.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, March 30, 2009

1818 Donation

၁၈၁၈ ဆိုလို့ အလှူငွေ တစ်ထောင့်ရှစ်ရာတစ်ဆယ့်ရှစ် ဒေါ်လာလို့ ထင်တော်မမူကြပါနဲ့။ ၁၈၁၈ ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်းလည်း မဟုတ်ပါဘူး။ စင်္ကာပူကျွန်းပိစိမှာ M1 က ထုတ်တဲ့ နိုင်ငံတကာ ဆက်လို့ရတယ် ဆိုတဲ့ ဖုန်းကဒ်လေးပါ။ ကဒ်တစ်ကဒ်ကို ၁၀ ဒေါ်လာပေးရပါတယ်။ မြို့လည်ကောင် ပင်နီဇူလား ပလာဇာမှာ ၀ယ်ရင် ဖုန်းတစ်ကဒ်ကို ၈ ဒေါ်လာနဲ့ ရပါတယ်။ တချို့ဆိုင်တွေမှာတော့ ၈ ဒေါ်လာခွဲပါ။ မြန်မာပြည်ကို ဆက်ရင် ကဒ်တစ်ကဒ်ကို ၂၃ မိနစ်စာ ဖုန်းခေါ်လို့ရပါတယ်။ စလုံးရောက် ရွှေမြန်မာတွေ အသုံးများတဲ့ ကဒ်လေးပါ။

ကျွန်တော်လည်း စလုံးကို ရောက်နေတာဆိုတော့ မြန်မာပြည်ကို ဖုန်းဆက်တဲ့အခါ အဲဒီကဒ်ပဲ သုံးဖြစ်ပါတယ်။ ကျေးဇူးရှင်မိဘနှစ်ပါးနဲ့ ပြောစရာရှိရင်လည်း အဲဒီကဒ်နဲ့ ဆက်ဖြစ်တယ်။ ပြောမနာဆိုမနာ သူငယ်ချင်းတွေနဲ့ ဟိုဟိုဒီဒီ ပွားစရာရှိရင်လည်း အဲဒီကဒ်ပဲ သုံးဖြစ်တယ်။ အဲဒီကဒ်က မြန်မာပြည်တွင်းက လူမှုရေးလုပ်ငန်းတွေ အလှူအတန်း ပံ့ပိုးမှုတွေမှာလည်း ကြားခံဆက်သွယ်ရေး တာဝန်ခံပဲပေါ့။ အဲဒီလိုပဲ တစ်ယောက်သောသူနဲ့ ကျွန်တော့်ကြားမှာလည်း မေတ္တာပေါင်းကူး အလားသဏ္ဍာန်ပါပဲ။

အရင်တုန်းကတော့ အထွေအထူး ပြောစရာ ဆိုစရာ မရှိဘူးဆိုရင် ၁ လကို ၃ ကဒ်လောက် သုံးဖြစ်ပါတယ်။ မြန်မာပြည်မှာ နာဂစ်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်တုန်းကတော့ ရန်ကုန်နဲ့ ဆက်သွယ်ဖို့ ၁ လကို ဖုန်းကဒ် ၁၅ ကဒ်နဲ့ ၂၀ ကဒ်အကြား သုံးဖြစ်ခဲ့တယ်။ အဲဒါကလည်း ၃ လ... ၄ လ... လောက်ပါပဲ။ အဲဒီနောက်ပိုင်းတော့ ၁ လကို ၃ ကဒ်လောက်ပဲ သုံးဖြစ်ပြီး အခြေအနေ ပုံမှန်ပြန်ဖြစ်သွားတယ်။ အခု ၂၀၀၉ မတ်လမှာတော့ စံချိန်တင်လောက်အောင် ၁၈၁၈ ကဒ် ၃၀ နီးပါး သုံးဖြစ်ခဲ့တယ်။ ရန်ကုန်ကနေ ပြန်လာပြီး နောက်ပိုင်းမှာ ထူးဆန်းတဲ့ ရောဂါတစ်ခု ၀င်လာတယ်။ ဘာကြောင့်လဲဆိုတာကို လေကုန်ခံ လက်ညောင်းခံပြီး မမေးနေပါနဲ့။ ဒါကြောင့် နေမြင့်လေ အရူးရင့်လေလို့ သဘောထားလိုက်ကြပါ။

အဲဒီလောက် အများကြီး သုံးဖြစ်လို့ ၁၈၁၈ ကို လှူတယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ပေးလိုက်ရတဲ့ ငွေကြေးတန်ဖိုးနဲ့ ပြန်ရလိုက်တဲ့ ၀န်ဆောင်မှုကို တန်တယ်လို့ ယူဆထားတဲ့ ကျွန်တော့်အတွက် ဒီကဒ် ၃၀ စာအတွက် ငွေကုန်ရတာကို မနှမျှောမိပါဘူး။ ကိစ္စရှိလို့ ဖုန်းဆက်တဲ့အခါမှာ တန်ရာတန်ကြေး အချိန်အတိုင်း ဖုန်းပြောဖြစ်လိုက်ရရင် ကျေနပ်ပါတယ်။ ၂၃ မိနစ်စာကို ၂၃ မိနစ် ပြောလိုက်ရတာမျိုးပေါ့။

အခု လှူတယ်ဆိုတာကျတော့ ကိုယ်က ဘာမှ မပြောလိုက်ရပဲ ဖုန်းကဒ်ထဲက ပိုက်ဆံတွေ အဖြတ်ခံရတာမျိုးကို ပြောချင်တာပါ။ မတ်လ ၂၇ ရက်... တော်လှန်ရေးနေ့ မတိုင်ခင်ကလည်း ဖုန်းတွေ ကောင်းကောင်း ပြောလို့ မရပါဘူး။ နေ့စဉ်ရက်ဆက်တော့ မဟုတ်ပါဘူး။ တချို့ရက်တွေ ဖုန်းဆက်လို့ မရပါဘူး။ တော်လှန်ရေးနေ့ ပြီးသွားတော့လည်း ဆက်လို့ မရပြန်ဘူး။ အခုဆို တော်လှန်ရေးနေ့ ပြီးခဲ့တာ ၃ ရက်ရှိသွားပြီ။ အဲဒါလည်း ဖုန်းဆက်လို့ မရသေးဘူး။ ဘာနေ့ထူးနေ့မြတ်တွေ ဆက်ရှိနေသလဲတော့ မသိပါဘူး။

ရန်ကုန်ကို ဖုန်းဆက်လိုက်ရင် ဖုန်းခေါ်သံကိုတော့ ကြားနေရတယ်။ ဒါပေမယ့် တကယ့် ဖုန်းခေါ်သံ အစစ် မဟုတ်ဘူး။ အသံက နည်းနည်းကွာတယ်။ တခါတလေကျရင် ဘာအသံမှ မကြားရဘူး။ တခါတလေမှာတော့ တရုတ်သံနဲ့ အိစိကွစိတွေ ပြန်ပြောပါတယ်။ တခါတလေဆိုရင် ထိုင်းအသံနဲ့ ပြောတာကိုလည်း ကြားရတယ်။ ကြားရတာတွေက ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက ဖုန်းခေါ်လို့ မရပဲ ကဒ်ထဲက ပိုက်ဆံတွေ အဖြတ်ခံရတာပါ။ အသားလွတ်ကြီး နစ်နာတယ်လို့ ခံစားရတယ်။ သဲထဲ ရေသွန်သလိုပဲ။

နည်းပညာအရ ဟိုဘက်က ဖြစ်တာလား ဒီဘက်က ဖြစ်တာလား ဆိုတာကို ကျွန်တော်တော့ သေချာမသိပါဘူး။ သိကြတဲ့အတိုင်း မြန်မာပြည်က GSM ဖုန်းတွေကလည်း ခေါ်မကြား အော်မကြားတွေပဲလေ။ လိုင်းကလည်း မိတစ်ချက် မမိတစ်ချက်။ ဟိုဖြတ်ဒီဖြတ်တွေလည်း ရှိချင်ရှိနိုင်ပါတယ်။ ပင်လယ်ရေအောက်က ဖန်ကြိုးမျှင်တွေ ပြင်နေတာနဲ့လည်း မဆိုင်လောက်ပါဘူး။ ဒါမှမဟုတ် ရန်ကုန်မှာ နေပူလွန်းလို့ လိုင်းတွေ ပူးကုန်လို့လား။

သေချာတာကတော့ ကျွန်တော့်ဖုန်းကဒ်မှာ ပိုက်ဆံတွေ အဖြတ်ခံနေရတယ် ဆိုတာပါပဲ။ ဒီနှစ်ရက်အတွင်းမှာ စကားတစ်ခွန်းမှ မပြောရပဲ ဖုန်းကဒ် ၂ ကဒ် ပလုံသွားပါတယ်။ ရလိမ့်နိုးနိုး ဇွဲတင်းပြီး ခေါ်ကြည့်ရင်း ဟယ်လို ဆိုတာလေးတောင် မပြောလိုက်ရပါဘူး။ ဖုန်းခေါ်သံတွေကြားမှာ ပိုက်ဆံတွေ တတိတိနဲ့ ကုန်သွားရှာပါတယ်။

ဘာပဲဖြစ်ဖြစ်လေ။ အခုအလှူအတွက်... မိအေးတို့ နှစ်ခါမက နာခဲ့တာလည်း သိပြီးသားဖြစ်တဲ့ ဆိုင်ရာဆိုင်ရာ ဌာနနယ်ပယ်က မောင်မင်းကြီးသားတို့ သက်ရှည်ပါစေ ဘုန်းကြီးပါစေဗျာ။ ခလုတ်မထိ ဆူးမငြိပါစေနဲ့ဗျာ။

Friday, March 27, 2009

Armed Forces Day- 2009

တပ်မတော်နေ့... ဟိုမှာတော့ ရုံးတွေ ပိတ်ပါမယ်။ ဒီမှာတော့ ဘာမှ မထူးခြားပါဘူး။ ဟိုက သူငယ်ချင်းတွေ လမ်းလျှောက်ရပါမယ်။ ဒီက သူငယ်ချင်းတွေ ရုံးတက်ရပါတယ်။ ဟိုမှာ နေပူပါတယ်။ ဒီမှာ မိုးအုံပါတယ်။

အထွေအထူးတော့ မရှိပါဘူး။ တပ်မတော်ရဲ့ အစဉ်အဆက် ခေါင်းဆောင်တွေဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် စာရင်းကို ၀ီကီမှာ ဖတ်မိလို့ မှတ်ထားလိုက်ပါအုံးမယ်။ နံပါတ် ၁ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခုနောက်ဆုံး အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကိုပဲ အသိများခဲ့ပါတယ်။ ဗိုလ်ချုပ်စောမောင်လည်း ဦးစီးချုပ်ဖြစ်ခဲ့မှန်း သိခဲ့သလို ဗိုလ်ချုပ်နေ၀င်းလည်း တပ်မတော်ကို အုပ်ချုပ်ဦးစီးခဲ့တာ စာဖတ်ခဲ့လို့ နည်းနည်းသိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီကြားထဲက ဦးစီးချုပ်တွေကို ဦးစီးချုပ်ဖြစ်ခဲ့မှန်း စိုးစင်းမျှမသိခဲ့တာ အမှန်ပါပဲ။ စစ်တပ်ဆိုတာ ကျွန်တော်နဲ့ မဆိုင်တော့ ဝေးဝေးနေခဲ့တာလည်း ပါတာပေါ့။

