.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, January 16, 2008

Lunar New Year - 1

တရုတ်နှစ်ကူးလေး နီးလာတော့ တရုတ်နှစ်ကူးအကြောင်းလေး ရေးပါအုံးမယ်။ သိပြီးသားတွေ ဖြစ်နိုင်သလို မသိသေးတာတွေလည်း ရှိနိုင်တာမို့ အတတ်နိုင်ဆုံး စုံလင်အောင် ရေးသွားပါမယ်။ အခု ဒီနှစ် ၂၀၀၈ မှာ တရုတ်နှစ်ကူးက ဖေဖော်ဝါရီ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ ကျရောက်ပါမယ်။ တရုတ်နှစ်သစ်ကူးဟာ တရုတ်လူမျိုးတွေအတွက် အလွန်ကိုအရေးပါတဲ့ ပွဲတော်တစ်ခုပါ။ အဲဒါကြောင့် အဲဒီနှစ်ကူးပွဲတော်မှာ လုပ်လေ့လုပ်ထရှိတဲ့ ဓလေ့ထုံးတမ်းလေးတွေကို ဗဟုသုတအနေနဲ့ အရင်တင်ပြချင်ပါတယ်။

နှစ်ကူးပွဲတော် မရောက်ခင်မှာ တရုတ်လူမျိုးတွေ အိမ်တွင်းအိမ်အပြင်တွေကို သန့်ရှင်းရေးလုပ်ကြပါတယ်။ အိမ်အတွင်းရှိ ပရိဘောဂကအစ ပန်းကန်ခွက်ယောက်အဆုံး သန်စင်ဆေးကြောကြပါတယ်။ အိမ်ရဲ့ အခန်းထောင့်တွေတိုင်းမှာ ပင့်ကူအိမ်တွေတောင်မရှိပဲ သန့်ရှင်းပြီး အမှိုက်ကင်းစင်နေရပါမယ်။ အဲဒီလို တစ်အိမ်လုံး သန့်ရှင်းပြီးတဲ့အခါကျရင် တံမြက်စည်းတွေ အားလုံးကို ၀ှက်ထားရပါတယ်။ စည်းစိမ်ဓနတွေ တံမြက်စည်း လှည်းသလို အဝေးကို မရောက်သွားရအောင် တံမြက်စည်းတွေကို နှစ်သစ်ကူးကာလမှာ ၀ှက်ထားရပါတယ်။

နှစ်ကူးပွဲတော်အတွင်းမှာ မိသားစု မျက်နှာစုံညီ ထမင်းစားပွဲကို ကျင်းပလေ့ရှိကြပါတယ်။ မိသားစုကို အလေးထားတဲ့ တရုတ်လူမျိုးတွေအတွက် မိသားစု ပြန်လည်ပေါင်းစည်းတဲ့ အထိမ်းအမှတ် ညစာစားပွဲဟာ အလွန်ကို အရေးကြီးပါတယ်။ အိမ်ထောင်ကျပြီး အိမ်ခွဲနေတဲ့ သားသမီးတွေ၊ နိုင်ငံရပ်ခြား ရောက်နေတဲ့ သားသမီးတွေ အကုန်လုံး အဲဒီအချိန်မှာ မိဘအိမ်ကို ပြန်လာလေ့ရှိပြီး မိသားစု ညစာစားပွဲကို တက်ရောက်ကြပါတယ်။

နှစ်သစ်ကူးမယ့်ညမှာ တစ်ညလုံး မအိပ်ပဲ နှစ်သစ်ကို ကူးပြောင်းသွားတာကို ထိုင်စောင့်တဲ့ ဓလေ့လဲ ရှိပါတယ်။ အဲဒီလို တစ်ညလုံး မအိပ်ပဲ နှစ်သစ်ကို ကြိုဆိုတဲ့အတွက် လူကြီးမိဘတွေ ကျန်းမာပြီး အသက်ရှည်တယ်လို့ ယုံကြည်ကြပါတယ်။

