.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, April 7, 2009

Digging the old posts

ကျွန်တော် ရေးခဲ့သမျှလေးတွေကနေ ဒုတိယအကြိမ်မြောက် ထုတ်ဝေခြင်း လုပ်ပေးအုံးပါဆိုတဲ့ Tag လေးကို မျောက်နှစ်ဖွားမမသီရိက လက်ဆင့်ကမ်းလို့ ရေးရပါအုံးမယ်။ အဲဒီလို ပုံစံမျိုးလေးကို Blog စစချင်းမှာလည်း ရေးခဲ့ဖူးတယ်။ နှစ်ခုစလုံးက Tag Game တွေပါပဲ။ တစ်ခုက အကြိုက်ဆုံးငါးခု ရွေးပေးရတာပါ။ ၂၀၀၇ စက်တင်ဘာလမှာ မွန်းသက်ပန်(ဆေး-၁)က ရေးခိုင်းခဲ့တာပါ။ နောက်တစ်ခုက ၂၀၀၈ စက်တင်ဘာလမှာ ရေးတင်ခဲ့တဲ့ လတ်တလော ခံယူချက် အမြင်လေးတွေ ဆိုတာလေးပါ။ ရွှန်းမီ ရေးခိုင်းတဲ့ ကျွန်တော်ရဲ့ ခံယူချက်အမြင်တွေကို ရေးပေးရင်း ပြန်လည် ဖတ်ရှုသွားစေချင်တဲ့စာတွေကို ကိုယ့်ဘာသာ ရွေးထုတ်ပြီး လင့်ခ်တွေ ချိတ်ပေးခဲ့ပါတယ်။ ကြော်ငြာထိုးသွားတာမျိုးပေါ့။

အခုချိန်မှာ ပြန်လှည့်ကြည့်တော့ ရေးခဲ့သမျှမှာ ကိုယ်ရေးကိုယ်တာတွေ အများသား။ သီချင်းတွေ ခံစားလိုက်၊ ဓါတ်ပုံတွေ ရိုက်လိုက်၊ သွားခဲ့ လာခဲ့သမျှတွေ ရေးလိုက် စုံစိနဖာပါပဲ။ တနည်းပြောရရင်တော့ အရည်မရ အဖတ်မရတွေပေါ့။ အရင်တုန်းက ပညာပေးလေးတွေ ရေးဖြစ်ခဲ့ပေမယ့် နောက်ပိုင်း အဖျားရှူးသွားမိတယ်။ ပညာပေးတွေကြီးပဲ မရေးချင်တာလည်း ပါပါတယ်။ စာသင်နေတဲ့ ကျောင်းလည်း မဟုတ်ဘူးလေ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုမယ့် အချိန်နား နီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဝေဖန်ထားတဲ့ စာတွေကို တဆင့်ပြန်လည် ဝေမျှပေးခဲ့ဖူးပါတယ်။ အခြေခံဥပဒေကြီးကို ဖတ်ထားပြီး အသေအချာ ရှင်းပြ ဝေဖန်ထားတဲ့ စာတွေကို ဖိုရမ်တစ်ခုမှာ ဖတ်မိပြီး တခြားသူများလည်း ဖတ်စေချင်တဲ့အနေနဲ့ ၂၀၀၈ ခုနှစ် မတ်လနဲ့ ဧပြီလအတွင်းမှာ စုစုပေါင်း ၁၄ စောင်တိတိ တင်ဖြစ်ခဲ့ပါတယ်။ မသိမမြင်ခဲ့တဲ့ အရာတွေ၊ မတွေးဖူးခဲ့တဲ့ အရာတွေ အဲဒီစာတွေမှာ တွေးတောဖော်ပြထားပါတယ်။

၂၀၀၈ ဇွန်လအတွင်းမှာ ရေးခဲ့တဲ့ စာနှစ်စောင်ကလည်း ကျွန်တော့်ကို ခြံစည်းရိုး ခွထိုင်သူအဖြစ် အမည်ပေး ကင်ပွန်းတပ် တံဆိပ်အကပ်ခံခဲ့ရပါတယ်။ အဲဒီစာနှစ်စောင်ကို တင်တဲ့ရက်က ၁၀ ရက်တိတိပဲ ကွာပါတယ်။ အမှန်ကတော့ ကျွန်တော်က ခြံစည်းရိုး ခွထိုင်တာ မဟုတ်ပါဘူး။ ကျွန်တော့် ခံယူချက်အတိုင်း ကျွန်တော် နေခဲ့တာပါ။ ဘာကောင်ကြီး ဖြစ်နေဖြစ်နေ... ဘယ်သူ မှန်တယ် မှားတယ်ဆိုတာကို ကျွန်တော် လုံးဝ စိတ်မ၀င်စားပါဘူး။ ဘာတွေလုပ်ပြီး မှန်နေလဲ ဆိုတာပဲ ကျွန်တော့်အတွက် အရေးကြီးပါတယ်။

၂၀၀၈ မေလမှာ ရန်ကုန်ရောက်နေပြီး နာဂစ်နဲ့တည့်တည့်တိုးလို့ စာတွေ သိပ်မရေးဖြစ်ခဲ့ပါဘူး။ ဇွန်လမှာ ပွဲဦးထွက် ရေးမိတဲ့ စာကတော့ "နှစ်အကူးမှာတော့ ပုရစ်ဖူးတွေ ဝေကြပေလိမ့်မည်"ဆိုတာကို ရေးတဲ့ ဆောင်းပါးရှင် လှိုင်အောင်ကို ရည်ညွှန်းပြီး ရေးခဲ့တဲ့ ပြန်စာတစ်ခုပါ။ ကြေးမုံသတင်းစာ ၂၀၀၈ မေလ ၂၉ ရက်နေ့ထုတ် စာမျက်နှာ ၈ မှာပါလာတဲ့ ဆောင်းပါးလေးပါ။ ဆောင်းပါးမှာပါတဲ့ အချက်အလက်တွေက နာဂစ်ကို နဖူးတွေ့ဒူးတွေ့ ကြုံလာတဲ့ ကျွန်တော့်အဖို့ မျက်စိစပါးမွှေးစူးစရာ ဖြစ်နေတာနဲ့ မနေနိုင် မထိုင်နိုင် အမုန်းဆေးဖော်ခဲ့မိတယ်။

အဲဒီလိုပဲ ခေတ်ပြိုင်က ဇွန်လ ၉ ရက်နေ့မှာ တင်ထားတဲ့ သတင်းတစ်ခုနဲ့ ပတ်သတ်ပြီး အဖြစ်မှန်ကို ရှင်းလင်း တင်ပြဝေမျှဖို့ လိုအပ်တယ်လို့ ခံယူပြီး အခမဲ့ရှေ့နေလိုက်ခဲ့တယ်။ အဲဒါနဲ့ သတင်းအမှန်ရဲ့နောက်ကွယ်က အမှန်တရားဆိုပြီး စာတစ်စောင် ရေးဖြစ်ခဲ့တယ်။ သတင်းကြောင့် စေတနာအရင်းခံပြီး အချိန်ပေးကူညီ လုပ်ကိုင်ပေးနေတဲ့သူတွေကို စိတ်မပျက်စေချင်ဘူး။ ပွဲပြီးမှ အလံဝင်ထူတတ်တဲ့ ဝေလေလေကောင်တွေ အချောင်နေရာဝင်ယူမှာကို မလိုလားမိဘူး။ ဒါကြောင့် သတင်းရဲ့ နောက်ဆက်တွဲကြောင့် မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ မဖြစ်စေချင်လို့ နိုင်သလောက်လေး ဖြေရှင်းပေးခဲ့တာပါ။ ဒီလိုနဲ့ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းခဲ့တယ်ပေါ့ဗျာ။

ဒုတိယအကြိမ် ထုတ်ဝေခြင်းအတွက် ရွေးထားတဲ့ စာကတော့ ၂၀၀၈ ဖေဖော်ဝါရီမှာ ရေးခဲ့တဲ့ သူတို့တွေကို ကျွန်တော် ယုံပါတယ် ဆိုတဲ့ စာပါပဲ။ ရန်ကုန်မြို့တွင်းက မီးလောင်ပြင်တွေကို ထဲထဲဝင်ဝင် ရောက်ဖူးတဲ့ ကျွန်တော့်အဖို့ မီးသတ်သမားတွေနဲ့ ပတ်သတ်ပြီး ပြန်လည် ဝေမျှစရာတွေရှိတယ်လို့ ခံယူမိပြီး အဲဒီစာကို ရေးခဲ့တာပါ။ အခုလည်း နွေရာသီကို ရောက်နေပြီဆိုတော့လည်း အချိန်အခါသင့်ပါတယ်။

စာမြည်းလေး ပေးရမယ်ဆိုရင်...
သူတို့တွေကို ကျွန်တော် ယုံပါတယ်။ သူတို့တွေ ဆိုတာ ဘယ်သူတွေလဲ...?

ဟုတ်ကဲ့... မြန်မာပြည်က မီးသတ်ရဲဘော်တွေကို ပြောတာပါခင်ဗျာ။

လူတစ်ချို့က ပြောနေကြတယ်။ ပိုက်ဆံပေးမှ မီးသတ်ပေးကြတယ်။ မီးသတ်ကားက ရေလဲ မပါလာဘူး။ မီးကိုမြင်နေတာတောင် ကားက ရေမပတ်ဘူး။ တချို့မီးသတ်ကားတွေ ရေမပတ်ပဲ ရပ်ထားတယ်။ မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်မတွေ့ဘူး။ စုံပလုံစိအောင် ကြားနေရတယ်။
~~~
ကျန်တာတွေကို ပေးထားတဲ့လင့်ခ်မှာပဲ သွားဖတ်လိုက်ကြပါတော့။ အဲဒီမှာ သွားဖတ်တော့ တခြားသူတွေရဲ့ အမြင်တွေဖြစ်တဲ့ ကွန့်မန့်တွေပါ ဖတ်ဖြစ်တာပေါ့ ခင်ဗျာ။

အစဉ်အလာအရ လက်ဆင့်ကမ်းရမယ်ဆိုရင်တော့...
ဆန္ဒဂတိများနေရှာတဲ့ အယ်ဂျူနို
စာရင်းစစ်တော်တဲ့ မနှင်းဆီနီနီ
ဂီတာတီးတော်တဲ့ မတူးတူးသာ
ဘန်ဂျီခုန်ခဲ့ဖူးတဲ့ မဆုမွန်

10 comments:

strike said...

မသိလိုက်တာတွေပြန်ဖတ်ရမှာကောင်းပါတယ်၊ကောင်းတယ့်tagပါ။

မဆုမွန် said...

ကိုယ်ရေးထားတာလေးတွေ ပြန်ပြောပြထားတဲ့ပုံစံ ပို့စ်လေး ဖတ်ရတာ ဖတ်လို့ကောင်းတယ်..

မမသီရိ said...

ကျေးဇူးပါမောင်လေးရေ
အရေးကလဲ ကောင်းချက်
ဖတ်ကောင်းမယ်ဆိုတာ သိလို့ Tag လိုက်တာ
Tag ကျိုး နပ်တယ်..
အဟောင်ေးလးကလဲ ရာသီနဲ့ ကွက်တိ

ကိုရင်နော်ခင်လေးငယ် said...

ကိုဂျူလိုင်ရေ..

သေချာဖတ်သွားပါတယ်.. မန့်လည်း မန့်ခဲ့လိုက်တယ်..
ဒီလို ပိုစ့်လေးတွေအတွက် လေးစားဂုဏ်ယူမိပါတယ်..

ခင်မင်စွာဖြင့်

kay said...

ဗမာပြည်မှာ..မျက်စိစပါးမွေးဆူးခံနေရတဲ့..မီးသတ်တွေထဲက..တကယ့် မီးသတ်တွေ အတွက် ရည်ရွယ်ချက်ကောင်းလေးပါပဲ။

Moe Cho Thinn said...

နောက်ဆုံးတော့လဲ ပေါက်ပင်ကိုင်းတဲ့ ဘူတာ ကိုပဲ ဆိုက်တာပါပဲ ကိုဂျူလိုင်ရေ။ ဒါကြောင့်မို့ ကြမ်းဆွေးရင် အပေါ်ကို မော့ကြည့်ရတာပါ။ ခေါင်မိုးယိုနေမှတော့ ကြမ်းဆွေးတာကို အပြစ်ပြောလို့ မသင့်ဘူးပေါ့။ ဒါပေမဲ့ တချို့ ကြမ်းတွေကျတော့လဲ မိုးမယိုခင် ကြိုကြိုဆွေးထားကြတာ ခက်တယ်။ :)

ကိုယ်တိုင် ၀င်ရောက်လုပ်ကိုင်တဲ့သူဆိုတော့ ရှင်းပြထားတာ အတော်လေး ထိရောက်ပါတယ်။ သာမန်ပြည်သူကတော့ အဲဒီအချိန်မှာ အပူမီးလောင် နေတဲ့သူဆိုတော့ အထင်လွဲမိမှာပေါ့လေ။ အခုလို ရှင်းပြပေးတာ ကျေးဇူးတင်တယ်။
ဒါနဲ့ Ladder 49 ဆိုတဲ့ မီးသတ်သမား ရုပ်ရှင်ကားလေး ကြည့်ဖူးလား။ သာမန်မီးသတ်သမားလေး အကြောင်း ရိုက်ထားတာ သိပ်ကောင်းတာပဲ။ အမ အရမ်းကြိုက်လို့ မကြည့်ရသေးရင်လဲ အချိန်ရရင် ကြည့်လိုက်ပါအုံး။

Phyo Maw said...

posts တွေကိုတော့ သေချာဖတ်ပြီးသွားပြီ။ မသိတာလည်း သိလိုက်ရတယ်။

strike said...

"သူတို့တွေကို ကျွန်တော် ယုံပါတယ်"

မှတ်မိသလောက်တော့ မီးသတ်ကားတစီးဟာဖြန်းမျှ၃မိနစ်အတွင်းကားအတွင်းကရေကုန်ပါတယ်၊အမှန်မှာက မီးသတ်ကားကရေထည့်ပြီးလျှောက်သွားနေရမှာမဟုတ်ဘူးဗျ၊
ရေဘောင်ဘင်ခပ်အားနဲ့မီးသတ်ကားတွေမှောက်ကုန်တာပဲ၊
အနီးစပ်ဆုံးfire hydrantမှာရေထဲ့၊ပြန်လာ ပက် ပြန်ထဲ့လုပ်ရမှာ၊တို့တတွေဆီမှာတော့ အစဉ်အပြေဆုံးနည်းနဲ့လုပ်ကြရတာကိုး၊
ဝင်ငွေ မရှိတဲ့ဌာန ရှိနေသေးတာတောင် ကံကောင်းဗျို့

Anonymous said...

မှန်တာပဲဟာ.. ကိုယ်တွေ့မို့ မီးသတ်ကားက
ပိုက်ဆံပေးမှပက်တယ်ဆိုတာ ထောက်ခံပါ၏

နွေးနေခြည် said...

ပြန်လည် တူးဖော်ထားတဲ့ ပိုစ့်တွေ အကုန်ဖတ်သွားတယ်..
မှတ်သားစရာတွေ တွေ့လို့ ကျေးဇူးပါ...