.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, September 26, 2009

Spring Roll and Samusa



ဖုန်းဆက်မရလို့ အိပ်မရတဲ့ညတွေ
ဗိုက်ဆာဆာနဲ့ ရန်ကုန်အလွမ်းပြေ
ငါးခြောက်ဖုတ်တော့ မဟုတ်ဘူးကွယ်
ဘာလဲဆိုတာ စာတန်းထိုးပေးရမယ်ဆိုရင်
အမည်မသိလူကြီးမင်းများ လက်ခုပ်တီးပေးပါ။

Friday, September 25, 2009

Reflect on the past



ဖြတ်သန်းခဲ့တဲ့ဘ၀တလျှောက်မှာ တံဆိပ်ကပ်ခံရတာ ကြုံဖူးကြမှာပါ။ ကိုယ်က သူများကို တံဆိပ်ကပ်ခဲ့သလို ကိုယ်တိုင်လည်း တံဆိပ်အကပ်ခံဖူးကြမယ် ထင်ပါတယ်။ Click...

ဇူလိုင်အိပ်မက်ဆိုတာ ဘာလဲ... မသိလို့ မေးတာလား။ သိရဲ့နဲ့ မေးတာလား။ Click...

လိမ္မာတယ် တော်တယ် ကောင်းတယ် မြင်နေတဲ့သူတွေအတွက်ပါ။ ကျွန်တော် အမောင်ဇူလိုင် ဆိုးသွမ်းတာတွေ အများကြီးပါ။ အူကြောင်ကြောင်လည်း လုပ်တတ်ပါတယ်။ ဂွတီးဂွကျနေတာလည်း ရှိပါတယ်။ ဘုကလန့်နဲ့ ရိုက်ချင်စရာ ကောင်းအောင်လည်း ပြောတတ်ပါတယ်။ ဒါကြောင့် အသားလွတ် အထင်ကြီးတော် မမူကြပါနဲ့။ Click...

လူဆိုးလေးလားပေါ့။ ကိုယ့်ဘာသာကိုယ် ခေါင်းစဉ်ပေးပြီး ပြန်ကြည့်မိတော့ မသတီလိုက်တာ။ ဒီအသက် ဒီအရွယ်နဲ့ လူဆိုးလေးတဲ့ အဟက်။ အမှန်ဆိုး လူဆိုးအဖိုးကြီးလားလို့ ရေးရမယ် ထင်တယ်။ Click...

ကျေးဇူးပြုပြီး ကျွန်တော့်အပေါ်မှာ အများကြီး မတွေးထားပါနဲ့။ အများကြီး မမျှော်လင့်ပါနဲ့။ ကျွန်တော်ဟာ လူတွေထဲက သာမန်လူတစ်ယောက်ပါ။ ကျွန်တော်မှာ ခေါင်းနှစ်လုံး မပါပါဘူး။ Click...

ကျွန်တော့်အတွင်းစည်းထဲမှာ ကျွန်တော်ဟာ လူကြမ်းတစ်ယောက်ပါပဲ။ အပြင်စည်းမှာတော့ အေးဆေးပါ။ လူကြမ်း ဆိုတဲ့အတိုင်း လူမုန်းများပါတယ်။ လူမုန်းများတဲ့အတွက် မကြာခဏ အဆော်ခံထိပါတယ်။ မြို့မေတ္တာ ခံယူရပါတယ်။ Click...

~~~~~~

မေ့နေတဲ့သူတွေအတွက်ရော... မသိသေးတဲ့သူတွေအတွက်ရော... ရည်စူးပြီး ချီးခြောက်ရေနူးတာပါ။ ဒီပို့စ်ကို ပါးစပ်ဟပြီး မဖတ်ဖို့ ကြိုတင် မပြောမိတာကိုတော့ ခွင့်လွှတ်ပါဗျာ။ စာဖတ်တဲ့အချိန်မှာ နှာခေါင်းလေးကိုတော့ အုပ်ထားသင့်ပါတယ်လေ။ အမြင်မတော်တာရှိရင် ခွင့်လွှတ်ပါနော်။

Wednesday, September 23, 2009

Sweet Chilli



လက်သီးပုန်းပြတဲ့ကောင်တွေကို ကျွေးမလို့...

ချိုမြိန်ဒုက္ခတွေ ပါးစပ်ကနေ မ၀င်တော့ရင်
ကျန်တဲ့ဒွါရပေါက်တွေကနေ ထောင်းပြီးထည့်ပေးမယ်...

စေတနာဗလပွနဲ့ အများကြီးတော့ မကျွေးပါဘူး
ဝမ်းကိုက်တယ်ဆိုရုံလောက်ပဲ မေတ္တာထားပါတယ်...

Monday, September 21, 2009

Snow from winter

ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်

ဆောင်းမှာ မွေး၍ နှင်းမှာ သန္ဓေတည်
ကိုယ်ချစ်သော ဆောင်းမင်းသမီးရယ်ကွယ်
ဆောင်းရယ် နှင်းရယ်
ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်...

ဆောင်းရယ် နှင်းရယ်
ကိုယ့်ချစ်သူရယ် အတူတူပါပဲ
အသည်းမှာအမြဲ တင်စားကမ္ပည်းခြယ်...

ဆောင်းဆိုသည်က
အေးမြခြင်းကို သရုပ်ဆောင်တယ်
ငွေနှင်းမြူက
သန့်စင်တယ်လို့ အဓိပ္ပါယ်ကိုယူမယ်
ချစ်သူကကွယ်
ဆောင်းနှယ်အေး၍ နှင်းလိုဖြူတယ်
ဆောင်းရယ် နှင်းရယ်
ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်...

နှင်းမြူနှယ် အဆင်းဖြူတယ် ယမင်းနှယ်
အချစ်ရဲ့အသည်းနှလုံးက နှင်းလိုဖြူစင်တယ်
ပုလဲလိုကွယ် အမြဲကိုယ် တကယ်
အသည်းဝယ် ယုယချစ်မယ်
ချစ်သူရယ် လှစ်ကြူတယ် စကားရယ်
ဆောင်း၌သွေး ညင်းလေပြေနှယ်
ကိုယ့်ရွှေဘ၀င် အသည်းမှာကွယ်
အမြဲတကယ် အေးမြလှတယ်...

ဆောင်းဆိုသည်က
အေးမြခြင်းကို သရုပ်ဆောင်တယ်
ငွေနှင်းမြူက
သန့်စင်တယ်လို့ အဓိပ္ပါယ်ကိုယူမယ်
ချစ်သူကကွယ်
ဆောင်းနှယ်အေး၍ နှင်းလိုဖြူတယ်
ဆောင်းရယ် နှင်းရယ်
ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်...

တေးရေးဆရာက စန္ဒရားလှထွတ်ပါ။ ဆိုတဲ့သူက တွံတေးသိန်းတန်လည်း ဆိုဖူးသလို စန္ဒရားလှထွတ်လည်း ဆိုပါတယ်။ တစ်ယောက် တစ်မျိုးစီ နားထောင်လို့ ကောင်းပါတယ်။ အဲဒါကို အမေတို့ခေတ်က သီချင်းလို့ ပြောရမလားပဲ။ ငယ်ငယ်တုန်းက ညီအငယ်ကို ပုခက်ထဲ ထည့်သိပ်ရင် မာမားက အဲဒီသီချင်း ဆိုလေ့ရှိတာ မှတ်မိနေတယ်။ တခါတလေ သနပ်ခါး သွေးရင်းနဲ့လည်း ဆိုလေ့ရှိပြန်တယ်။ ထမင်းအိုး ငှဲ့ရင်းနဲ့လည်း အဲဒီသီချင်း ငြီးတတ်ပြန်တယ်။

လမ်းထိပ်က ဆွမ်းလောင်းဓမ္မာရုံလည်း ၀ါတွင်းကာလ အာရုံဆွမ်းလှူဖို့အတွက် ဥပုသ်နေ့တိုင်း အလှူခံမဏ္ဍပ် ဖွင့်လေ့ရှိတယ်။ လော်စပီကာ အော်လံကြီး ၂ ခုကို ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ ချိတ်ပြီး အဲဒီလို သီချင်းတွေကို တနေကုန် နေစောင်းတဲ့အထိ ဖွင့်ထားကြတယ်။ အော်လံတစ်ခုက အိမ်ရှေ့တည့်တည့်ကို ချိန်ထိုးထားသလို ဖြစ်နေတော့ ဥပုသ်ရက်လေး ကျောင်းပိတ်လို့ အိမ်ထဲမှာများ အေးအေးလူလူ ဆော့ရမလား မှတ်တယ်။ သီချင်းသံကြားမှာ ကုန်းအော်တောင် အသံမကြားရဘူး။ မဆော့ရလို့ တီဗွီဖွင့်တော့လည်း အသံဂိတ်ဆုံး ဖွင့်ပေမယ့် အော်လံအသံကို မကျော်နိုင်ရှာပါဘူး။ အဲဒါကြောင့် ငယ်ငယ်တုန်းကတော့ တောသီချင်းတွေဆိုပြီး အတော့်ကို နားငြီးခဲ့ အမြင်ကပ်ခဲ့မိပါတယ်။

အခုတလော အဲဒီ ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်ကို ပြန်နားထောင်ဖြစ်မိနေတယ်။ စန္ဒရားလှထွတ် ဆိုထားတဲ့ သီချင်းက စက်ထဲမှာ ရှိနေတော့ အိမ်မှာ ရှိနေတဲ့အချိန် ဖွင့်ဖြစ်တယ်။ စာသားတွေကို သေချာ ဂရုစိုက်မိရင် ဂွတ်ရှယ်ပဲလို့ ပြောမိမှာပဲ။ အဲဒီသီချင်းကို နားထောင် ကောင်းလို့ ကြိုက်မိပါတယ်။ စာသားတွေ လှလွန်းလို့ သဘောကျမိပါတယ်ဗျာ။

Saturday, September 19, 2009

Hungry Ghost Festival

ဆေးလိပ်အနံ့ရရင် ကိုယ်ဝန်သည်လား ထင်မှတ်မှားရလောက်အောင် အော့အန်သလိုမျိုး ဖြစ်တတ်လွန်းလို့ ဆေးလိပ်သောက်တတ်တဲ့ သူငယ်ချင်းတွေ ခပ်လှမ်းလှမ်းမှာသွားပြီး ဆေးလိပ် သောက်ကြရတယ်။ ရန်ကုန်က ပြန်လာတဲ့နောက်ပိုင်း ကျန်းမာရေးအတွက် ညတိုင်းနီးပါး ဟိုဟိုဒီဒီ ပတ်ပြေးဖြစ်ပေမယ့် ဒီလထဲမှာ ပြေးရတာ အဆင်မပြေလှပါဘူး။ အခုလ တစ္ဆေကြီးပွဲတော်မှာ ရှို့လိုက်ကြတဲ့ ရွှေစက္ကူ ငွေစက္ကူတွေ၊ ထွန်းလိုက်ကြတဲ့ အမွေးတိုင်တွေ မီးခိုးတွေ တလူလူပါပဲ။ နဂိုကတည်းက မီးခိုးအနံ့ရရင် အသက်ရှုရတာ မ၀တဲ့သူဆိုတော့ ဒုက္ခလှလှကြီး တွေ့တော့တာပါပဲ။ အဲဒါကြောင့် အဲဒီပွဲတော်ကို အတော်လေး အမြင်ကပ်ပါတယ်။

တရုတ်ပြက္ခဒိန်ရဲ့ ခုနစ်လပိုင်း ၁၅ ရက်နေ့ဟာ တစ္ဆေကြီးနေ့ပါပဲ။ ဒါကြောင့် ခုနစ်လပိုင်းကို တစ္ဆေသရဲတွေရဲ့ လလို့ ပြောလို့ရပါတယ်။ အဲဒီလမှာ ၀ိဥာည်လောကရဲ့ ဂိတ်တံခါးကြီး ဖွင့်တယ်လို့ ပြောကြတယ်။ အဲဒီတော့ သရဲ တစ္ဆေတွေ လူ့လောကထဲကို ဗီဇာမလိုပဲ အလည်လာလို့ ရကြတယ်တဲ့။ လူ့လောကထဲကို အားလပ်ရက် အပန်းဖြေခရီး ထွက်သလိုမျိုးပေါ့။ အဲဒီလို သရဲ တစ္ဆေတွေ အလည်လာတော့ လူ့လောကမှာ ရှိနေသေးတဲ့ သားသမီးတွေ ဆွေမျိုးတွေက အစားအသောက်တွေကို အိမ်အပြင်မှာထုတ်ပြီး ဧည့်ခံကျွေးမွေးကြပါတယ်။ အိမ်ထဲမှာတော့ မကျွေးပါဘူး။ အိမ်ထဲဝင်လာမှာကို ကြောက်ပုံပဲ။ သိပ်ချစ်ကြတာပဲ။

တစ္ဆေကြီးပွဲမှာ လူတွေက ရွှေစက္ကူ ငွေစ​က္ကူတွေကို မီးရှို့ကြပါတယ်။ မီးရှို့စက္ကူမှာ ဒေါ်လာပုံစံတွေတောင် ပါလိုက်သေးတယ်။ အဲဒီလို မီးရှို့ပေးရင် အဲဒီဟာတွေက ၀ိဥာည်လောကမှာ သုံးလို့ရတယ်ဆိုပဲ။ ရွှေစက္ကူတွေ ငွေစက္ကူတွေ များများရှို့ပေးရင် ချမ်းသာမယ်လို့ ဆိုကြတယ်။ သေသွားတဲ့ အမျိုးတွေကို ၀ိဥာည်လောကမှာ ပိုက်ဆံတွေ အများကြီးရစေချင်လို့ မီးရှို့စက္ကူတွေ အင်တိုက်အားတိုက် ရှို့နေကြတာလား။ လာဘ်ကောင်းဖို့ စီးပွါးရေးအဆင်ပြေဖို့ လောဘဇောတိုက်ပြီး ရှို့နေတာလား။ စက္ကူတွေကို မီးရှို့နေတဲ့သူပဲ သိကြမှာပါ။ အဲဒီလို စက္ကူကို မီးရှို့တိုင်း ၀ိဥာည်လောကကို ရောက်တယ်ဆိုရင် ပိုက်ဆံပုံစံတွေ ရှို့မနေတော့ပါဘူး။ လက်နက်တွေ ဒုံးကျည်တွေ တိုက်လေယာဉ်တွေ သံချပ်ကားတွေ စက္ကူနဲ့ ပုံစံတူလုပ်ပြီး မီးရှို့ပေးလိုက်ပါမယ်။ အဲဒါမျိုးတွေ ပေးလိုက်နိုင်ရင် အနည်းဆုံးတော့ ၀ိဥာည်လောကမှာ အာဏာရှင် လုပ်လို့ရတာပေါ့။ လောကမှာ အာဏာရှိရင် ငွေဆိုတာ မလိုတော့ဘူးလားလို့ပါ။ အထင်အမြင်တွေ မှားကောင်း မှားနိုင်ပါတယ်လေ။

