.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, January 21, 2008

Pasting of Door Gods

တရုတ်လူမျိုးတွေ အိမ်ရှေ့တံခါးတွေမှာ တံခါးစောင့်နတ်မင်း ၂ ပါးပုံ ကပ်ကြတဲ့ အစဉ်အလာဓလေ့က ဟန်မင်းဆက်ကနေ စတင်ခဲ့တာပါ။ အဲဒီ ပုံပြင် ဇာတ်လမ်းလေးကို အခုဒီပို့စ်မှာ ပြောပြပါအုံးမယ်။ အဲဒီ နတ်မင်း ၂ ပါးက တန်မင်းဆက်က လီရှီမင်းဘုရင်ရဲ့ စစ်သူကြီး ၂ ဦးပါ။ သူတို့အမည်တွေကတော့ ချင်ရှုပေါင်နဲ့ ယွိချီကျင်းတ လို့ခေါ်ကြပါတယ်။

တန်မင်းဆက်ခေတ်မှာ ရှေ့ဖြစ်နောက်ဖြစ် ဟောပြောနိုင်တဲ့ ဗေဒင်ဆရာ ပညာရှိတစ်ယောက် ပေါ်ခဲ့ပါတယ်။ သူက လူသားတွေကို ရေလုပ်ငန်းဆိုင်ရာ ငါးဖမ်းခြင်း အတတ်ပညာတွေကို သင်ကြားပြသပေးပါတယ်။ အဲဒါကို ရေအောက်တိုင်းပြည်က နဂါးမင်းကြီး သိသွားပါတယ်။ လိပ်တွေငါးတွေ သေကြေပျက်စီးရတာကို မကျေနပ်လို့ ဒေါသထွက်နေတဲ့ နဂါးမင်းကြီးက ဗေဒင်ဆရာကို ပညာပေးဆုံးမဖို့ လူ့လောကကို လူယောင်ဆောင်ပြီး ထွက်လာခဲ့ပါတယ်။ ဗေဒင်ဆရာနဲ့ တွေ့တဲ့အခါ မနက်ဖြန် မိုးရွာမလား မရွာဘူးလားဆိုတာကို မေးပါတယ်။ အကယ်လို့များ ဟောတဲ့အတိုင်းမှန်ခဲ့ရင် ငွေတုံး ၁၀ တုံးပေးမယ်။ လွဲခဲ့ရင် ဒီတစ်သက် ဗေဒင်ပညာနဲ့ အသက်မမွေးရတော့ဘူးလို့ ပြောပါတယ်။ ဗေဒင်ဆရာက တွက်ချက်ကြည့်ပြီး မနက်ဖြန်နေ့လည်မှာ မိုးရွာမယ်လို့ ဟောလိုက်ပါတယ်။ မိုးရွာတာကို အလိုရှိသလို ပြုလုပ်နိုင်တဲ့ နဂါးမင်းက မနက်ဖြန် စောင့်ကြည့်ကြတာပေါ့လို့ ပြောပြီး ရေအောက်တိုင်းပြည်ကို ပြန်သွားခဲ့ပါတယ်။

ရေအောက်တိုင်းပြည်ကို ရောက်ပြီး မကြာခင်မှာပဲ နတ်သားတစ်ဦးက မနက်ဖြန်နေ့လည်မှာ မိုးရွာသွန်းရမယ်ဆိုတဲ့ မိုးနတ်မင်းကြီးရဲ့ အမိန့်တော်ကို လာရောက်ပြန်ကြားပါတယ်။ ဒါပေမယ့် ဗေဒင်ဆရာနဲ့ လောင်းထားတာကို ရှုံးမှာ ကြောက်နေတဲ့ နဂါးမင်းကြီးက မိုးနတ်မင်းကြီးကို မလွန်ဆန်ရဲပေမယ့် အမိန့်တော်အတိုင်း အတိအကျမလုပ်ပဲ နောက်တစ်နေ့ နေ့လည်မှာ မိုးမရွာစေပဲ ညနေပိုင်းမှာ မိုးရွာသွန်းအောင် ဖန်တီးခဲ့ပါတယ်။ ပြီးတော့ လူ့ပြည်ကို တက်ပြီး ဗေဒင်ဆရာရဲ့ ဟောခန်းကို ဖျက်ဆီးခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗေဒင်ဆရာက သင်ဟာ ရေအောက်တိုင်းပြည်က နဂါးမင်းကြီးဖြစ်တယ် ဆိုတာကို သိပါတယ်။ ကျုပ်အတွက် ဘာမှ မဖြစ်ပေမယ့် သင့်ဟာ မကြာခင်မှာ ဘေးတွေ့ပါတော့မယ်။ အခုဆို မိုးနတ်မင်းကြီးက သင့်ကို အမိန့်တော်ဖီဆန်တဲ့အတွက် မနက်ဖြန် နေ့လည် ၃ နာရီမှာ သတ်မိန့်ပေးထားကြောင်း ပြောပြပါတယ်။ အဲဒီတော့မှ အမှားကို သိသွားတဲ့ နဂါးမင်းကြီးက အသက်ချမ်းသာပေးဖို့ ကူညီဖြေရှင်းပေးပါလို့ တောင်းပန်ပါတယ်။