Chief of armed forces from 1945 to date

1. Major General Aung San (Founder & Father of Tatmadaw)
2. Major General Let Yar
3. Lt General Smith Dunn
4. General Ne Win
5. General San Yu
6. General Thura Tin Oo(NLD)
7. General Thura Kyaw Htin
8. Sr General Saw Maung
9. Sr General Than Shwe

အားလုံးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို သဘောအကျဆုံးပဲ။ သူ့အကြောင်းတွေပဲ ဖတ်မှတ်ခဲ့လို့လား မသိဘူး။ လူမျိုးခြားတစ်ဦးအနေနဲ့ ကျွန်တော် သူ့ကို လေးစားမိတယ်။ အထင်လည်း ကြီးတယ်။ တပ်မတော်ရဲ့ဖခင်လို့ ဂုဏ်ပြုခေါ်ဝေါ် ခံထိုက်တဲ့ ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် စွဲမှတ်ထားမိတယ်။ ကျန်တဲ့ ခေါင်းဆောင်တွေ အကြောင်းတော့ သိပ်ပြီး ထိတွေ့မှု မရှိခဲ့ဘူး။ တကူးတကလည်း ရှာမဖတ်ဖြစ်ခဲ့ဘူး။

ငယ်ငယ်တုန်းကတော့ မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့လို့ မှတ်သားထားဖူးတယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့လို့ တော်လှန်ရေးနေ့ပေါ့။ အခုနောက်ပိုင်းတော့ တပ်မတော်နေ့ ဖြစ်သွားတယ်။ တပ်မတော်ကြီး စတင် ဖြစ်တည် မွေးဖွားခဲ့လို့လား။ အမှန်ဆို ရဲဘော်သုံးကျိပ်နဲ့အတူ တစ်နိုင်ငံလုံး အင်္ဂလိပ်ကို ချကတည်းက တပ်မတော်က ဖြစ်တည်နေပြီပဲ။ BIA ဆိုတာပေါ့။ ကျွန်တော့် အထင်တွေပါ။ မှားကောင်း မှားနိုင်ပါတယ်။

ဒီအသက်အရွယ်အထိ တပ်မတော်နေ့ စစ်ကြောင်းတွေ လမ်းလျှောက်ချီတက်တဲ့ နေရာကို ယောင်လို့တောင် မရောက်ခဲ့သေးဘူး။ ကျောင်းက ခေါ်လည်း မလိုက်ဘူး။ အိပ်ရာ စောစောမထနိုင်လို့။ ပန်းကုံးစွပ်ဖို့ဆိုတာ ဝေးပါသေးတယ်။ သေနတ်ထိပ်ဝမှာ တပ်ထားတဲ့ လှံစွပ်တွေနဲ့များ မတော်တဆ ထိုးမိရင် ဒုက္ခလှလှလေ။ လှံစွပ်တွေက ထက်မှ ထက်။ နေရောင်အောက်မှာ တဖွေးဖွေးပဲ။

ညဘက်ဆို တော်လှန်ရေးပန်းခြံမှာ မီးရှူးမီးပန်းတွေ ဖောက်တာကို အိမ်ခေါင်းမိုးပေါ် တက်ပြီး ကြည့်ခဲ့ကြတာ မှတ်မိသေးတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်မှာ ကန်ထရိုက်တိုက်တွေ မှိုလို မပေါသေးဘူး။ မီးပန်းတွေ ဖွားခနဲ တက်လာရင် ဟေးခနဲ အော်ခဲ့ကြတာ ပျော်စရာပါပဲ။ ရပ်ကွက်ထဲက ကျွန်တော်တို့အရွယ် ကလေးတွေလည်း ပျော်ပျော်ပါးပါး အော်ကြဟစ်ကြပေါ့။ နောင်များမှာတော့ တိုက်အမြင့်ကြီးတွေ ကွယ်သွားလို့လား မသိဘူး။ ရပ်ကွက်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေတာများ တပ်မတော်နေ့ အထိမ်းအမှတ် မီးရှူးမီးပန်းဖောက်မယ် ဆိုတာတောင် သတိမထားမိကြတော့ဘူး။ စိတ်လည်း မ၀င်စားတော့ဘူးလို့ ထင်ပါတယ်။ လောကီအပူတွေနဲ့ ကိုယ်စီကိုယ်ငှ တိုင်ပတ်နေကြပြီလေ။

ခေတ်တွေ ပြောင်းသွားပုံများ သံဝေဂတွေ ယူတတ်ရင်တောင် တရားရပါမယ်။ အရာရာဟာ ပြောင်းလဲတတ်တဲ့ သဘောရှိကြပါတယ်လေ။ ဖြစ်ပြီးရင်တော့ ပျက်မှာပါပဲ။

ဘယ်တော့ ပျက်မလဲဆိုတာကို မသိသေးတာပဲ ရှိကြတာပါဗျာ။

တော်လှန်ရေးနေ့မှ တပ်မတော်နေ့ဆီသို့... အမှတ်တရ

Thursday, March 26, 2009

Future MRT/LRT System



နောက်အနာဂတ်ကာလမှာ ရှိလာတော့မယ့် စင်္ကာပူနိုင်ငံရဲ့ ရထားလိုင်းမြေပုံကို စင်္ကာပူလူမျိုး သူငယ်ချင်းက အီးမေးလ်နဲ့ ပို့ပေးလို့ တခြားနိုင်ငံမှာရှိတဲ့ ကျွန်တော့်သူငယ်ချင်းတွေ သိပါစေဆိုပြီး ကျွန်တော့် Blog မှာ တင်လိုက်ပါအုံးမယ်။ စလုံးတွေကတော့ Taxi ငှားစီးဖို့ မလိုလောက်တော့ဘူး ဆိုပြီး ပျော်နေကြပါတယ်။

လက်ရှိ ရထားလိုင်းတွေနဲ့တင် သွားရလာရ အဆင်ပြေနေပြီဖြစ်တဲ့ ကျွန်တော့်အဖို့လည်း ရထားလိုင်းတွေ အခုလို အများကြီး ထပ်ချဲ့ပေးလိုက်ရင်တော့ စင်္ကာပူမှာ ကိုယ်ပိုင်ကား ၀ယ်စီးဖို့ အစီအစဉ် လုံးဝ မရှိတော့မှာ သေချာသလောက်ပါပဲ။ အရင်ကတည်းက ကားဝယ်ဖို့ အစီအစဉ် မရှိပါဘူး။ အခုချိန်ထိ ကားမောင်းဖို့လည်း စိတ်မ၀င်စားသေးဘူး။

နောက်တစ်ချက်က Public Transportation System တွေကို အသုံးပြုတာက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရာလည်း ရောက်စေတယ်လေ။ မီးခိုးထွက် သက်သာလို့ လေထုသန့်ရှင်းစေသလို ကမ္ဘာကြီး ပူနွေးမှုကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးကို ကယ်တင်ဖြစ်တာပေါ့ဗျာ။

Wednesday, March 25, 2009

Are you my Type?-Campaign



စင်္ကာပူကြက်ခြေနီရဲ့ သွေးလှူရှင်စုဆောင်းရေး လုပ်ငန်းမှာ Are you my Type? ဆိုတဲ့ Campaign ကာလကို Oct 2008- Mar 2009 အထိလို့ သတ်မှတ်ခဲ့ပြီး သွေးလှူဒါန်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလက ၂၀၀၉ ခုနှစ် မတ်လ ဖြစ်တဲ့အတွက် ဒီလှုပ်ရှားမှုရဲ့ နောက်ဆုံးလလို့ ပြောလို့ရပါတယ်။ မတ်လနောက်ပိုင်းမှာ အခြား Campaignကို ဆက်လက် အကောင်အထည်ဖော်ကြမှာပါ။ ဒါကြောင့် အခုပွဲလေးဟာ Are you my Type? ဆိုတဲ့ Campaign ရဲ့ နောက်ပိတ်ဆုံး သွေးလှူပွဲတစ်ခုအနေနဲ့ ကျင်းပတာပါ။ အခုပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သွေးလှူရှင်အသစ်တွေ စုဆောင်းရရှိရေးပါပဲ။ တစ်ကြိမ်တစ်ခါမှ သွေးမလှူဖူးသေးတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို Voluntary non-remunerated Blood Donor စေတနာသွေးလှူရှင်တွေ ဖြစ်လာအောင် သွေးလှူရှင်အချင်းချင်း လူငယ်အချင်းချင်း အားပေးစည်းရုံး ပညာပေးပြီး သွေးဘဏ်ကို ခေါ်ဆောင်လာပေးဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

အကယ်လို့ အချိန်လေးများ ပေးနိုင်ရင် သွေးဘဏ်ကို အလည်လာပြီး လေ့လာစေလိုပါတယ်။ အဆင်ပြေရင် သွေးလှူဒါန်းဖို့လည်း တိုက်တွန်းလိုက်ပါရစေ...

Activities
1. Buddy up! Give Blood save life!
2. Tour of the Bloodbank
3. Photo time with Blood buddies
4. Tea & Snacks

Date : Saturday, March 28, 2009
Time : 9am-4pm

Venue : Bloodbank@ HSA, 11 Outram Road
(opposite Outram Park MRT station - Green line)

Tuesday, March 24, 2009

My first Bokeh



ပထမဦးဆုံး ရိုက်ကြည့်ခဲ့တဲ့ Bokeh ပုံပါ။ Botanic Garden ကို သူငယ်ချင်းတွေနဲ့ သွားလည်ခဲ့တုန်းက စမ်းရိုက်ခဲ့တာပါ။ ရိုက်တတ်သလို ရိုက်လာတဲ့ပုံဖြစ်လို့ ပုံထွက်တော့ သိပ်မကောင်းလှပါဘူး။ ဒါပေမယ့်လည်း ပထမဦးဆုံး ထွက်လာတဲ့ Bokeh ပုံဖြစ်လို့ အမှတ်တရအနေနဲ့ တင်ထားလိုက်တာပါ။

Bokeh
ဆိုတာ ဂျပန်စကားကနေ လာတာပါ။ ၀ါးတားတားလို့ပဲ ဘာသာပြန်ရမလား မသိဘူး။ လိုချင်တဲ့ အပိုင်းကိုပဲ Focus ဖြတ် ထင်ရှားအောင် လုပ်ပြီး မလိုတဲ့အပိုင်းတွေကို ၀ါးသွားအောင် ရိုက်တာမျိုးပါ။ အဲဒီ အသုံးအနှုန်းက ၂၀၀၀ခုနှစ်က စပြီး အသုံး တွင်ကျယ်လာခဲ့တာပါ။ အစကတော့ Fuzzy လို့ သုံးကြပါတယ်။

Sunday, March 22, 2009

Puzzle of Love

ချစ်ဒုက္ခ

ဖူးစာ ကံအကြောင်းရယ်...
ချစ်ဒုက္ခ ဖန်လာတယ်
ခင်ရယ် ချစ်ရဲ့သားနဲ့
တဖက်သားရူးအောင် ပြုရက်ပေတယ်
ခင့်သဘောကို ဖွင့်ပြောလို့ကွယ်
ချစ်တဲ့အရေးကို စေ့စေ့တွေးမိတယ်။

