ဖြတ်သန်းခဲ့တဲ့ဘ၀တလျှောက်မှာ တံဆိပ်ကပ်ခံရတာ ကြုံဖူးကြမှာပါ။ ကိုယ်က သူများကို တံဆိပ်ကပ်ခဲ့သလို ကိုယ်တိုင်လည်း တံဆိပ်အကပ်ခံဖူးကြမယ် ထင်ပါတယ်။ ကိုယ့်ဘာသာကိုယ် အေးဆေးနေတဲ့သူလည်း အေးဆေးနေတဲ့အလျှောက် ရေခဲတုံးကြီး၊ ငတုံးဆိုပြီး တံဆိပ်ကပ်ခံရသလို လှုပ်လှုပ်ရှားရှားနေတဲ့သူလည်း လှုပ်လို့ရှားလို့ဆိုပြီး အရူးမီးဝိုင်းဆိုတဲ့ တံဆိပ်ကပ်ခံကြရမှာပါ။ ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ဆိုတာလည်း တံဆိပ်ကပ်တာနဲ့ သက်ဆိုင်ပြီး ပေါ်လာတာ ထင်တယ်။ သူများတကာကို ကျွန်တော် ဘယ်လို တံဆိပ်တွေ ကပ်ခဲ့သလဲဆိုတာ စိတ်ထဲမှာ အမှတ်မထားတဲ့အတွက် အခုအချိန်မှာ ပြန်စဉ်းစားလို့ မရဘူးဖြစ်နေတယ်။ သေချာတာတစ်ခုက ကျွန်တော်လည်း သူများတကာကို တံဆိပ်ကပ်ခဲ့ဖူးတယ် ဆိုတာပါပဲ။ အဲဒီလိုပဲ ကျွန်တော်လည်း လူ့လောကထဲမှာ နေတဲ့ လူတစ်ယောက်ဆိုတော့ တံဆိပ်ကပ်ခံရပြန်တယ်။ တချို့ဟာတွေကို မှတ်မိတာတွေ ရှိမယ်။ မေ့သွားတာတွေလည်း ရှိမယ်။
မူလတန်းကျောင်းသားဘ၀ကနေ အလယ်တန်းကျောင်းသားအထိ ကပ်ခံရတဲ့ တံဆိပ်က တရုတ်လေးတဲ့။ လှိုင်မြစ်ကမ်းဘေးက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်တဲ့သူ အများစုက သာမန်လက်လုပ်လက်စား ဘ၀သမားတွေပါ။ တချို့က ၀န်ထမ်းတွေ၊ တချို့က ငါးစိမ်းသည်တွေ၊ တချို့က လှေထိုးသားတွေ။ အဲဒီမှာ အချမ်းသာကြီး မဟုတ်ပေမယ့် စားနိုင်သောက်နိုင် စီးပွါးရေးချောင်လည်တဲ့ တရုတ်မိသားစုကနေ ပေါက်ဖွား ဆင်းသက်လာတဲ့ ကျွန်တော်ဟာ တခြားကလေးတွေအကြားမှာ တမူထူးခြား ထင်ရှားနေတယ်။ အညိုရောင် အသားလေးတွေအကြားမှာ အ၀ါရောင်ဖျော့ဖျော့နဲ့ ကျွန်တော်က ထင်းနေပါတယ်။ ညစ်ပတ်ပေတူးနေတဲ့ သူတို့ကြားမှာ သန့်သန့်ရှင်းရှင်း သေသေသပ်သပ် ကျွန်တော့်ပုံစံက ကွဲပြားနေတယ်။ မျောက်ရှုံးအောင် အကြမ်းပတမ်း ဆော့နေတဲ့ သူတို့ကြားမှာ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် နေတတ်တဲ့ ကျွန်တော်က သင်းကွဲနေတယ်။ တရုတ်မို့လို့ တရုတ်ခေါ်ခံရပေမယ့် စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။ ကျေနပ်တဲ့ စိတ်၊ သာယာတဲ့ စိတ် မဟုတ်မှန်း ကျွန်တော် သိနေတယ်။ ခွဲခြားထားသလို စည်းတစ်ခု ခြားနေတယ်။ အဲဒီကနေ ကျွန်တော့်ဆီမှာ ဆူးလေးတစ်ချောင်း ထွက်လာတယ်။ ကျွန်တော်ဟာ တိုင်းရင်းသားစာရင်းထဲမှာ မပါဝင်တဲ့ မြန်မာပြည်က တရုတ်ဆိုတာပဲ။
အလယ်တန်းကျောင်းကနေ အဌမတန်းအောင်ပြီး အထက်တန်းကျောင်းကို ပြောင်းတော့ တံဆိပ်ကပ်ခံရတာက တောသား။ ကျွန်တော်နေခဲ့တဲ့ အလယ်တန်းကျောင်းလေးက ဆင်းရဲပါတယ်။ ကျောင်းသားတွေ ဆင်းရဲသလို ဆရာ ဆရာမတွေလည်း ဆင်းရဲပါတယ်။ ဒါပေမယ့် နာသုံးနာနဲ့ ပြည့်တဲ့ ဆရာတွေ ရှိတဲ့ ရှားမှရှားတဲ့ ကျောင်းပါ။ ဆင်းရဲတဲ့ အလယ်တန်းကျောင်းပီပီ ကွန်ပျူတာတို့ မာတီမီဒီယာတို့ကို လက်လှမ်းမမှီပါဘူး။ ကျောင်းကြီးကြီးမှာတော့ ဒါတွေက မဆန်းတော့ဘူးပေါ့။ အဲဒါတွေကို ဘာဆို ဘာတစ်ခုမှ မသုံးတတ်တဲ့ ကျွန်တော်တို့ကို ကျောင်းတော်သားကြီးတွေက တောသားတွေဆိုပြီး နှာခေါင်းရှုံ့တယ်။ သူတို့က ကျောင်းကို လာရင် ကိုယ်ပိုင်ကားနဲ့ ကျောင်းကားနဲ့။ ကျွန်တော်တို့က ခြေလျှင်လာတယ်။ ကားပေါ်ကနေ ကြည့်သွားတဲ့ မျက်လုံးတွေက နှစ်မြို့စရာ မရှိပါဘူး။ တကယ်ဆို ကျွန်တော့်အိမ်မှာလည်း ကားရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျောင်းလေးက သူငယ်ချင်း အားလုံးကို ကားပေါ်တင်ခေါ်နိုင်တဲ့ ကားမျိုး ကျွန်တော့်မှာ မရှိတဲ့အတွက် ကျွန်တော့် သူငယ်ချင်းတွေနဲ့အတူ ခြေလျှင်သွားတယ်။ အဲဒီတော့ စူးရှတဲ့ သရော်မျက်လုံးတွေ အောက်မှာ ကျွန်တော်လည်း ကျောကော့အောင် အကြည့်ခံရတာပေါ့။ ကျွန်တော်တို့လို တောသားတွေကို မြို့ကြီးသားတွေက ဖယ်ကျဉ်ထားတယ်။ အဲဒီကနေ ဆူးလေးတစ်ချောင်း ထွက်လာပြန်တယ်။ မိဘတွေ ပိုက်ဆံရှိလို့ ပြည့်စုံနေရတဲ့ဘ၀မှာ အောက်ခြေလွတ်တဲ့ သူဌေးသားတွေကို ကျွန်တော် အပေါင်းအသင်း မလုပ်ဖြစ်တော့ဘူး။
အရွယ်ရောက်လာပြီး လူမှုရေးအလုပ်တွေ စိတ်ဝင်စားလို့ အချိန်ပေး လုပ်မိပြန်တော့လည်း ၁၀၉/၁၁၀ ဆိုပြီး တံဆိပ်ကပ်ပြန်ရော။ လက်အောက်ငယ်သား အဆင့်ကနေ လူကြီးပိုင်းအဆင့်ထိ ရောက်အောင် လုပ်လာခဲ့တဲ့ ကျွန်တော့်အဖို့ ဖြတ်ကျော်ခဲ့ရတဲ့ အချိန်တွေ မနည်းပါဘူး။ လခမရ၊ ခံစားခွင့် မရှိ၊ အရာရာ အိတ်စိုက်ရတဲ့ လုပ်ငန်းတွေမှာ အချိန်တွေ အားလွန်းနေလို့ လုပ်စရာ မရှိလွန်းလို့ လုပ်နေတယ် ထင်ရင် ထင်တဲ့သူဟာ ထမင်းစားပြီး ကြီးခဲ့တာ ဟုတ်ရဲ့လားလို့ သံသယရှိမိပါတယ်။ ရပ်ကွက်ထဲမှာ လူတွင်ကျယ် လုပ်ချင်လို့ ဒါတွေ လုပ်နေတယ်လို့ ပြောတဲ့သူတွေရော ချီးစားပြီး ကြီးလာတာလို့ မေးချင်မိပါတယ်။ ကိုယ်တိုင်လည်း မလုပ်နိုင်၊ လုပ်နေတဲ့သူတွေကို အပုတ်ချ၊ ကဲ့ရဲ့နေတဲ့ လူတန်းစားတွေ မြန်မာပြည်မှာ ပေါမှပေါပါပဲ။ ဘာတစ်ခုမှ မလုပ်ပဲ အပြစ်ထိုင်ပြောနေမယ့်အစား လိုအပ်တဲ့နေရာကို နိုင်သလောက်လေး ကူညီပေးလိုက်တာ ပိုကောင်းမယ်လို့ ယူဆပါတယ်။ ဟိုလို လုပ်ပါလား... ဒီလို လုပ်ပါလား... ဆိုပြီး သူကျတော့ ဘာမှ မလုပ်တဲ့ အခွင့်ရေးမျှော် စားဖားကြီးကြီးတွေ မိုးဦးမှိုပွင့်တွေနဲ့အပြိုင် ပေါ်လာသလား မှတ်ရတယ်။ အဲဒီလိုကနေ ဆူးလေးတစ်ချောင်း ထပ်ပေါ်လာတယ်။ ဘာတစ်ခုမှ မလုပ်ပဲ စင်ပေါ်တက် နေရာယူချင်တဲ့ အော်လံမောင်တွေကို တစ်သက်စာ ရွံမုန်းသွားတယ်။
ကျွန်တော့်ဘ၀မှာ ဆူးတွေကတော့ အများကြီးပါပဲ။ ဆူးတွေ များလွန်းလို့ လူလည်း ဖြူကောင်လို ဖြစ်နေပါပြီ။ ရှိသမျှ ဆူးတွေကို ချရေးပြဖို့ကလည်း တစ်ထောင့်တစ်ည ပုံပြင်လို ဖြစ်သွားနိုင်ပါတယ်။ ဆူးတွေကြောင့် ကျွန်တော်လည်း လူ့ဂွစာကြီးကို ဖြစ်နေတာ ကြာလှပေါ့။ အဓိက ပြောချင်တာက လူတွေက တံဆိပ်တွေ ကပ်လွန်းပါတယ်။ ဒါပေမယ့် သူတို့ သတိမထားမိတာက တံဆိပ်ကပ်ခံရတဲ့သူမှာ ဆူးတွေ ပေါ်လာနိုင်ပါတယ်။ ပေါ်လာတဲ့ ဆူးတွေက ကောင်းတဲ့ဘက်ကို ရောက်စေတဲ့ ဆူးတွေ ဖြစ်ရင် ကိစ္စမရှိပေမယ့် ဆိုးတဲ့ဘက်ကို ရောက်စေတဲ့ ဆူးတွေဖြစ်ရင်တော့... ကျွန်တော် ချစ်တဲ့ ဟစ်တလာတွေ ဖြစ်လာမှာပေါ့လေ။

27 comments:
ကိုဇူလိုင်ရေ..
ဆူးတွေအကြောင်းဖတ်သွားတယ်..
စာရေးဆရာကြီးတစ်ယောက် အတ္ထူပတ္တိမှာ ဆူးတွေပေါက်ခဲ့တယ်လို့ သုံးတာမျိုးကိုလည်း သတိရမိတယ်..
ခင်မင်စွာဖြင့်
သီဟသစ်
အဲဒီလူဂွစာကိုဘဲခင်နေမိပါတယ။်
ရွေဥဒေါင်းထင်ပါရဲ့။
ကိုဂျူလိုင်ရေ
ကိုယ့်စိတ်နဲ့ မကိုက်လို့တော့ စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ဗျာ။ အလကား အချိန်ကုန်ပါတယ်။
လောကကြီးကတော့ ဒီလိုပါပဲ။ ဒါမျိုးတွေ မရိုးနိုင်အောင်ကို ကြုံနေရတာပါပဲ။
ကိုယ်လုပ်စရာရှိတာသာ လုပ်ပါ ကိုဂျူလိုင်။
သူတို့လဲ သူတို့အလုပ်ကြီးလို့ ထင်နေတဲ့ ဘေးထိုင် ဘုပြော နဲ့သာ အချိန်ကုန်ပါလိမ့်မယ်။
သူတို့ အထင်သေး၊ ငုံ့ကြည့် လှောင်ပြောင်နေတဲ့ လူတယောက်ကို နောက်တော့ သူတို့ မော့ကြည့် လာရပါလိမ့်မယ်။
အမြဲကြိုးစား မှန်မှန်ကန်ကန်လုပ်တဲ့သူဟာ ဘယ်တော့မှ အလကားလူ လူညွန့်တုံး မဖြစ်ဘူး မောင်လေးရေ..
