လူဆိုးလေးလားပေါ့။ ကိုယ့်ဘာသာကိုယ် ခေါင်းစဉ်ပေးပြီး ပြန်ကြည့်မိတော့ မသတီလိုက်တာ။ ဒီအသက် ဒီအရွယ်နဲ့ လူဆိုးလေးတဲ့ အဟက်။ အမှန်ဆိုး လူဆိုးအဖိုးကြီးလားလို့ ရေးရမယ် ထင်တယ်။ အဟား... ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ ပေရှည်နေတာနဲ့ လိုရင်းကို အခုထိ မရောက်သေးဘူး။
ကျွန်တော့်ဘ၀မှာ အတော်လေး လူပေါင်းစုံနဲ့ အသိအကျွမ်း ဖြစ်ခဲ့ဖူးပါတယ်။ ကရကဋ်တို့ရဲ့ နဂိုမူလဗီဇအရ လူတိုင်းကို အလွယ်တကူ ချက်ချင်း လက်ခံစကားပြောလေ့ မရှိပါဘူး။ လူအရမ်းရွေးပါတယ်။ အလွယ်တကူ မခင်တတ်ဘူး အလွယ်တကူ မမုန်းတတ်ဘူးပေါ့ဗျာ။ အဲဒီလိုပါပဲ လူတွေကလည်း မျက်နှာထားတင်းတဲ့ ကျွန်တော့်ကို တော်ရုံတန်ရုံနဲ့လည်း စကားရောဖေါသော မပြောဆိုကြပါဘူး။ ဒါပေမယ့် ကျွန်တော့် အသိမိတ်ဆွေ အပေါင်းအသင်းတွေမှာ လူပေါင်းစုံ ရှိနေပါတယ်။
၆ တန်းတုန်းက သူငယ်ချင်းတစ်ဦး... အမည်ရင်းက မောင်ငယ်လို့ ခေါ်ကြတယ်။ သူက ကျောင်းမှာ မျက်နှာပြောင်လွန်းတယ်။ ရပ်ကွက်ထဲမှာလည်း ခဏခဏ ရန်ဖြစ်တယ်။ လူမိုက်ပေါက်စပေါ့။ ၆ တန်းမှာ ၂ နှစ်ရှိပြီ ကျနေတာ။ ကျွန်တော်က တခြားမြို့နယ်ကနေ မောင်ငယ်တို့ ကျောင်းကို ပြောင်းလာတော့ ကျောင်းသားသစ်တို့ ထုံးစံအတိုင်း နောက်ဆုံးအတန်းကို ရောက်သွားတယ်။ ကျောင်းအပ်တာလည်း နောက်ကျတော့ ကျောင်းဖွင့်ပြီး ၃ ပတ်လောက်မှ ကျောင်းစ တက်ဖြစ်တယ်။ ကျောင်းတက်တော့ ထိုင်စရာခုံက မရှိတော့ဘူး။ နှစ်ကျကြီးတွေ ထိုင်တဲ့ ခုံမှာ ၁ ယောက်စာ လွတ်နေတာနဲ့ အဲဒီမှာပဲ ထိုင်ဖြစ်လိုက်တယ်။ အဲဒီကနေ စပြီး မောင်ငယ်ကို စသိခဲ့ရတယ်။
စစချင်းတော့ သူတို့က နှစ်ကျကြီးတွေ ဆိုတော့ ရှိန်တာပေါ့။ ဒါပေမယ့် မောင်ငယ်က အတော်လေး ခင်ဖို့ ကောင်းပါတယ်။ ကျောင်းတတ်ခဲ့တဲ့ ကာလတစ်လျှောက်လုံး မောင်ငယ်ကပဲ ကျွန်တော့်ကို အနီးကပ် စောင့်ရှောက်ပေးခဲ့ပါတယ်။ သူ့အရှိန်တွေနဲ့ ကျောင်းက အခြား ဂျစ်ကန်ကန် အတန်းကြီးတွေတောင် ကျွန်တော့်ကို မထိရဲပါဘူး။ ကျွန်တော့်အပေါ် တစ်ခုခု အမှားလုပ်မိရင်လည်း လုပ်မိတဲ့ကောင်တွေ နာဖို့သာ ပြင်ပေတော့။ နောက်တစ်ခုက မောင်ငယ်က အဲဒီအချိန်တုန်းက ကျောင်းက မြန်မာစာဆရာမကို ပိုးနေတာ။ ကျွန်တော့်အိမ်မှာ နှင်းဆီပင်တွေက အများသား။ နေ့တိုင်း နှင်းဆီပွင့်တွေ ပွင့်တော့ မောင်ငယ်က ဆရာမကို နှင်းဆီပန်းတွေ ပေးပြီး ပိုးတယ်လေ။ ကျွန်တော်က သူ့အတွက် ပန်းတွေ ပံ့ပိုးပေးရတာပေါ့။
နောက်ပိုင်း သူ ၇ တန်း ၈ တန်းအထိ ကျွန်တော်နဲ့အတူ စာမေးပွဲတွေ အောင်လာခဲ့သေးတယ်။ ၈ တန်းမှာ ကျကျန်ရစ်ခဲ့တယ်။ ကျွန်တော်လည်း အထက်တန်းကျောင်းကို ပြောင်းသွားလိုက်ရတယ်။ အဲဒါနဲ့ သူနဲ့ သိပ်မတွေ့ဖြစ်တော့ဘူး။ နောက်ပိုင်း သူ အိမ်ထောင်ကျသွားတယ်။ ဟိုဘက်ကမ်းကို ပြောင်းသွားတယ်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါဘူး။ အရက် သောက်တတ်လာပြီး အချိန်ပြည့်နီးပါး မူးနေလေ့ရှိတယ်။ ဘယ်လောက်ပဲ သာခွေယိုင်အောင် မူးမူးပါ... ကျွန်တော့်က "ဟေ့... မောင်ငယ်" လို့ ခေါ်လိုက်တာနဲ့ "ဟာ... တရုတ်လေး ဘယ်သွားမလို့လဲ" ဆိုတာကို ပြန်ဖြေစမြဲပါ။
၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်တွေ မဖွင့်သေးတဲ့ ယောင်ချာချာ အချိန်တွေမှာ သူငယ်ချင်းတွေ ဖွန်ကြောင်ရင် အနောက်ကနေ စစ်ကူပေးခဲ့ပါတယ်။ သူငယ်ချင်းတစ်ဦးက မောင်ငယ်တို့ရွာကို ဖြတ်ပြီး သွားရတဲ့ ရွာတစ်ရွာက ကွမ်းတောင်ကိုင်ကို လူပျိုလှည့်နေပါတယ်။ မြစ်ကူးချောင်းကူး သွားရတဲ့အပြင် လယ်ကန်သင်းရိုးတွေပေါ်က ဖြတ်ပြီး ရွာတွေကို သွားရတာပါ။ တစ်နေ့ ရွာက အမူးသမား တစ်ယောက်က ဘာကို အမြင်ကပ်သလဲ မသိဘူး ဒုတ်ကြီးဆွဲပြီး လိုက်ရိုက်ပါလေရော။ ထုံးစံအတိုင်း ဖ၀ါးနဲ့တင်ပါး တစ်ထပ်တည်းကျအောင် ပြေးရတာပေါ့။ လမ်းခုလတ်မှာ မောင်ငယ်နဲ့ တွေ့လို့ ကံကောင်းတာပါပဲ။ မောင်ငယ်အရှိန်နဲ့ အဲဒီ အမူးသမားလည်း နောက်ကြောင်း ပြန်လှည့်သွားတယ်။ မောင်ငယ်ကိုယ်တိုင် လှေဆိပ်အထိ လိုက်ပို့တဲ့အပြင် ဒီဘက်ကမ်းအထိ လှေနဲ့ အတူ လိုက်လာခဲ့ပါသေးတယ်။ စိတ်မချလို့ ဆိုပဲ။ အင်း အခုတော့ အဲဒီ မောင်ငယ်လည်း လူ့လောကကြီးမှာ မရှိတော့တာ ကြာလှပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်မှာပဲ ဆုံးသွားခဲ့ပြီလေ။
