.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, March 9, 2008

Donation for Fire victims

လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးဘေးအတွက် ကျွန်တော်တို့ စကာင်္ပူမှာ ကောက်လို့ရတဲ့ အလှူငွေ အစအဆုံး စာရင်းချုပ်လိုက်တော့ အလှူငွေ စုစုပေါင်း ၃၂၀၀ ဒေါ်လာ ကောက်ခံရရှိပါတယ်။ ဒီနေ့ ငွေလွှဲဈေးက စင်္ကာပူ ၁ ဒေါ်လာကို မြန်မာငွေ ၇၈၀ ကျပ်ပါ။ ဒါပေမယ့် ပင်နီဇူးလားက သပြေနုကို မီးဘေးအလှူအကြောင်း ပြောပြတော့ ၈ ကျပ် ထပ်တိုးပေးပါတယ်။ အဲဒီတော့ ငွေလွှဲဈေးက ၇၈၈ ကျပ်နဲ့ လွှဲဖြစ်လိုက်ပါတယ်။ စုစုပေါင်း ၂၅၂၁၆၀၀ ကျပ် ပါခင်ဗျာ။

ကျွန်တော်တို့ အခုလို လုပ်နေတာ ချမ်းသာဖို့လည်း မဟုတ်၊ အမည်သတင်း ကျော်ကြားဖို့လဲ မဟုတ်ပါဘူး။ လိုအပ်နေတဲ့သူတွေကို လိုအပ်တာလေးတွေကို လက်ထဲအရောက် ပံ့ပိုးကူညီချင်တဲ့ လူမှုရေး စိတ်ဓါတ်လေးကို အခြေခံထားကြတာပါ။ နိုင်သလောက်လေး ကြယ်ငါး ကောက်နေကြတာပါ။

လူဆိုတာ မကြုံဖူးရင် မသိကြပါဘူး။ ကြုံဖူးမှ သိကြရတာပါ။ အဲဒီလို ဒုက္ခရောက်နေတဲ့ ဘ၀မျိုးတွေကို မြင်ဖူးတွေ့ဖူး ကြုံဖူးနေတဲ့ ကျွန်တော်အဖို့ မျက်နှာလွှဲ ခဲပစ် မလုပ်ရက်ပါဘူး။ ဒါကြောင့် နိုင်သလောက် ပံ့ပိုးကူညီနိုင်ဖို့ အလှူငွေ လိုက်ကောက်ခဲ့တာပါ။ အချိန်ပေး စုစည်းပေးခဲ့တာပါ။

အလှူငွေ ကောက်တယ်ဆိုတဲ့ အလုပ်ကလည်း ဘယ်လောက်ထိ အောက်ကျနောက်ကျ လုပ်ရသလဲဆိုတာ အလှူခံဖူးသူတွေ သိကြမှာပါ။ လူတိုင်းက သူ့ခံယူချက်နဲ့သူ... သူ့သမိုင်းနဲ့သူ... သွားနေတာ။ လူတိုင်း ကိုယ့်လို့လူ မဟုတ်ဘူးဆိုတာ သိပေမယ့်လည်း အခံရခက်နေတုန်းပါ။

ဘယ်လောက်ထိ မာန်တွေ လျှော့ရလဲ... စိတ်တွေ လျှော့ရလဲ...
ဘယ်လောက်အထိ အထင်လွဲခံရလဲ... နားလည်မှုတွေ လွဲကြသလဲ...
ဘယ်လောက်အထိ အပြောအဆို ခံရလဲ... ဘယ်လောက်အထိ အငြိုအငြင် ခံရလဲ...

အဝေးရောက် ရွှေတွေကြောင့် စိတ်လည်း ပိုနာလာပါတယ်။ စိတ်တွေလည်း ညစ်ရသလို ဗမာအောက်တန်းစား ဆိုတဲ့ နေးတစ်မြန်မာဖိုရမ်မှာ ကိုဂျေဆိုတဲ့ မန်ဘာတစ်ယောက် တင်ခဲ့တဲ့ပို့စ်ကိုလည်း သတိတရ ရှိမိပါတယ်။ တကယ်ဆို ဗမာသွေး လုံးဝ မပါတဲ့ လူမျိုးခြား ကျွန်တော်အနေနဲ့ "ကိုယ်က အနေသာကြီးပါ" ဆိုတဲ့ စိတ်ရိုင်းလေးက ၀င်ဝင်လာတယ်။ ရင်ထဲ... နှလုံးသားထဲမှာ အဲဒီစိတ်ရိုင်းလေး လုံးဝ ခိုင်မြဲသွားရင်တော့ နေရစ်ခဲ့တော့ကွယ် နှုတ်ဆက်တယ်လို့ပဲ ပြောမိမယ် ထင်တယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မီးဘေးအတွက် အလှူငွေတွေ ကောက်ခံနိုင်ခဲ့ပါတယ်။ အတိုင်းအတာ တစ်ခုအထိ ပံ့ပိုးပေးနိုင်မှာကို မြင်ယောင်မိပြီး ကြည်နူးမိပါတယ်။ ဒါကြောင့် အခုအလှူမှာ စိတ်တူကိုယ်တူ လှူဒါန်းပေးခဲ့တဲ့ အလှူရှင်တွေ၊ အချိန်ကုန်ခံပြီး ထပ်ဆင့် အလှူငွေ ကောက်ခံပေးတဲ့ ဖိုရမ်မန်ဘာများ၊ အသိမိတ်ဆွေများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပံ့ပိုးကူညီတဲ့ ရန်ကုန်နယ်ခံ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။

3 comments:

စိုးထက် - Soe Htet ! said...

နိုင်သလောက်လေး ကြယ်ငါး ကောက်နေကြတာပါ။
ကောင်းတယ်ဗျ ... တစ်ဖြည်းဖြည်း လုပ်ရမှာ ပဲ ဗျ :D

စိုးထက် - Soe Htet ! said...

""တကယ်ဆို ဗမာသွေး လုံးဝ မပါတဲ့ လူမျိုးခြား ကျွန်တော်အနေနဲ့ "ကိုယ်က အနေသာကြီးပါ" ဆိုတဲ့ စိတ်ရိုင်းလေးက ၀င်ဝင်လာတယ်။ ရင်ထဲ... နှလုံးသားထဲမှာ အဲဒီစိတ်ရိုင်းလေး လုံးဝ ခိုင်မြဲသွားရင်တော့ နေရစ်ခဲ့တော့ကွယ် နှုတ်ဆက်တယ်လို့ပဲ ပြောမိမယ် ထင်တယ်။""

အဲလို စိတ်တော့ မမွေးပါနဲ့ ... ကျွန်တော်လည်း တွေ့တွေ့ နေရတာ လူမျိုးခြားတွေက တောင် တစ်ကယ် ပို လုပ်သလို ဖြစ်ဖြစ် နေတယ် :D

JulyDream said...

ဒီဝဋ်ကြွေး မကုန်ခမ်းသရွှေ့ လည်စင်းခံ ဆပ်မယ်လေ... လို့ပဲ ပြောမိမယ် ထင်တယ်ဗျ။ ဒါပေမယ့် အနာကျက် ပေမယ့် အမာရွတ်တော့ ကျန်ခဲ့အုံးမှာပါ။