.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, December 15, 2017

Something about PMP

PMP ဆိုတာ အသိအမှတ်ပြု လက်မှတ်တခုပါ။ ဘွဲ့မဟုတ်ပါဘူး။ သူ့အရှည်ကောက်တော့ Project Management Professional ပါ။ Project Manager လောကမှာ နာမည်ကြီး ရေပန်းစားတဲ့ အသိအမှတ်ပြု လက်မှတ်တခုပေါ့။

အဲဒီလက်မှတ်ရဖို့အတွက် မေးခွန်း ၂၀၀ ပါတဲ့ ၄ နာရီစာ စာမေးပွဲ ဖြေရပါတယ်။ စာမေးပွဲဖြေဖို့အတွက် အခြေခံလိုအပ်ချက်တွေ ရှိပါတယ်။ ပထမဦးဆုံး အဲဒီအဖွဲ့အစည်းမှာ အဖွဲ့ဝင်အဖြစ် နှစ်စဉ်ကြေးပေးပြီး ဝင်ရတယ်။ စာမေးပွဲ ဖြေမယ့်သူဟာ Project Management နဲ့ ပတ်သက်တဲ့ သင်တန်းကို ၃၅ နာရီ တက်ရောက် သင်ကြားလေ့လာထားသူ ဖြစ်ရပါမယ်။ ဒီပလိုမာပဲ ရထားတဲ့သူဖြစ်ရင် Project Management နဲ့ ပတ်သက်တဲ့ အလုပ်မှာ နာရီပေါင်း ၇၅၀၀ လုပ်ထားဖူးသူ ဖြစ်ရပါမယ်။ ဘွဲ့ရ ဆိုရင်တော့ နာရီပေါင်း ၄၅၀၀ လုပ်ထားဖူးသူ ဖြစ်ရပါမယ်။

စာမေးပွဲဖြေဖို့ အဲဒီလိုအပ်ချက်တွေ ပြည့်တယ်ဆိုရင် သင်တန်းဆင်းလက်မှတ်နဲ့အတူ ကိုယ်လုပ်ထားဖူးတဲ့ Project တွေနဲ့ အချိန် ဘယ်လောက် လုပ်ခဲ့သလဲ ဆိုတဲ့ စာရင်းကို တွဲတင်ရပါတယ်။ အဲဒီဟာကို စာမေးပွဲစစ်တဲ့အဖွဲ့အစည်းက မှန်ကန်မှု ရှိမရှိ စစ်ဆေးပါတယ်။ လိုအပ်ရင် လိုအပ်သလို ကိုယ်လုပ်ခဲ့တဲ့ အလုပ်က လူကြီးတွေကို ဆက်သွယ်မေးမြန်းတာတွေ လုပ်ပါတယ်။ စာမေးပွဲ ဖြေခွင့်ရပြီဆိုရင် စာမေးပွဲကြေး သွင်းပြီး စာမေးပွဲဖြေမယ့် ရက်ကို ရွေးရပါတယ်။

စာမေးပွဲမှာက multiple choice မေးခွန်း ၂၀၀ ကို မေးတယ်။ ကိုယ်ရဲ့ အတွေ့အကြုံနဲ့ သင်ထားတဲ့စာနဲ့ ယှဉ်ပြီး ဖြေရတယ်။ ဖတ်စာအုပ်ထဲကအတိုင်း စာတွေကို အတိအကျ ပြန်မေးတာမျိုးကြီးပဲ မဟုတ်ဘူး။ တချို့ သီအိုရီတွေကိုတော့ မေးတာမျိုးတော့ ရှိတယ်။ ဖြစ်စဉ်တွေကို ပြောထားပြီး ဘာလုပ်သင့်သလဲ ဘာလုပ်ရမလဲ မေးတာမျိုးတွေလည်း ပါတယ်။ စာမေးပွဲအောင်ချက်ကတော့ နည်းတယ်လို့ ပြောကြတယ်။ ဘယ်လို သတ်မှတ်ထားသလဲတော့ အတိအကျ မသိကြဘူး။

စာမေးပွဲအောင်ပြီဆိုရင် PMP လက်မှတ် ရပြီပေါ့။ အသိအမှတ်ပြု လက်မှတ်ရှိတဲ့ Project Manager ဖြစ်လာပြီပေါ့။ ဒါပေမယ့် အဲဒီလက်မှတ်ရဲ့ သက်တမ်းက ၃ နှစ်ပါပဲ။ အဲဒီ ၃ နှစ်အတွင်းမှာ PDU လို့ ခေါ်တဲ့ အမှတ် ၆၀ ရအောင် ပြန်စုရပါတယ်။ အဲဒီ အမှတ် ၆၀ ရရင် အဲဒီ PMP လက်မှတ်ရဲ့ သက်တမ်းကို နောက်ထပ် ၃ နှစ်စာ သက်တမ်း တိုးပေးပါတယ်။

PDU အမှတ်တွေက ဘယ်လို ပေးသလဲ ဆိုတော့... Project Management နဲ့ သက်ဆိုင်တဲ့အလုပ်ရဲ့ ၃ နှစ်စာအတွက် အများဆုံး ၈ မှတ်ပေးပါတယ်။ ဆက်စဉ်မပြတ် လေ့လာသင်ကြားရေးကို အားပေးတဲ့အနေနဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေကို ဆက်လက် လေ့လာ သင်ယူရပါတယ်။ အွန်လိုင်းကနေ ပို့ချတဲ့ သင်ခန်းစာတွေကို နားထောင်ရပါတယ်။ ၁ နာရီစာ သင်ခန်းစာတခုကို ၁ မှတ်ပေးပါတယ်။ အဲဒီတော့ အမှတ် ၆၀ ရဖို့အတွက် အနည်းဆုံး ၅၂ မှတ်စာ ဟောပြောပို့ချချက် သင်ခန်းစာ ၅၂ ခုကို ကြည့်ရှု နားထောင်ရပါတယ်။ အဲဒီလိုဟာမျိုးက အမှတ် ၆၀ စာကို သက်တမ်း ၃ နှစ် ပြည့်တိုင်း ထပ်ယူရပါမယ်။ မယူနိုင်ရင် အဲဒီလက်မှတ်ဟာ ပျက်ပြယ်သွားပါပြီ။ လက်မှတ် ပြန်လိုချင်ရင် စာမေးပွဲ ပြန်ဖြေရမယ်။

အဲဒီတော့ စာမေးပွဲ ပြန်ဖြေမယ့်အစား ၃ နှစ်အတွင်းမှာ လိုအပ်တဲ့ အမှတ်တွေပဲ လိုက်စုတာ ပိုကောင်းမယ်။ သူများတွေတော့ မသိပေမယ့် ကိုယ်ကတော့ PMP လက်မှတ်ရဲ့ ဒုတိယနှစ်သက်တမ်းမှာ အမှတ်တွေကို အသည်းအသန် လိုက်စုပါတယ်။ ပထမနှစ်ကတော့ ဟိုလိုလို ဒီလိုလိုနဲ့ စာတွေ မလုပ်ဖြစ်ဘူး။ ၃ နှစ်ဆိုတော့ လိုပါသေးတယ်ပေါ့။ တတိယနှစ်ကျတော့ ခြေချော်လက်ချော်ဖြစ်ပြီး အချိန်မရှိတာမျိုး ဟောပြောပို့ချချက်တွေ လိုက်မကြည့်နိုင်တာမျိုး ဖြစ်ပြီး ပလုံမှာ စိုးလို့ တတိယနှစ်ကို အရံသဘောမျိုးပဲ ထားတယ်။ လုပ်စရာရှိတာ ဖြည့်စရာရှိတာကို ဒုတိယနှစ်အတွင်းမှာ ကုန်းရုန်း ဖြည့်တယ်။

နောက်နှစ် ၂၀၁၈ ဒီဇင်ဘာဆို ကိုယ်ရဲ့ လက်ရှိ PMP လက်မှတ် သက်တမ်းကုန်မယ်။ အဲဒီတော့ ၂၀၁၇ ရဲ့ ဒီဇင်ဘာဟာ ကိုယ့်အတွက် စာလုပ်ရတဲ့ လပဲ။ Sweet December ဖြစ်မဖြစ်တော့ မသိဘူး။ နေ့တိုင်းတော့ အွန်လိုင်းက ဟောပြောပို့ချချက်တွေ ၂ ခုကနေ ၃ ခုကြား နားထောင်နေရတယ်။ ရှေ့ရက်က Talent Management Conference 2017 ကို တက်လိုက်တော့ PDU က ၆ မှတ်ပေးတယ်။ သိပ်ပျော်ဖို့ ကောင်းတာပဲ။ အခုတော့ နောက်ထပ် ဖြည့်စရာ ၁၅ မှတ်ပဲ လိုတော့တယ်။ ဒီနှစ်မကုန်ခင် ဒါမှမဟုတ် နောက်နှစ်ဆန်းမှာတင် လိုအပ်တဲ့ အမှတ် ၆၀ ပြည့်နိုင်ပါပြီလေ။

လွယ်တော့ မလွယ်ဘူးပေါ့။ ဒီလိုပဲ ကြိုးစားရတာပေါ့။ 

No comments: