်။ ဒါမျိုးအကျင့်ကို တကူးတက သင်ပေးထားတာမျိုး မဟုတ်ပေမယ့် အဲဒီအမူအကျင့်က ကျွန်တော့်ဆီကို အတုမြင်အတတ်သင် ဆိုသလိုမျိုး ကူးလာတယ်လို့ ထင်တယ်။
တကယ်ပါ... ဒါမျိုးအလှူတွေက မကြီးကျယ်လှပေမယ့် စိတ်ထဲမှာတော့ အထူးတလည် ပီတိဖြစ်ရပါတယ်။

Thursday, November 22, 2012
Missing someone
ဒီည ညစာကို ထမင်းစားချင်စိတ် မရှိဘူး။ နေ့လည်က ၁ နာရီကျော်မှ
ထမင်းစားထားတာ။ စားတာကလည်း ဆော်လမွန်ငါး ဂျပန်စာ ထမင်းဘူး။ ထမင်းတွေက
ဆန်လုံးညိုတွေ ပြောင်းဆန်တွေ။ ပန်းကန်လုံး တလုံးစာ ဆိုပေမယ့်
ဗိုက်အတော်လေး ပြည့်တယ်။ ည ၇ နာရီကျော်တဲ့အထိ ဗိုက်မဆာတာကိုပဲ ကြည့်ပေတော့။
အဲဒီနဲ့ အသီးတွေပဲ စားတော့မယ်ဆိုပြီး FairPrice ကို ဝင်လိုက်တယ်။ ညဘက်အထိ
အစာခံတာကတော့ ပန်းသီးပေါ့။ ဒါနဲ့ ပန်းသီး ငါးလုံး ဝယ်လိုက်တယ်။ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးကို အလေးပေးတဲ့ကျွန်တော့် ထုံးစံအတိုင်း ပလတ်စတစ်အိတ်
မယူဘူး။ စိတ်ထဲမှာ ဖျတ်ခနဲ တယောက်သောသူကို သတိရလိုက်တယ်။ သူကတော့
နှမ်းတလုံးနဲ့ ဆီမဖြစ်ပါဘူးဆိုပြီး ပလတ်စတစ်အိတ် ချွေတာရေးသမား
ကျွန်တော်ကို အိညောင်အိညောင် ပြောတတ်တဲ့ တယောက်ပေါ့။ ပန်းသီးကို
ပလတ်စတစ်အိတ် ယူပြီး မထည့်ရင် သူက ရွှေငါးတွေလို ပါးစပ်က ပွစိပွစိ
လုပ်တတ်တယ်။
ပန်းသီးပြီးတော့ နဂါးမောက်အသီးအနီ ထပ်ဝယ်တယ်။ သူကတော့ အခွံ နွှာရတာ လွယ်မယ်လေ။ ရန်ကုန်မှာတုန်းက အဲဒီအသီးတွေက အလေးချိန်နဲ့ ရောင်းတာ။ ဝယ်စားရတာ မတန်ဘူးလို့ မြင်မိတယ်။ စင်္ကာပူမှာက အလုံးလိုက်ပဲ ရောင်းတာဆိုတော့ ဒီရောက်မှပဲ စားလို့ ချစ်သူက ပြောဖူးတယ်။ အဲဒီနားမှာပဲ သြဇာသီးတွေကို ထပ်တွေ့ပြန်တယ်။ သြဇာသီးက အပူစာ... ဖြစ်တော့ ပုံမှန်အားဖြင့် ကျွန်တော် စားလေ့မရှိဘူး။ ဒါပေမယ့် နဂါးမောက်သီးက အအေးစာဆိုတော့ အပူအအေး မျှပါတယ်လေ ဆိုပြီး သြဇာသီးတွေ ဝယ်ဖြစ်တယ်။ သြဇာသီးတွေဆိုတာက တယောက်သောသူ သိပ်ကြိုက်တဲ့ အသီးပေါ့။ သူ မစားရလို့ နှုတ်ခမ်းစူနေမလား ဆိုပြီး စိတ်ထဲမှာ သတိရမိလိုက်သေးတယ်။
အိမ်အပြန်လမ်းမှာလည်း ရုံးကားက Woodlands မီးပွိုင့်ကို ရောက်တဲ့အချိန် Woodlands Interchange က ထွက်လာတဲ့ 911 ဘတ်စ်ကားဖြတ်သွားတာကို တွေ့လိုက်တဲ့အခါ... ချစ်ရသောသူကို သတိရမိပြန်တယ်။ အရင်တုန်းက အဲဒီဘက်မှာ နေဖြစ်ခဲ့တာ ဆိုတော့ ရုံးကားပေးပို့တဲ့နေရာကနေ ၄ မှတ်တိုင်လောက် ဝေးတဲ့ အိမ်ဆီကို အဲဒီဘတ်စ်ကားနဲ့ပဲ ပြန်တာကိုး။ အိမ်အရောက် နောက်ကျရင် ပြတင်းပေါက်ကနေ မျှော်နေရတဲ့သူ လည်ပင်းညောင်ရေအိုး ဖြစ်မှာ စိုးတာနဲ့ အိမ်နားက မှတ်တိုင်ကို ရောက်တာနဲ့ ကျွန်တော်တယောက် အိမ်ကို သုတ်ခြေတင်လေ့ ရှိတယ်။ နေအလင်းရောင် မပျောက်ခင် လက်မတင်လေးမှာ အိမ်ရောက်လေ့ ရှိတယ်လေ။ ဟိုဟိုဒီဒီ လမ်းမများတတ်တဲ့ ကျွန်တော်ကတော့ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ် ဒီနှစ်ခုကြားမှာပဲ လွန်းထိုးနေတာ များပါတယ်။
ညနေပိုင်း အလုပ် လုပ်နေတုန်း အရင်က နေခဲ့ဖူးတဲ့ Choa Chu Kang အိမ်နားက စကားပင်ကြီးနဲ့ လမ်းမတွေကို မဆီမဆိုင် သတိရမိပြန်တယ်။ အဲဒီမြင်ကွင်းက ခဏခဏ စိတ်ထဲမှာ ပေါ်လာတတ်တယ်။ မိုးမအုံ့တအုံ့အချိန် နေလေးလည်း ပူနေတဲ့အချိန်... Giant ကို ဈေးဝယ်ထွက်ဖို့ ချစ်ရသောသူနဲ့ ဈေးခြင်းအပြာလေးကို တွန်းပြီး ထွက်တဲ့အခိုက်အတန့်မှာ မြင်ရတဲ့ မြင်ကွင်းလေးပါ။ အဲဒီမှာ စကားပန်းတွေ ပွင့်နေတာလည်း မြင်ရလိမ့်မယ်။ စနေ တနင်္ဂနွေမှာ ဈေးဝယ်ထွက်တဲ့ အချိန်မျိုး ဖြစ်မယ်။ တယောက်သောသူကို သတိရရင် အဲဒီလို မြင်ကွင်းလေး ခေါင်းထဲမှာ ပေါ်လာတတ်တယ်။ သေချာတာတခုက ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းတယ် ဆိုတာပါပဲ။
အိမ်ပြန်ရောက်တဲ့အခါ အိပ်ခန်းထဲ ဝင်လိုက်တော့ အခန်းကြီးက ပူပြီး မွန်းကျပ်နေသလို ခံစားရစေတယ်။ မနက် ရုံးသွားကတည်းက ပြတင်းပေါက်တွေ တံခါးတွေ ပိတ်ထားတာကိုး။ အရင်ကဆို အိမ်ပြန်လာတဲ့အချိန် အိပ်ခန်းထဲ ဝင်လိုက်ရင် အခုလို ပိတ်လှောင်ထားတဲ့ ခံစားမှုမျိုး မရှိခဲ့ဘူး။ အဲဒီအခိုက်အတန့်မှာလည်း တယောက်သောသူကို သတိရမိပြန်တယ်။ သူသာ ရှိနေရင် ပြတင်းပေါက်တွေက ဖွင့်ထားမှာပဲလေ။ သူက မွန်းကျပ်မှုကို မကြိုက်ဘူး။ ပြတင်းပေါက်တွေကို မိုးရွာတဲ့အချိန်မှာတောင် ဖွင့်ထားချင်တဲ့သူ။ မိုးမသည်းတဲ့အချိန် မိုးပက်မှာ စိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြတင်းပေါက် ပိတ်တဲ့ ကျွန်တော်ဟာ သူနဲ့ ထိပ်တိုက်တိုးတော့တာပါပဲ။
