.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, June 6, 2019

Less work and ride bike

စင်္ကာပူနဲ့ မလေးရှားက အသစ်အတိုင်း ရှိနေသေးတဲ့ စက်ဘီးတွေကို သင့်တော်တဲ့ဈေးနဲ့ ပြန်ဝယ်ပြီး မြန်မာပြည် တောနယ်ဘက်က ချို့တဲ့နွမ်းပါးတဲ့ ကျောင်းသားကလေးငယ်တွေကို အလကား ပေးဝေမယ့် အစီအစဉ်ကို ဖတ်လိုက်ရတယ်။ အဲဒီ အစီအစဉ်ကို စတင် စီစဉ်နေကတည်းက အဲဒီသတင်းကို ဖတ်ဖူးခဲ့ပါတယ်။ တပ်ခေါက်သွားတဲ့ စက်ဘီးလုပ်ငန်းတွေရဲ့ ကျန်ရစ်နေတဲ့ စက်ဘီးတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ပြီး မြန်မာပြည်ကို ဘယ်လိုသွင်းရမလဲ ဆိုတာ အဖြေရှာနေတဲ့အကြောင်းပေါ့။ သူငယ်ချင်း ၁ ယောက်ကလည်း အဲဒါမျိုးဆန်ဆန် မေးခွန်းတွေ မေးဖူးလို့ တဖွဲ့တည်းလို့တောင် ထင်ခဲ့မိဖူးတယ်။

မြန်မာပြည်မှာ စက်ဘီးဆိုတာ အတော်ကို အသုံးတည့်တဲ့ အရာပါ။ ကျေးလက်တောရွာနဲ့ မြို့နေ လူတန်းစားတွေအတွက် ဟိုနားဒီနား သွားဖို့တင်မက ဝေးဝေးလံလံနေရာတွေလည်း သွားလာလို့ ရတဲ့ ခြေမြန်တော်ပါပဲ။ ဓါတ်ဆီ ဒီဇယ် ထည့်ပေးဖို့လည်း မလိုတဲ့အတွက် ငွေကုန်ကြေးကျ နည်းစေတဲ့အပြင် စက်ဘီးနင်းရင်း ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတဲ့အတွက် ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း ကောင်းကျိုးပေးပြန်တယ်။

ကိုယ်တွေ ခြောက်တန်းကျောင်းသားဘ၀ကနေ စင်္ကာပူကို ထွက်မလာခင် အချိန်ထိ ရန်ကုန်မှာ ရှိနေတဲ့အချိန်မှာ စက်ဘီးကို အဓိက အားထားပြီး ဟိုနားဒီနား သွားဖြစ်တယ်။ ကားတွေလည်း သိပ်မရှုပ်သေးတဲ့အချိန် ဖြစ်တော့ စက်ဘီးစီးပြီး သွားလာရတာ စိတ်ပြေလက်ပျောက်လည်း ဖြစ်စေတယ်။ ဆိုင်ကယ် စီးခွင့်မရှိတဲ့ ရန်ကုန်မှာ အချိန်လည်း ရှိတယ် အချိန်လည်း ပေးနိုင်တယ် ရာသီဥတုကလည်း အဆင်ပြေတယ် ဆိုရင်... ဝေးဝေးလံလံကိုလည်း စက်ဘီးစီးပြီး သွားဖြစ်တယ်။

တက္ကသိုလ် တက်နေတဲ့အချိန်မှာ ကျူရှင် သွားရင်လည်း အိမ်ကနေ စက်ဘီးနင်းပြီး ထွက်သွားလိုက်တာပဲ။ တရုတ်စာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေကိုလည်း စက်ဘီးနင်းပြီး သွားတက်လိုက်တာပဲ။ သူငယ်ချင်းတွေနဲ့ ညပိုင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်ရင်လည်း နေထိုင်ရာ မြို့နယ် မတူတဲ့ တနေရာစီက သူငယ်ချင်းတွေ စက်ဘီးကိုယ်စီနဲ့ ထွက်လာပြီး လက်ဖက်ရည်ဆိုင်မှာ ဆုံကြတယ်။ စက်ဘီး မရှိတဲ့သူကို ရှိတဲ့သူက တင်နင်းလာရင်းပေါ့။

မြို့နယ်ကြက်ခြေနီတပ်ရင်းမှာ လူမှုရေးလုပ်ငန်းတွေ စေတနာ့ဝန်ထမ်း အဖြစ် ထမ်းဆောင်တဲ့အချိန်တုန်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ဂျပန်ကနေ စက်ဘီးတွေ လှူပေးလို့ မြို့နယ်အတွက် ရတဲ့ဝေစုအနေနဲ့ ကိုယ်တွေဆီမှာ ကြက်ခြေနီတပ်ရင်းပိုင် စက်ဘီး ၄ စီး ရှိခဲ့ဖူးတယ်။ အဲဒီစက်ဘီးတွေက ကိုယ်တွေရဲ့ လူမှုရေးလုပ်ငန်းတွေမှာ အတော်လေးကို အကျိုးပြုခဲ့ဖူးတယ်။ မြို့နယ်ထဲက အစည်းအဝေးတွေ အခမ်းအနားတွေ တက်ဖို့ဆိုရင်လည်း သုံးဖြစ်တယ်။ မြို့နယ်ပြင်ပကို ကြက်ခြေနီလုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်စရာတွေ ရှိလာရင်လည်း သုံးဖြစ်တယ်။ မှတ်မှတ်ရရ လှိုင်မီးဘေးတုန်းက ကိုယ့်မြို့နယ်က တပ်ဖွဲ့ဝငတွေ မီးဘေးစခန်းမှာ တာဝန်ယူတော့ ကိုယ်တွေ နောက်တန်းကနေ အဲဒီတပ်ဖွဲ့ဝင်တွေဆီ သူတို့ လိုအပ်တာတွေကို စက်ဘီးနင်းပြီး သွားပို့ပေးကြတယ်။ လခစားမဟုတ်တဲ့ စေတနာ့ဝန်ထမ်းဆိုတော့ အပိုသုံးဖို့ ငွေလည်း များများစားစား မရှိကြဘူးလေ။ အဲဒီတော့ စက်ဘီးနဲ့ပဲ သွားသွားလာလာ လုပ်ခဲ့ကြရတယ်။

