.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, December 31, 2009

2009 Summary

၂၀၀၉ ခုနှစ်အတွက် အကျဉ်းချုပ်မှတ်တမ်းလေးပါ။ ဖြစ်ခဲ့တာတွေ ရှိခဲ့တာတွေကို အချိန်ကာလတစ်ခု အကြာမှာ မေ့သွားနိုင်တဲ့ သဘောရှိနေလို့ အရှိကို အရှိအတိုင်း မှတ်မိသလောက် ရေးမှတ်ထားလိုက်ပါမယ်။


ဒီနှစ်အတွင်းမှာ နိုင်ငံရပ်ခြားကို ခရီးနှစ်ခါ ထွက်ဖြစ်တယ်။ နီးနီးနားနား မလေးရှားပေါ့။ တစ်ခုက ရှေးလက်ရာ အဆောက်အဦးတွေရှိတဲ့ မလက္ကာ၊ နောက်တစ်ခုက စတော်ဘယ်ရီခြံ၊ လက်ဖက်ခင်းတွေနဲ့ အေးချမ်းလှတဲ့ ကင်မရွန်းကုန်းမြင့်။ အဲဒီလိုပဲ မြန်မာပြည်ကို နှစ်ခေါက်တောင် ပြန်ဖြစ်ခဲ့တယ်။ ပထမတစ်ခေါက်က သူငယ်ချင်း မင်္ဂလာဆောင်မှာ ဓါတ်ပုံပြန်ရိုက်ပေးတာပါ။ ကျိုက်ထီးရိုးဘုရားလည်း ဖူးဖြစ်လိုက်တယ်။ နောက်တစ်ခေါက်က ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ခဏလေးပဲ ပြန်ဖြစ်ခဲ့တယ်။ အဲဒီတစ်ခေါက်က ရန်ကုန်မှာပဲ အချိန်ကုန်ခဲ့တယ်။


ဒီနှစ်မှာ ပီတိတွေနဲ့ ပျော်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်။ အွန်လိုင်းကမ္ဘာက သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှု အကူအညီနဲ့ မြန်မာပြည်အတွက် လူမှုရေးကူညီမှုနှစ်ခု လုပ်ပေးဖြစ်ခဲ့တယ်။ တစ်ခုက ခြင်ဆေးမှုတ်တာ။ ရန်ကုန်မှာ သွေးလွန်တုပ်ကွေးတွေ ဖြစ်လွန်းလို့ သက်သာရာ ရပါစေကြောင်း စာသင်ကျောင်းတွေမှာ ခြင်ဆေးမှုတ်၊ ခြုံရှင်း၊ မြောင်းဖော်ဖို့အတွက် အကူအညီတွေ ပေးဖြစ်ခဲ့တယ်။ နောက်တစ်ခုက အရုပ်လက်ဆောင်ပေးတာ။ သုခရိပ်မြုံဂေဟာက မိဘမဲ့ကလေးတွေ ပျော်ရွှင်ပါစေကြောင်း ခရစ်စမတ်နေ့မှာ အားဆေးတွေ မုန့်တွေ ကစားစရာအရုပ်တွေ လက်ဆောင်ပေးနိုင်ဖို့အရေး အဝေးကနေ စီစဉ်ပံ့ပိုးကူညီပေးခဲ့တယ်။ ပျော်ရွှင်မှုတွေ ဝေမျှနိုင်ခဲ့တယ်။


ဒီနှစ်အတွင်းမှာ ရင်ဘတ်တစ်ခုအပြည့် နာကျည်းစရာတွေ ရှိခဲ့တယ်။ တိုးလို့တန်းလန်း မပြတ်သားခဲ့တဲ့ အရာတွေကို သမင်လည်ပြန် ကြည့်စရာ မလိုလောက်အောင် ပြတ်သားတဲ့အဖြေတွေကို မျှော်လင့်ထားသလို ရခဲ့လိုက်တယ်။ သံယောဇဉ် လက်ကျန်တွေကြောင့် အရာရာကို အလျှော့ပေးပြီး အပြောင်းအလဲတစ်ခုကို စောင့်မျှော်ခဲ့ပေမယ့် ပြန်ရလာတဲ့ ရလဒ်ကတော့ အစိမ်းလိုက်ကွဲတဲ့ အသည်းနှလုံးတစ်ခုပါပဲ။ အတူပါလာတဲ့ သူငယ်ချင်းတွေရဲ့ တောက်ခေါက်သံတွေ ကြားကနေ မဲ့တဲ့တဲ့ အပြုံးတစ်ပွင့် ဖျတ်ခနဲ လင်းလက်သွားတယ်။ အချိန်က ကုစားမှာပါ။


ဒီနှစ်အတွင်းမှာ အွန်လိုင်းကမ္ဘာမှာ ကျပ်မပြည့်တဲ့လူတွေကြောင့် ဒေါသအလိပ်လိုက် ထိန်းမနိုင် သိမ်းမရ ထွက်ခဲ့ရတယ်။ ပုဆိုးခြုံထဲက လက်သီးပုန်းပြကြတဲ့ ဟိုမရောက် ဒီမရောက် ဘယ်လိုဟာမျိုးနဲ့ နှိုင်းရမှန်း မသိရလောက်အောင် အောက်တန်းစား ကလေက၀ထက် အဆင့်အတန်း နိမ့်ကျတဲ့လူတွေကို ကြုံခဲ့ရတယ်။ တို့မီး ရှို့မီးနဲ့ မဟုတ်မမှန် ပလီပလာ လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးပြီး အပုတ်ချတာ နောက်ဆုံးမှာတော့ အပုပ်ချခံရတဲ့သူတွေခမျာ အပူအပုပ်တွေ ကင်းသွားရှာတယ်။ ၀မ်းနှုတ်ဆေးရဲ့ ရလဒ်ကတော့ ခင်မင်ရင်းစွဲ ရှိနေတဲ့သူအချင်းချင်း အရင်ကထက် ပိုပြီး စည်းလုံးသွားတယ်။ မိတ်ဆွေအသစ်တွေ ရလိုက်တယ်။


ဒီနှစ်မှာ ရွှေရုပ်ကလေး ကောက်ရတယ်။ ရင်မောရတဲ့ ဒုက္ခကို ခံစားဖူးသူတိုင်း သိကြမှာပါ။ ဦးဘညွှန့်ရဲ့ ချစ်ဒုက္ခ ဆိုတာ တကယ် ရှိတယ်။ အိပ်မရ စားမရ ငေးမှိုင်ရတဲ့ ဘ၀မျိုးပါ။ မုန်တိုင်းပြီးရင် လေပြေ လာလို့ တော်ပါသေးရဲ့။ နှလုံးသား ဟောက်ပက် ဇရပ်အိုကနေ အခုတော့ ဘ၀က မိုးဆန်းပန်းလို စိုစိုပြေပြေပါပဲ။ ကြော်ငြာထိုးတယ်လို့ မြင်ကုန်ကြတာကိုတော့ အားနာမိပါတယ်။ ဖြူစင်တဲ့ မြင့်မြတ်တဲ့ မေတ္တာတရားတွေကို ဘယ်အရာတွေနဲ့မှ အစားမထိုးနိုင်ဘူး ဆိုတာ အသေအချာပါပဲ။ အားကျ မနာလို မဖြစ်ကြပါနဲ့။


ဒီနှစ်အတွင်းမှာ အလုပ်အရမ်းများတယ်။ ဖိအားတွေလည်း အရမ်းများတယ်။ အလုပ်မှာလည်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလိုမျိုး ချီးမွန်းခုနစ်ရက် ကဲ့ရဲ့ခုနှစ်ရက် ဖြစ်နေရတယ်။ စီးပွါးရေး မကောင်းဘူးဆိုတဲ့ ကာလမှာ ခန့်လိုက်တဲ့ ၀န်ထမ်းတွေကလည်း မန်နေဂျာရာထူးတွေကြီးပဲ။ ဗိုလ်တစ်ထောင်မှာ တပ်သားက တစ်ယောက် ဖြစ်နေရတယ်။ ဆရာများတော့ သားသေ ဆိုသလိုပဲ ဂျာများတော့လည်း ကားပါတယ်။ ရုံးကနေ ဘလော့ရေးဖို့ အချိန်ရတဲ့ အရင်လို ဘ၀မျိုးကိုတောင် ပြန်လည် တောင့်တမိတယ်။ အခုတော့များ စိန်ဗေဒါလို လက်မလည်တော့ဘူး။ ဒီညလည်း မိုးလင်းပေါက် အလုပ် လုပ်ရအုံးမယ်။


ဒီနှစ်လည်မှာ ကျန်းမာရေးကို စောင့်ရှောက်မှ ဖြစ်တော့မယ် ဆိုတဲ့ အသိတရား နိုးကြားလာလို့ အနေအထိုင် အစားအသောက် ဆင်ခြင်လာတယ်။ အသီးအရွက်တွေ ပိုစားဖြစ်ခဲ့တယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေကို အချိန်ပေး လုပ်ဖြစ်လာတယ်။ အသက်ကို ဥာဏ်စောင့်တယ်။ ဒါပေမယ့် သိရဲ့နဲ့ မိုက်နေတာ ခက်လှတယ်။ ဒီလိုသာ မိုက်လုံးကြီးရင်တော့ ကမ္ဘာလုံးကားကြီး စီးရတော့မှာ မြင်လာပြီလေ။


ဒီနှစ်အတွင်းမှာ ဂီတနဲ့ ပိုပြီးနီးနီးစပ်စပ် နေဖြစ်လာတယ်။ အရင်ကတော့ ပွဲမှန်သမျှ ရှောင်ခဲ့တယ်။ အခုတော့ ဒူးရင်းသီးထဲက ဂီတပွဲတွေကို အချိန်ပေး နားထောင်ဖြစ်တယ်။ တေးသွား ကင်းမဲ့နေရင် ကမ္ဘာကြီးက ပျင်းဖို့ အတော်ကောင်းမယ်လေ။ အခုတော့ ဂီတပိုးလေး ၀င်လာတဲ့ သဘောပေါ့။ တယော ထိုးရင် ကောင်းမလား။ ကီးဘုတ် တီးရင် ကောင်းမလား စဉ်းစားလာပြီ။ အချိန်ပေးနိုင်ဖို့ အရင်ကြိုးစားရအုံးမယ်။ ကောက်ရိုးမီးတော့ မဖြစ်ချင်ဘူး။


ကျောင်းစာ မဖတ်ဖြစ်တာ အတော်ကြာပြီ။ လျှောက်သမျှ ကျောင်းတွေမှာ ၀င်ခွင့် မရတာလည်း ပါတာပေါ့။ စလုံးက ကျောင်းတွေတက်ဖို့ကို အရည်အချင်း မမှီသေးဘူး။ ဒီလိုနဲ့ ဦးနှောက်လည်း သံချေးတက်နေပြီ။ ဒီနှစ်ကုန်ပိုင်းမှာတော့ သင်တန်းတစ်ခု တက်ဖြစ်တယ်။ သင်တန်းဈေးက မနည်းလှဘူး။ တက်ရတဲ့ ရက်လည်း နည်းနည်းလေးပါ။ ဒါပေမယ့် အီးတစ်ပေါက်ပါပဲ။ အလုပ် မအားတာနဲ့ ကျောင်းပျက်ရတယ်။ စာမေးပွဲဖြေဖို့ စာကြည့်ရမယ် ဆိုတဲ့ အသိတရားတော့ ၀င်လာတယ်။ စမိမှတော့ ဆုံးအောင် လုပ်ရတော့မှာပေါ့။


ဘာပဲဖြစ်ဖြစ် ၂၀၀၉ ခုနှစ်ဆိုတာ ထားခဲ့ရတော့မှာပါ။ ရှေ့ဆက်ရမယ့် နှစ်သစ်မှာ အတ္တဟိတ ပရဟိတ မျှတတဲ့ ရိုးရိုးရှင်းရှင်း လူသားတစ်ယောက်အဖြစ်..... တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ ဆိုတဲ့ ထုံးကို နှလုံးမူပြီး ရည်ရွယ်ရာ ပန်းတိုင်ဆီကို ရောက်ဖို့ တရွေ့ရွေ့ မရပ်မနား လျှောက်လှမ်းနေအုံးမယ်။ နှစ်သစ်မှာ ဖြစ်ချင်လှတဲ့ ဆန္ဒတစ်ခုကတော့ သံသရာမှာ ကျင်လည်နေသမျှ ဘ၀တလျှောက်မှာ အပြုံးတုတွေကို မမြင်ချင်မိပါဘူး။

Image Credit: Mood Weather Report - Facebook

Wednesday, December 30, 2009

Youth Donor Camp 2009


စင်္ကာပူက သွေးဘဏ်ကိုလည်း လေ့လာရေးထွက်ခဲ့ကြတယ်။


အသက်ငယ်ပေမယ့် အတော်သွက်တဲ့ ချစ်စရာ ကောင်မလေးတွေ။


ဒါကတော့ ဒီလိုရှိတယ်။ ဟိုဟာကတော့ ဟိုလိုရှိပါတယ်။


အင်္ဂလိပ်စကားမွတ်နေအောင် ပြောတတ်တဲ့ ထိုင်းကြက်ခြေနီလေး။


နိုင်ငံအစုံက လူငယ်တွေ စုစုစည်းစည်းပေါ့။


အပီအပြင် ဗိုက်လှုပ်ပြီး ကနေတဲ့ ဗီယက်နမ်က ၀၀တုတ်တုတ် ဆရာဝန်


ပြန်ခါနီးညနေစောင်းမှာ နှုတ်ဆက်အလွမ်းတွေနဲ့ ဝှေ့ယမ်းနေတဲ့လက်တွေ။

Tuesday, December 29, 2009

Beautiful Sunday



ဒူးရင်းသီးထဲက လှတပတ တနင်္ဂနွေ... အစီအစဉ်ကို တစ်လမှာ တစ်ခေါက် ကျင်းပလေ့ရှိပါတယ်။ ဂီတပွဲရဲ့ ၀င်ကြေးက အခမဲ့ပါ။ ကျင်းပမယ့် ပွဲချိန်အတိအကျကို ဒူးရင်းသီးဆိုဒ်ရဲ့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။ ဟင်းစားပေးတာ မဟုတ်ပဲ ကွန်ချက်ပါ ပြလိုက်ပါတယ်။ အဲဒီကွန်ချက်ကလည်း သိတာ မကြာသေးပါဘူး။ အစကတော့ ရုံးက မန်နေဂျာ မတ်ဆေ့ခ်ျပို့ပေးနေတာနဲ့ပဲ ကွန်ချက်ကို မတောင်းထားမိခဲ့ဘူး။ တလောက လုပ်မယ့်ပွဲကို ရက်သိပေမယ့် ပွဲချိန်ကို အသေအချာ မသိဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ဒူးရင်းသီးဆိုဒ်ထဲ ၀င်မွှေလိုက်ရင်း ကွန်ချက် တွေ့ခဲ့တာပါ။

ပွဲတိုင်းကိုလည်း ကောင်းတယ်လို့ မပြောချင်ပါဘူး။ တချို့ပွဲတွေကို သွားတာ နားထောင်ခဲ့တယ်။ စိတ်ထဲမှာ ကြိုက်လှတယ်တော့ မဟုတ်။ တရုတ်ရှေးရိုးရာ တူရိယာတွေကို အသုံးပြုပြီး အနောက်တိုင်းဂီတသံစဉ်တွေကို တီးမှုတ်ပြရင် နားထောင်လို့ မကောင်းဘူး။ ကီးမကိုက်ဘူးလို့ပဲ ထင်နေမိတယ်။ ဟာတာတာကြီးပါ။ ဂီတအကြောင်းကို နားလည်လွန်းလို့ ဝေဖန်တာတော့ မဟုတ်ပါဘူး။ စည်းနဲ့ဝါးတောင် မသိပါဘူး။ တကယ့်ကို ဘာမှ မသိတဲ့ မြင်းထိန်းငတာလေးပါ။ တချို့ပွဲတွေက ပွဲအစအဆုံး စိတ်ဝင်စားဖို့ ကောင်းတယ်။ မပျင်းမရိ နားထောင်လို့ ကောင်းတယ်။ တချို့ပွဲတွေကျတော့ နားထောင်လို့ကောင်းတဲ့ သီချင်းအပုဒ်တွေ ရှိသလို တချို့အပုဒ်တွေကျတော့ ပျင်းဖို့ အလွန်ကောင်းပါတယ်။

လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း ထပ်တူညီတူနိုင်မယ် မထင်ပါဘူး။ ပျင်းစရာကြီးကွာ ဆိုပြီး စိတ်မ၀င်စားတဲ့လူ ရှိနိုင်သလို တစ်ပွဲမှ အလွတ်မခံသေးတဲ့ ကျွန်တော့်လို လူတွေလည်း ရှိနိုင်ပါတယ်။ မြန်မာပွဲတွေကိုတော့ တစ်ခါမှမလာပဲ စလုံးပွဲတွေပဲ အားပေးနေလို့ အမျက်တော်ရှတော်မူတဲ့ တချို့တလေက တီးတိုးပြောကြတယ်။ မောင်ဇူလိုင်တစ်ယောက် ဇီးသီးသည် ဖြစ်သွားပြီလားတဲ့။ မြန်မာပွဲတွေက မြန်မာပြည် အလွမ်းပြေဆိုတာကို နားလည်ပါတယ်။ ပွဲစီစဉ်တဲ့သူတွေရဲ့ အားထုတ်မှု စေတနာကိုလည်း လေးစားပါတယ်။ အလွမ်းမပြေမယ့်သူအတွက် အဲဒီပွဲတွေကို မလာဖြစ်တာ တရားပါတယ်လေ။ အဲဒီတော့ မြန်မာပြည်အတွင်းမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် နေခဲ့ရတဲ့သူကို တခြားကမ္ဘာက မမြင်ဖူးမကြားဖူးတဲ့ အရာတွေကို ထိတွေ့စူးစမ်းခွင့် ကြိုက်ခွင့်လေးတော့ ပေးသင့်ပါတယ်။

ဒါကြောင့် ကျွန်တော်ဇူလိုင် ဇီးသီးသည် မဖြစ်သလို ရှောက်သီးဆေးပြားသည်လည်း မဟုတ်ပါဘူး... ဆိုတာကို ဒီနေရာမှာ တစ်ခါတည်း ပြောပြလိုက်ပါပြီ။ အဲဒီတော့ သုံးပုဒ်တစ်ဆယ်ခေတ် ကုန်သွားပြီပေါ့ဗျာ။

Saturday, December 26, 2009

Project FIVE

နောက်ထပ် ငါးနှစ်အတွင်းမှာ ဘာလုပ်မလဲ။ စိတ်ကူးထားတာတွေ ရှိပေမယ့် အကောင်အထည် ဖော်ဖို့အတွက် ခြေလှမ်းတွေ မပြင်ဆင်ရသေးဘူး။ စိတ်ကူးမှာ ဆုံးဖြတ်ချက် မရှိသရွေ့ စိတ်ကူးဆိုတာ အိပ်မက်တစ်ခုထက် မပိုတာ သေချာပါတယ်။ ဒါကြောင့် စိတ်ကူးကနေ တကယ်ဖြစ်လာမယ်လို့လည်း လှေနံဓါးထစ် မယုံကြပါနဲ့။ တချို့စိတ်ကူးတွေက ဖွင့်ပြောပြဖို့ မလိုအပ်ဘူး။ တချို့စိတ်ကူးက လူသိလည်း ဘာမှ မဖြစ်ဘူး။ အဲဒီတော့ ပြောပြချင်သလောက် ပြောပြမယ်။ လျှိုဝှက်သင့်သလောက် ထိန်ချန်ထားမယ်။

ရေတိုကာလ လတ်တလောမှာ အထူးဂရုထားနေတာက ကျန်းမာရေးပါပဲ။ အလုပ်နဲ့ အပျော်အပါး နှစ်ခုကြားမှာ ပုံပျက်ပန်းပျက် ယိုယွင်းလာတဲ့ လောက်စာအိုးကြီးကို အချိန်မှီ ပြုပြင်နေရတယ်။ ငယ်ပါသေးတယ် ဆိုပေမယ့် သက်တူရွယ်တူတွေ နာကုန်တာ မြင်နေရတယ်။ ခေါင်းနာ ဖင်အောင့် အသေးအမွှားကနေ လေးဘက်နာ ဂေါက် သွေးတိုး ကျောက်တည် ဆီးချို ကင်ဆာအထိ ဖြစ်နေကြတယ်။ အဲဒီတော့ ရေရှည်စီမံကိန်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း စိုက်တဲ့အပင်က အသီးမမြင်ရတဲ့ ဘ၀ကို မရောက်ချင်သေးဘူး။ နောက်လူ ကောင်းစားတာ မုဒိတာပွားနိုင်ရင်တော့ ကောင်းတာပေါ့။

နောက်ထပ်ငါးနှစ်အတွင်းမှာ လုပ်မယ့်အရာတွေက အများကြီးပဲ။ သေချာတာတစ်ခုက အိမ်ထောင်ပြုဖို့ပဲ။ သူငယ်ချင်းအချို့က စောပါသေးတယ်လို့ ပြောကြတယ်။ ဘ၀ကို ခိုင်မာအောင် အရင်တည်ဆောက်ပါအုံးတဲ့။ တချို့စုံတွဲတွေ အိမ်ဝယ်နိုင်တဲ့အထိ စုဆောင်းပြီးမှ ယူကြမယ် ဆိုပဲ။ တချို့က အလုပ်ရာထူးတိုးတဲ့အထိ စောင့်အုံးမယ်တဲ့။ လူဆိုတာ ရလေ လိုလေ အိုတစ္ဆေပါပဲ။ လူ့အလို နတ်မလိုက်နိုင်ဘူး။ တစ်ခုပြီးရင် တစ်ခု ထပ်လိုချင်အုံးမှာပါ။ အဲဒီတော့ အိမ်ထောင်ပြုဖို့ စောသေးတယ် နောက်ကျတယ် ဘယ်လိုပဲ ဝေဖန်ပါစေ။ နောက်ငါးနှစ်အတွင်းမှာတော့ အိမ်ထောင်ပြုဖြစ်မှာ အသေအချာပါပဲ။ မဟုတ်ရင် မီးဝင်မီးထွက် ဖြစ်တော့မယ်။

အိမ်ထောင်ပြုမယ်ဆိုတော့ အိမ်ထောင်ဖက် ဘယ်လို ရွေးမလဲ ဆိုတာတွေ မေးကြအုံးမယ်။ ဘယ်လို စံနှုန်းတွေ ထားသလဲပေါ့။ ပြောပြန်ရင်လည်း မောင်မင်း လွန်ရာ ကျအုံးမယ်။ မပြောတော့လည်း လျှိုတယ် ပြောကြမယ်။ ဆုပ်လည်းစူး စားလည်းရူးပဲ။ ဘယ်အရာမှ အပြော မလွတ်နိုင်ဘူး။ အဲဒီတော့ စံနှုန်းအချို့ကို ပြောပါအုံးမယ်။ အဓိက အရေးကြီးဆုံး စံနှုန်းက ၁၀၀% တရုတ်လူမျိုး ဖြစ်ရပါမယ်။ အဲဒီအတွက်ကြောင့် လူမျိုးကြီးဝါဒီလားလို့ ထင်ချင်ရင် ထင်ကြပါစေ။ ကြက်မှာ အရိုး လူမှာ အမျိုးပါ။ ဘိုးဘေးဘီဘင်ကနေ အဖေလက်ထက်အထိ တည်ဆောက်လာတဲ့ အမျိုးကို ကိုယ့်လက်ထက်မှာ ပျက်ရမယ်ဆိုရင် သောက်သုံးမကျရာ ဖြစ်လွန်းပါတယ်။ ဒါကြောင့် ရာဇ၀င် မရိုင်းရအောင် ဒီစံနှုန်းကို လက်ကိုင်ပြုပါတယ်။ တချို့တချို့တွေ လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာမိပါတယ်လေ။

မြင်းအုန်းခွံ ကျွန်ကုလား မယားတောသူတဲ့။ မြင်းလည်း မစီးဖူးဘူး။ မြင်းဝယ်စီးဖို့လည်း အစီအစဉ် မရှိဘူး။ ကျွန်ဆိုတာက အတော်ဆိုးတဲ့ အခေါ်အဝေါ်ပဲ။ ဘ၀မှာ ကုလားတော့ ရှိတယ်။ ဒါပေမယ့် သူက သူငယ်ချင်း၊ ကျွန် မဟုတ်။ မယားကတော့ တောသူမှ ကောင်းတယ်ဆိုပဲ။ ကောင်းမကောင်း ဘာနဲ့တိုင်းသလဲ ဆိုတာ တိုင်းတာတဲ့သူရဲ့ ပေတံပေါ်မှာပဲ မူတည်တယ်။ တောသူတွေက ရိုးရိုးလေးတွေ အပြစ်ဆိုစရာ လုံးဝမရှိဘူး အပျိုစစ်တယ်လို့ ဆိုလာရင် ကောက်ရိုးပုံတွေကို သွားမြင်မိတယ်။ ပြောသမျှ ကျိုးနွံနာခံ ထားရာနေ စေရာသွား မိန်းမသားမျိုးကို လိုချင်သလားလို့ မေးလာရင်တော့ ခေါင်းကို သွင်သွင်ခါမိမယ်။ မောင်တစ်ထမ်း မယ်တစ်ရွက် ဖြစ်စေချင်တာတော့ အမှန်ပဲ။ အိမ်သူဖြစ်ဖို့ အသွင်တူဖို့တော့ မလိုပါဘူး။ အသွင်အကုန်တူတာ ကြိုက်နေရင် အကုန်တူနေတဲ့ ယောကျာ်းပဲ ယူလိုက်တာ ပိုကောင်းပါမယ်။ လည်ဇလုပ်တောင် တူနေမယ်လေ။

အိမ်ထောင်ပြုပြီးရင် ကြွေးသစ်ချဖို့အတွက် ကြိုးစားရမယ်။ ဒီခေတ်ကြီးမှာ လူဖြစ်အောင် မွေးရတာ မလွယ်မှန်း သိကြမှာပါ။ တခါတလေမှာ မိဘနှစ်ပါးကို အားကျမိတယ်။ ဘယ်လိုများ ရုန်းကန် ထမ်းပင့်ခဲ့သလဲပေါ့။ အခုချိန်မှာ သူတို့လောက် သတ္တိမရှိသေးတာ အမှန်ပဲ။ အဲဒါကြောင့် ကလေး တစ်ယောက်လောက်ပဲ ယူရင် ကောင်းမယ်လို့ တွေးမိတယ်။ တစ်ယောက်တည်းဆိုရင် ကလေးမှာ မောင်နှမ မရှိတော့ ပျင်းနေလိမ့်မယ်။ နောက်ထပ် တစ်ယောက်လောက် ထပ်ယူသင့်တယ်လို့ အကြံပေးကြမှာလည်း မြင်နေတယ်။ ဟိုတလောက အွန်လိုင်းကနေ သဘာဝအတိုင်း ကလေးမွေးတဲ့ ဗီဒီယိုလေး ကြည့်လိုက်ရတယ်။ ခွဲမွေးတာ မဟုတ်ပါဘူး။ အဲဒီ ဗီဒီယိုလေး ကြည့်မိပြီး ကလေးမွေးပေးရမယ့် မိန်းမကို သနားသွားတယ်။ ကလေးမွေးတယ်ဆိုတာ အတော်မလွယ်တာပဲ။ စမြင်းတုံး တစ်ရင်တောင် မနည်း ညှစ်ရတာလေ။ ရေသန့်ဗူးလောက်ရှိတဲ့ ကလေး အပြင်ထွက်လာဖို့ မနည်းကို ညှစ်ယူရမှာကို တွေးမိရင်း ကိုယ်ချင်းစာမိလို့ ကြက်သီးတွေတောင် ထတယ်။ မုန့်ဆီကြော်က ဘယ်နားနေမှန်း မသိသေးပါဘူး။ ဒါပေမယ့် စိတ်ကူးဆိုတာ အဆုံးအစမဲ့ လွင့်မျောတတ်တဲ့ သဘောရှိပါတယ်။

အိမ်ထောင်ပြုပြီးရင် အိမ်ထောင်အတွက် စီးပွါးရေးကိုလည်း ထည့်သွင်း စဉ်းစားရအုံးမယ်။ အခုချိန်အထိတော့ လခစား ၀န်ထမ်းဘ၀ကနေ ရုန်းမထွက်နိုင်သေးဘူး။ သင်ထားတဲ့ ပညာနဲ့အသိတရားကလည်း လခစားပဲ လုပ်လို့ရသေးတယ်။ ပညာဝမ်းစာပြည့်ဖို့ အများကြီးလိုသေးတော့ ဆက်ဖြည့်ရအုံးမယ်။ ကိုယ်ပိုင်စီးပွါးရေး လုပ်ဖို့ဆိုတော့လည်း တိုင်းရေးပြည်ရေး အခြေအနေကို ကြည့်ရတာက တပိုင်း၊ လျှာပေါ် မြက်ပေါက်ပါစေ တိုင်းပြည်ကို ရောင်းမစားချင်တာက တပိုင်း၊ လုံလောက်တဲ့ အရင်းအနှီး မရှိတာက တပိုင်း၊ ဒီလိုနဲ့ ဟိုတပိုင်း ဒီတပိုင်းနဲ့ လူလည်း တော်ရာမှာနေ မပျော်တဲ့ ဖားတပိုင်း ငါးတပိုင်းဘ၀ကို အရှင်လတ်လတ် ရောက်နေတယ်။ မြန်မာပြည်ပြန်ပြီး ချဲဒိုင်ဘောဒိုင်ပဲ လုပ်ရင် ကောင်းမလား၊ ကေတီဗွီပဲ ဖွင့်ရင် ကောင်းမလား၊ အနှိပ်ခန်းပဲ ထောင်ရမလား။ ခိုးဆိုးလုယက်နေတဲ့ အလုပ်မျိုး မဟုတ်ပေမယ့် သမာအာဇီဝ အလုပ်လို့ တခြားသူတွေ မမြင်ပေးနိုင်မှာက အသေအချာပါပဲ။ သူခိုးကြီးတွေကတော့ ဘုရားဒါယကာ ကျောင်းဒါယကာတွေ ဖြစ်လို့ ဘွဲ့ထူးတွေတောင် ရကုန်တယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိပါတယ်လေ။

နောက်ထပ်ငါးနှစ်အတွင်းမှာ ကျွန်မနဲ့မောင်... ဆိုပြီး ရေးလာမယ့်တစ်ယောက် ရှိလာအောင် ကျွန်တော်ဇူလိုင် ကြိုးစားရင်း မ၀ါဝါခိုင်မင်းရဲ့ ကျွန်မနဲ့မောင်ကနေ ဘာမဆိုင် ညာမဆိုင် ငါးနှစ်စီမံကိန်းကြီးကို အမှတ်စဉ် ၃၇ (ဘူကောင်) မှာ အမှတ်တရ ရေးခိုင်းတဲ့အတွက် အခုလို အရူးချီးပန်း စိတ်ကူးယဉ်ထားတဲ့ အရည်မရ အဖတ်မရ စာတစ်ပုဒ်ကို ရေးပေးလိုက်ပါတယ် ခင်ဗျာ။

Saturday, December 19, 2009

Craving Myanmar food

မြန်မာပြည်က စားစရာတချို့တလေကို ချင်ခြင်းတမိနေတယ်။ တချို့ဟာတွေက ဒီမှာ ၀ယ်စားလို့ရတယ်။ တချို့ဟာတွေက ခပ်ဆင်ဆင်တူတယ်။ တချို့ဟာတွေက ဒီမှာ လုံးဝရှာလို့ကို မရဘူး။ ချင်ခြင်းတပေမယ့် ရိုးရိုးသားသားပါ။ မစားရတာ ကြာလို့ လွမ်းမိတာမျိုးပါ။ သတိရတယ် ဆိုတဲ့ အဆင့်ထက်တော့ ပိုတာပေါ့။ လွမ်းတယ်ဆိုတာ သတိရတယ်... ဆိုတာထက် ပိုတယ်ဆိုတာကို ချစ်သူရှိတဲ့သူတွေ သိကြမှာပါ။ ဒါကြောင့် ကျွန်တော်လည်း သိပါတယ်။

မနက်ပိုင်း ရုံးသွားရင် ခရီးဆုံးဘူတာအောက်မှာ မုန့်လာဥကိတ် ရောင်းတယ်။ မနက်တိုင်း အဲဒီဆိုင်က အနံ့လေးကို ပိုက်ဆံမပေးရပဲ အခမဲ့ ရှူနေတာ အတော်ကြာလှပေါ့။ မုန့်လာဥကိတ် ဆိုတာ ရန်ကုန်က အော်ကေ့ကြည်နဲ့ အတော်တူတယ်။ ဒီတော့ စလုံးမုန်လာဥကိတ် ညီမျှခြင်း အော်ကေ့ကြည်။ စင်္ကာပူမှာ အော်ကေ့ကြည်က ကြော်ထားတာမျိုး မဟုတ်ဘူး။ ဖြူဖတ်ဖြူရော်ကြီး။ ရန်ကုန်မှာတုန်းက အော်ကေ့ကြည်ကို အတော်ကြိုက်တယ်။ ငယ်ငယ်တုန်းက နေခဲ့တဲ့ အိမ်ဘေးမှာ အော်ကေ့ကြည် ဆိုင်ရှိတော့ မနက်စာသည် အော်ကေ့ကြည်ပဲ။ ဆိုင်ဖွင့်တဲ့ မိသားစုက မွန်လူမျိုးတွေ။ အိမ်နီးနားချင်းတွေဖြစ်တော့ ကိုယ်လိုချင်တဲ့ပုံစံမျိုး လုပ်ခိုင်းလို့ရတယ်။ အော်ကေ့ကြည်ကို သေးသေးလေး ညှပ်ပေးပါဆို ညှပ်ပေးတယ်။ ကျွတ်ကျွတ်လေး ကြော်ပေးပါ ဆိုလည်း နီရဲတွတ်နေအောင် ကြော်ပေးတယ်။ အချဉ်ရည် ရွှဲရွှဲလေး များများစမ်းပေးပါဆို အိုင်ထွန်းနေအောင် စမ်းပေးတယ်။ အဲဒီ အော်ကေ့ကြည်ကို လွမ်းမိတယ်။

ရုံးမတက်တဲ့ စနေ တနင်္ဂနွေ မနက်တွေဆို အိမ်နားက မလေးဆိုင်မှာ ကြာဇံစွန်တို စားလေ့ရှိတယ်။ သူက ခေါက်ဆွဲနဲ့လည်း ရတယ်။ ခေါက်ဆွဲနဲ့ဆိုရင် မီစွန်တိုလို့ ခေါ်တယ်။ ခေါက်ဆွဲ ကြာဇံမှာ ပဲပင်ပေါက်တွေနဲ့ ကြက်သားဖတ်တွေ ပါတယ်။ ပြီးရင် ဟင်းအရည် လောင်းထည့်ပေးတယ်။ ငရုတ်သီး စပ်စပ်လေးနဲ့ ရောမွှေပြီး စားလိုက်ရင် ရှူးရှဲပဲ။ မြန်မာပြည်က မုန့်ဟင်းခါးနဲ့ ခပ်ဆင်ဆင် တူတယ်လို့ မြန်မာပြည် ရောက်ဖူးတဲ့ စလုံးတွေက ပြောကြတယ်။ ပုံစံချင်း ခပ်ဆင်ဆင် တူတာမျိုးပါ။ အရသာက မတူပါဘူး။ မုန့်ဟင်းခါး မရှိတဲ့အရပ်မှာ အဲဒီစွန်တိုလေးပဲ ရသေ့စိတ်ဖြေ စားရတာပေါ့။ မုန့်ဟင်းခါးက ပိုပြီး စားလို့ ကောင်းတယ်။ အခုတလော မုန့်ဟင်းခါးကိုလည်း လွမ်းမိနေတယ်။ အလွမ်းပြေအောင် ပင်နီဇူးလားမှာ သွားစားပါလားလို့ အကြံမပေးကြပါနဲ့။ အလွမ်းမပြေတဲ့အပြင် မြန်မာပြည်က မုန့်ဟင်းခါးကို ပိုတောင် လွမ်းသွားပါမယ်။

အိုးချန်းကီးလို့ အမည်ပေးထားတဲ့ ဆိုင်မှာ အကြော်တွေ ၀ယ်စားလို့ရတယ်။ အဲဒီဆိုင်တွေက ဘူတာတိုင်းမှာ ရှိတတ်ပါတယ်။ ကော်ပြန့်ကြော်၊ ပုစွန်ကြော်၊ ဂဏန်းသားကြော်တွေ ရတယ်။ ပူပူနွေးနွေးလေး ဖြစ်အောင် လုပ်ထားတော့ အကြော်တွေက စားလို့ ကောင်းပါတယ်။ ဆိုင်ကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းပါ။ ဒါပေမယ့် ရန်ကုန်က လမ်းဘေးအကြော်ဆိုင် ညစ်ညစ်ပတ်ပတ်လေးကို ပိုပြီး လွမ်းနေမိတယ်။ လက်သုတ်ဝတ် မဲချိတ်ချိတ်၊ နှုတ်ခမ်းပဲ့နေတဲ့ ရေနွေးပန်းကန်၊ ပိန်ရှုံ့နေတဲ့ ရေနွေးအိုးက စားပွဲခုံလေးတွေပေါ်မှာ။ အကြော် ပူပူလေးကို ငရုတ်သီးစိမ်းတွေ ပါတဲ့ အချဉ်ရည်နဲ့ တို့ပြီးစား။ ဆလပ်ရွက်၊ ဂေါ်ဖီဖတ်တွေ ပေးတဲ့ဆိုင်ဆိုရင် တကယ်ကို ရှလွတ်ပဲ။ မြန်မာပြည် ပြန်တဲ့အခေါက်တိုင်း အကြော်ဆိုင်တွေမှာ မစားဖြစ်သေးဘူး။ ဘူးစို့ ဆောင်နေရမှာ စိုးလို့။ နာဂစ်ဝင်တဲ့ တခေါက်တုန်းက ငတ်ငတ်နဲ့ပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး စားဖြစ်လိုက်တယ်။

အီကြာကွေး၊ စမူဆာ၊ ပလာတာ... အဲဒါတွေလည်း ဒီမှာ ရပါတယ်။ ဒါပေမယ့် ရန်ကုန်က လက်ရာနဲ့ ကွာတယ်။ ရန်ကုန်မှာက ဆီရွှဲရွှဲနဲ့ ကြော်တာဆိုတော့ ပိုစားကောင်းသလိုပဲ။ ကျန်းမာရေး ရှူထောင့်က ကြည့်ရင်တော့ ဆီများတာ မကောင်းပါဘူး။ ဒီလိုနေရာမှာ ဒီလောက် ဆီလျှော့ထားတဲ့ အစားအစာတွေကို စားတာတောင် လူက ကိုယ်ဝန်ကြီး ဗိုက်နဲ့ ဖြစ်နေပြီ။ ချင်ခြင်းတမိမှတော့ တခါတလေ စားတာပါဆိုပြီး ဆင်ခြေပေးဖို့က အသင့်ပါပဲ။ ရန်ကုန် ပြန်တဲ့အခါ အဲဒါတွေတော့ စားအုံးမယ်လို့ စိတ်ထဲမှာ တေးမှတ်ထာလိုက်မယ်။

အခုတော့ ချစ်သူကိုလည်း လွမ်း၊ ရန်ကုန်က အစားအစာတွေကိုလည်း လွမ်း။ မိုးကလည်း တဖွဲဖွဲလေးရွာ။ အပြင်ကလည်း သိပ်မထွက်ချင်။ အဲဒီတော့ လွမ်းပြီးရင်း လွမ်းနေမိတာ ကျွန်တော့်အလွန် မဟုတ်ဘူးဆိုတာ သိလောက်ပါပြီနော်။

Wednesday, December 16, 2009

The leap



ခုန်နေတဲ့သူတွေကို မြင်တော့
သူတို့လိုမျိုး ခုန်လိုက်ချင်တယ်
ဒါပေမယ့် လောလောဆယ်မှာ
အဲဒီလိုခုန်ဖို့ သတ္တိတွေပျောက်နေတယ်
ဘာပဲဖြစ်ဖြစ် ခုန်နိုင်ဖို့ကြိုးစားနေပါမယ်။

Thursday, December 10, 2009

The way I trusted

ရည်ရွယ်ရာ အိပ်မက်လမ်းကို ပြောပါဆိုရင် သမိုင်းကြောင်း ကောင်းဖို့ တစ်ခုခု လုပ်ချင်တယ်လို့ ဖြေမိမယ်။ ယုံကြည်ရာက ဘာလဲဆိုရင် သေခြင်းတရားပဲ။ မြစ်တွေရဲ့ ဆုံစည်းရာက ပင်လယ်ပြင်ပါ။ လူသားတွေအတွက် အဆုံးသတ်က သေခြင်းတရားပဲ။ ဒါကြောင့် ခဏတာ နေခွင့်ရတဲ့ လူသားဘ၀မှာ တန်ဖိုးရှိချင်တယ်။

တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင် ဘာတွေ လုပ်ရမလဲ။ အဲဒီအတွက် ပြဌာန်းချက်တွေ အများကြီးပဲ။ စံသတ်မှတ်ချက် အမျိုးမျိုးအတွက် တိုင်းတဲ့ ပေတံတွေ အစုံအလင်ပဲလေ။ ကြည့်တဲ့ရှုထောင့်တွေ ကွာရင် အမြင်တွေလည်း ပြောင်းလဲနိုင်တယ်။ လူဆိုးကို သူတော်ကောင်း ထင်ပြီး လူတော်ကို လူနုံလူအလို့ မြင်သွားနိုင်တယ်။ အဲဒီတော့ တန်ဖိုးရှိတဲ့လူဖြစ်ဖို့အတွက် လောကကြီးအတွက် ဖြစ်သင့်တယ် မှန်တယ်လို့ လက်ခံထားတဲ့ အရာတွေကို ခေါင်းမာမာနဲ့ တဇွတ်ထိုး လုပ်ခဲ့မိတယ်။ ရလဒ်ကတော့ ချီးကျူးသံတွေ ကဲ့ရဲ့သံတွေ။ အားပေးသံတွေ ပြစ်တင်သံတွေ။ အပြုံးတွေ အမုန်းတွေ။ ဒီလိုနဲ့ ဖြူစင်တဲ့ စေတနာတွေ နီဆွေးတဲ့ ဝေဒနာဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက် ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး လျှောက်ဆဲပါ။

စမ်းတ၀ါးဝါး လမ်းဆိုတဲ့အထဲမှာ နိုင်ငံရေးဆိုတာ ပါနေတယ်။ နိုင်ငံရဲ့ အရေးကို လုပ်သမျှ နိုင်ငံရေးပဲလို့ ဖတ်ဖူးတယ်။ နိုင်ငံရေးမှာ နိုင်ငံသားတိုင်း ပါရမယ်ဆိုတဲ့ သဘောတရားကို လက်ခံတယ်။ ဒါပေမယ့် နိုင်ငံရေး ဆိုတဲ့ စကားလုံးရဲ့ ကြီးကျယ် မြင့်မြတ်မှုအောက်မှာ ကျွန်တော် ပိပြားနေတယ်။ ခေါင်းတောင် ဖော်ခွင့် မရလိုက်ဘူး။ အဲဒီလိုနဲ့ နိုင်ငံရေးကို ကျွန်တော် ဝေးဝေးနေလာခဲ့တယ်။ နိုင်ငံရေးလုပ်နေတဲ့ သူတွေဆိုတာ ထောင်နှုတ်ခမ်းမှာ လမ်းလျှောက်နေတဲ့သူတွေ ဆိုတာ သိလိုက်ရတော့ တတ်နိုင်သမျှ ရှောင်နေလိုက်တယ်။ ထောင်ထွက်ဆိုတာ နာမည်ဆိုးတယ်လေ။ လူအထင်ကြီးမှာမှ မဟုတ်တာ။ ကျွန်တော်ဟာ အတ္တကြီးတဲ့ လူသားတစ်ယောက် မဟုတ်ပေမယ့် အတ္တတော့ ရှိနေတယ်ဆိုတာ အကြွင်းမဲ့ ၀န်ခံပါတယ်။

ကိုယ်ကသာ ရှောင်နေတာ နိုင်ငံရေးက ကျွန်တော်ဆီ တည့်တည့်ဝင်လာနေတယ်။ ဒါပေမယ့် အဲဒီလို ၀င်လာနေတယ် ဆိုတာကို မသိလိုက်ဘူး။ သတိမထားမိတာလည်း ဖြစ်မယ်။ အသိ မကြွယ်တာလည်း ဖြစ်မယ်။ ဦးနှောက်ထဲမှာ ရှိနေတဲ့အသိက နှစ် ၂၀ နီးပါး ဖတ်ထားတဲ့ သတင်းစာက ဆောင်းပါးတွေ။ ပုဆိန်ရိုးတွေ၊ ပြည်ပအားကိုးတွေ၊ ဆူပူလှုံ့ဆော် မြေပေါ်မြေအောက် အဖျက်သမားတွေ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကိုတောင် အသားလွတ် အမြင်ကပ်နေခဲ့တယ်။ ဗိုလ်ချုပ်မျက်နှာကိုမှ မထောက်... တိုင်းပြည်ကို ကျွန်ပြုခဲ့တဲ့ မျက်နှာဖြူကောင်ကိုမှ လင်လုပ်တဲ့သူ ဆိုပြီး မျက်မုန်းကျိုးနေခဲ့ဖူးတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဆိုတာ ဘယ်သူမှန်းတောင် မသိဘူး။ သိခဲ့တာက နိုင်ငံခြားက အထောက်အပံ့ ဒေါ်လာတွေကို ယူပြီး တိုင်းပြည်ကို ချောက်ထဲ တွန်းချနေတဲ့ လူတစ်စုပေါ့။ အာဏာကို ဖြတ်လမ်းကနေ ယူဖို့ ကြိုးစားနေတဲ့ လူတစ်သိုက်ပေါ့။ နိုင်ငံပိုင် သတင်းစာထဲမှာ အဲဒီလိုတွေပဲ ရေးထားခဲ့တာလေ။

၈၈ အရေးအခင်း ဖြစ်တုန်းက ကျွန်တော်က မူလတန်းကျောင်းသား ချာတိတ်။ ဘာကြောင့် ဒီအရေးအခင်း ဖြစ်ရသလဲဆိုတာ လုံးဝ မသိခဲ့ဘူး။ လူကြီးမိဘတွေကလည်း မသိလေ ကောင်းလေဆိုပြီး ဘာမှကို မပြောပြခဲ့ဘူး။ အဲဒီမှာ ဘာတွေ မှတ်မိသလဲဆိုရင်... ခွပ်ဒေါင်းအလံ၊ ခွပ်ဒေါင်းနှဖူးစည်း၊ လမ်းမပေါ်က လူအုပ်ကြီးတွေ၊ ဒို့အရေး ဒို့အရေး အော်သံတွေ၊ အလံဇောက်ထိုးတွေ၊ ဂိုဒေါင်ဖောက်ပြီး ပစ္စည်းတွေ သယ်လာတဲ့လူအုပ်ကြီးတွေ၊ ဗြောက်အိုးဖောက်သံလို့ ထင်ထားတဲ့ သေနတ်သံတွေ၊ အိမ်အောက်ထပ် မြေအောက်ခန်းမှာ ပြားပြားဝပ်ခဲ့ရတဲ့ အချိန်တွေ၊ ဂျင်ဂလိနဲ့ ၀ါးကပ်တွေ၊ ငှက်ကြီးတောင်ဓါး လွယ်ထားတဲ့ ကင်းသမားတွေ။ အဲဒီတုန်းက ဘာလုပ်ခဲ့သလဲ ဆိုရင် အိမ်က ဟိုင်းလတ်ကား ခေါင်မိုးအပေါ်တက်ပြီး ဒို့အရေးအော်ပြီး မျောက်ရှုံးအောင် ဆော့ခဲ့ဖူးတယ်။ အိမ်က အဒေါ် ခေါ်သွားလို့ အစာငတ်ခံဆန္ဒပြတဲ့ နေရာမှာ သွားထိုင်ဖူးတယ်။ အဲဒီတုန်းက အစာမငတ်ပေမယ့် ရေငတ်တာတော့ အမှန်ပဲ။

ဒီမိုကရေစီမှ ဒီမိုကရေစီဖြစ်နေတဲ့ အရင်းနှီးဆုံး ကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့မိဘတွေလည်း ဒီမိုသမားပဲ။ သူက ခမောက်ဆောင်းချိန် ကျွန်တော်က တူတံစဉ်နဲ့စပါးနှံ ကိုင်ထားတယ်။ သူက ရွံ့လို့ဆိုပြီး သတင်းစာ မဖတ်ဘူး။ အင်္ဂလိပ် မဂ္ဂဇင်းတွေ ဖတ်တယ်။ ကျွန်တော်မှာ ဖတ်စရာက သတင်းစာပဲ ရှိတယ်။ သူက အစိုးရ မကောင်းကြောင်း ပြောတိုင်း ကျွန်တော်က အစိုးရ ကောင်းကြောင်းတွေ ရှာပြီး ပြောတယ်။ မြန်မာပြည်အနှံ့ တိုးတက်မှုတွေကို မြင်အောင် ကြည့်စမ်းပါအုံး။ မြစ်ကူးတံတားကြီးတွေ၊ ဆည်တွေ၊ ရေတွင်းရေကန်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ။ တစ်သီးစား လယ်တွေကနေ သုံးသီးစား လယ်တွေ ဖြစ်ကုန်ပြီ။ အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ ငြင်းခုန် သတ်ပုတ်နေခဲ့ကြတာ ၁၀ နှစ်လောက်ရှိခဲ့ပြီပေါ့။ အခင်အမင်တော့ မပျက်ပါဘူး။ အမြင်တွေ မတူတိုင်း ရန်သူမှ မဟုတ်တာဗျာ။

ဒီလိုနဲ့ တက္ကသိုလ် ရောက်ခဲ့တယ်။ ကျောင်းတော်ကြီးမှာ ပြောလို့ မကုန်နိုင်တဲ့ သမိုင်းတွေ ရှိနေတာကို ရိပ်မိလာတယ်။ စွယ်တော်အဖြူမှာ သွေးနီနီ စွန်းခဲ့တဲ့အကြောင်း သိလာရတယ်။ ကျောင်းတော်ကြီးမှာ ဆရာ ဆရာမ တချို့တလေက ဟိုနည်းနည်း ဒီနည်းနည်း ပြောပြတယ်။ သူတို့ရင်ထဲမှာ နှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ ခံစားချက်တွေ ပွင့်အန်လျှံကျလာတယ်လို့ မြင်မိတယ်။ ဒီလိုနဲ့ပဲ လျှံကျလာသလောက် သိခွင့်ရလိုက်တယ်။ မိခင်ကျောင်းတော်ကြီးမှာ မတက်ရပဲ မြို့ပြင်က ကျောင်းကို သွားတက်ရတော့ စိတ်ထဲမှာ မိဘသဖွယ် အုပ်ချုပ်နေတဲ့ အစိုးရမင်းကို မကြည်မလင် ဖြစ်လာမိတယ်။ မကြည်မလင် ဖြစ်ရတဲ့အထဲမှာ အိပ်ရေးမ၀တာလည်း ပါပါတယ်။ ရင်ဝယ်သားသဖွယ်အုပ်ချုပ်တယ်ဆိုပြီး ဒီလောက်ခန့်ညားတဲ့ ရုပ်ရည်ပိုင်ရှင် တက္ကသိုလ်ကျောင်းသားကြီးကို ဘာလို့ မျက်တွင်းဟောက်ပတ် ပိန်ညောင်ရှိုက်ကုန်း ဖြစ်စေချင်သလဲပေါ့။ အဲဒီမိဘကို စိတ်ကောက်ချင်စိတ် ပေါက်သွားတယ်။ နည်းနည်း အမြင်ပြောင်းသွားတယ်။

တတိယနှစ်အပြီးမှာ အတန်းထဲက တချို့ စာမေးပွဲကျပြီး ကျောင်းထုတ်ခံရတယ်။ သူတို့က ဆူးလေတ၀ိုက်မှာ စာကပ်တယ် ဆိုလား စာဝေတယ်ဆိုလားပဲ။ သူတို့ကို ညဘက်ကြီး တံခါးခေါက်ပြီး ခေါ်သွားတယ်။ နှစ်ပတ်လောက် ပျောက်သွားတယ်။ ကျောင်းမှာ ပြန်ပေါ်လာတော့ မျက်လုံးတွေ ဖူးယောင်နေတာပဲ။ လက်မှာလည်း ပတ္တီးနဲ့။ သွားတွေလည်း ကျိုးလို့။ အတော်လေး အတီးခံထားရပုံပဲ။ ကျောင်းမမှန်တဲ့သူ အချင်းချင်းဆိုတော့ သူတို့နဲ့က အဆက်အဆံ မရှိသလောက်ပဲ။ ဒါဝင်ရဲ့သီအိုရီ ဆိုတဲ့ ကဗျာစာအုပ် ထုတ်တုန်းကတော့ အားနာလို့ ၀ယ်ဖူးတယ်။ အဲဒီကဗျာစာအုပ်မှာ အစိုးရကို သရော်ထားတာ ပါတယ်ဆိုပဲ။ ဖတ်တာ ဖတ်ကြည့်တယ်။ တစ်လုံးမှ နားမလည်ဘူး။ သူငယ်ချင်းတွေက စကားပြေ ပြန်ပေးရတယ်။ အဓိပ္ပါယ် သိသွားတော့လည်း ဟုတ်နေတာပဲ။ စိတ်ထဲကနေ ကျိတ် ချီးကျူးလိုက်တယ်။ ကျွန်တော်ဆို အဲဒီလို မတွေးမိသလို ရေးရဲမှာလည်း မဟုတ်ဘူး။ စာကပ်ဖို့ စာဝေဖို့ဆို ဝေလာဝေးပဲ။ ခေါင်းထဲမှာ ဘွဲ့ရဖို့ပဲ ရှိတယ်။

ဗိသုကာ တတိယနှစ်မှာပဲ အီကိုကျောင်းသား ရာဟု ဆိုတဲ့သူနဲ့ တွေ့ဖူးတယ်။ သူငယ်ချင်းတွေနဲ့ စုငှားထားတဲ့ အိမ်မှာပေါ့။ အဲဒီတုန်းက အီိကိုကျူရှင်ကို အဲဒီအခန်းမှာပဲ ဖွင့်ထားတယ်။ သူက ကျူရှင်တော့ မတက်ပါဘူး။ ကျူရှင်က သူငယ်ချင်းဆီ လာလည်တာပါ။ အဲဒီမှာ သူနဲ့ စကားစမြည် ပြောဖူးတယ်။ သူအများဆုံး ပြောသွားတာက လူမှုရေးလုပ်ငန်းတွေပေါ့။ သူနဲ့ နှစ်ခါ သုံးခါလောက် ဆုံဖြစ်တယ်။ စက်တင်ဘာမှာ သူ ဓါတ်ပုံကြီး မြင်လိုက်တော့ ဒီလူကို မြင်ဖူးပါတယ်ပေါ့။ သတင်းတွေမှာ ရေးထားတာက ဗကသခေါင်းဆောင် ကျော်ကိုကိုဆိုပဲ။ သိထားတာက ရာဟုပါ။ ဒီကောင်မှ ဒီကောင် အသေအချာကြီးပါ။ စိတ်ထဲမှာ ၀ိုးတိုးဝါးတား မသေချာလို့ အီကိုက သူငယ်ချင်းဆီ ဖုန်းဆက်မေးကြည့်တော့ သူက ရာဟု ဆိုတာ သိလိုက်ရတယ်။ ဗကသခေါင်းဆောင် ဖြစ်လာမယ့်သူလို့ ထင်တောင် မထင်ထားဘူး။

ဒီလိုနဲ့ပဲ အက်စ်ဝမ်းနဲ့လည်း ကျောင်းမှာ ဆုံခွင့်ရလိုက်တယ်။ အက်စ်ဝမ်းနဲ့ ပတ်သက်ပြီး သတိထားမိတာက အစိုးရကို ခါးခါးသီးသီး မုန်းတာပဲ။ ဘယ်တော့မှ အကောင်းမပြောဘူး။ သူမှာ နာကျည်းချက်တွေ ရှိမှာပါ။ ကိုယ်တိုင်မှ မခံစားဖူးတော့ သူ့လို နာကျည်းချက်မျိုး မရှိတာ မဆန်းလှပါဘူး။ လူဆိုတာကလည်း ထိမှ နာတဲ့အမျိုးပါ။ မထိသရွေ့ နေသာသလို အေးဆေးနေတတ်ကြပါတယ်။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်က ရဲရဲတောက်တွေကတော့ အတော်လေးကို ထိချက်နာခဲ့သူတွေပါ။ ကိုယ်တိုင်ကိုယ်ကျ ခံစားရတဲ့သူ ရှိသလို မိဘဆွေမျိုး အသိုင်းအ၀ိုင်း ပြိုလဲ ပျက်ဆီးခဲ့ရသူတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီအချိန်အထိ စာနာနားလည်မှုပဲ ရှိခဲ့သေးတယ်။ ကျန်တာကတော့ အရာရာ အေးဆေးပါ။ အားလုံး ကောင်းပါသည်ပေါ့ဗျာ။ ဒါပေမယ့် ကောင်းတော့ ကောင်းတယ်... မျက်စိစပ်တယ် ဆိုသလိုမျိုးပဲ ၄ လ တစ်တန်း ကျောင်းစာကို လျှာအတောင့်လိုက် ထွက်လုနီးပါး ဖင်တရွတ်တိုက် လိုက်ပြီး စာမေးပွဲအောင်အောင် ဖြေခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘ၀ကို မှောက်အိပ်မိလို့ နာတဲ့ရင်မျိုးမဟုတ်တဲ့ ရင်နာမှုတွေ ရရှိခဲ့လိုက်တယ်။

ဒီလိုနဲ့ပဲ အထဲမှာ နေစရာ မရှိတော့လို့ အပြင်ရောက်လာတယ်။ မြို့တော်ကြီးမှာ မီးခဏ ခဏ ပျက်တော့ လူလည်း ဘ၀ပျက်လာပြီ။ မဖြစ်တော့ဘူးဆိုပြီး ပင်လယ်ပြင်ကို ဖြတ်ခဲ့လိုက်တယ်။ စွန့်စားခန်းအသစ်တွေ ဖွင့်ကြည့်လိုက်တယ်။ ရလဒ်ကတော့ စာအသစ်တွေ ဖတ်ခွင့်ရလိုက်တယ်။ ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရတာ သိလိုက်ရတယ်။ ဦးသန့်အရေးအခင်း သိလိုက်ရတယ်။ စွယ်တော်နန်းက နောင်တော်ကြီး ဘုန်းမော်အကြောင်း ပိုသိလိုက်ရတယ်။ မိုးပေါ်ကို ထောင်မပစ်ဘူးဆိုတဲ့ စကားကို ကြားခွင့်ရလိုက်တယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီးကို စောင်းငဲ့ကြည့်မိတော့ ၀ါးလုံးခေါင်းထဲ လသာခဲ့တဲ့ ဘ၀ကို မြင်လာမိတယ်။ ကိုယ်နေခဲ့တဲ့ ရေအိုင်လေးကို ပင်လယ်ကြီးလို့ ထင်ခဲ့မိတဲ့ ကျွန်တော်ဟာ ဖားတစ်ကောင်ပဲဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ ကုလားမယားဆိုတဲ့ အဘွားကြီးဆိုတဲ့ ဘိုကတော်ဆိုတဲ့ ဂုဏ်တင်ခံထားရတဲ့ ဇွဲမာန်အပြည့်နဲ့ အချိန်နဲ့ နုပျိုမှုတွေကို စတေးနေရတဲ့ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရတယ်။ အပျော်လမ်းထွက်လျှောက်တာမျိုး မဟုတ်တဲ့ ကျောင်းသားကြီးတွေကို မြင်လိုက်ရတယ်။ သူတို့တွေက ကျောင်းသားအရွယ် မဟုတ်တော့ပါဘူး။ ဆံပင်တောင် ဖြူနေပါပြီ။ သူတို့နဲ့ ပတ်သက်ပြီး သိလာရတာတွေ ရှိလာတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူးပေါ့။ မသိသေးတာတွေလည်း အများကြီး ရှိနေသေးပါတယ်။

အခုချိန်ထိ ကျွန်တော်ဟာ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး လှမ်းလျှောက်နေဆဲပါ။ အရင်ကထက်တော့ အလင်းရောင်လေး ပိုမြင်ခွင့်ရလိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မျိုးဆက်တွေ၊ ကျွန်တော်တို့ရဲ့ နောက်က မျိုးဆက်တွေ အမှောင်လမ်းမှာ လျှောက်လှမ်းနေဆဲပါ။ ကျေးဇူးပြုပြီး အဲဒါကို အပြစ်တင် မစောကြပါနဲ့။ ကျွန်တော်တို့တတွေ ကန်းချင်လို့ ကန်းနေတာ မဟုတ်ပါဘူး။ မြင်ခွင့်မရလို့ ကန်းနေတာပါ။ မကြားချင်လို့ နားတွေ ပင်းနေတာ မဟုတ်ပါဘူး။ ကြားခွင့်မရှိလို့ နားတွေ ပိတ်ကုန်တာပါ။ မပြောရဲ မဆိုရဲတာကိုလည်း ခွင့်လွှတ်ပါ။ ပြောခွင့်မရတာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ဒါမျိုးတွေကို ပြောရမှန်းတောင် မသိခဲ့ပါဘူး။ ဒါကြောင့် မှောင်နေရင် မီးထွန်းပေးကြပါ။

ကျွန်တော်ဟာ ယုံကြည်ရာ အိပ်မက်လမ်းကို ရောက်အောင်သွားဖို့ ဆက်လက်ချီတက်ဆဲပါ။ ကျွန်တော် ၀ါသနာပါရာ လူမှုရေးလုပ်ငန်းတွေမှာ အချိန်ပေး လုပ်ကိုင်နေဆဲပါ။ တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပဲ ဖြစ်ချင်ပါတယ်။ အုတ်တံတိုင်းကြီးနဲ့ သဲမုန်တိုင်းကြီး မဖြစ်ချင်ပါဘူး။ အချိန်တန်ရင် အားလုံး သေရမှာပါပဲ။ ဒါကြောင့် လောကကြီးအတွက် ဘာတွေလုပ်ခဲ့ပြီးပြီလဲဆိုတာ စဉ်းစားရင်း တန်ဖိုးရှိတဲ့ အတ္တသမားတစ်ယောက် မနာလိုသူရဲ့ အမုန်းတွေကို အပြုံးတွေနဲ့ ရင်ဆိုင်နေမှာပါ။

အခုတော့ ဇူလိုင်အိပ်မက်ရဲ့ သမိုင်းကြောင်းကို တွေးတောရင်း နေ့အိပ်မက်အတွက် ယုံကြည်ရာလမ်းကို ဖောက်ရင်းပေါ့ဗျာ။

Sunday, December 6, 2009

Saved 33 lives



Saved
33
lives


Mr. July, 28 - Snr. Consultant and Regular Blood Donor
Youth Donor Club, Singapore Red Cross

Saturday, December 5, 2009

Fighting the HIV stigma

နာမည်ပျက်လေး ရှိခဲ့လို့... လူတကာတွေက ရှောင်ဖယ်ကြတယ် ဆိုတာ ကျွန်တော်တို့ လူ့ဘောင်လောကမှာ မြင်တွေ့နေကြမို့ သိပ်ပြီးမဆန်းလှပါဘူး။ တံဆိပ်တွေ ကပ်ကြတာ လူတွေရဲ့ သဘာဝပါ။ တံဆိပ်ကပ်တဲ့ နောက်ကွယ်မှာ အတူတွဲပါလာတဲ့ တန်ပြန်သက်ရောက်မှု အကျိုးဆက်တွေကိုတော့ သတိထားမိကြတဲ့သူ ရှိသလို သတိမမူမိတဲ့သူလည်း ရှိကြမှာပါ။ ငါနဲ့မဆိုင်ပါဘူး ဆိုပြီး ဘာသိဘာသာ နေကြတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် လူ့ဘ၀ဆိုတာ စက်ဝိုင်းတစ်ခုလို လည်နေတတ်တယ်။ စက်ဝိုင်းတွေ လွှမ်းမိုးနေတဲ့ လူ့ဘ၀မှာ မဆိုင်ပါဘူး ဆိုတဲ့သူတွေဆီ အကျိုးဆက်တစ်ခု ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။

လေးလုံးရောဂါ ဆိုလို့ မျက်မှန်တပ်တဲ့ လူတွေကိုများ ပြောသလားပေါ့... ဆိုပြီး တပ်ထားတဲ့ မျက်မှန်တောင် ကိုယ့်ဘာသာ ပြန်စမ်းမိတယ်။ အဲဒီကောင်မ အေကိုက်နေတယ်တော့... ရပ်ကွက်ထဲမှာ တိုးတိုးတိတ်တိတ် အတင်းချတယ်။ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ နှာခေါင်းရှုံ့တယ်။ တချို့ကတော့ စကားဝှက်လေးနဲ့ အေ၀မ်းဒီဖိုက် ဆိုပဲ။ အဲဒီကနေ ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာတယ်။ တောထုတ်ချင်လာတယ်။ ဝေးဝေးရှောင်တယ်။

လမ်းဆုံလမ်းခွတွေမှာ ကုရာနိတ္ထိ ဆေးမရှိ... ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်လိုက်တော့ အခြေအနေ ပိုဆိုးသွားတယ်။ နဂိုကမှ ခွဲခြားဆက်ဆံခံရတဲ့အထဲ အဲဒီလိုမြင်လိုက်ရတော့ လူတွေရဲ့ တကိုယ်ကောင်းဆန် အတ္တကို မီးကူထိုးပေးလိုက်သလို ဖြစ်ကုန်တယ်။ ရောဂါပိုး ကူးစက်ခံရမှာ ကြောက်ပြီး ခွဲခြားဆက်ဆံမှုတွေ များလာတယ်။ တကယ်တော့ လောကမှာ ကုမရတဲ့ ရောဂါတွေ အများကြီးပါ။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဘီပိုး၊ သွေးကင်ဆာ... ဘယ်မှာ အရှင်းပျောက်အောင် ကုလို့ရလို့လဲ။ ရောဂါသက်သာအောင် အခြေအနေ ပိုမဆိုးအောင်ပဲ လုပ်လို့ရတာမျိုးပါ။ အေလည်း ဒီအတိုင်းပါပဲ။ ပျောက်အောင် ကုလို့မရပါဘူး။ ဒါဖြင့် ဘာကွာလို့များ လူတွေက အသည်းအသန် ကြောက်လန့်နေရသလဲ။

လိင်အပျော်အပါး လိုက်စားခြင်းကို ရှောင်ကျဉ်ပါ... မိမိဇနီးခင်ပွန်းအပေါ်မှာ သစ္စာရှိပါ... တစ်လင် တစ်မယားစနစ် ကျင့်သုံးပါ... ဆိုတဲ့ လူမြင်ကွင်းမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးတွေကြောင့် နှာဘူးကျလို့ တဏှာကြီးတဲ့ ကာမဘီလူးတွေပဲ အေအိုင်ဒီအက်စ် ရောဂါရသလို လူတွေက ထင်ကုန်ကြတယ်။ ဒီရောဂါရှိရင် ယောကျာ်းလေးဆို နှာဘူး သို့မဟုတ် ဂန်ဒူးလို့ ထင်ကြတယ်။ မိန်းခလေးဆို အရပ်ပျက်မ ရွစိစိန် သို့မဟုတ် အောက်အီးအွတ်ပေါ့။ ကဲ... ဥမမယ် စာမမြောက်သေးတဲ့အရွယ် ကလေးငယ်တွေကို ဘယ်လို ပြောကြအုံးမလဲ။ ဘယ်တံဆိပ် ကပ်ကြအုံးမလဲ။ တကယ်တော့ ရောဂါဘေးတားဆီးတဲ့ နေရာကနေ မမျှော်မှန်းထားပဲ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို နာမည်ပျက်တစ်ခုအနေနဲ့ ဘ၀တစ်သက်စာ အလူးအလိမ့် အလဲအကွဲ ခံစားရတာက အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံလိုက်ရတဲ့ အသိုင်းအ၀ိုင်းပါပဲ။

အိတ်ခ်ျအိုင်ဗွီပိုးက လိင်အပျော်အပါး တစ်ခုတည်းကနေ ကူးတာ မဟုတ်မှန်း အခုအချိန်မှာ အတော်များများ နားလည်သိရှိပြီးသားပါ။ ထပ်ခါတလဲလဲ အသုံးပြုတဲ့ ဆေးထိုးအပ်တွေ၊ စနစ်တကျ မရှိလှတဲ့ သွေးသွင်း ကုသမှုတွေကြောင့် ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို သိပေမယ့်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူတွေကို နှိမ့်ချဆက်ဆံမှုတွေ ရှောင်ခွာဖယ်ကျဉ်မှုတွေ ရှိနေတုန်းပါပဲ။ အဲဒီလို ခွဲခြားဆက်ဆံမှုကြောင့် နာမည်ဆိုးတွေ ဖြစ်စေကုန်တယ်။ နာမည်ပျက်ကုန်တယ်။ အရိပ်မည်းကြီး မိုးကုန်တယ်။

နာမည်ဆိုး အရိပ်မည်းကြောင့် ဘာတွေဖြစ်ကုန်လဲ။ ရောဂါပိုး ရှိကြောင်း ပြောရမှာ ရှက်လာတယ်။ အပြစ်တစ်ခု ရှိသလို ခံစားလာရတယ်။ လူတွေကို ကြောက်လာတယ်။ ခံယူချက်တွေ မှားလာတယ်။ အမူအကျင့်တွေ ပြောင်းကုန်တယ်။ တချို့က လောကကြီးကို အရွဲ့တိုက်ကြတယ်။ အဲဒါကြောင့် ရောဂါပိုးကို ဆက်လက် ဖြန့်ဖြူးတယ်။ တချို့က ဇာတ်မြှုပ်ပြီး ဘ၀ကို အမြန် အဆုံးသတ်ချင်လာတယ်။ ဒါကြောင့် သတ်သေတယ်။ အဲဒီကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်ကတော့ ပျော်ရွှင်ကြည်နူးစရာ မဟုတ်တာတော့ သေချာပါတယ်။

နာမည်ပျက်ဖြစ်စေတဲ့ အရာတွေက အများကြီးပါ။ အလွယ်တကူ မြင်နိုင်တဲ့အရာကတော့ ရပ်ကွက်ထဲမှာ အတင်းပြောတာပါပဲ။ အတင်းပြောတာက အတော်လေး ပြောလို့ ကောင်းပါတယ်။ ဒါပေမယ့် အပြောခံရတဲ့ လူအတွက်တော့ မကောင်းပါဘူး။ အတင်းပြောခံရတဲ့ လူအနေနဲ့ လူ့အသိုင်းအ၀ိုင်းကနေ တဖြည်းဖြည်း ဝေးကွာလာပါတယ်။ အတင်းပြောခံရမှာ ကြောက်ပြီး သူ့မှာ ရောဂါရှိနေကြောင်း ဖွင့်ပြောရဲတဲ့ သတ္တိတွေလည်း လျှော့နည်းကုန်တယ်။ ရောဂါရှိမှန်း မသိတဲ့အတွက်ကြောင့် အကျိုးဆက်က ဘာလဲ။ မြင်ကြမယ် ထင်ပါတယ်။

ဒီအကြောင်းကိုရေးရင် ကျမ်းတစ်စောင် ဖွဲ့လို့ရပါတယ်။ အဲဒီတော့ အနှစ်ချုပ် တိုက်တွန်းချင်တာက ရောဂါပိုး ရှိတဲ့သူတွေကို ခွဲခြားဆက်ဆံနှိမ့်ချမှုတွေ မလုပ်ပါနဲ့။ နာမည် မဖျက်ကြပါနဲ့။ နှာခေါင်း မရှုံ့ပါနဲ့။ အတင်း မတုပ်ပါနဲ့။ သူတို့ကို ပုံမှန်အတိုင်း ဆက်ဆံပါ။ စကားပြောပါ။ ကြင်နာပါ။ ဖေးမပါ။ ကူညီပါ။ ရောဂါပိုး ရှိတဲ့သူရဲ့ ရင်ထဲက ခံစားချက်တွေကို သေသေချာချာ နားထောင်ပေးပါ။ စိတ်ဝင်တစား ပြန်လည်ဆွေးနွေးပါ။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာလည်း ခွဲခြားဆက်ဆံနှိမ့်ချမှုတွေ မဖြစ်ရအောင် ၀ိုင်းဝန်း ကာကွယ် တားဆီးပေးကြပါ။ ကိုယ်တိုင် ဦးဆောင်ပြီး လှုပ်ရှားပြပါ။ မီဒီယာတွေကလည်း လွှဲမှားတဲ့ အသိတရားတွေ မဖြစ်ရလေအောင် သေချာ စိစစ်လေ့လာပြီး ပညာပေးတွေ ပြုလုပ်ပေးစေလိုတယ်။

နေခွင့်ရတဲ့အခိုက်မှာ ကမ္ဘာလောကကြီးကို လှပစေချင်တယ်။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိနေတာဟာ ရှက်စရာ မဟုတ်ပါဘူး။ အပြစ်တစ်ခုလည်း မဟုတ်ပါဘူးဆိုတာ လက်ခံလိုက်ကြပါ။ အင်း... ပြောတာတော့ လွယ်ပါတယ်။ ခေါင်းညိမ့်ဖို့လည်း လွယ်ပါတယ်။ တကယ်လုပ်ဖို့က အတော် ခက်လှပါတယ်။ ဒါပေမယ့် ကြိုးစားကြည့်ရအောင်ဗျာ။

Tuesday, December 1, 2009

Don’t hate me in silence


Photo Credit: www.uniview.co.uk

ကျွန်တော် ဘယ်သူလဲဆိုတော့... ကျွန်တော်ဟာ ကျွန်တော်ပါ။ အသက် ၂၈ နှစ်ကျော်နေပြီဖြစ်တဲ့ ကိုဇူလိုင်ပါ။ အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ်ဗ်ပေါ့။ ကျွန်တော်ဟာ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်ကိုယ်တိုင် ပြောပြရဲတာကိုပဲ ကျွန်တော့်ဘာသာ ဂုဏ်ယူမိနေတယ်။ အဲဒီတော့ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေလို့ ကျွန်တော့်ကို ချစ်ကြ မုန်းကြမလား။ ဘယ်လိုပုံစံပဲ တုန့်ပြန်ကြပါစေ... ကျွန်တော်ဟာ ကျွန်တော်ပါပဲ။ အဲဒီအတွက်နဲ့ ခင်ဗျားတို့ တွေဝေနေမလား၊ စိတ်ရှုပ်နေမလား။ မသေချာ မရေရာတာတွေ ရှိနေရင်လည်း ကျွန်တော့်ကိုပဲ မေးလိုက်ပါ။ ဒါပေမယ့် ကျွန်တော့်ကိုတော့ တိတ်တိတ်လေး မုန်းမနေကြပါနဲ့ဗျာ။
World AIDS Day - 2009

Sunday, November 29, 2009

July Note 8

ဆရာ့ဝတ်

အတတ်လည်းသင်
ပဲ့ပြင်ဆုံးမ
သိပ္ပမချန်
ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့
ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။
~~~

တပည့်ဝတ်

ညီညာထကြွ
ဆုံးမနာယူ
လာမူကြိုဆီး
ထံနီးလုပ်ကျွေး
သင်တွေးအံရွတ်
တပည့်ဝတ် မချွတ်ငါးခုသာ။
~~~

မိဘ၀တ်

မကောင်းမြစ်တာ
ကောင်းရာညွှန်လတ်
အတတ်သင်စေ
ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ။
~~~

သားသမီးဝတ်

ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ် ကျင့်ဖွယ် သားတို့မှာ။
~~~

လင်ကျင့်ဝတ်

မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။
~~~

မယားကျင့်ဝတ်

အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကျဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။
~~~

ဒါလေးတွေက မှတ်ထားသင့်လို့ မှတ်ထားလိုက်ပါမယ်။ အချိန်ကြာရင် မေ့ကုန်တတ်လို့ ဟိုမေးဒီမေး လုပ်ပြီးမှ သတိတရ ပြန်ကူးထားတာပါ။ အဖြေတိုက်ပေးတဲ့ မိတ်ဆွေ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

Wednesday, November 25, 2009

Sunlight upon moss



တောကြီးမျက်မည်းထဲမှာ
အလှတရားဆိုတာ ရှိသလို
ပွင့်လင်းရိုးရှင်းတဲ့ဘ၀မှာလည်း
သစ္စာတရားဆိုတာ ရှိပါတယ်။
အချစ်ဆိုတဲ့ နေပြောက်လေးထိုးရင်
အထီးကျန် အမှောင်ကမ္ဘာထဲမှာ
စိမ်းလန်းစိုနေတဲ့ ဘ၀တစ်ခုမြင်ရလိမ့်မယ်။

Thursday, November 19, 2009

Nothing lasts forever

အခြေအနေက အရင်လို မဟုတ်တော့ပါဘူး။ အခုတော့ မပေါ့မပါး ဘ၀ဖြစ်နေပြီ။ မပေါ့မပါးဆိုလို့ ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေတယ်လို့ မထင်ကြပါနဲ့။ ဗလကြီးအာနိုး ကလေးမွေးတယ်ဆိုတာ ရုပ်ရှင်ထဲမှာပါ။ သိပ္ပံပညာ ထွန်းကားလို့ ဒါမျိုးတွေ ဖြစ်နိုင်ပြီဆိုရင်တောင်မှ ကျွန်တော်ဘက်က အဆင်သင့် မဖြစ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ခဏ ခဏ ပျို့အန်တတ်ပါတယ်။

ဘာလိုလိုနဲ့ ညောင်ညိုပင် လမ်းခွဲကတော့ မြင်နေရပြီ။ ၂၀၀၈ တုန်းကလည်း ဒီလိုအချိန်မှာ လမ်းခွဲခဲ့တယ်။ နှစ်ပေါင်းများစွာ ပျော်ရွှင်ကြည်နူး ခံစားဝေမျှခဲ့တဲ့ နေရာလေးကို နာကျည်းချက်တွေနဲ့ တိတ်တဆိတ်လေး ထားရစ်ခဲ့တယ်။ လူမသိ သူမသိ အသံတိတ်လေးပေါ့။ အခိုင်အမာ ဆုံးဖြတ်ပြီးရင် ပြန်မပြင်တတ်တဲ့ အကျင့်ကို တမင်မွေးယူထားတဲ့ ကျွန်တော့်အဖို့ သမင်လည်ပြန်ဆိုတာ မရှိစေရပါဘူး။ ဒီလိုနဲ့ အချိန်တွေ များစွာပိုခဲ့တယ်။ ပိုနေတဲ့အချိန်တွေကို တခြားနေရာမှာ ဖြုန်းတီးပစ်ခဲ့သလိုလိုပဲ။ လောက် ဆိုတဲ့ အကောင်မျိုးက ချီးထဲမှာပဲ ပျော်တတ်တာမျိုးပေါ့။ အကျိုးရှိတဲ့နေရာမှာ သုံးခဲ့တာတွေလည်း ရှိခဲ့ပါမယ်။ သုညနောက်မှာ ဒဿမကိန်းနဲ့ ပြရမယ့် အကျိုးပြု လုပ်ငန်းတွေပေါ့။ နိုင်သလောက် ကြယ်ငါးကောက်တယ်လို့ နှစ်သိမ့်လိုက်တယ်။

အရင်ကလို အချိန်တွေ မပိုတော့ဘူး။ ရုံးချိန်မှာဆိုလည်း အချိန် ရှားလာတယ်။ ဒီနေရာ ဒီအလုပ် ဆိုပေမယ့် အချိန်တွေ ဘယ်ရောက်ကုန်လဲ မသိဘူး။ ရုန်းဟ ရုန်းဟ ဆိုပြီး ဘယ်သူမှတော့ ကြိမ် မတို့ပါဘူး။ ဒါပေမယ့် ပခုံးသားမှာ ထမ်းပိုးရာတွေ အပြည့်ပဲ။ လူဟောင်းဆိုတာ လူသစ်တွေအတွက် အထင်ကြီးစရာပဲ။ ဒါပေမယ့် လူဟောင်းတွေ ထမ်းထားရတဲ့ ၀န်ထုပ်ဝန်ပိုးတွေက တိုးပြီးရင်း တိုးနေတယ်။ တာဝန်ဆိုတဲ့ လက်ပတ်ကြောင့် လက်မောင်းတွေတောင် ဖုထစ်ကြီးလာသလိုပဲ။ ချစ်သူလေးအတွက်တော့ ခေါင်းလေးအုံးဖို့ ကောင်းတာပေါ့။

ကျန်းမာရေးအတွက်လည်း အချိန်က ပေးရအုံးမယ်။ ငယ်သေးတယ် ဆိုပေမယ့် ရှင်သေမင်းက ငဲ့ညှာမှာ မဟုတ်ဘူး။ အသက်အာမခံတော့ ၀ယ်ထားပါတယ်။ ကိုယ်ဖြစ် ကိုယ်ခံရတာ ကိစ္စမရှိပေမယ့် တခြားသူတွေကို စိတ်မညစ်စေချင်ဘူး။ ခေါင်းထဲမှာလည်း အသိတွေ တိုးမလာသေးဘူး။ ပုံစံခွက်ထဲမှာပဲ အသားကျနေတယ်။ ပုစွန်ဦးနှောက်ကမှ ချီးရှိအုံးမယ်။ နှလုံးသား အာဟာရအတွက် အချိန်တွေ လိုနေပြန်ပြီ။ စာတွေ မဖတ်ဖြစ်တာ ကြာပြီ။ ရန်ကုန်မှာ စာကြမ်းပိုးလို့ အထင်ခံခဲ့ရတဲ့သူက စကာင်္ပူမှာ လူ့ပေါက်ပန်းဖြစ်နေပြီ။ ပေါက်ပန်းကမှ အဆင်းလှပါသေးတယ်။ ပေါက်ပန်းဘ၀က တက်ဖို့ ပြင်ဆင်ရတော့မယ်။

နောက်တစ်ခုက အရင်ကလောက် အကြည်ဓါတ်တွေ မရှိတော့ဘူး။ လူပါးစပ်က တစ်ပေါက်တည်း ရှိလို့ပေပဲ။ လူအများက ကျွဲဆိုတော့လည်း ဤလည်း ကျွဲဖြစ်သွားတာ သဘောပေါက်ပါတယ်။ အများကြီး မမျှော်လင့်ဖို့ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးတယ်။ ဝေဖန်တာနဲ့ ကဲ့ရဲ့တာ မတူဘူးဆိုတာလည်း သိပါတယ်။ တိုက်ပွဲတွေမှာ ကျောမလုံအောင် လုပ်တတ်တဲ့သူတွေလည်း ရှိတယ်။ အရိပ်စစ်လို့ ရှိနေတဲ့သူလည်း ရှိပါတယ်။ နောက်ဆုံး ရလဒ်ကတော့ လူဆိုး လူကြမ်း လူရမ်းကားပေါ့။ ကိုယ်ရပ်နေတဲ့ မြေက မမာတော့လည်း ခုန်လို့ မကောင်းဘူး။ မိတ်ဆွေတွေတောင် ရန်သူဖြစ်ကုန်တယ်။ ကိစ္စတော့ မရှိပါဘူး။ ရန်သူစစ်တွေက ပိုချစ်ဖို့ ကောင်းပါတယ်။

ကဲ... လိုရင်း မရောက်ပဲ ပေရှည်နေပြီ။ အချုပ်ကတော့ နောက်ဆို သိပ်မမြင်ရတော့ဘူးလို့ ပြောချင်ပါတယ်။ နှုတ်ဆက်လက်ပြနေတာ မဟုတ်ပေမယ့် ပေးစရာအချိန်တွေ မကျန်တော့လို့ပါ။ အချိန်ပေးနိုင်ရင် ပေးနိုင်သလို ကံဇာတ်ဆရာအလိုကျ အသုံးတော်ခံပါမယ်လေ။ ဒါကြောင့် မြင်ရင် မြင်တယ်လို့ပဲ မှတ်လိုက်ကြပါတော့ဗျာ။

Wednesday, November 18, 2009

Interview with Kyaw Thu

၂၀၀၁ ဇန်န၀ါရီ (၁) ရက်တွင် ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ (ကွယ်လွန်) နာယကအဖြစ် စတင်ဦးစီး တည်ထောင်ခဲ့သော နာရေးကူညီမှုအသင်းမှ အသင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။ (၁၇ နိုဝင်ဘာ၂၀၀၉)


Photo Credit: Facebook - Fans Page of Kyaw Thu

မေး။ ။ ကိုကျော်သူအနေနဲ့ နာရေးကူညီမှုအသင်း လုပ်ကိုင်လာခဲ့တဲ့ (၉) နှစ်တာကာ လ အတွင်းမှာ အသင်းအနေနဲ့ လုပ်ချင်ပြီး အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်သေးတဲ့ လုပ်ငန်းတွေ ရှိပါသလား။

ဖြေ။ ။ အသင်းအနေနဲ့ကတော့ ကျနော်တို့လုပ်ချင်တဲ့ အတိုင်းအတာတွေတော့ ရှိပါတယ်။ တချို့ဟာတွေက စည်ပင်က ခွင့်ပြုချက်မရတာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ ဒီထက်ပိုပြီး ပြည်သူလူထုအားလုံးကို အဆင်ပြေအောင် လုပ်ပေးချင်တယ်။ လုပ်ပေးချင်တဲ့ဆန္ဒတွေရှိတယ်။ ဒါပေမယ့် တချို့ဟာတွေတော့ ခွင့်ပြုဖို့ ငြိစွန်းနေလို့ ခွင့်မပြုတာတွေ ရှိတယ်။

မေး။ ။ မြောက်ဒဂုံကို ပြောင်းရွှေ့ခဲ့ရတဲ့ ကိုကျော်သူတို့ နာရေးကူညီမှုအသင်း ခြံဝင်းရှေ့မှာ (၅) ပေအကျယ်၊ (၅) ပေအနက် ရေမြောင်းမတူးလို့ အသင်းအဆောက်အဦကို ခွင့်ပြုချက်မရဘဲ သုံးတယ်ဆိုပြီး မြောက်ဒဂုံစည်ပင်က တရားစွဲဆိုမယ်ဆိုတဲ့ကိစ္စရော အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ ။ လောလောဆယ်တော့ အဆောက်အဦ အသုံးပြုခွင့် သူတို့ချပေးလိုက်ပြီ။ မြောင်းကတော့ (၂) ပေတော့ ဖောက်ပေးရတာပေါ့လေ။ အမှုကိစ္စကတော့ သူတို့ တရားစွဲလို့မရဘူးလေ။ ကျနော်မသွားတဲ့အတွက် အမှုကို ဖွင့်ကို မဖွင့်လိုက်ရတာ၊ အမှုဖွင့်ခွင့်မရသွားဘူး။

မေး။ ။ ဒီလိုကိစ္စမျိုးတွေ ဖြစ်တာ နာရေးကူညီမှုအသင်းတခုတည်းပဲဖြစ်တာပါလား၊ ဘာကြောင့်လို့ထင်ပါသလဲ။ တခြားလူမှုရေး အသင်းအဖွဲ့တွေရော ဒီလိုပြဿနာမျိုးတွေ ရှိပါသလား။

ဖြေ။ ။ တခြားအသင်းအဖွဲ့တွေတော့ ကျနော်မသိဘူး။ ကျနော့်အသင်းနဲ့ပတ်သက်တာပဲ လုပ်နေတယ်ဆိုတော့။ တခြားအသင်းတွေတော့ ဘာတွေဖြစ်နေလဲမသိဘူး။ ဒါပေမယ့် တချို့အဖွဲ့လေးတွေကတော့ ကျနော့်ဆီ ဖုန်းဆက်ပြီးတော့ ကျေးဇူးတင်ပါတယ်ပေါ့။ ကိုကျော်သူ အခုလိုအင်တာဗျူးတွေ လုပ်တဲ့အတွက် သူတို့လည်း တော်တော်အဆင်ပြေသွားတယ်လို့ ပြောတယ်။ အဓိကကတော့ ကျနော်တို့ နာရေးကူညီမှုအသင်းကို ဖိအားပေးတယ်။ ကျနော် သိသလောက်ပေါ့လေ။ နောက် ဒီအသင်း ဦးဆောင်နေတာလည်း ကျနော် ဖြစ်နေတာကိုး။ အဓိကဦးဆောင်နေတဲ့ ကျနော်ရယ်၊ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ရယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်ရယ်ပေါ့၊ ဒီသုံးယောက်စလုံးက သံဃာ့ကိစ္စတုန်းက သံဃာတော်တွေကို ဆွမ်းကပ်တာတို့၊ ဆေးကပ်တာတို့ အအေးအချိုရည်ကပ်တာတို့ လုပ်ခဲ့တော့ ကျနော်တို့ကို မဲတယ်ထင်တာပဲ။

မေး။ ။ ဒါဆို အသင်းအနေနဲ့ တခြားဖြေရှင်းရတဲ့ အခက်အခဲ ပြဿနာတွေကော ရှိပါသလား။

ဖြေ။ ။ အသင်းစထူထောင်ကတည်းက စတာဆိုရင်တော့ အခေါင်းကိစ္စပေါ့၊ ကျနော်တို့က မှန်ခေါင်းသုံးတယ်။ မှန်ခေါင်းသုံးတယ်ဆိုတာက အောက်ကကတ်ပေါ်မှာ အလောင်းကိုတင်ပြီးတော့ မီးသင်္ဂြိုဟ်စက်ရောက်တော့မှ ကတ်နဲ့အလောင်းကိုပဲ မီးရှို့လိုက်တယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ကာယကံရှင်တွေလည်း သက်သာတယ်၊ ပြီးတော့ သစ်ဖြုန်းတီးရာလည်း မရောက်ဘူး။ သစ်ခြွေတာရာလည်းရောက်တယ်ပေါ့။ အဲဒါကို ပထမပိုင်းက တော်တော်လေး ကန့်ကွက်ခံရတယ်။ အခေါင်းရောင်းသမားတွေက အခေါင်းတွေ ရောင်းခွင့်မရလို့၊ ရောင်းအားကျလို့ ဆိုပြီးတော့ အမျိုးမျိုး ပြဿနာလုပ်တာပေါ့လေ။ လူမြင်ကွင်းကြီးမှာ မကောင်းဘူး၊ မှန်ခေါင်းကြီးနဲ့ သယ်တာတို့ ဘာတို့ပေါ့၊ အဲဒါမျိုးတွေ အမျိုးမျိုးအပြောခံရတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဖြေရှင်းခဲ့ရတာပေါ့လေ။ နောက် အသေးအမွှားတွေကတော့ အများကြီးပဲ၊ ပြောလို့ကုန်မှာ မဟုတ်ဘူး။ အခေါင်းကိစ္စကတော့ ဒီအတိုင်း ခန်းမထဲမှာထားရင်လည်း သူတို့ဒီအတိုင်း ဇာခြင်ထောင်ကြီး အုပ်ထားပြီးမှ အခေါင်းထဲထည့်သယ်တာပဲ။ ကျနော်တို့က မှန်ခေါင်းထဲမှာ ကြည့်ကောင်းအောင်ထားတယ်။ ပိုပြီးတော့တောင် သားနားအောင် ကျနော်တို့ကထားတယ်။ သယ်တဲ့အခါကျမှ ကတ္တီပါအစအနီရောင်ကို ဖုံးပြီးတော့ ကျနော်တို့က မီးသင်္ဂြိုဟ်စက်ထဲကို သယ်သွားတယ်၊ အဲဒါပိုပြီးတော့တောင် ခမ်းခမ်းနားနား ဖြစ်သေးတယ်။ အခု သူတို့ ဘာမှပြောလို့မရတော့ဘူး။ အခုလည်း ဒီအတိုင်းပဲ လုပ်ပါတယ်။

မေး။ ။ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တယောက်ဖြစ်တဲ့ ကိုကျော်သူအနေနဲ့ ဒီနာရေးကူညီမှုလုပ်ငန်းတွေနဲ့ ကိုယ့်ရဲ့အနုပညာ လဲလိုက်ရသလိုဖြစ်နေတော့ နာရေးကူညီမှုအသင်းနဲ့ အနုပညာအလုပ် ဘယ်ဟာကို ကိုကျော်သူ ရွေးချယ်လုပ်ကိုင်သွားမလဲဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်ကတော့ ရုပ်ရှင်အလုပ်ကို မလုပ်တော့ဘူး။ ကျနော်ဆုံးဖြတ်ထားတာ။ ရုပ်ရှင် ရိုက်ခွင့်ပြုရင်တောင်မှ ကျနော်က သမိုင်းအစစ်အမှန်တို့၊ biography တို့ အဲလိုရိုက်တဲ့ဟာမျိုးပဲ ကျနော်က ရိုက်တော့မယ်။ သမိုင်းအစစ်အမှန် ကိစ္စတွေပဲ ကျနော်ရိုက်မယ်။ နာရေးကူညီမှုအသင်းကလည်း ဘဘဦးသုခက အဓိကပေါ့။ ဘဘဦးသုခက နာရေးကူညီမှုအသင်း လုပ်မယ်ဆိုတော့ အဲဒီအချိန်မှာ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ကလည်း သူ့အဒေါ်က မန္တလေး ဗြဟ္မစိုရ်အသင်းမှာ အဖွဲ့ဝင်ပေါ့လေ။ ရွှေဇီးကွက်ကလည်း လုပ်ချင်တယ်။ ဘဘလုပ်မယ်ဆိုတာနဲ့ ကျနော်တို့ သွားငွေလှူပြီးတော့ စပြီး လုပ်ဖြစ်သွားတာပါ။ အဲလိုလုပ်ဖြစ်ရင်းနဲ့ ဘဘကလည်း မကြာမကြာ ဆုံးမတယ်။ ကျော်သူတဲ့၊ မင်းလို အနုပညာသမားတယောက် လုပ်မှ လူမှုရေးကိစ္စက အောင်မြင်တာတဲ့၊ မင်းလုပ်မှဖြစ်မယ်တဲ့၊ မင်းပြည်သူကို ပြန်အလုပ်အကျွေးပြုရမယ် ဆိုတာနဲ့ အခုအချိန်အထိ ပြည်သူကို အဲဒါနဲ့ ပြန်ပေးဆပ်နေတာပါ။

မေး။ ။ အခု လုပ်နေတဲ့ နာရေးကူညီမှုအသင်း လုပ်ငန်းအပေါ် ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ ။ ဒီလုပ်ငန်းဟာ အင်မတန် မွန်မြတ်တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ ဒါက ဒီ့ပြင် လူမှုရေးလုပ်ငန်းနဲ့ မတူဘူး။ သူက တကယ့်ကို လူတွေရဲ့အပူမီးကို ကျနော်တို့က ငြိမ်းပေးရတာ။ သေဆုံးသွားတဲ့ အိမ်ရောက်ပြီဆိုရင် ကျနော်တို့ကို တွေ့ပြီဆိုရင် သူတို့ကြေကွဲတာတွေ တော်တော် လျှော့သွားတယ်။ နောက် ကျနော်တို့ကိုယ်တိုင် ဖေးဖေးမမနဲ့ အလောင်းကိုသယ်၊ သင်္ဂြိုဟ်ပေးဆိုတော့ သူတို့လည်း တော်တော်လေးကို စိတ်ကျေနပ်မှုရှိတယ်။ ဒါဟာ ကိုယ့်အတွက်လည်း ကုသိုလ်အရမ်းရတယ်၊ အဖိုးမဖြတ်နိုင်တဲ့ ပီတိရတာပေါ့လေ။

မေး။ ။ အသင်းအနေနဲ့ ရည်မှန်းချက် ပြည့်ဝအောင်မြင်တယ်လို့ ဆိုနိုင်ပါသလား။

ဖြေ။ ။ အခြေအနေကတော့ လိုပါသေးတယ်။ ကျနော်တို့ လုပ်ချင်တဲ့အတိုင်းအတာတွေ အများကြီး ရှိပါသေးတယ်။ နာရေးတခုတင် မဟုတ်ဘူး။ ကျနော်တို့က ဆေးကုသမှု ဖြစ်တဲ့ သုခကုသိုလ်ဖြစ်ဆေးခန်း ဆိုတာပါ ဖွင့်ထားတာကိုး။ ကျန်းမာရေးချို့တဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အလကားအခမဲ့ တရက်ကို အယောက် (၂၀၀) လောက် ကျနော်တို့ ကုပေးနေရတယ်။ အဲဒီဘက်အပိုင်းမှာ ကျနော်တို့က လုပ်ပေးရဖို့တာဝန်ရှိတယ်။ ဒါကတော့ ဘယ်အစိုးရပဲတက်တက်၊ ဘယ်အစိုးရပဲ အုပ်ချုပ် အုပ်ချုပ် ကျနော်တို့ကတော့ ဒီနာရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စကို အဓိကထားပြီး ပေးဆပ်သွားမယ် ဆိုတာ ဆုံးဖြတ်ထားပါတယ်။

မေး။ ။ သုခဆေးခန်းအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဆေးခန်းကလည်း အခု လူနာများတယ်။ အရင်သင်္ကန်းကျွန်းတုန်းကဆိုရင် နည်းတယ်။ အခု လူနာလည်း များလာပြီးတော့ volunteer ဆရာဝန်တွေဆိုလည်း အယောက် (၄၀) ကျော်လောက်ရှိလာတယ်။ ဒီဆရာဝန်တွေရဲ့ ကျေးဇူးကြောင့်လည်း အခုလိုဆေးခန်းဖွင့်နိုင်တာပေါ့လေ။ အလှူရှင်တွေရဲ့ အလှူငွေနဲ့ ဒီဆရာဝန်တွေရဲ့ အခမဲ့ကုသပေးမှုအတွက် ကျနော်တို့ကလည်း တဆင့်ပြန်ပြီး ပြည်သူကို ထောက်ပံ့ ပေးနေတာပေါ့။

မေး။ ။ အဓိက ဘယ်လိုရောဂါမျိုးတွေကို လက်ခံကုသပေးနေပါသလဲ။

ဖြေ။ ။ အဓိကအနေနဲ့ ဒီမှာ မျက်စိကုပေးတယ်၊ မျက်စိတိမ်ခွဲတာမျိုးပေါ့။ မျက်စိခွဲပေးတယ်၊ အရေပြား ကြည့်ပေးတယ်၊ အရိုး အကြော ကြည့်တယ်၊ သားဖွားနဲ့ မီးယပ်ရှိတယ်၊ ကလေး အထူးကုရှိတယ်၊ နောက်အထွေထွေပေါ့။ ultrasound စက်ရှိတယ်၊ နောက် ဓာတ်မှန်စက်အတွက် အဆောက်အဦ ဆောက်ခွင့် ထပ်လျှောက်ထားတယ်။ ဆောက်ခွင့်ရရင် ဓာတ်မှန်စက်ထည့်မယ်။ အခုလောလောဆယ်တော့ ဓာတ်မှန် ရိုက်မယ်ဆိုရင် ကျနော်တို့က နီးစပ်ရာဆေးခန်းနဲ့ ဆေးရုံတို့မှာပဲ လူနာက သူ့ဖာသာ သွားရိုက်ပြီးတော့ အဲဒီက ဖြတ်ပိုင်းနဲ့ ဓာတ်မှန်ပြားပြရင် ကျနော်တို့က ငွေရှင်းပေးလိုက်တယ်။ အခု ကိုယ်ပိုင်ဓာတ်မှန်တော့ လုပ်ဖို့ရှိတယ်။ နောက် သွားဆေးခန်းပါ ဖွင့်ထားပါတယ်။

မေး။ ။ အသင်းကို ဘယ်လိုရပ်တည် လည်ပတ်နေတယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်တို့ရဲ့ အန်ဂျီအိုအဖွဲ့ကတော့ ကမ္ဘာပေါ်မှာတောင် ရှိမယ်မထင်ဘူး။ proposal တင်ပြီးတော့ ရပ်တည်တဲ့အသင်း မဟုတ်ပါဘူး။ ကျနော်တို့က တကယ့်မြန်မာပြည်သူပြည်သားတွေ၊ နိုင်ငံခြားရောက် မြန်မာလူမျိုးတွေ၊ တချို့နိုင်ငံခြားသားတွေက ကျနော်တို့ရဲ့လုပ်ရပ်ကို သဘောကျပြီး လာလှူတယ်။ လှူတဲ့ရန်ပုံငွေ အလှူငွေကို ကျနော်တို့က စနစ်တကျဘဏ်မှာထားပြီးတော့ စနစ်တကျသုံးစွဲတယ်။ အဲဒီ အလှူငွေနဲ့ ကျနော်တို့က ရပ်တည်နေတာပါ။ နာရေးကူညီမှုအသင်းက ၂၀၀၁ ခုနှစ် စကတည်းက အခုအချိန်အထိ ပိုက်ဆံတပြားတချပ်မှ မယူဘဲနဲ့ ကျနော်တို့ လုပ်ခဲ့ရတာ။ အခု နာရေးကိစ္စ လုပ်နေတာလည်း အသင်းက ကိုယ့်ကားနဲ့ ကိုယ့်ဓာတ်ဆီနဲ့ကိုယ် သွားတယ်။ ထမင်းစားလည်း ကိုယ့်စရိတ်နဲ့ကိုယ် စားကြတာ။ ကျနော်တို့က လခစားလည်း မဟုတ်ဘူး။

မေး။ ။ နာရေးကူညီမှုအသင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ရော လုပ်ဖို့ အစီအစဉ်ရှိပါသလား။

ဖြေ။ ။ ကျနော်တို့အသင်းကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဆိုပြီး တသင်းပဲရှိပါတယ်။ ကျနော်အနေနဲ့ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျနော်လိုက်ဖွင့်ပေးတဲ့ မြို့တွေ ရွာတွေ အားလုံးဆိုရင် (၅၀) ကျော်လောက်ပြီ။ ကျနော်အသက်ထက်တောင် များသွားပြီ။ ဒါပေမယ့် အဲဒီမြို့တွေက အသင်းတွေက ကျနော်တို့ရဲ့ လက်အောက်ခံလည်း မဟုတ်ဘူး၊ သူတို့ဘာသာသူတို့ ကျနော်တို့ကို အားကျပြီး ဖွင့်တာပေါ့လေ။ သူတို့မြို့တွေ၊ ရွာတွေမှာဖွင့်တယ်ဆိုရင် သူတို့မြို့သူမြို့သားတွေက အယူသီးတာတွေ များတယ်။ ဗမာပြည်သူလူထုက အယူသီးတာ ပပျောက်ဖို့အတွက် ကျနော့်ကိုခေါ်တယ်၊ မင်းသားကိုယ်တိုင် လာပြီးတော့ အလောင်းထမ်းပေးတယ်၊ သင်္ဂြိုဟ်ပေးတယ်၊ သူတို့ရှေ့မှာလုပ်ပြတယ်။ ညဘက်ဆို ကျနော်တို့က အယူသီးတာ ပပျောက်ဖို့အတွက် ဟောပြောပွဲမျိုး လုပ်ပေးတယ်။ အဲလိုလုပ်ပေးတော့ သူတို့လည်း ကျေနပ်သွားတယ်။ အဲလိုမျိုး ကျနော်လိုက်ဖွင့်ပေးရတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းကျ ကျနော် ခရီးသွားရတာ မလွတ်လပ်တော့ဘူး။ ဒါကြောင့် ကျနော့်ကို ဖိတ်တဲ့မြို့တွေ ကျနော်မသွားနိုင်တော့ဘူး။ ပြီးခဲ့တဲ့ (၃) နှစ် လောက်အထိတော့ ကျနော်တောက်လျှောက် လိုက်ဖွင့်ပေးထားတယ်။

မေး။ ။ ပြည်သူတွေကို အမှတ်တရစကား ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ အခုအချိန်မှာ အသက် (၅၀) ဖြစ်ပြီ။ ရုပ်ရှင်ရိုက်ခဲ့တာဆိုလည်း (၂၅) နှစ်လောက် ရှိသွားပြီ။ အဲဒီအတွင်း ပြည်သူတွေ ကျနော်ကိုအားပေးတဲ့ငွေနဲ့ ကျနော်မိသားစု ရပ်တည်ဖို့အတွက် ကျနော်လုပ်ခဲ့ပြီးပြီ။ ကျနော့်မှာ ပြည်သူကို ပြန်ပေးဆပ်ရမယ့် တာဝန်ရှိတယ်။ ပြည်သူကို ပေးဆပ်ရမယ့် တာဝန်အရရော၊ ကျနော်ရဲ့ စေတနာရော၊ ကျနော်ရဲ့ အရင်ဘ၀က ဘာလုပ်ခဲ့လို့လည်းတော့ မသိဘူး၊ အခုအချိန်အထိ ခပ်ရိုင်းရိုင်းပြောရရင် အရင်တုန်းကတော့ ရုပ်ရှင်မင်းသားပေါ့၊ အခုဟာကတော့ မသာမင်းသား ဖြစ်နေတာပေါ့လေ။ အဲဒီလိုပဲ ဒီဟာနဲ့ပဲ ပြည်သူကိုပေးဆပ်ဖို့ ကျနော်ဆုံးဖြတ်ထားပါတယ်။

~~~~~~
မှတ်ချက်။ အမှတ်တရ သိမ်းထားချင်လို့ခေတ်ပြိုင်သတင်းဌာနကနေ ကူးယူဖော်ပြပါတယ်။

Monday, November 16, 2009

Music concert



စင်္ကာပူရောက်ခဲ့ပြီးတဲ့နောက် ဒူးရင်းသီးထဲမှာ လုပ်တဲ့ ဂီတပွဲတွေကို လစဉ်လိုလို နားထောင်ဖြစ်ခဲ့တယ်။ ရုံးက မန်နေဂျာက ခေါ်လို့ ဗစ်တိုးရီးယား ကပွဲရုံမှာ လုပ်တဲ့ ဂီတပွဲကို လွန်ခဲ့တဲ့ ၆ လ ကျော်က စ ရောက်ခဲ့တယ်။ နောက်ပိုင်း ရောက်တဲ့ပွဲတွေက ဒူးရင်းသီးထဲမှာ လုပ်တဲ့ ဂီတပွဲတွေပါ။ အစက အဲဒီလို တီးဝိုင်းတွေကို ပျင်းစရာ ကောင်းမယ်လို့ပဲ တုံးအစွာ မြင်ခဲ့မိတယ်။ ဒီလို ဂီတသံစဉ်တွေက ကျွန်တော်အတွက် အလှမ်းဝေးခဲ့မိတယ်။ ဘယ်တူရိယာကိုမှ မတီးမှုတ်တတ်တဲ့ ကျွန်တော်ဟာ ဂီတကို နားထောင်တဲ့ ပရိသတ်အဆင့်မှာပဲ ရှိခဲ့ပါတယ်။ မိုးဇတ်တို့ ဘင်တိုဗင်တို့ဆိုတာ ကြားဖူးနားဝ အဆင့်မှာပေါ့။

ရုံးက မန်နေဂျာရဲ့ ကောင်းမှုနဲ့ပဲ လတိုင်းနီးပါး ပွဲဆက်မပြတ်ခဲ့ပါဘူး။ သူ မလာနိုင်တဲ့ ပွဲရှိရင်တောင် ဖုန်းနဲ့ မတ်ဆေ့ခ်ျပို့ပြီး သတင်းပေးပါတယ်။ တချို့ပွဲတွေက သံစုံတီးဝိုင်းကြီးတွေပါ။ တချို့ပွဲက လေမှုတ်တူရိယာ အစုံအလင်နဲ့ တီးခတ်တဲ့ ပွဲပါ။ တချို့ပွဲကျတော့ တရုတ်ရှေးရိုးရာ တူရိယာတွေနဲ့ တီးခတ် ဖြေဖျော်တဲ့ပွဲမျိုးပါ။ ဘယ်လို တီးဝိုင်းတွေ ဖြစ်နေပါစေ... ဘယ်လို တူရိယာတွေနဲ့ တီးခတ်နေပါစေ... သံစဉ်ဂီတဟာ လူရဲ့စိတ်ကို နူးညံ့ပျော်ရွှင် ကြည်နူး လွမ်းဆွတ်စေပါတယ်။ အိပ်ငိုက်ဖို့ ဝေးစွ... ပျင်းရိဖို့ ဝေးစွ။

ပြီးခဲ့တဲ့ တနင်္ဂနွေမှာလည်း ဒူးရင်းသီးထဲကို ရောက်ခဲ့တယ်။ ဒီတစ်ခေါက်ပွဲက လေမှုတ်တူရိယာ အစုံအလင်နဲ့ တီးခတ်တဲ့ပွဲပါ။ ကာတွန်းကားထဲက ဇာတ်ဝင်သီချင်းတွေကို တီးမှုတ် ဖျော်ဖြေမှာပါ။ ရွှန်းမီနဲ့ စာကလေးကို ဖိတ်ထားပေမယ့် စာကလေးနဲ့ သူ့ သူငယ်ချင်းတစ်ယောက်ပဲ ပွဲတက်နိုင်ခဲ့တယ်။ ရွှန်းမီက နေ့လည်ပိုင်းမှာ ခဏတဖြုတ် အိပ်ပျော်သွားလို့ ပွဲချိန် မမှီလိုက်ဘူး။ အိပ်မက်တွေ ကောင်းနေလို့လားပဲနော်။

ရှေ့ပွဲတွေရဲ့ အတွေ့အကြုံအရ ဒူးရင်းသီးထဲမှာ ဓါတ်ပုံရိုက်ခွင့် မပေးပါဘူး။ အဲဒါကြောင့် နောက်ပိုင်းမှာ ကင်မရာ ယူမသွားတော့ဘူး။ ဒါပေမယ့် အဲဒီနေ့က ပွဲမစခင်မှာ ကင်မရာ မီးရောင်တွေ တဖျပ်ဖျပ်ပါပဲ။ ကင်မရာ မယူခဲ့တဲ့ နေ့မှာ ဓါတ်ပုံရိုက်ခွင့်က အလှူပေးသလို အခွင့်ရနေတာ တကယ့်ကို စိတ်နာစရာပါပဲ။ ဒါနဲ့ပဲ စာကလေးမှာ ပါလာတဲ့ ကင်မရာနဲ့ အခုပုံကို အမှတ်တရ ရိုက်ယူထားလိုက်တယ်။ ဂီတပွဲ စတဲ့အခါမှာတော့ တီးမှုတ်ဖျော်ဖြေနေတဲ့ သူတွေကို အနှောင့်အယှက် မဖြစ်ရလေအောင် ဓါတ်ပုံရိုက်ခွင့် မပေးတော့ပါဘူး။ အသံဖမ်းခွင့်လည်း မရှိပါဘူး။ အားလုံး ကိုယ့်အသိစိတ်နဲ့ ငြိမ်ငြိမ်လေး နေရတယ်။ အားလုံး တိတ်ဆိတ်နေမှ ဂီတရဲ့ သံစဉ်တွေကို ခံစား ရင်ဖိုနိုင်မယ်လေ။

ရှေ့လ ဒီဇင်ဘာ ၂၇ ရက် မှာလည်း ဂီတပွဲတစ်ပွဲ ရှိပါသေးတယ်။ အဲဒီပွဲက တရုတ် ရှေးခေတ်တူရိယာတွေနဲ့ တီးခတ်မှာပါ။ သေချာပါတယ် ပွဲခင်းထဲမှာ ကျွန်တော်တစ်ယောက် ရောက်နေမယ် ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲကွယ်။

Thursday, November 12, 2009

Still very far

အဝေးကြီး

အမှောင်ယံညရဲ့ အာကာပြင်
ကိုယ်တစ်ယောက်တည်းမို့ အဖော်ရှာရင်း
ကြယ်ပွင့်လေးတစ်ပွင့် မြင်လာတယ်
ကိုယ်နဲ့ နီးနီးလေးလိုပဲ

အပြာရောင်လွှမ်းတဲ့ ပင်လယ်ပြင်
ကိုယ်ဖြတ်သန်းလို့ ခရီးတွေနှင်
ကမ္ဘာမြေသစ်တစ်ခု ရှာဖွေစဉ်
အရာရာ နီးနီးလေးထင်ခဲ့

ကိုယ်လျှောက်လှမ်းတဲ့ ဒီမြေပြင်
ဆုံလာခဲ့တဲ့ မျက်ဝန်းတစ်စုံတွင်
အကြင်နာတန်ခိုးများ မူပိုင်ရှင်
ကိုယ်လေ သိပ်ချစ်လွန်းပေမယ့်

ဟိုး... အဝေးကြီးပဲ

ကိုယ်လိုတာရတဲ့ အချိန်များနဲ့
ဒီမျှော်လင့်ခြင်းတွေ ကိုယ် လဲချင်တယ်
ကြယ်ပွင့်များလည်း ကိုယ်မနီးချင်
ပင်လယ်ကြီးလည်း ကိုယ်မဖြတ်ချင်
သိပ်ချစ်သူမျက်ဝန်းလေး မြင်ယောင်စဉ်
ကိုယ်ဟာ အနီးဆုံးရှိချင်လည်း

တကယ်တော့… အဝေးကြီးပဲ

တေးရေး တေးဆို မျိုးကျော့မြိုင်ပါ။ အတော်များများ သူ့သီချင်းတွေကို ကြိုက်ကြမယ်လို့ ထင်ပါတယ်။ သူ့သီချင်းတွေကို ကြိုက်တဲ့ ပရိသတ်ထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ပေါ့။ အဝေးကြီး ဆိုတဲ့ ဒီသီချင်းလေးလိုမျိုး သူ့သီချင်းတွေမှာ အေးအေးငြိမ့်ငြိမ့်လေး နားထောင်လို့ ကောင်းတာတွေ ရှိပါတယ်။ နည်းနည်း ဆူတဲ့ သီချင်းတွေလည်း ရှိပါတယ်။

အခုတလော အဲဒီသီချင်း တစ်ပုဒ်တည်းကို ညတိုင်း ညတိုင်း နာရီပေါင်းများစွာ ဆက်တိုက်ဖွင့်ဖြစ်နေတယ်။ သီချင်းစာသားတွေနဲ့ ရင်ခုန်သံ ထပ်တူဖြစ်နေတယ်။ ခံစားချက်က အဲဒီအတိုင်းပဲ။ ချစ်ရတဲ့ မျက်ဝန်းတစ်စုံကို ပြန်မြင်ယောင်တိုင်း ကြယ်ပွင့်တွေလည်း မနီးချင်ဘူး။ ပင်လယ်ကြီးကိုလည်း မဖြတ်ချင်တော့ဘူး။ ဒါပေမယ့် အခုထိတော့ အဝေးကြီးပဲလေ။ အနီးဆုံး ရှိချင်ပေမယ့်လည်း တကယ်ကို အဝေးကြီးပဲ။

နီးနေရဲ့နဲ့ ခပ်စိမ်းစိမ်းဖြစ်နေတဲ့ ချစ်သူတွေကိုလည်း အချိန်မဖြုန်းစေချင်ဘူး။ လက်ရှိရထားတဲ့ အခွင့်အရေးကို တန်ဖိုးထားစေချင်တယ်။ နီးလွန်းလို့ မမြင်ရရင်လည်း နည်းနည်းလေး ခွါပြီး ပြန်ကြည့်စေချင်တယ်။ မာနတွေ အတ္တတွေ ခ၀ါချစေချင်တယ်။ ကြယ်ပွင့်တွေနဲ့ နီးဖို့အတွက်... ပင်လယ်ပြာကို ဖြတ်ဖို့အတွက်နဲ့ အချစ်တွေကို လျစ်လျူ မရှုစေချင်ဘူး။ ချစ်သူရဲ့ မျက်ဝန်းတွေကို ပြန်လည် မြင်ယောင်ကြည့်စေချင်တယ်။

ကျွန်တော်ကတော့ အဝေးကြီးမှာရှိနေတဲ့ အနီးဆုံးရှိချင်သူ တစ်ယောက်ပါလေ။

Tuesday, November 10, 2009

A Strawberry



ပင်ယံထက်က စတော်ဘယ်ရီသီး
လှတယ်ဆိုတာထက် ချစ်ဖို့ပိုကောင်းတယ်

Monday, November 9, 2009

Sun and Moon

ဒီနှစ်ရက်မှာ နေနဲ့လ အကျိုးမပေးပါ။ ရွှေနဲ့မြတော့ ဘယ်လိုနေမလဲ မသိသေးပါ။

နေထွက်ချိန် ရှုခင်းအလှ ဓါတ်ပုံရိုက်မယ်ဆိုပြီး ခဲလေသမျှ သဲရေကျရပါတယ်။ မနက်စောစောထပြီး လမ်းပြကို စောင့်ပေမယ့် ဆရာသမားက အိပ်ယာထ နောက်ကျပါတယ်။ နေထွက်ချိန် ကျော်သွားမှ ရောက်လာတော့ ဘာမှ လုပ်လို့ မရတော့ဘူး။ မထစဖူး မနက်စောစော ၅ နာရီမှာ အိပ်ယာထလိုက်ရတာပဲ အဖတ်တင်ပါတယ်။ ငွေပြန်အမ်းဖို့ အဆင်မပြေရှာတဲ့ လမ်းပြက နောက်ရက် မနက်မှာ ပြန်ပို့ပေးမယ် ဆိုလို့ အဲဒီမနက်ခင်းမှာ မနက်စာ စားပြီး အချိန်ကုန်လိုက်ရတယ်။ လူကတော့ အိပ်ချင်မူးတူးရုပ်နဲ့ လှနေရတာပေါ့။ ကိုယ့်ဓါတ်ပုံတောင် မရိုက်ရဲဘူး။ ဓါတ်ပုံ ပြန်ကြည့်ရင် လန့်မှာ စိုးလို့။

လရောင်အောက်မှာ လမ်းလျှောက်မယ် ဆိုလို့ ညကြီးမိုးချုပ် တောင်ပေါ်တက် တောထဲဝင်ခဲ့တယ်။ ဒါပေမယ့် ညနေစောင်းမှာ မိုးတွေ သည်းကြီးမည်းကြီး ရွာထားတယ်။ အဲဒီတော့ ညဦးပိုင်းမှာက တိမ်ဖုံးပါလို့ လမသာ ဖြစ်ခဲ့ရတယ်။ လမသာတာ အရေးမကြီးပေမယ့် မိုးရွာထားတာက ပြဿနာပါပဲ။ မိုးရေတွေနဲ့ ချောနေတဲ့ တောင်ကမ်းပါးယံ မညီမညာလျှောက်လမ်းတွေမှာ လှမ်းလျှောက်ရတဲ့ ခြေလှမ်းတွေက တန်ဖိုးကြီးလှပါတယ်။ ခြေတစ်လှမ်းမှာ သစ်မြစ်တစ်ခုကို တက်နင်းမိလို့ ခြေချော်ပြီး ဘေးနားက ချောက်ထဲကို ၀မ်းလျားမှောက်လေး လျှောဆင်းသွားတာ ကံသီပေလို့ သစ်မြစ်ကြီးကြီးတစ်ခုကို လက်နဲ့ ဖမ်းတွယ်ထားနိုင်ခဲ့တယ်။ သစ်မြစ်ကို ဖမ်းမိလို့ အောက်ထဲအထိ ဆက်မဆင်းသွားတာပါ။ စမ်းချောင်းတွေကို ဖြတ်ကူးတော့လည်း ကျောက်ခဲ မညီမညာတွေနဲ့ စမ်းရေထဲမှာ ကိုးယို့ကားယားပါပဲ။ လရောင်အောက်မှာ လျှောက်လှမ်းရတဲ့ စွန့်စားခန်း ရလဒ်ကတော့ လက်ဖ၀ါးနဲ့ ခြေသလုံးတွေ ပွန်းပဲ့ကုန်တာပါပဲ။ သေနှစ်တော့ မစေ့သေးဘူးပေါ့။

ညက ရထားတဲ့ လမင်းဒဏ်ရာတွေကြောင့် အီစိမ့်နေပေမယ့် နေထွက်ချိန် ရှုခင်းအလှကို ကြည့်ဖို့အတွက် နောက်နေ့ မနက်မှာ စောစောထပြီး တောင်ပေါ်ကို တက်ခဲ့သေးတယ်။ မနက် ၆ နာရီခွဲလောက်ကတည်းက စောင့်နေပေမယ့် မနက် ၇ နာရီခွဲအထိ ရှင်နေမင်းက ကိုယ်ရောင်ကိုယ်ဝါ မပြရှာပါဘူး။ ညက ရွာထားတဲ့ မိုးကြောင့် တောင်ပတ်လည်မှာ မြူခိုးတွေ ဝေနေရှာတယ်။ ကမ္ဘာလောကကြီးမှာ အလင်းတွေ တဖြည်းဖြည်း ဖြန့်ကျက်လာပေမယ့် နေမင်းကတော့ ပုန်းကွယ်နေတုန်းပဲ။ ဖြစ်နိုင်ရင် မြူခိုးတွေကို ပါးစပ်နဲ့ ဖူး... ဖူး... ဆိုပြီး မှုတ်ထုတ်လိုက်ချင်တယ်။

အခုတော့ နေမင်း နှိပ်စက်လို့ အိပ်ရေးပျက်ထားတဲ့ ဒဏ်ကြောင့် ဇီးကွက်မျက်လုံးလေး ဖြစ်နေတယ်။ လမင်း နှိပ်စက်လို့ ကိုယ်တွေလက်တွေ နာနေတယ်။ အတွေ့အကြုံဆိုတာ တန်ဖိုးကြီးကြီး ပေးရတာ သဘာဝပါပဲလေ။

Thursday, November 5, 2009

RC and Judson



လွမ်းမောဖွယ် နွေညများနဲ့
မကြုံဆုံခဲ့ဖူးတဲ့ စွယ်တော်သားဖြစ်လို့
မလွမ်းတတ်ဘူး မထင်ပါနဲ့လေ
တကယ်ပါ... ရင်ထဲမှာ
အာစီကိုလည်း လွမ်းတယ်
ဆောင်းနှင်းမြူကိုလည်း လွမ်းတယ်
ဂျပ်ဆင်ကိုလည်း လွမ်းတယ်
ချစ်သူကိုလည်း လွမ်းတယ်
အလွမ်းမိုးတွေ သည်းလွန်းနေလို့
လွမ်းပြီးရင်း လွမ်းနေမိတယ်။

Saturday, October 31, 2009

Food returns to childhood

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းကို ဂိုဏ်းတူရန်သူ မဖြစ်လိုက်ရရှာတဲ့ မေကဆုန်က ရေးခိုင်းထားတာ ကြာလွန်းလှပါပြီ။ ကြာတာမှ ရေးခိုင်းတဲ့သူ မေ့လောက်အောင် ကြာတာပါ။ ခက်ဆစ်ဖွင့်ဖို့ လိုနေတာလေးတွေ ရှိလို့ ခက်ဆစ် ဖွင့်ပါမယ်။ ဂိုဏ်းတူဆိုတာ အလုပ်ဌာနချင်းတူလို့ပါ။ ရန်သူဆိုတာက ဌာနချင်း တူပေမယ့် အလုပ်သဘာဝအရ ရန်သူတွေ ဖြစ်နေလို့ပါ။ ဒါပေမယ့် ရန်သူတွေ ဖြစ်ခွင့် မရလိုက်ပါဘူး။ သူနဲ့ ကျွန်တော်က မီးဝင် မီးထွက်ပါ။ ဒါကြောင့် အလုပ်မှာ မဆုံဖြစ်လိုက်ပါဘူး။

မေကဆုန် ရေးခိုင်းတာက ဇူလိုင်လ ၅ ရက်နေ့ကပါ။ ကျွန်တော် ရေးတာက အောက်တိုဘာ ၃၁ ရက်နေ့ပါ။ အချိန်တွေများ ကုန်သွားတာ မြန်သလိုလိုပဲ။ ဒါပေမယ့် တချို့ကိစ္စတွေမှာ အချိန်တွေက မကုန်နိုင်ပြန်ဘူး။ ဥပမာ... စောင့်ရတဲ့ အချိန်တွေပေါ့။ ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းတွေဆိုတော့ ငယ်ဘ၀ကို ပြန်စောင်းငှဲ့ လှည့်ကြည့်မိတယ်။ အခုတော့လည်း ငယ်ဘ၀ဆိုတာ ဘယ်လို ကုန်သွားမှန်း မသိလိုက်ဘူး။ အစားအစာနဲ့ ပတ်သက်ပြီး သေချာတာ တစ်ခုကတော့ ငယ်ဘ၀ကနေ အခုချိန်ထိ ဟင်းချေးများတာပဲ။ မပြောင်းလဲတဲ့ အကြောင်းတရားပေါ့။

ဟင်းချေးများတဲ့ ကျွန်တော့်အတွက် စီစဉ်ပေးရတဲ့ မာမားတစ်ယောက် ခေါင်းခြောက်မှာ အမှန်ပါပဲ။ မစားတဲ့ ရှောင်တဲ့ အသားတွေ ရှိသလို မကြိုက်တဲ့ဟင်းတွေလည်း အများသား။ အရိုးများသလို ချေးလည်း ခါးပါတယ်။ လူကသာ တရုတ်... ကြိုက်တဲ့ဟင်းတွေက မြန်မာဟင်း ကုလားဟင်း။ ခက်တာက မာမားက အဲဒါမျိုးတွေကို ဖွယ်ဖွယ်ရာရာ မချက်တတ်ဘူး။ တနေ့လာလည်း တရုတ်ဟင်း၊ နောက်တနေ့လည်း တရုတ်ဟင်း။ တရုတ်က တရုတ်ဟင်း မကြိုက်တာ ဘာကြောင့်လဲ ဆိုတာ သိလောက်ပါပြီနော်။

ပထမဆုံး သတိရတဲ့ဟင်းက ငံပြာရည်ချက် ငါးပိချက်ပေါ့။ မြန်မာဟင်းထဲမှာ ငံပြာရည်ချက်၊ ငါးပိချက်ကို ကြိုက်တယ်။ အိမ်မှာက အစပ်လျှော့ စားတော့ မြန်မာလက်ရာ ငါးပိချက်တွေလို မစပ်ဘူး။ မြန်မာပုံစံပဲ စားချင်တယ်ဆိုလို့ ကျွန်တော့်အတွက် သီးသန့်ဆိုပြီး စပ်စပ်လေး ချက်ရတယ်။ တခြားဟင်းတွေ မပါလည်း ငါးပိချက်တစ်မျိုးတည်းနဲ့ ထမင်းစားဝင်တယ်။ သူငယ်ချင်းတွေရဲ့ အလှူမှာလည်း တခြားဟင်းတွေကို မနှိုက်ပဲ ငါးပိချက်နဲ့ သခွါးသီးပဲ စားနေလို့ စိတ်မကောင်း ဖြစ်ကြရှာတယ်။ အလှူရှင် စိတ်မကောင်း မဖြစ်ရအောင် အားနာပါးနာနဲ့ ကြက်သားဟင်း ၀က်သားဟင်း ယူစားမယ် မထင်ပါနဲ့။ ထမင်းဝိုင်းမှာ ငါးပိချက်ရှိနေရင် တခြားဟင်းတွေ မျက်နှာငယ်ရတာ အသေအချာပါပဲ။

