.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, June 28, 2010

Family Day @ USS

ကုမ္ပဏီက ဒီနှစ် Family Day ကို Universal Studio - Singapore မှာ လုပ်တယ်။ မနက် ၉ နာရီခွဲ အရောက် ဆန်တိုစာကို လာရမယ် ဆိုပဲ။ မိုးရွာနေတာနဲ့ ၁၀ နာရီကျော်မှ ရောက်သွားတယ်။ ကံစမ်းမဲဖောက်တာ ၁၀ ဒေါ်လာတန် Gift Voucher ကြီး ပေါက်တယ်။ အဲဒီဘောင်ချာက ၁ ရက်ပဲ သက်တမ်းရှိတဲ့အပြင် Universal Studio ထဲက ဆိုင်တွေမှာပဲ ဝယ်ခွင့်ရှိတာဆိုတော့လည်း အရုပ်တစ်ခု ဝယ်လာခဲ့လိုက်တယ်။ ၁၀ နဲ့တော့ မရဘူး။ လိုတာကို အိတ်ထဲက ထပ်စိုက်ပေါ့။

ဓါတ်ပုံရိုက်ဖို့တော့ ကောင်းတယ်။ အရုပ်တွေက ကလေးကြိုက် ဆိုပေမယ့် ကျွန်တော်လည်း ကြိုက်တယ်။ Madagascar က ကာတွန်းဇာတ်ကောင်လေးတွေက ဓါတ်ပုံတွဲရိုက်လို့ ကောင်းတယ်။ လူများတော့ ရိုက်ရတာ သိပ်အဆင်မပြေဘူး။ တန်းစီနေရတာ ကြာတယ်။ 4D Cinema ကို သဘောကျသွားတယ်။ ကိုယ့်မျက်နှာရှေ့မှာ ရောက်နေသလိုမျိုး ခံစားရတယ်။ တောသားဆိုတော့လည်း ဒါမျိုးတွေ မကြည့်ဖူးဘူးလေ။

Roller Coaster တွေ မစီးရင် သိပ် မတန်ဘူး။ ဒါတောင် ပျက်နေတဲ့ဟာကြီးက ပြန်မကောင်းသေးဘူး။ Far Far Away က Enchanted Airway ဆိုတဲ့ Roller Coasterက အေးဆေးပဲ။ ဒါပေမယ့် အီဂျစ်က မံမီကိုတော့ ဆလံသပါတယ်။ သေးထွက်မကျတာပဲ ကျေနပ်မိတယ်။ တယ်ဟုတ်တဲ့ ငါပါလားပေါ့။ Jurassic Park ထဲက ဘောလည် စီးပြီးရင် အီဂျစ်က မံမီဆီသွားတာ အကောင်းဆုံး လမ်းကြောင်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘောလည်စီးရင် အဝတ်တွေ ရေစိုမယ်လေ။ အဲဒီတော့ ပိရမစ်ထဲမှာ မံမီနဲ့တွေ့ပြီး သေးထွက်ကျလည်း သိပ်မသိသာဘူးပေါ့။ ဘောလည်စီးထားလို့ ရေစိုသလိုလို... ခပ်တည်တည် နေလို့ရတယ်။ အကြံပေးတာပါ။

တနေကုန် ဓါတ်ပုံတွေ ဟိုရိုက် ဒီရိုက် လုပ်ခဲ့တယ်။ ကိုယ့်ပုံပါတဲ့ ပုံတွေက များလွန်းလို့ မပါတဲ့ပုံကို မနည်း ရှာယူပြီး တင်လိုက်ပါတယ်။


ခွဲတမ်းရတဲ့ လက်မှတ်က ၂ စောင်...


Donkey နဲ့ Dragon သားစပ်ထားတာ...


ကြယ်ပွင့်တွေနဲ့ Hollywood လမ်း ဆိုပဲ...


ဘောလယ် ဆိုတာ ရေထဲမှာ လည်နေတဲ့ ဘော...


နယူးယောက်မြို့က လမ်းလည်း ကတ္တရာလမ်းပဲ...


ကမ္ဘာလုံး ၂ လုံး... အပြာတစ်လုံး အဝါတစ်လုံး...

Wednesday, June 23, 2010

A piece of gipsy life -5

ဒီကောင့်ကို ကလေးဘဝက သူငယ်ချင်းလို့ ပြောလို့ရတယ်။ ကျွန်တော်က ၃ နှစ် တစ်ခါ ကျောင်းပြောင်းလေ့ ရှိတော့ ငယ်သူငယ်ချင်းကို ၃ နှစ် တစ်ခါ အသစ်ရလေ့ ရှိပါတယ်။ တချို့ကို ကျောင်းပြောင်းပြီးကတည်းက ပြန်မတွေ့တော့ဘူး။ တချို့ကိုတော့ ပြန်ဆုံဖြစ်တယ်။ တချို့ကတော့ အဆက်အသွယ် ရှိပေမယ့် အရင်လောက် မတွဲဖြစ်တော့ဘူး။ သိပ် အစီး မကပ်တော့ဘူးပေါ့။

