.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, May 2, 2019

Bad Experience with Batam Immigration

စင်္ကာပူနားမှာ အင်ဒိုနီးရှားနိုင်ငံပိုင် ဘာတန်နဲ့ ဘင်တန် ဆိုတဲ့ ကျွန်းတွေ ရှိပါတယ်။ အဲဒီကို Speedboat နဲ့ သွားရင် ၁ နာရီ ပတ်ဝန်းကျင်လောက် ကြာပါတယ်။ ပိတ်ရက်တွေမှာ စင်္ကာပူက လူတွေ အဲဒီကျွန်းဘက်ကို အလည်သဘောမျိုးနဲ့ နေ့ချင်းပြန်ခရီးတွေ ထွက်လေ့ရှိတတ်ကြတယ်။ မြန်မာပြည်က အလည်လာတဲ့ ဆွေမျိုးသားချင်းတွေကိုလည်း စင်္ကာပူအနီးအနားက ကျွန်းဖြစ်နေလို့ ရောက်ဖူးအောင်ဆိုပြီး လိုက်ပို့တတ်ကြပါသေးတယ်။ မြန်မာတွေ အင်ဒိုနီးရှားကို သွားလည်မယ်ဆိုရင် ဗီဇာလည်း မလိုဘူးလေ။

ဒါပေမယ့် စင်္ကာပူကို အလည်လာပြီး အင်ဒိုကို ထပ်ဆင့် ၀င်လည်တဲ့ မြန်မာတွေရဲ့ စင်္ကာပူမှာ နေထိုင်ခွင့်သက်တမ်း ၂ ပတ်အောက် ရောက်နေတဲ့အခါမှာ ဒါမှမဟုတ် နေ့ချင်းပြန်ခရီး ဖြစ်နေတဲ့အခါမှာ အဲဒီကျွန်းက အင်ဒိုနီးရှား လဝကအရာရှိတွေက အဲဒီခရီးသည်ကို ငွေညှစ်တတ်ပါတယ်။ သူတို့ ယူဆတာက စင်္ကာပူကနေ အင်ဒိုဘက်ကို ခဏ အထွက်ပြပြီး စင်္ကာပူမှာ နေထိုင်ခွင့် သက်တမ်း တိုးဖို့ လုပ်တယ်လို့ပဲ မြင်ပါတယ်။ မြန်မာခရီးသည် ၁ ယောက်ကို စလုံး ဒေါ်လာ ၁၀၀ တောင်းပါတယ်။ ပြုံးပြငိုပြ ညှိနှိုင်းပြီးရင်တော့ ဒေါ်လာ ၅၀ လောက်နဲ့ ကိစ္စပြတ်ပါတယ်။ တချို့တွေလည်း ဒေါ်လာ ၃၀ နဲ့ ရတယ်လို့ ပြောကြပြန်တယ်။ 

ပြောချင်တာက... စင်္ကာပူမှာ အလည်အပတ် နေထိုင်ခွင့်သက်တမ်း တိုးဖို့ ခဏအထွက်ပြချင်ရင်တော့ ကိစ္စမရှိပါဘူး။ အဲဒီလို မဟုတ်ပဲ... အလည်သဘောမျိုးနဲ့ ရောက်ဖူးချင်လို့ အဲဒီကျွန်းတွေဘက်ကို သွားလည်တယ်ဆိုရင်တော့ အင်ဒိုဘက်မှာ ငွေညှစ်တတ်တာကို သတိထား သိရှိနိုင်အောင် ဝေမျှတာပါ။ စင်္ကာပူဘက်ကတော့ ဘာမှ မလုပ်ပါဘူး။ အပြန်လေယာဉ် လက်မှတ် ပြနိုင်ရင် အဝင်တုံး ထုပေးလိုက်တာပါပဲ။

Monday, April 29, 2019

Just do the best you can


မြန်မာပြည်မှာ ရာသီဥတုက ပူနေတဲ့ကြားက မီးတွေပျက်နေတာကို ကိုယ်ချင်းစာပါတယ်။ တချို့ကလည်း ပြောချင်ပြောပါမယ်... မီးမပျက်တဲ့နေရာမှာ နေပြီး အဝေးကနေ ကိုယ်ချင်းစာနေတာ ဘာလုပ်ရမလဲပေါ့။ တကယ်တော့ ကိုယ်တွေလည်း မြန်မာပြည်မှာ နေတဲ့အချိန်တုန်းကလည်း မီးပျက်တဲ့ဒဏ်ကို အလူးအလဲ ခံစားခဲ့ဖူးပါတယ်။ အဲဒီအတွေ့အကြုံကို အခြေခံပြီး ကိုယ်ချင်းစာမိတာပါ။

မီးပျက်တော့ အသံတွေ ထွက်ပါတယ်။ ရာသီဥတုကလည်း ပူတော့ စိတ်တွေ အိုက်ပြီး ဒေါသသံတွေလည်း ပါလာတာပေါ့။ တချို့တချို့တွေဆီကနေ အပြစ်တင်သံတွေ ထွက်လာပြန်ရော။ အစိုးရဘက်လည်း လက်ညိုးထိုးကြတာပေါ့။ ဘာလုပ်နေသလဲ။ ဘာတွေ လုပ်ပေးမလဲပေါ့။ တချို့ကတော့ ကိုယ့်အစိုးရဆီကနေ အားကိုး ရှာကြတဲ့ သဘောပါပဲ။ တချို့ကတော့ အခွင့်အရေးရတုန်းလေး ဖဲ့ထားဦးမှ ဆိုပြီး လုပ်ကြတဲ့ သဘောလည်း ရှိနိုင်ပါတယ်။ ဘယ်လိုစာကို ဘယ်လို စိတ်ထားနဲ့ ရေးတယ်ဆိုတာကိုတော့ ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါပဲလေ။

တကယ်တော့ မြန်မာပြည်မှာ နွေရာသီမှာ မီးမနိုင်တာကတော့ ကြိုတင် မျှော်လင့်ထားသင့်ပါတယ်။ ဆည်တွေလည်း ရေနည်းကုန်သလို တခြား လျှပ်စစ်မီးရနိုင်စရာ အခြေအနေတွေလည်း မရှိဘူးလေ။ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ဆိုတာလည်း ကန့်ကွက်မှုတွေကြောင့် ရပ်တန့်နေတယ်။ နေရောင်ခြည် စွမ်းအင်သုံးတာတို့ လေအားလျှပ်စစ်တို့ ဆိုတာတွေလည်း မဖြစ်လာသေးဘူး။ ဒီဇယ်နဲ့ မောင်းမယ်ဆိုရင်လည်း ကုန်ကျစရိတ်က အတော်များမယ်။ အစိုးရရဲ့ ဘတ်ဂျက်အရ လုပ်ပေးနိုင်မယ့်ကိန်း မမြင်မိဘူး။ အဲဒီတော့ ဘာလုပ်စရာ ရှိဦးမလဲ။

ကိုယ်တွေက အဲဒီလျှပ်စစ်ဓါတ်အားပေး နယ်ပယ်ထဲက မဟုတ်တော့ ပညာရှင်တွေလို မသိနိုင် မတွေးနိုင်ဘူး။ ဒါပေမယ့် ကိုယ်မြင်တာကတော့ လောလောဆယ်မှာ ဘာမှ လုပ်မရပဲ လမ်းဆုံးနေသလိုပဲ။ နှစ်တိုင်း ဒီလိုပဲ လျှပ်စစ်လိုအပ်ချက်တွေ အနည်းနဲ့အများ ဆက်ဖြစ်နေဦးမယ်လို့ မြင်မိတယ်။
လျှပ်စစ်ဓါတ်အား ထုတ်ဖို့ကိစ္စက ကိုယ်တွေ လက်ထဲမှာ လုပ်စရာ မရှိတာကို သဘောပေါက်ပြီ ဆိုရင် အပူဒဏ်ကို လျှော့ချဖို့တော့ ကိုယ်တွေ လုပ်နိုင်တာတွေကိုပဲ လုပ်ထားကြဖို့ လိုပါမယ်။ အရိပ်ရ အပင်များများ စိုက်ကြပါ။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ။ ရေအရင်းအမြစ်တွေကို စောင့်ရှောက်ပါ။ ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာပါဘူးလေ။

Wednesday, March 6, 2019

Education = Brighter Future

ဒီနေ့မှာ မြန်မာပြည်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုရတယ် ဆိုတဲ့ သတင်းလေး ဖတ်မိတော့ အင်တာနက်မှာ ဖြန့်ဝေနေတဲ့ တက်ကျမ်းလိုလို ကျကျမ်းလိုလို ကြက်စွပ်ပြုတ်လိုလို ဂျင်းအကြီးစားကို သတိသွားရမိတယ်။

အဲဒါ ဘာလဲဆိုတော့ တက္ကသိုလ်ကနေ ဘွဲ့မရခဲ့ပေမယ့် အောင်မြင်နေတဲ့သူတွေ အကြောင်းပေါ့။ ဘွဲ့မရလည်း ဘာအရေးလဲ။ ဘ၀မှာ အောင်မြင်နိုင်တယ် ဆိုတာမျိုးပေါ့။ ပညာရေးမှာ ခရီးမပေါက်တဲ့သူတွေကို စိတ်ဓါတ် မကျစေလိုလို့ အားပေးတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုတ်ရာတခြား ရှရာတခြား ဖြစ်ပြီး... ပညာရေးက အရေးမကြီးဘူးလို့ ထင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဥပမာပေးတာကတော့ Steve Job, Bill Gate, Mark Zuckerberg တို့ပေါ့။ အဲဒီလို ဥပမာပေးထားတဲ့ လူတွေ တက်ခဲ့တဲ့ တက္ကသိုလ်ကိုလည်း ပြန်ကြည့်ပါဦး။ တော်ရိရောရိတွေ တက်လို့ရတဲ့ တက္ကသိုလ်မျိုးတွေမှ မဟုတ်တာ။ ဆိုလိုချင်တာက သူတို့ဟာ တက္ကသိုလ်ကနေ ဘွဲ့မရခဲ့ပေမယ့် ပညာရေးမှာ အချဉ်တွေတော့ မဟုတ်ခဲ့ဘူးလေ။ ပညာရေးမှာ အခြေခံကောင်းခဲ့ပြီး အတော်လေးကို ထူးချွန်ခဲ့ကြတာမျိုးပါ။

အဓိက ပြောချင်တာက ပညာရေးကို ဦးစားပေးဖို့ လိုတယ် ဆိုတာလေး ထောက်ပြချင်တာပါ။ ပညာရေး အခြေခံ မကောင်းပဲနဲ့ အောင်မြင်တဲ့လူဆိုတာ လောကမှာ အများကြီး မရှိပါဘူး။ သူတို့မှာ တခြား ထူးချွန်မှုတွေ ရှိနေလို့ အောင်မြင်လာတာပါ။ ဥပမာ ပေါင်းသင်းဆက်ဆံရေး ကောင်းတာမျိုး၊ စီးပွါးရေးအမြင် ရှိတာမျိုးပေါ့။

ဘွဲ့မရလည်း ဘာအရေးလဲလို့ မထင်ကြပါနဲ့။ ဘွဲ့ရနဲ့ ဘွဲ့ရ မဟုတ်ရင် အလုပ်အကိုင်မှာလည်း ကွာလာပါတယ်။ စင်္ကာပူမှာဆို Professional အလုပ်နဲ့ ပတ်သက်ပြီး ဒီပလိုမာ ဒါမှမဟုတ် ဘွဲ့ရဖြစ်မှ အလုပ် လုပ်ခွင့် Pass (SPass, EP) ထုတ်ပေးတာမျိုးပါ။ ကိုယ်က မိုးပျံအောင် တော်နေတတ်နေပြီး Pass အတွက် လိုအပ်ချက်ဖြစ်တဲ့ ဘွဲ့တခုခု မရထားရင် Pass မရတာမျိုး ဖြစ်တတ်ပါတယ်။ ဘွဲ့ရဖြစ်နေပြီး တခြား အလုပ်ကြမ်း သွားလုပ်တာကတော့ တပိုင်းပေါ့လေ။

အဲဒီတော့ ကြိုးစားကြပါ။ ပညာရေးကို အရေးမကြီးဘူးလို့ မထင်ပါနဲ့။ အခု ငယ်ရွယ်စဉ်မှာ အရေးမကြီးဘူး ထင်ပြီး ပစ်ထားခဲ့တဲ့အရာတွေဟာ တချိန်မှာ တန်ဖိုးကြီးကြီး ပေးရတာမျိုး ဖြစ်နေနိုင်ပါတယ်။ အချိန်က စကားပြောပါတယ်။

Monday, February 11, 2019

Applying newborn passport in Myanmar Embassy - SG

စင်္ကာပူမှာ မွေးတဲ့ မွေးကင်းစကလေးအတွက် မြန်မာသံရုံးမှာ passport လျှောက်ဖို့လိုလာရင် ဘာတွေ ဘယ်လို လုပ်ရသလဲဆိုတဲ့ အတွေ့အကြုံကို ပြန်လည် ဝေမျှပါမယ်။

သားကို ၁၉ ရက်နေ့ ဇန်န၀ါရီလ ၂၀၁၉ မှာ စင်္ကာပူက ဆေးရုံတခုမှာ မွေးပါတယ်။ မွေးပြီး ၃ ရက်အကြာ ဆေးရုံဆင်းမယ့်နေ့ ၂၁ ရက်နေ့ ဇန်နဝါရီမှာ ဆေးရုံမှာပဲ မွေးစာရင်း (Birth Certificate) လုပ်ပါတယ်။ မွေးစာရင်းနဲ့အတူ စင်္ကာပူ လဝက ICA က Special Pass ကို မွေးဖွားတဲ့နေ့ကနေ စပြီး ၄၂ ရက်စာ (ရက်သတ္တပတ် ၆ ပတ်) ထုတ်ပေးပါတယ်။ အဲဒါကို Advisory Note လို့ ခေါ်ပါတယ်။ အဲဒီ ၄၂ ရက်အတွင်းမှာ ကလေးအတွက် မြန်မာသံရုံးမှာ passport လျှောက်ရပါမယ်။

မြန်မာသံရုံးမှာ Newborn အတွက် passport လုပ်တဲ့အခါမှာ အဆင့် ၂ ဆင့် ရှိပါတယ်။ ပထမအဆင့်က passport အသစ်လုပ်ခွင့်ကို မြန်မာသံရုံးကနေတဆင့် လျှောက်ထားရတာပါ။ အဲဒီဟာကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က စိစစ်ပြီး ခွင့်ပြုလိုက်ပြီးဆိုရင် ဒုတိယအဆင့်က မြန်မာသံရုံးမှာ passport လုပ်ရတာပါ။

ပထမအဆင့်အတွက် စင်္ကာပူက မြန်မာသံရုံးရဲ့ Website မှာ အရင်ဦးဆုံး Online Appointment ယူရပါတယ်။ Newborn Baby Passport ဆိုတာကို နှိပ်ရပါမယ်။ အဲဒီမှာ ပထမအဆင့်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို download လုပ်ဖို့ ပေးထားသလို ဒုတိယအဆင့်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို download လုပ်ဖို့လည်း ပေးထားပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကို download လုပ်ထားပါ။ ပြီးရင်တော့ Online Appointment လုပ်ပြီး လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်သွင်းပါ။ ပြီးရင် ကိုယ် ဖြည့်ခဲ့တဲ့ email ထဲကို မြန်မာသံရုံးက Confirmation Link လေး လှမ်းပို့တဲ့အခါ Confirm လုပ်ပေးဖို့ လိုပါတယ်။ Confirm လုပ်ပြီးရင် email ထဲကို Token နံပါတ်နဲ့အတူ ကိုယ်ရေးရာဇဝင် ဖြည့်ဖို့လျှောက်လွှာပုံစံ ပါတဲ့ email တစောင် ဝင်လာပါမယ်။ အဲဒီလျှောက်လွှာက ၁ စောင်တည်း ဆိုပေမယ့် မိတ္တူ ၃ စုံ ထုတ်ထားဖို့ လိုပါတယ်။

ပထမအဆင့်မှာ ဖြည့်ရတဲ့ စာရွက်စာတမ်း လျှောက်လွှာတွေ အတော်များပါတယ်။ မိဘ ၂ ပါးရဲ့ ကိုယ်ရေးရာဇဝင်နဲ့ လျှောက်ထားတဲ့ ကလေးရဲ့ ကိုယ်ရေးရာဇဝင်တွေ ဖြည့်ရပါတယ်။ ကိုယ်ရေးရာဇဝင် လျှောက်လွှာက စာမျက်နှာ ၈ မျက်နှာ ရှိပါတယ်။ အဲဒီထဲမှာ အဖေ အမေရဲ့ မိဘမောင်နှမ ဆွေမျိုးသားချင်းတွေပါ ဖြည့်သွင်းရပါတယ်။ အဲဒီ ကိုယ်ရေးရာဇဝင်မှာ မိဘ ၂ ပါးနဲ့ ကလေးရဲ့ ဓါတ်ပုံလည်း ကပ်ပေးရပါတယ်။ တခြား လိုအပ်တဲ့ စာရွက်စာတမ်းတွေက မိဘ ၂ ပါးရဲ့ Passport မူရင်းနဲ့ မိတ္တူ၊ စင်္ကာပူမှာ လက်ရှိကိုင်ဆောင်ထားတဲ့ ID Card (PR, EP, SPass, DP) မူရင်းနဲ့ မိတ္တူ၊ မြန်မာပြည်က နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ လက်ထပ်စာချုပ် မူရင်းနဲ့ မိတ္တူ၊ ကလေးရဲ့ မွေးစာရင်း မူရင်းနဲ့ မိတ္တူ၊ အလုပ် လုပ်တဲ့ မိဘရဲ့ စင်္ကာပူက မြန်မာသံရုံးမှာ အခွန်ဆောင်ထားကြောင်း အခွန်ပြေစာ မူရင်းနဲ့ မိတ္တူ။

အဲဒါတွေ ပြင်ဆင်ပြီးပြီဆိုရင် မြန်မာသံရုံးကို Appointment ယူထားတဲ့ရက်မှာ သွားပါ။ သွားတဲ့အခါမှာ ကောင်တာနံပါတ် ၃ မှာ ကိုယ်ပြင်ဆင်လာတဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှု ရှိမရှိ အရင် သွားစစ်သင့်ပါတယ်။ ကောင်တာနံပါတ် ၃ က ဓါတ်ပုံရိုက်တဲ့အခန်းရဲ့ အနောက်အတွင်းဘက်မှာ ရှိပါတယ်။ မိတ္တူကူးဖို့ လိုအပ်တာတွေ ရှိရင်လည်း အဲဒီမှာ ကူးပေးပါတယ်။ ၁ စောင်ကို စင်္ကာပူ ၅၀ ဆင့် (ပြား ၅၀) ပေးရပါတယ်။ အဲဒီမှာ စစ်ဆေးပြီးရင် ကောင်တာနံပါတ် ၁ နဲ့ ၂ က Token နံပါတ် ခေါ်ပါမယ်။ ကိုယ့်နံပါတ်ကို ခေါ်တဲ့အခါမှာ အဲဒီစာရွက်စာတမ်းတွေကို ပေးလိုက်ပါ။ သူတို့က စစ်ဆေးပြီးတဲ့အခါ ကွန်ပျူတာထဲမှာ အချက်အလက်တွေ ဖြည့်ပါတယ်။ အဲဒီလို အချက်အလက် ဖြည့်သွင်းတဲ့ အကျိုးဆောင်ခအနေနဲ့ စင်္ကာပူဒေါ်လာ ၂၀ ပေးရပါတယ်။ အဲဒါပြီးရင်တော့ အဲဒီစာရွက်စာတမ်းတွေကို ကောင်တာနံပါတ် ၅ နဲ့ ၆ တခုခုမှာ တန်းစီပြီး လျှောက်လွှာတင်ပါ။ အဲဒီကောင်တာကနေ passport လျှောက်ထားကြောင်း သံရုံးထောက်ခံစာ လာထုတ်ဖို့ ဖြတ်ပိုင်းတခု ပြန်ပေးပါမယ်။ အဲဒီဟာကို ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ သွားထုတ်ရပါတယ်။ ထောက်ခံစာဖိုး စင်္ကာပူဒေါ်လာ ၈ ဒေါ်လာ ပေးရပါတယ်။

အဲဒီထောက်ခံစာ ရပြီးတဲ့နောက် ရက်သတ္တပတ် ၂ ပတ်လောက်မှာ သံရုံး website မှာ passport အသစ်ပြုလုပ်ခွင့်ရတဲ့ စာရင်းမှာ ကိုယ့်ကလေးရဲ့အမည် ပါလာသလား ဆိုတာ ပုံမှန် စစ်ကြည့်ပေးဖို့ လိုပါပြီ။ အရင်တုန်းကတော့ ၁ လ လောက် ကြာတယ် ပြောကြတယ်။ ကိုယ့်သားအလှည့်မှာတော့ ၂ ပတ်တိတိမှာ အမည်စာရင်း ပါလာတာကို တွေ့ရတယ်။ အမည်စာရင်း ပါလာပြီ ဆိုရင် ဒုတိယအဆင့် passport လုပ်လို့ ရပါပြီ။ ထုံးစံအတိုင်း သံရုံး website မှာ Appointment တင်ပါ။ အဲဒီမှာ လိုအပ်တဲ့ အချက်အလက် ဖြည့်ပါ။ email ထဲကို Confirmation Link ပါတဲ့ စာ ဝင်လာပါမယ်။ Confirm လုပ်ပြီးတဲ့အခါ Token နံပါတ်နဲ့အတူ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့် လျှောက်လွှာပါတဲ့ email ဝင်လာပါမယ်။

ဒုတိယအဆင့်မှာ ဖြည့်ရတဲ့ လျှောက်လွှာက ၁ မျက်နှာတည်းပါ။ အဲဒီမှာ ကလေးရဲ့ ဓါတ်ပုံ ၁ ပုံ ကပ်ရပါမယ်။ passport မှာ ထည့်ချင်တဲ့ ကလေးရဲ့ ဓါတ်ပုံကို ဖုန်းထဲမှာ ယူသွားလို့ ရပါတယ်။ အဲဒီ ဓါတ်ပုံကို ကောင်တာနံပါတ် ၃ မှာ email ကနေတဆင့် ပို့ပေးလို့ ရပါတယ်။ ဓါတ်ပုံ ထုတ်ပြီးသား ရှိရင်လည်း အဲဒီပုံကို ပေးလိုက်လို့ ရပါတယ်။ ဒုတိယအဆင့်မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေက မိဘ ၂ ပါးရဲ့ Passport မူရင်းနဲ့ မိတ္တူ၊ စင်္ကာပူမှာ လက်ရှိကိုင်ဆောင်ထားတဲ့ ID Card (PR, EP, SPass, DP) မူရင်းနဲ့ မိတ္တူ၊ လက်ထပ်စာချုပ် မူရင်းနဲ့ မိတ္တူ၊ ကလေးရဲ့ မွေးစာရင်း မူရင်းနဲ့ မိတ္တူ၊ အလုပ် လုပ်တဲ့ မိဘရဲ့ စင်္ကာပူက မြန်မာသံရုံးမှာ အခွန်ဆောင်ထားကြောင်း အခွန်ပြေစာ မူရင်းနဲ့ မိတ္တူ။ ဒုတိယအဆင့်မှာ မြန်မာပြည်က နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူကိုတော့ မတောင်းတော့ဘူး။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်တဲ့ passport အသစ်ပြုလုပ်ခွင့်ရတဲ့ စာရင်းကိုလည်း သံရုံး website ကနေ download လုပ်ပြီး print ထုတ်သွားပါ။ အဲဒီစာရင်းကို မယူသွားဖြစ်ရင်လည်း ကောင်တာနံပါတ် ၃ မှာ print ထုတ်ပေးပါတယ်။

ကိုယ်ယူထားတဲ့ Token နံပါတ်ကို ကောင်တာ ၁ နဲ့ ၂ က ခေါ်ပါမယ်။ အဲဒီလို မခေါ်ခင်မှာ ကောင်တာနံပါတ် ၃ မှာ ဖြည့်ထားတဲ့ အချက်အလက်တွေနဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှု ရှိမရှိ အရင် စစ်ဆေးပါ။ အဲဒီလို ကြိုတင် စစ်ထားတော့ လိုအပ်တာတွေ အစုံရှိနေတဲ့အခါမှာ ကောင်တာ ၁ နဲ့ ၂ မှာ ချောချောမွေ့မွေ့ ရှိစေပါတယ်။ ကောင်တာနံပါတ် ၁ နဲ့ ၂ မှာ စာရွက်စာတမ်း မူရင်းတွေကို မိတ္တူတွေနဲ့ တိုက်စစ်ပြီးတဲ့အခါ ကွန်ပျူတာထဲမှာ အချက်အလက်တွေ ဖြည့်ပါတယ်။ အဲဒီလို အချက်အလက် ဖြည့်သွင်းတဲ့ အကျိုးဆောင်ခအနေနဲ့ စင်္ကာပူဒေါ်လာ ၂၀ ပေးရပါတယ်။ အဲဒါပြီးရင်တော့ ဓါတ်ပုံရိုက်တဲ့အခန်းကို သွားရပါတယ်။ email ပို့ထားတဲ့ ဓါတ်ပုံကို လျှောက်လွှာနဲ့ တွဲပေးပြီး ဖြတ်ပိုင်းတခု ထုတ်ပေးပါတယ်။ ပြီးရင်တော့ ကောင်တာနံပါတ် ၅ နဲ့ ၆ တခုခုမှာ တန်းစီပြီး အဲဒီဖြတ်ပိုင်းနဲ့ လျှောက်လွှာကို တင်ပါ။ အဲဒီကောင်တာကနေ passport လာထုတ်ဖို့ ဖြတ်ပိုင်းတခု ပြန်ပေးပါမယ်။ ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ အဲဒီ ဖြတ်ပိုင်းကို ပြပြီး စင်္ကာပူဒေါ်လာ ၃၅ ဒေါ်လာ ပေးပြီးတဲ့အခါ passport ထုတ်လို့ ရပါပြီ။

ပထမအဆင့်မှာ စုစုပေါင်း စကာင်္ပူ ၂၈ ဒေါ်လာ ကုန်ကျပါတယ်။ ဒုတိယအဆင့်မှာ စင်္ကာပူ ၅၅ ဒေါ်လာ ကုန်ကျပါတယ်။ မိတ္တူကူးခတွေတော့ ထည့်မတွက်ထားဘူးပေါ့။ စင်္ကာပူက မြန်မာသံရုံးမှာ မွေးကင်းစကလေးအတွက် passport လျှောက်တာကတော့ ဒါပါပဲကွယ်။ အစစအရာရာ အဆင်ပြေကြပါစေ။

Tuesday, November 27, 2018

Good things about my little girl Yoon

ယွန်းနဲ့ပါတ်သက်ပြီး ကောင်းကွက်လေးတွေ ပြောရရင် အခုချိန်အထိ ကျောင်းပျော်လေး ဖြစ်နေတာပဲ။ ဘယ်သင်တန်း ဘယ်ကျူရှင်ပဲဖြစ်ဖြစ် မသွားချင်ဘူး ဆိုတာ မရှိဘူး။ ကျောင်းသွားဖို့ဆို အမြဲတမ်း ပျော်ရွှင် တက်ကြွနေတယ်။ သင်တန်းအသစ်တွေ တက်ချင်တယ်ဆိုပြီး ပူဆာလို့ ကျောင်းလိုက်အပ်ပေးရင် ပျော်နေတာပဲ။ ဘယ်တော့ အဲဒီသင်တန်းအသစ်ကို တက်ရမလဲ ဆိုပြီး မေးတတ်သေးတယ်။ ကျောင်းပိတ်ရက်ရှည်ထဲ ရောက်နေရင်လည်း ကျောင်းဖွင့်ရက်ကို မျှော်နေပြန်ရော။


မနက်မိုးလင်း အိပ်ယာထရင်လည်း ဂျီကျတာမျိုး မရှိဘူး။ အမြဲတမ်း ရွှင်ရွှင်ပျပျနဲ့ပဲ အိပ်ယာထတယ်။ လုပ်စရာရှိတဲ့ မျက်နှာသစ် သွားတိုက် သူ့ဘာသာသူ လုပ်သွားတယ်။ ပြီးရင် ညအိပ်အဝတ်ကို ချွတ်ပြီး အဝတ်အသစ်လဲထားပြီး မနက်စာ စားဖို့အတွက် စားပွဲဆီမှာ လာထိုင်တယ်။


သူ လိုချင်တဲ့ပစ္စည်းကို မရရင်လည်း ထပ်ပြီး အထွန့်တက် မပူဆာပြန်ဘူး။ လိုချင်တာ မရလို့ ငိုယိုတာလည်း မရှိဘူး။ သူ့ကို နားလည်အောင် ပြောပြထားရင် အိုခေ ဆိုပြီး... ဆက်မပူဆာတော့ဘူး။ နောက်မှ ဝယ်ပေးမယ်လို့ ပြောပြရင်လည်း သူက လက်ခံတာပဲ။


ဘယ်လောက်ပဲ ကစားကွင်းထဲမှာ အဆော့မက်မက်... တော်ပြီ ပြန်ရတော့မယ် သွားတော့မယ် ပြောရင်လည်း ဆော့တာကို ရပ်ပြီး ပြန်ဖို့ လုပ်တယ်။ တီဗွီတို့ အိုင်ပတ်တို့ ကြည့်နေတဲ့အချိန်လည်း သတ်မှတ်ထားတဲ့ အချိန်ပြည့်လို့ ပြောပြလိုက်ရင် ဆက်မကြည့်တော့ပဲ ပိတ်ပစ်လိုက်တယ်။


အားတဲ့အချိန်မှာ အရုပ်တွေနဲ့ မဆော့ဖြစ်ရင် အရောင်ခြယ်တယ်... ပန်းချီဆွဲတယ်... ကာတွန်း ဆွဲတယ်။
စာကြည့်တိုက်က ငှားလာတဲ့ စာအုပ်တွေကို ဖတ်ရင်းနဲ့ စိတ်ပါလာရင် အဲဒီစာအုပ်ထဲက စာတွေကို ဗလာစာအုပ်ထဲ ကူးရေးတယ်။ သင်္ချာတွေလည်း စိတ်နဲ့ တွက်လိုက် ပေသီးခေါက်လိုက်နဲ့ လုပ်နေတာပဲ။ တခါတလေ စန္ဒားယား တီးလိုက် တယောထိုးလိုက်နဲ့ ဆော့ဖြစ်တော့ သူ့ဘာသာသူတော့ မအားရှာဘူး။ သီချင်းဆိုတာလည်း ဝါသနာက ပါသေးတော့ အိုင်ပတ်ကနေ သီချင်းစာသားတွေ လိုက်ဖတ်ပြီး အော်ဆိုနေတတ်သေးတယ်။