ကြေးမုံသတင်းစာ ၂၀၀၈ မေလ ၂၉ ရက်နေ့ထုတ် စာမျက်နှာ ၈ မှာပါလာတဲ့ ဆောင်းပါးရှင် လှိုင်အောင်ရဲ့ "နှစ်အကူးမှာတော့ ပုရစ်ဖူးတွေ ဝေကြပေလိမ့်မည်" ဆောင်းပါးကို ရည်ညွှန်းပြီး အခုစာကို ရေးသားပါတယ်။ ဆောင်းပါးရှင် လှိုင်အောင် ရဲ့ မူရင်းစာအချို့ကို သည်၏မရွေး ပြန်လည်ကူးယူ ဖော်ပြပြီး ဘာနိုင်ငံရေး အသွေးအရောင် အမှောင့်ပယောဂမှမပါပဲ သာမန်ပြည်သူတစ်ဦးအနေနဲ့ ကျွန်တော့်အမြင်တွေကို ပြန်လည် ရေးသားချင်ပါတယ်။
"သြော်... သစ်ပင်တွေတောင် လေဒဏ်ခံခဲ့ရရာမှ သူတို့ သဘာဝအလျှောက် ရုန်းထထူထောင်နိုင်ခဲ့ပါကလား" ဟု အတွေးပေါက်မိသည်။ သည်သစ်ပင်တွေခမျာ မည်သည့်နိုင်ငံခြား အကူအပံ့ကိုမျှ ရကြသည်မဟုတ်၊ ခေါက်ဆွဲခြောက်ထုပ်ကိုလည်း မမြင်ရ၊ ရွက်ဖျင်တဲနှင့်လည်း အရိပ်မခိုရ၊ သောက်ရေသန့်လည်း မရကြရှာပါ။ သို့သော် မုန်တိုင်းနောက်မှ ကပ်၍ပါလာသော မိုးတစ်ပြိုက် နှစ်ပြိုက်နှင့် မြေဆီသြဇာ ကောင်းမွန်လှသော သဘာဝမြေကြီးတို့၏ အကူအညီဖြင့် အရွက်အခက်တို့ စိမ်းစိမ်းညိုညိုဝေ တက်၍လာကြသည်။ အမိမြေ အမိရေနှင့် ကိုယ့်အားကိုယ်ကိုး၍ အစောဆုံး ပြန်လည် ထောင်မတ်လာသူများပင်တည်း။
လူဆိုသည်ကတော့ သစ်ပင်ကဲ့သို့ မဟုတ်ချေ။..............
ဆောင်းပါးရှင်အနေနဲ့ လူသားနဲ့သစ်ပင်တွေ သဘောသဘာဝ မတူမှန်းကို သိရဲ့သားနဲ့ အခုအပေါ်က စာပိုဒ်ကို ရေးသားခဲ့တာ အတော်လေး အံ့သြမိပါတယ်။ သစ်ပင်ရဲ့ သဘာဝအရ ကောင်းမွန်တဲ့ ရေ၊ လေ၊ မြေ ရှိရင်ပဲ လုံလောက်နေပါပြီ။ ဒါကြောင့် သစ်ပင်တွေအနေနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေ၊ ရွက်ဖျင်တဲတွေ၊ သောက်ရေသန့်တွေ မလိုအပ်တာကို ကလေးက အစ သိကြပါတယ်။ အဲဒီလို ကလေးတောင်သိတဲ့ အခြေခံသဘောတရားကို မြန်မာနိုင်ငံတစ်ခုလုံးမှာ ဖြန့်ဝေနေတဲ့ သတင်းစာကြီးရဲ့ ဆောင်းပါးမှာ အခုလို ကလေးကလားဆန်ဆန် ရေးသားတင်ပြလိုက်တာကို အတော်လေး အံသြမိပါတယ်။ ဆောင်းပါးရှင်အနေနဲ့ ဆင်ခြင်သင့်ပါတယ်။
မြန်မာနိုင်ငံအတွင်း အဆီးအတားမရှိ လွတ်လပ်စွာ ၀င်ရောက်လုပ်ကိုင်နိုင်ခွင့် Free Access ရမှ အကူအညီများ စို့စို့ပို့ပို့ ထပ်မံပေးအပ်မည်ဆိုသော အသံများကိုလည်း ကြားရပြန်သည်။ Free Access ဆိုသည့် စကားက ရိုးရိုးကလေးနဲ့ အတော်ပင် တာသွားသည့် စကားမျိုးဖြစ်သည်။ သဘောရှိ ကရောဟိ၊ လုပ်ချင်တာသာ လုပ်ကြပါတော့ ဟုဆိုကာ အိမ်ခြံဝင်းတံခါး၊ အိမ်မကြီးတံခါး၊ အိပ်ခန်းတံခါး၊ မိုးဖိုချောင်တံခါး အားလုံးဖွင့်ပေးမှ ကျေနပ်မည့် အဆင့်မျိုးအထိ ရောက်ရှိသွားနိုင်သည်။ စဉ်းစားဖို့ ကောင်းလှသည်။
Free Access ဆိုတာ ဘာကို ဆိုလိုမှန်း သိရဲ့သားနဲ့ အခုလို အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ့်အိုး ကိုယ်မလုံတာလို့ပဲ မြင်မိပါတယ်။ နိုင်ငံတကာက အကူအညီပေးနေတဲ့ အလှူရှင်တွေရော၊ ပြည်တွင်းမှာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးတွေ လုပ်နေတဲ့သူတွေရော ယခုအချိန်မှာ လိုအပ်နေတဲ့ Free Access ဆိုတာ လိုအပ်တဲ့နေရာတွေကို လိုအပ်သလို သွားရောက် လှူဒါန်းနိုင်ခွင့်၊ ကူညီပံ့ပိုးနိုင်ခွင့်ကို ပြောနေမှန်း သိကြမှာပါ။ နာဂစ်မုန်တိုင်းကြောင့် ဘေးဒုက္ခရောက်နေတဲ့ ဒေသတွေမှာ အိမ်ခြံဝင်းတံခါး၊ အိမ်မကြီးတံခါး၊ အိပ်ခန်းတံခါး၊ မိုးဖိုချောင်တံခါးတွေ ရှိသေးရဲ့လားဆိုတာ သွားကြည့်ပြီးပြီလား။ ရွာလုံးကျွတ် ဘာမှ မရှိတော့တဲ့ ဒေသတွေမှာ ဒီလိုတံခါးတွေ ဖွင့်ပေးဖို့ လိုသေးလို့လားဗျာ။
မြန်မာနိုင်ငံက တံခါးဖွင့်ပေးသည့်အခါ၌ကော အမှန်တကယ် အကူအညီတွေ ဒလဟော ၀င်လာကြပါသလော။ မြန်မာနိုင်ငံဘက်က ပျက်ဆီးမှုနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်က ဒေါ်လာ ၁၁ ဘီလီယံခန့်၊ ယခု ကတိပြုသွားခဲ့ကြသည်က ဒေါ်လာ သန်း ၁၅၀ ကျော်ခန့်၊ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်း ပြောဆိုသွားခဲ့သည့် အရေးပေါ် သုံးလစာ အကူအညီအတွက် ဒေါ်လာ ၂၀၁ သန်း ပမာဏကိုပင် မပြည့်မီသေး။
ဆောင်းပါးရှင်ရဲ့ အရေးအသားက အလှူရှင်နိုင်ငံတွေ လှူချင်တန်းချင်တဲ့ သဒ္ဒါစိတ်တွေ တဖွါးဖွါး ပေါက်သွားလောက်အောင် လှူတာနဲသလေး မပြည့်မီသေး လုပ်နေသလိုပါပဲ။ လက်ရှိလှူထားတာတွေတောင် ဒုက္ခသည်တွေဆီ ရောက်မှန်းမသိ၊ ဘယ်တွေရောက်မှန်းမသိပဲနဲ့ ပိုက်ဆံတနင့်တပိုး တောင်းသလောက် အလှူရှင်တွေက ပေးရမှာလားဗျာ။ ရပ်ထဲရွာထဲမှာ အလှူခံပုဂ္ဂိုလ်တွေ အလှူခံတာကို မကြာခဏ မြင်ဖူးကြမှာပါ။ အဲဒီလို အလှူခံတွေမှာ ကိုယ်မသိတဲ့ အလှူခံမျိုးဆိုရင် လှူဒါန်းလိုက်တဲ့ ငွေကြေးပမာဏနဲ့ ကိုယ်သိနေတဲ့ အလှူခံမျိုး၊ ကိုယ်ကိုးကွယ်နေတဲ့ ကျောင်းတိုက်က အလှူခံမျိုးဆိုရင် လှူဒါန်းလိုက်တဲ့ ငွေကြေးပမာဏ မတူညီဘူးဆိုတာကို လက်သင့်ခံကြမှာပါ။ ဒီလိုပဲ နာဂစ်မုန်တိုင်းသင့်ဒေသတွေအတွက် လှူဒါန်းထားတဲ့ ငွေကြေးတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အကျိုးရှိရှိ လုပ်ဆောင်နေတာ တွေ့ခဲ့ရင် အလှူငွေတွေက နောက်ထပ် ၀င်လာမှာပါ။
မည်သို့ပင်ဖြစ်စေ အမိဧရာဝတီ၏ နွေးထွေးသော ရင်ခွင်၌ ဧရာဝတီသား မြန်မာတို့အတွက် ရေခံမြေခံကောင်း၊ အခြေခံကောင်းများ ရှိပြီးဖြစ်သည်။ ယာယီအားဖြင့် ခေါက်ဆွဲခြောက်ထုပ်နှင့် ဘီစကွတ်တို့ လိုကောင်းလိုပါလိမ့်မည်။ သို့သော် ဧရာဝတီသားတို့အတွက် လယ်ကြားမြောင်းကြားမှ ဆောင်းအုပ်၊ ခနွှဲပက်၊ ကွန်ပစ်လိုက်ရုံဖြင့် ပရိုတိန်းဓါတ် အပြည့်ပါသော ငါးများ ဟင်းစားရနိုင်ပါသည်။ သုံးဦးစပ် ငပိရည်ကျိုကို ငါးပနော် မီးအုံးထည့်ပြီး လယ်စပ်မှာ အလေ့ကျ ပေါက်နေသော မှိုနားတို၊ ကညွတ်၊ ထိကရုံးစသည့် ဟင်းသီးဟင်းရွက်ပင်များကို လတ်လတ်ဆတ်ဆတ်ခူးကာ တို့မြှုပ်၍ စားရလျှင်ပင် မြန်မာလယ်သမားများ ထမင်းစားမြိန်သလို လိုအပ်သော အာဟာရဓါတ်များလည်း အပြည့်အစုံပါပြီး ဖြစ်ပါသည်။ မိုးဦးကျမှာ ထွက်လာတတ်သည့် စားဖားဆူဆူကြီးများကိုလည်း ညအခါ မီးအုပ်ဆောင်းဖြင့် ထွက်၍ရိုက်ဦးမလား၊ စားစရာတွေက ပေါလှသည်။