ဒီကောင့်အိမ်က ကျွန်တော့်အိမ်နဲ့ မျက်စောင်းထိုးမှာပါ။ နှစ်ထပ် ပျဉ်ထောင်အိမ် အကြီးကြီး။ သူ့အဖေက သူ ငယ်ငယ်လေးကတည်းက ထိုင်ဝမ်မှာ အလုပ်သွားလုပ်တယ်။ သူတို့အိမ်က ပရိဘောဂလုပ်ငန်း လုပ်တယ်။ အမေဘက်က မိသားစုစီးပွါးရေးပါ။ အိမ်အောက်ထပ်မှာဆို လက်သမားဆရာတွေနဲ့ပေါ့။ အိမ်အပေါ်ထပ်မှာက သူတို့ နေကြတယ်။ အိမ်မှာ မီးမွှေးဖို့ သစ်သားစ အတိုအထွာလေးတွေဆို သူတို့ဆီကနေ သွားဝယ်တယ်။ ပိုက်ဆံ ပေးရလို့ ဝယ်တယ်လို့ ပြောတာပါ။ တကယ်တော့ သူတို့က ပိုက်ဆံ ယူတယ် ဆိုရုံလေးပါပဲ။ နိုင်သလောက်ကို ကြိုက်သလောက်ယူပဲ။ ရေပေါ်စာတွေလည်း ယူချင်သလောက် သိမ်းကြုံးယူ။ ထင်းအတွက် သုံးဖို့ ဝယ်လာတဲ့အထဲက တချို့သစ်သားတုံးလေးတွေက ညီညီညာညာလေး ဖြစ်နေတော့ အိမ်ဆောက်တမ်း ကစားဖြစ်တယ်။

ကလေးဘဝတုန်းက နွေရာသီ ကျောင်းပိတ်ရက်ဆိုရင် အိမ်မှာ မာမားက တရုတ်စာ အခြေခံသင်ပေးတယ်။ ဒီကောင်ကလည်း တရုတ်ကပြားဆိုတော့ အိမ်မှာ တရုတ်စာ လာသင်သေးတယ်။ အိမ်က ကားဂိုဒေါင်ထဲမှာ တရုတ်စာလုံးတွေ ရေးကြ၊ အသံထွက် အော်ကြ... နှစ်ယောက်သား အပြိုင်အဆိုင်ပေါ့။ စာသင်ချိန်ပြီးရင် မာမားက အိမ်စာတွေလည်း ပေးသေးတယ်။ သူလည်း အိမ်စာတွေ ပြီးအောင်လုပ်... ကျွန်တော်လည်း အိမ်စာတွေ ပြီးအောင် လုပ်။ အိမ်ရှင်ဖြစ်နေတဲ့ ကျွန်တော်က အိမ်စာ မပြီးရင် ရှက်ဖို့ ကောင်းတယ်လေ။ ဒီလိုနဲ့ ကျောင်းတွေ ဖွင့်ဖြစ်တော့ တရုတ်စာလည်း ဆက်မလုပ်ဖြစ်တော့ဘူး။

ဒီကောင်နဲ့ ၃ တန်းကနေ ၅ တန်းအထိ ကျောင်းတူတူ တက်ဖြစ်ခဲ့တယ်။ ၃ တန်းတုန်းကတော့ အခန်း အတူတူပဲ။ အခန်းထဲမှာ ဒီကောင်က အဆင့် ၂ အထိ ချိတ်ဖူးတယ်။ အဲဒီကျောင်းမှာ သူ့အဒေါ်က ကျောင်းဆရာမပဲ။ ကျောင်းဆင်းပြီးရင် သူ့အဒေါ်က ကျူရှင်မှာ ဒီကောင့်ကိုပါ စာခေါ်သင်ပေးတယ်။ အဲဒီတော့ စာတော်လာပုံပဲ။ လေးတန်းနဲ့ ငါးတန်းမှာတော့ အခန်းမတူတော့ဘူး။ ၅ တန်းပြီးတော့ ကျွန်တော် ကျောင်းပြောင်းခဲ့တယ်။ အဲဒီကနေ ကွဲသွားတာ ၁၀ တန်းအထိပဲ ဆိုပါတော့။ ၁၀ တန်း ရောက်မှပဲ ဒီကောင်ရှိတဲ့ လမ်းကို ပြန်ပြောင်း နေဖြစ်တယ်။ ဒါပေမယ့် ဒီကောင်နဲ့ သိပ်မတွဲဖြစ်ပါဘူး။ မေးထူးခေါ်ပြော အဆင့်လောက်ပဲ။

တက္ကသိုလ်တွေ တက်ဖြစ်တော့ ဒီကောင်က သချာင်္ဘာသာနဲ့ အဝေးသင် ယူတယ်။ ကျောင်းမဖွင့်ခင်တုန်းက ကွန်ပျူတာ ဂရစ်ဖစ်သင်တန်းတွေ တက်တယ်။ ကျွန်တော်က ဝိုင်တီယူ ရောက်သွားတယ်။ ဆယ်တန်း အောင်ပြီးတဲ့အချိန်မှာ ဟိုလှုပ်လှုပ် ဒီလှုပ်လှုပ်တွေ ဖြစ်လို့ဆိုပြီး ဝိုင်တီယူကို ပိတ်ထားသေးတယ်။ အဲဒီလို အားနေတဲ့အချိန်မှာ ကွန်ပျူတာ ဒီပလိုမာတန်းတွေ တက်ဖြစ်တယ်။ ဒီပလိုမာတန်းတွေမှာ ပရောဂျက်တွေ အဖွဲ့လိုက် လုပ်ရတယ်။ ပြီးရင် ပရောဂျက်ကို စာတမ်းတင်ရတယ်။ အဲဒီစာအုပ်တွေမှာ လိုအပ်သမျှ ဒီဇိုင်းတွေကို ဒီကောင် လုပ်ပေးတယ်။ ကျွန်တော်ကလည်း လိုချင်တာက သူများနဲ့ မတူတတ်ဘူး။ ထူးထူးဆန်းဆန်းတွေ လုပ်ချင်တယ်။ ကိုဖိုးကွန့်လို့ ပြောလို့ ရတယ်ပေါ့လေ။ လိုချင်သမျှကို ဒီကောင်ပဲ လုပ်ပေးခဲ့တယ်။

ဒီကောင့်ဒီဇိုင်းတွေက လက်ရာကောင်းတယ်။ ဒါပေမယ့် ဖင်အရမ်းလေးတယ်။ နောက်ကနေ တွန်းပေးရတယ်။ သူငယ်ချင်းအတွက် လုပ်ပေးရတာ ဖြစ်နေလို့ပဲ အချိန်ဆွဲတာလားတော့ မသိဘူး။ မဖြစ်မနေ ပေးရတော့မယ် ဆိုမှ ကောက်ကာငင်ကာ နေ့မနား ညမအိပ် အချောသပ်ပေးတယ်။ သူ ဒီဇိုင်းဆွဲနေတဲ့အချိန် ဘေးနားကနေ ထိုင်ကြည့်ပေးမှ ကြိုက်တယ်။ ဟိုဟာလေး ပြင်လိုက်ပါအုံး။ ဒါလေး ပြင်လိုက်ပါအုံး ဆိုလည်း ပြင်ပေးတယ်။ တခါတလေ ပြင်ခိုင်းတဲ့ဟာတွေက မလှဘူးလို့ ထင်ရင် သူက ထောက်ပြပေးတယ်။

လမ်းထဲမှာ စာရေးတံမဲပွဲကို လွတ်လပ်ရေးနေ့ မနက်တိုင်း နှစ်စဉ်ကျင်းပတယ်။ အရင်တုန်းကတော့ စက္ကူမဲလိပ်တွေ သုံးတာပေါ့။ အဲဒီလမ်းထဲမှာ ကွန်ပျူတာကျောင်းက သူငယ်ချင်းတွေ အခန်းငှားပြီး အလုပ် လုပ်ဖို့ စုနေကြတယ်။ အဲဒီတော့ စာရေးတံမဲပွဲကို ကွန်ပျူတာစနစ်နဲ့ မဲဖောက်ပေးဖို့ ကြိုးပမ်းကြည့်ရော။ ပရိုဂရမ်ကို ကျွန်တော်တို့တွေက ရေးတယ်။ အလှအပအတွက် လိုအပ်တဲ့ ဒီဇိုင်းတွေကို သူက စီစဉ်တယ်။ လမ်းလည်ခေါင်မှာ ပရောဂျက်တာကြီး ထိုးပြီး ပေါက်မဲတွေကို လှလှပပလေး ပြတယ်။ အဲဒီခေတ်အခါအရ အောင်မြင်တယ်လို့ ပြောရမယ်။ အင်တာနက်ဂျာနယ်မှာ သတင်းအဖြစ်တောင် ပါလာတယ်။ ရန်ကုန်မှာ ဘယ်သူမှ မလုပ်ရသေးတဲ့ အရာတစ်ခုကို လုပ်နိုင်ခဲ့တယ်။

ရှေ့နှစ်က ဒီကောင် စင်္ကာပူကို လာတယ်။ စအိုနားက အူကင်ဆာကို ခွဲထုတ်ဖို့အတွက်ပေါ့။ အစက လိပ်ခေါင်း ထင်ပြီး ကုနေတာ နောက်တော့မှ ကင်ဆာမှန်း သိလိုက်ရတယ်။ အဲဒီအချိန် အဆင့် ၃ တောင် ရောက်နေပြီ။ စင်္ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးမှာ ခွဲတယ်။ ၁၀ ရက်လောက် ဆေးရုံတက်ရတယ်။ သူ့အစ်မက ပီအာဆိုတော့ ဒီမှာ လူခံရှိလို့ တော်သေးတာပေါ့။ ဒါတောင် သူ့အိမ်က အတော် အကုန်ခံလိုက်ရတယ်။ ဆေးရုံက ဆင်းပြီးတော့ အနာကျက်တဲ့အထိ စင်္ကာပူမှာ နေသွားတယ်။ သူငယ်ချင်းတွေနဲ့ ဟိုသွားဒီသွားပေါ့။ စင်္ကာပူရဟတ်ကြီးလည်း သွားစီးဖြစ်တယ်။ သူ့ရောဂါ အမြစ်ပြတ်ရင် စင်္ကာပူမှာ အလုပ် လာရှာမယ်ဆိုပဲ။ သူငယ်ချင်းတွေက အကုန်လုံးနီးပါး ဒီရောက်နေပြီ ဆိုတော့လည်း ဒီကောင်လည်း လာချင်ပြီပေါ့။

စင်္ကာပူက ပြန်သွားပြီးတော့ ကာလကတ္တားမြို့မှာ ဓါတ်ကင်ဖို့ သွားသေးတယ်။ ရန်ကုန်ဆေးရုံကြီးမှာ စက်တွေ ပျက်နေလို့ ဆိုပဲ။ အဲဒီကနေ ပြန်လာပြီး နောက်ပိုင်း အတော်လေးကို ထူထူထောင်ထောင် ဖြစ်လာတယ်။ သူ့ လုပ်ငန်းတွေတောင် ပြန်ဦးစီးနေတယ်။ ကျွန်တော် ရန်ကုန်ကို အလည်ပြန်ဖြစ်တော့ ဒီကောင်တွေ လင်မယားက မြလမ်း၊ မင်းလမ်းဘက်မှာ မုန့်လိုက်ဝယ်ကျွေးသေးတယ်။ တရုတ်နှစ်ကူး ပြန်တုန်းကလည်း သူတို့အိမ်မှာ ကြက်သားရခိုင်ချက်ကို ရှူးရှူးရှဲရှဲ လွေးလိုက်ရတယ်။ အဲဒီ ဟင်းချက်ကျွေးတဲ့ နေ့မှာပဲ ဆေးစစ်ထားတဲ့ အဖြေက ထွက်တယ်။ အဲဒီ ဆေးစစ်ချက်ကို သူ့မိန်းမက သွားယူတယ်။ ရေးထားတာက ကင်ဆာဆဲလ်တွေ ထပ်တိုးနေတယ်တဲ့။ ဆေးစာရွက် ဖတ်ပြီးတော့ ငိုင်သွားတဲ့ သူ့ကို သတိထားမိတယ်။ ဒီကောင့်မိန်းမက တရှုံ့ရှုံ့ ငိုလို့ပေါ့။

ဒီနေ့ နေ့လည်ကပဲ ဒီကောင် ဆုံးသွားပြီ။ ဝဋ်ကျွတ်တယ်လို့ပဲ မြင်မိတယ်။ ဒီကြားထဲမှာ အတော်လေး ခံလိုက်ရတယ်လို့ ကြားမိတယ်။ ကင်ဆာမဖြစ်ခင်တုန်းက တရားစခန်းမှာ တရားအားထုတ်ဖူးတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ဖူးတဲ့ သူဆိုတော့ ဘဝကူးကောင်းမှာပါလို့လည်း မျှော်လင့်တယ်။

Sunday, June 20, 2010

WBDD 2010 and me

စင်္ကာပူမှာ ရှိနေတဲ့ကာလတွေမှာ ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကျင်းပတိုင်း လုပ်အားပေး လုပ်ဖြစ်ခဲ့တယ်။ အဲဒီပွဲကို တိရစ္ဆာန်ရုံမှာ လုပ်ခဲ့ဖူးတယ်။ ငှက်ခြံမှာ လုပ်ခဲ့ဖူးတယ်။ ဒီနှစ်တော့ Fullerton Heritage မှာ လုပ်ဖြစ်တယ်။ တောသား မြို့ရောက်ဆိုသလို အဲဒီဟာကြီးက ဘယ်နားမှာ ရှိမှန်း မသိခဲ့ဘူး။ ဂူဂဲလ်မှာလည်း မရှာလိုက်ဘူး။ အစည်းအဝေးတွေ ခေါ်ပေမယ့်လည်း တခါတခေါက်တောင် မရောက်ဖြစ်ခဲ့ပါဘူး။

ပွဲမစခင် တစ်ရက်အကြိုမှာ ဘာလုပ်ရမှာလဲ ဆိုတာကို စင်္ကာပူကြက်ခြေနီဆီ ဖုန်းလှမ်းဆက်မေးလိုက်တယ်။ စုရပ်ကို ဘယ်အချိန် လာပေးရမလဲ ဆိုတာလည်း မေးလိုက်တယ်။ သူများတကာတွေက မနက် ၁၀ နာရီမှ လာခိုင်းထားပေမယ့် ကျွန်တော်တို့ ဓါတ်ပုံဆရာတွေကို မနက် ၈ နာရီခွဲအရောက် လာခဲ့ပါတယ်။ အဲဒါနဲ့ တခြားဓါတ်ပုံဆရာကို မနက်ပိုင်းမှာ တွေ့ဖို့ အချိန်းအချက် လုပ်လိုက်ရတယ်။ ဘယ်လိုသွားရမလဲဆိုတာ လမ်းမသိတော့ ဘူတာမှာပဲ ချိန်းလိုက်တယ်။ စောစောစီစီး အိပ်ရာထဖို့ မလိုလားပေမယ့် တာဝန်အရ စောစောထရပြန်တယ်။

တခြားဓါတ်ပုံဆရာနဲ့ မနက် ၈ နာရီကျော်လောက် ဘူတာမှာ ဆုံဖြစ်တယ်။ မနက်စာ မစားရသေးတာနဲ့ ကော်ဖီဆိုင် ထိုင်နေလိုက်တယ်။ ကော်ဖီဆိုင် ထိုင်နေတုန်း ထိုင်းက ခရီးသွားတစ်ယောက်က သူ့ကင်မရာက ဓါတ်ပုံရိုက်ရင် မှောင်နေလို့ ကြည့်ပေးပါဆိုတာနဲ့ ကူညီလိုက်ရတယ်။ အမှန်တော့ နေရောင်ကို နောက်ခံ ထားပြီး ဓါတ်ပုံရိုက်တော့ မျက်နှာတွေ မှောင်ကုန်တာပါ။ ဖလတ်ရှ်လည်း မဖွင့်ချင်ဘူးတဲ့။ အဲဒီတော့ မှောင်တာ မဆန်းပါဘူးလေ။

ကော်ဖီဆိုင် ထိုင်ပြီးတော့ ပွဲရှိရာကို ချီတက်လာခဲ့လိုက်တယ်။ အရင်နှစ်ကတော့ ပွဲကို လာတဲ့ ဧည့်သည်တွေကို သွေးပုံစံအရုပ်ကြီးတွေနဲ့ တွဲရိုက်ပေးရဖူးတယ်။ အမှတ်တရ ဓါတ်ပုံတွေကိုလည်း အခမဲ့ ထုတ်ပေးကြတယ်။ အခုနှစ် ပွဲမှာ ဓါတ်ပုံ ရိုက်ပေးရမယ် ဆိုတာပဲ သိထားတဲ့ ကျွန်တော်တို့အဖို့ ဘယ်နေရာမှာ ဘယ်လိုပုံတွေ ရိုက်ရမှန်း မသိထားကြပါဘူး။ ပွဲလုပ်မယ့် နေရာကို ရောက်တော့ ကြက်ခြေနီက တာဝန်ရှိသူတစ်ယောက်နဲ့ သွားတွေ့လိုက်တယ်။ သူပြောပြမှာပဲ ကျွန်တော်တို့ နှစ်ယောက်က သွေးလှူရှင်ဂုဏ်ပြုပွဲ အခမ်းအနား တစ်ခုလုံးရဲ့ ပင်တိုင်ဓါတ်ပုံဆရာတွေ ဖြစ်နေမှန်း သိလိုက်ရတယ်။ ကြက်ခြေနီက တခြားဓါတ်ပုံဆရာတွေ ရှိပေမယ့်လည်း အဲဒီအခမ်းအနားမှာတော့ ကျွန်တော်တို့ နှစ်ယောက်က အဓိက တာဝန်ယူရမယ့်သူတွေပေါ့။

လုပ်ပေးရမယ့် တာဝန်တွေကို သိပြီးတဲ့နောက် ပွဲမှာ ဝတ်ရမယ့် တီရှပ် သွားထုတ်လိုက်တယ်။ အဝတ်အစား လဲဖို့ နေရာလိုက်ရှာပေမယ့် ရှာရခက်နေတယ်။ အဲဒီတော့ ယောကျာ်းလေးပဲကွာ ဆိုပြီး ရှက်ရှက်နဲ့ တီရှပ် လဲလိုက်ရတယ်။ ယောကျာ်းလေးလည်း ရှက်တတ်ပါတယ်လေ။ ရောက်တဲ့အချိန်က စောနေပြီး ဂုဏ်ပြုပွဲက မစသေးတော့ ဟိုလျှောက် ဒီလျှောက် ဟိုရိုက် ဒီရိုက်ပေါ့။

ပွဲလည်း တကယ် စရော... ရိုက်လိုက်ရတဲ့ ဓါတ်ပုံတွေ... စက်သေနတ် ကိုင်ပစ်နေရသလားပဲ။ ကင်မရာ ချောင်းပေါက်ကို တောက်လျှောက် ချောင်းရလွန်းလို့ နှာခေါင်းမှာတောင် မျက်မှန်ကိုင်းရာ ထင်ကျန်နေတယ်။ တခါတလေ မျက်မှန်နဲ့ မျက်ခွံကပ်မိလို့ ချွေးစိုသွားရှာတဲ့ မှန်ကို ခဏခဏ ပြန်သုတ်ရတယ်။ ဂုဏ်ပြုတံဆိပ် ပေးတဲ့ လူကြီးလည်း တော်တော့်ကို ညောင်းရှာမှာပါ။ ဓါတ်ပုံရိုက်ရတဲ့ ဓါတ်ပုံဆရာတွေလည်း မျက်လုံးလည်း ညောင်း၊ လက်လည်းညောင်း၊ ခြေထောက်လည်း ညောင်းပေါ့။ ဒီလိုနဲ့ မနက်ပိုင်းတချိန် ပြီးသွားပါလေရော။

မနက်ပိုင်း တချိန်ပြီးတော့ နေ့လည့်ခင်း ထမင်းသွားစားပါတယ်။ လုပ်အားပေးတချို့ကတော့ ထမင်းစားချိန် မဟုတ်သေးတော့ ထမင်း မစားရသေးပါဘူး။ ကျွန်တော်တို့ ဓါတ်ပုံဆရာတွေတော့ လုပ်စရာ မရှိသေးတာနဲ့ ထမင်းစားလိုက်တာပါ။ တံတားအောက်က ကော်ဖီဆိုင်မှာ ထိုင်ရင်း ထမင်းစားလိုက် ကော်ဖီသောက်လိုက် စကားပြောလိုက်ပေါ့။ ထမင်းစားပြီးတော့ ဒုတိယပိုင်း အခမ်းအနား ကျင်းပမယ့် နေရာကို ပြန်လာခဲ့လိုက်တယ်။

ဒုတိယပိုင်းနဲ့ တတိယပိုင်းမှာလည်း ဓါတ်ပုံတွေ တောက်လျှောက် ရိုက်ခဲ့ရတယ်။ ဂုဏ်ပြု ဆုတံဆိပ် ပေးတဲ့ လူကြီးတွေကတော့ အချိန်လိုက် ပြောင်းသွားပါတယ်။ ကျွန်တော်တို့ ဓါတ်ပုံဆရာတွေကတော့ မပြောင်းပါဘူး။ ဓါတ်ပုံရိုက်တဲ့ အချိန် ကြုံရတဲ့ အခက်အခဲကတော့ ရှေ့ကနေ ပိတ်ရိုက်တဲ့ တခြားဓါတ်ပုံဆရာတွေပါပဲ။ တချို့က သွေးလှူရှင်ရဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်မှာပါ။ တချို့ကတော့ တခြားအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက ခေါ်လာတဲ့ ဓါတ်ပုံဆရာတွေ ဖြစ်နိုင်ပါတယ်။ ဂုဏ်ပြုဆု လက်ခံတဲ့ သွေးလှူရှင်တချို့ကလည်း ဆုလက်ခံပြီးတာနဲ့ စင်အောက်ကို ချက်ချင်းဆင်းသွားတော့ ဓါတ်ပုံရိုက်ခွင့် အသေအချာ မရလိုက်တာမျိုးလည်း ရှိပါတယ်။ တချို့လည်း ကင်မရာကို တည့်တည့်မကြည့်ပဲ တခြားကို ကြည့်နေတာလည်း ရှိပါတယ်။ ရိုက်ခွင့်ရတဲ့ အချိန်ပိစိကွေးလေးထဲမှာ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားပြီး ရိုက်ခဲ့ပေးလိုက်တယ်။

ဂုဏ်ပြုခံရတဲ့ သွေးလှူရှင်တွေကိုပဲ ပေးဝင်တဲ့ ကန့်သတ်နယ်မြေကိုတော့ ကျွန်တော်တို့ ဓါတ်ပုံဆရာတွေ ဝင်ခွင့်ရပါတယ်။ အထဲမှာ ဝါးတီးတွေပေါ့။ ဒါပေမယ့် လက်မှာတော့ ၀င်ခွင့်အမှတ်အသား စက္ကူကွင်းတွေ ဝတ်ထားရပါတယ်။ သူ့အပိုင်းနဲ့သူဆိုတော့ စက္ကူကွင်းတွေက အရောင်မတူပါဘူး။ မနက်ပိုင်းမှာ ပန်းရောင်။ ဒုတိယပိုင်းမှာ လိမ္မော်ရောင်၊ တတိယပိုင်းမှာ ခရမ်းရောင်။ ကွင်းသုံးကွင်းနဲ့ဆိုတော့ တိုက်ကြက်ကြီးတွေပေါ့။

တတိယပိုင်းပြီးမှပဲ ကန့်သတ်နယ်မြေထဲမှာ ဝါးတီးဆွဲလိုက်တယ်။ အဲဒီအထဲမှာ ဘလော့ဂါတစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်။ အသက်ငယ်တယ်လို့ ထင်ထားပေမယ့် တကယ်တမ်းကျတော့ အသက်မငယ်ဘူးဆိုတာ အဲဒီတော့မှ သိခဲ့ရတယ်။ သူလည်း ဓါတ်ပုံဆရာကြီးပဲဗျ။ ဂုဏ်ပြုခံသွေးလှူရှင်ဆိုလည်း ဟုတ်ပြန်တယ်။ စီနီယာကြီးတွေပေါ့ဗျာ။

အိမ်မပြန်ခင် ကော်ဖီတိုက်ပါအုံးလို့ တောင်းဆိုတဲ့ သူတွေရှိလို့ ကော်ဖီဆိုင် ထိုင်ခဲ့ရသေးတယ်။ ကျွေးစရာတွေ ရှိပြန်တော့လည်း ကပ်စေးနည်းသူ မဟုတ်သူပီပီ ဒကာခံပေးရတာပေါ့။ စားပြီးသောက်ပြီး အာလူးဖုတ်ပြီး နောက်ဆုံးတော့လည်း အိမ်ပြန်ဖို့အတွက် ဘူတာရုံကို ယိုင်တိုင်တိုင် ချီတက်ခဲ့ပါတယ်ကွယ်။

Wednesday, June 16, 2010

WBDD 2010 - 02

World Blood Donor Day 2010 အခမ်းအနားက ကြိုက်မိတဲ့ ဓါတ်ပုံတချို့ကို ဝေမျှပေးချင်ပါတယ်...


စင်္ကာပူကြက်ခြေနီက စူစန်နဲ့ ရံပုံငွေအတွက် ရောင်းတဲ့ ဝက်ဝံရုပ်ကလေး။


စင်္ကာပူကြက်ခြေနီက ဓါတ်ပုံဆရာလည်း လက်ဆောင်အရုပ်ကြီးရလို့ ပျော်နေရှာတယ်။


အခမ်းအနားမှူးက သွေးသွင်းကုသမှု ခံယူနေရတဲ့သူတစ်ဦးပေါ့။


YDC ကလည်း Blood Mobile Organizer ဆုကို လက်ခံရရှိခဲ့ပါတယ်။

Monday, June 14, 2010

WBDD 2010 - 01

World Blood Donor Day 2010 အခမ်းအနားက ကြိုက်မိတဲ့ ဓါတ်ပုံတချို့ကို ဝေမျှပေးချင်ပါတယ်...


ဆိုင်းဘုတ်ကြီးကို ကိုင်ပြီး နေပူအောက်မှာ ဟိုလျှောက် ဒီလျှောက်...


ထမင်းစားချိန်မှာ အနားယူနေတဲ့ နတ်လမ်းညွှန်တွေလို့ ပြောရမလားပဲ။


ဂုဏ်ပြုခံသွေးလှူရှင်တွေကို နေရာချထားပေးနေတဲ့ လုပ်အားပေး ကျောင်းသူလေး။

Medal for Life Award ဂုဏ်ပြုပေးအပ်နေတာပါ။

Sunday, June 13, 2010

13 on 13



ဇွန်လ ၁၃ ရက်နေ့...
၁၃ ကြိမ်မြောက် သွေးလှူဒါန်းခြင်း...

ဇွန်လ ၁၄ ရက်နေ့...
ကမ္ဘာ့သွေးလှူရှင်များနေ့...

Friday, June 11, 2010

By the way - 01

ဘာရယ်တော့ မဟုတ်ပါဘူး... အချိန်မအားလို့ စာတွေ ဆက်မရေးတော့မှာကို စိုးရိမ်မိတယ်ဆိုတဲ့ မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းတွေကို ကျေးဇူးတင်နေမိတယ်။ ဖောင်းပွနေတဲ့ ကျေးဇူးတွေ မဟုတ်ပါ။ တချို့က ပြောတယ်... ဒီဘလော့က ကိုယ်ရေးကိုယ်တာတွေ လွမ်းတဲ့အကြောင်းတွေ ရေးထားတာ စိတ်ဝင်တစား ဖတ်စရာ မရှိလို့ မရောက်ဖြစ်တာတောင် ကြာပြီတဲ့။ သူပြောတာ မလွန်ပါဘူး။ တကယ်လည်း မှန်တာပါပဲ။ ကိုယ်ကလည်း အဲဒါတွေပဲ ရေးနေမိတာကိုး။ တခြားအကြောင်းတွေ ရေးဖို့ မရှိလို့ပဲ ဒါတွေကို ရေးနေတာလား ဆိုတော့ မဟုတ်ပြန်ဘူး။ စိတ်ထဲမှာ ရှိတဲ့ခံစားချက်တချို့ကို မမေ့သွားရအောင် ရေးမိလိုက်တာလေးပါပဲ။ အဲဒီလိုမျိုး အရည်မရ အဖတ်မရ ရေးနေတာကိုများ စာဆက်ရေးပါအုံးလို့ တောင်းဆိုတဲ့ မိတ်ဆွေတွေကို ကျေးဇူးမတင်ရရင် ဘယ်သူ့ကို ကျေးဇူးတင်ရတော့မှာလဲ။ အရူးဘုံမြှောက်ဆိုလည်း ကွေးနေအောင် က ရမှာပဲလေ။

ဘာရယ်တော့ မဟုတ်ပါဘူး... ရေးအားကောင်းတဲ့ ဘလော့တွေကို အားကျမိတယ်လို့ ပြောချင်တယ်။ စာတွေ ရေးထားတာမှ အခုခေတ် မိန်းခလေးတွေ ဝတ်တဲ့ စကတ်တွေလိုမျိုး တိုတိုလေး မဟုတ်။ ကုလားကားလို ပေရှည်တဲ့ စာတွေပါ။ အရှည်ကြီးပေမယ့် အရည်မရ အဖတ်မရ ကွမ်းစာတွေ မဟုတ်ပြန်ဘူး။ ငံပြာရည်ပုလင်း မှောက်သလိုမျိုး လေးလေးပင်ပင် စာတွေပါ။ အစကနေ ဖတ်လိုက်တာ အဆုံးလည်း ရောက်ရော အစမှာ ဘာဖတ်ခဲ့သလဲ ဆိုတာကို ပြန်မေ့သွားရော။ အသက်တွေ ရလာတော့ မှတ်ဥာဏ်အားနည်းတာ အပြစ်တစ်ခုပဲ ထင်တယ်။ ရေးတဲ့သူတွေကတော့ တကယ်ကို ရေးနိုင်ကြပါတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး... မအားဘူးဆိုတာ တကယ်ပါလို့ ပြောချင်မိပါတယ်။ မယုံတာ ယုံတာကတော့ တပိုင်းပေါ့လေ။ လုပ်စရာတွေ ရှိလာရင် အချိန်တွေ တကယ် ရှာရခက်ပါတယ်။ အလုပ်မှာ မိတင်နဲ့ ညားတာ အတော်ကို တာဝန်ကြီးတယ်။ စကားပြောရတယ်။ ငြင်းရတယ်။ ဒီလိုနဲ့ပဲ မိတင်အတွက် နေ့အချိန်တွေ ပြန်ရှာမရအောင် ကုန်ရတယ်။ တကယ်လုပ်စရာတွေက ကျန်နေတော့ ညဘက်မှာ လုပ်ရရော။ အဲဒီတော့ မနက် မနှိုးပြန်ဘူး။ ရလဒ်ကတော့ ရုံးနောက်ကျခြင်းပါပဲ။ ရုံးနောက်ကျတိုင်း လခဖြတ်ရင်တော့ လကုန်ရင် ရမယ့် ပိုက်ဆံက အိမ်လခတောင် ပေးလို့ရမယ် မထင်ဘူး။

ဘာရယ်တော့ မဟုတ်ပါဘူး... ဒီညတော့ စောစောအိပ်ရမယ်။ မနက်ဖြန် စင်္ကာပူကြက်ခြေနီက ကျင်းပတဲ့ World Blood Donor Day အခမ်းအနားမှာ တောပုန်းကြီးနဲ့ လုပ်အားပေးရအုံးမှာ။ မနက် ၈ နာရီခွဲတိတိ အရောက် လာရမယ်ဆိုပဲ။ အအိပ်မက်တဲ့ကောင်ကို အလိမ္မာသုံးပြီး နှိပ်စက်တဲ့နည်း ထင်တယ်။ အဲဒီနေ့ပွဲမှာ မာမီကွမ်း စီပုံးပျော် ခရမ်းချဉ်သီးက ကြီးကြပ်ရေးမှုးဆိုပဲ။ ဘယ်နေရာ ဘယ်အပိုင်းမှာ ဘယ်လိုတာဝန်တွေ ယူပြီး ကြီးကြပ်နေမလဲတော့ မသိဘူး။ ကြက်ခြေနီက အစည်းအဝေး ၃ ကြိမ်တိတိ ခေါ်ပေမယ့် မအားတာရယ် နေမကောင်းတာရယ် အကြောင်းအမျိုးမျိုးနဲ့ တစ်ခါမှ အစည်းအဝေး မတက်ခဲ့ဘူး။ ဒါကြောင့် ဘယ်သူတွေ ဘာတွေ လုပ်ရမလဲ ဆိုတာကို မသိတာ မဆန်းလှပါဘူး။ အဲဒီတော့ အရပ်ရှည်ရှည် အသားဖြူဖြူအန်တီကြီး စွာကျယ်စွာကျယ် လုပ်နေတာ တွေ့ရင် သူပဲလို့ မှတ်လိုက်ပါလေ။ အရပ်ရှည်သလောက် စိတ်မရှည်ပေမယ့် သူ့စိတ်ဓါတ်ကတော့ လေးစားစရာပါ။ ရုံးကနေ ခွင့်ယူပြီးကို အဲဒီပွဲမှာ လုပ်အားပေးတာဗျာ။

ဘာရယ်တော့ မဟုတ်ပါဘူး... ဆိုတာလေးကို လာပြောပြထားတာပါ။ နောက်နောင်များမှာလည်း အဲဒီလိုမျိုး ပြောချင်တာလေးတွေ ရှိရင် အခုလိုပဲ ဘာရယ်တော့ မဟုတ်ပါဘူးလို့ အစပျိုးပြီး ဆက်ပြောနေပါအုံးမယ်။

Sunday, June 6, 2010

Wedding rings



In token and pledge,
of our constant faith, and abiding love,
with this ring, I marry you.

Friday, June 4, 2010

Getting married on Sunday


တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ်


တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေး မှာကွယ်

မင်္ဂလာဆောင်ပွဲလေး ကျင်းပနေတယ်
ပျော်ရွှင်စရာလေးပေါ့ ချစ်တဲ့သူရေ
သူများကို အားကျမိတယ် ချစ်ကလေးရေ
ဘယ်လိုလဲပြော...

ရာသီတွေ အမြဲတမ်းပြောင်းလဲနေတယ်

ကြင်နာသူအသည်းလေး မစိမ်းနဲ့နော်ကွယ်
မင်္ဂလာဆောင်ပွဲလေး ကျင်းပချင်ပါတယ်
သူများလို လက်ထပ်ကြမယ် ချစ်ကလေးရေ
ဘယ်လိုလဲပြော...

အမြဲတမ်းငြိမ်းငြိမ်းချမ်းချမ်း မခွဲတမ်းပဲ
အမြဲတမ်းငြိမ်းငြိမ်းချမ်းချမ်း မခွဲတမ်းပဲ
အမြဲတမ်းငြိမ်းငြိမ်းချမ်းချမ်း မခွဲတမ်းပဲ
အမြဲတမ်း ကြင်နာချင်တယ် အချစ်ဆုံးလေး
ဘယ်လိုလဲပြော...

တေးရေးက သုခမိန်လှိုင်ပါ။ ဇော်ဝင်းထွဋ် ဆိုတာ နားထောင်ဖူးသလို အဲလက်စ်နဲ့မေဆွိ ဆိုတာလည်း ကြားဖူးတယ်။ အဲဒီသီချင်းကို ဟိုးငယ်ငယ်ကတည်းက ကြားဖူးခဲ့တာပါ။ ဘာဂျာလေး မှုတ်တဲ့အသံနဲ့ တွဲပြီး မှတ်မိနေတယ်။ ဒီသီချင်းလေးက တိုပေမယ့် နားထောင်လို့ ကောင်းတယ်။

တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်... ဆိုတဲ့ သီချင်းစာသားလေးကို အသေအချာ မှတ်မိနေတာက မဆန်းလှဘူး ထင်ပါတယ်။ တနင်္ဂနွေဆိုတဲ့ ကျောင်းပိတ်ရက်လေးကို ငယ်ငယ်ကတည်းက မျှော်နေကြပေါ့။ စနေနေ့က ဥပုသ်ရက်ရှိတဲ့ ဝါတွင်းကာလမှာဆို ကျောင်းပိတ်ရက် မဟုတ်ဘူးလေ။ အဲဒီပိတ်ရက်မှာ မိုးရွာရင် အပြင်ထွက် ဆော့လို့ မရသလို နေပူလွန်းရင်လည်း နေရထိုင်ရ ခက်လွန်းလို့ မကြိုက်ပါဘူး။ ဒါကြောင့် တိမ်ပြာပြာလေးတွေနဲ့ တနင်္ဂနွေနေ့ကို တောင့်တမိခဲ့တယ်။ မင်္ဂလာဆောင်ဖို့အတွက်တော့ မဟုတ်ပါဘူး။ ဆော့ဖို့အတွက်ပါ။

ဒီလိုနဲ့ တဖြည်းဖြည်း လူရာဝင်လာတယ်။ လူတောတိုးတာ မဟုတ်ပေမယ့် ဟိုလူ့ပွဲ တက် ဒီလူ့ပွဲ တက်... ပွဲတွေ တက်ဖြစ်လာတယ်။ အများစုက ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ပွဲလုပ်လေ့ရှိကြတယ်။ ပိတ်ရက် မဟုတ်ရင် မအားတဲ့သူတွေ ရှိနေနိုင်တယ်။ ရာသီဥတု ကြည်လင်တဲ့ ရက်မှာ လုပ်တဲ့ပွဲဆိုရင် သွားရလာရ အဆင်ပြေတယ်။ မိုးလေး တဖြောက်ဖြောက် ရွာနေရင်တော့ တစ်ယောက်တည်းအတွက် ထီးကိုင်ရမှာ ပျင်းတဲ့ ကျွန်တော့်အဖို့ မသွားချင်တော့ဘူး။ မိုးရေအစိုခံပြီး သွားလို့လည်း မဖြစ်ပြန်ဘူး။ ရှိုးပဲ့မှာကို တွေးမပူပေမယ့် နားလည်မှုတော့ ရှိရမယ်လေ။ အဲဒါကြောင့် တိမ်ပြာပြာရှိတဲ့ ရက်တွေမှာ ဆောင်တဲ့ မင်္ဂလာဆောင်ပွဲတွေ ဖြစ်စေချင်မိတယ်။ ပွဲတက်ဖို့အတွက်ပါ။

ဒီသီချင်းကို ပါးစပ်ဖျားထဲ ပြန်ရောက်နေတာ အခုတလောလို့ မပြောချင်ပါဘူး။ အစမ်းသပ်ခံ အသည်းနှလုံး သီချင်းကို ပြန်ရှာကတည်းက အဲဒီသီချင်းကို ပြန်နားထောင်ဖြစ်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ သီချင်းက ပါးစပ်ဖျားပေါ် ရောက်လာတာပါ။ အခုတလောမှာလည်း ဒီသီချင်းကို ပြန်ဆိုနေမိတယ်။ မင်္ဂလာတော့ မဆောင်ချင်ပါဘူး။ ဒါပေမယ့် အမြဲတမ်း ကြင်နာချင်တယ် အချစ်ဆုံးလေးလို့တော့ ပြောချင်နေမိတယ်။