.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, August 14, 2010

Handphone

မြို့တော်ရန်ကုန်မှာ လက်ကိုင်ဖုန်းတွေ ဝယ်ရတာ လွယ်သွားပြီ။ CDMA ငါးသိန်းတန်ဖုန်းတွေကို အလွယ်တကူ လျှောက်လို့ရနေပြီတဲ့။ အစဦးပိုင်းကတော့ ကိုယ်ဖုန်းလျှောက်တဲ့ မြို့နယ်ထဲမှာပဲ သုံးလို့ရတယ်တဲ့။ အခုတော့ ရန်ကုန်တစ်မြို့လုံးနီးပါး သုံးလို့ရပြီတဲ့။ ဖုန်းထဲမှာ ပိုက်ဆံကုန်သွားရင် ထပ်ဖြည့်လို့ရတဲ့အတွက် စင်္ကာပူက Pre-paid ကဒ် ဖုန်းတွေလိုမျိုးလို့ နားလည်မိထားတယ်။ ရှေ့တစ်ခါက ရန်ကုန်မှာ Pre-paid ဖုန်းကဒ်တွေ ပေါ်ခဲ့ပေမယ့် ဖုန်းထဲမှာ ပိုက်ဆံကုန်သွားရင် အဲဒီဖုန်းနံပါတ်က ဆက်သုံးလို့ မရတဲ့အတွက် သိပ်တော့ အဆင်မပြေလှဘူး။ ဒါပေမယ့် အများသူငါ လက်လှမ်းမိတဲ့ ဈေးနှုန်းမှာ ရှိနေပါတယ်။

ကျွန်တော် ရန်ကုန်မှာ ရှိနေတုန်းက လက်ကိုင်ဖုန်းတစ်လုံးလောက် ရှိချင်ခဲ့မိတယ်။ ကိစ္စရှိလို့ ဖုန်းဆက်ချင်ရင် ဖုန်းဆိုင်ပြေးရတယ်။ ဖုန်းလာရင် အိမ်မျက်စောင်းထိုးက ဖုန်းဆိုင်ကို အပြေးတပိုင်း သွားရတယ်။ ညကြီးမိုးချုပ် အရေးကြီးလို့ ဖုန်းဝင်လာရင် ဆိုင်ကလည်း သိပ်မခေါ်ပေးချင်ဘူး။ အရေးကြီးလို့ ခေါ်ပေးပါ ဆိုလို့တာ ခေါ်ပေးရှာတာ။ ညကြီးမိုးချုပ် ဖုန်းသွားကိုင်ရတဲ့အခါ ဆိုင်ကိုလည်း အားနာမိတယ်။ ဖုန်းက အသုံးများတာ မဟုတ်ပေမယ့် လက်ကိုင်ဖုန်း ကိုင်ချင်တယ်။ ဒါပေမယ့် ဆပ်စလူးလို့ နာမည်ပြောင် ပေးထားတဲ့ ဖုန်းဈေးက ခေါင်ခိုက်နေတယ်။ စီးပွါးရေးအတွက် သုံးမှာ မဟုတ်တဲ့အတွက် ဖုန်းမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ခဲ့ဘူး။

စကာင်္ပူကိုရောက်တော့ လက်ကိုင်ဖုန်းဈေးက သက်သာတယ်။ လူတိုင်းလိုလို ဖုန်းကိုင်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဖုန်းရှိမှလည်း အလုပ်ရှာရတာ လွယ်မယ်။ အဲဒါနဲ့ပဲ အသိတစ်ယောက် လိုက်ဝယ်ပေးလို့ Singtel Pre-paid နံပါတ်တစ်ခု ယူလိုက်တယ်။ ဟန်းဆက်ကိုလည်း တော်ရိရော်ရိ စလုံးဒေါ်လာ ၁၀၀ တန်လေးပဲ မူစတာဖာမှာ ဝယ်ခဲ့လိုက်တယ်။ Nokia လေးပေါ့။ အလုပ် မရှိသေးတဲ့အတွက် လိုင်းဝယ်လို့ မရသေးတော့ ဟန်းဆက်က ကိုယ့်ဘာသာ ဝယ်ရတယ်။ အဲဒီအချိန်က စပြီး လက်ကိုင်ဖုန်းကို မုန်းတတ်လာပါတော့တယ်။

စစချင်း မုန်းမိတာက အလုပ်အတွက် အင်တာဗျူး မခေါ်ခင် အကြို မေးမြန်းတတ်တဲ့ ဖုန်းတွေပေါ့။ တချို့က အေးဂျင့်တွေပါ။ စုံပလုံစိအောင် မေးမြန်းတာကို ဖြေနိုင်ဖို့ ကြိုးစားရသလို မြန်လွန်းလှတဲ့ စကားပြောသံကို မလိုက်နိုင်လို့ ခဏခဏ ပြန်မေးရတာလည်း စိတ်ကုန်မိပါတယ်။ လခကိစ္စကိုလည်း ဈေးဆစ်ပါသေးတယ်။ ဟိုလောက် ထားနိုင်မလား၊ ဒီလောက်လေးဆို အိုခေမလားပေါ့။ နောက်ဆုံးတော့လည်း ထူးမခြားနား ဇာတ်ပါပဲ။ အင်တာဗျူး ခေါ်မယ်ဆိုရင်လည်း လိပ်စာကို အသေအချာ လိုက်မှတ်ရသေးတယ်။ သူတို့ကတော့ ရွှတ်ခနဲ ပြောချသွားတာပဲ။ တစ်ခါမှ မကြားဖူးတဲ့ လမ်းအမည်တွေဆိုတော့ ကိုယ့်အတွက် လိပ်စာတွေက အဆန်းတွေပဲလေ။ အဲဒီလိုနဲ့ပဲ ဖုန်းသံကြားရင် ရင်တုန်တတ်လာတယ်။

အလုပ်ရသွားတော့လည်း အစပိုင်း နှစ်တွေမှာ လက်ကိုင်ဖုန်းနံပါတ်က ရုံးကိစ္စအတွက် အသုံးနည်းပါတယ်။ ရုံးဖုန်းလည်း ရှိပေမယ့် သိပ်မသုံးဖြစ်ပါဘူး။ ရုံးကိစ္စတွေကို အီးမေးလ်နဲ့ပဲ အဆက်အသွယ် လုပ်ဖြစ်တယ်။ ဒီလိုနဲ့ ၁ နှစ်ခွဲလောက် လုပ်ပြီးရော 24/7 Support အဖွဲ့မှာ ဝိုင်းကူလုပ်ပေးပါ ဆိုတာကို အားနာနာနဲ့ လက်ခံလိုက်တာ ခါးပါသွားလေရောကွယ်။ အဲဒီလို ဂျူတီရှိတဲ့ အပတ်မှာဆို ရုံးကို နေ့လည် ၂ နာရီမှ လာရပြီး ည ၁၀ နာရီမှ ပြန်ရမယ်တဲ့။ မနက်ပိုင်းတွေ အားနေနိုင်တဲ့အတွက် တချို့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လုပ်နိုင်မယ် ဆိုပြီး လက်ခံလိုက်တဲ့ သဘောလည်း ပါတယ်။ နောက်ပိုင်းတော့ ရုံးကို ပုံမှန်အတိုင်း လာရမယ်၊ ဖုန်းဝင်လာရင် ပြန်ဖြေပေးရုံပါပဲ... ဆိုပြီး ပြန်ပြင်လိုက်တော့ အလုပ်ချိန် ဒုံရင်းက ဒုံရင်းပြန်ဖြစ်သွားတယ်။ တာဝန်တစ်ခု ပိုသွားတာပဲ အဖတ်တင်လိုက်တယ်။

စင်္ကာပူမှာ အလုပ်ချိန် ပြီးသွားပေမယ့် ကုလားပြည်မှာ အလုပ်ချိန်က မပြီးသေးဘူး။ အဲဒီလိုပဲ စင်္ကာပူမှာ မိုးမလင်းသေးဘူး ဆစ်ဒနီမှာ အလုပ် စ လုပ်နေပြီ။ အဲဒါကြောင့် အဲဒီလိုဂျူတီရှိတဲ့ အပတ်ဆို ညကြီး မိုးချုပ်၊ မနက်ဝေလီဝေလင်း ဝင်လာသမျှ ရုံးကိစ္စ ဖုန်းတွေကို တာဝန်ခံ ဖြေပေးရတယ်။ သက်ဆိုင်တဲ့ ဌာနတွေကို လွှဲပေးရတယ်။ အရေးကြီးတဲ့ ကိစ္စဆိုရင် သူတို့လည်း အိပ်ချင်မူးတူးနဲ့ ဖြေရှင်းရတာပေါ့။ တချို့က ဘာမှ မဟုတ်တဲ့ ပြဿနာကို ဇာချဲ့ပြီး ဖုန်းဆက်တယ်။ တချို့က ညဘက်မှာ သူတို့ အလုပ် လုပ်နေတယ် ဆိုတာ သိစေချင်လို့ တမင်တကာ ဖုန်းဆက်တယ်။ တချို့မန်နေဂျာက ကျွန်တော် တာဝန်ယူတဲ့ အပတ်မှာ တကယ် ဖုန်းဖြေလား မဖြေလား သိချင်လို့ အခုဖြေနေတာ ဘယ်သူလဲ ဘာလဲ ဖုန်းဆက်ပြီး စစ်ကြတယ်။ အဲဒီလို ဖုန်းတွေ ဝင်လာသမျှကို အလူးအလဲ ဖြေပေးရတာ စိတ်ကုန်မိတယ်။

ရုံးကိစ္စတွေကြောင့် လက်ကိုင်ဖုန်းကို စိတ်ကုန်သလို သူငယ်ချင်းတွေကြောင့်လည်း စိတ်ပျက်မိတာ ရှိပါတယ်။ တခါတလေ ရုံးမှာ အစည်းအဝေး ရှိနေတဲ့အခါ ဖုန်းကို စားပွဲအံဆွဲထဲမှာ ထည့်ခဲ့ပြီး အစည်းအဝေးခန်းထဲ ဝင်နေရတာမျိုး ရှိတတ်ပါတယ်။ အစည်းအဝေး ဆိုတာကလည်း ၁ နာရီ ၂ နာရီပဲ ကြာတဲ့ အစည်းအဝေးမျိုး ရှိသလို မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ လုပ်တဲ့ အစည်းအဝေးတွေလည်း ရှိတတ်ပါတယ်။ ၁၀ မိနစ် ၁၅ မိနစ်လေး အစည်းအဝေးခန်းထဲ ဝင်ရတာမျိုးကို အစည်းအဝေး လုပ်တယ်လို့ ရုံးမှာ မခေါ်တတ်ဘူး။ အဲဒီလို ကာလတွေမှာ ဖုန်းတွေ ခေါ်ထားသမျှကို ဂရုမစိုက်အားပါဘူး။ ဖုန်းခေါ်ထားတာတွေကို အစည်းအဝေးပြီးမှ တွေ့မိရင်လည်း တခါတလေ ဖုန်းပြန်ခေါ်ဖို့ မအားတတ်ပါဘူး။ နောက်မှ ဖုန်းပြန်ခေါ်မယ်လို့ စိတ်ထဲမှာ မှတ်ထားလိုက်ပေမယ့် တခြားကိစ္စတွေ ပေါ်လာတဲ့အခါမျိုးမှာ မေ့သွားတတ်ပြန်တယ်။ အရေးကြီးကိစ္စရှိရင် ထပ်ခေါ်လိမ့်မယ်လို့ ထင်မိတာမျိုးလည်း ရှိပြန်တယ်။ အဲဒီလို အခါတွေမှာ ဖုန်းပြန်မဖြေလို့ ဘယ်ရောက်နေလဲ သွေးကြီးတာလား ဘာလဲ ညာလဲ ဆိုပြီး အီးပေါက်ရင် စိတ်တိုမိပါတယ်။

ဒါကြောင့် မရှိမကောင်း ရှိမကောင်း... ဆိုတဲ့အထဲမှာ ကျွန်တော့်အတွက်တော့ လက်ကိုင်ဖုန်းလည်း တစ်ခု အပါအဝင်ပေါ့ဗျာ။

4 comments:

Rita said...

ကိုယ်ရေးချင်ရက်နဲ့ မရေးဖြစ်လိုက်တဲ့ အကြောင်းတွေ...

fb မှာတော့ တင်လိုက်သေးတယ်။ အတိုလေး။ စာချိုးလေးတောင် ထည့်လိုက်သေးတယ်။

"မကိုင်မကောင်း ကိုင်မကောင်းတည့်
မပြောလည်းခက် ပြောလည်းခက်၏" ဆိုပြီး...

စန္ဒကူး said...

ရန်ကုန်မှာနေတုန်းကလဲ hand phone လေးတစ်လုံးလိုချင်ခဲ့ဖူးတယ်။ နောက်တော့ ဖုန်း ဘေလ် တွေ မတရားဆောင်ရတာမြင်ရတော့ မလိုချင်တော့ ဘူး။ ဒီရောက်ပြန်တော့ hand phone လေးရှိပါတယ်။ ဘယ်သူမှဖုန်းမခေါ်ကြဘူး။ ဈေးကြီးလို့တဲ့.. အိမ်ဖုန်းနဲ့ ရုံးဖုန်းဘဲ တရစပ်ဖြေနေရတယ်။
တစ်ခါတစ်လေ လိုချင်တိုင်းလဲမရှိသလို၊ ရှိတိုင်းလဲ အသုံးမ၀င်ပြန်ဘူး။း))

Younggun said...

လောလောဆယ် .. မရှိတာ ကောင်းနေတယ်ဗျာ...။ ဖတ်ရတာ မောသွားတယ်။ .. အော်.. ဖုန်း.

Vista said...

မုန်းလိုက်တာ ..
24/7 on call နေရတဲ့ ရက်တွေဆို ဖုန်းကိုမကြည့်နိုင်ဘူး