.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, January 7, 2008

Youth Donor Camp 2007 - 7

ကော်ဖီချိန်ပြီးတော့ သင်တန်းရဲ့ မော်ဂျူးအမှတ် ၂ နဲ့ ပြန်စပါတယ်။ ဒီတစ်ခါတော့ သွေးအကြောင်းကို ရှင်းပြပါတယ်။ သွေးဟာ အဓိကအားဖြင့် အာဟာရ၊ အောက်ဆီဂျင်နဲ့ ရေဓါတ်ကို သယ်ဆောင်ပေးကြောင်း ပြောပါတယ်။ သွေးမှာ သွေးနီဥ ၄၀%၊ သွေးဖြူဥ ၁%၊ သွေးဥမွှား ၄% နဲ့ သွေးရည်ကြည် ၅၅% ပါဝင်ကြောင်း၊ အရွယ်ရောက်ပြီးသား လူတစ်ဦးမှာ သွေး ၄ လီတာမှ ၇ လီတာ ရှိကြောင်း၊ သွေးလှူဒါန်းမှုမှာ ထုတ်ယူလိုက်တဲ့သွေးက ၄၅၀ မီလီ လီတာထက် မပိုကြောင်း၊ လုံလောက်တဲ့ ရေဓါတ်ပမာဏ ရှိရင် အဲဒီ ထုတ်ယူလိုက်တဲ့ သွေးပမာဏကလည်း ၇၂ နာရီအတွင်းမှာ ပြန်လည် ဖြစ်တည်လာကြောင်းကို သင်ကြားပါတယ်။ သွေးမှာပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်တို့ရဲ့ လုပ်ငန်း တာဝန်တွေကိုလည်း ပြောပြပါသေးတယ်။ သွေးလှူရှင်တွေရဲ့ အထူး စပါယ်ရှယ် လက်ဆောင်ဖြစ်တဲ့ သွေးတွေကို အကောင်းဆုံး အခြေအနေမှာ စနစ်တကျ စုဆောင်း ထိန်းသိမ်းပေးထားတဲ့အတွက် သွေးနီဥဟာ သက်တမ်း ၄၂ ရက် တာရှည်ခံပါတယ်။ ပလာစမာ သွေးရည်ကြည်ကတော့ အေးခဲထားခဲ့ရင် ၁ နှစ်အထိ တာရှည်ခံပါတယ်။ သွေးဥမွှားတွေကတော့ ပြင်ပမှာ ၅ ရက်ပဲ သက်တမ်းရှည်ပါတယ်။ ပြီးတော့ သွေးအုပ်စုတွေအကြောင်းကို ရှင်းလင်းပါတယ်။ ၁၉၀၀ မှာ ကာလ်လန်စတိန်းနားက အေ၊ ဘီနဲ့ အို အုပ်စု သွေးတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၁၉၀၂ ကျမှ အေဘီဆိုတဲ့ သွေးအုပ်စုကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ သွေးရဲ့ အပေါင်း အနုတ် အာအိတ်ခ်ျကိုတော့ ၁၉၃၉ နဲ့ ၁၉၄၀ ကြားမှာ တွေ့ရှိခဲ့ပါတယ်။


ပုံ။ ။ နှစ်ဘက် စကားရည်လု ယှဉ်ပြိုင် ပြောနေကြစဉ်။

သွေးအကြောင်း ရှင်းလင်းပြီးတော့ ဘယ်သူတွေ သွေးလှူရှင် ဖြစ်နိုင်လဲ ဆိုတာကို ဆက်လက် ဆွေးနွေးပါတယ်။ အဲဒီအကြောင်းကို မဆွေးနွေးခင်မှာ စကားရည်လုပွဲလေး တစ်ခု ကျင်းပပါတယ်။ အဖွဲ့ ၄ ဖွဲ့ကနေ တစ်ယောက်စီ ထွက်ပြောရပါတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ ဘောင်းဘီရှည် အမြဲဝတ်လေ့ရှိတဲ့ မလေးရှားကောင်လေး ထွက်ပြောပါတယ်။ ပြောရတဲ့ ခေါင်းစဉ်က ငွေကြေးရယူပြီး သွေးလှူဒါန်းခြင်းသည် တခါတရံတွင် လိုအပ်ပါသည် ဆိုတဲ့ ခေါင်းစဉ်ပါ။ ကျွန်တော်တို့ဘက်က အခကြေးငွေ မယူပဲ စေတနာနဲ့ သွေးသန့် လှူဒါန်းခြင်းဘက်ကနေ ရပ်တည် ပြောဆိုရမှာပါ။ ဟိုဘက်က အဆိုတွေ တင်၊ ဒီဘက်က ပြန်လည် ချေပနဲ့ ဘတစ်ပြန် ကျားတစ်ပြန် ပြောဆိုနေကြတာ နားထောင်လို့ ကောင်းပါတယ်။ အနိုင်အရှုံး မသတ်မှတ်ထားတဲ့ ပွဲမို့လို့ ကိုယ်မြင်တာကို မြင်သလို ပြောခွင့် ရှိသလို နောက်ဆုံး ၅ မိနစ်မှာလည်း ပရိသတ်ထဲကနေ ကြိုက်နှစ်သက်ရာ အဖွဲ့ကို ထောက်ခံ ပြောဆို ဆွေးနွေးခွင့် ပေးခဲ့ပါတယ်။

အဲဒီ စကားရည်လုပွဲလေး ပြီးသွားတော့ သင်တန်းနည်းပြက သွေးလှူရှင်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကို သင်ကြား ဆွေးနွေးပါတယ်။ သွေးလှူရှင်မှာ ရှိသင့်တဲ့ အနိမ့်ဆုံးအဆင့် လိုအပ်ချက်တွေကတော့ စေတနာအလျှောက် အခကြေးငွေ မယူပဲ သွေးလှူဒါန်းခြင်း၊ သတ်မှတ်ထားတဲ့ အသက်နဲ့ ကိုယ်အလေးချိန်ရှိခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း၊ သွေးမှာ ဟေမိုဂလိုဗင်ခေါ် သံဓါတ် ပြည့်ဝခြင်း၊ စိတ်ချရတဲ့ လူနေမှု ဘ၀ရှိခြင်း စတာတွေ ဖြစ်ပါတယ်။ စိတ်ချရတဲ့ လူနေမှုဘ၀ဆိုတာ လိင်တူ ဆက်ဆံသူ၊ အခကြေးငွေ ပေးပြီး လိင်အပျော်အပါး လိုက်စားသူ၊ လိင်ဆက်ဆံဖက် တစ်ယောက်ထက် မက ရှိသူ၊ သွေးကြောထဲကို မူးယစ်ဆေး ထိုးသွင်းသူတွေရဲ့ ဘ၀မျိုး မဟုတ်ဘူးပေါ့။ ရောဂါသန့်စင်တဲ့ သွေးဟာ စိတ်ချရတဲ့ သွေးလှူရှင်ပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် စိတ်ချရတဲ့ လူနေမှုဘ၀မှာ မရှိတဲ့ လူတွေဟာ သွေးလှူဒါန်းဖို့ မသင့်တော်ပါဘူး ဆိုတာကို ရှင်းလင်း ပြောဆို ဆွေးနွေးသွားပါတယ်။


ပုံ။ ။ သင်တန်းနည်းပြမှ သင်ကြားဆွေးနွေးနေကြစဉ်။

နောက်တစ်ချိန်မှာတော့ သွေးလှူရှင် ရှာဖွေစုဆောင်းရာမှာ အရေးကြီးတဲ့ အချက်တွေကို ပြောပြ ဆွေးနွေးပေးပါတယ်။ စိတ်ချရတဲ့ သွေးရရှိဖို့အတွက် အခကြေးငွေ မယူပဲ စေတနာနဲ့ သွေးလှူဒါန်းသူ သွေးလှူရှင်တွေဟာ အဓိက အရေးပါတဲ့သူတွေ ဖြစ်တယ်ဆိုတာကို ရှင်းပြပါတယ်။ စိတ်ချရတဲ့ လူနေမှုပုံစံရှိတဲ့ လူများထံမှ လှူဒါန်းတဲ့သွေးကိုပဲ ရှာဖွေစုဆောင်းသင့်ကြောင်း၊ အခကြေးငွေယူပြီး သွေးလှူဒါန်းခြင်းမှာ သွေးရဲ့ အရည်အသွေး စိတ်မချရတဲ့ အကြောင်း၊ လူတိုင်း သွေးလှူရှင် ဖြစ်ခွင့် မရှိကြောင်း၊ သွေးလှူရှင်နဲ့ သွေးလက်ခံမယ့် လူနာနဲ့ ၂ ဦးစလုံးရဲ့ အကျိုးစီးပွါးကို ရှေးရှုပြီး အခြေခံ ကျန်းမာရေး သတ်မှတ်ချက်တွေ ပြည့်စုံမှ သွေးလှူဒါန်းခွင့် ရရှိကြောင်း၊ သွေးလှူဒါန်းရာမှာ အသုံးပြုတဲ့ ကိရိယာများက ရောဂါပိုး သန့်စင်ပြီး စိတ်ချရတဲ့အကြောင်း၊ ပုံမှန်သွေးလှူရှင်တွေ အနေနဲ့ မိမိ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများကို ပုံမှန် သွေးလှူဒါန်းသူများ ဖြစ်လာအောင် တိုက်တွန်းသင့်ကြောင်း ပြောဆိုသွားပါတယ်။ အဲဒါလေး ပြီးတော့ နေ့လည် ထမင်းစားချိန် ပေးပါတယ်။ အဲဒါနဲ့ အားလုံးပဲ ပျော်ပျော်ပါးပါး အောက်ထပ်ကို ဆင်းပြီး နေ့လည်စာ စားကြပါတယ်။ နေ့လည်စာ ထမင်းဘူးမှာ ပါလာတဲ့ ဟင်းတွေကတော့ ပဲသီးရှည်ကြော်၊ ကြက်သားဟင်းနဲ့ အစိမ်းကြော်ပါ။ အအေးကတော့ ပဲနို့၊ ကျွဲရိုင်း၊ နေကြာဆီ၊ မိုင်လို ကြိုက်တာ သောက်ပေါ့။ အဲဒီလိုနဲ့ နေ့လည်စာကို အဖွဲ့လိုက် အားရပါးရ ၀ါးတီး ဆွဲလိုက်ကြပါတယ်။

No comments: