.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, June 27, 2019

What happens when Robots take Human Jobs?

နောက် ၁၀ နှစ်ကျော် (၂၀၃၀) မှာ စက်ရုပ်တွေဟာ ကုန်ထုတ်စက်ရုံတွေမှာ လူသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း သန်း ၂၀ ကို လွှဲပြောင်းယူသွားတော့မယ်လို့ သတင်းမှာ ပြသွားတယ်။ ဆိုလိုတာက လူတွေ အလုပ်အကိုင် အခွင့်အလမ်း နည်းသွားမယ်။ လူသားတွေ လုပ်နေတဲ့ အလုပ်နေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးတဲ့ သဘောပါပဲ။ စက်ရုပ် ၁ ရုပ်ဟာ လူသား ၂.၂ ယောက်ရဲ့ ကုန်ထုတ်အလုပ်ကို လုပ်ကိုင်နိုင်စွမ်း ရှိတယ်။ အဲဒီတော့ စက်ရုံတွေမှာ စက်ရုပ်တွေနဲ့ အစားထိုးလာမှာဟာ မထူးဆန်းတဲ့ ကိစ္စတခုပါပဲ။

ကိုယ်တွေရဲ့ အလုပ်ထဲမှာလည်း နေ့စဉ်ပုံမှန်လုပ်ရတဲ့ အလုပ်တွေနေရာမှာ စက်ရုပ်တွေ အစားထိုးလာပြီ။ ဒါပြီးရင် ဒါလုပ် ဆိုတဲ့ ပုံမှန်သွားနေရတဲ့ အလုပ်မျိုးတွေမှာ စက်ရုပ်တွေ ပြောင်းသုံးလာပြီ။ စင်္ကာပူမှာက အစိုးရရဲ့ ကန့်သတ်ချက်နဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အများကြီး ခန့်ထားလို့ မရဘူး။ နိုင်ငံခြားသား အလုပ်ကြမ်းသမားကို ခန့်မယ်ဆိုရင် အစိုးရကို အခွန်အခ အများကြီး ပေးပြီးမှ ခန့်လို့ရတယ်။ စင်္ကာပူနိုင်ငံသားတွေကလည်း အလုပ်ကြမ်း ဆိုရင် မလုပ်ချင်ကြသလို... မလုပ်နိုင်ကြတာလည်း ရှိတယ်။ အဲဒီလို အခြေအနေမှာ အလုပ်သမား လိုအပ်ချက် များလာပြီး အလုပ်ရှင်တွေမှာ အခက်အခဲ ရှိလာပြီ။ အဲဒီတော့ စက်ရုံအလုပ်ရုံတွေမှာ စက်ရုပ်တွေကို အစားထိုးတာက ရေရှည်မှာ ပိုအဆင်ပြေလာတယ်။ စက်ရုပ်က နိုင်ငံသားလား နိုင်ငံခြားသားလား ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိသေးဘူး။

တလောကတင် ကိုယ့်ဌာနမှူး ဗီယက်နမ်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်တယ်။ ကိုယ့်ကို လိုက်ခဲ့ဖို့ ခေါ်ပေမယ့် ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ် ရှိနေတော့ မလိုက်သွားဖြစ်ဘူး။ ဗီယက်နမ်ကို သူ သွားတာကလည်း လူအစားထိုး စက်ရုပ်နည်းစနစ်တခု အကောင်အထည် ဖော်ဖို့ပေါ့။ အဲဒီ နည်းစနစ်တခုကို လိုင်စင်နဲ့ ဝယ်သုံးရင် ၁ နှစ်ကို အမေရိကန် ဒေါ်လာ ၅ ထောင်လောက် ပေးရမယ်။ ဒါပေမယ့် အဲဒီစနစ်ကြောင့် ရုံးမှာ လူ ၅ ယောက်စာ သက်သာမယ်။ ဗီယက်နမ်မှာ ရုံးဝန်ထမ်း ၁ ယောက်ကို အမေရိကန် ဒေါ်လာ ၁ ထောင် လစာ ပေးရတယ် ဆိုရင် ၅ ယောက်စာက ဒေါ်လာ ၅ ထောင်။ ၁ နှစ်စာ လိုင်စင်ဖိုးက ရုံးဝန်ထမ်း ၅ ယောက်ရဲ့ ၁ လစာ လုပ်အားခနဲ့ ညီနေမယ်။ ကျန်တဲ့ ၁၁ လစာက ကုမ္ပဏီအတွက် အသားတင် စုမိဆောင်းမိတာပဲ။

ကဲ.. စစချင်းတုန်းက ပြောခဲ့တဲ့ သတင်းကိစ္စ ပြန် ဆက်ရအောင်။ စက်ရုပ်တွေ အစားထိုး ဝင်ရောက်လာမှုမှာ အထိအနာဆုံး ဖြစ်မယ့် တိုင်းပြည်ကတော့ တရုတ်ပါပဲ။ တရုတ်မှာက စက်ရုံတွေ အများကြီး ရှိတယ်။ အလုပ်သမားတွေလည်း အများကြီး ရှိတယ်။ အဲဒီလိုပဲ လုပ်ခလစာတွေလည်း တဖြည်းဖြည်း များများလာပြီ။ အရင်က ဈေးပေါပေမယ့် တဖြည်းဖြည်း ဈေးကြီးလာပြီ။ လုပ်အားခတွေ ပေးရတာ များလာတဲ့အခါမှာ စက်ရုံတွေက တွက်ခြေမကိုက်တာ ဖြစ်လာနိုင်ပြီ။ အဲဒီအခါမှာ စက်ရုံတွေမှာ စက်ရုပ်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်လာမှာပဲ။ လေ့လာထားတဲ့ စစ်တမ်းအရ... ၂၀၃၀ ရောက်တဲ့အခါ တရုတ်ပြည်မှာ အလုပ်သမား ၁၁ သန်းကျော်ရဲ့ အလုပ်နေရာမှာ စက်ရုပ်တွေ အစားထိုး ဝင်ရောက်လာပါမယ်။

အဲဒီလိုဖြစ်လာတဲ့အခါမှာ အလုပ်အကိုင် ရှားပါးလာတဲ့ ၁၁ သန်းသော တရုတ်ပြည်ကြီးက အလုပ်သမားထုကြီးဟာ ထိုင်နေလို့တော့ ဘာမှ မဖြစ်ဘူးဆိုတာကို သိတဲ့အလျှောက် ပြည်တွင်းမှာ တခြားအလုပ်တွေ ပြောင်းလုပ်တာ ရှိနိုင်သလို နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေထဲကို ဖြန့်ကျက် ရောက်လာနိုင်ပါတယ်။ ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေမှာ နောက်ဆုံးပေါ် နည်းပညာတွေ စက်ကိရိယာတွေကို ကိုင်တွယ်တတ်တဲ့ ကျွမ်းကျင်အလုပ်သမားကို ကိုယ်တွေပြည်တွင်းက ဟိုယောင်ယောင် ဒီယောင်ယောင် ယောင်ခြောက်ဆယ် အလုပ်သမားတွေ ဘယ်လိုမှ ယှဉ်လို့ ရမှာ မဟုတ်တာ အသေအချာပါပဲ။ အဲဒီလို အခါမျိုးမှာ အလုပ်ရှင်တွေအနေနဲ့... ပေးရတဲ့ လုပ်ခလစာ အတူတူ ဒါမှမဟုတ် နည်းနည်းလေး ပိုပြီးပေးရတဲ့ တရုတ်အလုပ်သမားနဲ့ ယောင်ခြောက်ဆယ် ပြည်တွင်းအလုပ်သမား ဘယ်သူ့ကို ရွေးမယ် ထင်ပါသလဲ။

အဲဒီအရွေ့ဟာ အနည်းနဲ့အများဆိုသလို မြန်မာပြည်မှာ ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ ကိုယ်တွေ ပြည်တွင်းမှာ အခုလိုပဲ ဆက်ပြီး ယောင်ခြောက်ဆယ် လုပ်နေရင်တော့ ကိုယ်တွေပြည်တွင်းက စက်ရုံအလုပ်ရုံတွေမှာ စက်ရုပ်တွေအများကြီး ဝင်မလာသေးပေမယ့် တခြားနိုင်ငံက ကျွမ်းကျင်အလုပ်သမားတွေ အများကြီး ဝင်လာတဲ့အခါမှာ ပြည်တွင်းက အလုပ်သမားတွေ ထမင်းအိုးကွဲပါလိမ့်မယ် ဆိုတာလေး တွေးမိမြင်မိလို့ စေတနာထား တပ်လှန့်နှိုးဆော်လိုက်တာပါ။

စကားမစပ်... ကိုယ်လည်း တရုတ်ပါပဲ။ ဒါပေမယ့် BBC မြန်မာပြည်ပေါက် တရုတ်ပါ။

No comments: