.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, December 8, 2017

What is the root cause?

ထန်းတပင် အလုပ်သမားဆေးရုံက ခွဲစိတ်ဆရာဝန်တယောက်ရဲ့ ရင်ဖွင့်ချက် Recorded Live ကို ကြည့်လိုက်ရတယ်။ တဝက်တပျက်ပဲ ကြည့်လိုက်ပြီးတဲ့အခါ စိတ်နောက်သွားတာ အမှန်ပဲ။ ဆေးလောကမှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ ဆေးလောကသား အချင်းချင်းရဲ့ အတွန်းအတိုက်တွေ၊ စိတ်ညစ်စရာတွေကို မျှဝေခံစားလိုက်ရတယ်။

ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း ဒွန်တွဲနေတာကတော့ ဆေးလောကရယ်မှ မဟုတ်ဘူး။ ဒါမျိုးဟာ မြန်မာပြည်မှာတော့ နေရာတိုင်းနီးပါးမှာပါပဲ။ ဘယ်လို အခြေခံအကြောင်းတရားတွေကြောင့် အဲဒီလိုပတ်ဝန်းကျင်တွေ အကျိုးတရားတွေ ဖြစ်ပေါ်လာရသလဲ ဆိုတာ ကိုယ်တွေ ပြန်လည်သုံးသပ် ဆင်ခြင်သင့်တယ်။ ဆရာဝန်ရဲ့ ကိစ္စတခုတည်းကို ပြောနေတာမျိုးတော့ မဟုတ်ဘူးပေါ့။
မြင်မိတာတခုကတော့ ကိုယ်တွေဟာ အချင်းချင်း ပူးပေါင်း ဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းတယ်။ အဲဒီအားနည်းချက်က ခေတ်အဆက်ဆက်ကတည်းက အခုချိန်အထိပဲ။ တဦးချင်း တော်တီးတီး တော်ပေမယ့် အုပ်စုလိုက် အဖွဲ့လိုက် ဆောင်ရွက်ဖို့ကိစ္စတွေမှာ သူတလူ ငါတမင်း ဖြစ်ကုန်ကြတယ်။ အစပိုင်းမှာ ပေါင်းလို့ရပေမယ့် တဖြည်းဖြည်းနဲ့ ကွဲထွက်ကုန်တယ်။

ဘာကြောင့် ကွဲထွက်ကုန်သလဲ... ကိုယ်ကတော့ အဲဒါဟာ မာနတွေကြောင့်လို့ မြင်မိတယ်။ ကိုယ်တွေမှာလည်း အဲဒီလို တလွဲမာနတွေ ရှိခဲ့တယ်။ အခုထိလည်း အဲဒီလို တလွဲမာနတွေ ရှိတုန်းပဲ ဆိုတာ ဝန်ခံပါတယ်။ လူရည်ချွန် ဖြစ်ခဲ့တာတွေ... ဆယ်တန်းမှာ ဂုဏ်ထူးထွက်ခဲ့တာတွေ... ဆေးကျောင်း စက်မှုတက္ကသိုလ် တက်ခဲ့တာတွေ... မဟာဘွဲ့ ဒေါက်တာဘွဲ့တွေ ယူထားတာတွေ... ဘယ်သူ့အမျိုး ဘယ်သူ့သားသမီး ဆိုတာတွေ... အဲဒီဟာတွေက အပြိုင်အဆိုင်စိတ်တွေ ထိုးထွက်လာစေတယ်။ အဲဒီဟာကနေ မာနတွေ ချွန်ထွက်လာကြတယ်။ အတိတ်မှာ ရွှေထီးဆောင်းခဲ့တာတွေကို ပြန်တမ်းတတာမျိုးမှာလည်း ကိုယ်တွေက ပြိုင်ဖက်ကင်းပဲ။

မာနကနေတဆင့် သည်းခံမှုတွေ ပျောက်ဆုံးကုန်တယ်။ ဒေါသကို ထိန်းချုပ်ရ ခက်ကုန်တယ်။ မင်းဘာကောင်လဲ ငါဘာကောင်လဲတွေ ဖြစ်လာတယ်။ အချင်းချင်း ညှိလို့ရတာတွေဟာ မညှိဖြစ်တော့ပဲ ဝုန်းဒိုင်းတွေ ကြဲကုန်ကြတယ်။ အဆင်ပြေရင် ပြေသလို မသိမသာ ချောက်ချတယ်။ နောက်ကျောကနေ ဓါးနဲ့ထိုးတယ်။

ခံရတာတွေ များလွန်းတဲ့ ဘဝမှာ ပေဖြစ်တုန်းကတော့ ခံမယ်ဟေ့... တူဖြစ်တဲ့အခါ နှံမယ် ဆိုတဲ့ စိတ်တွေ ရှိလာကြတယ်။ မိုးကောင်းတုန်း ရွာထားပေါ့ကွာ။ ငါ့အလှည့်ကျရင် မိုးကြိုးပါ ပစ်ချမယ် ဆိုတာတွေ ဖြစ်လာတယ်။ အမြင့်ကို ရောက်ဖို့ ကြိုးစားလာတာဟာ ကိုယ့်ဘဝအတွက် ဖြစ်ချင်ဖြစ်သလို ... တူဖြစ်ဖို့အတွက် ကြိုးစားတာမျိုးလည်း ဖြစ်ချင်ဖြစ်နေမယ်။

ခံရပေါင်းများလွန်းတဲ့အခါ တဖက်သားကို သံသယလည်း ဝင်လွယ်ကြတယ်။ မယုံကြည်ရတဲ့ ပတ်ဝန်းကျင်ကနေ တသက်လုံး ရှင်သန် နေထိုင်လာရတဲ့သူတွေအဖို့ အရာရာကို သံသယမျက်လုံးနဲ့ ကြည့်လာကြတယ်။ ရိုးရိုးရှင်းရှင်း သဘောထားနဲ့ ပြောနေတဲ့သူကိုလည်း မယုံသင်္ကာဖြစ်ကြတယ်။ အဲဒီလိုနဲ့ အပြန်အလှန် ယုံကြည်မှုတွေ မတည်ဆောက်နိုင်ပဲ အကွဲအပြဲတွေ များသထက် များလာတယ်လို့ မြင်မိတယ်။

အခုပြောနေတာတွေဟာ သူများကို ဆရာလုပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ကိုယ် ဆင်ခြင်နိုင်အောင် ရေးမှတ်ထားတာပါ။ တကယ်တော့ ကိုယ်လည်း ဘာမှ မဟုတ်တာလေ။ 

No comments: