.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, December 31, 2015

Summary of year 2015

ဒီနှစ် ၂၀၁၅ မှာ...

NLD ကို နိုင်သလောက် ဝန်းရံဖြစ်တယ်
အမတ်လောင်းတွေကို ကူညီဖြစ်တယ်
ရန်ကုန်ပြန်ပြီး မဲပေးဖြစ်တယ်
အင်ဒိုက မီးခိုးတွေ ရှုဖြစ်တယ်

သွေးလှူပွဲတွေ လုပ်ဖြစ်တယ်
သွေး ဆက်လှူဖြစ်တယ်
အလုပ်ပြောင်းဖြစ်တယ်

အိမ်ပြောင်းဖြစ်တယ်

၂၀၁၆ လား... ဒီလိုပါပဲ။

Monday, November 16, 2015

Solidarity with the people of Paris

ပါရီအကြမ်းဖက်မှုကို စာနာထောက်ထားလို့ Facebook ရဲ့ profile picture မှာ ပြင်သစ်အလံ အရောင်လေး ထည့်တာကို တချို့တချို့တွေ အမြင်မကြည်တာ ဘာကြောင့်ပါလိမ့်။

ရှမ်းပြည်မှာ စစ်ပွဲတွေ တိုက်ပွဲတွေ ဖြစ်တာနဲ့ ခိုင်းနှိုင်းပြီး အတင်းစကားတွေ ဆိုကြတယ်။ အစကတော့ မပြောဘူး ဆိုပြီး လွှတ်ထားလိုက်တယ်။ အမျိုးနီးစပ်တွေမှာပါ အဲဒီအသံလေး ထွက်လာလို့ ပြောသင့်တာတွေ ပြောပါဦးမယ်။

စစ်ပွဲဆိုတာ မကောင်းမှန်း သိပါတယ်။ မကောင်းတာကို မကောင်းဘူးလို့ ခဏခဏ ပြောဖူးပါတယ်။ ပြည်သူတွေက စစ်ပွဲတွေ ရပ်ဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် နားထောင်လို့လား။ သက်ဆိုင်သူတွေ နားမထောင်ကြပါဘူး။ စစ်ဘေးဒဏ်ကို ကြားထဲကနေ မြေစာပင် ဒေသခံတွေ ခံစားနေရတာကို စာနာပါတယ်။

ကဲ... ရှမ်းပြည်က စစ်ဘေးဒဏ်ခံ ပြည်သူတွေကို စာနာပါပြီ။ ဒါပေမယ့် Facebook က အဲဒါကို ပါရီလောက် အလေးမထားဘူး ခင်ဗျ။ Media Coverage ကွာတာလည်း ပါမှာပေါ့။ ရှမ်းပြည်အလံ ဒါမှမဟုတ် ရှမ်းနဲ့သက်ဆိုင်တဲ့ အထိမ်းအမှတ် တခုခုကို Facebook profile မှာ သူတို့ မထည့်ပေးထားဘူး။ အလွယ်တကူ ပြောင်းလို့ရအောင် လုပ်မပေးထားဘူး။

ပါရီကျတော့ လုပ်ပေးထားပါတယ်။ ဓါတ်ပုံပြင်တဲ့ နည်းပညာ ဒီဇိုင်းပြင်တဲ့ နည်းပညာ ဘာတခုမှ တတ်ထားစရာ မလိုပဲ Facebook က အဲဒီလို ပြင်လို့ရအောင် လုပ်ပေးထားပါတယ်။ အလွယ်တကူ ပြင်လို့ ရတဲ့ သဘောပေါ့။ သုံးလို့ လွယ်အောင် လုပ်ပေးထားရင် လူတွေက လွယ်တဲ့ဟာကို လိုက်လုပ်ကြမယ် ဆိုတာ အခုခေတ်က လူတွေ သိထားပြီးသား ဖြစ်မှာပါ။ အဲဒီတော့ အလွယ်တကူလေး လုပ်လို့ရတဲ့ profile picture ကို ပြောင်းပြီး ပါရီသားတွေကို စာနာစိတ် ရှိကြောင်း ပြသကြတယ်။

ဒါဟာ ဘာဆန်းလဲ။ ဘာမှ မဆန်းပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံကပဲ ထူးထူးခြားခြား ထ လုပ်နေတာ မဟုတ်ပါဘူး။ နိုင်ငံအစုံက လူပေါင်းစုံ စိတ်ပါရင် ပါသလို profile picture တွေ ပြောင်းကြပါတယ်။ အတင်းအကျပ် လုပ်ခိုင်းနေတာ မဟုတ်ပါဘူး။ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ့်စာနာစိတ်ကို ပြသတာပါ။

နောက်တခုက စစ်နဲ့ အကြမ်းဖက်မှုကို ခွဲခြား သိမြင်ဖို့ လိုပါတယ်။ စစ်ပွဲဆိုတာ လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း တိုက်ခိုက်ကြတာပါ။ အကြမ်းဖက်မှု ဆိုတာက လက်နက်မဲ့ အပြစ်မဲ့ လူ့အဖွဲ့အစည်းကို ရန်ရှာ သတ်ဖြတ်တာပါ။ ဖြစ်စဉ် မတူညီပါဘူး။ အဲဒါကို ခံရတာ လူသားတွေပဲ ဆိုပြီး အတင်းကြီး ညီမျှခြင်း လာမချပါနဲ့။

ပါရီဆိုတာ ငါတို့နဲ့ အဝေးကြီးပါကွာ။ အိုးက မပူ... စလောင်းက ပူနေပြန်ပြီ လို့ ပြောချင်ရင်တော့ မေတ္တာတွေ မုဒိတာတွေ ကရုဏာတွေ ဆိုတာ မြန်မာစာ အဘိဓါန်ထဲမှာ ရှိသေးလားလို့ ပြန်မေးချင်တယ်။

အခုခေတ်မှာ ကမ္ဘာကြီးဟာ အပြန်အလှန် ကူးလူး ဆက်ဆံနေတာပါ။ ကျွန်တော်တို့ ၂၀၀၈ နာဂစ်တုန်းက၊ အခုနှစ် ရေဘေးဒဏ်ခံရတုန်းက Save Myanmar ဆိုပြီး အကူအညီ တောင်းခံခဲ့ရတာပဲ မဟုတ်လား။ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်တုန်းက ကမ္ဘာသူ ကမ္ဘာသားတွေ စာနာထောက်ထား ကူညီပံ့ပိုးပေးခဲ့တာပါပဲ။ သူတို့တွေ ဒုက္ခရောက်တဲ့အချိန် ကျွန်တော်တို့က ပြန်လည် စာနာ ထောက်ထားပြတာဟာ ဘာမှားသွားသလဲ။ ဘာတွေ စံလွဲသွားလို့လဲ။

အခုကိစ္စမှာ စာနာစိတ် ရှိတာကို ပြသဖို့ ပြင်သစ်စာ တတ်ဖို့ မလိုဘူး။ အင်္ဂလိပ်လို စီကာပတ်ကုံး ရေးပြနေစရာ မလိုဘူး။ Profile picture ပြောင်းပြီး ပါရီသားတွေနဲ့ အတူတကွ ရှိကြောင်း ပြသလို့ ရနေတယ်။

အဲဒီတော့ လွယ်သလား ခက်သလား ရာမ။

Friday, September 25, 2015

3Ps of Voters

3Ps of Voters တဲ့။ မဲဆန္ဒရှင်တွေဆီက မဲ ၃ မျိုးပေါ့။
1. Protest
2. Pity
3. Passion တဲ့။

နံပါတ် ၁ Protest မျိုးက အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို မကျေနပ်လို့ အစိုးရကို ဆန့်ကျင်တဲ့ သဘောအနေနဲ့ အတိုက်အခံပါတီကို ပေးတဲ့ မဲမျိုးတွေ။

နံပါတ် ၂ Pity မျိုးက အတိုက်အခံတွေအပေါ် အစဉ်တစိုက် နှိပ်ကွပ်လာတဲ့ အစိုးရကြောင့် အတိုက်အခံတွေအပေါ် သနားကြင်နာစိတ် ယိုဖိတ်ပြီး ပေးတဲ့ မဲမျိုးတွေ။

နံပါတ် ၃ Passion မျိုးက မဲဆန္ဒရှင်တွေ ကိုယ်တိုင် အတိုက်အခံပါတီအပေါ် ယုံကြည်တယ် မြတ်နိုးတယ် အားကိုးတယ်။ အတိုက်အခံပါတီ အစိုးရဖွဲ့နိုင်ဖို့ကို လိုလားတယ်။ အဲဒါကြောင့် အတိုက်အခံပါတီကို ချစ်တဲ့စိတ်ကို အဓိက အခြေခံပြီး မဲပေးတယ်။

လက်ရှိ မြန်မာနိုင်ငံရေးမှာ NLD ပါတီဟာ နံပါတ် ၁ P ကို အသေအချာ ရထားတယ်။ အစိုးရရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုတွေကို စိတ်ကုန်နေတဲ့ လူထုကြီးက NLD ကို နံပါတ် ၁ P အရ မဲပေးလိမ့်မယ်။ ဒီအစိုးရ ပြုတ်ရင် ပြီးရော ဆိုတဲ့ လူက အများသားပဲ။

၁၉၈၈ အရေးတော်ပုံကနေ ၂၀၁၀ နှစ်တွေအလွန်အထိ NLD ပါတီဟာ နည်းမျိုးစုံနဲ့ ဖိနှိပ် ခွဲခြားဆက်ဆံ ခံခဲ့ရတယ်။ NLD ပါတီဝင် အတော်များများ ထောင်တွေကျပြီး သူတို့ရဲ့ မိသားစုတွေ ဘဝတွေ ပျက်ခဲ့ရတယ်။ ဒါကြောင့် လူထုအနေနဲ့ ပါတီအပေါ်မှာ သနားကြင်နာတဲ့ စိတ်ရှိနေနိုင်တယ်။ နံပါတ် ၂ P ကိုလည်း တချို့တဝက် ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်တယ်။ လက်ရှိ အာဏာရပါတီမှာ အဲဒီလို P ကို ပိုင်ဆိုင်ဖို့ ပါတီတွင်း အကွဲအပြဲတွေ လုပ်ပြထားတာ မြင်နိုင်တယ်။

တကယ် အရေးကြီးဆုံးက နံပါတ် ၃ P ပါ။ NLD ပါတီဆိုတဲ့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေမယ့်အစား ကိုယ်ပိုင် အလင်းရောင် ထွန်းလင်းနိုင်အောင် အမတ်လောင်းတွေ ပိုမို ကြိုးစားရမယ်။ ကိုယ့်ရွေးချယ်ခံ ဒေသအကျိုး လူထုအကျိုး သယ်ပိုးနိုင်ရမယ်။ တိုင်းပြည်အကျိုးကို အစဉ်တစိုက် ရှေးရှုနိုင်ရမယ်။ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်ရမယ်။ အရည်အချင်းရှိ အရည်အသွေး ကောင်းတဲ့ အမတ်လောင်းတွေ ဖြစ်ကြောင်း မှတ်ကျောက်တင်နိုင်ရမယ်။ ပြည်သူချစ်တဲ့ ပြည်သူတွေ မြတ်နိုးတဲ့ အမတ်လောင်းတွေ ဖြစ်အောင် ကြိုးစားရမယ်။

သိထားသလောက် မဲဆန္ဒရှင်တွေ ပေးမယ့် မဲ P ၃ မျိုးပါ။ ကျွန်တော်တို့ အမတ်လောင်းများ အကျိုးရှိစွာ အသုံးချနိုင်ပါစေ။

Thursday, July 2, 2015

The journey we sailed

ကျွန်တော် ကွန်ပျူတာသင်တန်း စ တက်တော့ မရှိမရှားဘဝနဲ့ တက်ရတာ။ ပိုက်ဆံရှိလွန်းလို့ ထားနိုင်လို့ ကျောင်းလာထားတာမျိုး မဟုတ်ပဲ အစိုးရတက္ကသိုလ်တွေ ပိတ်ထားလို့ အချိန်တွေ အလကား ကုန်မှာစိုးလို့... ကျွန်တော်နေခဲ့တဲ့ အလယ်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီးရဲ့ တိုက်တွန်းချက်အရ မိဘတွေက ခြစ်ကုတ်စုထားတာနဲ့ သင်တန်းကြေးကို သိန်းချီသွင်းပြီး တက်ခဲ့ရတာမျိုးပါ။

စ တက်တုန်းကတော့ ပထမနှစ်ပဲ တက်မယ်ပေါ့။ ပထမနှစ်ပြီးရင် ဒီပလိုမာတခု ရပြီလေ။ အဲဒီအချိန်တုန်းက ရန်ကုန်မှာ ဒုတိယနှစ်အထိပဲ သင်တန်းက ရှိသေးတယ်။ နောက်ဆုံးနှစ်ကို အင်္ဂလန်မှာ သွားတက်ရမှာ ဆိုတော့ ကိုယ့်ဘဝနဲ့ကိုယ် မဖြစ်နိုင်ဘူးလို့ပဲ မှတ်ထားခဲ့လိုက်တယ်။

ကွန်ပျူတာဆိုတာကို တခါမှကို ထိတောင် မထိမိခဲ့ဖူးတော့ ကွန်ပျူတာသင်တန်း တက်တဲ့အခါ အချိန်ရရင် ရသလို ကွန်ပျူတာခန်းထဲမှာပဲ နေဖြစ်တယ်။ ဘယ်အခန်းမှာ ကွန်ပျူတာအားနေလဲ ဆိုတာ အခန်းအပြင်ကနေ လိုက်ချောင်းတယ်။ အားနေတဲ့ ကွန်ပျူတာတွေ့ရင်... ကိုယ်လည်း နောက်တတန်းတက်ဖို့ လိုသေးတယ်ဆိုရင်... ဒါမှမဟုတ် အိမ်ပြန်ဖို့ စောနေသေးတယ်ဆိုရင်... အဲဒီအခန်းထဲ ဝင်ပြီး ကွန်ပျူတာ သုံးနေလိုက်တယ်။ အဲဒီလို အခန်းတကာ ဝင်ပြီး သုံးဖို့ဆိုတာကလည်း အခန်းတိုင်းက ကြီးကြပ်သူမမတွေနဲ့ ရင်းနှီးနေဖို့ လိုတယ်။ မဟုတ်ရင်တော့ ခဏခဏ စက်ခန်းတွေ လာနေတာကို ငြိုငြင်ခံရမယ်လေ။

ပထမနှစ်မှာ အတန်း ၂ တန်းကို ရှေ့ဆင့်နောက်ဆင့် ဖွင့်တော့ လူအတော်များတယ်။ ကျွန်တော်က Batch 31 ကပေါ့။ နောက်တတန်း Batch 32 က လပိုင်းလေးပဲ ခွာပြီး ဖွင့်တယ်။ စာမေးပွဲကတော့ တူတူဖြေရမှာပါ။ ဆေးတက္ကသိုလ်တွေ နည်းပညာတက္ကသိုလ်တွေ ပိတ်ထားလို့ ကွန်ပျူတာ လာတက်ကြတာ။ ၂ တန်းစလုံးရဲ့ ကျောင်းသား ၇၀% လောက်က ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အရောင်တွေစုံအောင် အောင်ထားတဲ့သူတွေပဲ။ စာနဲ့ ပတ်သက်ရင် အပြိုင်အဆိုင် သိပ်ကို များတယ်လို့ ပြောရမယ်။ မိဘချမ်းသာလို့ အချိန်နဲ့ ငွေလာဖြုန်းတဲ့ ဝေလေလေတွေလည်း အတန်းထဲမှာ ရှိပါတယ်။

စာကြိုးစားတဲ့သူတွေ အများစုဖြစ်နေတဲ့ အတန်း ၂ တန်းဟာလည်း တတန်းနဲ့ တတန်း ပြိုင်ကြသေးတယ်။ လစဉ် စာမေးပွဲတွေကို ဖြေရတော့ ဘယ်သူတွေက စာကြိုးစားတယ် ဆိုတာ နာမည် စထွက်လာပြီ။ လက်တွေ့ခန်းတွေကနေ တဆင့် ဘယ်သူတွေက ပရိုဂမ်ရေးတာ ကျွမ်းတယ် ဆိုတာ နာမည်ကြီးလာကြပြီ။ ၂ တန်းစလုံးမှာ အဲဒီလို တော်တဲ့လူတွေ အများကြီး ရှိနေကြတယ်။

သင်တန်း ၆ လတက်ပြီးတဲ့အခါမှာ ဘာသာရပ် ၃ ခုကို စာမေးပွဲ ဖြေရတယ်။ စာမေးပွဲ အောင်စာရင်းက လပိုင်းအတွင်းမှာ ထွက်တယ်။ အဲဒီ ၆ လအပြီးမှာ ဘယ်အတန်းက ဘယ်သူတွေက စာတော်တယ် ဆိုတာ... ၃ ဘာသာစလုံးကို အမှတ်တွေ ဘယ်လောက်နဲ့ အောင်သလဲ ဆိုတာ... ဘာသာစုံဂုဏ်ထူး ထွက်တယ်ဆိုတာ သိလာရပြီ။ အဲဒီနောက်မှာ အပြိုင်အဆိုင်က ပိုပြင်းထန်လာတယ်။ ဘယ်အတန်းက ပိုတော်တယ် ဆိုတာမျိုးကို ပြိုင်လာကြတယ်။

ပထမနှစ်ရဲ့ နောက်ဆုံးအပိုင်းမှာ အဖွဲ့လိုက် လက်တွေ့ project လုပ်ရတယ်။ အဲဒီနေရာဟာ အတန်းချင်း ပြိုင်ဖို့ အကောင်းဆုံးနေရာပဲ။ ဘာဖြစ်လို့ဆိုတော့ အကောင်းဆုံး ပရောဂျက် ၃ ခုကို ဆုပေးမှာ ဖြစ်လို့ပဲ။ အဲဒီလိုနဲ့ အဖွဲ့တွေ ဖွဲ့ရတယ်။ အဖွဲ့မှာ အကောင်းဆုံး လူတွေကိုပဲ စုထားချင်ပေမယ့် ဆရာ ဆရာမတွေက ခွင့်မပြုဘူး။ ရောသမမွှေပဲ ခွင့်ပြုတယ်။ အဲဒါလည်း ကျွန်တော်တို့ ဘဝအတွက် ကောင်းပါတယ်။ အဲဒီအချိန်ကတည်းက အဆိုးအကောင်းကို မျှဝေ ခံစားတတ်ခဲ့ရတာပေါ့။ တခြားအဖွဲ့သားတွေကို ဘယ်လို လက်တွဲခေါ်ရတယ် ဆိုတာတွေကို နားလည်ခဲ့ရတာပေါ့။ အနစ်နာခံတယ် ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို မြည်းစမ်းခဲ့ဖူးတာပေါ့။

ကျွန်တော်တို့အဖွဲ့မှာ အစက ၁၁ ယောက်တိတိ ရှိတယ်။ အဖွဲ့ရှာလို့ မရတဲ့ နောက်ထပ် ၁ ယောက်ကို ဆရာမက ကျွန်တော်တို့အဖွဲ့ထဲ လာပေါင်းထည့်လို့ ၁၂ ယောက်တိတိ ဖြစ်သွားတယ်။ ထူးခြားတာက အဖွဲ့မှာ မိန်းခလေး တယောက်မှ မပါဘူး။ ၂ တန်းစလုံးမှာ ယောကျာ်းလေး သီးသန့်အဖွဲ့အဖြစ် ကျွန်တော်တို့ ၁ ဖွဲ့ပဲ ရှိခဲ့တယ်။ အဖွဲ့မှာ ဗမာ ၂ ယောက်နဲ့ တရုတ်-ဗမာကပြား ၁ ယောက်က လွဲလို့ ကျန်တာက တရုတ်တွေ ဖြစ်နေတယ်။

ကျွန်တော်တို့အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်က အတော်အေးတယ်။ ပရိုဂရမ်ရေးတာကိုလည်း စွဲစွဲလန်းလန်း ဝါသနာကြီးတယ်။ အဖွဲ့ထဲမှာ စာတော်တဲ့သူတွေ အများကြီးပါတော့ အတန်း ၂ တန်းစလုံးမှာ ကျွန်တော်တို့အဖွဲ့က နာမည်ကြီးခဲ့တယ်။ တယောက်နဲ့တယောက် ဖေးမခေါ်လို့ အဆင်ပြေတယ်လို့ ပြောရမယ်။ အင်္ဂလိပ်စာ နိုင်နင်းတဲ့သူတွေက စာတမ်းကို ဦးဆောင်ရေးပြီး ကျွန်တော်နဲ့ အဖွဲ့ခေါင်းဆောင်က ဒီဇိုင်းဆွဲတယ်။ ပရိုဂရမ် ရေးတယ်။ ကျန်တဲ့သူတွေက လိုတဲ့နေရာမှာ လိုသလို ဝင်ကူပေးကြတယ်။

အဲဒီခေတ်က အခုခေတ်လို အင်တာနက် မြန်မာပြည်မှာ မပေါ်သေးဘူး။ သိချင်တာ ရှိရင် စာကြည့်တိုက် သွားရှာရတယ်။ အပြင်က စာအုပ်တွေ ဝယ်ဖတ်ရတယ်။ လိုချင်တဲ့ အချက်အလက်တွေ ရအောင် စုဆောင်းရတာ တကယ် လက်ဝင်တယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့အဖွဲ့က သူများ လုပ်ပြီးသား ခေါင်းစဉ်ကို အဆင်သင့် မကူးချချင်ဘူး။ ဒါကြောင့် သူများ လုပ်ပြီးသား ခေါင်းစဉ်တွေကို မရွေးပဲ ကျောင်းမှာ ဘယ်သူမှ မလုပ်ရသေးတဲ့ ခေါင်းစဉ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ကျွန်တော်တို့ လုပ်မယ့် ခေါင်းစဉ်က ကညနက မော်တော်ကား လိုင်စင်မှတ်တမ်းစနစ်ပါ။ အဲဒီတော့ ကညနကို တဖွဲ့လိုက်ကြီး အချက်အလက် ကောက်ဖို့ သွားကြရတယ်။ အဖွဲ့ထဲမှာ ကားရှိတဲ့ သူတွေပါတော့ ကားတွေနဲ့သွားခဲ့ကြတယ်။ ကညနက တာဝန်ရှိလူကြီးတွေကလည်း ကျွန်တော်တို့မေးတာကို ဖြေချင်သလိုလို မဖြေချင်သလိုလိုနဲ့ စိတ်မပါလက်မပါ ဖြေကြပါတယ်။ ကြက်အစာ ကောက်သလိုမျိုး ကိုယ်တွေလည်း ရသလောက်လေး ယူရတာပေါ့။ အဲဒီမှာ မေးမြန်းထားတာလေးတွေ... ဖတ်ထားတဲ့စာအုပ်ထဲက အချက်အလက်တွေနဲ့ လူကြီးသူမတွေကို မေးမြန်းထားတာတွေနဲ့ ပေါင်းစပ်ပြီး အဲဒီစနစ်ကို အကောင်အထည် ဖော်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ပညာတွေ အများကြီး ရခဲ့တယ်။

သူများတကာတွေ ပျားတုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့က အားလုံးပြီးသလောက် ဖြစ်နေပြီ။ အဓိက ခေါင်းဆောင်က ပရိုဂရမ်ရေးတဲ့အပိုင်းကို အတော်လုပ်နိုင်တာလည်း ပါတယ်။ အဖွဲ့သားအချင်းချင်း ကတောက်ကဆ ဖြစ်ရတာတွေ ရှိပေမယ့် အချင်းချင်း ညှိနှိုင်းဖြေရှင်းခဲ့ကြတယ်။ အပြင်ကို သတင်းမပေါက်အောင် ဝိုင်းဖုံးဖိထားတော့ အပြင်မှာတော့ ဒီအဖွဲ့ သိပ်ကို စည်းလုံးတယ်။ အရမ်းကို လူညီတယ်။ တက်ကြွတယ်ပေါ့။ နာမည်ကောင်းတွေ အများကြီး ရခဲ့တယ်။

နောက်ဆုံးနေ့မှာ အားလုံး တိုက်ပုံလည်ကတုံးတွေ ဝတ်ပြီး ပရောဂျက်ကို ရှင်းလင်း တင်ပြခဲ့ကြတယ်။ လာစစ်တဲ့သူတွေက ဗြိတိသျှသံရုံးက ပညာရေးဆိုင်ရာ လူကြီးတွေပေါ့။ အဖွဲ့သားအားလုံးက တိုက်ပုံတွေနဲ့ဆိုတော့ မသိရင် ယိမ်း ကမယ့်သူတွေလိုပဲ။ ဆယ်တန်းအောင်ကစ ကလေးမကျ လူကြီးမကျ အရွယ်မှာ လူကြီးစတိုင်တွေ ဖမ်းပြီး အဆင့်မှီမှီ တင်ပြ ရှင်းလင်းနိုင်ခဲ့တယ်။ ကြောက်စိတ်တွေလည်း ရှိတော့ အမှားအယွင်းတွေလည်း ရှိခဲ့တယ်။ အဖုအထစ်တွေ အဆင်မပြေမှုတွေ အမှားအယွင်းတွေ ရှိပေမယ့် အဲဒီအသက်အရွယ်မှာ အဲဒီလိုဟာမျိုးကို လုပ်နိုင်ခဲ့တာကို ဂုဏ်ယူမိတယ်။ နိုင်ငံခြားမှာ နေထိုင် ပညာသင်ခဲ့သူတွေအဖို့ကတော့ ဒါမျိုးက ဘာမှ မဟုတ်ပေမယ့် ကိုယ့်နိုင်ငံထဲကနေ အပြင်ကို တဖဝါးမှ မချဖူးတဲ့ လူငယ်တွေအနေနဲ့ ဒါဟာ မဟာအောင်မြင်မှု တခုပါပဲ။

ဆုပေးတော့ ကိုယ်တွေအဖွဲ့က ဒုတိယ ရတယ်။ ပထမ မရပေမယ့် အတန်း ၂ တန်းလုံးက ပေးတဲ့ ပထမဆုကို ရတယ်လို့ပဲ မြင်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အတန်း ၂ တန်းစလုံးက ကျွန်တော်တို့အဖွဲ့ကို အလွန် အထင်ကြီးတယ်။ ပထမ ၆ လ စာမေးပွဲ ရလဒ်အရ ၂ တန်းလုံးရဲ့ ၁ ကနေ ၁၀ ဝင်တဲ့ လူစာရင်းရဲ့ ၅ ယောက်က အဖွဲ့ထဲမှာ ပါနေတယ်။ သူများတကာ မလုပ်ဖူးတဲ့ဟာကို အစကနေ အဆုံး ကျွန်တော်တို့အဖွဲ့က လူတွေနဲ့ပဲ လုပ်တာကို အံ့သြကြတယ်။ နောက်ဆုံးနေ့ အထိ အဝတ်အစားက အစ တူညီပုံစံ ဝတ်တာမျိုးအထိ လူညီလွန်းလို့ အများစုက အားကျခဲ့တယ်။

အဲဒီအဖွဲ့လိုက် လုပ်ဆောင်ချက်ကနေ ဘာတွေ ရခဲ့သလဲ ဆိုတော့...
  • အချင်းချင်း ညှိနှိုင်းဆောင်ရွက်တာတွေ
  • အဖွဲ့အတွင်းမှာ တာဝန်ခွဲဝေ ထမ်းဆောင်တာတွေ
  • သူစိမ်းတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုရတာတွေ
  • ကိုယ်မသိသေးတဲ့ အကြောင်းတွေကို သိရှိနားလည်လာတာတွေ
  • လိုအပ်တဲ့ အချက်အလက် စုဆောင်းတာတွေ
  • ရလာတဲ့အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာ လေ့လာတာတွေ
  • လူရှေ့သူရှေ့ထွက်ပြီး တင်ပြ ရှင်းလင်းရတာတွေ

အဲဒါတွေက နောက်နောင်အခါ ကျွန်တော့်ရဲ့ လုပ်ငန်းခွင်မှာ သွယ်ဝိုက်သော နည်းတွေနဲ့ အကျိုးပြုခဲ့တယ်။ အနည်းဆုံးတော့ လူမကြောက်တော့ဘူး။ ငါ လုပ်နိုင်တယ် ငါ လုပ်နိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက်လေး ၁၈ နှစ် မပြည့်တပြည့်အရွယ် ကောင်လေးတယောက်ရဲ့ စိတ်ထဲမှာ ကိန်းအောင်းသွားစေခဲ့တယ်။

ပြောချင်တာက ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အကောင်းဆုံး လုပ်ထားပြီးရင်တောင် အချိန်ရသေးရင် ဒီထက်ကောင်းအောင် ထပ်ကြိုးစားကြပါ။

တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် တဲ့။

Friday, January 23, 2015

Feeding Prata

မိဘများထံမှ သားသမီးအတွက် အကောင်းဆုံးအမွေမှာ မိဘများအနေဖြင့် သားသမီးများ ဘဝတစ်လျှောက်လုံး ကဲ့ရဲ့ရှုတ်ချခံရမည့် လုပ်ရပ်မျိုးကို ရှောင်ရှားဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း - ဒေါ်အောင်ဆန်းစုကြည် ဇန်န၀ါရီ ၁၇ ရက် ၂၀၁၅ - ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲ ရမည်းသင်းမြို့နယ်

ဒေါ်စုက အဲဒီလိုလေး ပြောသွားတဲ့ သတင်းကို 7Day Daily Websiteမှာ ရေးထားတယ်။ အဲဒါကို အမည်မှာ ဦး တပ်ထားလို့ အသက်ကြီးပြီးလို့ ထင်ရပေမယ့် အဆံချောင်နေတဲ့ ဦးသန့်ဇင်ဆိုတဲ့လူက မှတ်ချက်ဝင်ရေးတယ်။ သူ ရေးတာတွေကို လွန်တယ်လို့ မြင်မိလို့ ကျွန်တော်က တုန့်ပြန်ရေးတယ်။ ဒါမျိုးဟာ ငြိမ်ခံမနေပဲ တုန့်ပြန်သင့်တယ် ထင်လို့ သူ့မှတ်ချက်တွေကို အကြောင်းပြန်တာပါ။ ဒီလူ့အတွက် အကျိုးထူးတာ မထူးတာကို သိပ်တော့ ဂရုမစိုက်ပါဘူး။

အဲဒါလေးတွေကို တခြားသူတွေလည်း ဖတ်ရအောင် မူရင်းသတ်ပုံအတိုင်းပဲ ကူးယူလာပြီး အခုမှတ်စုလေး လုပ်ပါတယ်။ မှတ်စုထဲကနေ ဖတ်တဲ့သူတွေ စာဖတ်ရတာ အဆင်ပြေအောင် အဖြတ်အတောက်လေးတွေတော့ ပြင်ပေးထားပါတယ်။ နှစ်ဘက်စလုံးမှာ ခံစားချက်အလျှောက် တုန့်ပြန်ချက်တွေ ပြင်းထန်တာတွေလည်း ပါလာနိုင်ပါတယ်။ ဦးသန့်ဇင်ရဲ့ တချို့စာတွေက သတင်းထဲကနေ တိုက်ရိုက် ပြန်ကူးထားတွေပါ။ တချို့စာတွေက တခြားသူရဲ့ မှတ်ချက်ကို သူ လိုရာဆွဲတွေးဖို့ မှီငြမ်းထားတာတွေပါ။


 ------------------------------------

U Thant Zin: ဘယ်မိဘမှ ကိုယ့်သားသမီးကို နိုင်ငံရေးသမားတွေရဲ့ အသုံးချတာကိုခံပြီး ပညာတစ်ပိုင်းတစ်စနဲ့ ထောင်ထွက် ဝေလေလေဘဝမျိုးကို ရောက်စေချင်မှာ မဟုတ်ဘူး။ ကိုယ်သားသမီး ကို ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ အောင်မြင်တဲ့သားသမီးတွေပဲ ဖြစ်စေချင်မှာပဲ။ နိုင်ငံရေးသမားတွေစကားကို နားယောင်ရင် ကိုယ့်သားသမီးတွေပဲ ရေတိမ်နစ်မယ်။



Khun July: သေချာတာပေါ့ဗျာ။ ကိုယ့်သားသမီးကို မပျက်ဆီးစေလိုတာ မိဘတွေရဲ့ ရင်ထဲက စေတနာပေါ့။ အဲဒီလိုပဲ ကိုယ့်သားသမီးတွေရဲ့ အနာဂတ် မပျက်ဆီးရလေအောင် လက်ရှိအချိန် မိဘဖြစ်နေတဲ့သူတွေကလည်း အနေအထိုင် အပြောအဆို အပြုအမူ ဆင်ခြင်သင့်တယ်။ ကိုယ့်ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေဟာ သားသမီးတွေဆီမှာ အရိပ်မထိုးရအောင် နေထိုင်သင့်တယ် မဟုတ်ဘူးလား ခင်ဗျ။

ကိုယ်ဟာ သမိုင်းရဲ့ တရားခံကြီး၊ ကောင်းတဲ့စေတနာ ပါပေမယ့် လုပ်ရပ်တွေ မှားခဲ့လို့ တိုင်းပြည်ကို နှစ်နဲ့ချီ အချိန်ယူ ဖျက်ဆီးခဲ့တယ် ဆိုတာမျိုး ကိုယ့်ရဲ့ နောက်မျိုးဆက်တွေ မသိစေချင်ရင် တိုင်းပြည်အတွက် ကောင်းအောင် နေထိုင်ရမယ်လေ။

အတိတ်ကို သင်ခန်းစာ ယူပြီး ပြင်သင့်တာကို ပြင်ရမယ်။ မှားတာတွေကို ဝန်ခံရဲရမယ်။

 ------------------------------------

U Thant Zin: အောင်ဆန်းစုကြည် လမ်းညွှန်ထိန်းကျောင်းမှု ကောင်းလွန်းလို့ သူသားနှစ်ယောက်ရဲ့ အနာဂါတ်က သိပ်လှပနေတယ်လို့ ဆိုချင်တာလား? ကိုယ့်သား ၂-ယောက်ကိုတောင် နိုင်ငံအကျိုးပြုအောင် မသွန်သင်နိုင်ပဲ သူများသားသမီးတွေကို ကိုယ်ချင်းမစာ လမ်းမပေါ်တက်ပြီး ဆန်ဒပြဖို့ လိမ်လည်ကောက်ကျစ်နေတယ်။ မင်းသားသမီးတွေရဲ့ အနာဂတ်မပျက်ဆီးရလေအောင် မင်းကိုယ်တိုင် ခေါင်းဆောင်ပြီး မင်းသားသမီး မြေးမြစ်တွေ လမ်းပေါ်တက်ပြီး ဆူပူဆန်ဒပြကြလေ ဘာဖြစ်သွားမလဲဆိုတာသိရအောင်။ ကိုယ်ကိုယ်တိုင်မလုပ်ရဲပဲ သူများသားသမီးတွေကို ချောက်ထဲတွန်း မပို့နဲ့။ မင်းတို့လိုခွေးတွေကတော့ အောင်ဆန်းစုကြည်က သူ့ချီးစားပါဆိုရင်တောင် မြိန်ရည်ရှက်ရည်စားမဲ့ ခွေးတွေပဲ။ မင်းအနာဂတ်ကောင်း သွားအောင် လမ်းပေါ်တက်ပြီး အော်ကြည့်စမ်းပါ။ ဘယ်သူမှားလဲ သိရတာပေါ့။



Khun July: ကိုသန့်ဇင်... ဒေါသတွေ မကြီးပါနဲ့။ ဒီကွန့်မန့်တွေမှာ ကျွန်တော် ခင်ဗျားကို ကောင်းကောင်းမွန်မွန်ပဲ တောက်လျှောက် ဆက်ဆံတယ်။ ခင်ဗျားပြောတာ
မှန်တယ် ထင်ရင် ကျွန်တော်လည်း ခင်ဗျားကို မှန်တယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အမြင်မတူတိုင်း ရန်သူဖြစ်ရမယ် ဆိုရင် ကျွန်တော်တို့ ဒီတသက် ထသတ်လို့ ဆုံးမှာ မဟုတ်ဘူးဗျ။

ခင်ဗျားလည်း လူကြီးပဲဗျာ... အမည်ရှေ့မှာ ဦးတောင် တပ်ထားသေးတာပဲ။ စိတ်ရှည်ပါ။ ရည်မွန်ပါ။ စေတနာနဲ့ ပြောတာပါ။ ဒါကတော့
စကားချပ်ပေါ့။

အပေါ်မှာ ကျွန်တော် ရေးထားတာကို နားလည်အောင် တခေါက်လောက် ပြန်ဖတ်ကြည့်ပါ။ ဒေါ်စုပြောတာကိုလည်း နားလည်အောင် အရင်လုပ်ပါ။ မိဘက လုပ်ရမယ့် အနေအထားကို ပြောနေတာပါ။ မိဘအနေနဲ့ သားသမီး အရှက်ရမယ့် အလုပ်တွေ မလုပ်ခဲ့မိဖို့ ပြောနေတာ။ သားသမီးကို ဘာလုပ် ရမယ် ညာလုပ်ရမယ် လမ်းပေါ်တက်လာရမယ် တခွန်းမှ ပြောမထားဘူး။ ကျွန်တော်က အဲဒီလို နားလည်မိလိုက်တယ်။ ခင်ဗျားက ဘယ်လို နားလည်လိုက်လဲ ကျွန်တော် မသိဘူး။ ကျွန်တော် နားလည်တာ လွဲနေရင် ခင်ဗျား ယဉ်ကျေးစွာ ထောက်ပြနိုင်ပါတယ်။



U Thant Zin: အောင်ဆန်းစုကြည်ရဲ့ ပြည်သူတွေကို တိုက်တွန်းချက်ကို ကိုသိန်းထွန်းအောင်နာလည်တဲ့ အဓိပါယ်ကို ကူးပေးလိုက်တယ်။

"ကျုပ်ကိုယ်တိုင်ကတော့ ဘိုးဘွားတွေကို ကဲ့ရဲ့မိတယ်ဗျ--- သူတို့သာ နေ၀င်း အာဏာသိမ်းကတည်းက ဒီမကောင်းတဲ့ စနစ်ဆိုးကြီးကို ငါ့သားမြေးတွေ လက်ထက်ထိ
ဆက်ရှင်သန်မခံနိုင်ဘူး၊ ငါသေချင်သေ ဆိုပြီး လုပ်ခဲ့ရင် အခုလောက်ဆို ကျုပ်တို့ ချမ်းသာနေပြီ၊ ဒီတော့ ကျုပ်တို့က ကျုပ်တို့ ဘိုးဘွားတွေကို သူရဲဘောကြောင်သူတွေ ရေသာခိုသူတွေ အဖြစ် ရှုံ့ချတယ်။ ကျုပ်တို့အလှည့်မှာလည်း ဒီလို နောင်လာမည့် သားစဉ်မြေးမြစ်က ရှုံ့ချခြင်း မခံရအောင်
တာဝန်ကျေကြဖို့လိုတယ်လို့ ဒီလိုဘဲ နားလည်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာပြောထားလဲတော့ သေချာ မဖတ်ရသေးဘူး။ ခေါင်းစဉ်ကိုတော့ ဒီလိုဘဲ နားလည်တယ်။"

အဲဒါဆို ကျွန်တော်နားလည်မှု လွဲတာတော့ မဟုတ်ပါဘူးနော်။ ကျွန်တော်ကတော့ တိုင်ပြီ ဆူပူပြီး ပြည်သူတွေ ခလေးတွေ အဖမ်းခံရ သေကြေတာမျိုး မဖြစ်စေချင်ဘူး။ ဒါပါပဲ။

 ------------------------------------


U Thant Zin: "ကိုယ့်သားသမီးတွေ အနာဂတ်မှာ အရှက်ရစေမဲ့ ဆူဆူပူပူတွေမလုပ် ကြပါနဲ့"လို့ပြောတယ်လို့ ခင်ဗျားက သဘောပေါက်တယ်ပေါ့။



Khun July: အရှက်ရမယ့် ဘယ်အလုပ်ကို မဆို အကျုံးဝင်တယ်။ ဒီ ဆူဆူပူပူကိစ္စ တခုတည်း မဟုတ်ဘူး ခင်ဗျ။ အစိုးရရဲ့ လွဲမှားတဲ့ စီမံမှုတွေ၊ အရာရှိတွေရဲ့ အကျင့်ပျက် ခြစားမှူတွေ၊ ပြည်သူ့ဝန်ထမ်းတွေရဲ့ အာဏာ အလွဲသုံးစား လုပ်မှုတွေ၊ သူဌေးတွေရဲ့ ခေါင်းပုံဖြတ်မှုတွေ၊ အဲဒါတွေ အကုန်လုံးဟာ နောက်နောင့်မျိုးဆက်မှာ အရှက်ရစေမယ့် ကိစ္စတွေလို့ ကျွန်တော်က မြင်မိတယ် ခင်ဗျ။


 ------------------------------------


U Thant Zin: "မိဘများထံမှ သားသမီးအတွက် အကောင်းဆုံး အမွေမှာ မိဘများအနေဖြင့် သားသမီးများ ဘ၀တစ်လျှောက်လုံး ကဲ့ရဲ့ရှုတ်ချခံရမည့် လုပ်ရပ်မျိုးကို ရှောင်ရှားဆောင်ရွက်ခြင်းပင်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်သည်။

မိမိသားသမီး၊ မိသားစုအတွက်သာ စဉ်းစားတတ်သော မိဘများအနေဖြင့် သားသမီးများအား အကောင်းဆုံး အမွေပေး လိုပါက မိမိလုပ်ရပ်ကြောင့် သားသမီးများ ဘ၀တစ်လျှောက် ကဲ့ရဲ့ရှုတ်ချခံရမည့် မျက်နှာပူစေသာလုပ်ရပ်မျိုးကို ရှောင်ရှား ဆောင်ရွက်ခြင်းသည် အကောင်းဆုံး အမွေပေးခြင်း ဖြစ်ကြောင်း ပြောသည်။ နိုင်ငံသူ၊ နိုင်ငံသားတိုင်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်နိုင်တဲ့ အရည်အချင်းတွေ မြှင့်တင်ပေးခြင်းအားဖြင့်
စည်းရုံးချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ပြည်သူများအနေဖြင့်လည်း အခြားမည်သည့် အဖွဲ့အစည်းကိုမှ အားကိုးနေခြင်း မပြုဘဲ မိမိတို့ အရည်အချင်း အင်အားကိုသာ အားကိုးသည့် ပြည်သူများဖြစ်ရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။


‘‘နောက်ဆုံးပြည်သူတွေက မိမိတို့ အရည်အချင်းကိုပဲ အားကိုး။ လက်နက်ကအင်အား မဟုတ်ဘူး။ ငွေကအင်အား မဟုတ်ဘူး။ အရည်အချင်းက အင်အား၊ အရည်အချင်းအင်အားကို အားကိုးတဲ့ ပြည်သူတွေ ရှိပြီဆိုရင် ကျွန်မတို့တိုင်းပြည် အနာဂတ်စိတ်ချရပြီ’’ဟု ဒေါ်အောင်ဆန်းစုကြည်က
ထပ်လောင်းပြောကြားသည်။"

ဒေါ်စုပြောထားတဲ့အထဲက အရေးမကြီးတာတွေကို ဖယ်ထုတ်ထားတာ။ "မိမိလုပ်ရပ်ကြောင့် သားသမီးများ ဘ၀တစ်လျှောက် ကဲ့ရဲ့ရှုတ်ချခံရမည့် မျက်နှာပူစေသောလုပ်ရပ်မျိုး" ဆိုတာ ဘာလဲ? စဉ်းစားဖို့လိုတယ်။ သူမြန်မာပြည်ပြန်လာကတည်းက အစိုးရကို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆန့်ကျင်မှုတွေချည်း လုပ်ခဲ့တယ်။ လူတိုင်းကတော့ ကိုယ်လုပ်တာကိုပဲ မှန်တယ် ထင်ကြတာ သဘာဝပဲ။ အဲဒိတော့ သူဘာလုပ်စေချင်တာလဲ ဆိုတာ စဉ်းစားကြည်လေ။ သူလုပ်ခဲ့သလိုပဲ လုပ်ဖို့ စကားကို ဝေ့ဝိုက်ပြီးပြောတယ်လို့ပဲ ကျွန်တော်နားလည်တယ်။ လိုရင်းကတော့ အနာဂတ်မှာ အပြစ်တင်ခံရလွတ်အောင် အစိုးရကို ဆန့်ကျင်ကြဖို့ တိုက်တွန်းတာပဲ။

လူတွေလမ်းပေါ်တက်ပြီးဆူပူကြ ဖမ်းကြ ပစ်ကြ သေကြ အဲဒါတွေဟာ ကောင်းသလား? အဲဒီမြှောက်ပေးတဲ့လူတွေက ဖမ်းကြ ပစ်ကြရင် တစ်ကောင်မှမရှိဘူး။ အဖမ်ခံစရာ သေစရာရှိတော့ ခလေးတွေခံရတာ။ ခင်ဗျားသားသမီးတွေ အဖမ်ခံ အသခံနိုင်သလား? ဖြေပါ။

အောင်ဆန်းစုကြည်ကို မိခင်ကောင်းတစ်ယောက်လို့ ခင်ဗျားယုံကြည် လား? ကိုယ်ကိုယ်တိုင် မိခင်ကောင်းတစ်ယောက် မဟုတ်ပဲ တခြားမိဘတွေကို ဆရာလုပ်တယ်ဆိုတာ မှန်ပါ့မလား? ဖြေပါ။


မနေ့ကပဲ မြန်မာပြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတဲ့အတွက် ရှက်စရာကောင်းတယ်ဆိုပြီး လူထုကိုပြောတယ်။

အမေရိကန်က လျှို့ဝှက်အဖွဲ့အစည်းတွေက ပြည်သူတွေဖုန်သာမက ပြည်ပခေါင်းဆောင် တွေရဲ့ဖုန်တွေကို ခိုးနားထောင်တယ်။ သူများနိုင်ငံတွေတဲမှာ ဒရုံးတွေနဲ့ပစ်ခတ်လို့ အပြစ်မဲ့အရပ်သားတွေသေရတယ်။ အမေရိကန်လူမဲလူငယ်တစ်ယောက်ကို လူဖြူရဲအရာရှိကပစ်သတ် တာ။ ဘင်လာဒင်ကို အရှင်ဖမ်းပြီး တရားစီရင်လို့ရပါလျက်နဲ့ အသေပစ်သတ်တာ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်တာတွေ မဟုတ်ဘူးလား?

အောင်ဆန်းစုကြည်က ဒါတွေတော့မပြောပဲနဲ့ ဘင်္ဂါလီတွေအားလုံးကို နိုင်ငံသားမပေးတာကိုကျတော့ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး အသံကောင်းဟစ်တယ်။ KIAဗိုလ်လောင်းတွေကျတယ်။ မင်္ဂလားယူပြီး ဝမ်းနည်းသလေး ဖြေရှင်းချက်ပေးလေး တက်အော်တယ်။ KIAလို မတရားအသင်းကို ထောက်ခံအားပေးရင် ပါတီကို ဖျက်သိမ်းရမယ်ဆိုတဲ့ ဖွဲ့စည်းပုံဥပဒေကို သူမသိဘူး။ လွှတ်တော်ထဲမှာ ဘာဥပဒေတင်ပြီးလို့ တင်ပြီးမှန်တောင်သူမသိဘူး။ သူပြောတဲ့ ဒီမိုကရေစီစစ်စစ်နဲ့သာသွားရင်း ထိုင်းထက်ဆိုးမယ်။

အောင်ဆန်းစုကြည်က ချီးစားဆိုရင် စားမဲလူတွေကလည်း အများကြီးပဲ။

ခင်ဗျားတို့ကို သဘောပေါက်စေချင်လို့ အချိန်ကုန်ခံပြီး ရှည်ရှည်ဝေးဝေး ရှင်းပြနေရတာပဲ။ တိုင်းပြည်ကို အေးအေးချမ်းချမ်းနဲ့ တိုးတက်စေချင်တယ်။



Khun July: ၁။ ဘင်္ဂလီကိစ္စမှာ နိုင်ငံသားပေးရမယ်လို့ ဒေါ်စု တခါမှ မပြောခဲ့ဘူး။ သူ ပြောခဲ့တာက ဥပဒေအတိုင်း ဖြစ်ရမယ်။ ဒီလူတွေဟာ တရားမဝင် ကူးဝင်လာတဲ့ တဘက်နိုင်ငံသားလား။ ဒါဆိုရင် နယ်နှင်ပေါ့။ ဒီမြေဒီရေမှာ ဘိုးဘွားဘီဘင်က နေထိုင်လာတဲ့သူလား။ အဲဒါဆိုရင် လက်ရှိတည်ဆဲ ဥပဒေအတိုင်း ဆောင်ရွက်ပေါ့။ အဲဒီ ရခိုင်က ဘင်္ဂလီတွေကို မျက်စိစုံမှိတ်ပြီး White Card ပေးခဲ့တာက ဘယ်သူလဲ ဆိုတာ ခင်ဗျား သိရင် ထုတ်ပြောပြပါလား။ White Card ကိုင်ဆောင်သူတွေ မဲပေးပိုင်ခွင့် ပေးရမယ်လို့ ပြောတာလဲ ဘယ်သူလဲ။ ခင်ဗျား သိရင် ပြောပြလိုက်ပါအုံး။

၂။ KIA ကိစ္စမှာ ဒေါ်စုက ဝမ်းနည်းကြောင်း ပြောတာဟာ အမျိုးသား ရင်ကြားစေ့ပေါ်လစီကြောင့်လို့ ကျွန်တော်က မြင်တယ်။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတွေ အတွက် ကချင်ဘက်ကို ဝမ်းနည်းစကား ဆိုပေးတယ်ပေါ့။ အဲဒီတုန်းက လူတွေ မြင်တာကလည်း တပ်မတော်က ကချင်ဘက်ကို ဘာမပြောညာမပြော ဒုံးကျည်နဲ့ ထုလိုက်တာကိုးဗျ။ စစ်တပ်ဘက်ကိုကျတော့ မပြောဘူးလား ဆိုပြီး ကလေးအထာနဲ့ လာ စိတ်မကောက်ပြနဲ့အုံး။ ကြိုပြောထားတာ။ ဒေါ်စုက ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကို အမြင်ရှင်းတယ်။ ချစ်ခင်တယ်။ အဲဒါမျိုးတွေ ပြောခဲ့တာ ခဏခဏပဲ။ ခင်ဗျား မဖတ်မိလို့ မမြင်မိတာက တပိုင်းပေါ့လေ။

၃။ အခြေခံဥပဒေမှာ မတရားအသင်းကို ထောက်ခံအားပေးရင် ပါတီ ဖျက်သိမ်းရမယ်။ အိုခေ ဟုတ်ပြီ။ အခု အစိုးရခေတ်မှာ KIA ကို မတရားအသင်း ကြေညာထားလား။ အဲဒါကိုတော့ ကျွန်တော် သေချာ မသိပါ။ အကယ်လို့ မတရားအသင်း ဖြစ်နေရင် သူ့ပါတီကို ဖျက်သိမ်းဖို့ အစိုးရက လုပ်လိုက်ပါ။ ကျွန်တော် ဘာတခုမှ မပြောပါဘူး။

အေး... ဒါပေမယ့် တခုတော့ ပြောစရာ ရှိလာမယ်။ အခြေခံဥပဒေမှာ ပြဌာန်းထားတာလေး တခုပေါ့။ နိုင်ငံတော်အလံမှာ ရေးခြစ်တာတွေ အမှတ်အသား ပြုလုပ်တာတွေ မလုပ်ရဘူး။ လုပ်ရင် ထောင်ဒဏ် အပြစ်ပေးခံရမယ်။ ကျွန်တော်တို့ရဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ကာချုပ်ကြီး မင်းအောင်လှိုင်တို့ကို အခြေခံဥပဒေအတိုင်း ထောင်ချပေးပါ။ အဲဒီလိုပဲ အခမ်းအနားတခုမှာ နိုင်ငံတော်အလံကို ဇောက်ထိုးလွှင့်ထူခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကိုလည်း ထိထိရောက်ရောက် အရေးယူပေးပါ။ မျှမျှတတပေါ့ဗျာ။



U Thant Zin: အောင်ဆန်းစုကြည် သူ့သား ၂-ယောက်ကိုတောင် မထိန်းသိန်းနိုင်ပဲ ခလေးမအေတွေကို မြှောက်ပေးနေတာ မင်းသိသွားပြီလား။ မတရားအသင်းကို အားပေးအားမြှောက်လုပ်ရင် ပါတီကိုဖျက်သိမ်းရမယ် ဆိုတာ တရားဥပဒေစိုးမိုးရေဥကဌကြီးက သိပုံမရဘူး။ KIA ဗိုလ်လောင်းတွေသေတော့ ဝမ်းနည်းတယ်။ ဖေဖေတပ်မတောသားတွေ အတုံအရုံးကျ တာကျတော့ ဝမ်းနည်းရကောင်းမှန်မသိတဲ့ ခွေးမ။ မင်းလည်း နောင်လာနောက်သားတွေ အကဲ့ရဲ့မခံရအောင် လမ်မပေါ်တက်ပြီး ဆန်ဒပြဦးလေ ဘာဖြစ်သွားမလဲ သိရအောင်။ မင်းတို့အမေခေါ်နေတဲ့ လင်တရူးမကြီး အိုဘားမားလာတုန်းက မနေနိုင်မထိုင်နိုင် ဖင်ယားပြီး တက်မလုပ်ရုံတမယ် စောက်ရှက်မဲတာ မင်းတို့ မရှက်ကြဘူးလား? ငါတို့ကတော့ International Prostituteကြီးလို့ပဲ သတ်မှတ်တယ်။ ဒါကြီးများ သမတဖြစ်ရင် မြန်မာပြည် ဖာနိုင်ငံဖြစ်ပြီ။ အလံစောက်ထိုးတင်တာ ဦးသိန်းစိန်တို့ ကာချုပ်တိုလား? တင်တဲ့လူကို သွားအရေးယူလေ။ ပြောစရာမရှိ ဆင့်တန်ဆာ အနာလုပ်နေတယ်။ မင်းကတော့ အောင်ဆန်းစုကြည် ချီးကျွေးရင်တောင် အိုက်စကရင်အမှတ်နဲ့ စားမဲ့အကောင်ပဲ။ မကျေနပ်ရင် လမ်းပေါ်တက် ဆန်ဒပြကြ ဘာဖြစ်သွားမလဲ သိရအောင်။ မင်းကို ကောင်းကောင်းမွန်မွန် ရှင်းပြနေလို့လည်း ကျွဲပါးစောင်းတီးပဲ။ အချိန်ကုန်တယ်။



Khun July: တေဇတို့ တောင်တက်တုန်းက မြန်မာနိုင်ငံအလံ ယူသွားဖို့ လုပ်တယ်။ အဲဒီအလံမှာ ဦးသိန်းစိန်နဲ့ ကာချုပ်ကြီးတို့ လက်မှတ်ထိုးမိတယ်။ ခင်ဗျား ဒါတွေ မသိဘူး မဟုတ်လား။ သိရဲ့သားနဲ့ မသိချင်ဆောင်တာလည်း ဖြစ်နိုင်တယ်။ ဒါကိုများ ဆင့်တန်ဆာကို အနာလုပ်တယ် ထင်တယ်။ ခင်ဗျားကမှ တဘက်ပိတ် ဖြစ်နေတာ။ ကျွန်တော် ပြောတာက အကျိုးအကြောင်း ပါတယ်။ ခင်ဗျားလို့ အားရှိရှိ ဖင်ပိတ်ငြင်းနေတာ မဟုတ်ဘူး။

အလံဇောက်ထိုးတင်တာက ပြည်ခိုင်ဖြိုးပါတီလေ။ သူတို့ပါတီ အခမ်းအနားမှာကို တင်တာ။ ခင်ဗျားက NLD ပါတီအကြောင်းပြောတော့ ကျုပ်လည်း ပြည်ခိုင်ဖြိုးပါတီအကြောင်း ပြန်ပြောတာ။ ဟဲဟဲ အနာပေါ် ဒုတ်မကျစမ်းပါနဲ့။

အခုထိ ဒေါ်စုက ကျုပ်တို့ကို လမ်းပေါ် မတက်ခိုင်းဘူး။ ခင်ဗျားပဲ ကျုပ်တို့ကို လမ်းပေါ် တက်ကြည့်ခိုင်းနေတယ်။ တကယ်တော့ ခင်ဗျားကမှ ရှက်သင့်တာဗျ။ ခင်ဗျားရဲ့ တိုင်းပြည်ကို ဖျက်ဆီးချင်နေတဲ့ စိတ်ရင်းက ဖုံးမနိုင် ဖိမနိုင်ပဲဗျာ။

ကျုပ်က မြန်မာလို ရှင်းရှင်းလေး ရေးပြထားတာကိုမှ ခင်ဗျား နားမလည်တာ အံ့သြတယ်။ တကယ်တော့ ခင်ဗျားက စာမဖတ်တတ်တာဗျ။ ဆယ်တန်းရော အောင်ရဲ့လားဗျာ။ အဲဒါများ ကျုပ်ကိုများ ကျွဲပါးစောင်းတီးတဲ့။ ခင်ဗျားကို ပလာတာ မကျွေးချင်ဘူးဗျာ။


 ------------------------------------

ပြီးပါပြီ ခင်ဗျာ...

အခုချိန်အထိတော့ သူ ဆက် မရေးတဲ့အတွက် ကျွန်တော် ဘာမှ ထပ်မရေးဖြစ်သေးပါ။ သူသာ ဆက်ရန် ရှိခဲ့ရင် ကျွန်တော်လည်း ဆက်ရန်တွေ ရှိလာမှာ ဖြစ်ကြောင်း...


ပလာတာအကြော်ဆရာ
မောင်ဇူလိုင်

Friday, January 16, 2015

Managed your windows

အရင်ရုံးတုန်းက အိုင်တီလုံခြုံရေးပေါ်လစီအရ ဘယ်ကွန်ပျူတာမဆို သုံးနေတဲ့လူ အနားမှာ မရှိနေရင် Lock ချခိုင်းထားတယ်။ အိမ်သာ သွားတာပဲ ဖြစ်ဖြစ်၊ ရေနွေးသွားယူတာပဲ ဖြစ်ဖြစ် ကိုယ့်စက်နားမှာ ကိုယ်မရှိရင် စက်ကို သူများ ဝင်သုံးလို့ မရအောင် password နဲ့ Lock ချရတယ်။

ကိုယ့်အဖွဲ့က လူတွေက အများအားဖြင့် အဲဒီလို မလုပ်ကြဘူး။ အဲဒါကို ပညာပေးချင်တာနဲ့ သူတို့ ဖွင့်သွားတဲ့ စက်ကနေ အီးမေးလ်တစောင် ရိုက်လိုက်တယ်။ အီးမေးလ်ထဲမှာ ပေါက်တက်ကရတွေ ရေးပြီး သူတို့ကြောက်ကြတဲ့ အပေါက်ဆိုးတဲ့ လူကြီးဆီကို လိပ်မူပေးထားတယ်။ Send ဆိုတာကိုတော့ မနှိပ်တဲ့အတွက် စာကတော့ တကယ်မပို့ဘူးပေါ့။ ဒီအတိုင်းလေးပဲ စာတွေရိုက်ပြီး Lock ချထားခဲ့ပေးတယ်။ သူတို့ ပြန်လာလို့ ဝင်ကြည့်ရင် သူ့တို့ ကွန်ပျူတာမှာ အဲဒီ စာက အရံသင့် ကြိုနေပြီလေ။ ပြီးရင်တော့ သူတို့ကို အဲဒါမျိုးတွေ သတိထားဖို့ သွားပြောပြပါတယ်။ အဲဒါမျိုးတွေ ခဏခဏ ကြုံပြီးတဲ့နောက် သူတို့လည်း ကွန်ပျူတာကို Lock ချတဲ့ အကျင့်ရသွားတယ်။

အခုတလော Facebook မှာ တကယ့်သုံးတဲ့သူ ကိုယ်တိုင် ဟုတ်မဟုတ် မသေချာတဲ့ အကောင့်တွေနဲ့ ပွဲဆူစေတဲ့ စာတွေကို ရေးနေတာ တွေ့နေရတော့ အဲဒါလေးကို အမှတ်ရမိသွားတယ်။ အညာသားတွေကို ပါးချပစ်ချင်တာတို့... လေးဖြူနဲ့ စိုင်းစိုင်းကြား ရန်တိုက်ပေးနေတဲ့ စာတွေ တင်တာတို့... အစုံပါပဲ။

Facebook ခေတ်မစားခင် GTalk တုန်းကလည်း အဲဒီလိုကိစ္စတွေ ရှိဖူးပါတယ်။ ကိုယ့်အကောင့် မဟုတ်ပဲ Log off လုပ်ဖို့ မေ့သွားတဲ့ သူများအကောင့်ကနေ ဝင်ပြီး တခြားသူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေ၊ တဘက်လူက အထီးအမ ဘာမှန်း သေချာမသိပဲ တွေ့ရာလူကို ချစ်ကြောင်းကြိုက်ကြောင်း ပြောတာတွေ စုံပလုံစိနေတာပဲ။ ခံခဲ့ဖူးပေါင်း မနည်းတော့လည်း ဒါမျိုးတွေက ကိုယ်တွေ့တွေပေါ့လေ။

ပြောချင်တာကတော့... စဉ်းစားဆင်ခြင်နိုင်တဲ့... အသိဥာဏ်ပုံမှန် ရှိနေတဲ့ လူတယောက်အဖို့ ကိုယ့်သိက္ခါကျစေမယ့် ကိုယ့်ကို ဝိုင်းပြီး ဆဲမယ့် ကိုယ့်အရှက်ကို ကွဲစေမယ့် စာမျိုးပုံမျိုးကို ရည်ရွယ်ချက် ရှိရှိ တင်ဖို့ဆိုတာ သိပ်တော့ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ကို အပုတ်ချချင်လို့ နောက်ကျောဓါးနဲ့ထိုးချင်လို့ ရည်ရွယ်ချက်ရှိရှိ ဓါတ်ပုံကအစ ကွက်တိတူအောင် လုပ်ထားတဲ့ အကောင့်အတုကနေ ဒါမှမဟုတ် တကယ့်အကောင့်ကိုပဲ သူမရှိတဲ့အချိန် ဝင်သုံးပြီး ပေါက်တက်ကရတွေ တင်တာမျိုးနဲ့ လုပ်ကြံနိုင်ပါတယ်။ အမြင်ကတ်လို့ လုပ်တာ ဖြစ်နိုင်သလို အပျော်အပျက် စ နောက် ချင်လို့ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဲဒီလိုတင်လိုက်တဲ့ စာတွေကို ဖတ်ပြီး အချင်းချင်း ဒေါသတွေ မဖြစ်နေကြပါနဲ့။ ဆဲဆို မနေကြပါနဲ့။ နှစ်ပြားမတန်အောင် ဝိုင်းပြီး အပြစ်တင် အပုတ်ချ မနေကြပါနဲ့။ မဆိုင်တဲ့သူခမျာ ဘုမသိဘမသိပဲ မိအေး နှစ်ခါမက နာစေနိုင်ပါတယ်။ အဲဒီအချိန်မှာ တကယ့်တရားခံအစစ်က နောက်ကွယ်ကနေ တခွိခွိ ရယ်နေလောက်ပါပြီ။

ပြတင်းပေါက် ဖွင့်လိုက်ရင် အေးမြတဲ့ လေပြည်တွေ ဝင်လာသလို အမှိုက်သရိုက်တွေလည်း ဝင်လာနိုင်ပါတယ်။ ကိုယ့်ပြတင်းပေါက်ကို ဖွင့်မလား မဖွင့်ဘူးလား ဆိုတာတော့ ကိုယ်ပိုင်အခွင့်အရေးပါ။ ဖွင့်သင့်သလောက် ဖွင့်ပြီး ပိတ်သင့်သလောက် ပိတ်ထားနိုင်ပါစေ...