.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, November 2, 2008

Don't think high

ကျေးဇူးပြုပြီး ကျွန်တော့်အပေါ်မှာ အများကြီး မတွေးထားပါနဲ့။ အများကြီး မမျှော်လင့်ပါနဲ့။ ကျွန်တော်ဟာ လူတွေထဲက သာမန်လူတစ်ယောက်ပါ။ ကျွန်တော်မှာ ခေါင်းနှစ်လုံး မပါပါဘူး။ အသည်း နှလုံး နှစ်စုံ မပါပါဘူး။ မျက်လုံး နှစ်လုံး၊ နား နှစ်ပေါက်နဲ့ ပါးစပ်တစ်ပေါက်ရှိသလို ခံစားတဲ့ စိတ်ကလည်း အခြားလူတွေလိုပါပဲ။ အခြားသူတွေလို ကျွန်တော် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်ပါတယ်။ အခြားသူတွေလို ဒေါသထွက် စိတ်ဆိုးတတ်ပါတယ်။ ချစ်တတ်တယ်။ မုန်းတတ်တယ်။ ကြည်နူးတတ်တယ်။ ကြေကွဲတတ်တယ်။

"ခင်ဗျားကို အထင်ကြီးခဲ့တယ်။ ခင်ဗျားကို လေးစားခဲ့တယ်။ ခင်ဗျားလုပ်ခဲ့တဲ့ လူမှုရေးအလုပ်တွေကို ကြည့်ပြီး ခင်ဗျားကို ကြည်ညိုခဲ့တယ်။ အခုတော့ အဲဒါတွေက အလကားပဲဗျာ။" အွန့်... ဘာကြီးလဲဟ။ ခက်တာပဲဗျာ။ လူမှုရေးအလုပ်တွေ လုပ်တယ်ဆိုတာ အကြည်ညိုခံချင်လို့ လေးစားခံချင်လို့ လုပ်ခဲ့တာမှ မဟုတ်တာဗျ။ ကိုယ်ဝါသနာပါလို့ ကိုယ်လုပ်ခဲ့တာပါ။ ဒါတွေ ကျွန်တော်လုပ်ထားတယ်။ ကြည်ညိုကြပါ။ လေးစားကြပါလို့ တစ်ခါမှ မပြောမိခဲ့ပါဘူး။ အဲဒီလို စိတ်လည်း မဖြစ်ခဲ့ပါဘူး။

နောက်တစ်ခုက အဲဒါတွေလုပ်နေတိုင်း ကိုယ်က သိက္ခာတော်ရ ဆရာတော်ကြီးတွေလို သီလ သမာဓိ ပညာနဲ့ နေထိုင်နေရမှာလား။ ကိုယ်က အပြောအဆိုလေး မှားလိုက်ရင် မရဘူးလား။ ကိုယ်က တည်တည်ကြည်ကြည် နေရမှာလား။ ကိုယ်က အရွှတ်အနောက်တွေ ပြောလို့ မရဘူးလား။ ကိုယ်က စိတ်ဆိုး ဒေါသထွက်လို့ မရဘူးလား။ ကိုယ်က ဆူပူအော်ဟစ်လို့ မရဘူးလား။ ရင့်ရင့်သီးသီး ပြောလို့ မရဘူးလား။ ရိုင်းရိုင်းစိုင်းစိုင်း ပြောခွင့် မရှိဘူးလား။ တခါတလေ ငြိမ်ငြိမ်လေး နေခွင့် မရနိုင်ဘူးလား။

လူကို လူလို့ပဲ မြင်ပေးပါ။ လူတိုင်းဟာ အရူးကြီးပါပဲ။ ပြင်ပလောကမှာ ခင်ဗျားတို့ သိတဲ့ ကိုဇူလိုင်သည် အခြားတစ်နေရာမှာ တစ်ခြားပုံစံနဲ့ ထူးထူးခြားခြား ရှိနေနိုင်ပါတယ်။ ထူးမခြားနားလည်း ဖြစ်နေနိုင်ပါတယ်။ ဘ၀တွေကို မရောနှောချင်ပါနဲ့။ သီးခြားဘ၀မှာ လွတ်လပ်စွာ တည်ရှိခွင့်ပေးပါ။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ဘောင်ခတ်ကြည့်ထားတဲ့ လေးထောင့်ကွက်လေးထဲမှာ ကျွန်တော် ငုတ်တုပ်လေး ထိုင်ပေးနေရမှာလား။ ခင်ဗျားတို့ဘာသာ စိတ်ကြိုက်သွန်းလောင်းထားတဲ့ ပုံစံခွက်ထဲမှာ အရည်တစ်ခုလို ပုံမပျက်လေး ပျော်ဝင် စီးဆင်းပေးရမှာလား။ ကျေးဇူးတင်ပါတယ်ဗျာ။