ဖူးစာ ကံအကြောင်းရယ်...
ချစ်ဒုက္ခ ဖန်လာတယ်
ခင်ရယ် ချစ်ရဲ့သားနဲ့
တဖက်သားရူးအောင် ပြုရက်ပေတယ်
ခင့်သဘောကို ဖွင့်ပြောလို့ကွယ်
ချစ်တဲ့အရေးကို စေ့စေ့တွေးမိတယ်။

ထာဝစဉ် ငေးမှိုင်လို့ရယ်
ဆွေးရတဲ့သူ မျှော်ကာလွမ်းပါပေါ့
နွမ်းခွေလို့ကွယ်
တမ်းတမိတယ် ဖြေမဆည်နိုင်ဖွယ်
ခင်ခင်ရယ် နေနိုင်ရက်တယ်
ချစ်ဒုက္ခဖြင့် ဖိစီးပြီကွယ်။

ထာဝစဉ် ငေးမှိုင်လို့ရယ်
ဆွေးရတဲ့သူ မျှော်ကာလွမ်းပါပေါ့
နွမ်းခွေလို့ကွယ်
တမ်းတမိတယ် ဖြေမဆည်နိုင်ဖွယ်
ခင်ခင်ရယ် နေနိုင်ရက်တယ်
ချစ်ဒုက္ခဖြင့် ဖိစီးပြီကွယ်။

ခင်ရယ် မောင့်စိတ်ထဲ
တဖက်သတ်စွဲလို့ ပူပုံပွါးတယ်
သနားပါ့ကွယ် အသည်းစွဲချစ်မိတယ်
ရွှေဖူးစာနတ်ရယ် ရေးမှရေးတတ်တယ်
တပါးမေရယ် တကယ်မုန်းရင်
အဆုံးစီရင်တော့ကွယ်။

မရွှင်နိုင်တယ်
ချစ်မိခဲ့တဲ့သူမှာ ခင်ရယ်
မျှော်မှန်းလို့ကွယ် ရော်ရမ်းလို့ရယ်
အဆွေး နယ်ချဲ့မိပြီကွယ့်
အသည်းကျွမ်းမယ့် ဝေဒနာထင်တယ်
စွဲလန်းလို့ သေမှာခင်ရယ်
မျက်လုံးထဲက မထွက်တယ်
အသည်းထဲမှာ စွဲကာနေပြီကွယ်
ခင်ရယ် ဒုက္ခအပေါင်းဝယ်
ချစ်ဒုက္ခက ပိုဆိုးပါတယ်။

မရွှင်နိုင်တယ်
ချစ်မိခဲ့တဲ့သူမှာ ခင်ရယ်
မျှော်မှန်းလို့ကွယ် ရော်ရမ်းလို့ရယ်
အဆွေး နယ်ချဲ့မိပြီကွယ့်
အသည်းကျွမ်းမယ့် ဝေဒနာထင်တယ်
စွဲလန်းလို့ သေမှာခင်ရယ်
မျက်လုံးထဲက မထွက်တယ်
အသည်းထဲမှာ စွဲကာနေပြီကွယ်
ခင်ရယ် ဒုက္ခအပေါင်းဝယ်
ချစ်ဒုက္ခက ပိုဆိုးပါတယ်။

ခင့်အပေါ်ဝယ် ချစ်မိသူမှာဖြင့်
မအိပ်နိုင်ပါတယ် မစားနိုင်ပါတယ်
သြော်... ခင့်အပေါ်ဝယ်
ချစ်မိသူမှာဖြင့်
မအိပ်နိုင်ပါတယ် မစားနိုင်ပါတယ်
လှသူဇာ မယ်ကလေးကိုတော့
အစဉ်တကယ် ခင်တွယ်
မပြောပဲနဲ့ဖြင့် သိလောက်ပေတယ်
ယုံစမ်းပါ ဘုန်းမောင့်သက်လှယ်ရယ်
သက်လှယ်ရယ်...
ညှာတာ ထောက်ထား
မောင့်ကို သနားသင့်တယ်။

ခင်ရယ် မောင့်စိတ်ထဲ
တဖက်သတ်စွဲလို့ ပူပုံပွါးတယ်
သနားပါ့ကွယ် အသည်းစွဲချစ်မိတယ်
ရွှေဖူးစာနတ်ရယ် ရေးမှရေးတတ်တယ်
တပါးမေရယ် တကယ်မုန်းရင်
အဆုံးစီရင်တော့ကွယ်။

တေးရေးဆရာက ပြည်သန်းနွယ်ပါ။ တေးဆိုကတော့ မြန်မာပြည်သိန်းတန်ပါ။ ကျွန်တော်သိခဲ့တဲ့ အဆိုတော် သိန်းတန်က နှစ်ယောက် ရှိပါတယ်။ တွံ့တေးသိန်းတန်နဲ့ မြန်မာပြည်သိန်းတန်ပါ။ တွံတေးသိန်းတန်ကိုတော့ မြန်မာသံစဉ်တွေ သီဆိုတာ ကြားဖူးခဲ့ပေမယ့် မြန်မာပြည်သိန်းတန်ကို အခုလိုမျိုး မြန်မာသံစဉ်တွေ ဆိုခဲ့မှန်း လုံးဝ မသိခဲ့ပါဘူး။ စနေထောင့်မှာ ပန်းလှူမယ်၊ နှင်းပွင့်သစ္စာ၊ ချစ်ရည်းစား၊ တပါးသူ မနမ်းစေချင် စတဲ့ ခေတ်ပေါ်တေးသီချင်းတွေပဲ သီဆိုတယ်လို့ပဲ ထင်ထားခဲ့တာပါ။

မနေ့ညက YouTube မှာ လိုချင်တဲ့ သီချင်းတွေ ဟိုဟိုဒီဒီ ရှာဖွေမွှေနှောက်နေရင်း အခုလို မြန်မာသံစဉ် သီချင်းတွေကိုလည်း မြန်မာပြည်သိန်းတန် သီဆိုထားတယ်ဆိုတာ သိခဲ့ရတာပါ။ ငယ်ကျွမ်းဆွေ၊ ရွှေသုန္ဓရီ သီချင်းတွေကိုလည်း သူ ဆိုခဲ့တာကို အဲဒီတော့မှ တွေ့ခဲ့သိခဲ့တာပါ။ ငယ်ငယ်တုန်းက လမ်းထဲက ဓမ္မာရုံမှာ ဥပုသ်နေ့ဆွမ်းလောင်းဖို့ အလှူခံတိုင်း လော်စပီကာကြီးနဲ့ အဲဒီသီချင်းတွေကို အကျယ်ကြီး ဖွင့်လေ့ရှိပါတယ်။ ကလေးဘ၀ကတော့ နားငြီးစေခဲ့တဲ့ သီချင်းတွေပါ။ ဒါကြောင့် သီချင်းတွေကို ကြားဖူးပေမယ့် အဆိုတော် ဘယ်သူမှန်း မသိခဲ့ပါဘူး။ အလှူတွေမှာဖွင့်ကြတဲ့ တောသီချင်းတွေလို့ပဲ အလွယ်မှတ်ထားခဲ့ပြီး အဆိုတော် ဘယ်သူလဲဆိုတာ သိအောင်လည်း မလုပ်ခဲ့ပါဘူး။

အခုမှ ပြန်တွေ့တော့ စာသားတွေက တကယ်ထိမိလှပါတယ်။ အဖွဲ့အနွဲ့တွေ ကောင်းတာကို သတိပြုမိတယ်။ တပါးမေရယ် တကယ်မုန်းရင်... အဆုံးစီရင်တော့ကွယ်... ဆိုတဲ့သီချင်းစာသားလေးကို အတော်လေး နှစ်ခြိုက် သဘောကျမိတယ်။ အတိဿယ၀ုတ္တိ အလင်္ကာမြောက်ပေမယ့် သက်ဆိုင်သူတွေရဲ့ ရွှေနားတော်မှာတော့ စာသားတွေက ကြည်နူးစရာ ပြုံးမိစရာလေးပါပဲ။ လတ်တလော ခံစားချက်အချို့နဲ့ တိုက်ဆိုင်မှုတွေ ရှိပေမယ့် သီချင်းစာသားတွေကို ရိုးရိုးသားသား သဘောကျမိပါတယ်။ သြော်... ဒါနဲ့ အခုတလော ကျွန်တော် အိပ်နိုင် စားနိုင်ပါတယ်ခင်ဗျာ။

Saturday, March 21, 2009

A lonely Professor



ဟောင်းနွမ်း အိုမင်းပေမယ့်
ကျက်သရေ ရှိနေတဲ့...
မြင့်မားထည်ဝါ ခန့်ညားပေမယ့်
အထီးကျန်နေရရှာတဲ့...
သမိုင်းကြောင်းတွေ ပြောပြချင်ပေမယ့်
တပည့်တွေ မရှိရှာတော့တဲ့...

အမိတက္ကသိုလ်ရဲ့
ပါမောက္ခ...

Wednesday, March 18, 2009

A parallelogram



ပြိုင်ဆိုင်နေတဲ့ နိဂုံးတစ်ခုလား...
တွေးမိတာတောင် ရင်မှာ မချိပါဘူး...
ဟိုတချိန်တုန်းက တက္ကသိုလ်...

Tuesday, March 17, 2009

New guest on my desk


အစတုန်းက ကျွန်တော့်စားပွဲမှာ ချစ်စရာ ဓါတ်ပုံမှန်ဘောင်လေး မရှိခဲ့ဘူး။ အခုတော့ မှန်ဘောင်လေးတစ်ခု နေရာယူလာခဲ့ပြီပေါ့။ နံရံထောင့်လေး လွတ်နေတဲ့ နေရာလေးက အခုတော့ ဓါတ်ပုံလေးနဲ့ အံဝင်ဂွင်ကျ လိုက်ဖက်ညီ လှပနေပါပြီ။ ဘောလ်ပင်တွေ ထည့်ထားတဲ့ ခွက်လေးကတောင် သူ့ပိုင်နက်နေရာလေးကို ဖယ်ပေးလိုက်ရလို့ ကျွန်တော့်ကိုများ မကျေမနပ် ဖြစ်နေမလားပဲ။ အစက အဲဒီနေရာမှာ အဲဒီခွက်ကလေးကို ထားထားတာလေ။

ဓါတ်ပုံလေးရှေ့က ပြက္ခဒိန်လေးကတော့ လက်ချိုးရေရမယ့် ရက်တွေကို ပြနေတယ်လေ။ အဲဒီလ အဲဒီအချိန်ကို ရောက်ဖို့ ရက်တွေ အများကြီး ကျန်နေသေးတယ်တဲ့။ ရင်မောရတာပေါ့ဗျာ။ ရှေ့က စပီကာလေးကတော့ ကျွန်တော့်အတွက် သံစဉ်ချိုချိုတွေ ထုတ်ပေးရင်း ကျွန်တော့်ကို အလွမ်းတွေပိုအောင် ဖန်တီးပေးတဲ့သူပေါ့။ သူ့ဘေးနားက အိုင်ပေါ့ဒ်လေးက ကိုယ်နဲ့မကွာ ထားတဲ့အရာတစ်ခုပါ။ ကျွန်တော် ရုံးသွားရုံးပြန် ရထားပေါ် ကားပေါ် အချိန်တွေ၊ ရုံးမှာ အလုပ်လုပ်နေတဲ့ အချိန်တွေမှာ သူက ကျွန်တော်ရဲ့ အိပ်ကပ်ထဲမှာ အမြဲတမ်း နေရာယူလေ့ရှိတယ်။ ညဘက်ရောက်မှပဲ သူ့ခမျာ အနားယူရရှာတာ။ အဲဒီအချိန်ကျတော့ စပီကာတွေက အလုပ်လုပ်နေကြပြီလေ။

သူ့ရှေ့မှာတော့ ကျွန်တော်ရဲ့ ဟန်းဖုန်းလေးပါ။ တကယ်တော့ သူ့ခင်မျာ အိမ်ဖုန်းလောက်တောင် တာဝန် မယူရရှာပါဘူး။ ရုံးမှာဆို ရုံးဖုန်းသုံးတယ်။ အိမ်မှာဆို အိမ်ဖုန်းသုံးတယ်။ တစ်နေ့နေလို့ ဖုန်းတစ်ခါတောင် မလာတော့ သူ့ခင်မျာ အေးဆေးလေး နားနေရတာများပါတယ်။ ညပိုင်းဆိုလည်း အခုလို စားပွဲပေါ်မှာပဲ ငြိမ်ငြိမ်လေး နေနေရရှာတယ်။ သူငယ်ချင်း အများစုက ဂျီတော့ခ်ကနေ စာရိုက်ပြီး စကားပြောကြတယ်။ တကူးတက ဖုန်းခေါ်မနေကြဘူး။

စားပွဲ အလည်တည့်တည့်က ကွန်ပျူတာကတော့ ရုံးက ပေးထားတဲ့ ကွန်ပျူတာပါ။ ရုံးမှာလည်း သူနဲ့ပဲ။ အိမ်မှာလည်း သူနဲ့ပဲ။ အချစ်လေးနဲ့ ဂျီတော့ခ်မှာ စကားပြောရင်လည်း သူကနေ တဆင့်ပေါ့။ ကျွန်တော့် ခံစားချက်တွေ သီဖွဲ့ရင်လည်း သူ့ကိုပဲ သုံးရတာပဲလေ။ အခုတလော သူကတော့ ငြီးနေရှာမှာပါ။ လွမ်းတယ် ချစ်တယ်ဆိုတာတွေကိုပဲ ခဏခဏ ပြောနေ ကြားနေ ရေးဖွဲ့နေလို့တဲ့။ ကြည့်ရတာ သူလည်း ကျွန်တော့်ကို အားကျ မနာလို ဖြစ်သွားပုံပဲ။ အားလည်းကျမိတယ်။ မနာလိုလည်း ဖြစ်မိတယ် ဆိုပါတော့ဗျာ။ သူ့ကိုတော့ အတော်အားနာပေမယ့် ကျွန်တော်ကလည်း ဒါတွေပဲ ရေးဖွဲ့ ပြောနေရမှာပဲလေ။ ကျွန်တော်က မြတ်မြတ်နိုးနိုး ချစ်မိနေတာကိုး။ ဒါကြောင့် ချစ်တာကို ချစ်တယ်လို့ ရိုးသားစွာ ပြောမိတာပေါ့။

ဘေးနားမှာရှိနေတဲ့ နာရီလေးကတော့ နှိုးစက်လေးပေါ့။ တခါတလေ ကျွန်တော့်ဘာသာ အိပ်ရာမထဖြစ်ရင် နှိုးစက်အချိန် ပေးထားရတယ်။ မဟုတ်ရင် ရုံးကို အတော်လေး နောက်ကျမှ ရောက်မှာလေ။ ခဏခဏ ရုံးနောက်ကျတာတော့ မကောင်းဘူးပေါ့။ ဒါကြောင့် သူက ကျွန်တော့်ကို အိပ်ရာက နှိုးပေးရှာပါတယ်။ အိပ်ရာက နှိုးလာတိုင်း သတိရမိတာက ဘယ်သူလဲဆိုတာ သိပါတယ်နော်။ နှိုးစက်လေးကြောင့် ကျွန်တော် မနက်ခင်းတိုင်း သတိရခြင်းများစွာနဲ့ အိပ်ရာက နှိုးထခဲ့တာပေါ့။ ညဆိုလည်း ၁၁ နာရီခွဲပြီလားကို မကြာခဏ လှမ်းလှမ်းကြည့်မိလို့ သူလည်း ရှက်နေလောက်ပါပြီ။

အနောက်က ဖုန်းလေးကတော့ အိမ်ဖုန်းပါပဲ။ ကျွန်တော့် အခန်းထဲမှာ တစ်လုံး တပ်ထားတယ်။ အပြင်မှာ တစ်လုံးရှိတယ်။ ညစဉ်ညစဉ် အချစ်နဲ့ ရင်ထဲက စကားတွေ ဖွင့်ဟပြောဖို့အတွက် သူ့ခင်မျာ မငြီးမငြူ မငြိုမငြင် တာဝန်ယူပေးရှာပါတယ်။ ကျွန်တော် နှိပ်သမျှ နံပါတ်ပေါင်း များစွာကို ခံရရှာတယ်။ တစ်ခါခေါ်လို့ မရရင် နောက်တစ်ခါ ဖုန်းနံပါတ် ထပ်နှိပ်ပြီး ခေါ်ရတော့ နံပါတ်တွေ အများကြီး နှိပ်ဖြစ်တာပေါ့။ ဒါပေမယ့် ဖုန်းပြောရင်း ပြုံးနေတဲ့ ကျွန်တော်ရဲ့ မျက်နှာကို အနီးကပ် မြင်ခွင့်ရထားတဲ့ အရာဝတ္ထုတစ်ခုပါ။ အဲဒီအတွက် သူကျေနပ်နေမှာ ကျွန်တော် သိနေတယ်။

သူတို့တွေ အားလုံးကြားမှာ ဧည့်သည် အသစ်လေးတစ်ခု တိုးလာပြီပေါ့။ အဲဒါကတော့ ချစ်သူရဲ့ ဓါတ်ပုံပါတဲ့ မှန်ဘောင်လေးပေါ့။ ပုဂံဘုရားတွေရဲ့ နီညိုညို အုတ်အရောင်၊ မှန်ဘောင်ရဲ့ သစ်သားအရောင်၊ အချစ်လေး ၀တ်ထားတဲ့ အနီရောင်တီရှပ်၊ အားလုံးဟာ လိုက်ဖက်ညီလှပါတယ်။ ကျွန်တော့်အတွက်တော့ အမောပြေစေတဲ့ အချစ်ဆုံးပေးတဲ့ လက်ဆောင်မွန်တစ်ခုပါပဲ။ လွမ်းတိုင်း ကြည့်မိလို့၊ သတိရတိုင်း ကြည့်မိလို့ ဓါတ်ပုံထဲက ကောင်မလေးတော့ ဘယ်လိုနေမလဲတော့ မသိဘူး။ သူ့ဘေးနားက ဘီလူးကြီးတောင် အကြည့်ခံရလွန်းလို့ ရှက်ပြီး ပြုံးတောင် ပြုံးလာသလိုပဲနော်။
~~~~~~~~~~

အနှစ်ချုပ်....
အရူးပြော အရူးယုံဆိုတဲ့အတိုင်း ချင့်ယုံကြလော။ ပုထုဇနောဥမ္မာ့တကော...

Monday, March 16, 2009

Be quick!

"မြန်မြန်လေး မြန်မြန်လေး...
ငါ အိမ်ရှင့် ကလေးတွေကို ကျောင်းသွားကြိုရအုံးမှာ..."

စကာင်္ပူမှာ အိမ်ဖော် အိမ်အကူဆိုတာ မိသားစုတွေကို ကြည့်ရှု စောင့်ရှောက် ကူညီပေးတဲ့ အခန်းကဏ္ဍမှာ အရေးပါတဲ့ နေရာမှာ ရှိနေတဲ့သူတွေပါ။ အိမ်မှုကိစ္စ သန့်ရှင်းရေး လုပ်တာက အစ... ကလေးတွေကို ပြုစု စောင့်ရှောက်တာ အဆုံး.. အိမ်ဖော်ဆိုတာကို စင်္ကာပူရဲ့ လူနေရပ်ကွက် အိမ်ရာတွေမှာ မြင်တွေ့နေကျ မြင်ကွင်းတစ်ခုအဖြစ် ရိုးရိုးရှင်းရှင်းလေး တွေ့မြင်ရမှာပါ။ အခုတော့ ဆန်းဆန်းပြားပြား ကိစ္စတွေ ရှိလာပါပြီ။ ဘူကစ်ဘတော့ (Bukit Batok) တ၀ိုက်က အိမ်ရာတိုက်ခန်းတွေမှာ အိမ်ဖော်တချို့ အိမ်အလုပ်တွေအပြင် အခြားအလုပ်တွေပါ အပိုဝင်ငွေရဖို့ လုပ်နေကြပါပြီ။

သူတို့တွေထဲက တစ်ယောက်။ အင်ဒိုနီးရှားလူမျိုး အိမ်ဖော်တစ်ဦး။ ရို့စ်လို့ပဲ ခေါ်ကြပါစို့။ အမည်ရင်းတော့ မဟုတ်ပါဘူး။ ဘာတွေ ဆန်းဆန်းပြားပြား လုပ်သလဲဆိုတော့ အိမ်ဖော်အလုပ်အပြင် အချိန်ပိုင်း လိင်ဖျော်ဖြေမှု လုပ်ငန်း ပြည်တန့်ဆာ အလုပ်ကို အပိုဝင်ငွေရတဲ့ လုပ်ငန်းအနေနဲ့ အိမ်အနားတ၀ိုက်က လူလတ်ပိုင်းတွေကို အဓိက ဦးတည်ပြီး လုပ်ကိုင်ပါတယ်။ လူငယ်ပိုင်းတွေတောင် သူတို့ရဲ့ သွေးဆောင် ဖြားယောင်းမှု အောက်က လွတ်ထွက် မရုန်းနိုင်တာတွေ ရှိနေကြပါတယ်။

အသက် ၅၀ နှစ်အရွယ် စီးပွါးရေးသမားတစ်ဦးဖြစ်တဲ့ ဦးဂျေဟာ အသက် ၂၀ အရွယ်ရှိ သူ့သားကို ရို့စ်နဲ့အတူ အိပ်ရာပေါ်မှာ ချစ်ရည်လူးနေစဉ် လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပါတယ်။ အလုပ်များလွန်းတဲ့ ဦးဂျေဟာ အိမ်ကို ညဉ့်နက်သန်းခေါင်မှ ပြန်ရောက်လေ့ရှိပေမယ့် တစ်ရက်မှာ ရို့စ်နဲ့ သူ့သားတို့ရဲ့ အိပ်ခန်းထဲက ဇာတ်လမ်းကို ထိပ်တိုက် ရင်ဆိုင်တိုးမိခဲ့တာပါ။ စိတ်ဆိုးနေတဲ့ ဦးဂျေက ရို့စ်ရဲ့ အလုပ်ရှင်ကို တိုင်ပြောမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပမယ့် တကယ်တမ်းမှာတော့ သူ မလုပ်ရက်ခဲ့ပါဘူး။ သူ ဒီလို လုပ်လိုက်ရင် ရို့စ်တစ်ယောက် လက်ရှိ အိမ်ဖော်အလုပ်ကနေ ပြုတ်သွားမှာပေါ့။ ရို့စ်ကလည်း အဲဒီလို မလုပ်ဖို့ ခခယယ တောင်းပန်ရှာခဲ့ပါတယ်။

ကော်ဖီဆိုင်တွေ၊ ကလေးကစားကွင်းတွေမှာ တချို့သော အိမ်ဖော်တွေဟာ ဟိုတစ်စု ဒီတစ်စု ရှိနေတတ်ပြီး ဖြတ်သွားဖြတ်လာ ယောကျာ်းတွေကို ညုတုတုတွေလုပ်ပြီး မြူဆွယ်ကြပါတယ်။ ရို့စ်နဲ့ သူ့အပေါင်းအဖော် အိမ်ဖော်အချို့ဟာ ၀န်ဆောင်ခအနေနဲ့ ဒေါ်လာ ၄၀ ကနေ ဒေါ်လာ ၆၀ ကြား ယူလေ့ရှိပါတယ်။ သူတို့နဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေလည်း ရပ်ကွက်ထဲက ယောကျာ်းသားတွေကို ပေးလေ့ရှိပါတယ်။

သတင်းထောက်တစ်ဦးက ရို့စ်ဖုန်းနံပါတ်ကို ရပြီး အလုပ်ကိစ္စ ပြောဆိုညှိုနှိုင်းဖို့ ချိန်းဆိုခဲ့ပါတယ်။ ရို့စ်က တွေ့ချင်ပေမယ့် ထောက်ခံ ပြောဆို ဆက်သွယ်ပေးတဲ့ ကြားလူမရှိလို့ တွေ့ရမှာ တွန့်ဆုတ်နေပါသေးတယ်။ ရို့စ်က ပြောပါသေးတယ်။ သူ့ကို ဟိုတယ်တွေမှာ ချိန်းရင် မသွားနိုင်ပါဘူး။ တခြားအိမ်ကိစ္စတွေနဲ့ အမြဲတမ်း အလုပ်ရှုပ်နေတတ်လို့ပါ။ သူ့ကို တွေ့ချင်ရင် သူနေတဲ့နေရာ အနားတ၀ိုက်မှာ နေထိုင်နေတဲ့သူ ဖြစ်ဖို့ လိုပါတယ်။ အဲဒါမှ အဲဒီအိမ်မှာ အလုပ် လုပ်ဖြစ်တာပေါ့တဲ့။ ရို့စ်က ထပ်မေးပါသေးတယ်။ အချစ်လေးမှာ ကွန်ဒုံးရော ပါလာသလားတဲ့။ နှစ်ပါးသွားမယ့် ရက်ကတော့ ရို့စ်ရဲ့ လက်ရှိအိမ်ရှင် အလုပ် သွားတဲ့နေ့အပေါ် မူတည်ပါတယ်။

အရှေ့ဂျာဗားမှာ နေထိုင်တဲ့ ကလေး ၃ ယောက်အမေ ရို့စ်ဟာ ခင်မင်ဖွယ် ကောင်းသလို စကားပြောလည်း သွက်ပါတယ်။ လက်ရှိ အလုပ်ရှင်ရဲ့ ကလေးတွေကို နေ့လည်ပိုင်းမှာ ကျောင်းကြိုဖို့ရှိတာကြောင့် သူမရဲ့ နှစ်ပါးသွားအက ဧည့်ခံချိန်ဟာ တိုတောင်းနိုင်ပါတယ်။ ရို့စ်ဟာ ကျောင်းဖွင့်ရက်တိုင်း မနက် ၈ နာရီခွဲမှာ ကလေးတွေကို ကျောင်းသွားပို့ပါတယ်။ အဲဒီလို ကျောင်းပို့ပြီးရင် အလုပ်အားသွားပြီဖြစ်တဲ့ ရို့စ်ဟာ သူရဲ့ ဧည့်သည်တွေကို ဖျော်ဖြေ ဧည်ခံဖို့ အချိန်ရပါတယ်။ ကလေးတွေ နေ့လည် ကျောင်းမဆင်းခင် အချိန်ထိပေါ့။

စကားတွေ ပြောရင်း ဈေးညှိလိုက်တော့ ဒေါ်လာ ၅၀ ပါတဲ့။ သတင်းထောက်က ဆက်မေးပါတယ်။ အခုလိုမျိုး ပြည့်တန်ဆာ အလုပ်ကို လုပ်ကြတဲ့ ငယ်ငယ်ရွယ်ရွယ် အိမ်ဖော်လေးတွေရော မရှိကြဘူးလားတဲ့။ ရို့စ်က ပြန်ဖြေပါတယ်။ ဒီအိမ်ရာစခန်းမှာနေတဲ့ သူ့အသိ အိမ်ဖော်အချို့လည်း အခုလို အလုပ်တွေကို လုပ်ကြပါတယ်။ ဒါပေမယ့် မိတ်ဆက်ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ အဲဒီလို မိတ်ဆက်ပေးလိုက်ရင် ငါ့ဖောက်သည်တွေက ငါ့ဆီကို ပြန်မလာကြတော့ဘူး။ အဲဒီတော့ ငါ ပိုက်ဆံ ဘယ်ရတော့မလဲတဲ့။

စင်္ကာပူမှာ အိမ်ဖော်အဖြစ် အလုပ်လုပ်တာ ၅ နှစ်နီးပါးရှိပြီဖြစ်တဲ့ ရို့စ်ရဲ့ ဖောက်သည်တွေက အသက်ကြီးပိုင်း အမျိုးသားတွေ များပါတယ်။ ရို့စ်ရဲ့ ပုံမှန်ဖောက်သည်တစ်ဦးက ကြေးကြီးကြီး ဈေးကောင်းပေးသလို လက်ဆောင်တွေလည်း ပေးတတ်ပါတယ်။ အခုတော့ သူက ဝေးတမြေခြားကို ပြောင်းရွှေ့နေထိုင်သွားပါပြီ။ အကယ်လို့များ ရို့စ်ရဲ့ဝန်ဆောင်မှုကို သဘောကျရင် အချိန်မရွေး ဖုန်းဆက်ခေါ်ပါ။ နောက်ပိုင်းတွေမှာ ခေါ်တဲ့အခေါက်တိုင်း ပိုက်ဆံ ပေးစရာ မလိုပါဘူး။ ပျော်ရွှင်မှုတွေပဲ ပေးချင်တာပါလို့ ရို့စ်က ဖြည့်စွက် ပြောပါသေးတယ်။

ဈေးစကားပြောပြီး တကယ်လုပ်ငန်းစဖို့ အိမ်ပေါ်တက်ကြရအောင် လုပ်တဲ့အချိန်မှာ သတင်းထောက်ဆီကို ကြိုတင် ဇာတ်တိုက်ထားတဲ့အတိုင်း ဖုန်းခေါ်သံတစ်ခု ၀င်လာပါတယ်။ မိသားစုဝင် တစ်ယောက် အခုဒီအိမ်ကို လာနေတာဖြစ်လို့ နှစ်ပါးသွားဖို့အတွက် မဖြစ်နိုင်တော့ဘူးဆိုတာ ပြောပြပြီး နောက်တစ်နေ့ကို အစီအစဉ် ပြောင်းလိုက်ပါတယ်။ ရို့စ်ကလည်း ရက်ရွှေ့ဆိုင်းပေးဖို့ သဘောတူပေးပါတယ်။ သူ့အလုပ်ကို သူယူထားတဲ့ ငွေကြေးနဲ့တန်အောင် ကျေနပ်အောင် လုပ်ပေးမယ် ဆိုတဲ့အကြောင်း... ထွက်မပြေးပါဘူး ဆိုတဲ့အကြောင်း... သေချာ မှာသွားခဲ့ပါသေးတယ်။

နောက်တစ်ရက်မှာ ရို့စ်ကို ဖုန်းဆက်ပြီး သူ ဘယ်သူဘယ်ဝှါ ဖြစ်တယ်ဆိုတာ ဖွင့်ပြောလိုက်ပါတော့တယ်။ ဘာကြောင့် အခုလို အလုပ်မျိုးကို လုပ်ရတာလည်း ဆိုတာကိုလည်း တခါတည်း မေးခဲ့ပါတယ်။ ပထမတော့ ရို့စ် မဖြေပါဘူး။ အချိန်အတော်ကြာလေး စွံ့အနေပါတယ်။ ခဏကြာတော့ ရို့စ်က ပြောပါတယ်။

"ငါ့ယောကျာ်းက ၂၀၀၀ ခုနှစ်က ဆုံးသွားပါပြီ။ ငါ့မိသားစုကို ထောက်ပံ့ဖို့ ငါတစ်ယောက်ပဲ ကျန်တော့တယ်။ တစ်လကို အိမ်ဖော် လစာ ၃၅၀ ဒေါ်လာဆိုတာ ငါ့အိမ်အတွက် မလောက်ငှတဲ့ ၀င်ငွေတစ်ခုပါ...."

အဲဒီလို ပြောပြီး ရို့စ် ဖုန်းချသွားပါတယ်။

Ref: The news paper on Sunday
March 15, 2009 Page 2

Sunday, March 15, 2009

Golden Rock Pagoda Trip-5


ရင်ပြင်တော်အပေါ်မှ မုဆိုးတောင်သို့ အဆင်းလမ်း


ဖက်လှဲတကင်း ကြိုဆိုတတ်တဲ့ ထမင်းဆိုင်တွေ


မမောနိုင် မပန်းနိုင် တရွေ့ရွေ့နဲ့ သွားကြသည်


မလှဘူးလို့ ဘယ်သူပြောလဲ


အဓိဌာန်ပြုပြီး လှုပ်လို့ရတဲ့ ကျောက်ထပ်တရာ စေတီ


ကျောက်တုံးကြီး ပြိုလဲသွားရှာတာ ကြာလှပြီဖြစ်တဲ့ နဂါးဘုရား


တကယ့်ဖားကြီးနဲ့တူတဲ့ ဖားဘုရား


ကြိုးဝိဇ္ဇာက ကြိမ်ကြိုးလျှောက်ပြီး ရွှေသင်္ကန်းကပ်ပေးတဲ့ ကျောက်ထပ်ကြီး

Saturday, March 14, 2009

Golden Rock Pagoda Trip-4


နဂါးပတ်တောင်ရဲ့ အကွေ့လေးတစ်ခု


ဟုန်းနတ်ဘိုးဘိုးကြီး နတ်နန်း


ဟုန်းနတ်ဘိုးဘိုးကြီးရုပ်တု


ကင်ပွန်းစခန်း ခြေလျှင်လမ်းနဲ့ ရသေ့တောင်ကားလမ်း ဆုံမှတ်


ရသေ့တောင် ကားလမ်းနဲ့ ရသေ့တောင် ခြေလျှင်လမ်းခွဲ အလှူခံစခန်း


ဟိုတယ်တွေမရောက်ခင် ဈေးဆိုင်တန်း


ကျိုက်ထီးရိုးစေတီတော် ညရှုခင်း


ရင်ပြင်တော်ပေါ်က နတ်တောင်

Friday, March 13, 2009

Golden Rock Pagoda Trip-3


တောင်တက်လမ်းဘေးနားက ရေအိုးစင်လေး


နတ်ရေကန်လို့ ရေးထားတာပဲ


လှေခါးထစ်တွေများလွန်းတဲ့ ဘိုးပြန်တောင်


ဘိုးပြန်တောင် အကျော် လမ်းပြေပြေလေး


တောကြောင် တောကြက် မြွေပါ


အေးချမ်းလှတဲ့ တောင်ပေါ်ရွာလေး


စခန်းလေးစေတီ


နဂါးပတ်စခန်း

Thursday, March 12, 2009

Golden Rock Pagoda Trip-2


မျှော်တော်မူစခန်း


အဆင်းပြီးရင် အတက်လမ်း


ရေမြောင်ကြီးစခန်း


ပျော်ပျော်ပါးပါး ခရီးသွားများ


ရေမြောင်ကြီးစခန်းအကျော် နတ်နန်း


သာသနာစောင့် ဘိုးဘိုးကြီးရုပ်တု


နတ်ကြီးသည် အလေးအပေါ့ မစွန့်ရ


မဟာမြိုင်စခန်း

Wednesday, March 11, 2009

Golden Rock Pagoda Trip-1


ကင်ပွန်းစခန်းတောင်ခြေကို ရောက်ပြီ


ဓါတ်ပုံရိုက်ဖို့ ခြေလျှင်တက်ကြရအောင်


မြန်မာ့ဓလေ့ ရေချမ်းအိုးစင်လေး


လှေကားထစ်နဲ့ မြေနီလမ်း


အေးချမ်းလှတဲ့ တောရိပ်တောင်ရိပ်


တောင်တက်လမ်းက ဈေးဆိုင်လေး


ကျားဆွဲစခန်း


ကျားဆွဲဘိုးဘိုးကြီး

Monday, March 9, 2009

Dried fish


ငါးရံ့ခြောက်...

ပဲခူး၊ သနပ်ပင်ကို အလည်သွားတုန်းက မြစ်ကမ်းဘေးမှာ ငါးရံ့ခြောက်တွေ နေပူလှန်းထားတာကို တွေ့ခဲ့ရလို့ ဓါတ်ပုံ ရိုက်ခဲ့လိုက်တယ်။ အဲဒီနေရာမှာ ငါးရံ့ခြောက်တွေက ဈေးလည်း ပေါတယ်။ ဆားလည်း ပေါ့တယ်။ အကောင်ကြီးတွေကို တစ်ပိဿာကိုမှ ၁၂၀၀ကျပ် ဆိုလားပဲ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ငါးရံ့ခြောက်လိုပဲ ဆားသိပ် နေလှန်းခံမိလိုက်တယ်။ အဲဒီတော့ အပူရှပ်ပြီး ဖျားနေပြီ။ ဒီနေ့ နေ့လည်စာ ထမင်းစားချိန်မှာ မိုးက ထပ်မိလိုက်တော့ ဂိတ်ကို ဆုံးတော့တာပါပဲလေ။ မိုးအေးအေးမှာ ချမ်းတာနဲ့ လွမ်းတာ နှစ်ခုရောသွားပြီး လူလည်း အဖျားတက်လာပုံပဲ။ အဟား...

အခုတော့ ငါးရံ့ခြောက် နေလှန်းခံရသလို ရင်တွေပူနေရတယ်။ ခေါင်းတွေလည်း အုံနေတယ်။ ကိုယ်အပူချိန် တက်လာလို့ ထင်ပါတယ်။ သေချာတာတစ်ခုက မနက်ဖြန် ဆေးခွင့်ပဲ။

Sunday, March 8, 2009

Dear Yesterday - 8


My 8th time voluntary non-remunerated blood donation
မနေ့က သွေးသွားလှူဖြစ်တယ်။ အမှန်ဆို လှူရမယ့်ရက်က ခုနစ်ရက်လောက် နောက်ကျနေပြီ။ အမှန်တကယ် လှူရမယ့်နေ့မှာ ရုံးအလုပ်တွေကို ညဘက်အထိ မအိပ်ပဲ လုပ်ရမှာဆိုတော့ သွေးလှူလို့ မဖြစ်ဘူး။ အဲဒါနဲ့ အခုအပတ်ကို ရွှေ့ထားခဲ့လိုက်တာ။ ဒီတစ်ခေါက်မှာ သွေးလှူဖြစ်ခဲ့တာကို ထည့်ရေတွက်ရရင် စင်္ကာပူကျွန်းမှာ ရှစ်ကြိမ်မြောက် သွေးလှူဒါန်းခြင်းပါပဲ။ သွေးလှူတာကလည်း ရှစ်ကြိမ်မြောက် ဖြစ်သလို ခေါင်းစဉ်ကလည်း မနေ့ကအပိုင်း နံပါတ်ရှစ်ပါ။ အခုပို့စ်ကို တင်တဲ့ရက်ကလည်း မတ်လ ရှစ်ရက်နေ့ဖြစ်နေသလို အချိန်ကလည်း ည ရှစ်နာရီဖြစ်နေပါတယ်။ တိုက်ဆိုင်မှုတစ်ခုပါပဲ။

ဒီမှာက ကျန်းမာရေးကောင်းရင် သုံးလမှာတစ်ခါ သွေးလှူလို့ရနေတော့ အဆင်ပြေပါတယ်။ မနက်စာစားပြီး ရေမိုးချိုး အ၀တ်စားလဲ။ ပြီးတော့ နေ့လည် ၁၁ နာရီလောက် သွေးလှူဘဏ်ကို ရောက်အောင် သွားခဲ့ပြီး သွေးလှူခဲ့လိုက်တယ်။ ဒီတစ်ခေါက် သွေးလှူတော့ ပြန်ပေးတဲ့ အားဆေးတွေ ပြောင်းသွားပါပြီ။ အရင်တုန်းက ပေးတဲ့ဆေးတွေက အမဲသားကနေ ထုတ်လုပ်ထားတာဖြစ်လို့ တချို့ဘာသာဝင်တွေနဲ့ အဆင်မပြေဘူးလေ။ ခြေလေးချောင်းသား မစားတဲ့ ကျွန်တော်နဲ့လည်း အဆင်မပြေပါဘူး။ အဲဒါကြောင့် ဟင်းသီးဟင်းရွက်ကနေ ထုတ်လုပ်ထားတဲ့ အားဆေးတွေကိုပဲ ပြောင်းပေးပါတယ်။ သွေးညှစ်တဲ့နေရာမှာ သုံးတဲ့ ဘောလုံးလေးတွေ ဒီဇိုင်းအသစ် ထုတ်မှာဖြစ်လို့ လတ်တလောမှာ စင်္ကာပူအလံပုံ ရာဘာတုံးလေးတွေကိုပဲ ညှစ်ခိုင်းထားပါတယ်။ သွေးပုံရင်ထိုးလေးတွေ ပေးပေမယ့် ဒီတစ်ခေါက် မရလိုက်ဘူး။ လာပေးဖို့ မေ့သွားပုံပဲ။ တကူးတကလည်း မတောင်းချင်တာနဲ့ ဒီအတိုင်းလေးပဲ ထွက်လာခဲ့လိုက်တယ်။

သွေးလှူပြီး အိမ်ပြန်ရောက်တော့ နေ့လည်ပိုင်းမှာ ခဏအိပ်စက် အနားယူလိုက်သေးတယ်။ အိပ်ရာကနိုးတော့ ညနေပိုင်းမှာ ယုံကြည်မှုဆိုတာနဲ့ ပါတ်သက်ပြီး ပေါက်ကွဲ ထိရှ ခံစားလိုက်ရတယ်။ မယုံသေးပါဘူး ဆိုတာက ကျွန်တော့်အဖို့ တကယ်ကို ခံရခက်စေတဲ့ စကားလုံးပါပဲ။ ကျီစယ်တာပဲဖြစ်နေအုံး မကြိုက်တာတော့ အမှန်ပါပဲ။ မယုံဘူးဆိုမှတော့ ပြောခဲ့သမျှ လုပ်ခဲ့သမျှ တည်ဆောက်ခဲ့သမျှ သဲထဲရေသွန်သလို အလကားဖြစ်ကုန်ပြီပေါ့။ မယုံဘူးဆိုမှတော့ ဘယ်လို ရှေ့ဆက်စခန်းသွားကြမလဲ။

ဒီလိုနဲ့ပဲ အတိုက်အခံတွေ ဖြစ်လိုက်ရပြီး နောက်ဆုံးတော့ ယုံသွားပါလေရော။ မုန်တိုင်းပြီးရင်တော့ လေပြေ လာစမြဲပါပဲ။ ကိုယ်မှန်နေရင် နောက်မဆုတ်တတ်တဲ့ ဥာဉ်ဆိုးလေးက တခါတလေတော့လည်း အထောက်အကူ ဖြစ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။ တခါတလေတော့လည်း ချောက်ကျစေပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ချိုးရေနေရမယ့် နေ့ရက်တွေ ရှိလာပါပြီ။ အရှေ့ဆီမှာ ရောင်နီတွေ ထွန်းလင်းစေချင်တယ်။ နွေရာသီရဲ့ အပူဒဏ်နဲ့အတူ ရင်မောရလွန်းတဲ့ ရက်တွေ အချိန်တွေ ကုန်ဆုံး လွန်မြောက်ချင်ပါတယ်။။

အဲဒီနေ့ အဲဒီအချိန်မှာ ကျွန်တော်ဇူလိုင် ကံကောင်းပါစေလို့ပဲ မနေ့က မျှော်လင့်မိပါတယ်။

Saturday, March 7, 2009

Architect Saya Shwe


ကျွန်တော်ရဲ့ ဆရာ ဗိသုကာဆရာရွှေ...

ဂျပန်မှာ ပညာတော်သင်ခဲ့ပြီး မြန်မာပြည်က ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာဌာနမှာ ကျောင်းဆရာလုပ်ရင်း လူငယ်မျိုးဆက်သစ်တွေအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့သူတစ်ဦးပေါ့။ ဘုဂလန့်ကျကျ နေတတ် ပြောတတ်လို့ တချို့တွေက ဆရာ့ကို မကြိုက်ကြပါဘူး။ မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ဆရာက လူမုန်းများသလို လူချစ်လူခင်လည်း အလွန်ပေါပါတယ်။ အထူးသဖြင့် ဗိသုကာ တပည့်ဟောင်းတွေက သူ့ကို ချစ်ကြောက်ရိုသေပါတယ်။ ပျော်ပျော်နေတတ်တဲ့ ဆရာ့ကို တပည့်တွေ ချစ်ကြတာ မဆန်းပါဘူး။

ကျောင်းသားဘ၀တုန်းက ကြို့ကုန်းကျောင်းကနေ အပြန်ခရီးတိုင်းမှာ ဆရာရဲ့အိမ်ရှိတဲ့ လှည်းတန်းဘူတာမှာ ဆင်းပြီး ညနေခင်းတွေကို လက်ဖက်ရည်ဆိုင်မှာ ဆရာနဲ့ စကားပြောဆို ရယ်မောရင်း ဖြတ်သန်းခဲ့ပါတယ်။ ကျောင်းပိတ်ရက် ညနေပိုင်းတွေမှာလည်း ဆရာရှိတဲ့ လှည်းတန်းဘူတာကို တကူးတက ရထားစီးပြီး မလာရရင် မနေနိုင်ခဲ့ပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ဆရာနဲ့အတူ ဗိသုကာ ကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေ အပြင် ပန်းချီဆရာတွေ၊ ဂျာနယ်အသိုင်းအ၀ိုင်းက တက်သစ်စ အယ်ဒီတာတွေပါ ၀ိုင်းထိုင်လေ့ရှိကြပါတယ်။ ဆရာပြောပြတဲ့ သတင်းစကားတွေကို နားထောင်ချင်ကြတယ်။ ဆရာရဲ့ ရှုထောင့်တွေကို ပုံဖော်ချင်ကြတယ်။ ဆရာရဲ့ အယူအဆ အတွေးအမြင်ကို သိချင်ကြတယ်။

ဘ၀တကွေ့မှာ ဆရာနဲ့ ကျွန်တော် ခဏတာ ဆုံတွေ့ရပေမယ့် ဆရာဆီက အတွေးအမြင်တွေ ဗဟုသုတတွေ ခံယူချက်တွေ မျှဝေရရှိခဲ့ပါတယ်။ ဗိသုကာပညာနဲ့ ပါတ်သတ်တာရော၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး စုံပလုံစိအောင် ဆရာက မျှဝေပါတယ်။ ကျောင်းမှာ သင်ပေးလို့မရတဲ့ ပညာတွေ ဆရာဆီက ရစေပါတယ်။ ဆရာရဲ့ ဖြတ်သန်းခဲ့တဲ့ ဘ၀အတွေ့အကြုံတွေက ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို ပွင့်ဟစေတဲ့အထိ အြံ့သစေ အံ့အားသင့်စေပါတယ်။ တချို့ဟာတွေက ဆရာပြောပြမှ သိခဲ့ရတာမျိုးတွေပါ။ ရှေ့မီနောက်မီ ဆရာဟာ ခေတ်လည်းမှီပါတယ်။ အင်တာနက်နဲ့ အီးမေးလ်တွေကို အဲဒီအချိန်ကတည်းက သုံးနေပါပြီ။ လူကြီးဆိုပေမယ့် ခေတ်နောက်ကျ ကျန်နေလေ့မရှိပဲ လူငယ်တွေနဲ့ ရင်ဘောင်တန်းနိုင်လောက်အောင် အသိအမြင် ဗဟုသုတ ကြွယ်ဝလှပါတယ်။

ဒီတစ်ခေါက် ကျွန်တော် ရန်ကုန်ပြန်ခဲ့တုန်းက ဆရာ လက်ရှိနေထိုင်နေတဲ့ သုဝဏ္ဏကို သွားခဲ့ပြီး ကျွန်းရွှေမြိုင် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး စကားတွေ ပြောခဲ့ကြပါသေးတယ်။ အခုချိန်ထိတော့ ဆရာက ကျန်းကျန်းမာမာ ရှိလှပါတယ်။ သန်သန်မာမာပါပဲ။ ပေါက်တက်ကရ ဟာသတွေလည်း ရယ်ရယ်မောမော ပြောနေတုန်းပါပဲ။ အဲဒီလိုပဲ နိုင်ငံရေးတွေလည်း မပြောပဲ မနေပါဘူး။ နိုင်ငံတကာရေးရာ ကမ္ဘာ့ရေးရာတွေလည်း ပါတာပေါ့။ ကျွန်တော် ရန်ကုန်ကနေ ဒီကို ပြန်လာတော့ ဆရာက စာအုပ်နှစ်အုပ် လက်ဆောင် ပြန်ပေးလိုက်ပါသေးတယ်။

သင်ဆရာ မြင်ဆရာ ကြားဆရာ ကျွန်တော့်ရဲ့ ဗိသုကာ ဆရာရွှေအတွက် အမှတ်တရပါ။

Thursday, March 5, 2009

Once upon a time

ဟိုရှေးရှေးတုန်းကပေါ့။ ရန်ကုန်မြို့ရဲ့ ကွန်ပျူတာသင်တန်းကျောင်းတစ်ခုမှာ ဆရာပေါက်စဖြစ်နေတဲ့ အသက် ၂၀ မပြည့်တပြည့် ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ တစ်နေ့တော့ ကျောင်းမှာ အလုပ်နေရာတွေအတွက် အင်တာဗျူး လုပ်မယ်ဆိုတော့ အဲဒီမှာ ကျောင်းသားဖြစ်တဲ့ သူက အင်တာဗျူး အတွေ့အကြုံ ရအောင်ဆိုပြီး အပျော်သဘောမျိုး လက်တည့်စမ်း ဖြေလိုက်ပေမယ့် အလုပ်တစ်ခု ရလိုက်တယ်တဲ့ကွယ်။ အလုပ်ကတော့ ပထမနှစ် ကျောင်းသားတွေ ပရောဂျက်လုပ်တဲ့အခါမှာ ကြီးကြပ်ပေးရမယ့် စူပါဗိုက်ဆာ ဆိုတဲ့ ရာထူးပါပဲ။ ပရိုဂမ်မာဖြစ်ချင်နေတဲ့ သူ့အတွက်တော့ ဒီအလုပ်က ကွတ်တိပါပဲ။ ဒီပလိုမာ ပထမနှစ်ရဲ့ ပရောဂျက်တွေက ပရိုဂရမ်းမင်း ပရောဂျက်တွေပဲလေ။ အဲဒီတော့ ပုံစံမျိုးစုံကို တွေ့ထိရပြီပေါ့ဗျာ။

အဲဒီလိုနဲ့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကိုင်လာခဲ့တာ ၁၁ မီးငြိမ်းတဲ့ ဆရာကို ဖြစ်လို့။ တစ်ရက်မှာ စာသင်ခန်းတစ်ခုရဲ့ ရှေ့မှာ ဖိုင်တွဲလေးကို ရင်မှာဖိပြီး မတ်တပ်ရပ်နေတဲ့ နတ်သမီးလေးတစ်ပါးကို ရင်ခုန်ဖွယ် တွေ့ခဲ့လိုက်ရတယ်။ ဖြူဝင်းတဲ့ အသားအရည်နဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်အလှဟာ ပိုင်ဟွေ့ဒီဇိုင်းလို့ ခေါ်ကြတဲ့ ရှန်ဟိုင်းစတိုင် ၀တ်စုံလေးနဲ့ တွဲဘက်ထားတော့ ပြစ်မျိုးမှဲ့မထင် ရိုးရိုးစင်းစင်းလေး လှနိုင်လွန်းတယ်လို့ သူ့စိတ်ထဲမှာ စွဲထင်နေခဲ့တာပေါ့။ သူ့အတွက် ရင်ခုန်ဖွယ် တိမ်းညွတ်စေတဲ့ နတ်သမီးလေးဟာ ရိုးရိုး ကွန်ပျူတာသင်တန်း ကျောင်းသူလား၊ ဒီပလိုမာသင်တန်းသူလား ဆိုတာ သူကိုယ်တိုင်လည်း မသိခဲ့ပါဘူး။

ဒီလိုနဲ့ ဒီပလိုမာ အတန်းတစ်ခုရဲ့ ပရောဂျက်တွေ ကိုင်ရမယ့် အလှည့်ကို ရောက်လာပြန်ပါပြီ။ ပရောဂျက် လုပ်မယ့်သူတွေကို စာသင်ခန်းတစ်ခုမှာ စုထားကြတယ်။ သက်ဆိုင်ရာ စူပါဗိုက်ဆာတွေ အဖွဲ့တွေ ခွဲယူရမယ် ဆိုတော့ သူလည်း လိုက်လာရပြီပေါ့။ လူစုထားတဲ့ အခန်းထဲကို သူလှမ်းကြည့်လိုက်တော့ နတ်သမီးလေးကို တွေ့လိုက်ရတယ်။ ခြေလှမ်းတွေကို ရပ်လိုက်ပြီး အခန်းထဲကို ချက်ချင်း မ၀င်သေးပဲ ပရောဂျက်အခန်းထဲက နောက်ကျမှ ထွက်လာတဲ့ လုပ်ဖော်ကိုင်ဖက် အခြား စူပါဗိုက်ဆာ ၂ ယောက်ကို စောင့်နေလိုက်တယ်။ အဲဒီ ၂ ယောက် ရောက်လာတော့ တိုးတိုးလေး လှမ်းချိတ်လိုက်တယ်။ အဲဒီ နတ်သမီးလေး အဖွဲ့ကို သူ ကိုင်မယ်ပေါ့။ ဟို ၂ ယောက်ကလည်း သဘောပေါက်တယ်။ အဲဒီအဖွဲ့ကို သူတို့ တာဝန်မယူပဲ ရှောင်ပေးမယ်ပေါ့။ ဒီလိုနဲ့ နတ်သမီးလေးရဲ့အဖွဲ့ကို သူ ကိုင်တွယ် ကြီးကြပ် စူပါဗိုက်စ် လုပ်ပါတော့တယ်။

မိုးဖွဲဖွဲလေးတွေ ရွာနေတဲ့ နေ့တစ်နေ့...ဗိုလ်တထောင်ဘုရားလမ်းမကြီး အပေါ်မှာ ကျိုက်ထီးရိုးက ၀ယ်လာတဲ့ လက်ဆောင်လေးတွေကို ပေးရင်း သူက နတ်သမီးလေးကို မိုးရေထဲမှာ ချစ်ခွင့်ပန်ခံတယ်။ လမ်းမထက်မှာ နှစ်ယောက်စလုံး မိုးတွေ စိုလို့ပေါ့။ နတ်သမီးလေးကတော့ အဖြေမပေးသေးပါဘူး။ ဆောင်းရောက်တဲ့အထိ စောင့်ပါအုံးတဲ့။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် ဟိုမရောက် ဒီမရောက် ဘ၀ချိုချိုလေးမှာ မိုးရေစက်တွေနဲ့အတူ ပျော်နေခဲ့ကြတယ်။

အတန်းဆင်းတာ အချိန်စောပေမယ့် နတ်သမီးလေးက အိမ်မပြန်သေးပဲ ရုံးဆင်းချိန်ရောက်မှ သူနဲ့အတူတူ အိမ်ပြန်တယ်။ ညအမှောင်မှာ နတ်သမီးလေးရဲ့ လက်ကို ဆွဲပြီး အိမ်လိုက်ပို့ပေးရတဲ့အချိန်မှာ သူ့ရင်ထဲမှာ ကုလားဘုရားပွဲ လှည့်နေသလိုပါပဲ။ နေ့လည်ပိုင်းတွေမှာ တခြားအတန်းဖော် သူငယ်ချင်းတွေ ရှိပေမယ့်လည်း သူနဲ့ပဲ ထမင်းစား ထွက်ကြတယ်။ သူ မအားသေးရင် အားတဲ့အချိန်ထိ စောင့်ပေးရှာတယ်။ နတ်သမီးလေး အတန်းမပြီးသေးရင် သူကလည်း တစ်ယောက်တည်း ထမင်းထွက်မစားပဲ အတန်းချိန်ပြီးတဲ့အထိ အခန်းဝမှာ ထိုင်စောင့်နေတတ်တယ်။ သူတို့နှစ်ယောက်ဟာ အဲဒီသင်တန်းကျောင်းက ဆရာမအချို့ရဲ့ ပါးစပ်ဖျားမှာ ဒီစုံတွဲလေး အတွဲညီလိုက်တာလို့ ပြောစမှတ် တွင်ခဲ့စေတယ်။

တစ်ရက် နေ့လည်ပိုင်း ထမင်းစား ထွက်ခဲ့ကြတယ်။ သူတို့ နေ့လည်စာ ထမင်းစားရင် စားသောက်ဆိုင်ရဲ့ အပေါ်ထပ် အဲယားကွန်းရှိတဲ့ အထူးခန်းမှာ စားကြလေ့ရှိတယ်။ တိတ်ဆိတ် အေးချမ်းပြီး သက်တောင့်သက်သာ ရှိတာကြောင့် သူတို့ အဲဒီနေရာကိုပဲ သေချာရွေးထားတာပါ။ ထမင်းစားပြီး ဆိုင်အောက်ထပ်ကို ဆင်းလာတော့ ဇူလိုင်မိုးသည်းတွေ ထစ်ခြုန်းရွာနေတယ်။ တိမ်ညိုတွေ အလုအယက် ပြိုဆင်းနေတယ်။

အတန်းတက်စရာရှိတဲ့ နတ်သမီးလေးနဲ့ အလုပ်လုပ်စရာရှိတဲ့ သူ့အတွက် မိုးစဲနေကို စောင့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ ယူလာတဲ့ ထီးလေးကို ဖွင့်ပြီး ထီးတစ်ချောင်းအောက် နှစ်ယောက်အတူတူ ဆောင်းပြီး ထွက်ခဲ့ကြတယ်။ နတ်သမီးလေးကို ချစ်လွန်းတဲ့ သူက ထီးအောက်မှာ သိပ်မနေပဲ နတ်သမီးလေးဘက်ကိုပဲ ထီးမိုးပေးထားခဲ့တယ်။ ဒါပေမယ့်လည်း သည်းသည်းမဲမဲ ရွာသွန်းဖြိုးနေတဲ့ မိုးဒေ၀ါက သူတို့နှစ်ယောက်ကို ရွှဲရွှဲ စိုစေခဲ့တယ်။ ချမ်းချမ်း တုန်စေခဲ့တယ်။

မျက်မှန်ပေါ် လာတင်နေတဲ့ မိုးရေစက်တွေက သူရဲ့ မြင်ကွင်းတွေကိုေ၀၀ါးစေခဲ့တယ်။ မျက်စိမှုန်တဲ့ သူ့အဖို့ မျက်မှန်ချွတ်လိုက်ရင်လည်း မြင်ကွင်းတွေက မကြည်လင်ပြန်ဘူး။ ဒါနဲ့ပဲ မျက်မှန်ကို တကူးတက လက်မှာ မကိုင်ထားချင်တဲ့ သူက မျက်မှန်မချွတ်ပဲ ရှေ့ကို စွတ်တိုးနေခဲ့တယ်။ လက်တစ်ဘက်က ထီးကို မြဲမြဲကိုင်ရင်း နောက်လက်တစ်ဘက်က နတ်သမီးလေးရဲ့ လက်ကို ခိုင်ခိုင်တွဲထားလို့ပေါ့။ မိုးကလည်း သည်းတုန်းပါပဲ။

ဝုန်းကနဲ... ဆိုတဲ့ အသံလိုမျိုး သူ့နားထဲမှာ ကြားလိုက်ရတယ်။ မျက်နှာတစ်ခုလုံး ထူပူရှိန်းတိန်းသွားတယ်။ ထီးကို လက်မှာ ဆုပ်ကိုင်ထားရင်း သူ ဖင်ထိုင်လဲကျတော့မလို ယိုင်တိုင်တိုင် ဖြစ်သွားတယ်။ မျက်မှန်လည်း ကျွတ်ကျသွားလို့ မမြင်မစမ်းနဲ့ လိုက်ကောက်ရသေးတယ်။ ဘေးနားက နတ်သမီးလေးကတော့ တခစ်ခစ် ရယ်နေလိုက်တာများ မိုးသည်းထဲမှာတောင် အတိုင်းသား ကြားနေရတယ်။ ရုတ်တရက် သူ ဘာဖြစ်သွားမှန်း မသိရသေးတဲ့အတွက် မျက်မှန်ပေါ်က မိုးရေစက်တွေကို ပုဆိုးခါးပုံစနဲ့ အရင်ဦးဆုံး သုတ်ပစ်လိုက်တယ်။ ကြည်လင်သွားပြီဖြစ်တဲ့ မျက်မှန်ကို တပ်ကြည့်ပြီးတဲ့အခါ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက "အားလားလား..." ရှေ့တည့်တည့်မှာ ဓါတ်တိုင်ကြီးကို မြေကြီးနဲ့ ဆွဲတင်းပေးထားတဲ့ သံမဏိကြိုးလုံးကြီးပါလား။ မိုးရေထဲမှာ မမြင်မစမ်းနဲ့ ဓါတ်တိုင်ကို ဆွဲထားတဲ့ ကြိုးကို တည့်တည့်ကြီးကို ၀င်တိုးမိတာကို။

ကျောင်းပြန်ရောက်တော့ မှန်ထဲကြည့်လိုက်တဲ့အခါ သူ့နဖူးကနေ နှာထိပ်အထိ အရှိုးရာကြီးက အပေါ်အောက် တန်းနေတာပါပဲ။ ဘာဖြစ်လာတာလဲ ဆိုတာကို ပရောဂျက်အဖွဲ့တွေက ပြုံးဖြဲဖြဲနဲ့ မေးပေမယ့် သူ့မှာ ဖြေစရာ စကားလုံး ရှာမရခဲ့ဘူး။ တစ်ယောက်လာမေးတိုင်း တခစ်ခစ်နဲ့ ထိုင်ရယ်နေတာ သူ့ရဲ့ နတ်သမီးလေးပေါ့။ သူ့မှာတော့ ရှက်ရှက်နဲ့ မျက်နှာကြီးတစ်ခုလုံး နီရဲတွတ်နေပြီ။ မျက်နှာတည်လွန်းတဲ့ သူ့ကို အခုလို ပုံစံမျိုးနဲ့ မြင်ရတော့ လူတွေက ပိုရယ်ချင်ကြတယ်။ ဟီးဟီးဟားဟားလည်း မရယ်ရဲကြတော့ ပါးစပ်လေးတွေ အုပ်ပြီး ကျိတ်ရယ်ကြတယ်။ အဲဒါတွေကို မြင်ရလေလေ သူမျက်နှာကြီးက ပိုပြီး နီလာလေလေပါပဲ။

တစ်ပတ်လောက်အထိ သူ့မျက်နှာမှာ အဲဒီအရှိုးရာကြီးက ဟန်ပါပါနဲ့ မင်းမူကြီးစိုးနေခဲ့ပါတယ်။ မျက်နှာအုပ်ပြီး နေလို့ရတဲ့ ဘ၀မျိုး မဟုတ်တော့ ဒီမျက်နှာကြီးနဲ့ ဒီလိုပဲ ရယ်သံတွေကြားမှာ ဒုက္ခခံခဲ့ရတာပေါ့ကွယ်။

ဟိုးတချိန်တုန်းက ဒုက္ခလှလှကြီးဟာ အခုချိန်မှာ ပြန်တွေးမိတော့လည်း ပြုံးချင်စရာ ဘ၀မှတ်တိုင် တစ်ခုအဖြစ် သူ့ဘ၀မှာ တည်ရှိနေခဲ့ပါပြီလေ။
~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော့်ကို Tag ရေးပါဆိုတဲ့ ညီမငယ် ၀က်သိုး ခေါ် နှင်းပွင့်ဖြူလေးရေ... အခုပို့စ်ကို ကျေနပ်မယ်လို့ ထင်ပါတယ်။

ကဲ... အစဉ်အလာရ လက်ဆင့်ကမ်းရမယ်ဆိုရင်တော့...
ဆပ်ပြာတုံး မတူးတူးသာ...
အော်စလိုပြန် မခင်မင်းဇော်...
ပလာတာ မကြိုက်တဲ့ ရွှန်းတီ...
ရာထူးတိုးသွားရှာတဲ့ မနှင်းဆီနီ...

Tuesday, March 3, 2009

Merlion struck by lightning


ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်း ၄ နာရီကျော်မှာ စင်္ကာပူရဲ့ အထင်ကရ အမှတ်အသားဖြစ်တဲ့ Merlion ရုပ်တုကြီး မိုးကြိုးပစ်ခံခဲ့ရပါတယ်။ မိုးကြိုးဒဏ်ကြောင့် ရုပ်တုကြီးရဲ့ ခေါင်းပေါ် လည်ဆံမွှေးတွေ နေရာမှာ အပေါက်ကြီး ၂ ပေါက်ဖြစ်သွားပါတယ်။ မိုးကြိုးဒဏ်ကြောင့် Merlion ရုပ်တုကြီးရဲ့ အနားတ၀ိုက်မှာ လာရောက် လည်ပတ် ဓါတ်ပုံရိုက်နေတဲ့ ဧည့်သည်များ တစ်စုံတရာ ထိခိုက်ဒဏ်ရာ ရမှုတော့ မရှိခဲ့ပါဘူး။

အပူပိုင်းမုတ်သုံဒေသမှာ တည်ရှိနေတဲ့ စင်္ကာပူနိုင်ငံအဖို့ အခုလို မိုးကြိုးပစ်ခံရခြင်းကို မကြာခဏ ခံရလေ့ရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါပါတယ်။ ၁၉၈၂ ကနေ ၂၀၀၈ ခုနှစ်အတွင်း ပျဉ်းမျှအားဖြင့် ၁ နှစ်မှာ ၁၈၆ ရက်လောက် မိုးကြိုးပစ်ခံရကြောင်း National Environment Agencyရဲ့ မိုးလေ၀သဌာနက ပြောကြားပါတယ်။

ဥပဒေအရ လူနေထိုင်တဲ့ အဆောက်အဦးတွေတိုင်းမှာ မိုးကြိုးလွဲတွေ တပ်ထားပေမယ့် အခုရုပ်တုကြီးမှာတော့ မိုးကြိုးလွဲ မရှိခဲ့ပါဘူး။ အထပ်မြင့် မိုးမျှော် အဆောက်အဦးကြီးတွေ ၀န်းရံနေတဲ့ Merlion ရုပ်တုကြီးဟာ မိုးကြိုးဒဏ်ကို လုံလောက်စွာ အကာအကွယ်ပေးနိုင်မယ့် အနီးဆုံး အဆောက်အဦးဖြစ်တဲ့ One Fullerton building နဲ့ အကွာအဝေး အတော်ဝေးဝေးမှာ တည်ရှိနေခဲ့တာကလည်း အခုလို မိုးကြိုးပစ်ခြင်း ခံရတာပါလို့ NUSက ပါမောက္ခတစ်ဦးကလည်း ရှင်းပြပါသေးတယ်။

အခုတော့ ရုပ်တုကြီးကို ပြင်ဆင်မွမ်းမံနေပါပြီ။ Merlion ရုပ်တုကြီး ခြင်ကိုက်ခံရပြီး သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးလို့ တာဝန်ရှိသူများက လောလောဆယ်မှာ ခြင်ထောင်ချပေးထားပါတယ် ခင်ဗျာ။

Photo Credit: www.asiaone.com