၁။ ဟစ်တလာတော့ မဖြစ်ချင်ပါနဲ့ ။
၂။ သူများက တံဆိပ်ကပ်တာကို မကြိုက်ရင် ကိုယ်ကိုယ်တိုင် သူများကို မကပ်မိဖို့ သတိမမေ့ပါနဲ့ ။
၃။ တရုပ်လို့ ပြောခံရတဲ့ခါ ကျေနပ်တဲ့စိတ် မဖြစ်ရတာ
တရုပ်ဖြစ်ချင်းဟာ တရုပ်မဖြစ်ချင်းနဲ့ အခွင့်အရေး မတူလို့ ပါ။
၎။လက်ဘက်ငပိတင် အရောင်ဆိုးတာ မဟုတ်ဘူး လူကိုပါ အရောင်ဆိုး ခွဲခြားတတ်တဲ့ အစိုးရကြောင့်ပါ။
မအယ်
အတွေးလေးကြိုက်တယ်ဗျာ။ ပထမဆူးက ကျွန်တော်လဲ စူးဘူးတယ်။
ဟားဟား ကိုဂျူလိုင်ရေးလိုက်ရင်တော့ တခါထဲ စိတ်ထဲစွဲသွားတယ်
ပိဿလေးနဲ့ ဘေးပစ်တတ်တဲ့ တရုတ်ကြီး ကိုဂျူလိုင်ပဲ
တံဆိပ်ကပ်သွားပါတယ် :D
အရင်တုန်းက အဲဒီလိုအဖြစ်မျိုးတွေ ရှိခဲ့တယ်၊ ကိုယ့်ကို အကြည့်ခံရတဲ့ မျက်လုံးတွေကိုပါ၊
အခုတော့ အသက်ကလေးလည်း ရလာတော့ အဲဒီလိုကြည့်တတ်တဲ့သူတွေ ဟာ သနားစရာပါလားဆိုတာ သိလာတယ်၊ သူတို့ကမ္ဘာက ကျဉ်းလွန်းလှပါလား လို့ပေါ့။
စူးတွေရှိဖူးတယ် ရှိနေတယ်။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက်ပဲထားတယ်။ သူတို့ကြောင့် ကိုယ့်ကိုယ်ကို မနှိပ်စက်တော့ဘူးလို့ ခံယူထားတယ်။ ၂ခါနာမှာစိုးလို့ပါ။
အမမှာလဲ ဆူးလေးတွေ ရှိခဲ့တယ်
ပထမ ဆူးရယ်..
တတိယ ဆူး ရယ်.. အတူတူ ပဲ
ဒါကြောင့်ပဲ တို့တွေ မောင်နှမ
လာဖြစ်တာထင်ရဲ့နော်...
အင်း လောကကြီးက ဆူးခြုံတောကြီးပါပဲဗျာ
ကိုက မဆူးချင်ပေမယ့်လဲ ကိုယ့်ကို လာလာ ဆူးချင်ကြတယ်
လူဖြစ်နေသရွေ့တော့ ဒါမျိုးဆူးက ရှိနေဦးမှာပဲမဟုတ်လား..... ဒီလိုမျိုးတံဆိပ်ကပ်ခံရတာကိုက ကိုယ့်ကိုတစ်နည်းတစ်ဖုံ အသိအမှတ်ပြုတာလို့ သဘောထားလိုက်ရင် အဆင်ပြေမယ်ထင်တာပါပဲ
မြန်မာပြည်က တရုတ်ကလေး စလုံးတရုတ် လူမျိုးတူသူတွေကြားမှာ ဆူးတွေပျောက်ကာ ပျော်နိုင်ပါစေ။
ချမ်းမြေ့ ပါစေ... :)
ဒီဖြူက ဗိုက်ကလေးပူနေပါလား :P
ဘာတွေဖြစ်ရပြန်သတုန်း
မြန်မာပြည်က တိုင်းရင်သားပေမဲ့ သိတဲ့အတိုင်း second class citizen လို့ဆက်ဆံခံရတာဘဲ။
တရုတ် ကုလားဆို ပိုဆိုးတာပေါ့။
တံဆိပ်နဲ့ မကပ်ဘဲ ပီကေနဲ့ ကပ်သွားပါတယ်။
အကိုရေ
ခံစားချက်ချင်း ထပ်တူမို့ အကို ဘယ်လိုခံစားရမယ် ဆိုတာနားလည်ပါတယ်
မေလေးတို့ လို မြန်မာပြည်မှာ ကြီးပြင်းခဲ့ရတဲ့ တရုတ်တွေ လူအခွင့် အရေး အရမ်းဆုံးရှုံးရပါတယ်
သူတို့ မသိတာက အဲဒီ တရုတ်တွေကလဲ မြန်မာပြည် ကြီးကို ချစ်သလို မြန်မာပြည်သူတွေကိုလဲ တိုးတက်စေချင်တဲ့ စေတနာ အပြည့် ရှိပါတယ် ဆိုတာပါဘဲ
ခင်တဲ့
မေလေး
let it grow all over your body. Then, count it. The number of thorns will tell you how much experiences you'd got, length of the journey you'd traveled and the depth of the feeling you swallowed over and over again...!
I am sure, it will give you a brand new good thorn which can make your life more and more meaningful! ;)
ps- bo lo tat lunn lo ma hote buu ako yay..! myanmar font error tat pye yay ma ya lo :D :P
အကိုရယ် ကျနော့်ကိုကပ်တဲ့တံဆိပ်ကမှ
အမျိုးအမည်မရေတွက်နိုင်အောင်ပါ...
ဖြူကောင်တစ်ကောင်ပါပဲ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ကိုဂျူလိုင်ရယ် တရုတ်ကို တရုတ်လို့ တံဆိပ်ကပ်တာ တော်သေးတယ်ဗျ ကျွန်တော်ကို မဟုတ်ပဲနဲ့ ကုလားလို့ တံဆိပ်လာလာ ကပ်နေတာ မနည်းခွာထားရတယ် :D
တရုတ်ဆိုတာ တိုင်းရင်းသားစာအုပ်ထဲမှာ မပါပေမယ့် တစ်နည်းတော့ တပ်လို့ရပါတယ်ဗျာ။ တမျိုးခံစားမနေပါနဲ့ ဒီမြေမှာမွေး ဒီမြေမှာကြီးသူတွေ အားလုံး ရွှေလို့ပဲ သမုတ်ကြပါတယ်။ တရုတ်တွေကလည်း ရွှေတရုတ်ပေါ့။ ကုလားဆိုလည်း ရွှေကုလားပေါ့။
အဆိုးထဲက အကောင်းတွေယူတတ်ဖို့ ....
သူများရဲ့ မကောင်းတဲ့စရိုက်ကို ကိုယ်လည်းပဲ သူ့တို့လို မဖြစ်ရအောင် ဆင်ခြင်နိုင်တဲ့စိတ်ကလေးမွေးတတ်ကြဖို့ လိုလိမ့်မယ်ထင်တယ်...
အဲဒီလိုမှ မဟုတ်ရင် ကိုဂျူလိုင်ပြောသလို ဆိုးတဲ့ဘက်ကို ရောက်စေတဲ့ ဆူးတွေနဲ့
ဟစ်တလာတွေ ဖြစ်လာမှာပေါ့လေ။
စာဖတ်သူအတွက် အတွေးကောင်းကောင်းလေးတွေပေးနိုင်တဲ့ ပို့စ်ပါပဲ။
ဆူးတွေကတော့ ပြောမနေနဲ့ အစ်ကိုရေ .... တစ်ကိုယ်လုံး ဗရပွပဲ .... လူ တွေရဲ့ သဘာဝ ကိုက ကိုယ် ကိုယ်၌က အဖြစ်မရှိဘဲ သူတစ်ပါး ကို မေးငေါ့ချင်ကြတာကိုးလေ .... အဲဒီဆူးတွေ နဲ့ ပဲ ဘဝကို ကျားကန်ပြီး မြင့်မြင့်တက်ကြစို့ ရယ် .... ဟစ်တလာတော့ မဖြစ်တန်ကောင်းပါ ဘူးဗျာ .... :)))
လေးစားလျှက်
ရန်ကုန်သား
ကပ်ချင်တဲ့တံဆိပ်ကပ်။
အငဲရဲ့
တံဆိပ်မကပ်နဲ့ သီချင်းကို သွားသတိရတယ်။
:)
Post a Comment