ဒီစာသားတွေကတော့ ရင်ကို တကယ်ထိတယ်ဗျာ။ ကျွန်တော်တို့ရဲ့ ဆန်အိုးကြီးဖြစ်တဲ့ ဧရာဝတီတိုင်းက ပြည်သူတွေအပေါ် ထားရှိတဲ့ ဆောင်းပါးရှင်ရဲ့ စေတနာတွေက တလွဲဆံပင်ကောင်းပါပဲ။ ကိုယ်ကျတော့ မြို့ပေါ်မှာ ကြက်သားဆီပြန်၊ ငရှဉ့်ချဉ်စပ်၊ ၀က်သားလုံးကြော်တွေ စားနေတဲ့အချိန်မှာ အဲဒီဒေသက လူတွေကို ဖားရိုက်စား၊ ငါးဖမ်းစား၊ ငပိရည်နဲ့တို့စရာတွေ စားလို့ ပြောနေတာ ဘယ်လိုမှ ခံစားပေးလို့ကို မရပါဘူး။ အစားတစ်လုပ်အတွက် မိုးထဲရေထဲ မှောင်မှောင်မဲမဲမှာ မြွေမကြောက် ကင်းမကြောက် ရှာစားရတဲ့ ဘ၀ကို လွယ်တယ်များ ထင်နေပါသလား။ နဂိုကတည်းက ဒီလို ရှာစားနေတာပဲကွာလို့ ဘာထူးဆန်းလဲလို့ ချေပ မပြောပါနဲ့ဗျာ။ အဲဒီဒေသတွေကို ငဘတို့ခေတ်မှာပဲ ထားခဲ့တော့မှာလား။ သူတို့ဘ၀ရဲ့ တိုးတက်မှုတွေကို ဖန်တီးပေးရမယ်ဆိုတာ တကယ်ကို မသိတာလား။ အာဆီယံနိုင်ငံတွေမှာ ကိုယ်နိုင်ငံရဲ့ အဆင့်က ဘယ်နေရာ ရောက်နေသလဲကို နိုင်ငံအပြင်ထွက်ပြီး လေ့လာဖူးရင် သိမှာပါ။ စကာင်္ပူတို့နဲ့ နှိုင်းပြီးပြောရင်တောင် အရမ်းကွာနေအုံးမယ်။ ၁၉၉၀ က သိပ်မကွာခဲ့တဲ့ ဗီယက်နမ်နဲ့ပဲ နှိုင်းပါအုံး။ အခုချိန်မှာတော့ မိုးနဲ့မြေလို့ ကွာသွားပါပြီ။
နိုင်ငံတကာမှ လှူဒါန်းသည့် ချောကလက်တောင့်များ မစားရလျှင်လည်း ဧရာဝတီတို့ ကိုယ့်အားကိုယ်ကိုး ရှင်သန်နိုင်ပါသည်။
မုန်တိုင်းပြီးကာစအချိန်တွေမှာ စားစရာတွေ မရှိလို့ လူတွေရေထဲက ဆန်တွေလိုက်စစ်ပြီး၊ ကျွဲနွား အသေကောင်တွေ စားနေတဲ့ အချိန်မျိုးမှာ အရေးပေါ်ဖြေရှင်းဖို့ နိုင်ငံတကာ အလှူရှင်တွေက အဲဒီလို ဘီစကစ်တွေ၊ ချော့ကလက်တောင့်တွေကို ပို့ပေးလိုက်တာပါ။ အဲဒီ ချော့ကလက်တွေ၊ ဘီစကစ်တွေဟာ ဇိမ်ခံ အစားစာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက် လိုအပ်တဲ့ အခြေခံ အာဟာရတွေကို အသေအချာ တွက်ချက်ပြီး အဲဒီ ချော့ကလက်တွေ၊ ဘီစကစ်တွေမှာ ထည့်သွင်းပေးထားပါတယ် ဆိုတာ ဆောင်းပါးရှင်အနေနဲ့ မသိခဲ့ဘူးဆိုတာကို ရိုးသားစွာ မြင်မိပါတယ်။ အဲဒါတွေကို သိရဲ့သားနဲ့ ဒီိလိုမျိုးကို ရေးသားခဲ့တယ်ဆိုရင်တော့ ဘယ်လို အပြုသဘောဆောင်တဲ့ အခြေခံစိတ်ဓါတ်မျိုးနဲ့ ရေးသားခဲ့သလဲ ဆိုတာကို ပြန်လည်မေးခွန်း ထုတ်ရပါတော့မယ်။
မြန်မာပြည်မှာ ကာလကြာရှည် ကျပ်တည်းဆင်းရဲခဲ့သည့် စစ်အတွင်းကာလ ဂျပန်ခေတ်ကပင် ငတ်၍သေသူ မရှိခဲ့ပါ။
နောက်တစ်ခါ စစ်အတွင်းဂျပန်ခေတ်နဲ့ နှိင်းပြောထားထားကိုလည်း တွေ့လိုက်ရတော့ အခုခေတ်က ဂျပန်ခေတ်လားလို့တောင် ပြန်မေးချင်ပါတယ်။ ဂျပန်ခေတ်ကို ကျော်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဂျပန်ခေတ်က အခြေခံလိုအပ်ချက်နဲ့ အခုခေတ် အခြေခံလိုအပ်ချက်တွေ မတူဘူးဆိုတာ လက်ရှိခေတ်မှာ နေထိုင် အသက်ရှင်နေတဲ့ ဆောင်းပါးရှင်အနေနဲ့ လျှစ်လျူမရှုသင့်ပါဘူး။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ဆောင်းပါးရှင်အနေနဲ့ ကိုယ်ချင်းစာစိတ်ကို အခြေခံပြီး သေချာ စဉ်းစား ရေးသားသင့်ပါတယ်။ ကိုယ်တိုင်ဆိုရင်လည်း ဒီလိုပဲ ရှာဖွေ စားသောက်နေမှာလား... ကိုယ့်ရဲ့ နောက်မျိုးဆက် သားသမီးတွေလည်း ဒီလိုပဲ ခက်ခက်ခဲခဲ ရှာဖွေ စားသောက်တဲ့ဘ၀မှာပဲ ပျော်နေစေချင်လားကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါလားဗျာ။

28 comments:
အားပါးပါး ရိုက်ချက်ကတော့ ရှယ်ပဲ..
ဒီကောင်တွေက သိရက်သားနဲ့ နားလှည့်ပါးရိုက်လုပ်နေတာ..
ခုလိုရေးလေ .. သူတို့ စေတနာကို လူသိလေပဲ ..
ကောင်းလေစွတကား..
ဦးဇူလိုင်ရေ စာလာဖတ်သွားတယ်နော်။ ကြေးမုံမှာ ပါမှတော့ သူတို့အကြိုက်တွေပဲ ဖြစ်မှာပေါ့။ ဆောင်းပါးရှင်ကလည်း သူတို့အကြိုက်ကို လိုက်ရေးပေးထားဟန်တူပါတယ်။ တကယ်ပဲ ဆောင်းပါးရှင်ကိုယ်တိုင် အမှန်တရားကို နားမလည်ဘူး။ အဲလိုပဲ တကယ်သာ တွေးတယ်ဆိုရင် သူ့ရဲ့ စိတ်ဓာတ်ကို မတွေးရဲစရာပါပဲ။ သဲကတော့လေ ဖြစ်နိုင်ရင် သူတို့တွေနဲ့ ဒုတ်ခသည်တွေကို နေရာချင်းသာ လဲပေးချင်တော့တာပဲ။ အဲဒါမှပဲ သူတို့လည်း ဖားရိုက်ပြီးပဲ စားကြမလား။ ဘီစကွတ်ပဲ မျှော်နေကြမလား ကြည့်လို့ရတာပေါ့။
လေးစားစွာဖြင့်
မေပျို
အိမ်ချင်ယောင်ဆောင်တဲ့သူများနှိုးရခက်တယ်ဆိုတဲ့ ရှေးစကားတယ်မှန်တယ်။ နှိုးမရရင် ပိတ်သာကန်လိုက်တော့။ ဟတ်ဟတ်။
SHIT! .. people are dying.. and they are doing shit!! :(
မည်သို့ပင်ဖြစ်စေ အမိဧရာဝတီ၏ နွေးထွေးသော ရင်ခွင်၌ ဧရာဝတီသား မြန်မာတို့အတွက် ရေခံမြေခံကောင်း၊ အခြေခံကောင်းများ ရှိပြီးဖြစ်သည်။ ယာယီအားဖြင့် ခေါက်ဆွဲခြောက်ထုပ်နှင့် ဘီစကွတ်တို့ လိုကောင်းလိုပါလိမ့်မည်။ သို့သော် ဧရာဝတီသားတို့အတွက် လယ်ကြားမြောင်းကြားမှ ဆောင်းအုပ်၊ ခနွှဲပက်၊ ကွန်ပစ်လိုက်ရုံဖြင့် ပရိုတိန်းဓါတ် အပြည့်ပါသော ငါးများ ဟင်းစားရနိုင်ပါသည်။ သုံးဦးစပ် ငပိရည်ကျိုကို ငါးပနော် မီးအုံးထည့်ပြီး လယ်စပ်မှာ အလေ့ကျ ပေါက်နေသော မှိုနားတို၊ ကညွတ်၊ ထိကရုံးစသည့် ဟင်းသီးဟင်းရွက်ပင်များကို လတ်လတ်ဆတ်ဆတ်ခူးကာ တို့မြှုပ်၍ စားရလျှင်ပင် မြန်မာလယ်သမားများ ထမင်းစားမြိန်သလို လိုအပ်သော အာဟာရဓါတ်များလည်း အပြည့်အစုံပါပြီး ဖြစ်ပါသည်။ မိုးဦးကျမှာ ထွက်လာတတ်သည့် စားဖားဆူဆူကြီးများကိုလည်း ညအခါ မီးအုပ်ဆောင်းဖြင့် ထွက်၍ရိုက်ဦးမလား၊ စားစရာတွေက ပေါလှသည်။
သတင်းစာထဲက ဆောင်းပါးတွေကို ကျနော်တို့လောကမှာ `ပေါ်လစီ´ဟုခေါ်ပါသည်။ တန်းမ၀င်၊ စာရင်းမသွင်းပါ။ နာမည်ဖော်၍ ရေးရဲကြသည်လည်း မဟုတ်ပါ။ ရှေးယခင် ရေးခဲ့ကြသူများမှာလည်း ယခု ခွေးနေရာမရ ဖြစ်နေရသည်ကို ကိုယ်တွေ့ပင်ဖြစ်ပါသည်။
သူ့စရိတ်နှင့် သူသွားပါလိမ့်မည်။ ထိုလိုလူတွေ အသေဖြောင့်ဖို့ရာ မမြင်ပါ။ ညာမရသည်မှာ ကိုယ့်လိပ်ပြာ ကိုယ်ပဲ ဖြစ်ပါသည်။ လူတစ်စုအတွက် လုပ်ပြီး လူသန်းပေါင်းများစွာကို မျက်ကွယ်ပြုရဲသူအဖို့ သံသရာမှာလည်း ခံရဲအောင်ခံဟုပဲ တရားဘက်က ပြောချင်ပါသည်။
ကိုဂျူလိုင် ထောက်ပြဆုံးမသည်နှင့် လုံလောက်ပါပြီ။
ကိုယ့်ကိုကိုယ် လူလိုနေရကောင်းမှန်းမသိသူတွေအတွက် ပြောစရာ စကားမရှိပြီ။
သင်ကာ
၁၊ ဇွန်၊ ၂၀၀၈
ဖတ်ရင်းဖတ်ရင်းအော့နှလုံးနာလွန်းလို့…..လူသားချင်း
စာနာစိတ်မရှိပဲ လက်တဆုပ်စာလူတန်းစားဘက်က ရပ်တည်ပြီး ဖော်လံဖားလုပ်နေတဲ့သတ္တ၀ါ ကို
အမှုန့်ကြိတ် ပစ်လိုက်ချင်စိတ်ပဲရှိတယ် ။ ဒီလူ ရဲ့ ရပ်တည်ချက် ဆွေးနွေးချက် တင်ပြချက်တွေ က
သူ့အဆင့်အတန်း သူ့စိတ်ဓါတ်ကိုဖေါ်ပြနေတာပဲလေ ။ ဒီအဖေကမွေးမှာတော့ ဒီလိုသားမျိုးဖြစ်တာ
မဆန်းပါဘူး ၊။ဒါပေမယ့် ``ဒီလူသိသင့်တာက ၀ဋ်ဆိုတာလည်တတ်တဲ့သဘောရှိတယ်´´ ဆိုတာပဲ
တစ်ခုတော့မေးချင်တယ် အဲဒီလူကို ``ကိုယ့်လိပ်ပြာကိုယ်သန့်ရဲ့လားလို့ ´´လေ။
မသွယ်
ကိုဇူလိုင်ရေ အောင်လှိုင်အတွက် လာလေ့လာပါအုံးဆိုလို့ ဘာများလဲ မှတ်တယ်။ ပြောရရင်တော့ ဒီလိုလူမျိုး ကောင်းစားနေရင်တောင် အသွေးအရောင်ရှိမှာ မဟုတ်ပါဘူး။ ကိုယ်တဘို့တည်းကြည့်ပြီး အမှန်တရားကို မျက်ကွယ်ပြုသူဆိုတာ လောကမှာ စစ်မှန်တဲ့အောင်မြင်မှု ရမှာမဟုတ်ပါဘူး။
အမှန်ကိုပြောရရင် မြန်မာသတင်းစာကို ဖတ်လေ့မရှိဘူး။ ဖတ်ဖြစ်ရင်တောင် အဲဒီဆောင်းပါး တွေကို မဖတ်ဘူး။ ကိုဇူလိုင်ထောက်ပြသလိုသာ ပြန်ရေးခွင့်ရှိတယ်ဆိုရင် ဒီလူ လူပုံအလည်မှာ မျက်နှာတောင် ပြဝံ့မယ်မထင်ပါဘူး။
ဘာပဲပြောပြော ဆောင်းပါးကတော့ ရှက်ဖို့ကောင်းလွန်းလှပါတယ်။
ကြေးမုံသတင်းစာ ပါ ဆောင်းပါးကို ဖတ်ရင်းဖတ်ရင်း
တိုင်းသူပြည်သားကို ချစ်တယ်လို့ တဖွဖွပြောတတ်တဲ့
သူတို့ရဲ့ စိတ်တွေကို ကွက်ကွက်ကွင်းကွင်း
မြင်လာပါတယ်။
အော် အဖေအဖေတဲ့  ပထွေးတဲ့ဆိုးတဲ့အဖေတွေကိုး
ဂျူလိုင်းရေ
ဘယာကြော်ကုလားကတောင် ပိုလှပတဲ့ ဂျာနယ်ကိုပြောင်းသုံးပြီး အကြော်ထုပ်နေပါပြီနော် သတင်းစာကို ဘယ်သူက ဘယ်နေရာမှာသုံးပါသလဲ မခံချိမခံသာ ဒေါသထွက်တာကို ကိုယ်ချင်းစာပါတယ် အရေးစိုက်ပြီး ပို့စ်တစောင် စာတဖွဲ့လုပ်ရေးလို့ ကုန်သွားတဲ့ အချိန်ကို သာနှမြောမိသေးတော့
@#$% အားရအောင် @#$ ပါးဝပြီး ရေးပေးကြရရှာတယ်
ခွေးလွှတ်လိုက်ပါ
အဲဒီ ငဖားတစ်ကောင်ကို ချောကလက် သုံးထောင့်ပေးပြီး ဖားထွက်ရိုက်ခိုင်းလိုက်ဗျာ...။
သတင်းစာက ဆောင်းပါးတွေကတော့ ပြောမနေပါနဲ့ ကိုဇူလိုင်ရေ။ နိုင်ငံတကာက အလှူရှင်တွေဖတ်မိရင် စေတနာပျက်စရာကြီးနော်။ ဒါပေမယ့်လဲ ဒါတွေဟာ ဘယ်သူတွေရဲ့ အာဘော်လဲ ဆိုတာကိုတော့ သိကြမယ် ထင်ပါတယ်။ သူတို့တွေမှာ ကိုယ်ချင်းစာစိတ်ရှိလားဆိုတာတော့ မေးဖို့တောင် မလိုဘူး ထင်ပါရဲ့။ စေတနာဆိုတာ တူသောအကျိုးကို ပေးတတ်ပါတယ်။ တစ်ချိန်ချိန်တော့ ၀ဋ်လည်ကြမှာပါ။
အော် ဒါကတော့ဗျာ နိုင်ငံတော်ရဲ့စေတနာတွေ ထင်ပါရဲ့ နော်
ငတ်တဲ့သူတွေက ငတ်နေကြချိန် ဒီလိုရေးနိုင်တာတော့
ရက်စက်တယ်ဗျာ
မြန်မာ စစ်အစိုးရခေါင်းဆောင်ကြီးများကို ကျမလူလို့ မသတ်မှတ်ထားတာ ကြာပြီဆိုတော့ ဒီလိုဆောင်းပါးထွက်လာတာကိုလည်း သိပ်မအံ့သြတော့ပါဘူး။ အသက်ပေါင်းများစွာရဲ့ အသေကောင်ပေါ်မှာ တက်ထိုင်ပြီး မျက်လုံးပိတ်ရေးထားတာ လို့ဘဲသတ်မှတ်ရတော့မှာဘဲ၊ ဒါမှ မျက်ကန်းတစ္ဆေမကြောက်လေ၊ အကြင်နာမရှိ၊ မေတ္တာခေါင်းပါး၊ လူ့စိတ်ပျောက်ဆုံးနေသော သူများလေ။
လုပ်ပါဦး အရပ် ရေ လိုံပဲပြောလိုက်ချင်တယ်
ဒီဆောင်းပါးရေးတဲ့လူက သနားစရာကောင်းတယ် ဘာမှမသိရှဘူးနဲ့တူရဲ့ ကိုယ်ချင်းစာတတ်ရင် တကယ့်လိုအပ်ချက်ကိုသိရမှာပေါ့ ကိုဇူလိုင်ရေ နောက်လည်းလာပါ
ရက်စက်လိုက်တာရေးထားတာ..ဘာရေးရမှန်း
တောင်မသိတော့ဘူးကိုဂျူလိုင်ရေ..စားစရာ
မရှိလို့ငတ်နေပါတယ်ပြောတာကိုမယုံတာခက်ပါ
တော့။နားရွက်ဆွဲပြီးငတ်နေတဲ့သူတွေကိုပြလိုက်
ရင်ဒင်းဘာပြောမလဲသိချင်ပါ့။
အင်း ဒီလိုလူတွေအတွက်တော့ ပြောစရာတော့သိပ်ရှည်ည်ဝေးဝေးမရှိပါဘူးဗျာ။ လှိုင်အောင်ဆိုသော ဆောင်းပါရှင်က သိလို့တတ်လို့ ရေးတာမှမဟုတ်တာ ငတ်လို့ရေးတာလေ။ ဒီလိုလေး ရေးမှ ထမင်းဝတာဖြစ်မှာပေါ့ဗျာ။ သူလည်း ချောကလက်စားချင်ပုံရတယ် ကြေးမုံက အစိုးရကြိုက်တဲ့ဆောင်းပါးရေးပေးရင် ချောကလက်ကျွေးမယ်လို့ ပြောထားမှန်းလားမှ မသိတာ။ လှိုင်အောင်ဆိုသော ဆောင်းပါးရှင် ချောကလက်စားရင်း နင်လို့ သေပါစေဗျာ
ကျွန်တော့်အထင်တော့..ဒီအောင်လှိုင်ဆိုတဲ့
ကောင်ဟာ...စစ်အဆိုးရကိုဖား...အောင်သေ
အောင်သားတွေစားပြီး..အပုပ်နံ့တလှိုင်လှိုင်
ထွက်နေသူမို့..ဒီလိုရေးတာဗျ...
တော်တော့ကိုဆိုးတဲ့အကောင်လို့ပဲ..ပြောချင်တော့တယ်ဗျာ..
နိုင်ငံရဲ့ သတင်းစာထဲကနေ အခုလိုဆောင်းပါးတွေ ရေးနေတာဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ ကမ္ဘာအရပ်ရပ်က အလှူရှင်တွေကို စော်ကားလိုက်သလိုပါပဲ။ ဒါပေမယ့် ဒီသတင်းစာထဲက ဆောင်းပါးတွေဟာ ပြည်သူ့အာဘော် မဟုတ်တာကို မြန်မာပြည်သူပြည်သားတွေသိသလို ကမ္ဘာကလည်း သိလာကြပါပြီ။ မြန်မာသတင်းစာအကြောင်း သိပ်မသိသေးတဲ့ အခြားတိုင်းပြည်တွေက စေတနာရှင်ပြည်သူတွေ အနေနဲ့တော့ စေတနာပျက်ချင်စရာ ဖြစ်လာနိုင်ပါတယ်။ အခု ဒီဆောင်းပါးရေးတဲ့လူဟာလည်း သူ့သခင်တွေပေးတဲ့ အရိုးအရင်းလေးတွေကို ကျေနပ်ရင်း ကလောင်နာမည် အမျိုးမျိုးပြောင်းရေးနေတဲ့သူတွေထဲက တစ်ယောက်ပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီလို ဖော်လန်ဖားတွေရဲ့ ဆောင်းပါးတွေဟာ ကိုသင်ကာပြောသလို ပေါ်လစီဆောင်းပါးမို့ အရာမ၀င်ပေမယ့် အခုလိုအချိန်မှာ တာဝန်မဲ့ မဆင်မခြင် ရေးတာကိုတော့ ၀ိုင်းရှုံ့ချသင့်ပါတယ်။
အဲဒီလူက မဟုတ်တာတွေ လျှောက်လျှောက်ရေးတာပဲ။
သစ်ပင်တောင် လဲတဲ့အပင် လဲသွားတာ . . . . .
ဖားငါး ရှာစားရအောင် ဖားငါးရှိတဲ့ မြစ်ချောင်းတွေမှာ အလောင်းတွေနဲ့။ . . .
သူ့ကိုယ်သူ ယဉ်ပါးနေလို့ပဲ အဲဒါတွေကို အနိဋ္ဌာရုံလို့ မထင်တာများလား ? ?
အဲဒီလို လူမျိုးကို စိတ်ဆိုးပြီး ကိုယ့်အချိန် ဖြုန်းသလိုတော့ မဖြစ်ပါစေနဲ့ ကိုဂျူလိုင်ရာ။
ကိုဂျုလိုင်ရေ....
ဂုဏ်ယူပါတယ်....
ဖုံးကွယ်နေတဲ့ အမှန်တရားတွေကို
ဆက်လက်ဖော်ထုတ်ကြပါစို့....။
ခုလိုထောက်ပြဝေဖန်ထားတာကောင်းတယ်ဗျာ ၊ solid ပဲဗျို့ ၊၊
ဟား....ဟား...... comment လေးကို သေသေချာချာ ရေးချင်လို့ တရက်ရွေှ့ လိုက်ပါတယ်။ တော်တော် နောက်ကျ သွားပါလားကွယ်ရို့။ ဒီဓမြတစု လူထုအတော် ချစ်ပုံရသဗျ။ တကယ်တော့ လူမပြောနဲ့ သစ်ပင်တောင် နိုင်ငံခြား အကူ အညီမပါရင် မရှင်သန်နိုင်တဲ့ အခြေအနေပါ။ မြေဆီ သြဇာ ကောင်းမွန်လှသော သဘာဝမြေကြီး ပင်လယ်ရေငန် ၀င်ပြီး အခုလုံးဝ မကောင်းတော့ပါ။ ရေငန်ဒဏ်ခံ သည့်မျိုး မရရင် လုံးဝ စိုက်ပျိုး၍ မဖြစ်နိုင်ပါ။ ဒါဆိုရင် သဘောပေါက် ကျန်တာတွေ ပြောရန် မလိုအပ်တော့ပြီ။
ဘာများလဲ မှတ်တယ် လူရေးလူမှု လူလို မသိ၊ လူလို မတွေးခေါ်တတ်တဲ့ လူစိတ်မရှိတဲ့ မိစ္ဆာ တစ်ကောင် အရူးချီးပန်း လျှောက်ရေး ထားတာကို ဘက်လုပ်ပြီး ကိုဇူလိုင်က အချိန်ကုန်ခံ ပို့စ်ရေးထားတာကိုးး... 31 မေက သတင်းစာ ဆောင်းပါးထဲကလိုပေါ့.. ကိုယ့်ပြည်သူအကြောင်း က ကနေ အ အထိ ဂဃနဏ သိသော အမြော်အမြင်နဲ့ စေတနာ၊ ချမှတ်သော မူဝါဒကို လေးစားကြည်ညို လို့တောင် ရေးသေးတာ.. သူငယ်တန်းရဲ့ အခြေခံ အဆင့်နဲ့ အတွေးအရေးကို ခွေးလွှတ်လိုက်ပါ ကိုဇူလိုင်ရေ...
မြန်မာ သတင်းစာတွေ မဖတ်တာ ၁၉၉၅ လောက်ထဲကပါပဲ ။ အရင်တုံးကတော့ အိမ်ရှေ့က ခြံတံခါးမှာ ညှပ်ထားတာကို သွားယူရင်းနဲ့ဖတ်ဖြစ်တယ်။ အဲဒီတုံးက ဆောင်းပါးတွေက စည်သူငြိမ်းအေးတို့ခေတ်ပေါ့။ ကျနော်က ၈တန်း ၉တန်းလောက်။ ကျနော် ရေးတဲ့လူတွေကို အပြင်မှာ မြင်ဖူးချင်၊မေးချင်တာ အဲဒီအရွယ်ထဲကပဲ ။ သိချင်တာက တကယ်ပဲ ယုံကြည်လို့ရေးတာလား၊ သိရက်နဲ့ဝါဒဖြန့်တာလား ပေါ့။ သတင်းစာတိုက်ကို စာရေးမေးရအောင်ကလည်း အဖမ်းခံရမှာ ကြောက်တယ်ဗျာ။ ဘာမှ မဟုတ်ပဲ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ထောင်လို့ နာမည်တပ်ထားတဲ့ အရာထဲမှာ အချိန်ကုန်မခံချင်ခဲ့တာက အဓိကပါ။ ကျနော်သာ အဲဒီလူရဲ့ သားချင်းတစ်ယောက်ယောက်ဆို ရှက်တာနဲ့ပဲ ကိုယ့်ဘာသာကိုယ် သတ်သေဖြစ်တယ်။ လူတစ်ဦး ဒါ့ထက် စာတတ်ပေတတ် ( ပညာတတ်ဆိုတဲ့စကားက ဒီကောင်တွေနဲ့ လားလားမှ မတန်လို့) တစ်ယောက်အနေနဲ့ အဲလိုတွေ မရေးသင့်ဘူး။ ကိုယ့်ကို သင်ပေးခဲ့တဲ့ ဆရာ ၊ ဆရာမတွေများသိရင် ဘယ်လိုနေမယ်လို့ တွေးရကောင်းမှန်းလည်း ဒီကောင်တွေ သိမယ်မထင်ဘူး။ ကိုယ်ရေးချင်ရာရေးလို့ရတဲ့ သတင်းစာမှာ အကျယ်ချုပ်ချခံထားရတဲ့ မိန်းမတစ်ယောက်ကို ဒီကောင်တွေရေးတာက အဆင့် အတန်းမရှိဘူး။ ခုလည်း လာပြန်ပြီ နောက်တစ်ယောက်။
ကျနော် ဒီကောင်တွေကို အဲဒီ ဒုက်ခရောက်နေသူတွေနေရာမှာ တစ်ပတ်လောက်ပဲ ထားကြည့်ချင်တယ်။ ဒီကောင်တွေ ရူးသွား မသွားပေါ့လေ။ ကိုယ်ချင်းစာ တရားမရှိလွန်းဘူးဗျာ။ အဲဒီဒေသက လူတွေမှာလည်း အနာဂတ်ဆိုတာတွေ ၊ မျှော်င့်ချက်ဆိုတာတွေရှိတယ်။ သူတို့တစ်သက်လုံး အဲလို ဖားရှာ၊ ငါးရှာနဲ့ ဘ၀ကို မိုးချုပ်ကြရမှာတဲ့လား။ သူတို့ သားသမီးတွေ ကရော ဒီလိုပဲ ဘ၀ဆုံးကြရမှာတဲ့လား။ ဘာဆို ဘာမှ မကျန်တော့တဲ့ လူတွေက ဘ၀ကို စလုံးရေးက စရမယ်ဆိုတာ သူပြောသလို မလွယ်ဘူးလေ။ ခုဟာက ကျောက်ခေတ်မဟုတ်တော့ဘူးဗျ။ မလွယ်တော့ဘူး။ ပိုက်ဆံမရှိရင် ငါးဖမ်းဖို့ ပိုက် ဘယ်ကရမလဲ။ ချက်စရာ ထင်း အဲလောက်မိုးရွာနေတာ ဘယ်ကရှာရမလဲ ။ ဆီ ဘယ်က နေ့တိုင်းရမလဲ။တော်ဘီဗျာ ပြောရင်လည်း လာအုံးမယ် အဆိုးမြင်ဝါဒီများ ဆန့်ကျင်ကြဆိုပြီး ။ ပြောချင်တာကတော့ ခေတ်တိုင်း ခေတ်တိုင်းမှာ အဲလိုဖော်လန်ဖားတွေ ရှိတယ်ဗျ။ ဆွမ်းဆန်ထဲမှာ ကြွက်ချေးပါတာကတော့ ထုံးစံဖြစ်နေပြီ ။ သတင်းလွတ်လပ်ခွင့်ဆိုတာ ဘာမှ မရှိတဲ့ တိုင်းပြည်မှာ ဖြစ်ချင်ရာဖြစ် ၊ လုပ်ချင်ရာလုပ်နေကြတော့လည်း ငရဲဘုံထဲ ပါနေပြီကောဗျာ။ ပညာတတ်တွေက စွန့်ခွာပြီး ဥပေကာပြုတယ်။ တိရိစ္ဆာန်တွေက မင်းမူတယ်။ သနားစရာ ပြည်သူတွေက ကယ်သူမယ့်တယ်။ တစ်ချို့က လက်ညိုးထိုးပြီး ငွေတောင်းတယ်။ အမြင်မတော်လို့ လူလူချင်းကယ်တော့ တိရိစ္ဆာန်တွေက နှောင့်ယှက်တယ်။ ဘယ်သူမှလည်း ဒုတ်နဲ့ရိုက်ပြီး ဒီတိရိစ္ဆာန်တွေကို ဆုံးမမယ် မမြင်ပါဘူးဗျာ။
you, the man, hit the nail on the head...
15 Jun 08, 11:25
sorry: ဒီ ဘလော့ခ်ကို ကောင်းမယ်ထင် လို့  ဖတ်ပါတယ်...၅ ခု မြောက် POST မှာ Impression out သွားတယ် ...
15 Jun 08, 11:28
sorry: ကိုယ့်ကိုကိုယ် ပဲ ကောင်းအောင် ကြိုးစားပါအုံး ။သူများကို အရင် မဝေဖန်ပါနဲ့။ ကဲ တခုပဲ ပြောမယ်... ကိုယ့်အဆင့်ကို သိ ! နိုင်ငံတော်က ထုတ်ဝေတဲ့ သတင်းစာ မှာ ရေးနေတဲ့ သူနဲ့ အခုခင်ဗျားရေးနေတဲ့ အခြေအနေကို
15 Jun 08, 11:31
sorry: ခင်ဗျား သိတယ်..ဟုတ် ? ဘယ်သူက ဘယ်အဆင့်လဲ ဆိုတာ သိသာပါတယ်ဗျာ။ ခင်ဗျား သူ့ ကို ပြောချင်ရင် သူ့ ထက်တော်အောင် အရင်လုပ်ပါလို့  တိုက်တွန်းပါတယ် ။ ( sosorry11@gmail.com )
15 Jun 08, 11:36
sorry: ကျန်တဲ့ Post တွေက ရသ တခု စီ ရပါတယ်။ ၅ခုမြောက် Post က ရေးထားတာ ယောကျာ်းမဆန်လို့ ပါ။
----------
sorry (sosorry11) ခင်ဗျာ။ ကျွန်တော့် cbox မှာ လာရေးသွားတဲ့ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အမြင်တွေ မတူတိုင်း ရန်သူ မဟုတ်တဲ့အတွက် သိက္ခာရှိရှိ ရေးသား ဝေဖန်ကြတာပေါ့ဗျာ။
သတင်းစာမှာ ရေးသားတဲ့သူက ဘယ်သူဘယ်ဝါ ဖြစ်နေလို့ ဆိုတာကို ကျွန်တော် လုံးဝ စိတ်မ၀င်စားပါ။ သူရဲ့ လုပ်ရပ် မှန်ကန်ဖို့ပဲ အရေးကြီးပါတယ်။ ရာထူးအဆင့်အတန်း ဆိုတာကို ကျွန်တော် ဂရုမစိုက်ကြောင်း cbox အပေါ်က Profile လေးမှာ blog စကတည်းက အတိအလင်း ရေးသားထားပါတယ်။
It is not who is right, but what is right, that is of importance for me.