၁၀ တန်းတုန်းက ကျွန်တော့် သူငယ်ချင်းတစ်ဦးက လူမိုက်ပါ။ ကျောက်မြောင်း အောင်မင်္ဂလာတ၀ိုက်မှာ အတော်လေး ဆိုးသွမ်းသူပါ။ ဆယ်တန်းကလည်း အခါခါကျနေတော့ အသက်က ကျွန်တော့်ထက် ၅ နှစ်လောက် ကြီးမယ်။ ဘယ်ကနေ ဘယ်လို သူက ကျွန်တော်ကို ခင်မင်နေလဲ မသိပါဘူး။ ကျွန်တော်နဲ့ဆို စကားပြောရင် အကောင်းပဲဗျ။ ကျွန်တော်ကလည်း အဲဒီလို သူများတကာတွေ မပေါင်းချင်တဲ့ အော်ကျောလန် လူတွေကို ပိုပြီး ခင်ခင်မင်မင် စကားပြောလေ့ရှိတယ်။ ကိုယ်တတ်နိုင်တဲ့ ကျောင်းစာဘက်မှာလည်း သူ့ကို အတော်လေး အကူအညီပေးခဲ့တယ်။ အဲဒီကြောင့်ပဲ ကျွန်တော့်ကို ခင်တာလား မသိပါဘူးဗျာ။
ကျူရှင်သွား ကျူရှင်ပြန် သူတို့နဲ့ သွားလာနေလို့ တစ်ခါက အိမ်အပြန်လမ်းမှာ ချောင်းရိုက်ခံရသေးတယ်။ မီးပျက်တဲ့ညမှာ ၀ိုင်းပြီး ပါးတွေ နားတွေ ရိုက်သွားကြတာပါပဲ။ အတော်လေးကို ပူထူသွားပါတယ်။ နောက်တစ်ပါတ် ကျူရှင်မှာ သူတို့နဲ့ တွေ့ဖြစ်တော့ အဲဒီအကြောင်းကို ပြန်ပြောဖြစ်ပါတယ်။ သိပ်တောင် မစောင့်လိုက်ရပါဘူး။ နောက်တစ်နေ့ည ကျူရှင်အပြန်မှာ ပွဲကြီးတစ်ပွဲ ဖြစ်တော့တာပါပဲ။ ဘယ်သူတွေက လူမှားရိုက်လဲဆိုတာ သူတို့ဘာသာ သူတို့သိထားကြပုံပဲ။ ကျူရှင်အချိန်မှာ လူစုပြီး သွားတီးကြတာပဲ။ ကျွန်တော်က ကိုယ့်ဘာသာ ကိုယ်အိမ်ပြန်သွားတော့ ပွဲကို မြင်တောင် မမြင်လိုက်ရဘူး။ သူတို့ လူစုလိုက်တာပဲ သိလိုက်ရတယ်။ ဆယ်တန်းဖြေပြီး နောက်ပိုင်းတော့ သိပ်မတွေ့မိတော့ဘူး။
တက္ကသိုလ်ရောက်တော့လည်း ကျောင်းမှာ ဘယ်သူမှ မပေါင်းတဲ့ ထောင်ထွက် ကျောင်းသားဟောင်းကြီးနဲ့ ပေါင်းဖြစ်တယ်။ သူက စတုတ္ထနှစ်မှာ ထောင်ကျသွားတာ။ ၁၉၉၅ မှာ ထောင်ကျခဲ့တာ ၂၀၀၃ မှာ ပြန်လွတ်လာတယ်။ ထောင်ထဲမှာ ၇ နှစ်တောင် နေခဲ့ရတော့ စာတွေလည်း မေ့ရောပေါ့။ စတုတ္ထနှစ်ကိုလည်း နှစ်ဝက်ကနေ တက်ရတော့ ကြားထဲမှာ လွတ်ထားတဲ့ စာတွေက အများသား။ လွတ်သွားတဲ့စာတွေကို ပြန်ကူးဖို့ ကျောင်းစာအုပ်တွေ ငှားတော့လည်း စာမေးပွဲနီးနေလို့ အတန်းထဲက သိပ်မငှားချင်ကြဘူး။ စာတွေ ရှင်းပြဖို့ကျတော့လည်း အဆက်အဆံ မလုပ်ချင်ကြဘူး။ အဲဒါနဲ့ပဲ ဘယ်သူမှ မပေါင်းတဲ့ လူတွေကျွန်တော်နဲ့ ရင်းနှီးခဲ့တယ်။ ကျောင်းစာတွေနဲ့ ပတ်သတ်ပြီး သူ့အိမ်ကို ၀င်ထွက် သွားလာဖြစ်သွားတယ်။ သူ့ဘွဲရတဲ့အထိ ကျွန်တော်နဲ့ နောက် သူငယ်ချင်းတစ်ဦးက အစွမ်းကုန် ကူညီခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ပြည်လမ်းက ပြင်သစ်ယဉ်ကျေးမှုးသံရုံးမှာ ပြင်သစ်စာ သင်ဖို့ စကော်လာရခဲ့တယ်။ ဒါပေမယ့် စီးပွါးရေးတစ်ဖက်နဲ့ ကျောင်းမှန်အောင် မတက်နိုင်ခဲ့ဘူး။ အဲဒီလိုပဲ သူ့ကျေးဇူးနဲ့ပဲ ရဲစခန်းက ခေါ်စစ်တယ်။ သူ့ကျေးဇူးနဲ့ပဲ သတိပေးခံရတယ်။ စောင့်ကြည့်ခံရတယ်။ သူကတော့ စက်တင်ဘာကတည်းက အထဲ ပြန်ရောက်နေပြီ။
ကျောင်းပြီးတော့ စီးပွါးရေးအသေးလေးကို သူငယ်ချင်းတွေနဲ့ ပေါင်းပြီး လုပ်ဖြစ်သေးတယ်။ ကိုယ်နေတဲ့ လမ်းမှာ မဟုတ်ပဲ အခြားရပ်ကွက်က လမ်းမှာ အလုပ်သွားလုပ်တော့ လမ်းထဲက လူမိုက်ပေါက်စလေးတွေက မိုက်ကြေးခွဲချင်ပါတယ်။ "ခေတ်မကောင်းလို့ ရူးချင်ယောင် ဆောင်နေတာ... ဘာကောင်မှတ်လဲ" ဆိုတာမျိုးလေးတွေနဲ့ မထိတထိ သွေးတိုးစမ်းကြပါတယ်။ ကျွန်တော်ကတော့ ကိုယ့်စီးပွါးရေးက အဓိကဆိုပြီး ဘာမှတော့ သိပ်မပြောပါဘူး။ သူငယ်ချင်းတွေကတော့ လက်ယားနေကြပြီ။ ခက်တာက အဲဒီကောင်လေးတွေ မသိတာက အခု စီးပွါးရေးကို ၀ိုင်းလုပ်နေတဲ့ သူငယ်ချင်းတွေက ဘယ်လို ဇ တွေ ရှိတယ်ဆိုတာ သူတို့ မသိတာပါ။ တခြားရပ်ကွက်ကနေ လာခဲ့တော့ နောက်ကြောင်း ရာဇ၀င်ကို သေချာမစုံစမ်းပဲ လျှော့တွက်တာ သူတို့အမှားပါပဲ။ နောက်ပိုင်းတော့ အစ်ကို ဆိုတာကို ပါးစပ်ဖျားက မချတော့ပါဘူး။ ဘယ်လို ဇ တွေ ရှိတဲ့ ဆိုတဲ့အကြောင်း သဘောပေါက်သွားကြတာကိုး။ သူတို့တွေ ဖင်တုန်အောင် ကြောက်နေရတဲ့ ဆရာကြီးတွေက ကိုယ်တွေနဲ့က ပေါဖော်ပေါဖက်တွေလေ။