"သြော်... ဒါနဲ့ ဘယ်သူ့ကို ပြောနေတာလဲ" ဆိုပြီး လာမေးကြမှာ မြင်ယောင်နေပါတယ်။ ကျွန်တော့်ဘလော့ကို လာဖတ်နေတဲ့သူတွေကို ပြောတာမဟုတ်ကြောင်း အာမခံ ပြောကြားနိုင်ပါတယ်။ "ဟမ်... ဒါဖြင့် ဘာလို့ ဘလော့မှာ လာရေးနေတာလဲ။ သူလည်း ဖတ်နိုင်မှာမှ မဟုတ်တာဗျာ" လို့ ထပ်မေးလာရင် ဖြေမိမှာက သူတို့တွေ ဖတ်ဖို့ ကျွန်တော် စာရေးနေတာမှ မဟုတ်တာ။ ကျွန်တော့်ဘာသာ ကျွန်တော် ရေးချင်လို့ကို ရေးတာပါ။ ကျွန်တော် ကျွဲပါးစောင်းတီး ဒင်ဒေါင်ဒင်ဒေါင် မလုပ်ချင်တော့ပါဘူး။ နွားကိုလည်း ပလာတာ မကျွေးချင်ပါဘူး။ နွားကို ပလာတာ မကြွေးတာက အကြောင်းရှိပါတယ်။ ကျွန်တော် ပလာတာကြော်ရင် ဖင်မဲသွားလို့ပါ။ ဖင်မဲတာက ပလာတာပါ။ သေချာဖတ်ပါ။

9 comments:

နှင်းဆီနီနီ said...

မနေပါနဲ့ လေးထောင့်ထွက်ထဲကနေ ထွက်နေလေ။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ လေးထောင့်ကွတ် ကျဉ်းကျဉ်းလေးထဲမှာ မနေမိပါစေနဲ့ ကိုဇူလိုင်။ တစ်ခါတလေ အ၀ိုင်းခွက်ထဲပြောင်းနေ။ :P

tututha said...

ဒါပေါ့ဒါပေါ့ ပန်းဂေါ်ဖီတပွင့်ကို ဂေါ်ဖီထုပ်ကြီးအဖြစ် မျှော်လင့်ချင်လို့ဘယ်ရမလဲကွယ် ငှဲငှယ် ....။

JulyDream said...

အိသွပ်ရေ...
ပေါသလိုလို ကြောင်သလိုလိုနဲ့ ဓါးခုတ်ရာ လက်ဝင်လျှိုချင်နေတယ်ပေါ့။ ဟုတ်လား။

ရှင်ဂွမ်းသာရေ...
ဂေါ်ဖီထုပ်ကနေ ဂေါ်ဖီပန်း ပွင့်တယ်လို့ ထင်နေတဲ့ လူတွေ အများကြီးနော်။

PTi said...

ဖြစ်တတ်ပါတယ်လေ...

masumon said...

ပလာတာစားမလို့ ဟာ ဖင်လှန်ကြည့်မိတာနဲ့ မစားချင်တော့ဘူး..(စတာ)
ကိုယ့်စိတ်ကို ကိုယ်ပိုင်ပါတယ်ရှင်
ဘာလဲတော့ မသိဘူး...ဖြစ်တတ်ပါတယ် ဘာပဲပြောပြော အခုလို ပို့ စ်လေးတင်ပြီး ရေးလိုက်တော့ ပေါ့သွားတယ်မဟုတ်လား...ဘလော့ဆိုတာ ကိုယ်ရဲ့ထဲက ခံစားချက်တွေ အန်ချတဲ့နေရာပဲ ရေးသာရေး အားပေးမယ့် ပရိတ်သတ်ရှိတယ်

missthonnthonn said...

ခုတစ်လော ဘလော့ဂ်တွေမှာ ဝိုင်းအပြောခံရတာ၊ တိုက်ခိုက်ခံရတာ၊ စိတ်ညစ်တာ ၊ စိတ်လေတာ ၊ စိတ်ပျက်တာတွေချည်းပဲ တွေ့နေရတယ်။ ကိုယ်လည်း လေနေတဲ့ထဲမှာ ပါတယ် ကိုယ့်လူ။ နားလည်တယ် ပေါက်ကွဲပစ်လိုက်။

ရွှန်းမီ said...

:-)
ဟုတ်.. လူကို လူလို့ မှတ်ပြီးသားပါ။

နှင်းဆီနီနီ said...

အကောင်းနဲ့လည်းပြောရသေးတယ်။ လေးထောင့်နဲ့ အ၀ိုင်းနဲ့ဆို အ၀ိုင်းက ပိုကျယ်တယ်ထင်ရတယ်။ ကိုဇူလိုင်က လေးထောင့်ကြီး ကြိုက်နေရင်တော့လည်း မသိဘူးလေ။
မှားလို့ ဦးတောကျီးရဲ့။

khin oo may said...

ရယ်ရတယ်။ ဒါပေမဲ့မှန်ပါတယ် kom ကိုလည်းနစ်ကျပ်တန်ဆိုင်မှာ ဝင်ရွေးခွင့်ပြု့ပါ။