ဆုတွေပေး ဓါတ်ပုံတွေရိုက်ကြပြီးတော့... တီရှပ်ဆုရတဲ့အဖွဲ့က လူတွေကလည်း တီရှပ်တွေ ထုတ်ဝတ်ပြီး ဓါတ်ပုံရိုက်တော့ တစ်ဖွဲ့လုံး အနီရောင်လေးနဲ့ ကြည့်လို့အတော်ကောင်းတယ်။ ဘာမဆိုင် ညာမဆိုင် စင်္ကာပူက တိုးပါးရိုးဘုန်းကြီးကျောင်းမှာ လုပ်ခဲ့တဲ့ စက်တင်ဘာဆုတောင်းပွဲကိုတောင် သတိရသွားသေးတယ်။ ကျွန်တော်တို့က လက်ပတ်နာရီလေးတွေ ရတာဆိုတော့ ထုတ်ဝတ်မနေကြတော့ပါဘူး။ အဲဒါနဲ့ အားလုံးကို အိတ်တစ်ခုမှာ စုသိမ်းထားလိုက်တယ်။ ညပိုင်းမှာ ဂိမ်းတွေဆော့ဖို့ ရှိသေးတာကိုး။ ညပိုင်းဂိမ်းက ၃ ပွဲ ဆော့ရပါတယ်။ တစ်ပွဲက သွေးနဲ့ပါတ်သတ်တဲ့ သိသင့်တဲ့အရာတွေကို မေးခွန်းလွှာတွေပေးပြီး အဖွဲ့လိုက် ကွက်လပ်ဖြည့်ခိုင်းတာပါ။ အဲဒီပွဲတွေက အမှတ်မယူတော့ဘူးလေ။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင် ကစားခဲ့ကြတယ်။ ဂိမ်းတွေဆော့ပြီးတော့ သွေးနဲ့ပါတ်သတ်တဲ့ မေးခွန်းလွှာတွေကို ကမ့်ကြီးကြပ်ရေးမှုးက အဖြေတိုက်ပေးပါတယ်။ မေးခွန်းလွှာတွေကို အဖြေမတိုက်ခင်ကတည်းက အဖွဲ့ခေါင်းဆောင်က ပြောပြလို့ ကျွန်တော်တို့အဖွဲ့က ကြိုသိထားတာလေး တစ်ခုရှိပါတယ်။ အဲဒါကတော့ အခုလို ကွင်းထဲမှာ အားလုံးကို စုပြီး ထိုင်ထားခိုင်းချိန်မှာ ရေပက်မယ် ဆိုတာကိုပါပဲ။

ကျွန်တော်မှာက ကင်မရာပါနေတော့ ကင်မရာ ရေစိုမှာ စိုးတာနဲ့ အပေါ်ထပ်ကို ခဏတက်ပြီး ကင်မရာ သွားထားဖို့ လုပ်ပါတယ်။ အပေါ်ထပ်က သံဘာဂျာတံခါးတွေက အကုန်ပိတ်ထားတယ်။ အဲဒါနဲ့ ကင်မရာကို သိမ်းထားပေးဖို့ အပေါ်ထပ်ကော်ရီဒါက တစ်ယောက်ကို တံခါးကြားကနေ ပေးထားလိုက်ပါတယ်။ သူက အောက်မှာ ပြန်သွားထိုင်ပေးဖို့နဲ့ ဘယ်သူကိုမှ မပြောဖို့ မှာလိုက်တယ်။ အဲဒါနဲ့ အောက်မှာ ပုံမပျက် ပြန်ထိုင်နေလိုက်တယ်။ အပေါ်မှာ ရေပက်ကစားဖို့ ပြင်ဆင်နေပုံက တကယ့်တိုက်ပွဲကြီးတစ်ခုကို ဆင်နွဲတော့မလိုပါပဲ။ မြန်မာပြည်က ရေပူပေါင်းလို့ ရေအထုပ်တွေက ကော်ရီဒါတစ်လျှောက်မှာ အများကြီး ချထားပြီးသား။ ရေပိုက်တွေကလည်း အဆင်သင့် သွယ်ထားပြီးပြီ။ အောက်မှာလည်း ဟိုနားတစ်စု ဒီနားတစ်စု ရေထုပ်တွေနဲ့ နေရာယူနေကြပြီ။ ကွင်းအလည်မှာ ထိုင်နေတဲ့သူတွေကတော့ ဘာမှမသိရှာကြဘူး။ အပေါ်ကကြည့်ရင် အတိုင်းသား မြင်နေရလို့သာ ဘယ်လိုနေရာယူလဲ ဆိုတာ သိကြတာ။ မေးခွန်းလွှာကို အဖြေတိုက်ပြီးတာနဲ့ လက်ခုပ်တွေ တီးကြပါလေရော။ မကြာပါဘူး လက်ပစ်ဗုံးတွေ ပစ်သလို ရေထုပ်တွေ တစ်ထုပ်ပြီး တစ်ထုပ် စည်းဝိုင်းထဲကို ၀င်လာကြပါလေရော။ အဲဒီတော့မှ ထပြေးကြ ပြုကြ လုပ်ပေမယ့် အတော်လေးကို ရွှဲကုန်ကြပါပြီ။ အပေါ်က ရေပိုက်တွေကလည်း သင်္ကြန်ကျတဲ့အတိုင်း ဟိုလူ့ကို ထိုး ဒီလူ့ကို ထိုး တရစပ်ကို ရေတွေရွဲအောင် ပက်ကြပါတယ်။ နောက်ပိုင်းကျတော့ ရေခွက်တွေ ရေပုံးတွေယူပြီး တစ်ယောက်နဲ့တစ်ယောက် ရေပက်ကစားကြတာ ည ၁၀ နာရီထိ ထိုးသွားပါတယ်။ ကမ့်တစ်ခုလုံးလည်း အော်ဟစ်ဆူညံ ပွက်လောကို ရိုက်နေတော့တာပါပဲ။

ရေသဘင်ပွဲပြီးတော့ အားလုံး ရေမိုးချိုးကြပါတယ်။ တချို့က ပွဲမပြီးခင်ကတည်း အပေါ်ထပ်တက်ပြီး ရေမိုးချိုးနေကြပြီ။ အဲဒါနဲ့ ကျန်တဲ့လူတွေလည်း ရေချိုးခန်း အားတာနဲ့ ၀င်ချိုးကြပေါ့။ ရေချိုးလို့ ပြီးတော့ တစ်ယောက်က လာအကြောင်းကြားပါတယ်။ ဒီနေ့ ကမ့်ထဲမှာ မွေးနေ့ပွဲ တစ်ခုရှိလို့ အ၀တ်စားလဲပြီးရင် ကန်တင်းကို ဆင်းလာခဲ့ပါတဲ့။ ဒါပေမယ့် မွေးနေ့ရှင်ကို အံသြသင့်အောင် လုပ်မှာဖြစ်လို့ အသံတွေ မထွက်ကြပါနဲ့တဲ့။ အဲဒါနဲ့ အတော်များများ ရေမိုးချိုး အ၀တ်စားလဲပြီး အောက်ကို ဆင်းလာခဲ့ကြပါတယ်။ အောက်မှာ ပူဖောင်းတွေ မှုတ်ပြီးချည်.. မီးပန်းတွေ လက်ထဲမှာ အဆင်သင့်ကိုင်ထားပြီး အသင့်အနေအထားနဲ့ စောင့်နေကြပါတယ်။ မွေးနေ့ကိတ်မုန့်ကြီးလည်း ဖယောင်းတိုင်တွေ စိုက်ထားပြီး စားပွဲပေါ်မှာ တင်လို့ပေါ့။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ အောက်ထပ်ကန်တင်းတစ်ခုလုံးကို မီးအမှောင်ချလိုက်ပါတယ်။ မွေးနေ့ရှင်ကို သူ့ညီမငယ်က သွားခေါ်လာပါတယ်။ ဟိုတစ်ယောက်က ယောင်တောင်ပေါင်တောင်နဲ့ ပါလာရတာပေါ့။ အောက်ရောက်တော့လည်း လူတွေတော့ တွေ့တယ်... မီးမှောင်နေတာနဲ့ ဘာမှ မသဲကွဲဘူးလေ။ စားပွဲနား ရောက်လာတော့မှ မီးပန်းတွေ ဖောက်ပြီး ကြိုဆိုကြတယ်။ ဖယောင်းတိုင်လည်း မီးထွန်းလိုက်တယ်။ အဲဒီတော့မှ သူ့မွေးနေ့ကို လုပ်ပေးမှန်း သိလိုက်ရတယ်။ မွေးနေ့သီချင်းတွေ သီဆိုကြပြီး ဖယောင်းတိုင်ကို မီးမှုတ်... ကိတ်မုန့်ကြီးကို ခွဲစားကြပါတော့တယ်။ ကိတ်မုန့်အပြင် ကန်တင်းမှာက မုန့်တွေ အအေးတွေ အစုံလုပ်ပေးထားတော့ ညလည်စာကို ထပ်စားကြရတာပေါ့။ ကမ့်ရဲ့ နောက်ဆုံးည ဖြစ်လေတော့ လူငယ်အများစုကတော့ အောက်ထပ်မှာ အုပ်စုလိုက် စကားဖောင်ဖွဲ့နေကြပါတယ်။ အဲဒီပွဲလေးပြီးတော့ ည ၁ နာရီ ထိုးနေပြီ။ ကျွန်တော်လည်း အပေါ်ထပ်ကို တက်လာပြီး အိပ်ဖို့ပြင်ဆင်လိုက်ပါတယ်။။ အတော်လေးကို ပင်ပန်းနေပြီဖြစ်တဲ့ တချို့တလေသာ အိပ်ရာဝင်ကြတာပါ။ ကျွန်တော်ကတော့ ဇရာက စကားပြောနေတော့ အိပ်ရာဝင်ကို ၀င်မှ ရတော့မှာမို့လို့ အိပ်ရာ ၀င်လိုက်ပါတော့တယ်။ ဒီလိုနဲ့ လူငယ်ကမ့် ၂၀၀၇ ရဲ့ ဒုတိယနေ့တစ်နေ့ ကုန်ဆုံးခဲ့ပြန်ပါပြီ။
ပုံ။ ။ ညကြီးမိုးချုပ် ရေသဘင်ပွဲ ဆင်နွဲနေကြပုံ။

ပုံ။ ။ မီးပန်းတွေဖောက်ပြီး မွေးနေ့ပွဲကျင်းပနေစဉ်။

No comments:
Post a Comment