ငယ်ငယ်တုန်းက လူကောင်ထွားအောင် ဆိုပြီး ပဲစားရတယ်။ ဆယ်တန်း ဖြေပြီးတော့ ပဲကို ရေစိမ်ပြီးတောင် စားဖြစ်တယ်။ အိမ်မှာလည်း ပဲဟင်း ခဏ ခဏ ချက်တယ်။ ကုလားပဲဟင်း ချက်တယ်။ ပဲပြုတ်ကြော်တယ်။ ပဲကတ္တီပါပြုတ် သုပ်စားတယ်။ ပဲနီလေး ဟင်းရည်ချက်တယ်။ ပဲကြီးနှပ်တယ်။ ပဲစားပေမယ့် လူကောင်က ဗေလုဝနဲ့ နင်လား ငါလား မတိမ်းမယိမ်းပဲ။ အဲဒီပဲမျိုးစုံထဲမှာ ပဲကြီးနှပ်ကို အကြိုက်ဆုံးပဲ။ ဆူးပုတ်ရွက်လေး အုပ်ထားတဲ့ ပဲကြီးနှပ်က စားလို့ အတော်ကောင်းလွန်းတယ်။ ပဲကြီးနှပ်က ပဲကြီးနဲ့ နှပ်တာကို ကြိုက်သလို ထောပတ်ပဲနဲ့ နှပ်တာလည်း ကြိုက်တယ်။ ကုလားပြည်မှာ နေခဲ့တုန်းက ပဲဟင်းမျိုးစုံ နေ့တိုင်း စားခဲ့ရလို့ ကုလားပြည်ကို လွမ်းရင် ပဲကိုလည်း လွမ်းတယ်။ ပဲစားလို့လား မသိဘူး တစ်ယောက်သောသူကို ရင်ထဲက အသည်းစကားတွေ ပြောချင်မိပြန်တယ်။

ကိုးတန်းဖြေပြီး ဆယ်တန်းမတက်ခင် ပုဂံမှာ တစ်လနီးပါးနေတော့ ထမင်းဆိုင်မှာ ဟင်းတွေ အစုံအလင် ချပေးလည်း နှိုက်တဲ့ဟင်းခွက်က တစ်မျိုးတည်း။ အဲဒါက ပုန်းရည်ကြီးသုပ်။ တစ်လနီးပါး ပုန်းရည်ကြီးသုပ် တစ်မျိုးတည်းနဲ့ ထမင်းစားလို့ ထမင်းဆိုင်ကတောင် အံ့သြတယ်။ အိမ်မှာတော့ ကျွန်တော် ဟင်းချေးများတဲ့ နေ့ဆိုရင် မာမားက ပုန်းရည်ကြီး သုပ်ပေးတယ်။ ကြက်သွန်နီကို အညှီနံ့ပျောက်အောင် ရေကြာကြာစိမ်ပြီးမှ သုပ်တော့ စားရတာ အဆင်ပြေတယ်။ ပုန်းရည်ကြီးနဲ့ဆို ထမင်းစားမြိန်တယ်။ အနည်းဆုံး နှစ်ပန်းကန်ပဲ။

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းတွေကတော့ ဒီလောက်လေးပါပဲ။ သူများတကာတွေလို ချက်မစားတတ်တော့ အဲဒီဟင်းတွေကို သတိရပြီး စားချင်စိတ်ရှိလည်း ချက်မစားဖြစ်ပါဘူး။ ပုန်းရည်ကြီးသုပ်ကတော့ ကြက်သွန် အခွံနွှာတတ်ပေမယ့် ကြက်သွန် မလှီးတတ်လို့ ဓါးထိမှာ ကြောက်ပြီး မစားဖြစ်ပြန်ဘူး။ မတတ်ရင် တတ်အောင် သင်ပေါ့လို့ စေတနာနဲ့ ပြောကြမှာကိုလည်း မြင်ယောင်မိပါတယ်။ အိမ်ရှင်မ မရှိသေးတဲ့ အခုလောလောဆယ် ဘ၀အနေနဲ့ ကျွန်တော့်အိမ်မှာ မီးဖိုချောင်ဆိုတာ မရှိလည်း ဖြစ်ပါတယ်ခင်ဗျာ။

Thursday, October 29, 2009

The beauty



အလှဆိုတာ ကြည့်တဲ့အချိန်နဲ့လည်း သက်ဆိုင်တယ်။

Sunday, October 25, 2009

West Mall Blood Drive


ဖြတ်သွားဖြတ်လာ မှန်သမျှကို သွေးလှူဖို့ စည်းရုံးတိုက်တွန်းတယ်...

သွေးလှူရှင်တွေ အပူချိန်တိုင်းပြီးတဲ့နောက် ကိုယ်ရေးအချက်အလက်တွေ တောင်းတယ်...


ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကိုလည်း ဖြေရသေးတယ်...


အားလုံးအိုခေတယ်ဆိုရင် ကုတင်ပေါ်တက် သွေးလှူကြတာပေါ့...

သွေးလှူပြီးရင် ၁၀ မိနစ်လောက် ခဏနားပြီး ဧည့်ခံထားတာတွေ သုံးဆောင်ကြအုံး...

Saturday, October 24, 2009

Get off my balls



ခြိမ်းခြောက်တာလား ကြုံးဝါးတာလား
ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ရအောင်
ကိုယ်က ကျားဆိုရင် သူက ဆင်လား
အဲဒီတော့ ရှုပ်ပါတယ်လေ...
ဘီလူးနဲ့မျောက် တောင်ပေါ်မှာ တွေ့ကြမယ်
မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးနဲ့
အငြိမ်မနေမိတဲ့ မျောက်ပေါ့...

မှတ်ချက်။ ဓါတ်ပုံက Esplanade ကိုသွားတဲ့ မြေအောက်လမ်းမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ခုပုံပါ။

Thursday, October 22, 2009

A viper at dusk



လူတွေအများကြီး မသိချင်ဘူး
နားလည်မှုတွေပဲ ရှိစေချင်တယ်
အကျိုးရှိတဲ့စာလေးတွေ ရေးချင်ပေမယ့်
စိတ်လွတ်ကိုယ်လွတ်လည်း နေချင်မိတယ်
ဒဏ်ရာအပြည့်နဲ့ ငြိမ်ငြိမ်လေးခွေနေတဲ့
အဆိပ်ပြင်းမြွေဟောက် တစ်ကောင်ဟာ
မှောင်စပျိုးချိန်ကို ချစ်ကြိုးသွယ်မိတယ်
ထိမိတဲ့သူ အမှားလား...
ပေါက်မိတဲ့မြွေ အမှားလား...
မှောင်စပျိုးချိန်ကိုပဲ အပြစ်တင်မလား...

Tuesday, October 20, 2009

Chilli Crab



ပြီးခဲ့တဲ့ တနင်္ဂနွေညဦးပိုင်းမှာ ငရုတ်သီးဂဏန်းချက် သွားစားတယ်။ စင်္ကာပူကျွန်းပေါ်က လက်ရာကောင်းတဲ့ စားသောက်ဆိုင်မှာပေါ့။ နေရာက မိန်းမချောလေးတွေ ပေါတဲ့နေရာ။ ဆိုင်က ဆိုင်းဘုတ်တောင် မရှိရှာဘူး။ လက်ရာကောင်းသလို ဈေးလည်းကြီးတယ်။ အနည်းဆုံး ဒေါ်လာ ၁၀၀ လောက်တော့ ကုန်လိမ့်မယ်။ မာမီနဲ့ ဒယ်ဒီကို စလုံးကျွန်း အလည်တခေါက် ခေါ်တဲ့အခါ အဲဒီဆိုင်မှာ ကျွေးအုံးမယ်။ စာမေးပွဲ ဖြေခါနီးလို့ အွန်လိုင်း မလာနိုင်ရှာတဲ့ ချစ်သူလေးကိုလည်း အလွမ်းစိတ်အခံလေးနဲ့ သတိတရရှိမိတယ်။ အစားအသောက်ကောင်း စားတဲ့အချိန်ဆို ချစ်တဲ့သူတွေကို သတိရတတ်တာ မဆန်းဘူးလေ။

အဲဒီနေ့က သိပ်မစားနိုင်ပါဘူး။ တို့ကနန်း ဆိတ်ကနန်းပါပဲ။ အခုတလော အစားအသောက်တွေ မ၀င်ဘူး။ ၀ိတ်လျှော့နေတာကြောင့် မဟုတ်ဘူး။ စိတ်ဖိစီးမှုများနေလို့ပဲ နေမှာပါ။ စိတ်ဖိစီးတာက အတိုက်အခိုက်တွေ များလွန်းလို့လည်း မဟုတ်ဘူး။ အတိုက်အခိုက်ဆိုတာ ဘေးနားမှာလည်း ရှိနေတတ်တာပဲ။ အဲဒီလောက်က ဂဏန်းစားသလိုမျိုး လက်မပေ လက်မ၀င်ဘူး။ ကလေးကစားသလို အေးဆေးပါ။ တကယ်ကတော့ ရုံးမှာ တာဝန်ကြီးကြီးတွေ ထမ်းနေရလို့။ လူကြီးက စိတ်ချယုံကြည်လို့ပဲလား အရည်အချင်းကို စမ်းချင်လို့ပဲလား။ ဘာမှန်းတော့ သေချာ မသိဘူး။ ဒါပေမယ့် တာဝန်ပေးတယ် ဆိုတော့လည်း ယူရတာပေါ့ဗျာ။

Saturday, October 17, 2009

Mask covering face



ကျိုက်ထီးရိုး ရင်ပြင်တော်ကနေ မုဆိုးတောင်ဘက်ကို ဆင်းတဲ့လမ်းမှာ တောင်ပိုင်ကြီး ဘိုးဘိုးနီ နတ်နန်းဆိုတာ ရှိပါတယ်။ နတ်နန်းထဲကို ၀င်သွားပြီး မျက်နှာချင်းဆိုင် ရှေ့တည့်တည့်ကနေ ကြည့်ရင် ဘိုးဘိုးကြီးနတ်ရုပ်ကို နှုတ်ခမ်းမွေးထူထူ မျက်ခုံးမွေးထူထူ ပုံစံမျိုး တွေ့ရမှာပါ။ တကယ်တော့ အဲဒီနတ်ရုပ်က ဘိုးဘိုးနီ နတ်ရုပ် မဟုတ်ပါဘူး။ ဘိုးတော်သိကြားမင်းရုပ်တုလို့ နန်းထိန်းက ရှင်းပြပါတယ်။ အစွယ်ပြူးပြူး မျက်လုံးပြူးပြူးနဲ့ ဘီလူးပုံစံ ဘိုးဘိုးနီက ကြမ်းလွန်းလို့ လူတွေ ကြောက်ကြတယ်တဲ့။ အဲဒါကြောင့် ဘိုးတော်သိကြားမင်းရုပ်ကို ရှေ့မှာထားပြီး ဘိုးဘိုးနီကို ကွယ်ပေးထားရတယ်။ ကြမ်းလွန်းတဲ့ ဘိုးဘိုးနီကိုလည်း ဘိုးတော်သိကြားမင်းက ထိန်းပေးတဲ့ သဘောပါတဲ့။

လူတွေက ဘိုးဘိုးနီနတ်နန်းထဲမှာ ဖင်ပူးတောင်းထောင်ပြီး ကန့်တော့နေကြတာ တကယ်တော့ ဘိုးဘိုးနီမှ မဟုတ်တာ။ ဘိုးဘိုးနီလို့ ထင်ထားကြတဲ့ သိကြားမင်းရုပ်တုကြီးကို ကန်တော့နေတာပေါ့။ အဲဒီမှာ ဘာကို သွားတွေးမိသလဲ ဆိုတော့... ရှေ့ဘက်မှာ သိကြားရုပ် အကွယ်ခံထားရတဲ့ ဘိုးဘိုးနီခမျာ စိတ်ချမ်းသာရဲ့လား။ လူတွေက သူ့ကို ကန့်တော့တယ် ဆိုပေမယ့် သူရှေ့က သိကြားရုပ်ကြီးကို ကန့်တော့နေတာကို သူ ဘယ်လို ခံစားမိသလဲပေါ့။ သိကြာမင်းရုပ်ကို ကြည့်ပြီး ဘိုးဘိုးနီက ခန့်ချောကြီးလို့ ပြောနေတဲ့သူတွေ သူ့ပုံစံကိုသာ မြင်ရရင်ရော ဒီလိုပဲ ကန့်တော့ကြမှာလား ဆိုပြီး တွေးမိနေမလားပဲ။

အဲဒီလိုပဲ သိကြားမင်းဘက်က ပြန်တွေးရင် သိကြားမင်းခမျာ ရာထူးအလျှော့ခံရသလို ဖြစ်နေတယ်။ သမ္မတကို ကင်းစောင့်ခိုင်းသလိုမျိုးပေါ့။ သိကြားမင်းအနေနဲ့ တည်တည်တန့်တန့် အရှိန်အ၀ါကြီးကြီး နေလို့ရရဲ့သားနဲ့ တောင်ပိုင်ဘိုးဘိုးကြီးအဖြစ် ဟန်ဆောင်ပေးနေရရှာတယ်။ ကန်တော့တာ ခံနေရတာ သူ့ကို ကန့်တော့နေတာ မဟုတ်မှန်းလည်း သိကြားမင်းလည်း သိမှာပါလေ။ ပြီးတော့လည်း ဘိုးဘိုးနီကို ထိန်းဖို့ဆိုပြီး နတ်နန်းထဲမှာ အတူတွဲထားပေးတော့ လူဆိုးထိန်းလိုလို ဘာလိုလိုနဲ့ ခြေချုပ်မိပြီး အောင့်သက်သက်တော့ ဖြစ်ရှာမှာပဲနော်။

လောကမှာ အရှိကို အရှိတိုင်း မထားကြပဲ မျက်နှာဖုံးတွေ တပ်ကြတာ စိတ်ပျက်စရာပါပဲ။ ဒါက သိကြားမင်းကွ.. ဒါက ဘိုးဘိုးနီကွ ဆိုပြီး ဘေးချင်းကပ်ထားရင် ဘာဖြစ်မှာမို့လို့လဲ။ အခုတော့ ရှေ့တည့်တည့်က ကြည့်ရင် သိကြားမင်းရုပ်ပဲ မြင်ရတယ်။ အတွင်းနန်းထဲကို သေချာကြည့်မှ ဘိုးဘိုးနီကို မြင်ရတာ။ သူ့အရပ် သူ့ဇာတ် ဆိုပေမယ့် စိတ်ထဲမှာတော့ တကယ်ကို မနှစ်မြို့မိဘူး။ ရင်တွင်းဖြစ် စိတ္တဇပါပဲ။

ဟန်ဆောင် အပြုံးတုပင်လယ်ကြီးထဲမှာ ရှင်သန်ကူးခတ်လာခဲ့တဲ့ လူသားတစ်ဦး ဖြစ်နေလို့ပဲလား မသိဘူး... မျက်နှာဖုံးစွပ်တွေကို ပြင်းပြင်းထန်ထန် မုန်းမိတယ်။ ပျားသကာလို ချိုတဲ့စကားတွေ ကြားရရင် နောက်ကျောက ဓါးဒဏ်ရာတွေ ပြန်တွေးမိတယ်။ အတိတ်ဆိုတာ အရိပ်လိုပါပဲလေ။ ကြိုးစားပြီး မေ့ပစ်လည်း မရနိုင်ပါဘူး။ ဒါကြောင့် မိကျောင်းမင်းကို ရေကင်းမပြပါနဲ့။ ဘုန်းကြီးတစ္ဆေကို ကမ္မ၀ါ မဖတ်ပြပါနဲ့။ ကျွန်တော်ဇူလိုင်ကို တရားမဟောပါနဲ့။ မသိလို့ မိုက်နေတဲ့အထဲမှာ မပါဘူးဆိုတာ ရှင်းရှင်းသန့်သန့်လေး ယုံကြည်ပေးထားကြပါ။

ကျေးဇူးပြုပြီး မျက်နှာဖုံးတွေ ချွတ်ထားကြပါ။ အ၀တ်အစားတွေတော့ မချွတ်ခိုင်းပါဘူး။

Thursday, October 15, 2009

On the road

ဖြူနီကျားဆိုတာ လမ်းပေါ်ယာဉ်မရပ်ရဆိုတဲ့ နေရာပေါ့။ အဖြူတစ်ကွက် အနီတစ်ကွက် ဆေးသုတ်ထားတဲ့ နေရာလေးပါ။ အများအားဖြင့် မီးပွိုင့်တွေအနားမှာ ရှိတတ်ပါတယ်။ အဲဒီမှာ ယာဉ်ရပ်မိရင် လှည့်ကင်းက ဖမ်းပါတယ်။ ဒါပေမယ့် လှည့်ကင်းကားကတော့ ရပ်လို့ရပါတယ်။ မှန်အနက်နဲ့ ကားကြီးတွေလည်း အဲဒီမှာ ရပ်လို့ရတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတော့ အခုလိုကိစ္စတွေမှာ ဥပဒေဘက်တော်သားတွေ မပါဘူးလို့ ယူဆရပါမယ်။ ခင်ရာဆွေမျိုးတွေလည်း မပါဘူးပေါ့။ ကြောက်တတ်ရမယ် ဆိုတာက ခေတ်စနစ်ရဲ့ အားနည်းချက်တစ်ခုလား။

မျဉ်းကျားကနေ လမ်းကူးဖို့ လူကူးမီးပွိုင့်တွေ လုပ်ပေးထားပါတယ်။ လူကူးဖို့ မီးစိမ်းသွားရင် ကားတွေကို ရပ်ခိုင်းဖို့ မီးနီပေးတယ်။ အစပိုင်းမှာတော့ အဲဒီလူကူးမီးပွိုင့်တွေမှာ ရဲတွေ တာဝန်ချပေးထားတယ်။ ရဲတွေ ရှိတုန်းကတော့ လူကူးဖို့ မီးပွိုင်စိမ်းနေရင် ကားတွေ ရပ်ပေးတယ်။ နောက်ပိုင်းတော့လည်း လူတွေကလည်း မီးပွိုင့်ကို မသုံးသလို ကားတွေကလည်း မီးပွိုင့်မှာ မရပ်ပေးတော့ဘူး။ အရင်လို ကားတွေကြားမှာ ကူးချင်သလို ကူးပြန်ဖြစ်သွားတယ်။ တချို့တွေများ ကားလမ်းကူးတာ ကားလာနေတဲ့ဘက်ကိုတောင် မကြည့်ဘူး။ ဒီအတိုင်း ကူးချသွားတာများ မကြောက်မရွံ့ပဲ။ စနစ်က ကောင်းသလိုလို ရှိပြန်တော့လည်း လူတွေက မလိုက်နာကြဘူး။

ကားလမ်းကူးဖို့ မိုးပျံတံတားကြီးတွေ ဆောက်ပေးထားတယ်။ ဒါပေမယ့် လူတွေက တံတားပေါ် တက်ရမှာကို မလိုလားဘူး။ ကားလမ်းကပဲ ဖြစ်သလို ဖြတ်ကူးကြတယ်။ အလွယ်လိုက်ချင်တာလား။ လှေခါးတက်ရမှာ ပျင်းလို့လား။ ဒါမှမဟုတ် ရေညှိတွေရှိနေတဲ့ တံတားဟောင်းကြီးကိုပဲ စိတ်မချလို့လား။ အခုနောက်ပိုင်းတော့ မိုးပျံတံတားကြီးတွေကို ပြန်လည် ပြင်ဆင်တာတွေ လုပ်လာကြတယ်။ ကားလမ်းကနေ ဖြတ်ကူးလို့မရအောင် သံစည်းရိုးတွေ ကာပစ်လိုက်တယ်။ လူတွေကိုလည်း တံတားပေါ်ကနေ လမ်းကူးခိုင်းနေတာမျိုး တွေ့ရတယ်။ အဲဒီလိုမျိုး စနစ်တကျလေး ဘယ်အချိန်ထိ ရှိနေအုံးမလဲ ဆိုတာ မသိသေးဘူးပေါ့။ အချိန်ကာလတစ်ခုအထိ စောင့်ကြည့်ရအုံးမယ်။

လမ်းပေါ်က လူတွေ လူတွေ... ပညာတွေ ဥစ္စာတွေ ပြည့်စုံကြပေမယ့် အဆင့်အတန်းတစ်ခုမှာ ၀င်ဆန့်ဖို့ အသိတရားတွေ လိုနေသေးတယ်။ ပညာမဲ့တဲ့သူ ဥစ္စာနည်းတဲ့သူလည်း စည်းကမ်းရှိဖို့ အသိပညာတွေ လိုနေပြန်တယ်။ ကားပေါ်က လူကလည်း လီဘာနင်း ဂွေကိုင်ထားပြီးရင် လမ်းပေါ်လျှောက်နေတဲ့ လူတွေကို ကိုယ်ချင်းမစာဘူး။ လမ်းလျှောက်နေတဲ့ လူတွေကလည်း ကားသမားတွေကို မငဲ့ညှာဘူး။ စည်းလွတ်ဝါးလွတ် အတ္တတွေ ကြီးနေကြတာများ အပြိုင်အဆိုင်ပဲ။ အကျိုးဆက်တွေ ခါးစည်းခံရမှာကိုတော့ မမြင်ဘူး။ ကိုယ့်အတ္တ ကိုယ်ကြီးတာ ကိစ္စမရှိပါဘူး။ ခံနိုင်ရည်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကြောင့်တော့ သူတစ်ပါး ဒုက္ခ မရောက်စေနဲ့ပေါ့။

ကိုယ်ဖြစ်ကိုယ်ခံ ဘယ်သူမှ ဒုက္ခမပေးနဲ့လေ။ အခုတော့...

Tuesday, October 13, 2009

A good scapegoat





သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ
သူတယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလဲစံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ

တသက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကျည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်
သံသာစက်၌၊ ကြိုက်လတ်တွန်မူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေးသည်
သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည်း ... ။

အဲဒီကဗျာကို ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်တုန်းက အနန္တသူရိယ အမတ်ကြီး ရေးသားခဲ့တယ်လို့ သိထားရပါတယ်။ ကဗျာက မှန်နန်းရာဇ၀င်ကြီး ပထမတွဲမှာ ပါပါတယ်။

နရပတိစည်သူမင်းက မြန်မာသက္ကရာဇ် ၅၃၆ ခုနှစ်မှာ သူ့နောင်တော် ဘုရင်မင်းယဉ်နရသိင်္ခကို လုပ်ကြံပြီး နန်းတက်တယ်။ မင်းယဉ်နရသိင်္ခက နရပတိစည်သူရဲ့ မိဖုရား ဝေဠုဝတီကို အတင်းအဓမ္မ သိမ်းယူခဲ့ဖူးတယ်။ နရပတိ နန်းတက်တော့ သူ့နောင်တော်နဲ့ ပတ်သက်တဲ့သူတွေထဲက မကျေနပ်တဲ့သူတွေကို ကွပ်မျက်တယ်။ အနန္တသူရိယအမတ်ကြီးက မင်းယဉ်နရသိင်္ခရဲ့ အထိန်းတော်သားပါ။ သူ့ကိုလည်း ဘုရင်က အမျက်တော်ရှလို့ ကွပ်မျက်ဖို့ အမိန့်ပေးလိုက်တယ်။

လူသတ်ကုန်းမှာ မကွပ်မျက်ခင် အမတ်ကြီးက သူတည်းတယောက်... အစချီတဲ့ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။ အဲဒီကဗျာရေးပြီးတော့ အမတ်ကြီး ကွပ်မျက်ခံရပါတယ်။ ကွပ်မျက်ခံပြီးမှ ဘုရင်ကို ကဗျာဆက်သလေတော့ ဘုရင်က ဖတ်ပြီးတဲ့နောက် အမျက်ပြေသွားလို့ မသတ်ဖို့တားပါတယ်။ ဒါပေမယ် မမီတော့ဘူး။ အမတ်ကြီးကို သတ်ပြီးနေပြီလေ။ ဒါကြောင့် မျက်ဖြေလင်္ကာလို့လည်း ခေါ်ပါတယ်။

အဲဒီ မျက်ဖြေလင်္ကာထဲမှာ သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ... သူတယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း... ဆိုတဲ့ စာသား... ခဏတက်သည့် ရေပွက်ပမာ ဆိုတဲ့ စာသား... တုံ့မယူလို ဆိုတဲ့ စာသား အဲဒီသုံးခုကို နှစ်ခြိုက်မိပါတယ်။ တုံ့မယူလို ဆိုတာလေးက ပြောရတာ အလွန်လွယ်ပါတယ်။ လုပ်ဖို့ကတော့ အတော်ခက်ပါတယ်။ သေခါနီးအချိန်မှာတောင် တုံ့မယူလိုတဲ့ အမတ်ကြီးကို လေးစားမိတာ အမှန်ပါပဲ။ သူ့လို လုပ်နိုင်ဖို့ဆိုတာ မလွယ်သေးပါဘူး။

ကဗျာအပြည့်အစုံနဲ့ နောက်ခံသမိုင်းကြောင်းကို ပြောပြပေးတဲ့ အစ်မမေဓာဝီကို အထူးကျေးဇူးတင်ကြောင်း တပါတည်း ပြောလိုပါတယ် ခင်ဗျာ။

Sunday, October 11, 2009

Buck in musth



မလေးရှား မလက္ကာကို အလည်တခေါက်သွားတုန်းက ဆိတ်ခြံထဲ ရောက်သွားတယ်။ ဆိတ်ခြံထဲမှာ ဆိတ်မတွေ အများကြီးပဲ။ နို့ထွက်ပစ္စည်း ရောင်းဖို့အဓိကဆိုတော့ ဆိတ်မတွေ များတာ မဆန်းလှပါဘူး။ ဆိတ်မတွေရယ် ဆိတ်ကလေးတွေရယ် အခန်းလေးတွေ ခွဲကန့်ပြီး ထားထားတယ်။ ဆိတ်ပေါက်စနလေးတွေ အရမ်းငယ်ရင် ဆိတ်အမေနဲ့ တွဲထားတယ်။ နည်းနည်းကြီးတဲ့အရွယ်ဆို နို့ခွဲထားပြီး တခြားခြံမှာ အကုန်စုထည့်ထားတယ်။

အဲဒီမှာ ဆန်းတာက ဆိတ်ထီးကြီးက တစ်ကောင်တည်း။ ဆိတ်သိုးကြီးလို့ပဲ ပြောရမယ် ထင်တယ်။ တကယ့်ကို အကြီးကြီးပဲ။ ခန္ဓာကိုယ် ထွားကြိုင်းတယ်။ အရိုးအဆစ် သန်မာတယ်။ ဆိတ်သိုးကြီးကို တစ်ကောင်တည်း ခြံခတ်ထားတယ်။ မျိုးသန့် ဆိတ်မတွေကို လှမ်းမြင်နေရပြီး မကြင်ရတဲ့ ဆိတ်သိုးကြီးခမျာ မုန်ယိုနေသလားပဲ။ စည်းတစ်ဘက် ခြားသလိုပေါ့။ ခြံစည်းရိုးပေါ် ပတပ်ရပ်ပြီး ဆိတ်မတွေကို လှမ်းမျှော်လိုက်... ခြံထဲမှာ ဟိုဟိုဒီဒီ လျှောက်လိုက်။ နှာတွေကလည်း မှုတ်နေသေးတယ်။ အော်ကလည်း အော်သေးတယ်။ ဆိတ်ဘာသာစကားနဲ့ ဆဲနေတာလား မသိဘူး။

ဆိတ်မတွေနဲ့ ဆိတ်လေးတွေကို လူတွေက အစာကျွေးတော့ သူက မကြိုက်ဘူး ထင်တယ်။ ဆိတ်မတွေကို လူတွေက ဓါတ်ပုံရိုက်ရင်လည်း မကြိုက်ပြန်ရှာဘူး။ အဲဒီဘက်ကို မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်တတ်တယ်။ ဒါပေမယ့် သူ့ကို ဓါတ်ပုံ လာရိုက်ရင်တော့ သဘောကျပုံပဲ။ သူ့ကို အရေးတယူ ဆက်ဆံရင်တော့ ပျော်ပုံပဲ။ ကြည့်ရတာ... သူ့ရဲ့ အခြွေအရံ အပေါင်းအသင်းတွေကို ဘယ်သူမှ လာမထိနဲ့။ လာ မဆက်နွယ်နဲ့။ လာ မပတ်သက်နဲ့။ အဲဒါကို သူပဲ ပိုင်တယ်... သူပဲ ဆိုင်တယ်လို့များ အထင်တော် ရောက်နေသလားပဲ။

ဆိတ်သိုးကြီးနဲ့ပတ်သက်ရင် အထူးသတိထားမိတာ ဂွေးစေ့ပဲ။ ဆိတ်ဂွေးစေ့က တကယ့်ကို နံမယ်ကြီးတယ်။ ရပ်ကွက်ထဲမှာ စိတ်မမှန်တဲ့ သာကူးတွေကို ဆိတ်ဂွေးစေ့ပဲလို့ အမည်ပေးဖူးတယ်။ ဟိုအဖွဲ့မှာလည်း ပါတယ်။ ဒီအဖွဲ့မှာလည်း ပါတယ်။ စားစရာရှိတဲ့ ပွဲဆို ကျော့ကျော့လေး ရှိုးအပြည့်နဲ့ ပွဲတက်တယ်။ လုပ်စရာရှိတဲ့ပွဲဆို တခြားအဖွဲ့က အရေးတကြီး ကိစ္စရှိတယ် အကြောင်းပြပြီး ခေါင်းရှောင်တယ်။ အခွင့်အရေးသာ ရမယ်ဆိုရင် ဟိုးပြေးကပ် ဒီပြေးကပ်ပေါ့။

အသေအချာ အချိန်ပေးကြည့်မိရင် ဆိတ်ဂွေးစေ့က ဟိုဘက်ရမ်းလိုက် ဒီဘက်ရမ်းလိုက်ပဲ။ ဟိုဘက်ကပ်လိုက် ဒီဘက်ကပ်လိုက်ပဲ။ ဒါကြောင့် စိတ်နေစိတ်ထား မမှန်တဲ့သူတွေကို ဆိတ်ဂွေးစေ့လို့ ခေါ်တာ မှန်သလိုလိုပဲ။ မိန်းမလိုလို ယောကျာ်းလိုလို ကောင်တွေလည်း ဆိတ်ဂွေးစေ့ပဲဖြစ်မယ်။ ယောကျာ်းဖြစ်ပြီး မိန်းမလို မိန်းမရ လက်သီးပုံးပြနေတဲ့ မဟာသတ္တိရှင် ပညာတတ်ကြီးတွေပေါ့။ သတင်းစာတွေမှာ ဆောင်းပါးရေးနေတဲ့သူတွေလို ပလီပလာ လန်ကြုပ်ဇာတ်လမ်းတွေ ရှေ့နောက်မညီ ရေးတတ်တဲ့ ကောင်တွေလည်း ဆိတ်ဂွေးစေ့စာရင်းထဲမှာ ထည့်ထားရမယ်။

စဉ်းစားမိတာက မုန်ယိုနေတဲ့ ဆိတ်သိုးတစ်ကောင်အကြောင်းပါ။ ရေးမိရင်း ရောက်သွားတာက ဆိတ်ဂွေးစေ့ ဖြစ်သွားတယ်။ အဲဒီတော့ ခေါင်းစဉ်တောင် ပြောင်းရမလားလို့ တွေးမိတယ်။ အပျိုအအိုတွေ အမြင်မတော်ရင် ကျော်သွားဖတ်ကြပါဗျာလို့ အနူးအညွှတ် တောင်းပန်လိုက်ပါတယ်။

Credit:
ဆိတ်သိုးကို Buck လို့ ခေါ်ကြောင်း ပြောပြတဲ့ ရွှန်းမီနဲ့ မုန်ယိုတာကို Musth လို့ သုံးရကြောင်း ပြောပြတဲ့ စင်ဒန်လားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အင်္ဂလိပ်လို ညံ့ပါတယ် ဆိုတာ ၀န်ခံပါတယ်။

Saturday, October 10, 2009

J for JULY


1. What is your name : July

2. A four Letter Word : Just
3. A boy's Name : John
4. A girl's Name : Jennifer
5. An occupation : Judge
6. A color : Jade
7. Something you'll wear : Jacket
8. A food : Jalebi (Indian fried sweet)
9. Something found in the bathroom : Jelly
10. A place : Japan
11. A reason for being late : Jogging
12. Something you'd shout : Jump
13. A movie title : Jungle Book
14. Something you drink : Juice
15. A musical group : Jet (Rock Band)
16. An animal : Jaguar
17. A street name : Joe Phyu Street (Minglar Taung Nyunt)
18. A type of car : Jeep
19. The title of a song : Just a dream
20. A verb : Joke

Facebook ထဲမှာ ကိုပီတိက အဲဒါလေးကို ရေးဖို့ လက်ဆင့်ကမ်းပါတယ်။ သူ့ကိုတော့ မမိုးချိုသင်းက ရေးခိုင်းတာပါ။ ညကျတော့ ပင့်ဂိုးလ်က ရေးခိုင်းပြန်ပါတယ်။ အဲဒီတော့ ကျွန်တော်လည်း ရေးရပါတယ်။

ဆက်လက်ပြီး လက်ဆင့်ကမ်းထားတဲ့ ဘလော့ဂါတွေကတော့
ခင်မင်းဇော်
တူးတူးသာ
မိုးလှိုင်ည
နှင်းပွင့်ဖြူလေး
ရွှန်းမီ

Thursday, October 8, 2009

In the rain

မနက်က မိုးရွာတယ်...

ရထားပေါ်ရောက်မှ မိုးစက်လေးတွေ တဖြောက်ဖြောက် ကျလာတယ်။ ရထားပြတင်းပေါက်မှာ ရေစက်တွေ တင်နေတာကို ရထားထဲကနေ ကြည့်ရတာ စိတ်ချမ်းသာတယ်။ ဘူတာကနေ ဆင်းပြီးတော့ ကားဂိတ်ကို လမ်းလျှောက်ရတယ်။ မိုးဖွဲလေးပဲဆိုတော့ မိုးရေထဲမှာ ထီးမဆောင်းပဲ ဒီအတိုင်းလေး လျှောက်လိုက်တယ်။ အ၀တ်တွေတော့ မိုးရေစိုတာပေါ့။
ရုံးနားက ကားဂိတ်ကို ရောက်တော့လည်း မိုးရွာနေတုန်းပဲ။ ဒီတော့လည်း မိုးရေထဲမှာပဲ လမ်းလျှောက်လိုက်တယ်။ ရုံးရောက်တော့ ကြွက်စုတ် မဖြစ်ပါဘူး။ ဒါပေမယ့် အ၀တ်တွေတော့ အတော်ရွှဲနေတယ်။ ရုံးရောက်တဲ့အချိန်က ၁၀ နာရီကျော်နေပြီ။

မိုးရေထဲမှာ လမ်းလျှောက်ရတာကို ဘယ်လိုကြိုက်မှန်း မသိဘူး။ မျက်နှာပေါ် မိုးရေစက်တွေ ဖျန်းပတ်ခံရတဲ့ အရသာကို သဘောကျမိတယ်။ မျက်မှန်ပေါ်ကို မိုးရေစက်တွေ လာစင်တာကို မြတ်နိုးပြန်တယ်။ မိုးနဲ့အတူ ပါလာတဲ့ လေနုအေးတွေကို ခင်မင်တယ်။ သစ်ပင်တွေမှာ ဟီးလေးခိုနေတဲ့ မိုးစက်တွေကို တွယ်တာတယ်။ အဲဒီရောဂါက ဘယ်တော့မှ ကုလို့ ပျောက်မှာ မဟုတ်ဘူး။ တမင်တကာ မွေးထားတဲ့ ရောဂါလို့ ပြောရမလားပဲ။

ရန်ကုန်မှာလည်း မိုးတွင်းဆို ထီးမပါပဲ လျှောက်သွားနေကြ။ မိုးသည်းလေ သဘောကျလေပဲ။ စိုစိုရွှဲအောင် ရွာလေ သည်းခြေကြိုက်လေပဲ။ နှုတ်ခမ်းတစ်စုံ တုန်ရီပြာနှမ်းတဲ့အထိ မိုးရေထဲမှာ စက်ဘီးစီးနေတတ်တယ်။ တခါတလေ လှိုင်မြစ်ကမ်းနားမှာ ထိုင်နေတတ်တယ်။ မိုးသည်းထဲမှာ မြစ်ပြင်ကျယ်ရင်ခွင်ထဲကို အလုအယက် ခုန်ဆင်းနေတဲ့ မိုးစက်ပွင့်တွေကို ငေးနေမိတယ်။ လှိုင်းကြားလေကြားမှာ ကူးခတ်နေတဲ့ လှေငယ်လေးတွေကို အသည်းယားမိတယ်။ မည်းမှောင်နေတဲ့ တိမ်တိုက်တွေကို မော့ကြည့်ရင်း မိုးရေစက်တွေရဲ့ အထိအတွေ့ကို သာယာမိနေတတ်တယ်။

မိုးကို သတိရမိနေတာ ကြာပြီ။ မိုးကို တမ်းတနေတာလည်း ကြာပြီ။ အလုပ်တွေ ပိနေလို့ မိုးနဲ့ ကြုံဆုံပေမယ့် ဒီနေ့လိုမျိုး ရင်မခုန်ခဲ့ရတာလည်း ကြာလှပါပေါ့။ မိုးမိပြီး ဖျားနေအုံးမယ်လို့ သတိပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မိုးကို ကျွန်တော် ချစ်သလို မိုးကလည်း ကျွန်တော့်ကို ချစ်ပါတယ်။ ဒါကြောင့် ဖျားမယ် မထင်ပါဘူး။ တခါတလေ မိုးက စိတ်ကောက်လို့ မုန်းမာန်ဖွဲ့ရင်တော့ ကျွန်တော် ဖျားချင် ဖျားသွားနိုင်ပါတယ်။ ဒါပေမယ့် မိုးက ကျွန်တော့်အပေါ် အဲဒီလောက်ထိ မရက်စက်လောက်ပါဘူး။ ချစ်ရလွန်းတဲ့ မိုးအကြောင်းကို ကျွန်တော် သိပါတယ်လေ။

ဒီကမ္ဘာလောကကြီးမှာ ကျွန်တော် ဆောင်းနှင်းမြူကို ချစ်သလို မိုးပွင့်တွေကိုလည်း မြတ်နိုးတယ်။ နွေဥသြကို တမ်းတသလို မိုးစက်တွေကိုလည်း ရင်ခုန်မျှော်လင့်တယ်။ မိုးနဲ့အတူ ပျော်စရာကောင်းတဲ့ အရသာချိုချိုကို နေရောင်အောက်မှာ မတွေ့နိုင်ပါဘူး။ ကြုံဆုံခဲ့ရင် မိုးရေစက်တွေအောက်မှာ အတူတူ ကကြရအောင်လားဗျာ။

Wednesday, October 7, 2009

Dare to win



မှန်တယ်ဆို လုပ်စမ်း
ဘယ်သူ့ကို ဂရုစိုက်နေရမလဲ
ဘာတွေကို တွေးကြောက်နေရမလဲ
နောက်ဆုံးအပိုင်းမှာ အောင်ပွဲခံတဲ့ အပြုံးတွေနဲ့
ကင်မရာ မီးရောင်အောက်မှာ ခေါင်းမော့ထားကြမယ်။

Saturday, October 3, 2009

Youth Favourites 2009

ဒီနေ့က သီတင်းကျွတ် လပြည့်နေ့ပါ။ တရုတ်လိုလည်း လပြည့်နေ့ပါပဲ။ လမုန့်ပွဲတော် ကျင်းပတဲ့နေ့ပေါ့။ ဒီနေ့မှာ Youth Donor Club က ဦးစီးကျင်းပတဲ့ Youth Favourites 2009 ကို လုပ်အားပေး သွားရင်း ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။ ဒီနှစ်ပွဲမှာ ပါဝင်တဲ့ လုပ်အားပေးဦးရေက ရှေ့နှစ်ကလောက် မများပါဘူး။ ဒီတော့ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းခဲ့ရတယ်။ ဒါပေမယ့် ရည်မှန်းထားတဲ့ သွေးအိတ် ၂၀၀ ထက် ကျော်လွန်ပြီး သွေးအိတ်ပေါင်း ၂၀၈ အိတ် စုဆောင်းနိုင်ခဲ့ပါတယ်။ ပင်ပန်းရကျိုးနပ်တဲ့အတွက် ကျေနပ်မိပါတယ်။


ဟိုနားဒီနား နေရာတကာမှာ ပိုစတာ...


နေရာချင်းကို လဲပစ်ချင်တယ်...


ပါပါး အပ်ဖောက်တာ နာလားဟင်...


ဟိုလုပ် ဒီလုပ် တနေကုန် အလုပ်ရှုပ်...


သွေးလှူဖို့အရေး အိုး... ဒီက စောင့်နေသူ...
Milestone: 6 Months Old

Thursday, October 1, 2009

The red evolution

အောက်တိုဘာ ၁ ရက်နေ့ ၁၉၄၉... တရုတ်နိုင်ငံရဲ့ အမျိုးသားနေ့

အခုချိန်မှာတော့ နှစ် ၆၀ တိတိ ရှိသွားပြီပေါ့။ ဖြတ်သန်းခဲ့တဲ့ နှစ် ၆၀ သမိုင်းစာမျက်နှာမှာ ရက်စက်မှုတွေ ရူးမိုက်မှုတွေနဲ့ အရုပ်ဆိုး အကျည်းတန်တာတွေ ရှိခဲ့သလို အောင်မြင်မှု သရဖူတွေ ဆွတ်ခူးခဲ့တာတွေလည်း ရှိပါတယ်။ ၂၀၀၃ မှာ အာကာသထဲကို လူလိုက်ပါနိုင်တဲ့ အာကာသယာဉ် လွှတ်တင်နိုင်ခဲ့တယ်။ ကမ္ဘာမှာ အမေရိကန်နဲ့ ဆိုဗီယက်ပြီးရင် အာကာသထဲကို လူလွှတ်နိုင်တဲ့ တတိယမြောက် နိုင်ငံဖြစ်သွားတယ်။ ၂၀၀၈ ခုနှစ်မှာ အိုလံပစ်ပွဲကို အောင်မြင်စွာ လက်ခံ ကျင်းပပေးနိုင်ခဲ့တယ်။

နှစ် ၆၀ အတွင်းမှာ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုတာလေး ကြည့်လိုက်ကြရအောင်။
၁၉၄၉ မှာ ပျဉ်းမျှ လူ့သက်တမ်းက ၃၅ နှစ် - ၂၀၀၈ မှာ ၇၃ နှစ်
၁၉၄၉ မှာ စာတတ်မြောက်မှုနှုန်းက ၂၀% -၂၀၀၈ မှာ ၉၃%
၁၉၅၂ မှာ တစ်ဦးချင်းဝင်ငွေက ၁၁၉ ယွမ် - ၂၀၀၈ မှာ ၂၂၆၉၈ ယွမ်
၁၉၅၉ မှာ ကမ္ဘာ့ချန်ပီယံ အားကစားသမားက ၁ ဦး - ၂၀၀၈ မှာ ၁၂၀ ဦး

တကယ်ချစ်ရဲ့လားဆိုတာ အချိန်က စကားပြောသွားပါပြီ။ သူတို့နိုင်ငံကို သူတို့ တကယ်ချစ်ပါတယ် ဆိုတာကို အလုပ်နဲ့ သက်သေပြသွားပါပြီ။ အားကျသင့်တာတွေကို အားကျပါ။ အတုယူသင့်တာကို အတုယူကြပါ။


အသီးအပွင့်တွေအတွက် ပီတိဖြာနေတဲ့ ခေါင်းဆောင်နှစ်ဦး


လေတပ်မတော်ကလည်း ဝေဟင်ထက်မှာ အလှပြ ပျံသန်း



ရေတပ်မတော် ဂုဏ်ပြုတပ်ခွဲ ချီတက်အလေးပြု


ကြည်းရေလေတပ်ဖွဲ့က စစ်သမီးတွေ


နျူကလီးယား ဒုံးပျံတင် စစ်ကားတွေလည်း ချီတက်

Photo Credit: Xinhua

Monday, September 28, 2009

The more you love someone



မိုးတိမ်ဖျားက မာနတွေ
ဘယ်ရောက်နေသလဲ မသိပေမယ့်
အချစ်ကြီးသူက ရှုံးတာပါပဲလေ။