ပျော်ပျော်ပါးပါးပေါ့။
မုန်တိုင်းစတာ တချို့ နေရာတွေမှာ ညနေ ၇နာရီ ထဲက စပါတယ်။ တမိုးလုံးမှောင်မဲနေပြီး လေတိုက်တာ အရပ်ရှစ်ပတ်လည် တိုက်တာပါ။ သစ်ပင်တွေ အမြစ်က အစကျွတ်ထွက်ကုန်တာ အိမ်တွေ ပြိုကျပျက်စီးတာပါ။ လှိုင်းတွေ လေတွေ ကြီးပြီး အနားရောက်လာတဲ့ သစ်ပင် သစ်ကိုင်း ပျဉ်တွေ ဖက်တွယ်ပြီး တညလုံး မဲမဲမှောင်မှောင် ထဲမှာ ရေထဲမှာ နေနေကြရတာပါ။ လက်အံသေရင် ရေနစ်သေဖို့ ဘဲ။ သစ်ပင်တွေကို တွယ်ဖက်ထားကြပေမဲ့ ထန်းပင်မြုပ်လောက်အောင် ရေတက်လာတော့ လူတွေ အပင်ထိပ်တက်လဲ ရေမွန်း သေကြရပါတယ်။ ကံကောင်းလို့  အသက်ရှင်လာခဲ့ရင် ကိုယ့်အိမ်မှာ ဗလာနတ္ထိ ရွှံ့ ဗြွက်တွေဘဲ ကျန်ပါတယ်။ လူပေါင်း သောင်းချီသေဆုံးတဲ့ ပင်လယ်၊ အင်းအိုင်ထဲမှာ ငါးတွေ ရှိမနေပါဘူး။ မုန်တိုင်းမလာခင် ၂ရက်ကထဲက ငါးတွေ ထွက်ပြေးသွားကြပါတယ်။ ဖောင်စီးဂဏန်းတွေ ဘဲ ရှိပါတယ် ဂဏန်းတွေက လူသေ အလောင်းတွေစားပါတယ်။ သူပြောသလို အင်းအိုင်ထဲက ငါးတွေ ဖမ်းလို့ ရမယ် ထင်ပါသလား။ လူသေတွေ မဆယ်ဘဲ ထားတဲ့ ရေအိုင်တွေဟာ ပုတ်စော်နံစော်နေပါတယ်။ ထားပါ သူပြောသလို ပင်လယ်စာ ဖမ်းစားရင် ဖောင်စီးဂဏန်းဘဲရမယ်။ လူသေစားထားတဲ့ ဂဏန်းတွေကြောင့် ၀မ်းလျောပြီး အသက်ဆုံးရပါသေးတယ်
ဘယ်မှာလဲ ဟင်းသီးဟင်းရွက်။ အိမ်တွေတောင် ပြိုလဲကျတာ အပင်ငယ်ဘယ်လို ရှိနိုင်မလဲ။
ချောကလက်ဆိုတာ နိုင်ငံခြားမှာ သရေစာစားတဲ့ ရိုးရာအစာ ဘဲ။ အနောက်နိုင်ငံက ပေးမှ ချောကလက် မပေးဘဲ ဆန်ပေးမလား။ သူတို့ ဂျုံ ဘီစကွတ် ချောကလက်ဘဲစားတာ။
ဒုက္ခသည်တွေကို လူလို့ မထင်ဘဲ သက်မဲ့ သစ်ပင်လို့ ထင်သလား။ သက်မဲ့သစ်ပင်က မြေကြီးနဲ့  ရေဘဲ လိုတယ် လူက အစားအသောက်မရှိရင် ဘယ်လို အသက်ရှင်မလဲ။ စားစရာ မရှိလို့  မေ့မျှောနေကြတဲ့ သူတွေ မုန်တိုင်းထဲမှာ ထိခိုက်ဒဏ်ရာရလို့  မျက်လုံးကျွတ်သွားတဲ့လူတွေ လက်ပြတ်ခြေပြတ် ဖြစ်တာမျိုးတွေ သူပြောသလို ရရာစားလို့ ဝမ်းလျောပြီး မျော့နေတဲ့သူတွေကို ကယ်ဖို့ မကြိုးစားဘဲ ကူညီချင်တဲ့သူတွေကို မကူညီနိုင်အောင် မိစ္ဆာစိတ်ပွားပိတ်ထားတယ်
ကဲ အလျူရှင်တွေ ပေးလို့ ရပါပြီတဲ့ ပေးတဲ့ အလျှူတွေကို ဒုက္ခမရောက်တဲ့ သူတွေက ခိုးဖွက်လုစား ကြသေးတယ်။ ချောကလက် မကျွေးနဲ့ ကျွေးတဲ့ ချောကလက် ငါဘဲ လုစားမယ်ဆိုပါတော့။
ထားပါ စားစရာ ရပါပြီတဲ့ မိုးရွာနေတာ ဘယ်လို နေကြမလဲ။ ၀တ်စရာ တထည်ထဲလဲ နေနိုင်ပါတယ် အမိုးအကာမရှိဘဲ ဘယ်လိုလုပ်မလဲ။ တဲထိုးပြီးနေဖို့ အချိန်လိုကြပါသေးတယ်။ သစ်ပင်တွေလဲ စုတ်ပြတ်သပ်နေတာ ရွှံ့ ဗွက်တွေနဲ့  အပြည့်ဘဲ။
ထားပါ နေနိုင်ပါပြီတဲ့ မိသားစုထဲမှာ ဘယ်သူသေလို့ ဘယ်သူရှင်မှန်းမသိကြဘူး။ ကိုယ့်ရွာနေစရာ မရှိလို့  သူများရွာမှာ သွားစုနေရတယ်။ သားသေ မိန်းမသေ အမေသေ အဖေသေ အဖိုးအဖွားသေ မြေးသေ စားစရာ မရှိ နေစရာ မရှိ လူရဲ့ စိတ်တွေဟာ ထိန်းချုပ်လို့ မရအောင် တုန်လှုပ်ခြောက်ခြား နေကြတယ်။ ဘယ်လိုဘဲ တဖြည်းဖြည်းနဲ့  ပြန်ထူထောင်နိုင်ပါစေ အတိတ်က အိမ်မက်ဆိုး တွေကြောင့် နလံထူဖို့ အတော်ခက်ခဲမှာပါ။
တခုဘဲ လိုအပ်ပါတယ်။ အခုလို ရေးသားပြောဆိုတဲ့ သူဟာ ဒုက္ခဆိုတာ မကြုံဘူးတဲ့ အပြင် ဒုက္ခသည်တွေ နေရာကို မရောက်ဘူးသူ ပါဘဲ။ ရေးပါ ရေးပါ မကြာပါဘူး ဒုက္ခကို တဲ့တဲ့ဆိုင်ဆိုင်တွေ့ လာမှာပါ။ ၀ဋ်လည် လာပါလိမ့်မယ်။ ပျော်နိုင်တုန်း ပျော်ထားပါ။ အော်နိုင်တုန်း အော်ထားပါ။ အဲဒီ မကောင်းတဲ့ အကုသိုလ်တွေဟာ အသက်မသေခင် ရောက်လာ ပါလိမ့်မယ်။ အဲဒီအခါကျမှ ဒုက္ခဆိုတာ ဘာလဲ ဆိုတာ မသေခင်သော်၎င်း သေပြီးသော်၎င်း အပြည့်အ၀ ခံစားရမှာပါ။
Post a Comment