ပြောချင်တာလေး တခုက... သတိရတယ် ဆိုတာ စက္ကန့်ပိုင်းလောက်ပဲရှိတဲ့ အချိန် အခိုက်အတန့်လေးပါ။ ဒါပေမယ့် အဲဒီသတိရတာလေးကို တန်ဖိုးနည်းတယ်လို့ မလေးနက်ဘူးလို့ မထင်မှတ်လိုက်ပါနဲ့။ သတိရလောက်အောင် စွဲမှတ်ထားတဲ့အရာတွေသာ အတွေးထဲမှာ ပြန်ပေါ်လာတာပါ။ အလုပ်တွေ များနေတဲ့အချိန်မှာတောင် ဖျတ်ခနဲ ပေါ်လာနိုင်စွမ်းရှိတဲ့ အတွေးတပိုင်းတစပေါ့။ အဲဒီလို သတိရခြင်းမှာ အလုပ်အကိုင် အစားအသောက် မပျက်ပါဘူး။ မျက်ရည်တွေ တစိမ့်စိမ့်ထွက် နှာရည်တွေ တရှုံ့ရှုံ့ ဖြစ်မနေပါဘူး။ အလုပ်ပျက် အစားပျက် အအိပ်ပျက်တဲ့အထိ လွမ်းဆွေးနေတာမျိုးထက်လည်း သတိရခြင်းဟာ ပို ကောင်းပါတယ်။ ဒါကြောင့် သတိရခြင်းဟာ ကျန်းမာရေးနဲ့ ပြည့်စုံစေပါတယ်။ သတိရခြင်းဟာ မမေ့ဘူးဆိုတာကိုလည်း သက်သေထူပါတယ်။ သတိရခြင်းဟာ တမ်းတမှုကိုလည်း ဖော်ကျူးပါတယ်။
ဗေဒင်မေးစရာ မလိုအောင် သေချာတာကတော့ အခုပိတ်ရက် စနေ တနင်္ဂနွေမှာလည်း တယောက်သောသူကို သတိရမိအုံးမယ်။ အင်း... ကိုယ့်ဘာသာ အဝတ်တွေ လျှော်ရတော့မယ်။ မီးပူ တိုက်ရတော့မယ်။ သေချာပါတယ် ကျွန်တော် သူ့ကို သိပ်သတိရနေမှာပါ။

Thursday, December 29, 2011
Heros on Dec 29
Photo Credit: Kaung Htet, The Myanmar Times
နှစ်သစ်ကူးခါနီး ဆောင်းမနက်ခင်းမှာ အကျည်းတန် အရုပ်ဆိုးတဲ့ ကြောက်လန့်စရာ သဘာဝဘေးဆိုးတခု ရန်ကုန်မြို့ကို ရောက်လာမယ်လို့ ဘယ်သူက ကြိုသိထားခဲ့မလဲ။ ၂၀၁၂ ဆိုတာ တဖြည်းဖြည်း တရွေ့ရွေ့ ချဉ်းကပ်လာလို့ ကမ္ဘာပျက်တော့မလား ဆိုပြီး ဘယ်သူကမှလည်း ထိတ်လန့်တုန်လှုပ်နေမယ် မထင်ပါဘူး။ တစ်တစ်တူးလို မိုးပြိုမှာစိုးလို့ ခြေနှစ်ချောင်း ထောင်ပြီး အိပ်မယ့်သူတွေလည်း မရှိလောက်ပါဘူး။
မီး... မီး... ကားတွေ ထွက် ကားတွေထွက်... လို့ဆော်သြောသံ အော်သံကြားတော့ မီးသတ်စခန်းက မီးသတ်ရဲဘော်တွေ အိပ်ယာထဲက ထသူထ... ယူနီဖောင်း ကပျာကယာလဲ... ဦးထုပ်တွေ ဆောင်းပြီး မီးသတ်ကားပေါ်ကိုပဲ အလုအယက် တက်ခဲ့ကြမှာပါ။ နောက်နှစ်ရက်ဆိုရင် Happy new year 2012 လို့ အော်ပြီး နှစ်သစ်ကူးညကို ပျော်ပျော်ကြီး ဆင်နွှဲလိုက်အုံးမယ်လို့ အိပ်ယာမဝင်ခင် စိတ်ကူးထဲမှာတော့ အဲဒီလို အတွေးလေးတွေ ရှိနေမှာပေါ့။
ဒီဘဝမှာ ဒီမျှနဲ့ ဇာတ်သိမ်းခန်းတခု ရောက်လာလိမ့်မယ်လို့ ကြိုများ သိထားနိုင်မှာလည်း မဟုတ်တဲ့ သူတို့တတွေ... မိဘဆွေမျိုး သူငယ်ချင်း အပေါင်းအသင်းတွေကို နှုတ်ဆက် စကားလေးတောင် ပြောခွင့် မရခဲ့လိုက်ပါဘူး။ တာဝန်ဆိုတဲ့ အသိနဲ့ ချက်ချင်း ကားပေါ်တက် မီးသတ်ဖို့ မကြောက်မရွံ့ ထွက်ခဲ့ကြတယ်။ အများပြည်သူအတွက် အသက်စွန့်ခဲ့ရတယ်။ Happy new year 2012 လို့ အော်ခွင့် ပျော်ခွင့် မကြုံလိုက်ဘူး။
မီးသတ်သမားမို့ မီးသတ်ရတာ မဆန်းပါဘူး။ သူ့ဆန်စားမှ ရဲရပြီပေါ့လေ။ ဒါပေမယ့် အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ ဘဝမျိုးမှာ တာဝန်ဆိုတဲ့ အသိတရားကို ရင်မှာပိုက်ပြီး မီးနဲ့ အနီးဆုံးနေရာကနေ မီးအပူခံပြီး သက်စွန့်ဆံဖျား မီးငြိမ်းသတ်ရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ တိမ်မယောင်နဲ့ နက်ပါတယ်။ မီးလောင်ပြင်မှာ ပစ္စည်းကိရိယာ မပြည့်မစုံနဲ့ ရန်သူမီးကို စစ်ခင်းရတာကို စဉ်းစားကြည့်ရင် ဘယ်လောက်ထိ အန္တရာယ်များလဲ ဆိုတာ ချက်ချင်း သိနိုင်ပါတယ်။
မြန်မာပြည်ရဲ့ အသံတိတ် သူရဲကောင်းလို့ ကျွန်တော် တင်စားခဲ့ဖူးတဲ့ မီးသတ်ရဲဘော်တွေ... အန္တရာယ်ကင်း ဘေးရှင်းကြပါစေ... အချိန်မတန်ခင် ကြွေလွင့်ခဲ့ရတဲ့ သားကောင်းရတနာတွေ ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ နိုင်ငံတော်အစိုးရအနေနဲ့လည်း မြို့စောင့်တပ်တခုဖြစ်တဲ့ မီးသတ်တပ်ဖွဲ့ကြီး ခေတ်မှီဖွံ့ဖြိုးလာအောင် အစွမ်းကုန် ပံ့ပိုးကူညီပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။
~~~~မီး... မီး... ကားတွေ ထွက် ကားတွေထွက်... လို့ဆော်သြောသံ အော်သံကြားတော့ မီးသတ်စခန်းက မီးသတ်ရဲဘော်တွေ အိပ်ယာထဲက ထသူထ... ယူနီဖောင်း ကပျာကယာလဲ... ဦးထုပ်တွေ ဆောင်းပြီး မီးသတ်ကားပေါ်ကိုပဲ အလုအယက် တက်ခဲ့ကြမှာပါ။ နောက်နှစ်ရက်ဆိုရင် Happy new year 2012 လို့ အော်ပြီး နှစ်သစ်ကူးညကို ပျော်ပျော်ကြီး ဆင်နွှဲလိုက်အုံးမယ်လို့ အိပ်ယာမဝင်ခင် စိတ်ကူးထဲမှာတော့ အဲဒီလို အတွေးလေးတွေ ရှိနေမှာပေါ့။
ဒီဘဝမှာ ဒီမျှနဲ့ ဇာတ်သိမ်းခန်းတခု ရောက်လာလိမ့်မယ်လို့ ကြိုများ သိထားနိုင်မှာလည်း မဟုတ်တဲ့ သူတို့တတွေ... မိဘဆွေမျိုး သူငယ်ချင်း အပေါင်းအသင်းတွေကို နှုတ်ဆက် စကားလေးတောင် ပြောခွင့် မရခဲ့လိုက်ပါဘူး။ တာဝန်ဆိုတဲ့ အသိနဲ့ ချက်ချင်း ကားပေါ်တက် မီးသတ်ဖို့ မကြောက်မရွံ့ ထွက်ခဲ့ကြတယ်။ အများပြည်သူအတွက် အသက်စွန့်ခဲ့ရတယ်။ Happy new year 2012 လို့ အော်ခွင့် ပျော်ခွင့် မကြုံလိုက်ဘူး။
မီးသတ်သမားမို့ မီးသတ်ရတာ မဆန်းပါဘူး။ သူ့ဆန်စားမှ ရဲရပြီပေါ့လေ။ ဒါပေမယ့် အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ ဘဝမျိုးမှာ တာဝန်ဆိုတဲ့ အသိတရားကို ရင်မှာပိုက်ပြီး မီးနဲ့ အနီးဆုံးနေရာကနေ မီးအပူခံပြီး သက်စွန့်ဆံဖျား မီးငြိမ်းသတ်ရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ တိမ်မယောင်နဲ့ နက်ပါတယ်။ မီးလောင်ပြင်မှာ ပစ္စည်းကိရိယာ မပြည့်မစုံနဲ့ ရန်သူမီးကို စစ်ခင်းရတာကို စဉ်းစားကြည့်ရင် ဘယ်လောက်ထိ အန္တရာယ်များလဲ ဆိုတာ ချက်ချင်း သိနိုင်ပါတယ်။
မြန်မာပြည်ရဲ့ အသံတိတ် သူရဲကောင်းလို့ ကျွန်တော် တင်စားခဲ့ဖူးတဲ့ မီးသတ်ရဲဘော်တွေ... အန္တရာယ်ကင်း ဘေးရှင်းကြပါစေ... အချိန်မတန်ခင် ကြွေလွင့်ခဲ့ရတဲ့ သားကောင်းရတနာတွေ ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ နိုင်ငံတော်အစိုးရအနေနဲ့လည်း မြို့စောင့်တပ်တခုဖြစ်တဲ့ မီးသတ်တပ်ဖွဲ့ကြီး ခေတ်မှီဖွံ့ဖြိုးလာအောင် အစွမ်းကုန် ပံ့ပိုးကူညီပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။
ရင်ကို ထိခတ်တဲ့ သတင်းဆောင်းပါးတခုကိုလည်း မှတ်တမ်းအဖြစ် သိမ်းဆည်းထားပါရစေ။
မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား...
By 7Day News Journal
By 7Day News Journal
တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သီဟမျိုးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိလစ် မေ့မျောနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ဆေးရုံသို့ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းခဲ့သူများက ဒုတပ်ကြပ် သီဟမျိုးမှာ ၁၀ နာရီကျော်ကြာ သတိလစ်မေ့မျောနေရာမှ ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ယောင်ရမ်း၍ စကားတစ်ခွန်း ပြောသည်ကို တွေ့ရကြောင်း ပြန်လည်ပြောပြသည်။
"မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ဟု အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် ပြင်းထန်စွာ တုန်ယင်နေ၍ မိသားစုဝင်များက ဖိထားသည့်ကြားမှ ဒုတပ်ကြပ် သီဟမျိုးက ယောင်ရမ်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုယ်တိုင်သတိလစ်နေမေ့မျောနေသော်လည်း မီးလောင်မှုအတွက် ရတက်မအေးနိုင်ဘဲ ၁၀ နာရီကျော်အတွင်း ၎င်း၏ပြောစကားကြောင့် များစွာ စိတ်မကောင်းဝမ်းနည်းရကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှု လှူဒါန်းသော အလှူရှင်တစ်ဦးကပြောသည်။

Subscribe to:
Posts (Atom)