ရှေးအစဉ်အလာအရ ကလေးတွေဟာ နှစ်သစ်ကူးပွဲတော်မှာ အန်ပေါင်း (စာအိတ်အနီ) ကို ရရှိကြပါတယ်။ ကလေးတွေက အဲဒီ အန်ပေါင်းကို အိပ်ရာထဲက ခေါင်းအုံးအောက်မှာ တစ်ည သိမ်းထားရပါတယ်။ နောက်တစ်နေ့ကျမှ အဲဒီ အန်ပေါင်းအိတ်ကို ဖွင့်ဖေါက်ရပါတယ်။ အန်ပေါင်းပေးတဲ့ ဓလေ့အရ အိမ်ထောင်ပြုပြီးတဲ့ အကြီးတွေက အိမ်ထောင်မရှိသေးတဲ့ ငယ်ရွယ်သူများကို ပေးရပါတယ်။ အိမ်ထောင်မရှိတဲ့ လူပျိုလူလွတ်တွေဆီက တောင်းခံနိုင်ခွင့် မရှိပါဘူး။ အန်ပေါင်းထဲမှာ ပါတဲ့ ပိုက်ဆံပမာဏက အဓိက မကျပါဘူး။ အဓိက အန်ပေါင်းဆိုတဲ့ စာအိတ်အနီလေး ပေးခြင်းအားဖြင့် အန်ပေါင်းရသူ ကံကောင်းမယ် ကျန်းမာမယ်လို့ ယုံကြည်ကြပါတယ်။

တရုတ်ဒဏ္ဍာရီအရ နဂါးဆိုတာ မိုးရွာခြင်းကို ဖန်ဆင်းပေးတဲ့ တန်ခိုးရှင်လို့ သတ်မှတ်ထားပါတယ်။ နှစ်ကူးမှာ နဂါးအက ကခြင်းအားဖြင့် တစ်နှစ်တာလုံး မိုးလေ၀သ ကောင်းမွန်မယ်လို့ ယုံကြည်ကြပါတယ်။ ခြင်္သေ့အက ကခြင်းအားဖြင့် မကောင်းဆိုးဝါးတွေ ထွက်ပြေးပြီး လာဘ်လာဘများ ကောင်းမွန်မယ်လို့ ယုံကြည် ထားကြပါတယ်။ ဒါကြောင့် တရုတ်နှစ်ကူးမှာ နဂါးအက ခြင်္သေ့အကတွေကို မြင်တွေ့ရတာပါ။

နှစ်ကူးမှာ ဗြောက်အိုးတွေကို အတွဲလိုက် ဗောက်လေ့ရှိပါတယ်။ အဲဒီလို ဗြောက်အိုးသံကြောင့် သရဲတွေ မကောင်းဆိုးဝါးတွေ လန့်ပြီး ထွက်ပြေးမယ်လို့ ယူဆကြပါတယ်။ နောက် အဲဒီလို ဗြောက်အိုးဗောက်သံက နှစ်သစ်ကူးပွဲတော် ကျင်းပနေကြောင်းကိုလည်း ပတ်ဝန်းကျင်က သိရှိစေပြီး ပွဲတော်ရဲ့ အငွေ့အသက်ကို ခံစားရရှိစေပါတယ်။

2 comments:

Winkabar said...

ဗဟုသုတရတယ်ကိုဂျူလိုင်ရေ။ ဒီမှာကတော့ တရုတ်နှစ်သစ်ကူးဆို အသံပဲကြားလိုက်တယ်။ ဘာမှလုပ်တာတော့မတွေ့ဘူး။
ဒါနဲ့စကားမစပ်မေးရဦးမယ်။ ကိုဂျူလိုင်က တရုတ်လား။ တရုတ်အကြောင်းရေးတာများလို့မေးကြည့်တာပါ။

JulyDream said...

ဟုတ်ကဲ့... ၁၀၀% သွေးမရောတဲ့ တရုတ် လူမျိုးပါ ခင်ဗျာ။ မြန်မာပြည်မှာ ဗမာနဲ့ ဗမာပဲ ယူသလို ကျွန်တော့် အဖေရော အမေရော တရုတ်ပြည်က တိုင်းရင်းသား တစ်ခုတည်းကပါ ခင်ဗျာ။