တစ္ဆေကြီးပွဲနဲ့ သင်းချိုင်းကန်တော့ပွဲကို လူတွေက ရောနေတတ်ပါတယ်။ တကယ်တော့ ရှင်းရှင်းလေးပါ။ သင်းချိုင်းကန်တော့ပွဲမှာလည်း သေသွားပြီဖြစ်တဲ့ ဘိုးဘွားမိဘတွေရဲ့ ဂူသင်းချိုင်းတွေဆီ အရောက်သွားပြီး အစားအသောက်တွေနဲ့ ကန့်တော့ကြရပါတယ်။ အဲဒါကြောင့် သင်းချိုင်းကန်တော့ပွဲဆိုတာ လူလောကမှာ အသက်ရှင်နေဆဲဖြစ်တဲ့ လူတွေက သေသွားပြီဖြစ်တဲ့ လူသေအလောင်းတွေဆီကို သွားပြီး ဂါရ၀ပြုတာပါ။ တစ္ဆေကြီးပွဲကတော့ သေသွားပြီဖြစ်တဲ့ လူတွေရဲ့ ၀ိဥာည်က အသက်ရှင်နေသေးတဲ့ လူတွေဆီကို လာလည်ပြီး ဂါရ၀အပြုခံတာပါ။

တစ္ဆေကြီးပွဲကာလမှာတော့ တရုတ်လူမျိုးတွေအနေနဲ့ စေ့စပ်ပွဲတွေ၊ မင်္ဂလာဆောင်တွေ၊ အိမ်ပြောင်းတာတွေ ရှောင်လေ့ရှိပါတယ်။ စီးပွါးရေးလုပ်ငန်းတွေ စတင်တာမျိုးလည်း ရှောင်ကြပါတယ်။ အဲဒီလမှာ ရေကူးတာလည်း လျှော့ကြတယ်ဆိုပဲ။ ရေထဲ ဆွဲနစ်ခံရမှာ ကြောက်လို့ထင်တယ်။ ညဘက်အပြင်ထွက်ရင်လည်း သတိဝိရိယနဲ့ သွားလာကြတယ်တဲ့။ တစ္ဆေကြီးပွဲကာလဖြစ်နေတဲ့ ၀၉-၀၉-၀၉ မှာပဲ လက်ထပ်မင်္ဂလာပွဲ ကျင်းပသွားကြတဲ့ တရုတ်စုံတွဲတွေ များမှများ။ စီးပွါးရေးတွေလည်း လုပ်နေကြတာပါပဲ။ ကိုယ်မလုပ်ရင် သူများ လုပ်သွားမှာပေါ့။ ရေကူးကန်မှာလည်း တရုတ်မလေးတွေ ပေါင်တံလေးတွေများ ဖွေးလို့။ ညဘက်ဆိုရင်လည်း လူတွေ လူတွေ လှုပ်စိလှုပ်စိနဲ့ ဟိုနေရာတွေ့ ဒီနေရာတွေ့ မျက်စိတောင် နောက်မိတယ်။

သြော်... တရုတ်ပွဲတော်ကို အပုတ်ချနေလို့ တခြားလူမျိုးများလားလို့ ထင်နေကြအုံးမယ်။ ကျွန်တော်ဇူလိုင် တရုတ်လူမျိုး စစ်စစ်ပါ။ တရုတ်စစ်လို့ မရေးထားပါဘူး။ လူမျိုးဆိုတာ ထည့်ရေးထားပါတယ်။ အဖေလည်း တရုတ်၊ အမေလည်း တရုတ်ပါ။ အိမ်သူသက်ထား ဇနီးမယားအဖြစ် ရည်ရွယ်ထားတဲ့ ချစ်သူလေးလည်း တရုတ်ပါ။ ဒါပေမယ့် စက္ကူမီးရှို့လို့ ချမ်းသာမယ် ဆိုတာကြီးကိုတော့ အာဟိ ခွိခွိလို့ ကလိထိုးရမယ့်ကိန်း ဖြစ်နေတာနဲ့ အမြင်မတော်လို့ ပေါ်တင် ဆော်ပါတယ်။ လောလောဆယ်တော့ မီးခိုးငွေ့ကြောင့် အသက်ရှုရ ခက်ပါတယ်။ အဲဒါကို သရဲတွေက လည်ပင်းညစ်နေတာဆိုပြီး ပြောကြအုံးမှာ မြင်ယောင်နေသေးတယ်။