အဲဒီလိုနဲ့ သွေးကြွတဲ့ လူငယ်တွေကြားမှာ လူမိုက် လူဆိုး မလုပ်ခဲ့ပေမယ့် သူတို့ကို လမ်းမမှားရအောင်တော့ အတတ်နိုင်ဆုံး နားချပေးခဲ့တယ်။ စကေဘာတွေ ဓါးမြောင်တွေ ဆောင်ထားရင် လက်နက်မှုနဲ့ ဖမ်းခံရမှာ စိုးလို့ ၀က်အူလက်တွေ ပြောင်းဆောင်ခိုင်းတယ်။ မဆောင်ထားပါနဲ့လို့ တားလို့မှ မရတဲ့အဆုံး လက်နက်မှု မမြောက်တဲ့အရာပဲ ဆောင်ခိုင်းထားရတာပဲလေ။ ရန်မဖြစ်နဲ့လို့ မပြောတော့ဘူး။ လက်မလွန်စေနဲ့လို့ပဲ ပြောတော့တယ်။ အရက် မသောက်နဲ့လို့ မမှာတော့ဘူး။ မူးပြီး မရမ်းဖို့ပဲ မှာတယ်။ ဆေးလိပ် မသောက်ဖို့ မဆူတော့ဘူး။ ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားတွေ မသုံးဖို့ပဲ စောင့်ကြည့်တော့တယ်။ အပျော်အပါး မမက်ပါနဲ့။ ပြည့်တန်ဆာတွေဆီ မသွားပါနဲ့လို့ မတားတော့ဘူး။ ကွန်ဒုံးဆောင်ဖို့ပဲ ကွန်ဒုံး အသုံးပြုပုံ မှန်ကန်ဖို့ပဲ သင်ပေးတော့တယ်။ ကွန်ဒုံးပါ အလကား ဝေပေးသေးတယ်။ အဟီး...
အဲဒီလိုနဲ့ပဲ ခပ်ဆိုးဆိုး သူငယ်ချင်းတွေကြားမှာ... ခပ်ပေပေ ခပ်တေတေ လူငယ်တွေကြားမှာ... ဘ၀ကို သိက္ခာရှိရှိ ဂျစ်ပစီတစ်ယောက်လို ဖြတ်သန်းရင်း ကျွန်တော်တစ်ယောက် လူဆိုးတစ်ပိုင်း ယောကျာ်းရိုင်းကြီး ဖြစ်ခဲ့ရသလိုပါပဲ။ ဟုတ်ကဲ့... ကျွန်တော် လူဆိုးလေးလား ခင်ဗျာ။ အဟက်...

11 comments:
တောကျီးကန်းတွေကြားထဲမှာ လည်း..ကျီး ဗိုလ် ကြီး ဖြစ်နေ သေး တယ် ဆို ပါတော့။။။
း)
ဒါကြောင့် ကျွန်တော် နဲ့ ပေါင်းလို့ ဖြစ်တာ နေမယ် ... :P
ငါးကြော်မကြိုက်တဲ့ ကြောင်မိုက်ကြီး...
Bravo!!! လူမိုက်တွေကြားထဲ ကိုယ်ပါ မိုက်မသွားတဲ့အတွက်...
တစ်ခုတော့ ထပ်ပြောမယ်
Try to be a Bad Guy for the Real Bad Guys...
ကျနော်ကြားဖူးတာတစ်ခုက တော့ ရွှေရှိရာ ရွှေလာဆိုလား ဘာဆိုလား :)
မကေရေ...
သူများတကာတွေရဲ့ ဘ၀လို့ မလှပပေမယ့် ဖြူစင်တဲ့ နှလုံးလှ ပိုင်ရှင် အကျည်းတန်လေးတွေပါဗျာ။ ကျွန်တော်က ဗိုလ်ကြီး မဟုတ်ပါဘူးဗျာ။ တော်ကြာ ဆိတ်ဗိုလ်ကြီးဆိုပြီး ထင်ခံနေရအုံးမယ်။ မုတ်ဆိတ်မွှေးက ထားတာ ၂ လ ပဲ ရှိပါသေးတယ်ဗျ။
ကိုစိုးထက်...