ဗေဒင်ဆရာက လီရှီမင်းဘုရင်ရဲ့ ၀န်ကြီးချုပ်ဝေဟဲကို ထိန်းသိမ်းထားနိုင်ရင် အသက်ချမ်းသာရာ ရောက်မယ်ဆိုတာကို ပြောပြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နဂါးမင်းကြီးကို သတ်ဖို့ မိုးနတ်မင်းပေးတဲ့ တာဝန်ကို ယူထားတာက ၀န်ကြီးချုပ်ဝေဟဲ ဖြစ်နေလို့ပါ။ အဲဒါနဲ့ နဂါးမင်းကြီးလည်း လီရှိမင်းကို ညဘက်ပိုင်းမှာ အိမ်မက်ပေးပါတယ်။ သူဟာ ရေအောက်တိုင်းပြည်က နဂါးမင်းကြီးဖြစ်ကြောင်း၊ မနက်ဖြန် နေ့လည်မှာ သူ့ကို လာသတ်မယ့် ဝေဟဲကို ဘယ်မှ သွားလို့မရအောင် ထိန်းသိမ်းပေးပါလို့ အိမ်မက်ထဲမှာ ပြောခဲ့ပါတယ်။ နောက်တစ်နေ့မှာ ဘုရင်က ၀န်ကြီးချုပ်ကို သူ့နန်းတော်ဆောင်ထဲမှာ ခေါ်ထားပြီး ကျားထိုးကစားရင်း အချိန်ဖြုန်းနေခဲ့ပါတယ်။ ကျားထိုးနေရင်း ၀န်ကြီးချုပ်ဝေဟဲ အိပ်ပျော်သွားပါတယ်။ ဘုရင်ကတော့ ဝေဟဲ ဘယ်မှ မသွားဖြစ်ဘူး ဆိုပြီး ပီတိဖြစ်နေပါတယ်။ ဒါပေမယ့် ဝေဟဲကတော့ အိမ်မက်ထဲမှာ နဂါးမင်းကြီးကို သွားရောက် သုတ်သင်ပစ်လိုက်ပါတယ်။ အဲဒီလိုနဲ့ နဂါးမင်းကြီး သေသွားခဲ့ရပါတယ်။

အဲဒီညမှာပဲ လီရှီမင်းကို သေသွားတဲ့နဂါးမင်းကြီးက လာရောက် နှောင့်ယှက်ခြောက်လှန့်ပါတယ်။ အဲဒီလို ညတိုင်း လာရောက် ခြောက်လှန့်နေလို့ အိပ်မပျော်နိုင်တဲ့ ဘုရင်ကြီးက ညီလာခံမှာ အကြောင်းစုံကို ရှင်းပြပါတယ်။ အဲဒီအခါမှ စစ်သူကြီး ၂ ဦးက သူတို့ ဘုရင်မင်းမြတ်ရဲ့ အိပ်ခန်းဝမှာ ညလုံးပေါက် လာရောက် စောင့်ကျပ်ပေးမယ် ဆိုပြီး လျှောက်တင်လိုက်ပါတယ်။ အဲဒီလို ညပိုင်းတွေမှာ စောင့်ကျပ်နေတဲ့ စစ်သူကြီး ၂ ဦးကြောင့် နဂါးသရဲလည်း မလာဖြစ်တော့ပါဘူး။ ဘုရင်ကြီးလည်း အိပ်ရေး၀၀ အိပ်ရလို့ အလွန်ကို ကျေနပ်သွားပါတယ်။ ဒါပေမယ့် ညတိုင်းညတိုင်း စစ်သူကြီး ၂ ဦးကို အခန်းတံခါး စောင့်ကျပ်ခိုင်းဖို့က မသင့်လျှော်ပါဘူး ဆိုပြီး စစ်သူကြီး ၂ ဦးရဲ့ ပုံတူပန်းချီကား ၂ ချပ်ကို ရေးဆွဲစေပါတယ်။ ပြီးတော့ အဲဒီပန်းချီကားကို အိပ်ခန်းတံခါး ၂ ချပ်မှာ ကပ်ထားစေဖို့ အမိန့်တော် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီဓလေ့က တိုင်းပြည်အ၀ှန်း ပြန့်နှံ့သွားပြီး နောက်ပိုင်းခေတ်တွေမှာ စစ်သူကြီး ၂ ဦးဟာ တံခါးစောင့် နတ်မင်းတွေအဖြစ် ရောက်ရှိသွားခဲ့ပါတော့တယ်။ ကဲ... ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

No comments: