ကျွန်တော့်အတွင်းစည်းထဲမှာ ကျွန်တော်ဟာ လူကြမ်းတစ်ယောက်ပါပဲ။ အပြင်စည်းမှာတော့ အေးဆေးပါ။ လူကြမ်းဆိုတဲ့အတိုင်း လူမုန်းများပါတယ်။ လူမုန်းများတဲ့အတွက် မကြာခဏ အဆော်ခံထိပါတယ်။ မြို့မေတ္တာ ခံယူရပါတယ်။ ထင်းခွေမကြုံ ရေခပ်ကြုံဆိုသလို... အမုန်းတွေရဲ့ ဖွင့်ဟချက်တွေကို နည်းမျိုးစုံနဲ့ လက်ခံ ရရှိတတ်ပါတယ်။
မွေးကင်းစအရွယ်မှာ ထိန်းခဲ့တဲ့ ညီမ၀မ်းကွဲ တစ်ယောက်ရှိတယ်။ အသားလေးတွေ နှင်းလို ဖြူဖွေးဆွတ်နေလို့ အရမ်းချစ်ဖို့ ကောင်းခဲ့တယ်။ အစ်ကိုတွေ အစ်မတွေရဲ့ အသည်းကျော်လေးပေါ့။ အသက် ၂ နှစ်မပြည့်တဲ့ အချိန်မှာ ရှမ်းပြည်ကို ပြန်သွားခဲ့တာ အပျိုပေါက်အရွယ် ရောက်မှပဲ ရန်ကုန်ပြန်ရောက်ခဲ့တယ်။ အခုတော့ နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပထမနှစ်တက္ကသိုလ်ကျောင်းသူကြီး ဖြစ်နေပါပြီ။ ဟိုးငယ်ငယ်လေးကတည်းက ခွဲသွားခဲ့ပြီး ကြီးမှ ပြန်ရောက်လာတော့ အစ်ကိုဝမ်းကွဲတွေ အစ်မ၀မ်းကွဲတွေနဲ့ ထိတွေ့မှု သိပ်မရှိခဲ့ဘူး။ မိဘတွေကလည်း အလိုလိုက်ထားတော့ မရိုင်းပေမယ့် မလိမ္မာပါဘူး။ ကျွန်တော်ကတော့ အဲဒီရပ်ကွက်နားမှာပဲ သူငယ်ချင်းတွေနဲ့အတူ အိမ်ငှားနေခဲ့တော့ အဲဒီညီမလေးရဲ့ အိမ်ကို အ၀င်အထွက်ရှိတယ်။ ကျန်တဲ့ အစ်ကို အစ်မတွေကတော့ နှစ်ကူးလိုပွဲမျိုးတွေရှိမှ အဲဒီအိမ်ကို ရောက်ကြပါတယ်။ အဲဒီအိမ်မှာ အဖွားလည်း ရှိတယ်။ ဒါကြောင့် ကျွန်တော်က အဖွား အဖော်ရအောင် စကားသွားပြောလေ့ ရှိပါတယ်။
အဲဒီအိမ်ကို မရောက်တဲ့သူတွေက ညီမလေး ဆိုးတာကို မမြင်မတွေ့ရပေမယ့် တစ်လကို အခါ ၂၀ လောက် ရောက်တဲ့ ကျွန်တော့်အဖို့ အမြင်မတော်တာလေးတွေ မြင်တွေ့ရတာ မဆန်းပါဘူး။ တချို့ မောင်နှမတွေက သူဆိုးတာကို တခါတလေ တွေ့ကြပေမယ့်လည်း သူ့မိဘတွေ ငြိုငြင်မှာ စိုးလို့ မပြောကြ မဆိုကြပါဘူး။ အမုန်းမခံနိုင်တာလည်း ပါမှာပေါ့လေ။ အဲဒီမှာ လူကြမ်းကြီးက ကျွန်တော်ပါပဲ။ ကျွန်တော့်ရဲ့ နဂိုဗီဇအရလည်း အမြင်မတော်တာ တွေ့ရင် ပြောဆိုဝေဖန်တတ်တော့ လူကြမ်းနေရာက ကျွန်တော့်အတွက် ကွက်တိပါပဲ။ ကျွန်တော် ရန်ကုန်မှာ ရှိနေခဲ့တဲ့ အချိန်တွေမှာ အမြင်မတော်တာ တွေ့တိုင်း ဆူဆုံးမတဲ့ အစ်ကိုတစ်ယောက် သူ့မှာ ရှိသွားခဲ့တယ်။ အသက်ကလည်း ၁၀ နှစ်လောက် ကွာတော့ ကျွန်တော် ဆူတာကို မကျေနပ်ပေမယ့် ခွန်းတုံ့မပြန်ရဲပါဘူး။
