.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, June 29, 2009

My dream town

စိတ်ကူးထဲမှာ နေချင်မိတဲ့မြို့ကလေး... ရှိလားလို့ မေးလာရင် ၂၀၀၅ ခုနှစ်အထိ ရန်ကုန်လို့ပဲ ဖြေမိနေမှာ အသေအချာပဲ။ ရန်ကုန်သား ရန်ကုန်ကို ချစ်လှချည်လား ထင်ရင် တက်တက်စင် လွဲပါလိမ့်မယ်။ တကယ်တော့ ရန်ကုန်ကလွဲပြီး တခြားနေရာကို အရောက်အပေါက် မရှိလို့ ရန်ကုန်မှာပဲ နေချင်မိတာမျိုးပါ။ ၀ါးလုံးခေါင်းထဲ လသာတယ်ဆိုတာ အဝေးကြီး သွားမရှာကြပါနဲ့။ အပေါက်ဆိုးတဲ့ ကျွန်တော့်ကိုပဲ ကြည့်လိုက်ပါ။ တကယ့်ကို လသာနေတာ တွေ့ရပါမယ်။

၂၀၀၆ ဇွန်လ ရောက်တော့ ယူနီဆက်ဖ်က ဖွင့်တဲ့ ဆရာဖြစ်သင်တန်းကို တက်ဖို့ ဌာနချုပ်ကိုယ်စား ၄ ယောက် ရွေးတဲ့အထဲမှာ ပါသွားတယ်။ စီဒိုးနားမှာ ဖွင့်တဲ့ သင်တန်းလည်း ဆင်းရော ယူနီဆက်ဖ်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဌာနမှာ လုပ်အားပေး နည်းပြဆရာဖြစ်သွားပါလေရော။ လုပ်အားပေးဆိုတာ လခစား မဟုတ်ဘူးပေါ့။ လမ်းစရိတ်တော့ ပေးပါတယ်။ အဲဒီလိုနဲ့ မြန်မာပြည်ထဲက မရောက်ဖူးတဲ့ နေရာဒေသတွေကို ရောက်ဖို့ အခွင့်အရေးတွေ ရလာတယ်။ ၀ါးလုံးခေါင်းထဲကနေ ခေါင်းကလေး ပြူထွက်လာပြီ။

သင်တန်းတွေ ဖွင့်ဖို့ သက်ဆိုင်ရာနဲ့ ရက်တွေ အတည်ပြုနေတာ အတော်ကို ကြာပါတယ်။ ဟိုလိုလို ဒီလိုလိုနဲ့ လူလည်း ဂိမ်းဆော့လိုက် လက်ဖက်ရည်ဆိုင် ထိုင်လိုက် အီးဘောလောကြီး ဖြစ်နေတယ်။ တကယ်တမ်း သွားမယ့် သွားရတော့ နိုဝင်ဘာတဲ့။ နေရာက မင်းဘူးနဲ့ ငဖဲတဲ့။ မကွေးမြသလွန်ဘုရားကနေ လှမ်းကြည့်ရင် မြင်ရတဲ့ တစ်ဘက်ကမ်းက မြို့ဆိုတာ မင်းဘူးမှန်း သိထားတယ်။ ငဖဲမြို့ကတော့ ဘယ်နားမှာ ဘယ်လိုရှိမှန်း သေချာကို မသိထားခဲ့ဘူး။ ငဖဲနဲ့ ပတ်သတ်ပြီး သိထားတာက ငှက်ဖျားရှိတယ် ဆိုတာပဲ။

ဝန်ကြီးဌာနနဲ့ ယူနီဆက်ဖ် ပူးပေါင်းပြီး လုပ်တာဆိုတော့လည်း တည်းခိုနေထိုင်ရတာ အဆင်ပြေပါတယ်။ စားရေး သောက်ရေးလည်း စီစဉ်ပေးကြပါတယ်။ မင်းဘူးမှာနေတော့ လယ်/ဆည်က ဘိုတဲမှာ တည်းရတယ်။ ဧရာဝတီ မြစ်ကမ်းဘေးမှာဆိုတော့ ညနေရှူခင်းတွေက ရှယ်ပဲ။ ထမီရင်လျားတွေနဲ့ ရေချိုးဆင်းတဲ့ အပျိုအအို အစုံအလင် တွေ့ရတယ်။ မင်းဘူးမှာ သင်တန်း ၁၀ ရက်ပေးပြီးတော့ ငဖဲကို ဆက်ထွက်ခဲ့တယ်။ ငဖဲကို ကားအတော်လေး စီးရတယ်။ နေ့လည် ၁၁ နာရီ မင်းဘူးကနေ ထွက်လာတာ ငဖဲကို ညနေ ၅ နာရီခွဲမှ ရောက်တယ်။ ဖုန်ထူထူလမ်းမှာ ကားနောက်က တွယ်စီးခဲ့တော့ လူလည်း မျောက်ရုပ်ကို ထွက်ရောပဲ။

ငဖဲရောက်တော့ မယက အတွင်းရေးမှူး အိမ်မှာ တည်းရတယ်။ အဖွဲ့မှာပါတဲ့ တခြားသူတွေက မိန်းခလေးတွေ ဆိုတော့ မြို့ထဲက အိမ်ကြီးတစ်အိမ်မှာ ထားတယ်။ ရောက်ရောက်ချင်း ခဏနားပြီး မိုးမချုပ်ခင် ရေချိုးဖို့ ရေချိုးကန်ဘက် ထွက်လာလိုက်တယ်။ အတွင်းရေးမှူးရဲ့ ရုံးအကူ ကောင်လေးကတောင် အစ်ကို... အရမ်း အေးတယ်နော်တဲ့။ ပထမ တစ်ခွက်ပဲ လောင်းလိုက်ရတယ်။ ရှိသမျှ အကြောအခြင် အကုန် တောင့်သွားတယ်။ အေးလိုက်တာမှ ရေခဲရေတောင် ဆရာကြီး ခေါ်ရလောက်တယ်။ ရေမချိုးလို့လည်း မဖြစ်တော့တဲ့ ရုပ်ဆိုတော့ အံကိုကြိတ်ပြီး တဗွမ်းဗွမ်း ချိုးလိုက်ရတယ်။ အိမ်အပေါ် ပြန်တက်လာတော့ မေးတွေ ရိုက်ပြီး နှုတ်ခမ်းတွေ ပြာနေပြီ။

အဲဒီမြို့မှာ ငှက်ဖျားကလည်း ရှိတယ်ဆိုတော့ ညအိပ်ရာဝင်ရင် ခြင်ထောင်ကို အသေအချာ ဖျာအစွန်းတွေနဲ့ ဖိထားရတယ်။ မတော်တဆ ခြင်ထောင် ပွင့်သွားမှာ စိုးလို့ ခြင်ထောင် ပတ်ပတ်လည်မှာလည်း စောင်တွေနဲ့ ခုထားသေးတယ်။ ညဘက် ရောက်လေ ချမ်းလေလေဆိုတော့ ရန်ကုန်သား ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုတာ သိတဲ့ ရုံးအကူလေးက စောင်ကို ၇ ထည်လောက် ထုတ်ပေးထားတယ်။ လူလည်း အီဂျစ်က မံမီလို စောင်တွေနဲ့ လုံးထွေးပြီး အိပ်လိုက်ရတယ်။ ခရီးပန်းလို့ အိပ်ပျော်သွားပေမယ့် ညဘက်မှာ ချမ်းလွန်းလို့ ခဏခဏ နိုးလာသေးတယ်။

သင်တန်းပြီးတဲ့ ညနေပိုင်းတွေဆို ရုံးက စက်ဘီးတစ်စီး ငှားပြီး မြို့ပတ်ခရီး ထွက်တယ်။ မြို့လို့ခေါ်ပေမယ့် အိမ်ခြေက နည်းနည်းလေး။ မြို့တပတ်ကို နာရီဝက်တောင် မကြာဘူး။ ဈေးဘေးနားမှာ အိမ်ကြီးကြီးတွေ ရှိမယ်။ အဲဒီဈေးကို ဗဟိုပြုထားတဲ့ ရပ်ကွက်လေးတွေထဲမှာ အိမ်တွေရှိမယ်။ အဲဒီကနေ ဆက်ထွက်သွားရင် အိမ်တွေ မရှိတော့ဘူး။ လယ်ကွင်းတွေကြီးပဲ။ လယ်ကွင်းထဲမှာတော့ လယ်စောင့်တဲတွေ ရှိတာပေါ့။ ဆေးရုံက ကုန်းထိပ်ပေါ်မှာ။ ဆေးရုံကုန်းနားမှာပဲ အစိုးရရုံးတွေ ရှိတယ်။ သစ်တောက စိမ်းစိုဦးစီးရုံးတို့၊ စည်ပင်ရုံးတို့၊ သမဦးစီးရုံးတို့၊ စိုက်ပျိုးရေးဘဏ်တို့ အစီအရီပါပဲ။ မယကရုံးလည်း အဲဒီနားမှာပဲ။


အတွင်းရေးမှူးအိမ်က မြို့အစွန်နားမှာ။ သူ့အိမ်ကနေ ၅ အိမ်ကျော်လောက် သွားရင် မန်းစက်တော်ရာကို ရောက်တဲ့ မုန်းချောင်း ရှိတယ်။ အဲဒီမှာ ဆည်းဆာအချိန် ရှုခင်းတွေက ရင်သပ်ရှုမောပဲ။ ချောင်းဆိုပေမယ့် ရေစီးသန်တယ်။ ရေတွေကလည်း ကြည်ပြီး ချောင်းထဲက ကျောက်စရစ်ခဲတွေကိုတောင် လှမ်းမြင်နေရတယ်။ ချောင်းရေက ရေခဲရေလို အေးစိမ့်နေတာပဲ။ အေးလွန်းလှတယ်ဆိုပေမယ့် ချောင်းစပ်မှာ ရေချိုးနေတဲ့သူတွေ အများသား။ အားလုံးက ယောကျာ်းသားတွေပါ။ ဧရာဝတီမြစ်ကမ်းလို မိန်းခလေးတွေ ရေချိုးဆင်းတာ ငဖဲမှာ မတွေ့ရဘူး။ အဲဒီဘက်ကို မကြာခဏ ရောက်ပေမယ့် ရေတော့ မချိုးဖြစ်ဘူး။ ဒါပေမယ့် ဟိုငေး ဒီငေးတော့ လုပ်ဖြစ်တယ်။

ဆောင်းလေတဖြူးဖြူး ချမ်းအေးအေးမှာ အနွေးထည် ဆွယ်တာလေး ၀တ်ပြီး မြို့ထဲမှာ တစ်ယောက်တည်း လမ်းလျှောက်ထွက်သေးတယ်။ သီချင်းလေး နားထောင်ရင်းပေါ့။ မြို့ထဲက လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်၊ မြို့ခံတွေနဲ့ အာလူးဖုတ်။ တကယ်ကို လွတ်လပ် ပေါ့ပါးနေတယ်။ ငဖဲမြို့ကလေးက မချမ်းသာဘူး။ ဒါပေမယ့် စိတ်မဆင်းရဲဘူး။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်တယ်။ အပျော်အပါးဆိုလည်း ဗီဒီယိုရုံလောက်ပဲ ရှိတယ်။ လျှပ်စစ်မီးကလည်း ညဆို အမြဲမှန်တယ်။ မီးမှန်တာကို အတော် သဘောကျမိတယ်။ မီးက ဘယ်လိုကြောင့် မှန်သလဲဆိုရင်... စစ်လက်နက်ထုတ်စက်ရုံက အဲဒီမြို့အနားမှာ ရှိလို့ စက်ရုံပိတ်တဲ့အချိန် ညပိုင်းဆို မြို့ကို မီးပေးထားတယ် ဆိုပဲ။ လုံခြုံရေးလည်း ကောင်းတယ်။ လေကြောင်းရန် ကာကွယ်ရေး ဒုံးခွင်းစခန်းတွေတောင် မြို့နားမှာ ဆိုပဲ။ ရှယ်ပဲနော်။

မြို့လေးမှာပဲ လူတွေက အဆင်ပြေပေမယ့် မြို့အနားက ရွာလေးတွေမှာ အတော့်ကို ဆင်းရဲကြပါသေးတယ်။ ထုံးစံအတိုင်း အငြိမ်မနေတတ်တဲ့ ကျွန်တော်... ရုံးအကူလေးကို ဆိုင်ကယ်မောင်းခိုင်းပြီး အနားနီးစပ်က ရွာတွေကို ညကြီးမိုးချုပ် လျှောက်သွားပါသေးတယ်။ အဲဒီဘက်က ရွာတွေမှာ ကလေးတွေဆို အနွေးထည် မပါပဲ ညမိုးချုပ်တဲ့အထိ အချမ်းအအေးဒဏ်ကို ကျိတ်မှိတ်ခံပြီး မြေပဲခွံ ချွေကြပါတယ်။ ငှက်ဖျားပေါတဲ့ ဒေသမှာ ခြင်ကိုက်ခံပြီး အလုပ်လုပ်နေရတဲ့ သူတို့တွေ လုပ်အားခ ဘယ်လောက်ရသလဲ မေးကြည့်တော့ နို့ဆီဗူး တစ်ဗူးစာ ချွေပြီးတိုင်း ၅ ကျပ်ရတယ်တဲ့။ ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေတောင် မလုပ်နိုင်ပဲ ညဘက်မှာ အလုပ် ထွက်လုပ်နေရတဲ့ ကလေးတွေရဲ့ အနာဂတ်က ဘယ်မှာလဲ။ ရွာကနေ အပြန်ခရီး တစ်လမ်းလုံးမှာ စဉ်းစားခဲ့ရတာက... ဆင်းရဲ ချမ်းသာ ကွာခြားချက်ရဲ့ အဓိက တရားခံက ဘယ်သူလဲပေါ့။ အဲဒီငဖဲမြို့မှာ ကျွန်တော် လက်ဖက်ရည်ဆိုင် တစ်ခါထိုင်ရင် ရှင်းရတဲ့ ပိုက်ဆံက တစ်ထောင် ကျော်တယ်လေ။ အဲဒါလည်း ကံပဲလား ခင်ဗျ။

တကယ်လို့ ဘ၀မှာ စိတ်ကြိုက် နေခွင့်လေးသာ ရမယ်ဆိုရင် မှတ်မှတ်ရရ အခိုက်အတန့်လေးတွေ ရှိခဲ့ဖူးတဲ့ အဲဒီငဖဲမြို့လေးမှာ အေးအေးဆေးဆေး နေချင်မိပါတယ်။ သဘာဝ ရှုခင်းတွေ ကောင်းတယ်။ ရာသီဥတု ဆိုးပေမယ် နေပျော်တယ်။ ဆေးရုံ၊ ဆရာဝန် အစုံအလင် ရှိတယ်။ ညဘက်ဆို မီးမှန်တယ်။ ဆက်သွယ်ရေး ကောင်းတယ်။ အင်တာနက် ရှိတယ်။ ဒါပေမယ့် အဲဒါတွေက အဲဒီမြို့မှာ နေချင်မိတဲ့ အဓိက ဆွဲဆောင်မှု မက်လုံးတွေ မဟုတ်ပါဘူး။

တကယ်တမ်း အဲဒီငဖဲမြို့မှာ နေချင်မိတဲ့အကြောင်းရင်းက... ကလေးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ ဆင်းရဲမွဲတေမှုနဲ့ ငှက်ဖျားကို တိုက်ထုတ်ချင်လို့ပါ။ ခါချဉ်ကောင် မာန်ကြီးလှချည်လား ထင်ကြအုံးမှာပါ။ ထင်ချင်သလို ထင်ကြပါစေ။ ၀ါးလုံးခေါင်းထဲမှာ လသာနေတာထက် မာန်ကြီးရတာ သာပါတယ်လေ။

ပြောမယ့်သာ ပြောတာ... ကျွန်တော်လည်း တကျွန်းပို့ခံထားရတာ ကြာလှပေါ့။ အခြေအနေနဲ့ အချိန်အခါအရ တကျွန်းစံ ဇူလိုင်ကြီး ဖြစ်နေအုံးမယ် ထင်ပါတယ်။ ဘယ်တော့များ... အိပ်မက်တွေ တကယ်ဖြစ်လာမလဲလေ။

မိုးခါး ရေးခိုင်းတဲ့ Tag ကို ထုံးစံအရ လက်ဆင့်ကမ်းရမယ်ဆိုရင်...
အိပ်မက် မက်ပါရစေဆိုတဲ့ မအယ်လ်ကြီး...

Saturday, June 27, 2009

Idle Moment



လောကဓံ လှိုင်းတံပိုးတွေကြား
ရွက်စုံလွှင့်နေရတဲ့ ဘ၀ထဲ
တခါတလေ
ဘာဆို ဘာမှမလုပ်ပဲ
ငြိမ်ငြိမ်လေးပဲ နေချင်မိတယ်။

Friday, June 26, 2009

R.I.P King of Pop

တစ်ကမ္ဘာလုံးမှာ ပရိသတ် သိန်းသန်းချီရှိခဲ့တဲ့
သမ္မတရီဂင် ဂုဏ်ပြုတဲ့ဆုကို အိမ်ဖြူတော်မှာ လက်ခံရရှိခဲ့ဖူးတဲ့


We are the World နဲ့ အာဖရိကနဲ့ အမေရိကန်ကို ပေါင်းကူးပေးခဲ့တဲ့

ကလေးတွေအတွက် Heal the World သီချင်း သီဆိုပေးခဲ့တဲ့

Hollywood Walk of Fame က ကြယ်ပွင့်တစ်ပွင့်
ရှေ့ကို လျှောက်သလိုလိုနဲ့ နောက်ကိုရွေ့သွားတဲ့ Moonwalk အကပိုင်ရှင်

The King of Pop Michael Jackson



(August 29, 1958 – June 25, 2009)

Rest In Peace, Michael Jackson.


In our heart, your music will live forever.

Wednesday, June 24, 2009

Dear Yesterday - 11

မနေ့က ရုံးတက်မလို့ ပြင်နေပြီးမှ မသွားတော့ပါဘူးကွာဆိုပြီး အလုပ်ပြုတ်ထားတဲ့ အိမ်ကအစ်ကိုနဲ့ ကော်ဖီ ထွက်သောက်လိုက်တယ်။ ရုံးမလာတော့ဘူးဆိုတာ ကော်ဖီဆိုင်အသွား လမ်းမှာပဲ မန်နေဂျာဆီ မတ်ဆေ့ခ်ျ ပို့လိုက်တယ်။ နေ့လည်ပိုင်းမှာ ဆေးရုံသွားစရာရှိလို့အိမ်ကနေ မနက်ပိုင်းမှာ အလုပ် လုပ်ပေးလိုက်တယ်။ ရေချိုးပြီးတော့ အိမ်မှာ ချက်ထားတဲ့ ဘူးသီးနဲ့ကြက်သားဟင်းကို ငပိရည်ဆမ်းပြီး အားပေးလိုက်တယ်။

ထမင်းစားပြီးတော့ အ၀တ်အစားလဲပြီး ဘူတာဘက်ကို ထွက်လာခဲ့လိုက်တယ်။ စင်္ကာပူ အထွေထွေဆေးရုံကို သွားဖို့ပေါ့။ သူငယ်ချင်းက စအိုဝမှာ ကင်ဆာဖြစ်လို့ ဖြတ်ထုတ်ဖို့ အဲဒီမှာ ဆေးရုံတင်ထားတယ်။ မနေ့က ခွဲစိတ်ခန်း ၀င်မယ့်နေ့ပေါ့။ သူက ခွဲစိတ်ခန်းကို မနက် ၉ နာရီခွဲကတည်းက စ ၀င်တာပါ။ ခွဲခန်းအထွက် အခြေအနေ အကျိုးအကြောင်း သိရအောင်ဆိုပြီး ကျွန်တော်က နေ့လည်ပိုင်းမှာ ထွက်လာခဲ့လိုက်တာပါ။ ခွဲနေတဲ့အချိန် ထိုင်စောင့်နေလည်း အကျိုးမှ မထူးတာလေ။

ရထားပေါ်ရောက်တော့ ဆေးရုံကို လာမယ်လို့ ပြောထားတဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းလှမ်းဆက်တော့ ကျေးဇူးရှင်က နေ့လည် ၂ နာရီကျော်မှ ရောက်မယ်တဲ့။ အဆောင်နဲ့ အခန်းနံပါတ်တွေကို သိပေမယ့်လည်း တစ်ခါမှ မရောက်ဖူးတဲ့ နေရာကြီး။ ဆင်းရမယ့် ဘူတာပဲ သိတော့ ဟိုစမ်းစမ်း ဒီစမ်းစမ်းနဲ့ သွားရပြီပေါ့။ နောက်ဆုံးတော့လည်း ခွဲခန်းရှိတဲ့ အဆောင်ကို ရောက်သွားပါတယ်။ ဆေးရုံ အပေါ်တက်ဖို့ကို ကောင်တာမှာ မှတ်ပုံတင်ရသေးတယ်။ လူနာကို ဆေးရုံမှာ မှတ်ပုံတင်ကတည်းက လာလည်မယ့် ဧည့်သည်စာရင်းကို ကြိုပေးထားရတယ်။ ဒါတောင် လူနာရှင် အပါအ၀င် ၈ ယောက်ပဲ လက်ခံတယ်။ အမည်တွေ၊ မှတ်ပုံတင်တွေ၊ ဖုန်းနံပါတ်တွေ ပေးထားရတယ်။

မှတ်ပုံတင်ပြီးတော့ လက်မှာ မင်နဲ့ ရာဘာတုံး ထုပါတယ်။ ဘယ်အဆောင်ကနေ အပေါ်ကို တက်သလဲဆိုတာ သိရအောင်ပေါ့။ ပြီးရင် စတေကာ ကပ်ပါတယ်။ အဲဒီမှာ ဂွကျတာက တစ်ကြိမ်ကို ဧည့်သည် ၂ ယောက်ပဲ ခွင့်ပြုတယ်။ အပေါ်မှာ သူငယ်ချင်းရဲ့ အစ်မနဲ့ အခန်းဖော် သူငယ်ချင်းမတွေ ရှိနေနှင့်ပြီ။ အပေါ်က ၂ ယောက် ပြန်ဆင်းလာမှ သူတို့ စတေကာတွေနဲ့ လဲပြီး အပေါ်တက်ပါတဲ့။ အခုတော့ တက်ခွင့် မရှိပါဘူးတဲ့။ အပေါ်က နှစ်ယောက်ကို အောက်ပြန်ခေါ်ပြီး စတေကာ လဲရအောင်လည်း ကျွန်တော့်အလုပ်က အပေါ်မှာ ဘာမှ လုပ်စရာ မရှိဘူး။ ပြီးတော့ သူတို့ မိန်းခလေး အချင်းချင်း အဖော်တောင် ရသေးတယ်။ အဲဒီတော့ ဆေးရုံအပေါ်ကို တက်မနေတော့ဘူး။

ခွဲစိတ်တာက ပြီးသွားပေမယ့် ခွဲခန်းထဲမှာပဲ လူနာကို ထားထားသေးတယ်။ နာလွန်းလို့ အော်နေတယ်ဆိုပဲ။ အဲဒီတော့ အပြင်ထုတ် မလာသေးပဲ ဆေးစုံ ပစ္စည်းစုံတဲ့ ခွဲခန်းထဲမှာ ဆက်ထားလိုက်တယ်။ ကျွန်တော်လည်း ဆေးရုံအောက်မှာ ယောင်ချာချာ မဖြစ်ချင်တာနဲ့ အဲဒီဆေးရုံဝင်းထဲမှာ အရင်းနှီးဆုံး နေရာတစ်ခုဖြစ်တဲ့ သွေးဘဏ်ဘက်ကို ပြန်သွားလိုက်တယ်။ သတင်းစာလည်း ၀ယ်လာခဲ့တာ ဆိုတော့ အတော်ပဲဖြစ်သွားတယ်။ သွေးဘဏ်ထဲမှာက ရေသောက်ဖို့လည်း အဆင်ပြေတယ်။ အပေါ့အပါး သွားဖို့လည်း အိုခေတယ်။ အ၀င်ဝမှာ ဧည့်သည်အနေနဲ့ မှတ်ပုံတင်တော့ ဘာလာ လုပ်သလဲ မေးရော။ စင်္ကာပူကြက်ခြေနီကို ကိစ္စရှိလို့ လာတာပါ ပြောပြီး မှတ်ပုံတင်လိုက်တယ်။ ပြီးတော့ ခပ်တည်တည်နဲ့ အထဲမှာဝင်ထိုင် ရေသောက်ပြီး သတင်းစာ ဖတ်နေလိုက်တယ်။

လာမယ်ဆိုတဲ့ သူငယ်ချင်းက နေ့လည် ၂ နာရီကျော်မှ ရောက်ချလာတယ်။ သူလည်း ထမင်း မစားရသေးဘူး ဆိုတာနဲ့ ဆေးရုံဝင်းထဲက စားသောက်ဆိုင်တန်းဘက်ကို ချီတက်လာခဲ့တယ်။ ဆေးရုံဝင်းထဲမှာ ဆိုပေမယ့် ကုန်တိုက်ထဲက စားသောက်ဆိုင်တွေလို သန့်ရှင်းသပ်ရပ်ပါတယ်။ ကိုရီးယား ကင်ချီထမင်းကြော် မှာပြီး ကင်ချီတွေ ထပ်တောင်းလိုက်တာ သွားတွေကိုတောင် အားနာမိတယ်။ ချဉ်ပြုံးနေတာပဲ။ စားပြီးတော့ ဧည့်ချိန် မရောက်သေးတာနဲ့ ထိုင်စောင့်နေလိုက်တယ်။ ဧည့်ချိန်က ၅ နာရီမှ ဆိုတော့ ကြားထဲမှာ ၂ နာရီလောက် လိုနေသေးတယ်။ အဲဒါနဲ့ ဆိုင်ထဲမှာပဲထိုင်ပြီး ဟိုကောင်မလေး ငမ်း၊ ဒီနပ်စ်မလေး ငမ်း၊ ဟိုအကြောင်းပြော ဒီအကြောင်းပြော အချိန်ဖြုန်းနေလိုက်တယ်။

ညနေ ၅ နာရီထိုးတော့ အပေါ်တက်ခွင့်ရတယ်။ ဖွဲ့စည်းပုံကတော့ ရန်ကုန်က ဆေးရုံကြီးလိုပါပဲ။ အထဲက အပြင်အဆင်တွေ ကွာတာပဲ ရှိပါတယ်။ ရန်ကုန်ဆေးရုံကြီးကတော့ ရှေးအမွေအနှစ်ကို ထိန်းသိမ်းထားတာ နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် အပြောင်းအလဲ မရှိသေးဘူး။ ပိုတောင် ဟောင်းမှန်း သိအောင် တမင် လုပ်ထားသလား မှတ်နေရတယ်။ ဆေးရုံအပေါ် ရောက်တော့ အခန်း လိုက်ရှာတယ်။ အခန်းထဲမှာ လူနာက တစ်ယောက်တည်း ရှိသေးတယ်။ ကျန်တဲ့ ကုတင်တွေ လွတ်နေသေးတယ်။ ခွဲစိတ်ပြီးကာစ လူနာတွေကို ခဏထားတဲ့ အခန်းဆိုပဲ။ ပိုးသတ်ဖို့အတွက်တဲ့။

လူနာက ခွဲထားတဲ့အရှိန်နဲ့ နာနေလို့ စကားတောင် ကောင်းကောင်း မပြောနိုင်ဘူး။ နာတာ ပျောက်ဖို့ မော်ဖိန်း ထိုးပေးထားတယ်။ အဲဒီတော့ ရီဝေေ၀လေး ဖြစ်နေရော။ ခွဲစိတ်မှုကတော့ အောင်မြင်ပါတယ်။ ခွဲထုတ်သွားတဲ့ အသားစကို ဓါတ်ခွဲပြီးမှ ကင်ဆာအဆင့် ဘယ်လောက်ရှိနေသလဲဆိုတာ သိရမှာ။ လောလောဆယ်တော့ မသိရသေးဘူး။ ကင်ဆာအဆင့် ၂ အထိဆို ဓါတ်ကင်ဖို့ မလိုဘူးလို့ ဆရာဝန်ကတော့ ပြောပြပါတယ်။ လူနာလည်း အိပ်ချင်သလိုလို ဖြစ်နေတာနဲ့ ခဏတဖြုတ်ပဲ စကားပြောလိုက်တယ်။ လူနာ နားချင်ရင် နားလို့ရအောင် ကျွန်တော်တို့လည်း အလိုက်သိစွာနဲ့ နေပေးလိုက်တယ်။ အပေါ် ရောက်တာကလည်း မကြာသေး... ချက်ချင်း ပြန်သွားရင်လည်း မကောင်းတတ်တော့ အဲဒီအဆောင်မှာ တာဝန်ကျနေတဲ့ နပ်စ်မ ချောချောလေးတွေကို ငေးနေလိုက်တော့တယ်။ တရုတ်မလေးတွေလည်း ချစ်စရာ၊ မလေးမလေးတွေလည်း ချစ်စရာ။ ဒါတောင် တချို့တွေက မျက်နှာဖုံးတွေ စွပ်ထားတော့ နှဖူးနဲ့ မျက်လုံးလောက်ပဲ မြင်ရတာဗျ။

နောက်တော့ လူနာရှင်ကို နှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်တယ်။ အစိုးရဆေးရုံမှာက နိုင်ငံသားတွေပဲ သက်သာတဲ့ စရိတ်နဲ့ ကုလို့ရတော့ နိုင်ငံခြားသားဖြစ်နေတဲ့ သူငယ်ချင်းခမျာ ဆေးဖိုး အတော်ကုန်မှာ။ လောလောဆယ် သိထားသလောက်က ခွဲစိတ်ခနဲ့ အခန်းခ အပါအ၀င် စပေါ်တင်ထားရတာက စလုံး ဒေါ်လာ ၃ သောင်းနီးပါး ရှိတယ်တဲ့။ ကျန်းမာရေးဆိုတာ လာဘ်တစ်ပါးဆိုတာ သိတော့ သိပေမယ့် အခုတော့ ပိုသိသွားပါပြီလေ။

ဆေးရုံမှာ အချိန်ကုန်ခဲ့တဲ့ မနေ့ကပေါ့...

Monday, June 22, 2009

I hate drinking

စနေနေ့ညက တရုတ်လိုင်းမှာပြတဲ့ ရှောင်လင်သိုင်းကား ကြည့်နေဖြစ်ခဲ့တယ်။ မင်းသားက မင်္ဂလာဦးညမှာ အရက်မူးအောင် သောက်ပြီး မင်္ဂလာခန်းထဲကို ယိုင်တိုင်ယိုင်တိုင် ၀င်သွားတဲ့အခန်းပါတယ်။ သတို့သမီးက ကုတင်ပေါ်မှာ မလှုပ်မယှက်လေး ထိုင်လို့။ အဲဒီကို ကြည့်နေရင်း အတွေးစတွေ ပွါးသွားတယ်။ ချဉ်စုတ်စုတ် အနံ့နဲ့ မင်္ဂလာဦးညကို ကြည်ကြည်နူးနူး ဖြတ်သန်းနိုင်ပါမလား။ အငှား တွေးကြည့်တာပါ။

ကလေးဘ၀တုန်းက တရုတ်နှစ်ကူးရောက်တိုင်း မိုးနတ်မင်း ဘာညာကွိကွ အစုံအလင်ကို ကန်တော့ထားတဲ့ စားပွဲပေါ်က အရက်ခွက်လေးတွေကို ကလေးသဘာဝ ညီအစ်ကိုတသိုက် အပြိုင်မော့ကြတယ်။ ဘယ်သူ များများနဲ့ မြန်မြန် သောက်နိုင်သလဲပေါ့။ ရင်ထဲကို ပူဆင်းသွားတဲ့ ခါးသက်သက် အရသာကို မကြိုက်ပေမယ့် နိုင်ချင်ဇောနဲ့ ၃ ခွက်လောက် အမြန်မော့ချဖူးတယ်။ လူကြီးတွေကလည်း ဘာမှ မပြောပါဘူး။ ပြုံးပြုံးကြီး ကြည့်နေကြတယ်။ ဆိုလိုချင်တာက အရက်ဆိုတာ ကျွန်တော်တို့ တရုတ်လူမျိုးတွေအတွက် ကလေးဘ၀ ပိစိကွေးကတည်းက မစိမ်းတဲ့ အရာတစ်ခုပေါ့။

ငယ်ငယ်တုန်းက အိမ်ဘေးက ခြံထဲမှာ မိသားစုတစ်စု နေကြတယ်။ လင်ရယ် မယားရယ် သား ၂ ယောက် သမီး ၁ ယောက်နဲ့ အေးအေးချမ်းချမ်းပဲ။ ခြံရှေ့မှာ အော်ကွေ့ကြည် ဆိုင်လေး ဖွင့်ထားတယ်။ အချဉ်ရည် ကောင်းလွန်းလို့ မနက် ၉ နာရီခွဲဆို ရောင်းလို့ကုန်ပြီ။ သစ်ပင်ပန်းမန်တွေ ဝေေ၀ဆာဆာနဲ့ ခြံကြီးထဲမှာ မိသားစုလေး တစ်နေ့လုံး အေးအေးချမ်းချမ်း ရှိပေမယ့် ညဘက်ရောက်ရင် နတ်ဆိုးဝင်သလို အိမ်ဦးနတ်ကြီး မူးပါတော့တယ်။ မိန်းမကို ဆဲလိုက် ကလေးတွေကို အပြစ်မရှိ အပြစ်ရှာ ရိုက်နှက်နေလိုက်နဲ့ တကယ်ကို စိတ်မချမ်းသာစရာပါပဲ။ ကလေးတွေရဲ့ ငိုသံနဲ့ ငရဲပွက်သလား မှတ်နေရတယ်။ အရက် မသောက်ထားတဲ့ အချိန်မှာဆို အဲဒီဦးလေးကြီးက အတော်ကို သဘောကောင်းပါတယ်။ စကားပြော ယဉ်ကျေး ချိုသာပါတယ်။ ရပ်ရေးရွာရေးမှာ ကူညီရိုင်းပင်းတတ်ပါတယ်။

အိမ်မှာလည်း ပါပါးက တခါတလေ အပေါင်းအသင်းတွေနဲ့ စုံရင် သောက်တတ်သေးတယ်။ ၀ါတွင်းကာလ ရှောင်ထားလို့ပဲ ၀ါတွင်းမှာ အေးအေးဆေးဆေးနေရတယ်။ ၀ါကျွတ်ပြီဆိုရင် တစ်လကို နှစ်ခါ သုံးခါလောက် သောက်တတ်တယ်။ သူမှာ အပေါင်းအသင်းတွေ များတော့လည်း တချို့လတွေမှာ ငါးခါ ခြောက်ခါအထိ ပွဲဆက်များသေးတယ်။ ပါပါးက အပြင်သွားရင် ကားယူသွားလေ့ရှိတော့ ညဘက်မိုးချုပ်လို့ အိမ်ပြန်မရောက်ရင် အိမ်ကမာမား စိတ်ပူပြီး လည်ပင်းရှည်ရပြီ။ ပါပါး ပြန်မလာသေးသရွေ့ မအိပ်ပဲ စောင့်နေတော့ ကြားထဲက သားတွေပါ အိပ်နေလို့ မရတော့ဘူး။ အလုပ်တွေပဲ များနေလို့လား၊ ကားပဲ ပျက်နေလို့လား၊ လမ်းမှာ မတော်တဆများ ဖြစ်နေလား မေးခွန်းပေါင်းများစွာနဲ့ အတွေးတွေ ချာချာလည်နေရပြီ။ အဲဒီအချိန်တုန်းက လက်ကိုင်ဖုန်းကလည်း အခုခေတ်လောက် မပေါများသေးဘူး။ အဲဒီတော့ ပါးပါးတစ်ယောက် ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း အိမ်ကလူတွေ မသိရဘူးပေါ့။

ကျွန်တော် စင်္ကာပူကို ရောက်မလာသေးခင် ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့အတူ အိမ်ငှားနေတုန်းကလည်း ယောကျာ်းလေးတွေ စုနေကြတဲ့ အိမ်ဆိုတော့ အရက်သောက်တတ်တဲ့ အခြားသူငယ်ချင်းတွေ ညအိပ်ညနေ လာတတ်ပြန်တယ်။ အတူနေတဲ့ ကောင်တွေက ကျွန်တော့်အကြောင်း သိတော့ အရက် မသောက်ကြပါဘူး။ တခြားကောင်တွေကတော့ ခရစ်စမတ်လို ရက်တွေမှာ အရက်သောက်ပြီး အိမ်မှာ လာအိပ်တတ်ကြတယ်။ တချို့က မူးပြီးရင် ခွေပြီး အိပ်နေတတ်တယ်။ တချို့က စကားကို အကျယ်ကြီး အော်ပြောနေတတ်တယ်။ တချို့က မမူးတဲ့သူကို ရစ်နေတတ်တယ်။ တချို့က အရက်ကို လူလိုသူလို မသောက်လာပဲ မူးရူးနေအောင် သောက်တော့ အန်ဖတ်စို့တာပေါ့။ ဒီကောင်တွေ သောင်းကျန်းသမျှ ခါးစည်းခံရတာက မသောက်ပဲနေလို့ မမူးတဲ့ကောင် ကျွန်တော်တို့တွေပေါ့။ အန်ဖတ်တွေ ကျုံး။ ရစ်သမျှ သည်းခံ။ အော်နေတဲ့ ပါးစပ်တွေ လိုက်ပိတ်။ ၀ဋ်ကြွေး ဆပ်နေရသလိုပဲ။

တကယ်တော့ ကျွန်တော်က အရက်သမားတွေကို မမုန်းပါဘူး။ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်းတွေမှာ အရက်သမားတွေ အများကြီးပဲ။ ဒါပေမယ့် ကျွန်တော်က အရက်သောက်တာကိုပဲ မုန်းပါတယ်။ အရက်သမားပဲ အရက် သောက်မှာပေါ့။ အဲဒါဆို ဘာကြောင့် အရက်သမားကို မမုန်းသလဲဆိုရင် အရက်မသောက်တဲ့ အချိန်မှာ သူတို့ဟာ လူကောင်းပါပဲလေ။ ကျွန်တော်က လူကို မမုန်းဘူး။ မူကိုပဲ မုန်းတာခင်ဗျ။ အရက်သောက်တဲ့ အမူအကျင့်ကို မုန်းတာပါ။

အိမ်ဘေးခြံက ညဘက်ဆို အရက်မူးပြီး ကလေးတွေကို ရိုက်နေတာ မြင်ခဲ့ကြားခဲ့တဲ့ ကလေးဘ၀၊ တနေကုန် အိမ်အလုပ်တွေနဲ့ ပင်ပန်းရှာပေမယ့် ညမိုးချုပ်အထိ အိမ်ပြန်မလာသေးတဲ့ ပါပါးအတွက် မာမားရဲ့ စိုးရိမ် သောကကို တွေ့ကြုံခဲ့ရတဲ့ လူငယ်ဘ၀၊ မူးပြီး ရစ်တတ်တဲ့ အန်ဖတ်စို့ သူငယ်ချင်းတွေကို ခွင့်မလွှတ်ပေမယ့် သည်းခံခဲ့ရတဲ့ လူလတ်ပိုင်းဘ၀။ ဒီလိုနဲ့ပဲ ဘ၀က ပေးတဲ့ သင်ခန်းစာတွေနဲ့တင် အရက်သောက်တဲ့ အကျင့်ကို ကျွန်တော် မုန်းသွားပါတယ်။ ရာသက်ပန် ရှောင်ဖို့လည်း ဆုံးဖြတ်စေနိုင်ခဲ့တယ်။

မင်္ဂလာညစာစားပွဲတွေမှာ တရုတ်တွေ လုပ်လေ့ လုပ်ထရှိတာက သတို့သားကို အရက်အတင်း တိုက်တာပါပဲ။ ရှိရှိသမျှ အမျိုးတွေ၊ သိသိသမျှ အသိုင်းအ၀ိုင်းတွေ ဆောင်သမျှ ပွဲတွေမှာ သတို့သားကို ကမ်းပိန်းဆိုပြီး အတင်းအရက်တိုက်တာ ပျော်စရာ ကောင်းသလိုလို မြင်ရပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ သောက်မြင် အတော်ကပ်ပါတယ်။ မင်္ဂလာသတို့သားကို ဂုဏ်ပြုတယ်ဆိုတာ သိနားလည်ပေမယ့် ခံစားရခက်လှပါတယ်။ ကျွန်တော့်အလှည့်မှာ ဒါမျိုးလာလုပ်ရင်တော့ လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာသလောက်ပဲ။ အဲဒါကို အခုကတည်းက ချစ်သူလေးကို သေချာရှင်းပြပြီး ရင်ဆိုင်ဖို့ ပြင်ဆင်ထားရအုံးမယ်။ ပထမဦးဆုံး ပြုံးပြုံးလေးနဲ့ ငြင်းပါမယ်။ ချိုချိုသာသာနဲ့ တောင်းပန်ပါမယ်။ အဲဒါမှ မရသေးရင်တော့ သောက်နိုင်တဲ့ သူငယ်ချင်းတွေကို အနားမှာ ခေါ်ထားပြီး ကိုယ်စား သောက်ခိုင်းလိုက်ပါမယ်။ အဲဒါကို မကျေနပ်သေးလို့ ကျွန်တော့်ကို အရက် အတင်းတိုက်နေရင်တော့ အားနာပါးနာနဲ့ အရက်သောက်လိမ့်မယ်လို့ မထင်လိုက်ပါနဲ့။

ဘယ်နဲ့ဗျာ ချဉ်စုတ်စုတ် အနံ့နဲ့ မင်္ဂလာခန်းထဲ ၀င်မယ်လို့ ထင်နေရင်... ထင်တဲ့သူ ရူးနေလို့ပဲ ဖြစ်မယ်။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ငွေရောင်ပိတ်ကားပေါ်မှာ မျှော်...


ဟုတ်ကဲ့ ကျွန်တော် အရက်သောက်တာကို မုန်းပါတယ်ခင်ဗျ။

Saturday, June 20, 2009

The Balance



နေရိပ်ရဖို့ နေပူက စောင့်ဆိုပေမယ့်
ဖြတ်သန်းရတဲ့ ခရီးရှည်ကြီးမှာ
ဘ၀ဆိုတာ ဟန်ချက်ညီနေဖို့လည်း လိုတယ်။
ဟန်ချက်ပျက်သွားရင် နေပူထဲမှာ
ကုန်ခဲ့သမျှ ခွန်အားတွေ...
ထွက်ခဲ့သမျှ ချွေးတွေ...
သဲထဲ ရေသွန်သလိုပဲ။

Wednesday, June 17, 2009

Fortune

ကံကောင်းလိုက်တာနော်... ကံပွင့်တာပဲ... ကံဆိုးလိုက်တာ... ကံအကြောင်း မလှလို့။ ပြောလိုက်ကြတဲ့ ကံတွေ ကြားလိုက်ရတဲ့ ကံတွေ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကံဆိုတာ ယိုးမယ်ဖွဲ့စရာတစ်ခုကို ဖြစ်နေပါရော။

ကျွန်တော် အိန္ဒိယမှာ သင်တန်းသွားတက်တုန်းက ကာလကတ္တားလေဆိပ်ကနေ နယူးဒေလီအသွား ရာသီဥတု ဆိုးရှာတယ်။ တိမ်တွေ ထူပြီး လေယာဉ် တုန်ခါနေတာ ခဏခဏပဲ။ ခါးပတ် ပတ်ခိုင်းထားတဲ့ အကြိမ်ရေက ၂၀ နီးပါးပဲ။ သိမ့်ခနဲ သိမ့်ခနဲ အောက်ကို ထိုးဆင်းသွားတာ နားတွေကို အူလို့။ လေယာဉ်မယ်တွေလည်း အလုပ် ကောင်းကောင်း မလုပ်နိုင်ရှာဘူး။ နီးရာခုံတွေကို ပြေးပြေးထိုင်ပြီး ခါးပတ် ပတ်နေရတာနဲ့ပဲ ပြာယာခပ်လို့။ နောက်ဆုံးမှာတော့ နယူးဒေလီ လေဆိပ်ကို ချောချောမွေ့မွေ့ ရောက်သွားပါတယ်။ လေယာဉ်မယ်တွေက ပြောပါတယ်။ ခရီးသည်အားလုံး ကံကောင်းရှာတယ်တဲ့။ လေယာဉ်က လမ်းမှာတင် ၃ ခါတိတိ ပျက်ကျမလို ဖြစ်ခဲ့တယ်တဲ့။

လှိုင်မြစ်ထဲမှာ ကျောင်းသမ္ဗာန်ကို မော်တော်တစ်စင်းက အရှိန်ပြင်းပြင်း ကန့်လန့်ဖြတ် ၀င်တိုက်လိုက်တော့ သမ္ဗာန်မှောက်ပါလေရော။ သမ္ဗာန်မှောက်တာ မြင်တော့ သမ္ဗာန်ဆိပ်က သမ္ဗာန်တွေ အဲဒီနေရာ အရောက် စက်ကုန်ဖွင့်ပြီး ကလေးတွေကို ၀ိုင်းဆယ်ခဲ့ကြတယ်။ ရေပေါ်မှာ ယက်ကန်ယက်ကန် ဖြစ်နေတဲ့ ကလေးတွေကို ဆယ်ကြပြုကြ လုပ်ခဲ့တာ သမ္ဗာန်ပေါ်မှာ ပါလာတဲ့ ကလေး အယောက် ၂၀ မှာ ၁၉ ယောက် ပြန်ဆယ်မိတယ်။ သုံးတန်း ကျောင်းသားလေး ပျောက်နေတယ်။ သုံးရက်ကျော်မှ ကလေးအလောင်းကို သန်လျှင်မြစ်ဝဘက်က ကျွန်းပေါ်မှာ တင်နေတာ တွေ့လိုက်ရတယ်။ ကလေးအလောင်းကို ခွဲစိတ်ကြည့်တော့ နားထင်မှာ မော်တော် ၀င်ဆောင့်ထားတဲ့ ဒဏ်ရာနဲ့ ဦးခေါင်းခွံ တြိဂံပုံကွဲနေတယ်။ အဲဒါကြောင့် ရေကူးကျွမ်းပါတယ်ဆိုတဲ့ ကလေး ရေပေါ်မှာတောင် ယက်ကန်ယက်ကန် မဖြစ်လိုက်ရရှာပဲ ရေထဲ စုန်းစုန်းမြှုပ်သွားခဲ့ရတာ။ သမ္ဗာန်သမားတွေက ပြောကြတယ်။ ဒီကောင်လေး ကံဆိုးရှာတယ်တဲ့။

၂၀၀၅ လှိုင်မီးဘေးတုန်းက လေဖြတ်နေတဲ့ အဖိုးကြီးကို အခြားလူတစ်ယောက်နဲ့ကျွန်တော် ပွေ့ချီထုတ်ပြီး ကယ်ဆယ်ရေးစခန်းကို သယ်လာတုန်းက လူတွေက ပြောတယ်... အဖိုးကြီး မသေကောင်း မပျောက်ကောင်း ကံကောင်းလိုက်တာတဲ့။ နောက်ထပ် ၁၅ မိနစ်မှာ သူ့အိမ် မီးထဲပါသွားပြီ။ ကျွန်တော်နဲ့ တည့်တည့်တိုးတဲ့ မျက်မမြင်အဖိုးကြီးကို လှည်းပေါ်တင် တွန်းထုတ်ပြီး မီးလွတ်ရာ ပြေးလာခဲ့တော့လည်း ကံသီတာပဲတဲ့။ မီးသတ်ကားတွေ ပျားပန်းခပ်နေတဲ့ကြားမှာ၊ သောကအမောတွေနဲ့ ပြေးလွှားနေတဲ့ လူအုပ်တွေကြားမှာ သူ့လို မျက်မမြင်တစ်ယောက်အဖို့ မီးလွှတ်ရာကို ရှောင်နိုင်ခဲ့တာ ကံကောင်းတာဆိုပဲ။

ကျွန်တော်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက် အူနံရံမှာ အနာတွေဖြစ်လို့ ဆေးကုဖို့ဆိုပြီး စကာင်္ပူကို လာအုံးမယ်။ ဒါမျိုးက အသက် ၄၀ ကျော်တွေမှာ ဖြစ်တတ်တဲ့ ရောဂါ။ ဆေးလိပ်ကို ဖင်မီးခိုးထွက်အောင် သောက်တတ်တဲ့သူတွေ၊ အရက်ဂျိုးကြွက်တွင်းတွေမှာ ဖြစ်တတ်သလို အားကစား မလုပ်ပဲ အဆီရွှဲနေတဲ့ ဗိုက်ပူကြီးတွေမှာလည်း ဖြစ်တတ်တယ်တဲ့။ မျိုးရိုးလိုက်တာလည်း ရှိသေးတယ်။ သူက ဆေးလိပ်လည်း မသောက်၊ အရက်လည်း မသောက်၊ အားကစားလည်း လုပ်စရာ မလိုအောင် တနေကုန် သွားလာနေရတဲ့ ဘ၀၊ ဗိုက်ပူဖို့ နေနေသာသာ ပိန်တာရိုး မဖြစ်အောင် ကြိုးစားနေရတာ။ သူလည်း ကံအကြောင်း မလှလို့ပဲ ဒီလိုမျိုး ဖြစ်သွားရတာလား။

ညဉ့်နက်သန်းခေါင် ကလေးဆေးရုံက သွေးလိုလို့ လှမ်းတောင်းတော့ သွေးလှူရှင်တွေ ရသလောက် ခေါ်ပြီး လေးဘီးကားနဲ့ ထွက်လာခဲ့တယ်။ သွေးလွန်တုပ်ကွေးရာသီဆိုတော့ ဆေးရုံမှာ ကလေးတွေ သွေးလန့်တာမျိုး ဖြစ်တတ်တယ်။ သွေးလွန်တုပ်ကွေးမှာ သွေးဆိုတာက လိုအပ်တဲ့အချိန်မှ သွင်းပေးရတာမျိုး။ ဘယ်အချိန် သွေးလိုမလဲဆိုတာ ဆရာဝန်လည်း ကြိုမသိနိုင်ဘူး။ တချိန်လုံး စောင့်ကြည့်နေရတာ။ ဖုန်းဆက် အကူအညီ တောင်းတဲ့ လူနာရှင် လိုနေတဲ့သွေးက ဘီသွေး။ သူ့ကလေးက သွေးမလန့်သေးဘူး။ သူက စိုးရိမ်ပြီး ကြိုတင် ခေါ်လိုက်တာ။ ဖြစ်ချင်တော့ အေဘီသွေး ကလေးလူနာက သွေးလန့်ပါလေရော။ သွေးအမြန် သွင်းရမယ် သွေးလှူရှင် ချက်ချင်းရှာကြပါဆိုတော့ လူနာရှင်တွေ မျက်ဖြူဆိုက်ကုန်ပြီ။ ဖြစ်ချင်တော့ ကျွန်တော်တို့နဲ့အတူ အဖော်လိုက်လာတဲ့ ညီငယ်တစ်ယောက်က အေဘီသွေးပိုင်ရှင်။ ရေကန်အသင့် ကြာအသင့် သွေးလှူရှင်က အဆင်သင့်ဖြစ်သွားတယ်။ အဲဒီလိုနဲ့ ကလေးတစ်ယောက် အသက်ချမ်းသာရာ ရသွားတယ်။ ညကြီးမိုးချုပ် သွေးရှာရခက်တဲ့အချိန် သွေးလှူရှင်က မခေါ်ပဲ အသင့်ရောက်နေတာ ကလေးလေး ကံကောင်းလွန်းလို့ဆိုပဲ။ ဆေးရုံဝန်ထမ်းတွေက ပြောတာပါ။

ဝိုင်တီယူ ကျောင်းဝင်းထဲမှာ ကျောင်းသူတစ်ယောက် မြွေကိုက်ခံရတယ်။ အနီးဆုံးဖြစ်တဲ့ လှိုင်သာယာဆေးရုံ ပြေးတော့ မြွေဆိပ်ဖြေဆေး မရှိဘူးတဲ့။ အဲဒါနဲ့ အင်းစိန်ဆေးရုံကို ပြေးတယ်။ အင်းစိန်ဆေးရုံကို ရောက်တဲ့အခါ အရေးပေါ်ခန်းတာဝန်ကျ ဆရာဝန်မလေးက မြွေကိုက်လူနာကို လက်ခံယူပါတယ်။ အင်းစိန်ဆေးရုံမှာလည်း မြွေဆိပ်ဖြေဆေး ကုန်နေတာကို သိထားသလို မြွေကိုက်လူနာကို ဆေးရုံကြီးပို့ပေးဖို့ ညွှန်ကြားခံထားရတဲ့ ဆရာဝန်မလေးက လူနာကို ရန်ကုန်ဆေးရုံကြီးကို လွှဲပေးပါတယ်။ ဒါပေမယ့် လူနာက လမ်းမှာတင် အသက် ဆုံးရှုံးသွားပါတယ်။ အဲဒီလိုနဲ့ အင်းစိန်ဆေးရုံ ဆေးရုံအုပ်ကြီးကို အငြိမ်းစားယူစေပါတယ်။ အင်းစိန်ဆေးရုံက အရေးပေါ်ခန်း တာဝန်ကျ ဆရာဝန်မလေးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ အဲဒီပွဲမှာတော့ အားလုံး အားလုံး ကံဆိုးရှာတယ်ဗျာ။

ကံဆိုတာ အလုပ်ဆိုပဲ။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်။ လုပ်သမျှမှာ အကျိုးသက်ရောက်မှု ရှိတယ်။ ကံကောင်းတဲ့အပိုင်းမှာတော့ ပြောစရာ သိပ်မရှိပါဘူး။ အပြုံးမျက်နှာတွေနဲ့ ရွှန်းလဲ့နေမှာ အသေအချာပဲ။ ကံဆိုးတဲ့အပိုင်းကျတော့ တွေးစရာတွေ ပါလာပြီ။ ကြေကွဲ ၀မ်းနည်းရတယ်။ မျက်ရည်တွေနဲ့ ငိုရတယ်။ စို့နှစ်တဲ့ နှလုံးသားမှာ နာနာကျင်ကျင် သွေးတွေ ယိုစီးရတယ်။

ဘ၀မှာ ကိုယ်လုပ်သမျှကြောင့် ခံရတယ်လို့ဆိုပေမယ့် တချို့ဟာတွေမှာ ကိုယ်တိုင် မလုပ်ပဲနဲ့ ခံနေရတာတွေ အများသား။ တချို့ဟာတွေက အသိဥာဏ်နုံနှဲ့ နည်းပါးလို့ ခံခဲ့ရတာ။ တချို့ဟာတွေက နောက်ခံပတ်ဝန်းကျင် မကောင်းလို့ ကြုံခဲ့ရတာ။ တချို့ဟာတွေက ဆင်းရဲမွဲချာလွန်းလို့ ဆုံခဲ့ရတာ။ တချို့ဟာတွေက လောဘရဲ့ အကျင့်ပျက်ခြစားတဲ့ ဒဏ်ကြောင့် သားကောင် ဖြစ်သွားရတာ။ ဒီလိုပဲ တချို့ဟာတွေက...

ကျွန်တော်တို့ ကံရဲ့ဆုံးဖြတ်ချက်အောက်မှာပဲ နေကြရတော့မှာလား...
ကံဆိုတာ တန်ခိုးရှင်တစ်ယောက် ချုပ်ကိုင် ဖန်တီးထားတာမျိုးလား...
ကျွန်တော်တို့ တန်ခိုးရှင်ဖြစ်အောင် မကြိုးစားနိုင်တော့ဘူးလား...

လားပေါင်းများစွာနဲ့ အတွေးထဲမှာ မျှောနေရတာ ကံကြမ္မာပဲလားဗျာ။

Sunday, June 14, 2009

WBDD 2009

ဒီနေ့က ဇွန်လ ၁၄ ရက်နေ့ ကမ္ဘာ့သွေးလှူရှင်နေပေါ့။ သွေးလှူဖို့ ရက်ပြည့်နေတာ လဆန်းပိုင်းကတည်းက။ ဒါပေမယ့် အလုပ်မအားတာနဲ့ မလှူဖြစ်လိုက်ဘူး။ နောက်လ ဇူလိုင်မှာ ရောက်မယ့် မွေးနေ့အထိ စောင့်ပြီး လှူဖို့ကျတော့လည်း အချိန်တွေ နှမြောစရာ။ ဒါနဲ့ ကမ္ဘာ့သွေးလှူရှင်နေ့ အထိမ်းအမှတ်အနေနဲ့ ဒီနေ့မှာ သွားလှူဖို့ ဆုံးဖြတ်ထားလိုက်တယ်။

ဒီတစ်ခေါက် သွေးလှူတာက န၀မအကြိမ်မြောက်ပါ။ သွေးလှူတာ ၂၅ ကြိမ်ပြည့်ရင် စင်္ကာပူကြက်ခြေနီက ကြေးတံဆိပ် ချီးမြှင့်မှာဆိုတော့ နောက်ထပ် ၁၆ ကြိမ် ထပ်လှူဖို့ လိုသေးတယ်။ အကြိမ် ၅၀ ပြည့်ရင်တော့ ငွေတံဆိပ် ရမယ်။ ၇၅ ကြိမ်ဆို ပတ္တမြားတံဆိပ်၊ အကြိမ် ၁၀၀ ဆိုရင် ရွှေတံဆိပ်။ အဲဒီလောက်ထိ လှူနိုင်ဖို့ ကျန်းမာရေး ကောင်းနေတယ် ဆိုရင်တော့ ဆက်လက် ချီတက်သွားအုံးမှာပါ။ လောလောဆယ် အချိန်မှာ အနီးဆုံးက ကြေးတံဆိပ်ဆိုတော့ အဲဒီဟာကိုပဲ အဓိက ပစ်မှတ်ထားထားတယ်။ အဝေးကြီးကို မျှော်နေရတာ မောလွန်းလို့ပါ။

မနေ့ကလည်း ၀ိုင်တီယူရွာသားနဲ့ ကျွန်တော်ဇူလိုင် ဂျူရောင်းငှက်ခြံထဲမှာ တနေကုန် အပေါက်ချောင်းလိုက် အဖုနှိပ်လိုက်နဲ့ လက်မလည်လိုက်ပုံများ ညနေလည်း ရောက်ရော နှစ်ယောက်စလုံး ရုပ်မထွက်တော့ဘူး။ နဂိုကတည်းက ရုပ်ဆိုးရတဲ့ကြားထဲ ပင်ပန်းတာတွေ စုလိုက်တော့ ဘီလူး သံပုရာသီး ငုံထားတဲ့ပုံ ဖြစ်ကုန်တယ်။ ရွာသားက ဓါတ်ပုံတွေ မတင်ပါနဲ့ဆို့လို့ ကျွန်တော် ဓါတ်ပုံ မတင်တော့ပါဘူး။ ဒါကြောင့် ဘီလူး သံပုရာသီး ငုံရင် ဘယ်လိုပုံမျိုးလဲဆိုတာ သိခွင့်မရလိုက်တာကို စိတ်မကောင်းပါဘူး။

မနေ့က ငှက်ခြံပွဲကို ဘောနပ်တတ်တဲ့ ကိုသီဟသစ်နဲ့ ဖိုးသင်္ကြန်လည်း လာသေးတယ်။ ကင်မရာတစ်လုံးနဲ့ မျောက်အုန်းသီး ရနေတဲ့ ကျွန်တော့်ကို ဟောင်ကောင်မင်းသားနဲ့ တူတယ်နော်ဆိုပြီး မြှောက်ပါသေးတယ်။ စိတ်ထဲမှာ ရွာသားကိုတောင် အားနာမိသေးတယ်။ တကယ်တော့ သူက ကျွန်တော်ကို ဟောင်တယ်လို့ သွယ်ဝိုက် ပြောသွားတာနေမှာပါ။ ကျွန်တော်က ဟောင်တဲ့အပြင် ကိုက်တတ်သေးတယ်။ သူ မသိလို့ပဲ ပြောတာပဲလို့ သဘောထားလိုက်ပါတယ်။ သူတို့ခမျာ ညနေစောင်းအထိ ထမင်းမစားရရှာတဲ့ ကျွန်တော့်ကို သနားသွားပြီး ထမင်းဗူးလေး လာပို့သွားကြတယ်။ ကျွန်တော့်ပုံကို မြင်ပြီး အစားကြီးတယ်များ မှတ်နေလား မသိပါဘူး။ ထမင်းဗူးကို ၂ ဗူးတောင် ၀ယ်လာပေးတယ်။ သူတို့က စားပါ စားပါ ဆိုပြီး အတင်းကျွေးလို့ စားလိုက်ပါတယ်။

ကျွန်တော်က ရှပ်ပြာရှပ်ပြာ ခလေးလိုပဲလို့ ရွာသားက ပြောပါသေးတယ်။ သူက ဆပ်ပြာသည်ကို သတိရလို့ ပြောတာ ထင်ပါတယ်။ သူ ပြောလည်း ပြောစရာပါပဲလေ။ ကျွန်တော် မနေ့က ပွဲမှာ ချော်လဲသေးတာကိုး။ ငှက်ခြံမှာ မိုးရွာထားတော့ ရေတွေ အိုင်နေပါတယ်။ ဓါတ်ပုံရိုက်ရတာကလည်း တစ်နေရာတည်း မဟုတ်ပြန်ဘူး။ အဲဒီတော့ တစ်နေရာကနေ တစ်နေရာအကူး အလျှင်စလို သွားမိတော့ ဖင်ထိုင်ရက်ကို လဲပါလေရော။ လူ ဖြစ်ချင်ရာ ဖြစ် ကင်မရာ ဘာမှ အဖြစ်မခံနိုင်ဘူး ဆိုတော့လည်း ကင်မရာက ဘာမှ မဖြစ်ပါဘူး။ လူကတော့ လက်ထောက်မိတဲ့ အရှိန်နဲ့ ညာဘက်လက်လေး နည်းနည်း နာသွားပါတယ်။ တနေကုန် အလုပ်ပိနေတော့ သတိမထားမိပါဘူး။ ညဘက်ရောက်မှပဲ အအေးဒဏ်ကြောင့် လက်ချောင်းလေးတွေ ကိုက်ပါတော့တယ်။ အခုတော့ ပျောက်သွားပါပြီလေ။ ပို့သတဲ့ မေတ္တာတွေကြောင့် မဟုတ်ပါဘူး။ မျက်စိနဲ့ နှာခေါင်း အပူဟပ်ပြီး လက်ချောင်းတွေ ကိုက်တာ ပျောက်သွားတာပါ။ အဲဒါကို သိတဲ့သူတွေ သိကြပါတယ်။ သိရဲ့နဲ့ ဖွတဲ့သူတွေ ဟိုဝှာဖြစ်ပါစေဗျာ။ ဒါပါပဲလေ။

Thursday, June 11, 2009

Labelling

ဖြတ်သန်းခဲ့တဲ့ဘ၀တလျှောက်မှာ တံဆိပ်ကပ်ခံရတာ ကြုံဖူးကြမှာပါ။ ကိုယ်က သူများကို တံဆိပ်ကပ်ခဲ့သလို ကိုယ်တိုင်လည်း တံဆိပ်အကပ်ခံဖူးကြမယ် ထင်ပါတယ်။ ကိုယ့်ဘာသာကိုယ် အေးဆေးနေတဲ့သူလည်း အေးဆေးနေတဲ့အလျှောက် ရေခဲတုံးကြီး၊ ငတုံးဆိုပြီး တံဆိပ်ကပ်ခံရသလို လှုပ်လှုပ်ရှားရှားနေတဲ့သူလည်း လှုပ်လို့ရှားလို့ဆိုပြီး အရူးမီးဝိုင်းဆိုတဲ့ တံဆိပ်ကပ်ခံကြရမှာပါ။ ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ဆိုတာလည်း တံဆိပ်ကပ်တာနဲ့ သက်ဆိုင်ပြီး ပေါ်လာတာ ထင်တယ်။ သူများတကာကို ကျွန်တော် ဘယ်လို တံဆိပ်တွေ ကပ်ခဲ့သလဲဆိုတာ စိတ်ထဲမှာ အမှတ်မထားတဲ့အတွက် အခုအချိန်မှာ ပြန်စဉ်းစားလို့ မရဘူးဖြစ်နေတယ်။ သေချာတာတစ်ခုက ကျွန်တော်လည်း သူများတကာကို တံဆိပ်ကပ်ခဲ့ဖူးတယ် ဆိုတာပါပဲ။ အဲဒီလိုပဲ ကျွန်တော်လည်း လူ့လောကထဲမှာ နေတဲ့ လူတစ်ယောက်ဆိုတော့ တံဆိပ်ကပ်ခံရပြန်တယ်။ တချို့ဟာတွေကို မှတ်မိတာတွေ ရှိမယ်။ မေ့သွားတာတွေလည်း ရှိမယ်။

မူလတန်းကျောင်းသားဘ၀ကနေ အလယ်တန်းကျောင်းသားအထိ ကပ်ခံရတဲ့ တံဆိပ်က တရုတ်လေးတဲ့။ လှိုင်မြစ်ကမ်းဘေးက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်တဲ့သူ အများစုက သာမန်လက်လုပ်လက်စား ဘ၀သမားတွေပါ။ တချို့က ၀န်ထမ်းတွေ၊ တချို့က ငါးစိမ်းသည်တွေ၊ တချို့က လှေထိုးသားတွေ။ အဲဒီမှာ အချမ်းသာကြီး မဟုတ်ပေမယ့် စားနိုင်သောက်နိုင် စီးပွါးရေးချောင်လည်တဲ့ တရုတ်မိသားစုကနေ ပေါက်ဖွား ဆင်းသက်လာတဲ့ ကျွန်တော်ဟာ တခြားကလေးတွေအကြားမှာ တမူထူးခြား ထင်ရှားနေတယ်။ အညိုရောင် အသားလေးတွေအကြားမှာ အ၀ါရောင်ဖျော့ဖျော့နဲ့ ကျွန်တော်က ထင်းနေပါတယ်။ ညစ်ပတ်ပေတူးနေတဲ့ သူတို့ကြားမှာ သန့်သန့်ရှင်းရှင်း သေသေသပ်သပ် ကျွန်တော့်ပုံစံက ကွဲပြားနေတယ်။ မျောက်ရှုံးအောင် အကြမ်းပတမ်း ဆော့နေတဲ့ သူတို့ကြားမှာ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် နေတတ်တဲ့ ကျွန်တော်က သင်းကွဲနေတယ်။ တရုတ်မို့လို့ တရုတ်ခေါ်ခံရပေမယ့် စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။ ကျေနပ်တဲ့ စိတ်၊ သာယာတဲ့ စိတ် မဟုတ်မှန်း ကျွန်တော် သိနေတယ်။ ခွဲခြားထားသလို စည်းတစ်ခု ခြားနေတယ်။ အဲဒီကနေ ကျွန်တော့်ဆီမှာ ဆူးလေးတစ်ချောင်း ထွက်လာတယ်။ ကျွန်တော်ဟာ တိုင်းရင်းသားစာရင်းထဲမှာ မပါဝင်တဲ့ မြန်မာပြည်က တရုတ်ဆိုတာပဲ။

အလယ်တန်းကျောင်းကနေ အဌမတန်းအောင်ပြီး အထက်တန်းကျောင်းကို ပြောင်းတော့ တံဆိပ်ကပ်ခံရတာက တောသား။ ကျွန်တော်နေခဲ့တဲ့ အလယ်တန်းကျောင်းလေးက ဆင်းရဲပါတယ်။ ကျောင်းသားတွေ ဆင်းရဲသလို ဆရာ ဆရာမတွေလည်း ဆင်းရဲပါတယ်။ ဒါပေမယ့် နာသုံးနာနဲ့ ပြည့်တဲ့ ဆရာတွေ ရှိတဲ့ ရှားမှရှားတဲ့ ကျောင်းပါ။ ဆင်းရဲတဲ့ အလယ်တန်းကျောင်းပီပီ ကွန်ပျူတာတို့ မာတီမီဒီယာတို့ကို လက်လှမ်းမမှီပါဘူး။ ကျောင်းကြီးကြီးမှာတော့ ဒါတွေက မဆန်းတော့ဘူးပေါ့။ အဲဒါတွေကို ဘာဆို ဘာတစ်ခုမှ မသုံးတတ်တဲ့ ကျွန်တော်တို့ကို ကျောင်းတော်သားကြီးတွေက တောသားတွေဆိုပြီး နှာခေါင်းရှုံ့တယ်။ သူတို့က ကျောင်းကို လာရင် ကိုယ်ပိုင်ကားနဲ့ ကျောင်းကားနဲ့။ ကျွန်တော်တို့က ခြေလျှင်လာတယ်။ ကားပေါ်ကနေ ကြည့်သွားတဲ့ မျက်လုံးတွေက နှစ်မြို့စရာ မရှိပါဘူး။ တကယ်ဆို ကျွန်တော့်အိမ်မှာလည်း ကားရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျောင်းလေးက သူငယ်ချင်း အားလုံးကို ကားပေါ်တင်ခေါ်နိုင်တဲ့ ကားမျိုး ကျွန်တော့်မှာ မရှိတဲ့အတွက် ကျွန်တော့် သူငယ်ချင်းတွေနဲ့အတူ ခြေလျှင်သွားတယ်။ အဲဒီတော့ စူးရှတဲ့ သရော်မျက်လုံးတွေ အောက်မှာ ကျွန်တော်လည်း ကျောကော့အောင် အကြည့်ခံရတာပေါ့။ ကျွန်တော်တို့လို တောသားတွေကို မြို့ကြီးသားတွေက ဖယ်ကျဉ်ထားတယ်။ အဲဒီကနေ ဆူးလေးတစ်ချောင်း ထွက်လာပြန်တယ်။ မိဘတွေ ပိုက်ဆံရှိလို့ ပြည့်စုံနေရတဲ့ဘ၀မှာ အောက်ခြေလွတ်တဲ့ သူဌေးသားတွေကို ကျွန်တော် အပေါင်းအသင်း မလုပ်ဖြစ်တော့ဘူး။

အရွယ်ရောက်လာပြီး လူမှုရေးအလုပ်တွေ စိတ်ဝင်စားလို့ အချိန်ပေး လုပ်မိပြန်တော့လည်း ၁၀၉/၁၁၀ ဆိုပြီး တံဆိပ်ကပ်ပြန်ရော။ လက်အောက်ငယ်သား အဆင့်ကနေ လူကြီးပိုင်းအဆင့်ထိ ရောက်အောင် လုပ်လာခဲ့တဲ့ ကျွန်တော့်အဖို့ ဖြတ်ကျော်ခဲ့ရတဲ့ အချိန်တွေ မနည်းပါဘူး။ လခမရ၊ ခံစားခွင့် မရှိ၊ အရာရာ အိတ်စိုက်ရတဲ့ လုပ်ငန်းတွေမှာ အချိန်တွေ အားလွန်းနေလို့ လုပ်စရာ မရှိလွန်းလို့ လုပ်နေတယ် ထင်ရင် ထင်တဲ့သူဟာ ထမင်းစားပြီး ကြီးခဲ့တာ ဟုတ်ရဲ့လားလို့ သံသယရှိမိပါတယ်။ ရပ်ကွက်ထဲမှာ လူတွင်ကျယ် လုပ်ချင်လို့ ဒါတွေ လုပ်နေတယ်လို့ ပြောတဲ့သူတွေရော ချီးစားပြီး ကြီးလာတာလို့ မေးချင်မိပါတယ်။ ကိုယ်တိုင်လည်း မလုပ်နိုင်၊ လုပ်နေတဲ့သူတွေကို အပုတ်ချ၊ ကဲ့ရဲ့နေတဲ့ လူတန်းစားတွေ မြန်မာပြည်မှာ ပေါမှပေါပါပဲ။ ဘာတစ်ခုမှ မလုပ်ပဲ အပြစ်ထိုင်ပြောနေမယ့်အစား လိုအပ်တဲ့နေရာကို နိုင်သလောက်လေး ကူညီပေးလိုက်တာ ပိုကောင်းမယ်လို့ ယူဆပါတယ်။ ဟိုလို လုပ်ပါလား... ဒီလို လုပ်ပါလား... ဆိုပြီး သူကျတော့ ဘာမှ မလုပ်တဲ့ အခွင့်ရေးမျှော် စားဖားကြီးကြီးတွေ မိုးဦးမှိုပွင့်တွေနဲ့အပြိုင် ပေါ်လာသလား မှတ်ရတယ်။ အဲဒီလိုကနေ ဆူးလေးတစ်ချောင်း ထပ်ပေါ်လာတယ်။ ဘာတစ်ခုမှ မလုပ်ပဲ စင်ပေါ်တက် နေရာယူချင်တဲ့ အော်လံမောင်တွေကို တစ်သက်စာ ရွံမုန်းသွားတယ်။

ကျွန်တော့်ဘ၀မှာ ဆူးတွေကတော့ အများကြီးပါပဲ။ ဆူးတွေ များလွန်းလို့ လူလည်း ဖြူကောင်လို ဖြစ်နေပါပြီ။ ရှိသမျှ ဆူးတွေကို ချရေးပြဖို့ကလည်း တစ်ထောင့်တစ်ည ပုံပြင်လို ဖြစ်သွားနိုင်ပါတယ်။ ဆူးတွေကြောင့် ကျွန်တော်လည်း လူ့ဂွစာကြီးကို ဖြစ်နေတာ ကြာလှပေါ့။ အဓိက ပြောချင်တာက လူတွေက တံဆိပ်တွေ ကပ်လွန်းပါတယ်။ ဒါပေမယ့် သူတို့ သတိမထားမိတာက တံဆိပ်ကပ်ခံရတဲ့သူမှာ ဆူးတွေ ပေါ်လာနိုင်ပါတယ်။ ပေါ်လာတဲ့ ဆူးတွေက ကောင်းတဲ့ဘက်ကို ရောက်စေတဲ့ ဆူးတွေ ဖြစ်ရင် ကိစ္စမရှိပေမယ့် ဆိုးတဲ့ဘက်ကို ရောက်စေတဲ့ ဆူးတွေဖြစ်ရင်တော့... ကျွန်တော် ချစ်တဲ့ ဟစ်တလာတွေ ဖြစ်လာမှာပေါ့လေ။

Monday, June 8, 2009

Dear Yesterday - 10

မနေ့ကပေါ့..... စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ သူငယ်ချင်းနဲ့ သူ့အခန်းဖော်တွေကို မြို့ထဲဘက်အလည် လိုက်ပို့လိုက်တယ်။ သူက ဇွန်လ ၁ ရက်နေ့ကမှ ရောက်တာ။ အခုတော့ ဂျူရောင်းကျွန်းမှာ နေရတယ်။ အလုပ်ကလည်း အဲဒီကျွန်းပေါ်မှာပဲ။ စလုံးမှာ အလုပ် လုပ်ဖို့အတွက် အေးဂျင့်ဖိုး စင်္ကာပူဒေါ်လာ ၄၅၀၀ သွင်းရတယ်။ အလုပ်က တစ်လမှ ဒေါ်လာ ၅၀၀ လောက်ပဲ ရမှာ။ အိုဗာတိုင်ကြေး ရှိမှပဲ အသက်ရှုချောင်မယ်။ ၁ နှစ်လောက် လုပ်ပြီးမှ အေးဂျင့်ဖိုး ကျေမယ်။ နောက်တစ်နှစ် ထပ်လုပ်ခွင့်ရမှ ကိုယ့်အတွက် ကျန်မယ့်ကိန်းပါ။ သူတို့ကျတော့ ဦးနှောက် ယိုစီးတယ် ပြောရအောင်လည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် နုပျိုမှုတွေ စတေးရမှာ အမှန်ပဲခင်ဗျ။ စာရေးဆရာမ ဂျူး ပြောသလိုပဲ လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်နေတယ်။

သူတို့နေတဲ့ ဂျူရောင်းကျွန်းပေါ်ကနေ စလုံးကျွန်းမကြီးကို မော်တော်ဘုတ် စီးပြီးလာရင် ကလီမန်တီးနားက အနောက်ဘက်ကမ်း ပန်းခြံကို ရောက်တယ်။ ကလီမန်တီးဘူတာကို မသိလို့ဆိုလို့ ပန်းခြံကို သွားခေါ်ရတယ်။ ကလီမန်တီးမှာ မနက်စာ စားပြီး ရထားနဲ့ မြို့လည်ဘက်ကို ထွက်လာခဲ့တယ်။ စီးတီးဟောလ်မှာ တစ်ယောက် စောင့်နေတယ်ဆိုလို့ ပင်နီဇူလားကို ၀င်ခေါ်ရသေးတယ်။ အဲဒီကနေ ပါလီမန် အရှေ့ရောက်ပြီး ဓါတ်ပုံတွေ ရိုက်ကြတယ်။ ပြီးတော့ မြစ်ကမ်းဘေးကို နေပူပူမှာ လသာသလား မှတ်ရအောင် လမ်းလျှောက် ထွက်ကြတယ်။

မြစ်ကမ်းဘေးက ချစ်တီးရုပ်ကြီးရှိတဲ့ နေရာမှာ ဓါတ်ပုံတွေ ရိုက်ကြတာများ ချစ်တီးကိုတောင် အားနာတယ်။ ချစ်တီးခေါင်းကို ကိုင်ထားတဲ့သူနဲ့၊ ဘိုမကို ခါးဖက်ပြီး အာဝါးပေးတဲ့သူနဲ့ တရုတ်ကြီး ပေသီးခေါက်နေတာကို ပေသီးဝင်လုတဲ့သူနဲ့ ဗြောင်းဆန်နေအောင် ပဲပေးပြီး ဓါတ်ပုံရိုက်ကြတယ်။ ဟိုတယ်ကြီးရှေ့က ရေချိုးဆင်းမယ့် ကလေးရုပ်တွေလည်း မနေရပါဘူး။ ဘောင်းဘီချွတ်နေတဲ့ ကလေးရဲ့ ရွှေဥလေးကို လှမ်းနှိုက်တဲ့ ပုံစံနဲ့ ဓါတ်ပုံရိုက်ကြသေးတယ်။ မေဘဏ်ရှေ့က နွားလှည်းကြီးဆီ ရောက်တော့လည်း ရန်ကုန်မှာ မစီးခဲ့ရတဲ့နွား စင်္ကာပူရောက်မှ စီးရတာဆိုပြီး ခွစီးကြသေးတယ်။

မြစ်ကမ်းဘေးက အ၀လွန်နေတဲ့ စာကလေးရုပ်ရှေ့မှာလည်း အုပ်စုလိုက် ကိုးရိုးကားယား ပုံစံတွေလုပ် ဓါတ်ပုံတွေရိုက်ပြီး သောင်းကျန်းလိုက်သေးတယ်။ ပြီးတော့ မာလိုင်းယွန်းရုပ်တုဘက်ကို ချီတက်ခဲ့ကြတယ်။ အဲဒီအချိန် နေက ခေါင်းတည့်တည့် ရောက်နေပြီ။ ဓါတ်ပုံတွေသာ ရိုက်ရတာ မျက်လုံးတွေက မဖွင့်နိုင်ကြဘူး။ ဒီကြားထဲမှာ တခြားသူတွေက သူတို့အတွက် ဓါတ်ပုံရိုက်ပေးပါဆိုလို့ ကူညီပေးရသေးတယ်။ ဓါတ်ပုံတွေ ရိုက်ပြီးတော့ လူလည်း ချွေးထွက်လွန်းပြီး နှုန်းနေပြီ။ အဲဒါနဲ့ အနားက ကော်ဖီဆိုင်မှာ ကော်ဖီသောက်ပြီး နေအေးအောင် စောင့်ပြီး ထိုင်နေခဲ့လိုက်တယ်။ လူကသာ ထိုင်ခုံမှာထိုင်ပြီး ကော်ဖီ သောက်နေကြပေမယ့် မျက်လုံးတွေက စွဲဆောင်မှု ကောင်းတဲ့နေရာတွေမှာ အော်တိုဖိုးကပ် လုပ်နေကြတယ်။ သိတဲ့အတိုင်းလေ စကာင်္ပူက အီကွေတာနဲ့နီးပြီး နေပူလွန်းတော့ ကောင်မလေးတွေလည်း အတိုလေးတွေ အဟိုက်လေးတွေပဲ ၀တ်ကြတာကိုးဗျ။

ရန်ကုန်ကနေ ရောက်တာ မကြာသေးတော့ သူတို့အတွက် ဒါတွေက အသစ်အဆန်းပါပဲ။ အကြည့်လေးတွေ လျှော့ဖို့ တိုးတိုးတိတ်တိတ် သတိပေးရတယ်။ ၃၆၀ဒီဂရီ သမင်လည်ပြန်တွေ ဖြစ်ကုန်လို့ ထိန်းကြပါအုံးဟ ပြောနေရတယ်။ မင်းတို့မျက်လုံးတွေလည်း ပြုတ်ထွက်ကုန်မယ်နော် သားရည်တွေလည်း သုတ်ပါအုံးဆိုပြီး ကျိတ်မှာရသေးတယ်။ ဒီပုံစံအတိုင်း အောချက် ခေါ်သွားလို့ကတော့ အကျိုးတော့ နည်းရချည်ရဲ့ပေါ့။ အဲဒါနဲ့ မူစတာဘက်ကို အရင်ခေါ်သွားလိုက်တယ်။ မူစတာကုန်တိုက်ထဲမှာ အထပ်တိုင်းကို ပတ်လိုက်တာ ညနေ ၃ နာရီ ထိုးပါလေရော။ ပစ္စည်းအစုံကို အများကြီး တွေ့ရတော့ အိမ်ပြန်တဲ့အခါ ၀ယ်မယ် ဆိုတာကြီးပဲ။ ဗိုက်လည်း အတော်ဆာနေပြီ။ အဲဒီနားက ဒေလီစားသောက်ဆိုင်မှာပဲ နေ့လည်စာ အားပေးလိုက်တာ ပိုက်ဆံ ၅၀ ထွက်သွားရော။ ဗိုက်ပြည့်နေတဲ့ သူတို့ကို အောချက်ဘက် ခေါ်သွားပြီး လမ်းသလား ခိုင်းလိုက်တယ်။ အောချက်က ပြန်တော့ ၄ နာရီခွဲနေပြီ။ အဲဒါနဲ့ သူတို့ကို ကလီမန်တီးဘက် ပြန်ပို့ပေးပြီး ကျွန်တော်လည်း အိမ်ပြန်လာခဲ့လိုက်တယ်။

မနေ့က သူတို့နဲ့လမ်းခွဲပြီး အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ဓါတ်ပုံဆိုင်ဘက် တစ်ခေါက်ပြေးရသေးတယ်။ ချစ်သူလေးရဲ့ ဓါတ်ပုံလေးနဲ့ တခြားဓါတ်ပုံတွေ သွားထုတ်တာပါ။ ဓါတ်ပုံဆိုင်က ည ၇နာရီမှာ လာရွေးပါဆိုလို့ အိမ်ပြန်လာခဲ့ရတယ်။ မအယ်ကြီးနဲ့ ဂျီတော့ခ်မှာ တွေ့လို့ အာလူးဖုတ်လိုက်သေးတယ်။ ၇ နာရီထိုးတော့ ဓါတ်ပုံဆိုင် တစ်ခါပြန်ပြေးပြီး ဓါတ်ပုံ သွားရွေးတာပေါ့။ ညစာတောင် မစားရသေးဘူး။ အရေးထဲ ဆိုင်က ဓါတ်ပုံမှားပေးလို့ စိတ်ရှုပ်ခဲ့ရသေးတယ်ဗျာ။ ဘယ်ပုံနဲ့မှ မလဲနိုင်ဘူးဆိုတာ သူတို့ မသိကြဘူးလားကွယ်။ အိမ်ရောက်တာနဲ့ ချက်ချင်း မှန်ဘောင်သွင်းပြီး စားပွဲပေါ် တင်ထားလိုက်တယ်။ တနေကုန် ပင်ပန်းခဲ့သမျှ အမောပြေတာပဲနော်။

မနေ့က ညမှာတော့ စလုံးကြက်ခြေနီမှာ သိခဲ့တဲ့ သူငယ်ချင်းက တောကျီးကန်း သွေးလှူရှင်အဖွဲ့အတွက် လပ်တော့ပ်တစ်လုံး လာပို့တယ်။ သုံးပြီးသား အဟောင်းပေမယ့် ကောင်းနေဆဲပါ။ သွေးလှူရှင်စာရင်းတွေ၊ သွေးလှူဒါန်းမှုစာရင်းတွေ မှတ်ဖို့အတွက် သုံးပေးပါတဲ့။ သူ့ဆီမှာ ပိုနေပေမယ့် လိုနေတဲ့သူတွေအတွက် အသုံးဝင်မှာပါတဲ့လေ။ အိမ်အောက်ထပ်မှာ လာစောင့်ပေးပါဆိုလို့ ည ၁၀ နာရီမှာ အိမ်အောက်ဆင်းပြီး စောင့်နေလိုက်တယ်။ အဲဒါကို ရန်ကုန်ပို့ဖို့ စီစဉ်ရအုံးမယ်။ နောက်လမှာ ပြန်မယ့်သူ ရှိတယ်ဆိုတော့ လူကြုံ ယူသွားပေးရင် အဆင်ပြေလောက်ပါတယ်။ ပေါ့ပေါ့ပါးပါး ပစ္စည်းမျိုး မဟုတ်တဲ့အတွက် လူကြုံကိုလည်း အားနာမိတယ်။ လူရင်းတွေပဲ အကူအညီတောင်းလို့ ကောင်းမှာပါဗျာ။

မနေ့ကပေါ့...

Saturday, June 6, 2009

Match making

ငယ်ငယ်တုန်းက တက်ခဲ့တဲ့ အလယ်တန်းကျောင်းဘေးမှာ အစိုးရသစ်စက်ဝင်းကြီးရှိတယ်။ သစ်စက်ဝင်းရဲ့ အနောက်ထဲမှာ ၀န်ထမ်းတန်းလျားကြီး ရှိတယ်။ အဲဒီဝန်ထမ်းတန်းလျားမှာ ကျောင်းက သူငယ်ချင်းတွေ ရှိကြတော့ မကြာခဏ ရောက်ဖြစ်တယ်။ သစ်စက်ဝင်း ၀င်ပေါက်က လူတကာ ပေးမ၀င်ဘူး။ အဲဒီတော့ တန်းလျားထဲကို သွားချင်ရင် ရထားလမ်းဘေး လူသွားလမ်းကနေ သွားရတယ်။ ရထားလမ်းဆိုတဲ့အတိုင်း ကျူးကျော်တဲတွေ အများကြီး ရှိသလို ၀က်တွေလည်း ခြံခတ်ပြီး မွေးထားကြတယ်။

တစ်ရက်မှာ ကျွန်တော်လည်း သူငယ်ချင်းဆီ အသွား လမ်းတ၀က်မှာ ၀က်သိုးကြီးတစ်ကောင်ကို ဂါလီပေါ်မှာ တင်လာတာ တွေ့ရတယ်။ ဂါလီဆိုတာ ဆိုက်ကားလိုပဲ။ ဒါပေမယ့် လူစီးဖို့ မဟုတ်ဘူး။ ပစ္စည်းတင်ဖို့ပါ။ ၀က်ပိုင်ရှင်ကလည်း ဂါလီဘေးကနေ လိုက်လာတယ်။ ရထားလမ်းဘေးက လူသွားလမ်းလေးကို ဂါလီကြီး တွန်းဝင်လာတော့ လူတွေတောင် သွားရလာရ ခက်ကုန်တယ်။ ဂါလီပေါ်က ၀က်သိုးကလည်း ငြိမ်ငြိမ်မနေတော့ ဂါလီလည်း ယိမ်းထိုးနေတာပါပဲ။ ၀က်ခြံတစ်ခု အရှေ့ရောက်တော့ ဂါလီ ရပ်သွားတယ်။ အဲဒီခြံထဲမှာက ၀က်မတစ်ကောင် ရှိနေတယ်။ လူတွေက ၀က်သိုးကြီးကို မနိုင်မနင်းဝိုင်းပြီး မကြတယ်။ ပြီးတော့ ၀က်မခြံထဲ ထည့်လိုက်တယ်။ အဲဒီလို ၀က်မင်္ဂလာဆောင် လုပ်ပြီးတော့ ၀က်ကလေးတွေ မွေးလာရင် ၀က်သိုးပိုင်ရှင်လည်း အချိုးကျ ဝေစုရတယ် ဆိုပဲ။

ဟိုတလောက အမေရိကားမှာနေတဲ့ အစ်ကိုတစ်ယောက် ရန်ကုန်ပြန်ပြီး ဇနီးလောင်း ရှာတယ်။ ထုံးစံအတိုင်း နီးရာနီးရာ စပ်ကြဟပ်ကြပေါ့။ ညီဖြစ်တဲ့ ကျွန်တော့်ဆီကိုလည်း အကူအညီ လှမ်းတောင်းလို့ ၀ိုင်တီယူက သူငယ်ချင်းတစ်ယောက်ရဲ့ ညီမနဲ့တောင် ချိတ်ပေးလိုက်သေးတယ်။ ဓါတ်ပုံတွေ ကိုယ်ရေးအချက်အလက်တွေ တောင်း၊ ဟိုဘက်ရော ဒီဘက်ရော အီးမေးလ်တွေ ပို့ပေး၊ ကြားထဲက ငထွားခါးနာရပြီး အလုပ်တွေတောင် များကုန်တယ်။ အားလုံး အိုခေပြီ ဆိုတော့ ကိုယ်တော်က ရန်ကုန်ဆင်းပြီး လာကြည့်တယ်။ သူလည်း သဘောကျတယ်တဲ့။ ဒါပေမယ့် ဆင်ပြောင်ကြီး အမြီးကျမှ တစ်ပါလေရော။ အမေရိကားမှာနေတဲ့ သူ့အဖိုးက ကန့်ကွယ်တယ်တဲ့။ မိန်းခလေးက ခွေးနှစ်ဖွားဖြစ်လို့ မကြိုက်ဘူးတဲ့။ အဖိုးကြီးရဲ့ ချွေးမတစ်ယောက်လည်း ခွေးနှစ်ဖွားပဲ။ အဲဒီချွေးမက ရန်လိုပြီး ဟောင်ဖွာဖွာ လုပ်တတ်လို့ ခွေးနှစ်ဖွား မယူရဘူးဆိုပြီး ဖုန်းဆက် တားပါလေရော။ အဲဒါနဲ့ အဲဒီဇာတ်လမ်းလေး ပလုံသွားတယ်။

အဲဒီဇာတ်လမ်း ပလုံသွားတော့ နောက်ထပ် ဇာတ်လမ်းတစ်ခုကို အမျိုးတွေက စီစဉ်ပေးကြတယ်။ ရန်ကုန်က ဟိုတယ်ပိုင်ရှင်တစ်ယောက်ရဲ့ သမီးနဲ့ ချိတ်ပေးတယ်။ ဟိုတယ်ကို သွား၊ ညစာတွေ စား၊ စကားတွေ ပြော၊ အိုခေ စိုပြေလို့။ မိန်းခလေးကလည်း ချောပါတယ်။ ပညာတတ်လည်း ဖြစ်တယ်။ ထုံးစံအတိုင်း ဘုံကျောင်းမှာ စာသွားချတော့ အဲဒီတစ်ယောက်ကို ယူရင် မိသားစုထဲက အသက်ကြီးကြီး ခြေနှစ်ချောင်း ထွက်ပါမယ်ဆိုလို့ တပ်ခေါက်သွားရတယ်။ အသက် ၈၀ ကျော် သူ့အဖိုး သေမှာစိုးလို့ မယူရဲတော့ဘူးတဲ့။ ဒီမိန်းခလေးကို မယူပဲ တခြားတစ်ယောက်နဲ့ ယူလည်း အသက်ကြီးကြီး ခြေနှစ်ချောင်းက ထွက်ချိန်တန်ရင် ထွက်မှာပဲလေ။ ဘာတွေ အယူသီးနေကြလည်း မသိဘူး။

ကျွန်တော် ရန်ကုန်ကို ဖေဖော်ဝါရီလ ပြန်တုန်းက အိမ်မှာလည်း မာမားနဲ့ စကားစပ်မိရင်း ဓမ္မာသောက အင်းဝရာဇာအကြောင်း ငြင်းကြသေးတယ်။ အိမ်ထောင်ဘက် မဖြစ်ရဘူးဆိုတဲ့ မွေးရက်တွေ အကြောင်းပေါ့။ ကျွန်တော်က အယုံအကြည် မရှိကြောင်း အဆို တင်သွင်းတော့ မာမားက သိပ်သဘောကျပုံ မရဘူး။ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ဆိုပြီး ပြောနေသေးတယ်။ ကျွန်တော်လည်း ချက်ကျလက်ကျ ဖြေရှင်းချက် မထုတ်နိုင်သေးတော့ ဆက်ငြင်းမနေတော့ဘူး။ ရန်ကုန်မှာရှိတုန်းက လမ်းမတော်ဘက်ကို ရောက်သွားရင်း သရက်တောကျောင်းတိုက်ဘက် သွားလိုက်တယ်။ အဲဒီကျောင်းတွေမှာ ဒေါက်တာဘွဲ့ရ ဆရာတော်တစ်ပါး သီတင်းသုံးနေပါတယ်။ ဆရာတော်က အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှာ ပါမောက္ခ၊ ဌာနမှူးပါ။ အဲဒီတက္ကသိုလ်က မရမ်းကုန်း စွယ်တော်ဘုရားနားမှာ ရှိပါတယ်။

ဆရာတော်ကို ဦးချကန့်တော့ပြီး စိတ်ထဲမှာ ကျလိကျလိ ဖြစ်နေတဲ့ ဓမ္မာသောက အင်းဝရာဇာ အကြောင်းကို မေးလျှောက်လိုက်တယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ အိမ်ထောင်ဘက်ကို ဘယ်လို ရွေးရမလဲပေါ့။ ဆရာတော်က မိန့်တော်မူတယ်။ အိမ်ထောင်ဘက် ပါရမီဖြည့်ဘက်ဆိုတာ အတော်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဓမ္မာသောက အင်းဝရာဇာ ဆိုတာ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ မပါပါဘူးတဲ့။ ပါရမီဖြည့်ဘက်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောတော်မူခဲ့တာက... သမ္မာသတ္တ၊ သမ္မာစိတ္တ၊ သမ္မာသီလ ဆိုပြီး အကြောင်းအရာ ၃ မျိုးနဲ့ ပြည့်စုံရမယ်တဲ့။

သမ္မာသတ္တ = တူညီသော ယုံကြည်မှု ရှိရမယ်...
သမ္မာစိတ္တ = တူညီသော စိတ်နှလုံး ရှိရမယ်...
သမ္မာသီလ = တူညီသော အကျင့်ဖြူစင်မှု ရှိရမယ်... အဲဒီ ၃ မျိုး တူညီပြည့်စုံရင် ပါရမီဖြည့်ဘက် ဖြစ်ပြီတဲ့။

လောကမှာ လင်မယား ၄ မျိုးရှိတယ်ဆိုတာကိုလည်း ဆရာတော်က ဟောသေးတယ်။
နတ်သားနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
လူသေနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
လူသေနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
နတ်သားနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
နတ်သားနဲ့ တူသော လင်ဆိုတာ လင့်ဝတ္တရားတွေ ကျေပွန်ပြီး မယားအပေါ်မှာ စောင့်ရှောက် ဖေးမ ကြင်နာတဲ့ ယောကျာ်းကို ဆိုလိုတာပါ။ နတ်သမီးနဲ့တူသော မယားဆိုတာ မယားဝတ္တရားတွေ ကျေပွန်ပြီး ခင်ပွန်းအပေါ်မှာ ချစ်ခင် ကြင်နာ ဖြည့်ဆည်းပေးတဲ့ မိန်းမကို ဆိုလိုတာပါ။ လူသေဆိုတာကတော့ လူသေကောင်လိုပဲ ချစ်ခင် ကြင်နာမှုတွေ မရှိ၊ ဘာတစ်ခုမှ မလုပ်ချင် မကိုင်ချင်၊ အပျင်းတွေ တစ်ပြီး ၀တ္တရားတွေ လစ်ဟင်းနေတာမျိုးပါ။ ဒါကြောင့် လူသေလင်မယားမျိုး မဖြစ်စေပဲ နတ်သားနတ်သမီး လင်မယားမျိုးဖြစ်အောင် ကျင့်ကြံနေထိုင် အားထုတ်ရင်လည်း အိမ်ထောင်ဘက်ကောင်းတွေ ဖြစ်ကြမှာပါပဲတဲ့။

ဆရာတော် ဟောပြလိုက်တော့လည်း အိမ်ထောင်ဘက်ရွေးတဲ့ကိစ္စ ရှင်းသွားတာပဲ။ မှုန်ဝါးဝါး မြင်ကွင်းတွေ ကြည်လင်သွားတယ်။ မာတာမိခင်ကို ပြေလည်ချေပ လမ်းပြဖို့ စကားအနှစ်တွေ ရလိုက်တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီဓမ္မာသောက အင်းဝရာဇာ အယူက ကျွန်တော့်ဘ၀မှာ သပွတ်အူလို လာရှုပ်နေနိုင်တယ်။ နေ့မတည့် နံမတည့်ဆိုတာကြီးကြောင့် ချစ်ရဲ့နဲ့ဝေးခဲ့ရတဲ့ ချစ်သူတွေ ဘယ်လောက်များ ရှိကုန်ပြီလဲ။ တချို့အယူအဆတွေဟာ သေသေချာချာ ဂဃနဏ မသိပဲ လေသံကြား ဖမ်းတရားနာနေကြတာပါ။ အဲဒီတော့ ဘေးထွက်ဆိုးကျိုးတွေကို ခံရတာပေါ့။ ကျွန်တော့်အလှည့်မှာတော့ အဲဒါကြောင့် ဝေးရတယ် ဆိုတာမျိုး လုံးဝ အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် အခုကတည်းက သေချာရှင်းလင်းအောင် မေးမြန်းထားတာပေါ့ကွယ်။

လောလောဆယ်တော့ အမေရိကားက အစ်ကို မြန်မာပြည်ပြန်ပြီး မိန်းမရှာနေရတာကို မြင်တော့ ကျွန်တော့် မျက်စိထဲမှာ ၀က်သိုးကြီးကို ပိုတော်တယ်လို့ မြင်မိလာတယ်။ အစ်ကိုခင်မျာ... ၀က်ပျိုမတွေ ရှိတဲ့ခြံတွေကို ဂါလီကြီးစီးပြီး သွားနေရပေမယ့် ရည်မှန်းချက် မရောက်ရှာဘူး။ ငယ်ငယ်တုန်းက မြင်ခဲ့တဲ့ ၀က်သိုးကြီးနဲ့ ယှဉ်လိုက်ရင် သူက ညံ့နေသလားပဲဗျာ။ အဖြေက ရှင်းရှင်းလေးပါ။ ၀က်တွေက အယူမသီးဘူးလေ။

Thursday, June 4, 2009

We are already old

၁၉၈၉ တိန့်ရင်မင်ရင်ပြင် ဆန္ဒပြပွဲကြီး တဖြေးဖြေး ကြီးထွားလာတာကို ကြောက်လန့်နေတဲ့ တရုတ်အစိုးရက မာရှယ်လောထုတ်ဖို့အတွက် ၁၉၈၉ မေလ ၁၈ ရက်နေ့မှာ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ မဲခွဲကြပါတယ်။ မဲခွဲတဲ့နေရာက တိန့်ရှောင်ဖိန်ရဲ့ အိမ်မှာပါ။ အဲဒီအခါမှာ သဘောထားပျော့ပျောင်းတဲ့ တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ ကျောက်ကျိယန် တစ်ယောက်တည်း ကန့်ကွက်တဲ့ဘက်ကနေ ရပ်တည်ခဲ့ပါတယ်။ ကျောက်ကျိယန်က အကြမ်းမဖက်တဲ့ တွေ့ဆုံညှိနှိုင်းတဲ့ နည်းလမ်းတွေကိုပဲ သုံးစေချင်ခဲ့တယ်။ သူ့အောက် ရာထူးငယ်တဲ့ တရုတ်ဝန်ကြီးချုပ် လီဖုန်းကတော့ အကြမ်းဖက် ဖြိုခွဲချင်နေတယ်။

၁၉၈၉ မေလ ၁၉ ရက်နေ့ မနက် ၅ နာရီမှာ ကျောက်ကျိယန်က တိန့်ရင်မင်ရင်ပြင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး အစာငတ်ခံ ဆန္ဒပြတာ ရပ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒါကို တရုတ်ရုပ်မြင်သံကြားကနေ တစ်နိုင်ငံလုံးကို လွှင့်ထုတ်ပေးခဲ့ပါတယ်။ တိန့်ရင်မင်မှာ သူပြောခဲ့တဲ့ စကားတွေက အခုချိန်မှာတော့ ထင်ရှားတဲ့ သမိုင်းဝင်စကားတွေ ဖြစ်သွားပါတယ်။

"Students, we came too late. We are sorry. You talk about us, criticize us, it is all necessary. The reason that I came here is not to ask you to forgive us. All I want to say is that students are getting very weak, it is the 7th day since you went on hunger strike, you can't continue like this. As the time goes on, it will damage your body in an unrepairable way, it could be very dangerous to your life. Now the most important thing is to end this strike. I know, your hunger strike is to hope that the Party and the government will give you a satisfying answer. I feel that our communication is open. Some of the problem can only be solved by certain procedures. For example, you have mentioned about the nature of the incident, the question of responsibility, I feel that those problems can be resolved eventually, we can reach a mutual agreement in the end. However, you should also know that the situation is very complicated, it is going to be a long process. You can't continue the hunger strike for the 7th day, and still insist for a satisfying answer before ending the hunger strike.

You are still young, there are still many days yet to come, you must live healthy, and see the day when China accomplishes the four modernizations. You are not like us, we are already old, it doesn't matter to us any more. It is not easy that this nation and your parents support you to study in colleges. Now you are all about early 20's, and want to sacrifice lives so easily, students, can't you think logically? Now the situation is very serious, you all know, the Party and the nation is very antsy, the whole society is very worried. Besides, Beijing is the capital, the situation is getting worse and worse from everywhere, this can not be continued. Students all have good will, and are for the good of our nation, but if this situation continues, loses control, it will cause serious consequences at many places.

In conclusion, I have only one wish. If you stop hunger strike, the government won't close the door for dialogue, never! The questions that you have raised, we can continue to discuss. Although it is a little slow, but we are reaching some agreement on some problems. Today I just want to see the students, and express our feelings. Hopefully students will think about this question calmly. This thing can not be sorted out clearly under illogical situations. You all have that strength, you are young after all. We were also young before, we protested, lied our bodies on the rail tracks, we never thought about what will happen in the future at that time. Finally, I beg the students once again, think about the future calmly. There are many things that can be solved. I hope that you will all end the hunger strike soon, thank you."

အဲဒါလိုစကားမျိုး လူမြင်ကွင်းမှာ နောက်ဆုံးအကြိမ်အဖြစ် ပြောခဲ့ရမယ်ဆိုတာ ကျောက်ကျိယန် ကိုယ်တိုင် သိပါမလားပဲ။ တိန်ရင်မင်ရင်ပြင်ကို ကျောက်ကျိယန် လာသွားပြီးတဲ့နောက် ၀န်ကြီးချုပ်လီဖုန်းက မာရှယ်လော ထုတ်ခဲ့ပါတယ်။ ၁၉၈၉ ဇွန်လ ၄ ရက်နေ့ တိန့်ရင်မင်ရင်ပြင်မှာ သွေးချင်းချင်းနီခဲ့ရတယ်။ ကျောင်းသား အရေးတော်ပုံကြီးကို ရက်ရက်စက်စက် ဖြိုခွဲခဲ့တယ်။ တင့်ကားတွေနဲ့ တက်ကျိတ်ခဲ့တယ်။ သေဆုံးသူပေါင်း ၂၆၀၀ ရှိတယ်လို့ တရုတ်ကြက်ခြေနီက တရားဝင် ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒီပြောကြားချက်ကို ရုပ်သိမ်းခဲ့ပါတယ်။ ဘာမေးမေး မသိဘူး မရှိဘူးပဲ လုပ်နေခဲ့ပါတော့တယ်။ နီးရာဓါးကို ကြောက်ကြရတာ ထုံးစံပါပဲ။

အဲဒီအရေးအခင်းကြီးအပြီးမှာ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူးချုပ် ကျောက်ကျိယန်ကို ရာထူးကနေ အနားပေးပြီး နေအိမ်အကျယ်ချုပ် ချလိုက်ပါတယ်။ သူ့နေရာမှာ ကျန်ဇီမင်းကို ခန့်အပ်ခဲ့ပါတယ်။ သူနေတဲ့ အိမ်ခြံဝင်းထဲကနေ အပြင်ကို ပါတီခေါင်းဆောင်ကြီးတွေရဲ့ ခွင့်ပြုမိန့်မရပဲ ထွက်ခွင့်မရတာ၊ ဧည့်သည်တွေကို လက်ခံတွေ့ဆုံခွင့်မရတာ သေသွားတဲ့ ၂၀၀၄ ဖေဖော်ဝါရီလအထိပါပဲ။ ကွန်မြူနစ်ပါတီရဲ့ ခုနစ်ယောက်မြောက် အတွင်းရေးမှူးချုပ်၊ တတိယမြောက် နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သူ့ရဲ ဈာပနအခမ်းအနားလည်း လူမသိ သူမသိ ကျင်းပလိုက်ပါတယ်။

We are already old, it doesn't matter to us any more... ဆိုတာ ထင်ရှားကျော်ကြားတဲ့ စကားတစ်ခွန်းအဖြစ် မော်ကွန်းတင် ကျန်ခဲ့ပါတယ်။ သူ့ရဲ့စေတနာတွေကို သူပြောတဲ့ စကားတွေထဲမှာ မြင်နိုင်ပါတယ်။ သြော်... တိုင်းပြည်နဲ့လူထုအပေါ်မှာ စေတနာထားကြတဲ့ ခေါင်းဆောင်တွေ ကံမကောင်းတာ ထုံးစံတစ်ခုလို ဖြစ်နေသလားဆိုတာ စဉ်းစားစရာပါပဲဗျာ။

Wednesday, June 3, 2009

High voltage warning!


Credit: The Voice

ကျေးဇူးတင်လိုက်တာဗျာ။ ကျွန်တော်တို့ ရန်ကုန်သားတွေ ပျော်လိုက်ကြမယ်ဖြစ်ခြင်း။ ကြည့်စမ်းပါအုံး... ဇူလိုင်လ ရောက်ရင် ၂၄ နာရီ မီးလာတော့မယ်တဲ့ဗျာ။ မီးကို ၂၄ နာရီ ရမယ်ဆိုတာ နည်းတဲ့ကုသိုလ်လား။ ရှေးဘ၀ဘုန်းကံနည်းခဲ့ပေလို့ ရပ်ကွက်အလိုက် ကိုယ်ရောင်ကိုယ်ဝါ မှောင်ခဲ့ပေမယ့် ရှေ့အရင်လတွေမှာ ဆီမီးအလင်းတိုင် ထွန်းညှိလှူခဲ့တဲ့ အကျိုးတွေကို ချက်ချင်းလက်ငင်း ဘ၀မကူးခင် စံစားရတော့မယ်။

အရင်နှစ်တွေကလည်း ဇူလိုင်လဆို မီးတွေ ပုံမှန်ပြန်မှန်ပေးလေ့ ရှိတယ်ဆိုပဲ။ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတာ။ ဇူလိုင်လကို အဲဒီလောက်ထိ ဂုဏ်ပြုထားမှန်း ကျွန်တော် သတိမထားမိဘူး။ ဇူလိုင်မှာ မွေးတဲ့ ကျွန်တော်တောင် ခြေဖျားတွေ ကြမ်းနဲ့မထိပဲ လွှတ်နေသလိုလိုပဲ။ လမ်းလျှောက်ရင်လည်း လူက မြောက်ကြွ မြောက်ကြွနဲ့။ မနေ့ကမှပဲ ဂျာနယ်လေး ဖတ်မိပြီး အသိတစ်ခု တိုးသွားတာဗျ။ သြော်... ဇူလိုင်လဆိုတာ ၂၄ နာရီ လျှပ်စစ်မီး ပုံမှန်စရစေတဲ့လကိုး။ အခုတော့ ကျွန်တော် သိပြီ။

အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်က လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကနေ ၁၄၄၁ မဂ္ဂါဝပ် ထုတ်ပေးနေသလို အမှတ်(၂) လျှပ်စစ်စွမ်းအးဝန်ကြီးဌာန လက်အောက်က လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကနေ ၇၂၃.၆၂ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေတာ နိုင်ငံပိုင်သတင်းစာထဲမှာ ရေးထားတယ်ဆိုပဲ။ ဖတ်မိသလိုလို ရှိပေမယ့် အဲဒီလောက်ထိ သေချာ မမှတ်ထားခဲ့မိဘူးဗျာ။ နောင်တတောင် ရမိတယ်။ ဒီလောက် လျှပ်စစ်ဓါတ်အားတွေ ထုတ်ပေးနေမှန်း အခုမှ သိရတာပါ။

ဒါတောင် ရွှေလီ(၁)စီမံကိန်းမှာ စက်တစ်လုံး ထပ်တပ်ပြီးရင် မဂ္ဂါဝပ် ၁၀၀ ထပ်တိုးလာအုံးမယ် ဆိုပဲဗျ။ ၂၀၁၀ ကိုရောက်ရင် ရဲရွာစီမံကိန်းက မဂ္ဂါဝပ် ၇၉၀၊ ကွန်ချောင်းစီမံကိန်းက မဂ္ဂါဝပ် ၆၀၊ ဖြူးချောင်းစီမံကိန်းက မဂ္ဂါဝပ် ၄၀နဲ့ ရွှေကျင်စီမံကိန်းက ၇၅ မဂ္ဂါဝပ် ထပ်ထုတ်နိုင်မယ်ဆိုပဲ။ အဲဒီအတိုင်းသာ တကယ် ထုတ်နိုင်ရင် ၂၀၁၀ မှာ ၁၀၆၅ မဂ္ဂါဝပ် ထပ်တိုးလာမှာပေါ့။ အဲဒါကိုလည်း နိုင်ငံပိုင် သတင်းစာတွေထဲမှာ ရေးထားတယ်တဲ့ဗျာ။ ၂၀၁၀ ဆီကို မြန်မြန် ရောက်ချင်စိတ် ပေါက်သွားတယ်။ နဂိုကတည်းကလည်း ၂၀၁၀ ကို မြန်မြန် ရောက်ချင်နေတာ။ အခုလို မီးတွေမှန်မယ်ဆိုတော့ ၂၀၁၀ကို ရောက်ချင်စိတ်တွေ ဆည်ကျိုးသလို တားမရ ဆီးမရ ဒလဟောကို ဖြစ်သွားပါလေရောကွယ်။

ပိုင်ဆိုင်မှုတစ်ခုကို ဆုံးရှုံးမှ သိရသလို မီးပြန်လာလို့ ပျော်တဲ့ ခံစားမှုကို မီးပျက်ဖူးမှ သိရတာပါ။ ညဘက် မီးပျက်တဲ့အချိန် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်၊ ပဲခြမ်းသုတ်လေး စားလိုက် လက်ဖက်ရည်လေး သောက်လိုက်၊ ဖြတ်သွားဖြတ်လာ အပျိုအအို အရွယ်ပေါင်းစုံကို ငေး၊ တစ်နေ့လုံးမှာ ထိုင်ဆော့ခဲ့သမျှ ဂိမ်းတွေအကြောင်း စမြုံပြန်၊ ပေါက်တက်ကရ ဟာသတွေ ပြော၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချောက်ချ၊ ပျော်ဖို့ ကောင်းတာများ မီးပျက်နေတာတောင် မေ့သွားတယ်။ စပါယ်ရှယ် အလှမီးသီးမျိုးစုံ တပ်ထားတဲ့ စက်ဘီးတွေနဲ့ မီးပျက်တဲ့ ညအမှောင်ထဲမှာ အကြွားပိုခဲ့ရတာလည်း အရသာတစ်ခုပဲ။ ဒီမှာတော့ မီးတွေ ၂၄ နာရီ ပုံမှန် လာနေတော့ အရင်လို မီးပျက်နေတဲ့ဘ၀လေးကို လွမ်းမိသား။ မီးမှောင်မှောင်မှာ ငေးကြောင်ကြောင်လေး ဖြစ်ခဲ့ရတာ သတိရမိသား။

သြော်... ဘာလိုလိုနဲ့ မြန်မာနိုင်ငံသားတွေ ၂၄ နာရီ ပုံမှန် မီးလင်းလင်းထင်းထင်း နေရတော့မယ့်ဘ၀တွေ မကြာမီ လာမည်... မျှော်.... မျှော်.... မျှော်....

သတိ... ဓါတ်လိုက်တတ်သည်။

Tuesday, June 2, 2009

The Olympians

နတ်ဆိုတာ လူနဲ့မတူတဲ့ ၃၁ ဘုံသားပေါ့။ ကမ္ဘာပေါ်က နေရာတိုင်း လူမျိုးတိုင်းမှာ နတ်တွေကို အရောင်အသွေး စုံစုံလင်လင်နဲ့ တွေ့ရစမြဲပါ။ မြန်မာနတ်တွေမှာလည်း အတွင်း ၃၇ မင်း အပြင် ၃၇ မင်း စုံနေတာပါပဲ။ အီဂျစ်မှာလည်း နတ်ဘုရားတွေ ပလုံစိနေတာပဲ။ တရုတ်မှာလည်း နတ်တွေ မနည်းမနောပဲ။ ခက်တာက တရုတ်နတ်တွေ အကြောင်း သိပ်မသိသေးဘူး။ တရုတ်စာ မဖတ်တတ်တာကြောင့်ပေါ့။

နတ်တွေထဲမှာ ဂရိနတ်တွေကို စိတ်ဝင်တစား ရှိမိတယ်။ ကွန်ပျူတာဂိမ်းတွေ ဆော့ရင်း သူတို့အကြောင်းကို သိချင်လာခဲ့တယ်။ တိုက်တန်၊ အိုလံပီယံဆိုပြီး ဂရိနတ်တွေက အုပ်စုလိုက်လေး ရှိကြတယ်။ အဲဒီ အုပ်စုထဲမှာ အိုလံပီယံလို့ခေါ်တဲ့ နတ်အုပ်စုကို စိတ်ဝင်တစား ရှိခဲ့တာပါ။ အိုလံပီယံလို့ ခေါ်တာ Mount Olympus အိုလံပတ်တောင်ထိပ်မှာ နေတဲ့ နတ်တွေမို့လို့ အဲဒီလိုခေါ်တာ ဆိုပဲ။ ပုပ္ပါးတောင်ထိပ်မှာ နေခဲ့ရင် ပုပ္ပါးယံ ဆိုပြီး ခေါ်ချင်ခေါ်ကြမှာ။ အိုလံပီယံမှာ Top Ten စာရင်း မရှိပဲ Top Twelve စာရင်း ဖြစ်နေတယ်။

အိုလံပီယံ နတ်စာရင်းမှာ ထိပ်ဆုံး ၁၂ ပါးကတော့...

Zeus
သူကတော့ ဂိုဏ်းချုပ်မှုးကြီးပါပဲ။ နတ်တွေထဲမှာ ပါဝါ အကြီးဆုံးပေါ့။ ကောင်းကင်ဘုံကို စိုးမိုးထားတယ်။ မြေကမ္ဘာကိုလည်း အုပ်ချုပ်ပါတယ်။ တရားဥပဒေနဲ့ အမိန့်အာဏာပိုင်းကို ကြီးစိုးပါတယ်။ လက်ထဲမှာလည်း မိုးကြိုးကြီး ကိုင်ထားသေးတယ်။ ပစ်ချလိုက်ရမလား ဆိုတာ သူ စ အော်ခဲ့တာ ထင်တယ်။ မိန်းမတွေလည်း အများကြီးပါပဲ။ အချစ်ရေးတွေလည်း သပွတ်အူလို ရှုပ်ပါတယ်။ သားတွေ သမီးတွေလည်း အများကြီးပါပဲ။ အဲဒီအထဲမှာ ဟာကြူလီကို အချစ်ဆုံးလို့ ဆိုကြပါတယ်။

Poseidon
သူကတော့ ပင်လယ်ပြင်ကို အုပ်ချုပ်ပါတယ်။ သူက Zeusရဲ့ ညီပါ။ မြင်းတွေနဲ့လည်း သက်ဆိုင်သေးတယ်။ သူ မြင်းစီးနေလို့ ပင်လယ်ပြင်မှာ လှိုင်းထန်စေသလားပဲ။ မြေငလျှင်တွေလည်း သူ့လက်ချက်ပါ။ မြင်းမစီးဖို့ မှာထားရမယ် ထင်တယ်။ လက်ထဲမှာတော့ သုံးခွခရင်းကြီး ကိုင်ထားလေ့ရှိတယ်။ အိုလံပီယံ စာရင်းဝင် နတ်ဖြစ်ပေမယ့် ပင်လယ်ထဲမှာပဲ ပျော်နေလေ့ရှိပါတယ်။ အိုလံပစ်ပွဲမှာ ရေကူးချန်ပီယံ ဖြစ်လောက်တယ်။

Hermes
သူက ခြေမြန်တော်နတ်ပါ။ သူ့ဦးထုပ်နဲ့ဖိနပ်မှာ အတောင်ပံလေးပါတယ်။ လက်ထဲမှာလည်း ကျိုင်းတံလေး ကိုင်ထားတယ်။ သူက Zeus နတ်မင်းကြီးရဲ့ သားတော်တစ်ပါးဖြစ်ပြီး စီးပွါးရေးကို ကူညီစောင့်ရှောက်တဲ့ နတ်လို့လဲ ယုံကြည်ကြတယ်။ ဒါကြောင့် ကုန်သည်တွေ စီးပွါးရေးသမားတွေ သူ့ကို ကိုးကွယ်ကြပါတယ်။ သူက သေသွားတဲ့သူတွေကို ၀ိဥာည်လောကဆီ လမ်းပြပို့ဆောင်ပေးသေးတယ်။

Hera
သူမက နတ်မိဖုရားခေါင်ကြီးပေါ့။ Zeusရဲ့ မိန်းမပါ။ သူတို့က မောင်နှမချင်း ပြန်ယူထားတာပါ။ နတ်တွေထဲမှာ အချောဆုံး အလှဆုံးလို့လဲ ပြောကြပါတယ်။ မှော်အတတ်ပညာကို ကျွမ်းတယ်လို့ ဆိုပါသေးတယ်။ သူမလက်ထဲမှာ ဒေါင်းတောင်လေး ကိုင်ထားလေ့ရှိပြီး အိမ်ထောင်ရေးနဲ့ အဓိကသက်ဆိုင်တဲ့ နတ်တစ်ပါးပေါ့။ ဒါပေမယ့် အိမ်ထောင်ရေးမှာတော့ သူမ ကိုယ်တိုင်လည်း ကံမကောင်းရှာပါဘူး။

Hephaestus
ဂရိနတ်တွေထဲမှာ ခြေထောက် ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ နတ်က သူပေါ့။ သူက မီးကို စောင့်ရှောက်တဲ့ နတ်ပါ။ ပန်းတိမ်တွေ၊ ပန်းပဲတွေနဲ့ အဓိက သက်ဆိုင်ပါတယ်။ Zeusရဲ့ အမိန့်အရ ပန်ဒိုရာကို ဖန်တီးခဲ့တာ သူပေါ့ကွယ်။ မည်းနက်နေတဲ့ သူ့ဆံပင်တွေက ရောခ့်ကာတွေလို အရှည်ကြီးပါပဲ။ လက်ထဲမှာ မီးတုတ်ကြီး ကိုင်ထားလေ့ရှိတယ်။ သူလည်း Zeus နတ်မင်းကြီးရဲ့ သားတော်တစ်ပါးပဲ။ သူက ခြေမသန် ရုပ်မချောပေမယ့် လှလွန်းပါတယ်ဆိုတဲ့ အချစ်နတ်ဘုရားမ Aphroditeနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။

Demeter
သူမက စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ နတ်တစ်ပါးပါ။ စိုက်ပျိုးမြေတွေမှာ မြေဆီသြဇာ ကောင်းအောင် လုပ်ပေးပါတယ်။ ပြီးတော့ သူမက Zeusရဲ့ ညီမပါ။ လက်ထဲမှာ ကောက်ပဲသီးနှံတွေ အပြည့်ထည့်ထားတဲ့ ဦးချိုကြီးတစ်ခုကို ကိုင်ထားလေ့ရှိပါတယ်။ ရည်းစားထားဖူးပေမယ့် အိမ်ထောင်မရှိတဲ့ အပျိုကြီးနတ်ပါ။ ဒါပေမယ့် ကလေးတော့ ရှိပါတယ်။ ထူးဆန်းပါဘိကွယ်။ ၀ိဥာည်လောကကို အုပ်ချုပ်နေတဲ့ Hades က သူမရဲ့သမီး Persephoneကို ခိုးပြေးသွားသေးတယ်။

Dionysus
သူ့ကို အရက်သမားနတ်လို့ပဲ ခေါ်ရမလားပဲ။ သူက စပျစ်ပင်တွေနဲ့ ၀ိုင်တွေကို ပိုင်စိုးတယ်။ လက်ထဲမှာ အရွက်ခွက်ကို ကိုင်ထားလေ့ရှိတယ်။ သူလည်း Zeus နတ်မင်းကြီးရဲ့ သားတော်တစ်ပါးပဲ။ သူ့မှာ အနုပညာ ဗီဇလည်း ရှိတယ်။ သူက လူသားတွေကို ပျော်ရွှင်မှုတွေ ပေးစွမ်းစေတယ်တဲ့။ ပြီးတော့ လူသေတွေကို ၀ိဥာည်လောကကနေ ပြန်ခေါ်ယူနိုင်စွမ်းရှိတဲ့ နတ်တွေထဲမှာ သူလည်းပါတယ်။ ဒါကြောင့် လူဝင်စားတွေ ရှိလာတာ သူ လုပ်ပေးလို့ဆိုပဲ။

Ares
ပဋိပက္ခတွေကို ဖန်တီးတတ်တဲ့ နတ်ပါ။ သူ့လက်ထဲမှာ သွေးစိုနေတဲ့ လှံကြီးကိုင်ထားပါတယ်။ လင်းတတွေ၊ ခွေးတွေလည်း မွေးထားပါတယ်။ စစ်ပွဲတွေကို ကြီးစိုးပါတယ်။ စစ်တိုက်ချင်တဲ့ နတ်ပေါ့။ ရုပ်ရည် ချောမောပြီး ရက်စက်တဲ့ပုံစံရှိပါတယ်။ သူရဲ့ပလ္လင်မှာ လူ့ဦးခေါင်းခွံတွေ အပြည့်ပဲလို့ ဆိုထားပါတယ်။ သူလည်း Zeus နတ်မင်းကြီးရဲ့ သားတော်တစ်ပါးပဲ။ သူ့မှာ အိမ်ထောင်ဘက် မရှိပါဘူး။ စစ်ပွဲကိုပဲ ချစ်သူလို ချစ်တယ်တဲ့။ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာလို့ပဲ မှတ်နေခဲ့လား မသိပါဘူး။ ဒါပေမယ့် အချစ်နတ်ဘုရားမ Aphroditeနဲ့ ဇာတ်တွေ ရှုပ်ထားဖူးတယ်။ အဲဒါကို နေနတ်သားက ဖော်လိုက်လို့ သူတို့တွေ အရှက်ကွဲရပါလေရော။

Athena
သူမကို လှံနဲ့ ဒိုင်းကို ကိုင်ထားတဲ့ ပုံစံမျိုး တွေ့ရလေ့ရှိပါတယ်။ ဇီးကွက်လေးလည်း မွေးထားသေးတယ်။ ဥာဏ်ပညာတွေကို ကြီးစိုးပါတယ်။ စစ်ပွဲတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် သူမဟာ တိုက်စစ်ထက် ခံစစ်မှာ ပိုပြီး ထူးချွန်ပါတယ်။ ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့ နေရာမှာလည်း တော်ပါတယ်။ Zeus နတ်မင်းကြီးရဲ့ နဖူးကနေ မွေးဖွားလာတဲ့ သမီးတော်တစ်ပါးပဲ။ လှံနဲ့ဒိုင်းကို လက်မှာကိုင်ပြီး နဖူးကနေ ထွက်လာခဲ့တာပါ။ ဂရိတွေအတွက် သံလွင်ပင်တွေ ဖန်တီးပေးခဲ့တယ်။

Apollo
ရထားပျံကြီး စီးပြီး ကောင်းကင်အနှံ့ ခြေဆန့်နေတဲ့ နေနတ်သားပါ။ ဂီတကို ကြီးစိုးတဲ့ နတ်တစ်ပါးလည်း ဖြစ်ပါတယ်။ အနာရောဂါတွေကို ပျောက်ကင်းစေတဲ့ အစွမ်းလည်း ရှိပါတယ်။ လူတွေ ရုတ်တရက် သေသွားရင် သူ့လက်ချက်လို့ ယုံကြည်ကြတယ်။ သူ လက်ဆော့ပြီး ပစ်လိုက်တဲ့ မြားမှန်ပြီး သေတာတဲ့။ သူလည်း Zeus နတ်မင်းကြီးရဲ့ သားတော်တစ်ပါးပဲ။ အမွှာအစ်မဖြစ်တဲ့ လနတ်သမီး Artemisနဲ့အတူ မွေးလာတာပါ။ တူရိယာတွေကို မဖန်တီးပေမယ့် ဂီတသံစဉ်တွေကို ထူးထူးချွန်ချွန် ဖန်တီးခဲ့ပါတယ်။ နတ်ချောလေးလို့လဲ ဆိုကြပါတယ်။ အဖေ့ခြေရာ နင်းသူပီပီ ရည်းစားတွေ အများကြီးရှိပေမယ့် အိမ်ထောင်မပြုပါဘူးတဲ့။

Artemis
ဂရိနတ်တွေထဲမှာ ရှားမှရှားတဲ့ အပျိုစင်နတ်သမီးလေးပါ။ တောထဲမှာပဲနေပြီး ပြေးရလွှားရ လွယ်အောင် စကပ်အတိုလေးပဲ ၀တ်ထားလေ့ရှိတယ်။ အမဲလိုက်တာ ၀ါသနာပါတယ်။ အဲဒါကြောင့် အမဲလိုက်ခွေးတွေ ၀က်ဝံတွေ မွေးထားပြီး လေးနဲ့မြားကို ကိုင်ထားလေ့ရှိတယ်။ လနတ်သမီးလည်းဖြစ်တော့ လေးကိုင်းမှာ လခြမ်းပုံလေး တပ်ထားလေ့ရှိတယ်။ Zeus နတ်မင်းကြီးရဲ့ သမီးတော်တစ်ပါးပဲ။ Apolloနဲ့ အမွှာဖြစ်ပေမယ့် သူမက အရင်မွေးတာပါ။ မွေးပြီးပြီးချင်း အမွှာဖြစ်တဲ့ Apollo မွေးလို့ရအောင် အမေ့ကို ၀ိုင်းကူပေးပြီး လက်သည်လုပ်ခဲ့တယ်လို့လည်း ဆိုကြပါသေးတယ်။ ဒါကြောင့် မီးနေသည်တွေ မီးဖွားတဲ့အခါမှာ သူမကို တိုင်တည်ကြပါတယ်။ လက်သည်နတ်သမီးပေါ့။ အပျိုစင်နတ်သမီးပီပီ ယောကျာ်းတွေကို မကြိုက်ပါဘူးတဲ့။

Aphrodite
အချစ်နတ်ဘုရားမလေးလို့ တင်စားခံရတဲ့ နတ်ပေါ့။ ကျက်သရေရှိပြီး အတော်လှတယ်လို့ ပြောကြတယ်။ Zeus နတ်မင်းကြီးရဲ့ သမီးတော်တစ်ပါးပဲ။ ပင်လယ်ထဲက ရေမှုန်ရေပန်းတွေကနေ ထွက်လာတယ်လို့ ဆိုကြပါတယ်။ ခြေမသန်တဲ့ ပန်းပဲနတ် Hephaestusရဲ့ တရားဝင် ဇနီးချောပါ။ သူတို့ လင်မယားကနေ မြားနတ်မောင်လေး မွေးလာပါတယ်။ ဒါပေမယ့် စစ်ပွဲတွေကို ချစ်တယ်ဆိုတဲ့ Aresက သူမနဲ့ ချစ်ခဲ့ဖူးပါတယ်။ အိမ်ထောင်ဘက် မရှိတဲ့ Aresကို အထီးကျန်မဆန်တဲ့ ညပေါင်းများစွာ ရှိရလေအောင် လုပ်ပေးခဲ့တာ သူမပေါ့။ ကောင်းကင်အနှံ့ ရထားပျံနဲ့ သွားနေတဲ့ နေနတ်သား ဖော်ကောင်လုပ်လို့ သူတို့ ဇာတ်ရှုပ်တွေ အထုပ်ဖြည်ပြခဲ့ရရှာတယ်။


မှတ်ချက်။ ကျွန်တော် သိထားသလောက်လေး ချရေးထားတာပါ။ ဒဏ္ဍာရီဆိုတော့လည်း ပုံပြင်လိုပဲ ဖတ်တာ ကောင်းပါတယ်။ ဒါကြောင့် အကြောင်းအရာတွေ အတိအကျ မှန်ကန်မယ်လို့ မဆိုဝံ့ပါဘူး။ ဒီရက်တွေမှာ ကျွန်တော်လည်း ချီးပန်းနေတယ်။ အဲဒီတော့ မှားတာတွေ ကွဲလွဲတာတွေ ရှိနေရင်လည်း အရူးချီးပန်း ရေးထားတယ်လို့ပဲ မှတ်လိုက်ကြပါတော့ဗျာ။