ဘတ်စ်ကားမှာ လက်မှတ်ဖြတ်ရမှာကို မေ့ပြီး ခပ်တည်တည်နဲ့ ကားအပေါ်ထပ်ကို တက်သွားလို့ ဒရိုင်ဘာက အပေါ်ထိတက်လာပြီး လက်မှတ်ဖြတ်ဖို့ခေါ်မှ နဂိုအသိပြန်ကပ်တာမျိုး...
သောက်ရေဘူးထဲကို ရေအေးထည့်ရမှာကို ရေသန့်စက်မှာ ရေပူခလုတ်ကြီး ဖိထားမိလို့ ရေဗူးပူလာတော့မှ နဂိုအသိပြန်ကပ်တာမျိုး...
သောက်ပြီးသားကော်ဖီခွက် ဆေးတုန်းက ရေပူနဲ့ ခွက်ကို ကျင်းပြီး သွန်တဲ့အချိန်မှာ လက်ပေါ်တည့်တည့် သွန်မိလို့ အပူလောင်တော့မှ နဂိုအသိပြန်ကပ်တာမျိုး...
ရေချိုးခန်းထဲ ခေါင်းလျှော်တဲ့အချိန်မှာ ခေါင်းလျှော်ရည် မသုံးမိပဲ ကိုယ်တိုက်ဆပ်ပြာရည်နဲ့ ခေါင်းကို ပွတ်မိပြီး အရင်လောက် ဆပ်ပြာမြှုပ် မထွက်မှန်း သထိထားမိလိုက်မှ နဂိုအသိပြန်ကပ်တာမျိုး...
မျက်နှာသစ်တဲ့အချိန် မျက်နှာဆေးကရင်မ်ဘူးကို လှမ်းမယူမိပဲ သွားတိုက်ဆေးဘူးကို ညှစ်ပြီး ထွက်လာတဲ့ သွားတိုက်ဆေးနဲ့ မျက်နှာသစ်မိလို့ စပ်ဖျင်းဖျင်းဖြစ်မှ နဂိုအသိပြန်ကပ်တာမျိုး...
ဓါတ်လှေခါးထဲ ၀င်ပြီး တက်မယ့်အထပ်ကို ခလုတ်မနှိပ်မိပဲ အတွေးတွေ လွင့်မျှောနေချိန်မှာ အပေါ်ထပ်က အောက်ဆင်းမယ့်သူ ခလုတ်နှိပ်ခေါ်လိုက်လို့ ဓါတ်လှေခါး တက်သွားပြီး တံခါးပွင့်သွားတဲ့အခါ ကိုယ်သွားမယ့် အထပ်မဟုတ်တာ တွေ့လိုက်ရမှ နဂိုအသိပြန်ကပ်တာမျိုး...
ညဘက်ပိုင်း လေ့ကျင့်ခန်းလုပ် ပြေးနေတဲ့အချိန် လှတပတ တရုတ်မလေးတွေ ဖျက်ကနဲမြင်လို့ ငေးမိပြီး တစ်စုံတစ်ယောက်ကို လွမ်းလွမ်းနဲ့ သတိလက်လွှတ် ပြေးနေမိလိုက်တာ ပလက်ဖောင်းပေါ်ကနေ မြက်ခင်းထဲ ရောက်နေမှ နဂိုအသိပြန်ကပ်တာမျိုး...
အဲဒီလိုမျိုးတွေ ဖြစ်ရင်ရော ချစ်မိနေပြီလို့ ပြောလို့ရမလားပဲနော်။
~~~~~~~~~~~~~~~~
မျောက်နှစ်ဖွား မရီတာက
ချစ်မိပြီဆိုရင်မှာ လက်ဆော့ထားတာကို ဖတ်လို့ကောင်းကောင်းနဲ့ အားရပါးရ သွားဖတ်မိလိုက်တာ စာတစ်ပုဒ်လုံး ဖတ်ပြီးတော့မှ နောင်တရလိုက်တယ်။ သူက အသက် ၂၀ နှစ်အောက် လူငယ်များအတွက်ပဲ ရေးထားတာဆိုပဲ။ ကျွန်တော်တို့လို အိုကြီးအိုမတွေ
ခြင်္သေ့သစ်လို ကလေးအဖေတွေ ဖတ်ဖို့မဟုတ်ဘူးဆိုတော့လည်း ကိုယ့်ဘ၀နဲ့ ကိုယ် ရှိပါစေတော့လေပေါ့ဗျာ။ ဒါပေမယ့် သူတစ်ယောက်ပဲ ချစ်တတ်သလားနော်။ ကျုပ်တို့တွေလည်း ချစ်တတ်ပါတယ်လေ။ အဲဒီတော့ အားကျမခံ ကိုယ့်ပုံစံနဲ့ ကိုယ် ပြန်ရေးလိုက်တာပေါ့ဗျာ။
အရွယ်တော် တစ်စိတ်ဟိုင်း လူပျိုသိုး အပျိုသိုးကြီးများ ဖတ်ရန်လို့ မှတ်ချက်ထား ရေးချင်မိပေမယ့်လည်း တကယ်တမ်းကတော့ ကလေးမသာမျက်နှာနဲ့ ရုပ်ရှိချိန်ပါ
ဖိုးသင်္ကြန် အတွက် ရည်စူးပါတယ်ဗျာ။