.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, May 4, 2008

Nargis Cyclone

ညပိုင်းကတည်းကနေ မနက် မိုးလင်းတဲ့အထိ မာန်ဟုန်ပြင်းနေတဲ့ နာဂစ်မုန်တိုင်းဒဏ်ရဲ့အောက်မှာ ရန်ကုန်မြို့ကြီး ငြိမ်ဝပ်ပိပြားနေရှာပါတယ်။ မြို့တစ်ခုလုံး ထောင်းထောင်းကြေအောင် တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြီး နေ့လည်ပိုင်းလောက်မှာ အောင်နိုင်သူအပြုံးနဲ့ နှုတ်ဆက်ထွက်ခွာသွားပါတယ်။ မုန်တိုင်းပြီးရင် လေပြေ လာစမြဲပေမယ့် အဲဒီလေပြေအောက်မှာ ပြုံးရယ်နိုင်သူ ရှာမတွေ့နိုင်ခဲ့ပါဘူး။ ကြည့်လေရာ နေရာတိုင်းမှာ အပြိုအပျက်တွေ တောင်ပုံရာပုံပါပဲ။

နှစ်သက်တမ်းရှည်ကြာပြီဖြစ်တဲ့ အပင်ကြီးတွေ မြေမှာ ပြိုလဲနေပါပြီ။ တချို့ကတော့ လမ်းမပေါ်မှာ အတုံးအရုန်းပေါ့။ တချို့ကတော့ အိမ်တွေထဲကို နှုတ်ဆက်အနမ်းတွေနဲ့ ၀င်လာကြသလို အိမ်တွေအပေါ် အရုပ်ကြိုးပြတ် ဘုံးဘုံးလဲနေတာလည်း ရှိကြပြန်ရော။ လမ်းပေါ်က နေရာတိုင်းမှာ သစ်ခက်သစ်ကိုင်း သစ်ရွက်တွေ မြင်မကောင်းအောင် ရှုပ်ပွနေပါတယ်။ ကြေငြာဆိုင်းဘုတ်ကြီးတွေလည်း မြေမှာ သက်ဆင်းနေကြပါတယ်။


တိုက်အိမ်တွေကိုကြည့်လိုက်ရင်လည်း အမိုးမရှိတဲ့အိမ်တွေက အများသား။ မှန်တွေ အချပ်လိုက် အချပ်လိုက် ကွာကျလို့ ဟာလာဟင်းလင်းဖြစ်နေတဲ့ အိမ်တွေကလည်း မနည်းမနှော။ မှန်တွေကွာကျထားတဲ့ လှေခါးတွေဆို ဒိုးလျှိုပေါက်ကို မြင်နေရလို့ ဆောက်လက်စ တိုက်အသစ်လားတောင် ထင်မှတ်မှားရပြန်တယ်။ ပျဉ်ထောင်အိမ်တွေ၊ တဲအိမ်တွေကတော့ မြင်မကောင်းအောင် ပျက်ဆီးကုန်ပါတယ်။ မြစ်ရိုးတစ်လျှောက် အိမ်တွေကတော့ ရေထဲ မြှုပ်ကုန်ပါပြီ။

အိမ်အပြင်ကို ထွက်လိုက်တော့လည်း အပြိုအပျက်တွေကြားမှာ ဟိုဟိုဒီဒီ သွားနေတဲ့ လူတွေ ဟိုနားတစ်စု ဒီနားတစ်စု။ ပြုတ်ကျလာတဲ့ စလောင်းတွေကို ပြန်ကောက်တဲ့သူတွေက ကောက်၊ သွပ်မိုးတွေကို ပြန်ကောက်တဲ့သူတွေက ကောက်၊ မှန်ကွဲစတွေ ရှင်းတဲ့သူက ရှင်းပေါ့။ ရပ်ကွက်ထဲက လူကြီးလူငယ်တွေလည်း လမ်းရှင်းတဲ့သူက ရှင်း၊ အပင်တွေကို ခုတ်ထစ်တဲ့သူက ခုတ် အားလုံး အလုပ်တွေများနေကြပါတယ်။ အားလုံး တနိုင်တပိုင် ကိုယ့်အားကိုယ်ကိုးပြီး လုပ်ရကိုင်ရပါတယ်။


လမ်းမကြီးတွေမှာလည်း ဘတ်စ်ကားတွေလည်း မပြေးနိုင်တော့ လူတွေလည်း သွားစရာ လာစရာ ရှိတာတွေကို ခြေလျင်ပဲ သွားရလာရပြန်တယ်။ ရထားလမ်းပေါ်မှာလည်း သစ်ပင်တွေက ကန့်လန့်ဖြတ်ကျနေတော့ ရထားတွေလည်း မထွက်နိုင်ပါဘူး။ အငှားယာဉ် တက်စီတွေလည်း မထွက်တော့ ပိုက်ဆံရှိလည်း ကားမငှားနိုင်တဲ့ ဘ၀ကို ရောက်သွားရတယ်။ ဒီလိုအချိန်ကျတော့လည်း ငွေဆိုတာ စာရွက် တစ်ရွက်လိုပဲ ဘာမှ တန်ဖိုးမရှိ ဖြစ်သွားပါတယ်။


လမ်းပေါ်က သစ်ပင်တွေကြား ရှောင်ကွင်းသွားရသလို ဓါတ်ကြိုးတွေ ဓါတ်တိုင်တွေကိုလည်း ကျော်ခွသွားလာရပါတယ်။ အချို့နေရာမှာဆို ရေကြီးနေလို့ လူတွေ ရေထဲမှာ လျှောက်နေရတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေကတော့ ကားတွေ မောင်းပြီး သွားကြလာကြပေါ့။ လမ်းတွေပိတ်ကုန်လို့ တစ်လမ်းမောင်း လမ်းတွေမှာလည်း ကားတွေ လမ်းပြောင်းပြန် မောင်းတာတွေ ဖြစ်ကုန်ရော။ အဲဒီအချိန်မှာ ယာဉ်ထိန်းရဲဆိုတာလည်း တာဝန်ကျရာနေရာကို ရောက်အောင် မလာနိုင်တော့ပါဘူး။ မီးပွိုင့်တွေလည်း လေမုန်တိုင်း တိုက်တုန်းက ဂျင်လည်သလို တိုင်တွေက လည်နေတော့ လေငြိမ်တဲ့အချိန်မှာ အရင်ပုံစံ နေရာမှန်မှာ မရှိတော့ပါဘူး။ နေရာမှန်မှာရှိလည်း မီးက မလာတဲ့အတွက် အလကားပါပဲ။


မုန်တိုင်းပြီးချိန်မှာ ဘာဈေးဆိုင်မှ မဖွင့်နိုင်တော့ပါဘူး။ ကြိုတင် မပြင်ဆင်ထားနိုင်တဲ့ မြို့နေလူထုအတွက် စားစရာမရှိတဲ့ မနက်ခင်းကို နဖူးတွေ့ ဒူးတွေ့ ကြုံရပါပြီ။ လက်ဖက်ရည်ဆိုင်တွေ၊ စတိုးဆိုင်တွေရဲ့ ရှေ့မှာ တန်းစီနေတဲ့ လူတန်းကြီးက တမျှော်တခေါ်ကြီးပါ။ ကြက်ဥတွေ ပေါင်မုန့်တွေ ခေါက်ဆွဲခြောက်တွေဟာ ရောင်းအကောင်းဆုံးတွေပေါ့။ ရေသန့်ဗူးတွေလည်း ရောင်းမလောက် ဖြစ်ကုန်ပါတယ်။ ဈေးတက်တဲ့ဆိုင်တွေ ရှိသလို ဈေးမတက်ပဲ နဂိုဈေးအတိုင်း ရောင်းတဲ့ဆိုင်တွေလည်း ရှိကြပါတယ်။


ဘုန်းကြီးကျောင်းတွေကိုလည်း ၀င်လာတဲ့ မုန်တိုင်းသင့်ပြည်သူတွေလည်း တဖွဲဖွဲပေါ့။ သယ်လို့ရသမျှ အ၀တ်ထုပ်တွေကို သယ်လာတဲ့သူနဲ့.. ကလေးတွေကို လက်ကဆွဲလို့ ၀င်လာတဲ့သူနဲ့... အိမ်က အိုးခွက်ပန်းကန်တွေကို မနိုင်မနင်း သယ်လာတဲ့သူနဲ့... ဘုန်းကြီးကျောင်းတ၀ိုက်မှာ ပျားပန်းခပ်နေပါတယ်။ ဘုန်းကြီးတွေလည်း နေလို့ရမယ့် အဆောင်တွေ၊ အခန်းတွေ၊ ဇရပ်တွေကို ဖွင့်ပြီး နေရာချပေးနေရပါတယ်။ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း စတဲ့ အစိုးရကျောင်းတွေလည်း မုန်တိုင်းသင့်ပြည်သူတွေ ထားနိုင်သလောက် ထားပြီး နေရာချပေးနေရပါတယ်။


ညပိုင်းမှာဆိုလည်း မြို့ကြီးတစ်ခုလုံး အမှောင်ထုက ကြီးစိုးနေပါတယ်။ သွားလေရာ နေရာတိုင်းမှာ အပင်ကြီးတွေက ပြိုလဲနေတော့ အမေဇုန်တောထဲ ရောက်နေသလား အမှတ်မှားရပါတယ်။ မြို့လယ် လမ်းမကြီးတွေလည်း အပင်တွေနဲ့ ပိတ်နေလို့ ဟိုရှောင်ကွင်း ဒီရှောင်ကွင်းပြီး တစ်လမ်းဝင် တစ်လမ်းထွက် ကားမောင်းနေရပါတယ်။ မြို့ပျက်တယ်ဆိုတာ ဒါမျိုးပါလား အခုမှ နဖူးတွေ့ ဒူးတွေ့ကြုံ့ရတာပါပဲ။

ဘူးလေးရာ ဖရုံဆင့်တယ်ပဲ ပြောရမလား။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာပဲ ပြောရမလား။ မြေနိမ့်ရာ လှံစိုက်တယ်ပဲ ပြောရမလား။ နာဂစ်မုန်တိုင်းရဲ့ ရိုက်ချက်ကတော့ အောက်မြန်မာပြည်အတွက် အတော်လေးကို အထိနာစေခဲ့ပါတယ်ဗျာ။ အဲဒီဒေသတွေ ဘယ်အချိန်များမှာမှ ပြန်လည် နာလန်ထူနိုင်မလဲဆိုတာကို တွေးမိရင်း သက်ပြင်းတွေ အခါခါချနေမိတော့တယ်။

No comments: