.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, December 21, 2012

Sharing the joyness in Ad-hoc basic

ဒီနေ့ နေ့လည်စာ စားပြီးပြန်လာတော့ ရုံးက စားပွဲပေါ်မှာ စက္ကူအိတ်အဖြူကြီး တင်ထားတာ တွေ့လိုက်တယ်။ အိတ်က ၁ ပေခွဲလောက် မြင့်တယ်။ အထဲမှာ အသီးခြောက်တွေနဲ့ လုပ်ထားတဲ့ ချော့ကလက် ကိတ်မုန့်ကြီးတခု။ ဈေးပေါမယ့်ဟာမျိုးတော့ မဟုတ်လောက်ဘူး။ စင်္ကာပူမှာ ကိတ်မုန့်ဈေးကတော့ ဒေါ်လာ ၃၀ ကနေ ၅၀ ကြားလောက်မှာ ရှိမယ်။ ဟိုတယ်တွေမှာ ဖွင့်ထားတဲ့ ဆိုင်အကောင်းစားကနေ ဆိုရင် ဒီထက်မက ဈေးပိုပေးရတယ်။

ဒီဇင်ဘာလဆိုတော့  အဲဒီဟာက ခရစ်စမတ်လက်ဆောင် ဖြစ်မယ်လို့ပဲ တွေးလိုက်တယ်။ ပေးမယ့်သူကလည်း ကျွန်တော်တို့ဌာနရဲ့ ဘော့စ်ပဲ ဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုံးက စားပွဲတိုင်းမှာ မရှိဘူးလေ။ ဘော့စ်ရဲ့ လက်အောက်မှာ လုပ်နေတဲ့ ကျွန်တော်တို့ ၅ ယောက်ရဲ့ စားပွဲတွေမှာပဲ အဲဒီအိတ်တွေကို တွေ့ရတာပါ။  ဘော့စ်က စင်္ကာပူငယ်မွေးခြံပေါက် ခရစ်ယာန်ဘာသာဝင်ပါ။ အိမ်ထောင်ရှိပေမယ့် ကလေးမရှိဘူး။ လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်စားတာတွေ့ရတယ်။ ကမ္ဘောဒီးယားမှာ မိဘမဲ့ကလေးတွေကို ကျောင်းတွေ ဆောက်ပေးတာ၊ ကစားကွင်းတွေ ဆောက်ပေးတာကို သာသနာပြုအဖွဲ့တွေနဲ့အတူ လုပ်အားပေးတာမျိုး လုပ်တယ်။ ငွေလည်း လှူတာပေါ့။

ကိတ်မုန့်ကြီးကို  အိမ်ကို ယူသွားပြီး အိမ်ကလူတွေနဲ့ ခွဲစားမယ်လို့ အစပထမတုန်းမှာ စိတ်ကူးလိုက်တယ်။ ရုံးစောစောဆင်းလို့ ရပေမယ့် အဲဒီအိတ်နဲ့ လူကြပ်တဲ့ ရထားပေါ်မှာ အဆင်မပြေပါဘူး ဆိုပြီး ရုံးက ဖယ်ရီဘတ်စ်ကားကိုပဲ စောင့်စီးမယ်လို့ စိတ်ကူးမိတာနဲ့ ရုံးမှာပဲ အလုပ် ဆက်လုပ်နေလိုက်တယ်။ ရုံးဆင်းချိန်ရောက်တော့ ရုံးဝင်းအပြင်က ဘတ်စ်ကားစီ လမ်းလျှောက်လာတုန်း ဝင်းထိပ်က လုံခြုံရေးတွေကို တွေ့မိတယ်။ သူတို့တွေက ရုံးပြန်တဲ့လူမှန်သမျှရဲ့ အိတ်တွေကို ရုံးဝင်းထိပ်မှာ ဖွင့်စစ်လေ့ရှိတယ်။

အဲဒီမှာ စဉ်းစားမိတာက... ဒါမျိုးမုန့်တွေက ကိုယ်တွေအနေနဲ့ မကြာခဏ စားဖူးတယ်။ ရုံးက လုပ်တဲ့ပွဲတွေမှာလည်း စားဖူးတယ်။ မွေးနေ့ပွဲတွေမှာလည်း စားဖူးတယ်။ ဧည့်ခံပွဲတွေမှာ စားဖူးတယ်။ ဟိုလူက ဝယ်ကျွေး ဒီလူက ဝယ်ကျွေး... အဲဒီဟာမျိုးမှာလည်း စားဖူးတယ်။ စားချင်ရင်လည်း ဝယ်စားနိုင်တယ်။ ဟိုဦးလေးကြီးတွေကတော့ မိုးလင်းမိုးချုပ် လုပ်ရပေမယ့် လခလည်း နည်းရှာတယ်။  ရုံးမှာ လုပ်တဲ့ပွဲတွေကိုလည်း အဖိတ်ခံရမျိုး မဟုတ်ဘူး။ ဒါမျိုးကိတ်မုန့်တွေကို ငွေကုန်ကြေးကျခံပြီး ဝယ်စားမှာလည်း မဟုတ်လောက်ဘူး။ ဒါနဲ့ပဲ အိမ်ကို ယူသွားမယ့် ကိတ်မုန့်ကို အဲဒီဦးလေးကြီးတွေ လက်ထဲ ထည့်ပေးလိုက်တော့တယ်။ ရုတ်တရက် ကြောင်နေတဲ့ သူတို့တွေကို ခရစ်စမတ် လက်ဆောင်လို့ ပြောပြီး ပေးလိုက်တယ်။ သူုတို့တွေကို ဂရုတစိုက် အလေးထားတဲ့သူတွေ ရှိမှန်း သူတို့ သိသွားရတာပေါ့လေ။

ဒီနေ့ ဘာလုပ်မယ် ညာလုပ်မယ် ကြိုတင် မရည်ရွယ်ထားပဲ ရှိတာလေးနဲ့ ကြုံသလိုလေး အဆင်ပြေသလိုလေး ပေးလှူခဲ့ဖြစ်တယ်။ အလှူကြီး အတန်းကြီး မဟုတ်တာ... တန်ဖိုးကြီးတာ မကြီးတာ အပထား။ အခုလို ဖျတ်ခနဲ ပေးလှူဖြစ်တာမျိုးလေးကို သဘောကျမိတယ်။ အဲဒါမျိုးအကျင့်က ပါပါးဆီက အမွေရတာလို့ ပြောနိုင်တယ်။ ပါပါးက အဲဒါမျိုး ဖျတ်ခနဲ ပေးကမ်းတာမျိုးတွေ ခဏခဏ လုပ်ဖူးတာ ငယ်ငယ်ကတည်းက မြင်ဖူးတယ်။ သူက မရှိဆင်းရဲသားတွေကို ကျွေးမွေးတယ်။ ပေးကမ်းတယ်။ ပြည့်နေတဲ့ အိုးတွေကို ထပ်ဖြည့်တာထက် မပြည့်တဲ့အိုးတွေကို ဖြည့်ဆည်းပေးတာ ပိုကောင်းတယ်။ ဒါမျိုးအကျင့်ကို တကူးတက သင်ပေးထားတာမျိုး မဟုတ်ပေမယ့် အဲဒီအမူအကျင့်က ကျွန်တော့်ဆီကို အတုမြင်အတတ်သင် ဆိုသလိုမျိုး ကူးလာတယ်လို့ ထင်တယ်။

တကယ်ပါ... ဒါမျိုးအလှူတွေက မကြီးကျယ်လှပေမယ့် စိတ်ထဲမှာတော့ အထူးတလည် ပီတိဖြစ်ရပါတယ်။

Thursday, November 22, 2012

Missing someone

ဒီည ညစာကို ထမင်းစားချင်စိတ် မရှိဘူး။ နေ့လည်က ၁ နာရီကျော်မှ ထမင်းစားထားတာ။ စားတာကလည်း  ဆော်လမွန်ငါး ဂျပန်စာ ထမင်းဘူး။ ထမင်းတွေက ဆန်လုံးညိုတွေ ပြောင်းဆန်တွေ။ ပန်းကန်လုံး တလုံးစာ ဆိုပေမယ့် ဗိုက်အတော်လေး ပြည့်တယ်။ ည ၇ နာရီကျော်တဲ့အထိ ဗိုက်မဆာတာကိုပဲ ကြည့်ပေတော့။ အဲဒီနဲ့ အသီးတွေပဲ စားတော့မယ်ဆိုပြီး FairPrice ကို ဝင်လိုက်တယ်။ ညဘက်အထိ အစာခံတာကတော့ ပန်းသီးပေါ့။ ဒါနဲ့ ပန်းသီး ငါးလုံး ဝယ်လိုက်တယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးပေးတဲ့ကျွန်တော့် ထုံးစံအတိုင်း ပလတ်စတစ်အိတ် မယူဘူး။ စိတ်ထဲမှာ ဖျတ်ခနဲ တယောက်သောသူကို သတိရလိုက်တယ်။ သူကတော့ နှမ်းတလုံးနဲ့ ဆီမဖြစ်ပါဘူးဆိုပြီး ပလတ်စတစ်အိတ် ချွေတာရေးသမား ကျွန်တော်ကို အိညောင်အိညောင် ပြောတတ်တဲ့ တယောက်ပေါ့။ ပန်းသီးကို ပလတ်စတစ်အိတ် ယူပြီး မထည့်ရင် သူက ရွှေငါးတွေလို ပါးစပ်က ပွစိပွစိ လုပ်တတ်တယ်။

ပန်းသီးပြီးတော့ နဂါးမောက်အသီးအနီ ထပ်ဝယ်တယ်။ သူကတော့ အခွံ နွှာရတာ လွယ်မယ်လေ။ ရန်ကုန်မှာတုန်းက အဲဒီအသီးတွေက အလေးချိန်နဲ့ ရောင်းတာ။ ဝယ်စားရတာ မတန်ဘူးလို့ မြင်မိတယ်။ စင်္ကာပူမှာက အလုံးလိုက်ပဲ ရောင်းတာဆိုတော့ ဒီရောက်မှပဲ စားလို့ ချစ်သူက ပြောဖူးတယ်။ အဲဒီနားမှာပဲ သြဇာသီးတွေကို ထပ်တွေ့ပြန်တယ်။ သြဇာသီးက အပူစာ... ဖြစ်တော့ ပုံမှန်အားဖြင့် ကျွန်တော် စားလေ့မရှိဘူး။ ဒါပေမယ့် နဂါးမောက်သီးက အအေးစာဆိုတော့ အပူအအေး မျှပါတယ်လေ ဆိုပြီး သြဇာသီးတွေ ဝယ်ဖြစ်တယ်။ သြဇာသီးတွေဆိုတာက တယောက်သောသူ သိပ်ကြိုက်တဲ့ အသီးပေါ့။ သူ မစားရလို့ နှုတ်ခမ်းစူနေမလား ဆိုပြီး စိတ်ထဲမှာ သတိရမိလိုက်သေးတယ်။

အိမ်အပြန်လမ်းမှာလည်း ရုံးကားက Woodlands မီးပွိုင့်ကို ရောက်တဲ့အချိန် Woodlands Interchange က ထွက်လာတဲ့ 911 ဘတ်စ်ကားဖြတ်သွားတာကို တွေ့လိုက်တဲ့အခါ... ချစ်ရသောသူကို သတိရမိပြန်တယ်။ အရင်တုန်းက အဲဒီဘက်မှာ နေဖြစ်ခဲ့တာ ဆိုတော့ ရုံးကားပေးပို့တဲ့နေရာကနေ ၄ မှတ်တိုင်လောက် ဝေးတဲ့ အိမ်ဆီကို အဲဒီဘတ်စ်ကားနဲ့ပဲ ပြန်တာကိုး။ အိမ်အရောက် နောက်ကျရင် ပြတင်းပေါက်ကနေ မျှော်နေရတဲ့သူ လည်ပင်းညောင်ရေအိုး ဖြစ်မှာ စိုးတာနဲ့ အိမ်နားက မှတ်တိုင်ကို ရောက်တာနဲ့ ကျွန်တော်တယောက် အိမ်ကို သုတ်ခြေတင်လေ့ ရှိတယ်။ နေအလင်းရောင် မပျောက်ခင် လက်မတင်လေးမှာ အိမ်ရောက်လေ့ ရှိတယ်လေ။ ဟိုဟိုဒီဒီ လမ်းမများတတ်တဲ့ ကျွန်တော်ကတော့ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ် ဒီနှစ်ခုကြားမှာပဲ လွန်းထိုးနေတာ များပါတယ်။

ညနေပိုင်း အလုပ် လုပ်နေတုန်း အရင်က နေခဲ့ဖူးတဲ့ Choa Chu Kang အိမ်နားက စကားပင်ကြီးနဲ့ လမ်းမတွေကို မဆီမဆိုင် သတိရမိပြန်တယ်။ အဲဒီမြင်ကွင်းက ခဏခဏ စိတ်ထဲမှာ ပေါ်လာတတ်တယ်။ မိုးမအုံ့တအုံ့အချိန် နေလေးလည်း ပူနေတဲ့အချိန်... Giant ကို ဈေးဝယ်ထွက်ဖို့ ချစ်ရသောသူနဲ့ ဈေးခြင်းအပြာလေးကို တွန်းပြီး ထွက်တဲ့အခိုက်အတန့်မှာ မြင်ရတဲ့ မြင်ကွင်းလေးပါ။ အဲဒီမှာ စကားပန်းတွေ ပွင့်နေတာလည်း မြင်ရလိမ့်မယ်။  စနေ တနင်္ဂနွေမှာ ဈေးဝယ်ထွက်တဲ့ အချိန်မျိုး ဖြစ်မယ်။ တယောက်သောသူကို သတိရရင် အဲဒီလို မြင်ကွင်းလေး ခေါင်းထဲမှာ ပေါ်လာတတ်တယ်။ သေချာတာတခုက ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းတယ် ဆိုတာပါပဲ။

အိမ်ပြန်ရောက်တဲ့အခါ အိပ်ခန်းထဲ ဝင်လိုက်တော့ အခန်းကြီးက ပူပြီး မွန်းကျပ်နေသလို ခံစားရစေတယ်။ မနက် ရုံးသွားကတည်းက ပြတင်းပေါက်တွေ တံခါးတွေ ပိတ်ထားတာကိုး။ အရင်ကဆို အိမ်ပြန်လာတဲ့အချိန် အိပ်ခန်းထဲ ဝင်လိုက်ရင် အခုလို ပိတ်လှောင်ထားတဲ့ ခံစားမှုမျိုး မရှိခဲ့ဘူး။ အဲဒီအခိုက်အတန့်မှာလည်း တယောက်သောသူကို သတိရမိပြန်တယ်။ သူသာ ရှိနေရင် ပြတင်းပေါက်တွေက ဖွင့်ထားမှာပဲလေ။ သူက မွန်းကျပ်မှုကို မကြိုက်ဘူး။ ပြတင်းပေါက်တွေကို မိုးရွာတဲ့အချိန်မှာတောင် ဖွင့်ထားချင်တဲ့သူ။ မိုးမသည်းတဲ့အချိန် မိုးပက်မှာ စိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြတင်းပေါက် ပိတ်တဲ့ ကျွန်တော်ဟာ သူနဲ့ ထိပ်တိုက်တိုးတော့တာပါပဲ။

ပြောချင်တာလေး တခုက... သတိရတယ် ဆိုတာ စက္ကန့်ပိုင်းလောက်ပဲရှိတဲ့ အချိန် အခိုက်အတန့်လေးပါ။ ဒါပေမယ့် အဲဒီသတိရတာလေးကို တန်ဖိုးနည်းတယ်လို့ မလေးနက်ဘူးလို့ မထင်မှတ်လိုက်ပါနဲ့။ သတိရလောက်အောင် စွဲမှတ်ထားတဲ့အရာတွေသာ အတွေးထဲမှာ ပြန်ပေါ်လာတာပါ။ အလုပ်တွေ များနေတဲ့အချိန်မှာတောင် ဖျတ်ခနဲ ပေါ်လာနိုင်စွမ်းရှိတဲ့ အတွေးတပိုင်းတစပေါ့။ အဲဒီလို သတိရခြင်းမှာ  အလုပ်အကိုင် အစားအသောက် မပျက်ပါဘူး။ မျက်ရည်တွေ တစိမ့်စိမ့်ထွက် နှာရည်တွေ တရှုံ့ရှုံ့ ဖြစ်မနေပါဘူး။ အလုပ်ပျက် အစားပျက် အအိပ်ပျက်တဲ့အထိ လွမ်းဆွေးနေတာမျိုးထက်လည်း သတိရခြင်းဟာ ပို ကောင်းပါတယ်။ ဒါကြောင့် သတိရခြင်းဟာ ကျန်းမာရေးနဲ့ ပြည့်စုံစေပါတယ်။ သတိရခြင်းဟာ မမေ့ဘူးဆိုတာကိုလည်း သက်သေထူပါတယ်။ သတိရခြင်းဟာ တမ်းတမှုကိုလည်း ဖော်ကျူးပါတယ်။

ဗေဒင်မေးစရာ မလိုအောင် သေချာတာကတော့ အခုပိတ်ရက် စနေ တနင်္ဂနွေမှာလည်း တယောက်သောသူကို သတိရမိအုံးမယ်။ အင်း... ကိုယ့်ဘာသာ အဝတ်တွေ လျှော်ရတော့မယ်။ မီးပူ တိုက်ရတော့မယ်။ သေချာပါတယ် ကျွန်တော် သူ့ကို သိပ်သတိရနေမှာပါ။