ဆရာသမားလည်း ဇ ရှိပုံပဲနော်။ ဘာ ဇ လည်းတော့ ကျွန်တော်လည်း မသိဘူး။ အဟဲ..
သုံးဖက်မြင်အရူး
မင်းလည်း လူမိုက်ပဲလေ။ ငါ ပေါင်းတဲ့အထဲမှာ မင်းလည်း ပါတယ် ဆိုတာ မမေ့နဲ့။ ငါ့သိတဲ့ ဘဏ်တွေ ပြိုလဲရတဲ့ တရားခံထဲမှာ မင်း ပါတယ်ဆိုတာ မမေ့နဲ့နော်။ ဘဏ်က ကောင်မလေးတွေ ခဏ ခဏ ခွင့်ယူရတာ မင်းကြောင့်။ အဟက်... (စတာနော် အတည်)
ကိုရွာသားလေး
ရွှေရှိရာ ရွှေလာသလို ကျွန်တော်ဆီကို အခုလာတာ ဘယ်သူလဲ ဟင်။ ဟ ဟ.... ဘယ်ရယ်တော့ မဟုတ်ပါဘူး။ ကိုယ့်စကားနဲ့ ကိုယ်ပြန်ချည် ခံရတာကို လက်တွေ့ ပြတာပါ။ (ဒါလည်း စတာနော် အတည်)
လူမိုက်လေးလဲ မဟုတ်ပါဘူး... လူမိုက်ကြီးလဲ မဟုတ်ဘူးလို့ ထင်တာပဲ... စေတနာထားတတ်တယ်လို့ပဲ ယူဆသွားတယ်နော်...း)
အချစ်ရေ့ .. ကိုယ်ဟာ လူဆိုးလေးပါ...
ကြယ်စင်နတ်သမီးက... ပညာရှိဆန်ဆန် ရေးသွားတယ်။ လူမိုက်လေးလည်း မဟုတ်ဘူး။ လူမိုက်ကြီးလည်း မဟုတ်ဘူးတဲ့။ ဒါဆို သူ ပြောချင်တာက ကျွန်တော်ဟာ လူမိုက်လတ်ပေါ့နော်။ အဟ...
Republic က အသံကောင်းကြောင်း ကြွားတဲ့အနေနဲ့ သီချင်း ၀င်ဆိုသွားပုံပဲ။ ၁ ပုဒ် ၅ ကျပ်... ၃ ပုဒ် ၁၀ လား ခင်ဗျာ။ :P
လူမိုက်ကို
အားပေး အားမြှောက်လုပ်တယ်
လူမိုက်ထက် ပိုမိုက်တဲ့ ဦးဒရမ်း
:P
နှင်းပွင့်ဖြူလေးရေ...
ကျွန်တော် လူမိုက်ထက် ပိုမမိုက်ပါဘူးဗျာ။
လူမိုက်တွေလောက်လည်း မမိုက်တတ်လို့ တခါတလေ တဇွတ်ထိုး တဇော်ကန်း မိုက်လိုက်ချင်တယ်ဗျာ။ ဒါပေမယ့် မိုက်တယ် ဆိုတာလည်း လွယ်တာမှတ်လို့...
http://akm-kuntha.blogspot.com/2009/09/blog-post_3301.html
လုပ်တတ်ရင်လုပ်ပါလား တို့တော့မလုပ်တတ်လို့မလုပ်ဘူး ။ ပိုစ် မှာ ဂျုလိုင်ညွန်းတာတွေ သွားဖတ်လို့။ နဂိုစာမျက်နာပျောက်သွားလို့။ စီဘုံးက ဂျုလိုင်ကို ဘဲနိပ်လိုက်ရတယ်။ ဒီကလည်းနိပ်ချင်နေတာနဲ့အတော်ဘဲ။
Post a Comment