နောက်ပိုင်းမှာတော့ ကျွန်တော် စင်္ကာပူကို ရောက်လာခဲ့တယ်။ ပြီးခဲ့တဲ့မတ်လမှာ ရန်ကုန်က တပည့်တွေက သတင်းပို့တယ်။ အစ်ကို့ညီမကို ကန်တော်ကြီးထဲက ဒေးကလပ်မှာ သူ့ရဲ့သူငယ်ချင်းတွေနဲ့ တွဲကနေတာ တွေ့ခဲ့တယ်တဲ့။ နေ့လည် ၁ နာရီကနေ ၃ နာရီခွဲကျော်တဲ့အထိ အဲဒီထဲမှာ ရှိနေတယ်တဲ့။ အစ်ကိုဆီကို သတင်းပို့ဖို့ မပို့ဖို့ စဉ်းစားနေရလို့ အခုမှ ပြောဖြစ်တာပါတဲ့။ အဲဒီညက သတင်းလှမ်းပို့တဲ့ တပည့်ကို အမှုစစ်သလိုမျိုး သူမြင်ခဲ့သမျှ အကုန် မေးပစ်လိုက်တာ မနက် ၂ ချက်တီးသွားတယ်။ နောက်တနေ့ မနက်မှာ ရန်ကုန်က သူ့အိမ်ကို ဖုန်းခေါ်လိုက်တယ်။ သူ့အမေနဲ့ တွေ့ပြီး အကျိုးအကြောင်း သေချာ ရှင်းပြလိုက်တယ်။ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖို့လည်း အထပ်ထပ် မှာလိုက်တယ်။ မရိုက်ဖို့လည်း သတိပေးထားလိုက်တယ်။ သူ့အမေပြောပြထားလို့ ရန်ကုန်က အကြောင်းကို စင်္ကာပူမှာနေတဲ့ အစ်ကိုက သတင်းရပြီး လှမ်းတိုင်တယ် ဆိုတာတော့ သူ သိပါတယ်။ အဲဒီတော့ လူကြမ်းကြီး ကျွန်တော်ပါပေါ့ဗျာ။
အခုတလောလည်း သူငယ်ချင်းစုံတွဲကြားမှာ လူကြမ်းအဖြစ် ၀င်ပါနေရတယ်။ သူတို့ကြားမှာ အပြစ်တွေမြင်ပြီး အချစ်တွေ မ၀င်ကြပဲ အမြင်တွေ လွဲနေတာကို အမုန်းခံပြီး ၀င်ရှင်းနေမိပြန်တယ်။ စိတ်ဆိုးနေကြတဲ့ သူတွေကို အကျိုးအကြောင်း ရှင်းပြရတာ နွားကို ပလာတာ ကျွေးရသလိုပါပဲ။ မာနတွေ မိုးထိအောင် မြင့်နေတော့လည်း ဖျောင်းဖြမှုတွေက ကျွဲပါးစောင်းတီးသလိုမျိုး ဖြစ်နေရတယ်။ ငါသိငါတတ် ဆိုတော့လည်း ဘုန်းကြီးတစ္ဆေကို ကမ္မ၀ါစာ ဖတ်ပြရသလိုပါပဲ။ ဘာဆိုဘာမှ မဟုတ်တာလေးနဲ့ လမ်းခွဲသွားတဲ့ အဆင့်အထိ မရောက်စေချင်လို့ မိကျောင်းမင်းကို ရေခင်းပြနေရတယ်။ ကောင်းစေချင်လို့ ၀င်ညှိပေးနေတဲ့ စေတနာတွေကို သဲထဲရေသွန် မဖြစ်စေချင်ပါဘူး။ လောလောဆယ်တော့ ကျွန်တော့်ရဲ့ စကားလုံး မုန်တိုင်းတွေကြားမှာ နားငြီး နေမလား။ သောက်မြင်ပဲ ကပ်နေမလား။ တစ်ခုမဟုတ် တစ်ခု ဖြစ်နိုင်သလို နှစ်ခုစလုံးလည်း ဖြစ်နိုင်ပါတယ်။
သင်တန်းတစ်ခုက တပည့်မလေးနဲ့ ဟိုတလောက ဂျီတော့ခ်မှာ စကားပြောဖြစ်တယ်။ ရန်ကုန်မှာ လုပ်ခဲ့တဲ့ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို သွားတုန်းက သူနဲ့ ပြန်တွေ့ဖြစ်ခဲ့တယ်။ ကျွန်တော့်ကို မြင်တော့ မှတ်မိပြီး လာနှုတ်ဆက်ပါတယ်။ ကျွန်တော် စင်္ကာပူကို ပြန်ရောက်ပြီး နောက်ပိုင်းမှာ သူ့အစ်မကနေတဆင့် ကျွန်တော့် ဂျီမေးလ်ရပြီး ဂျီတော့ခ်မှာ စကားပြောဖြစ်ကြတယ်။ သူတို့ကျောင်းမှာ သင်တန်းဖွင့်ဖြစ်တုန်းက ကျွန်တော်က နည်းပြပေါ့။ ပြန်ဆုံတော့လည်း ဟိုအကြောင်းပြော ဒီအကြောင်းပြောဖြစ်ကြတယ်။ ပြောရင်း ပြောရင်းနဲ့ သူက လွှတ်ခနဲ ပြောလိုက်မိတယ်။ ဆရာက အရမ်းဆိုးတယ်တဲ့။ တခြားဆရာတွေလို သဘောမကောင်းဘူးတဲ့။ အမြင်ကတ်ဖို့ ကောင်းလွန်းလို့ ဆရာ့အမည်ကိုတောင် မမှတ်ထားဘူးတဲ့။
ကျွန်တော် ချက်ချင်း သဘောပေါက်လိုက်ပါတယ်။ ထုံးစံအတိုင်း လူကြမ်းကြီး ကျွန်တော် ခံရပြန်ပြီပေါ့ဗျာ။ သင်တန်းကာလမှာ ကျွန်တော်က နည်းပြအပြင် စည်းကမ်းထိန်းသိမ်းရေးတာဝန်ပါ တွဲကိုင်ခဲ့ရတယ်။ အဲဒီတော့ တချို့နေရာတွေမှာ စည်းကမ်းဖောက်တဲ့ သင်တန်းသားတွေကို မာမာထန်ထန် ကိုင်တွယ် ပြောဆိုရတာတွေ ရှိခဲ့တယ်။ နောက်ပြီး ကျွန်တော်က သင်တန်းမှာ စာမေးပွဲအဖြေလွှာ အမှတ်ခြစ်တဲ့ ခရိုင်စာစစ်မှူး။ အဲဒီတော့ သင်တန်းကာလမှာ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ရတာတွေ ရှိပြန်ရော။ ကျွန်တော်ကိုယ်တိုင် သင်တန်းသား သင်တန်းသူတွေနဲ့ ရောရောနှောနှော မနေပဲ သီးခြားလေး နေနေတတ်တယ်။ အရမ်းရောရင် စည်းကမ်းပိုင်းမှာ ထိန်းရခက်တယ်လေ။ အဲဒါတွေကြောင့် တပည့်တွေက ကျွန်တော့်ကို အမြင်ကတ်ကြပုံပါပဲ။
ဒါမျိုးတွေ ခါးသီးစွာ ကြုံနေရပေမယ့် ကျွန်တော် လူကြမ်းပဲ ဖြစ်ချင်နေပါတယ်။ လူကြမ်းဆိုတာ လူမုန်းခံရမယ်။ ဒါကို ကျွန်တော် သိတယ်။ မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးထက်စာရင် ကျွန်တော် လူကြမ်းဖြစ်ရတာ ဂုဏ်ယူတယ်။ ပျားသကာလို ချိုမြတဲ့စကားတွေ ဖွဲ့နွဲ့ပြောပြီး နောက်ကျောကို ဓါးနဲ့ထိုးတဲ့ လူတွေထက် အမြင်မတော်တာကို ဟော့ဟော့ဒိုင်းဒိုင်း ပြောဆိုဝေဖန်တဲ့ လူကို ပိုပြီးတန်ဖိုးထားတယ်။
ကျွန်တော် ကြမ်းခဲ့တာတွေဟာ သူတို့အတွက်ပါဆိုတာ သူတို့ သိနားလည်တဲ့ အချိန်မှာ အဲဒီလူကြမ်းကြီးက သူတို့အနားမှာ ရှိနေအုံးမလားဆိုတာ မသေချာ မရေရာပါဘူးလေ။

27 comments:
ဘာတွေပြောပြော ခင်ဗျားအသည်းနုနုလေး(စိတ်သဘောထား) ကိုယ်သိတယ်...မာချင်ဟန်ဆောင်နေတာ
အချစ်လေး ကိုယ်ဟာလူကြမ်းလေးပါ...
လုပ်ပလိုက်ပါ ကိုဂျူလှိုင်။ :D
btw day club အကြောင်း ဟိုရက်က သူငယ်ချင်းတစ်ယောက် လင့် ပေးလို့ mysuboo မှာ ဖတ်ရသေးတယ်။ ရေးသူကလည်း မိန်းကလေးပါပဲ ပြန်တော့ မshare တော့ပါဘူး အချိန်ကုန်စေမယ် ဒါပေမယ့် ရန်ကုန်မှာ ဘယ်လိုဖြစ်ကုန်လဲတော့ ကိုယ်ကိုယ်တိုင်လဲ မသိတော့ပါဘူး။
သူရေးထားတဲ့အထဲမှာ ၁၆ နှစ်တောင် ၀င်ရတယ် ဆိုတာပါလို့ပါ။ :)
အော် Day club တဲ့...။ :)
ကိုJulyရေ..
စေတနာတွေ တနေ့ နားလည်လာမှာပါဗျာ..
သူတို့အတွက် နားလည်တဲ့ အချိန်နောက်မကျပါစေနဲ့လို့ ဆုတောင်းပေးရမှာပေါ့...
BTW , Strike က ကို July အသည်းနုတဲ့ အကြောင်းလည်းသိတာပဲနော်. :P
ကိုဂျူလိုင်ရဲ့ သည်းသည်းနဲ့ ဆိုရင်ကော လူကြမ်းကြီးပဲလား။ :D
စိတ်မကောင်း မဖြစ်ပါနဲ့ ဂျူလိုင်အိပ်မက်ရေ။ ဖြစ်တတ်ပါတယ်။ ဒါနဲ့ ..ကလောင်နာမည်လေးက ကဗျာဆန်တယ်နော်။ လာလာဖတ်ဖြစ်ပါတယ်ကွာ။
"ကျွန်တော် ကြမ်းခဲ့တာတွေဟာ သူတို့အတွက်ပါဆိုတာ သူတို့ သိနားလည်တဲ့ အချိန်မှာ အဲဒီလူကြမ်းကြီးက သူတို့အနားမှာ ရှိနေအုံးမလားဆိုတာ မသေချာ မရေရာပါဘူးလေ။"
မျက်ရည်တောင် လည်သွားပြီ။:P
ကိုဂျူ လှိုင် ဒူရင်းသီး က အမြင်ဆိုးတယ် အတွင်း သားကောင်းတယ် ကျနော် လည်း ကျောင်းဆရာ ဘ၀တုံး ကတော့ ဒူရင်း သီးပေါ့ ဗျာ
လူကြမ်းကြီး အတွက် လာဂုဏ်ယူပါတယ်
လူကြမ်းလည်း အကယ်ဒမီရတဲ့ခေတ်ရောက်နေပါပြီ။ ဟဲဟဲ
အမေနဲ့ တူလိုက်တာ... အမေလည်း ကိုဂျုလိုင်လို လူကြမ်းနေရာကပဲ
ကျွန်မကြားဘူးတာတော့ စိတ်ထားကောင်းသူတွေ တော်၂များ အပြောအဆို ကြမ်းကြတယ်လို့ပြောတာပဲ . စေတနာတွေကို ကလေးတွေကနားမလည်လို့ပါ ကိုယ့်နေရာကို ရောက်တဲ့အခါမှကိုယ်ချင်းစာနိုင်မှာပါရှင်.
လူကြမ်းလေးပါ.... လူကြမ်းကြီးပါ....
~~~ညရေ ကိုယ်ဟာလူကြမ်းကြီးပါ~~~အဟား အဟွတ် ဟွတ်
။ ။ဆင်ဒဏ်လားကြမ်းပုံကလည်းတစ်မျိုး
ကိုဂျူလိုင်ရေ
ရောက်တော့ရောက်ဖြစ်ပါတယ်။ တစ်ခါမှတော့ ကွန်မန့်မရေးဖူးပါဘူး။ ဒီတစ်ခါပို့စ်ကိုတော့ ကြိုက်တဲ့ အတွက် ရေးလိုက်ပါတယ်။ ဘာမဟုတ်တာလေးနဲ့ စိတ်ဝမ်းကွဲနေသူတွေအတွက် အကိုတို့လို လူမျိုးတွေလည်း ရှိဖို့လိုအပ်ပါတယ်။ အဲဒါမှ ပြန်ပေါင်းစည်းပေးလို့ရမှာ... အဟဲ
ကို July, emotional intellengence ဆိုတာ မသင်ဖူးဘူးထင်တယ်။ ကျွန်မလည်း အရင်က ဒီလိုပဲ သိပ်လူမုန်းများတယ်။ စကားကို ဘယ်အချိန်မှာ ပြောသင့်တယ် ဆိုတာထက် ကိုစေတနာမှန်တာပဲ မှန်တာပြောတာ ဘာဖြစ်လဲဆိုတဲ့သဘောနဲ့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်ဆိုပြီး ပြောတာတွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် မှန်တိုင်း အကျိုးမရှိရင် ကိုယ်ပဲ ခံစားရတယ်။ Case Study တခုနဲ့တွဲပြီးCommunication နဲ့ ပတ်သက်တဲ့ Subject တခုမှာ emotional intellegence ဆိုတဲ့ အမှတ် ၃၀ တန် Assignment တခုကို ကျွန်မ အသဲအသန်ကြိုးစားပြီးလုပ်တာ အောင်မှတ်ပဲရတယ်။ ဒါပေမယ့် အဲဒီ Assignment ပြီးတဲ့နောက်ပိုင်း ကျွန်မတော်တော်လေး လူချစ်လူခင်များလာသလိုပဲ။ စိတ်မပျက်ပါနဲ့ ကို July တိုင်းသိပြည်သိ လူကြမ်းမင်းသားကြီး ဦးအံ့ကျော်တောင်မှ အကယ်ဓမီ ရသေးတာပဲ မဟုတ်လား။
ကိုယ်နဲ့ပက်သက်ဆက်နွယ်နေတဲ့ အသိုင်အ၀ိုင်း ဇါတ်ခုံမှာ
လှပတဲ့ ဇါတ်လမ်းလေးတစ်ခု အရောင်ပိုထွက်လာအောင် အဓိက ပံ့ပိုးပေးရတဲ့ လူကြမ်းနေရာမှာ နေခွင့်ရတာ ဂုဏ်ယူလိုက်ပါ လူကြမ်းမင်းသားရာ...
ကြွရောက်လာကြသော ဘလော့လောက ပရိတ်သတ်များခင်ဗျာ
ဂျူလိုင်အိပ်မက်ဟာ
မလိမ်မိုး မလိမ္မာ ညီမဝမ်းကွဲလေးအပေါ် ကောင်းစေချင်တဲ့ စိတ်နဲ့ ပြောသင့်တာကိုပြော ပြင်သင့်တာကိုပြင် ဆုံးမသင့်တာကို ဆုံးမတတ်လို့ ညီမငယ်ရဲ့ အမြင်မကြည်လင်မှုကို ခံရတဲ့ အကိုအဖြစ်တစ်မျိုး
သူငယ်ချင်း ချစ်သူစုံတွဲတွေကြားက အထင်လွဲမှားမှုတွေကို ချေဖျက်၊ ချစ်ခြင်းတရားတွေ လစ်ဟင်းမသွားအောင် ကြားဝင်စေ့စပ်၊ နွားတွေကို ပလာတာ ကျွေးရက်သူအဖြစ် တစ်ဖုံ
တပည့်တွေကို တော်စေ တတ်စေ ထူးချွန်စေချင်လို့ စည်းကမ်းကို တင်းကြပ် တစ်ကွက်ကလေးမှ မျက်နှာသာမပေး ခပ်ဝေးဝေးနေတတ်တဲ့ ဆရာလေးအဖြစ် တစ်သွယ်
ဘဝဇာတ်ခုံပေါ်က ကျရာဇာတ်ထုပ်ကို သဏ္ဍာန်လုပ် သရုပ်တူအောင် ထူးထူးခြားခြား ကြိုးစားအားထုတ်နိုင်ခဲ့လို့
၂၀၀၉ ခုနှစ်အတွက်
“အကောင်းဆုံး ဘလော့ဂါလူကြမ်းဆု”
ကို ဆွတ်ခူးရရှိသွားပါတယ်။
ဖြောင်း. ဖြောင်း.. ဖြောင်း...
အောင်မလေးနော် ရီလိုက်ရတာ
ထန်းပင်ပေါ်က ဆင်းလာပြီး နွားလှည်းနောက် ပြေးလိုက်နေတဲ့ အံ့ကျော်ကြီးတောင် မျက်စေ့ထဲ မြင်လာတယ်။
နောက်ဆုံး စကားလေးကတော့ အထိဆုံးပဲ။
လူကြမ်းဆုပေးပွဲကို လာကြည့်သွားတယ်။
ခုတလော လူကြမ်းလုပ်နေရလို့ ခံစားချက်ကို နားလည်ပေးနိုင်ပါတယ်ဗျို့။
ဟား ဟား ဟား..ကတင ကတော့လုပ်ပြီ....အံ့ကျော်ကြီးခါးတောင်းကြိုက်ပြီး ဖင်ပြောင်ကြီးနဲ့ထန်းပင်တက်သလို JDကိုလဲမြင်ယောင်လာတယ်...
လူကြမ်းလေးကို နားလည်ပါ တဲ့လား။
ဒီလူကြီး ဆူတယ်၊ နားလည်ဘူး။
လူကြမ်းကြီးမျောက်ဖိုးစိန်ရေ .. လင့်ခ်လိုက်ပြီနော် .. စိတ်မဆိုးနဲ့ လိမ်မာတယ်။ ဘာပဲဖြစ်ဖြစ် မျောက်ဖိုးစိန်က ကဏန်းထက်တော့ ပိုကောင်းမယ်ထင်တယ် ..
အမှန်တရားဘက်က ရပ်တည်တဲ့လူကြမ်းပဲဟာ .. အားပေးနေပါတယ်ဗျို့ .. အမြင်မတော်ရင် ဆုံးမပါ :D
လုပ်သင့်တာပေါ့. ဒါမျိုးလုပ်တာဟာ သူတို့ အတွက် ဆိုတာ တနေ့သိလာမှာပါ။
ကတာဘာဖြစ်လို့လဲဟင်။ ညီမလည်း အက၀ါသနာပါတယ်။ မြန်မာအကရော၊ အင်္ဂလိပ်အကရော၊ ဟစ်ဟော့အကတောင် ၀ါသနာပါသေးတယ်။ အရမ်းခက်လို့သာ။
အားလုံးကို.
ဖတ်ရင်းနဲ့ရယ်သွားတော့တယ်။
Post a Comment