အခုလည်း ကျောင်းသွားဖို့ ဝေးဝေးလံလံ လမ်းလျှောက်နေရတဲ့ ကျောင်းသားလူငယ်တွေကို စက်ဘီးတွေ ပေးလှူမယ်ဆိုတာ အတော်ကို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါပဲ။ စက်ဘီးတွေ လှူတာဟာ ရောင်းတာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ သိရသလောက် စက်ဘီးတွေက အလကား ရတာ မဟုတ်ပါဘူး။ သင့်တော်တဲ့ ဈေးတခုခုနဲ့ ပြန်ဝယ်ရတာပါ။ ပြီးတော့ အဲဒီနိုင်ငံတွေကနေ မြန်မာပြည်ကို သယ်လာဖို့အတွက် သယ်ယူစရိတ်ဆိုတာ ရှိပါသေးတယ်။ လက်ရှိစက်ဘီးမှာ တပ်ထားတဲ့ ဖုန်းနဲ့ဖွင့်ရတဲ့ သော့တွေ ပြန်လဲဖို့လည်း လုပ်ရပါဦးမယ်။ ကုန်ကျစရိတ်က စက်ဘီး ၁ စီးကို ဒေါ်လာ ၅၀ လောက် ရှိတယ်လို့ ဖတ်လိုက်ရပါတယ်။

အဲဒီလို စက်ဘီးလှူမယ့်ကိစ္စကို တချို့တွေက စိုးရိမ်တကြီးနဲ့ ထောက်ပြဝေဖန်တာကိုလည်း ဖတ်လိုက်ရပါတယ်။ သူတို့ ထောက်ပြတာက အမှိုက်ပါ။ တရုတ်ပြည်မှာ အဲဒီလို စက်ဘီးတွေကို အမှိုက်ပုံကြီးလို ပစ်ထားတာကို မြင်ဖူးကြပါမယ်။ စက်ဘီးသင်္ချိုင်းလို့ ခေါ်ကြတာပေါ့။ သူတို့အမြင်က အဲဒီလို အမှိုက်တွေကို မြန်မာပြည်မှာ လာစွန့်ပစ်တယ်ပေါ့။ မြန်မာပြည်ကြီးဟာ နိုင်ငံတကာက လာပစ်မယ့် အမှိုက်တွေရဲ့ အမှိုက်ပုံသဘောမျိုး ဖြစ်လာမှာကို စိုးရိမ်ကြတယ်။ နိုင်ငံတကာမှာ ဖြစ်နေတဲ့ဟာကို ထောက်ရှုရင် ဒါဟာ သင့်တော်တဲ့ စိုးရိမ်မှုပါပဲ။ ဟိုတလောက မလေးရှားက သူ့နိုင်ငံထဲကို တင်ပို့လာတဲ့ ပလစ်တစ်စွန့်ပစ်အမှိုက် ကွန်တိန်နာတွေကို မူလနိုင်ငံဆီကို ပြန်ပို့ဖို့ လုပ်နေတာမျိုး ဖတ်လိုက်ရသေးတယ်။

ဒါပေမယ့် အခုကိစ္စမှာ စက်ဘီးတွေက အမှိုက်အဆင့် မဟုတ်ပါဘူး။ အသစ်နီးပါး ကောင်းနေတဲ့ ပစ္စည်းတွေပါ။ လက်ရှိတိုင်းပြည်ရဲ့ လိုအပ်ချက်အရ ကျေးလက်နေ ကျောင်းသားလူငယ်တွေအတွက် အသုံးဝင်မယ့် သင့်တော်မယ့် စက်ဘီးတွေပါ။ ကိုယ်တွေ မြန်မာပြည်ကြီးမှာတောင် သူများသုံးပြီးသား ကားဟောင်းတွေကို တယုတယ စီးနေခဲ့တာ အခုအချိန်ထိပဲ မဟုတ်လား။ အဲဒီကားတွေကလည်း အဲဒီမူလနိုင်ငံတွေမှာ ကားသင်္ချိုင်းမှာ ပစ်ထားရမယ့် ကားတွေလည်း ပါလာနိုင်တာပဲလေ။

ဒါကြောင့် အခုစက်ဘီးတွေလှူမယ့် အစီအစဉ်ဟာ လိုအပ်နေတဲ့အချိန်မှာ ကွက်တိဖြစ်လာတဲ့ အရာဖြစ်လို့ ကြိုဆိုပါတယ်။ သယ်ဆိုင်ရာနယ်မြေက ကျောင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်နေတဲ့သူတွေ လက်ထဲကို စက်ဘီးတွေ တိုက်ရိုက် ရောက်နိုင်အောင် ကြိုးစားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

No comments: