.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, July 28, 2008

Dōbutsu uranai

ဒီနေ့ ဟိုဟိုဒီဒီ စမ်းသပ်မိတာလေးက Dōbutsu uranai လို့ခေါ်တဲ့ ဂျပန်ရိုးရာဗေဒင်လေးပေါ့။ တိရစ္ဆာန် အကောင်လေး ၁၂ ကောင်ကို အခြေပြုပြီး ဟောတဲ့ ဗေဒင်လေးပါ။ လူတစ်ဦးချင်းစီမှာ ကိုယ်မွေးနေ့အလိုက် သက်ဆိုင်တဲ့ အကောင်လေးတွေ ရှိပါတယ်။ အဲဒီ အကောင်လေးတွေနဲ့ အရောင် အလိုက် လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖွင့်ဆိုထားပါတယ်။ အဓိက အုပ်စု လေးစုခွဲထားပါတယ်။

* Earth group: (self-centered, focused)
  • Tiger
  • Wolf
  • Monkey
  • Koala
* Sun group: (self-centered, easily distracted)
  • Pegasus
  • Elephant
  • Lion
  • Cheetah
* Full moon group: (mindful of others, focused)
  • Sheep
  • Panther
* New moon group: (mindful of others, easily distracted)
  • Fawn
  • Tanuki (raccoon dog)
ကျွန်တော် မွေးနေ့ကို အတိအကျထည့်ပြီး တွက်ကြည့်တော့ ဒီအကောင်လေး ထွက်လာတယ်။ အရောင်က အနီရောင်ပါ။ အကောင်လေးက သိုးလေးပါ။

မှန် မမှန်... ဟုတ် မဟုတ်တော့ ကိုယ့်ဘာသာ ကိုယ်တွက်ကြည့်ကြပေါ့ဗျာ။ ကျွန်တော်ကတော့ ပြောပြဘူး။

ကဲ... မင်းဘာကောင်လဲ ငါဘာကောင်လဲ... :P
သြော်... ဒါနဲ့ ကိုယ် ဘာကောင်လဲ ဆိုတာကို ရေးခဲ့ကြအုံးနော်။ အဲဒါလေးတော့ မမေ့ပါနဲ့ဗျာ။

  • You are Red Sheep type, who has a fortune of not having to worry about basic necessities of living.
  • Therefore, you tend to be generous and not stingy.
  • You are cautious and once you start on something, you have a will power to stick to it.
  • But you sometimes get behind others in finishing.
  • You have observant eyes.
  • You have strength to assess what is most advantageous to you and can use that tactics effectively in forming relationships.
  • You tend to be rather dependent on other people.
  • Therefore you are extremely good at being nice and compliment on those people who can be on your side and help you.
  • You will not tend to show your inner emotions.
  • You try to collect standard information and will come out with an objective opinion from there.
  • You are a person of broad knowledge, and are able to do things really well.
  • You are amiable person, and required be people.
  • Your weakness is that once you are offended, it takes time for you to recover, and you can be cynical.
  • You are timid, shy and a person who always needs somebody's company.
  • To be successful, find at least one thing that you can be confident about.
  • Don't go against the flow of the time, and then your fortune will open up by the time you get to your middle ages.
Credit: Ma Suzu & TommyGirl (Native Myanmar)

Saturday, July 26, 2008

Chewing gum ban in SG

စင်္ကာပူမှာ ပီကေ မ၀ါးရဘူးဆိုတာ သိကြမှာပါ။ ပီကေကို ရောင်းခွင့် ၀ယ်ခွင့် မရှိသလို သယ်ဆောင်ခွင့်လည်း မရှိပါဘူး။ ဥပဒေ ထုတ်ပြန်ပြီး တရားဝင် တားမြစ်ထားတာပါ။ အဲဒီ ဥပဒေကို ၁၉၉၂ မှာ ထုတ်ပြန်ခဲ့တာပါ။ ဘာဖြစ်လို့ အဲဒီလို တားမြစ်ရသလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ။

တကယ်တော့ ပီကေတွေကို စည်းမဲ့ကမ်းမဲ့ ဟိုနားကပ်ခဲ့ ဒီနားကပ်ခဲ့ စတဲ့ ဇာတ်လမ်းတွေကနေ အစပြုပြီး အခုလို ပီကေဥပဒေ ပေါ်ပေါက်လာရတာပါ။ "Regulation of Imports and Exports (Chewing Gum) Regulations." ဆိုတဲ့ ဥပဒေကို ထုတ်ပြန်ပြီး ပီကေ ရောင်းဝယ်ဖောက်ကား သယ်ဆောင် အသုံးပြုခြင်းကို တားမြစ်ခဲ့ပါတယ်။ အဲဒီ ဥပဒေကို လူတွေထင်တာက တစ်ယောက်စာ ၀ါးဖို့ ပီကေလောက်တော့ ပြသနာ မရှိလောက်ဘူးလို့ ခွင့်ပြုတယ်လို့ ထင်ထားကြပါတယ်။ ဥပဒေအရတော့ "importing" ဆိုတာ "bring or cause to be brought into Singapore by land, water or air from any place which is outside Singapore ..." လို့ ဆိုထားတဲ့အတွက် ရောင်းဝယ်ဖောက်ကားဖို့ ရည်ရွယ်ချက်နဲ့ သယ်ဆောင်တာ တစ်ခုပဲ မဟုတ်တော့ပါဘူး။ တစ်ကိုယ်ရေ တစ်ကာယ စားသုံးဖို့အတွက်ဆိုပြီး နည်းနည်းလေး ယူလာရင်လည်း ဥပဒေနဲ့ ချိုးဖောက်တာပါပဲ။

သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်... ၁၉၈၃ အစောပိုင်း ကာလတွေမှာ စကာင်္ပူ ၀န်ကြီးချုပ်က လီကွမ်းယု (Lee Kuan Yew)ပါ။ အဲဒီကာလမှာ National Development ၀န်ကြီးက ပီကေ ၀ါးတာကို တားမြစ်မိန့် ထုတ်ပေးဖို့ ၀န်ကြီးချုပ်ဆီ တင်ပြခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပီကေတွေက အထပ်မြင့် အိမ်ရာတွေရဲ့ ပြုပြင်ထိန်းသိမ်းရေး စရိတ်ကို မြင့်မားစေခဲ့လို့ပါပဲ။ ဖျက်လိုဖျက်ဆီး လုပ်ချင်ကြတဲ့ တေလေဂျပိုး စကာင်္ပူ အစုတ်ပလုတ်တွေက စာတိုက်ပုံးတွေ၊ အိမ်တံခါးသော့တွေမှာ ၀ါးပြီးသား ပီကေတွေကို ကပ်သွားလို့ပါပဲ။ အဲဒီ အုတ်ကြားမြက်ပေါက် စလုံး ဂျလေဘီတွေက ဓါတ်လှေခါး ခလုတ်တွေပါ အလွတ်မပေးပါဘူး။ ကြမ်းပြင်တွေ၊ လှေခါးတွေမှာ ကပ်နေတဲ့ ပီကေတွေကလည်း သန့်ရှင်းရေးစရိတ်ကို မြင့်တက်စေခဲ့ပါတယ်။ အများပြည်သူ အသုံးပြုတဲ့ ဘတ်စ်ကား ထိုင်ခုံတွေမှာ ပီကေတွေ ကပ်နေတာ အဆိုးတကာ့ အဆိုးဆုံးပါပဲ။ ဒါပေမယ့် လီကွမ်းယုက အဲဒီလို ဥပဒေ ထုတ်ပြန်လိုက်တာ အစွန်းရောက်လွန်းပါတယ် ဆိုပြီး ဘာတစ်ခုမှ မလုပ်ပဲ ထားလိုက်ပါတယ်။

၁၉၈၇ မှာ စကာင်္ပူဒေါ်လာ ၅ ဘီလျံတန်တဲ့ မြို့ပတ်ရထားကြီး - the Mass Rapid Transit (MRT) စတင် ပြေးဆွဲပါတယ်။ စင်္ကာပူရဲ့ အကြီးကျယ်ဆုံးသော ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးပေါ့။ အဲဒီအပေါ်မှာလည်း မျှော်လင့်ချက်တွေကလည်း ကြီးမားတာပေါ့။ အဲဒီမှာ ဇာတ်လမ်းက စ တာပါပဲ။ အပေအတေလေးတွေက ၀ါးပြီးသား ပီကေတွေက ရထားတံခါးက Sensor တွေမှာ ကပ်သွားကြပါတယ်။ ရထားတံခါးတွေ ပိတ်လို့မရဖြစ်ကုန်ပြီး ရထားခရီးစဉ်တွေ အချိန်နှောင့်နှေး ကြန့်ကြာစေကုန်ပါတယ်။ အဲဒီလိုဖြစ်ရပ်တွေက မကြာခဏ ဖြစ်တာမျိုး မဟုတ်ပေမယ့် တစ်ခါတစ်ခါ ဖြစ်လိုက်ရင်ပဲ ဆုံးရှုံးမှု ပမာဏက အတော်ကို ကြီးမားလှပါတယ်။

လီကွမ်းယုဆီက ၀န်ကြီးချုပ် ရာထူးကို လွှဲပြောင်းယူခဲ့တဲ့ ဂိုဂျောက်တောင် (Goh Chok Tong)ဟာ ၁၉၉၂ ဇန်န၀ါရီမှာ ပီကေ၀ါးခြင်းကို တားမြစ်ဖို့ ဆုံးဖြတ်ချက်ပြီး ဥပဒေထုတ်ခဲ့ပါတယ်။ ရောင်းဝယ်ဖောက်ကားနေတဲ့ လုပ်ငန်းရှင်တွေ မနစ်နာရအောင် ကြားကာလ အချိန်အတိုင်းအတာ တစ်ခုပေးပြီး ပီကေ လက်ကျန်တွေကို ရောင်းထုတ်စေပါတယ်။ သတ်မှတ်ကာလ ကျော်လွန်တာနဲ့ ပီကေတွေကို စတင်ပြီး မျိုးဖြုတ်ပါတော့တယ်။ ဒီလိုနဲ့ပဲ စကာင်္ပူမှာ ပီကေ ၀ါးတဲ့အကျင့်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားရပါတယ်။ လီကွမ်းယုကလည်း ပြောပါတယ်... "If you can't think because you can't chew, try a banana." တဲ့ ဗျာ။ အဟိ... အမျိုးတွေကို သတိရစေတယ်။

အဲဒီလိုနဲ့ စကာင်္ပူသားတွေ ပီကေ မ၀ါးတော့ပါဘူး။ ဒါပေမယ့်လည်း လစ်ရင် လစ်သလိုတော့ မလေးရှား နယ်စပ် Johor Bahru ကနေ ခိုးဝယ်လာပြီး ပီကေ၀ါးနေကြတာတော့ ရှိပါသေးတယ်။ ဒါပေမယ့် ပီကေ ၀ါးတာက အရင်ခေတ်ကလောက် မများတာတော့ အမှန်ပါပဲ။ တကယ်တော့ စင်္ကာပူသားတွေ ပီကေ မ၀ါးတာ နိုင်ငံကြီးသားပီသစွာ ဥပဒေ မချိုးဖောက်တာထက် အခုဖော်ပြထားတဲ့ ဟာသဇာတ်လမ်းလေးကြောင့် ဖြစ်မယ် ထင်တာပါပဲဗျာ။

One day a Singaporean tourist went to Thailand. The tourist ordered a lobster for his dinner. After he finished, he asked the waiter:

Tourist : Waiter, what can you do with this lobster shell?
Waiter : We cannot do anything with it, we just throw away.
Tourist : Oh, no. In our country, we send it to the factory and produce some prawn cracker.

Then the Tourist ordered an orange. After he finished, he asked the waiter.
Tourist : What can you do with the orange peel?
Waiter : We cannot do anything. We just throw away.
Tourist : Oh, no. In Singapore, we send it to the factory and produce some orange jam.

Then the tourist ordered some chewing gum. After he finished, he put on the plate and asked the waiter.
Tourist : What can you do with the chewing gum?
Waiter : Oh, no. We just throw it away.
Tourist : In Singapore, we send it to the factory and produce Condom and send it to Thailand.

The tourist asked for the bill and the waiter came with the bill and asked the tourist.
Waiter : What can you do with the condom when you finish using it?
Tourist : We cannot do anything. We throw it away.
Waiter : In Thailand when we finish using the condom, we send it to the factory to produce chewing gum and send it back to Singapore!!"

ဒါကြောင့် ကျွန်တော်လည်း ပီကေ မ၀ါးတာ ကြာလှပေါ့ဗျာ... အဟက်...

Thursday, July 24, 2008

Perseverance

Perseverance: steady persistence in a course of action, a purpose, a state, etc., especially. in spite of difficulties, obstacles, or discouragement.
(from dictionary.com)


ဇွဲကြီးသူတို့သည်..... သူတစ်ပါး မစဉ်းစားရဲသော အလုပ်မျိုးကို စဉ်းစားရွေးချယ်ရဲ၏။ အောင်မြင် ပြီးမြောက်အောင်လည်း လုပ်နိုင်ကြ၏။ ထို့ပြင် ဇွဲသမားတို့သည် ခက်ခဲသော အလုပ်များကို မတွန့်မဆုတ် လုပ်ကိုင်ရင်း ကျင့်သားရကာ သူတကာထက် ကြံ့ခိုင်ကျွမ်းကျင်လာတတ်သော သဘော၊ ထိုမှဆက်ကာ အောင်မြင်မှုတွေ ဆင့်ကဲဆင့်ကဲ ရရှိလာတတ်သော သဘောလည်း ရှိ၏။

ဥပမာ ဧ၀ရတ်တောင်တက်သည့် ကိစ္စကိုပဲ ကြည့်ပါ။ ဧ၀ရတ်တောင်ကို ဗြိတိသျှတို့ စတင် တွေ့ရှိကြသည့် ၁၈၅၀ ခုနှစ်လောက်မှ စကာ နိုင်ငံတကာတောင်တက်သမားများ တက်ရန် ကြိုးပမ်းခဲ့ကြသည်။ နှစ်ပေါင်း ၁၀၀ လောက် အထိ မအောင်မြင်ကြ။ ၁၉၅၃ ခုနှစ်တွင်မှ အက်ဒမန် ဟီလာရီနှင့် တင်ဇင်းနော်ဂေးတို့ နှစ်ယောက် တောင်ထိပ်သို့ ပထမဆုံး ရောက်ကြ၏။ ထို့နောက်ပိုင်း နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်းတွင် နိုင်ငံတကာမှ တောင်တက်သမား ၃၆၀ ခန့် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြသော်လည်း တောင်တက်ရန် ကြိုးစားရင်း..... အသက်ဆုံးရှုံးခဲ့ရသူ ဦးရေမှာလည်း ၁၀၀ ကျော်မျှရှိခဲ့ရာ ဧ၀ရတ်တောင်ထိပ်သို့ ရောက်ရှိရေးသည် ယနေ့ထိ မလွယ်ကူသေးသော သဘောဖြစ်သည်။

သို့သော်... အဲသည် မလွယ်သော တောင်ကို အခေါက်ခေါက် အခါခါ ဆင်းလိုက် တက်လိုက် လုပ်နေသူတွေ ရှိသည်။ ရှာပ (Sherpa) ဟုခေါ်ကြသည့် နီပေါနိုင်ငံသား တိုင်းရင်းသား လူမျိုးတစ်စု။ သူတို့သည် နိုင်ငံတကာမှ လာသည့် တောင်တက်အဖွဲ့များကို လမ်းပြရင်း၊ ပစ္စည်းများ ထမ်းပိုး သယ်ဆောင်ပေးရင်း ဧ၀ရတ်တောင်ကို ကျွမ်းချင်တိုင်း ကျွမ်းနေကြသည်။

သူတို့အထဲမှာ ထင်ရှားသူတစ်ယောက်က ဘာဘူးချီရီ။ ဘာဘူးချီရီ (Babu Chiri) သည် တောင်တက် အထမ်းသမားအလုပ်ကို အသက် ၁၄ နှစ်အရွယ်က စ၍ လုပ်ခဲ့သည်။ အထမ်းသမားအဖြစ် ဟိမ၀န္တာ တောင်ထိပ် အတော်များများသို့ သူ ရောက်ခဲ့သည်။

သို့သော် တောင်ထိပ်ရောက်တာချင်း အတူတူ နိုင်ငံခြားသား တောင်တက်သမားများကိုသာ နိုင်ငံတကာ စာနယ်ဇင်းများက ချီးကျူးဖော်ပြကြသည်။ သူတို့ ရှာများကို အရေးတယူ မပြုကြ။ သူတို့ကို တောင်တက်သမား ဟူ၍ သဘောမထား၊ အလုပ်သမားများ ဟုသာ သတ်မှတ်ထားသည့် သဘောပင်။

သည်အနေအထားကို ပြောင်းလဲပစ်ဖို့ ဘာဘူးချီရီ ကြိုးပမ်းခဲ့သည်။။ ဧ၀ရတ်တောင်ကို အငှားလိုက်သူ အဖြစ် မဟုတ်ဘဲ သည်အတိုင်း မိမိဘာသာ တက်ပြသည်။ တောင်ပေါ်သို့ အမြန်ဆုံး ရောက်သည့်စံချိန်၊ အခေါက်ရေ အများဆုံး တက်သည့် စံချိန်၊ တောင်ပေါ်မှာ အကြာဆုံး နေနိုင်သည့် စံချိန်တွေ တင်နိုင်ဖို့ သူ ကြိုးစားသည်။

ဇွဲနပဲနှင့် ကြိုးစားသည့်အခါ သူအောင်မြင်သည်။ နိုင်ငံတကာ တောင်တက်သမားတွေသည် ဧ၀ရတ် တောင်ထိပ် ရောက်အောင် ပျဉ်းမျှခြင်း ရက်သတ္တပတ် နှစ်ပတ်ခန့် တက်ကြရသည်။ ဘာဘူးချီရီက တစ်ရက်ပင် မကြာ။ ၂၀၀၀ ပြည့်နှစ် မေလထဲတွင် သူတင်လိုက်သည့် စံချိန်က ၁၆ နာရီ ၅၆ မိနစ်။ သူများတကာတွေ တောင်တက်ရန်အတွက် ရက်လချီပြီး ပြင်ဆင်ရသည်။ ဘာဘူးချီရီက ၁၄ ရက်အတွင်း တောင်ထိပ်သို့ နှစ်ခေါက် အရောက် တက်ပြလိုက်သည်။

ဧ၀ရတ်တောင်ထိပ်သည် အလွန်အေးသော နေရာဖြစ်၍ တောင်တက်သမားများ အများစုတို့မှာ တောင်ထိပ် အထိ ရောက်အောင် တက်နိုင်ပြီးလျှင်..... ၀မ်းမြောက်ဝမ်းသာ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကြပြီး အလျင်အမြန်ပင် ပြန်ဆင်းသွားလေ့ ရှိကြသည်။ ဘာဘူးချီရီက တောင်ထိပ်မှာ ရွက်ဖျင်တဲတစ်လုံးနှင့် တစ်ယောက်တည်း အောက်ဆီဂျင် ဓါတ်ငွေ့ အကူအညီမပါဘဲ ၂၁ နာရီတိတိ နေပြခဲ့သည်။

အဲသည်လိုတွေ စွမ်းဆောင်ပြပြီးသည့်နောက်တွင် ဘာဘူးချီရီသည် အထမ်းသမား... မဟုတ်တော့။ တောင်တက် နည်းပြဆရာ ဖြစ်လာသည်။ တောင်တက်လုပ်ငန်း ကုမ္ပဏီပိုင်ရှင် တစ်ဦးလည်း ဖြစ်လာသည်။ သူ့အကြောင်းကို ကမ္ဘာ့စာနယ်ဇင်းကြီးတွေက တခမ်းတနား ဖော်ပြလာရသည်။

ဘာဘူးချီရီကို အထမ်းသမားဘ၀မှ တောင်တက်ပညာရှင်... လုပ်ငန်းရှင်ဘ၀သို့ ပြောင်းလဲပေးလိုက်သော အရာသည် ဇွဲနပဲပင် ဖြစ်သည်။

စစ်စစ် မည်သူမဆို မိမိစိတ်ဝင်စားသော အလုပ်၊ သို့တည်းမဟုတ် လက်ရှိ မိမိဘ၀ အခြေအနေအရ ရွေးချယ်နိုင်သမျှထဲမှ အကောင်းဆုံးအလုပ်ကို တကယ် စိတ်အားထက်သန်စွာ လုပ်ကိုင်မည်၊ သည်အလုပ်မှာ ငါ အကျွမ်းကျင် အလိမ္မာဆုံး လူဖြစ်ရမည် ဆိုသော ရည်မှန်းချက်မျိုး ထားရှိကာ စွဲစွဲမြဲမြဲ ဇွဲသန်သန်နှင့် ကြိုးစား လုပ်ကိုင်မည်ဆိုပါက အဲသည် လုပ်ငန်းနယ်ပယ်တွင် အထင်ရှား အအောင်မြင်ဆုံး ပုဂ္ဂိုလ်ဖြစ်လာမှာ သေချာပေသည်။
--------------------

ဆရာဖေမြင့်ရဲ့ စိတ်ဓါတ်နှင့်နည်းနာ စာအုပ်ထဲမှာပါတဲ့ "လူငယ်နှင့် တိုးတက်ကြီးပွါးရေး" ဆိုတဲ့ စာစုထဲက ထုတ်နှုတ်တင်ပြတာပါ။ အဲဒီစာစုထဲမှာ ဖော်ပြထားတဲ့ ရှာပ... ဘာဘူးချီရီတစ်ယောက်တော့ ၂၀၀၁ခု ဧင်္ပြီလမှာ ဆုံးပါးသွားခဲ့ပါတယ်။ ဧ၀ရတ်တောင်ထိပ်ကို ထပ်မံတက်ရောက်ဖို့ ကြိုးစားရင်း ပြုတ်ကျသေဆုံးခဲ့ရတာပါ။

ဘာရယ်တော့ မဟုတ်ပါဘူး... ပို့စ်လေးတင်ပြီး ကိုယ်ဘာသာကိုယ် ပြန်ဆုံးမနေတာပါ။
နောက်မဆုတ်နဲ့ ကိုယ်ကံချွန် မဟုတ်ပေမယ့် နောက်မဆုတ်နဲ့ ကိုဇူလိုင်ပေါ့ဗျာ။

Tuesday, July 22, 2008

Just clever, not enough

လွန်ခဲ့သော အနှစ် ၂၀ ခန့်က ကြုံခဲ့ရဖူးသည့် ထူးခြားသော ပုဂ္ဂိုလ်တစ်ယောက်အကြောင်း အမြဲ အမှတ်ရသည်။

ပူအိုက်သော နေ့လယ်ခင်း၊ နယူးယောက်မြို့တော်မှာ။ နေရထိုင်ရတာ မသက်သာသဖြင့် လူတွေ စိတ်လက် မကြည်လင်ကြ။

ကျွန်တော်က တည်းခိုရာဟိုတယ်သို့ သွားရန် ဘတ်စကားတစ်စီးပေါ် တက်သည်။ လူလတ်ပိုင်းအရွယ် ယာဉ်မောင်းသူက သွက်လက်ရွှင်ပျစွာ ဆီးကြိုနှုတ်ဆက်သည်။

ကျွန်တော့်မှသာ မဟုတ်။ သူက ကားပေါ် တက်လာသည့် ခရီးသည် မှန်သမျှကို သင့်တင့်လျောက်ပတ်သော ပဋိသန္ဓာရ စကားပြောကာ ကြိုဆို နှုတ်ဆက်နေခြင်း ဖြစ်သည်။

ကားက ယာဉ်အသွားအလာ ထူထပ်သည့် မြို့တွင်းတစ်လျှောက် လမ်းဆုံတိုင်း ဆိုင်းငံ့ကာ ဖြည်းဖြည်းချင်း သွားနေရစဉ် ယာဉ်မောင်းသူက ဘေးပတ်ဝန်းကျင် အကြောင်းကို မပြတ် ပြောဆိုလာသည်။ ဟာ၊ ဒီစတိုးဆိုင် သိပ်ရောင်းကောင်းတာဗျ၊... ဒီပြတိုက်မှာ အခုပြနေတဲ့ အစီအစဉ်သစ် သိပ်စိတ်ဝင်စားစရာ ကောင်းတယ်ဗျာ၊... အဲဒီ ဟိုဘက်နားလေးမှာ မကြာခင်ကမှ ရုပ်ရှင်ရုံအသစ် တစ်ခု ဖွင့်တယ်ဗျ၊... စသဖြင့်။

ကားပေါ်တက်စဉ်က သုန်သုန်မှုန်မှုန် မျက်နှာပေးနှင့် တက်လာကြသည့် ခရီးသည်များသည် ဆိုရာမှတ်တိုင် အသီးသီး ရောက်၍ ကားပေါ်က ဆင်းကြသည့်အချိန်၌ တက်တုန်းကနှင့် မတူ၊ ကြည်လင်သော မျက်နှာနှင့် ဖြစ်သွားကြသည်။

ယာဉ်မောင်းသူက သည်မျှနှင့် မပြီးသေး။ အောက်ဘက် ဆင်းသွားသူကိုပါ လှမ်း၍ နှုတ်ဆက်စကား ပြောလိုက်သေးရာ ခရီးသည်လည်း ပလက်ဖောင်းပေါ်မှ ပြန်၍ ပြုံးပြ နှုတ်ဆက်ရလေသည်။

ကျွန်တော် သဘောကျသွားသည်။

တကယ်တော်တဲ့လူပဲ၊ သူ့အလုပ်ကို တကယ် အကောင်းဆံး ဆောင်ရွက်နေတာပဲ ဟု မှတ်ချက်ချမိသည်။

သည်လူနှင့်ယှဉ်၍ နောက်တစ်ယောက် အကြောင်း ပြောလိုသည်။

ဂျေဆင်..... အမည်ရှိ လူငယ်တစ်ယောက်။ ဖလော်ရီဒါရှိ အထက်တန်းကျောင်း တစ်ကျောင်းမှာ ပညာ သင်ကြားနေသူ။ ဘာသာတိုင်း အမြဲ အမှတ်ကောင်းကောင်း ရသူ။ သည်ကျောင်းပြီးလျှင် ဟားဗတ် ဆေးတက္ကသိုလ်သို့ တက်ရန် ရည်မှန်းထားသူ။

အဲသည်တစ်နေ့ ရူပဗေဒဘာသာအတွက် အတန်းတွင်း စစ်ဆေးမှုတစ်ခုမှာ ဆရာက သူ့အား ခါတိုင်းရနေကျ အမှတ်ထက် လျှော့၍ပေးတော့ ဂျေဆင် အကြီးအကျယ် မခံမရပ်နိုင် ဖြစ်သည်။ သည်ဟာလေး တစ်ခုနှင့်ပင် သူ့ရည်မှန်းချက်တွေ အားလုံး ပျက်သွားသလို ခံစားကာ ဓါးမြှောင်တစ်လက်နှင့် ကျောင်းသို့ သွားသည်။ ကျောင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆရာ့ပခုံးကို ဓါးထိသွားသည်။

ဥာဏ်ရည်ထက်သည် စာတော်သည် ဆိုသော လူငယ်တစ်ယောက် ဘာကြောင့် သည်လောက် အစဉ်းစား အဆင်ခြင်မဲ့စွာ ပြုမူခဲ့ရသနည်း။

အဖြေက ရှင်းသည်။ ဥာဏ်ကောင်းရုံ ဥာဏ်ရည်အဆင့် Intelligence Quotient - I.Q မြင့်ရုံသက်သက်ဖြင့် လောကကြီးထဲမှာ အောင်မြင်မှု မရနိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ လူတစ်ယောက် ဘ၀ အောင်မြင်မှု ရ မရ ဟူသည် ဥာဏ်ရည် I.Q ပေါ်တွင် ၂၀ ရာခိုင်နှုန်းမျှသာ မူတည်ကြောင်း ယနေ့ခေတ် စိတ်ပညာ သုတေသီတို့ လက်ခံထားကြပြီး ဖြစ်သည်။ ဘ၀ အောင်မြင်မှုအတွက် ၈၀ ရာခိုင်နှုန်း အဆုံးအဖြတ် ပြုမည့် တခြားအကြောင်းအချက်များထဲတွင် အရေးပါသည့် အရာတစ်ခုက စိတ်ဓါတ်ရင့်ကျက်မှု စွမ်းရည် သို့မဟုတ် စိတ်ဓါတ်ရေးရာ ဥာဏ်ရည်ဟု ဆိုရမည်က emotional intelligence (တစ်နည်း အားဖြင့် Emotional I.Q) ဖြစ်သည်။
--------------------

ဆရာဖေမြင့်ရဲ့ စိတ်ဓါတ်နှင့်နည်းနာ စာအုပ်ထဲမှာပါတဲ့ "ဥာဏ်ကောင်းရုံနှင့် မပြီးပါ..." ဆိုတဲ့ စာစုထဲက ထုတ်နှုတ်တင်ပြတာပါ။ အရာရာမှာ အရမ်းတော် အရမ်းတတ်ပြီး ဘာတစ်ခုမှ သုံးမရတဲ့ တချို့တလေကို ရည်ညွှန်းပါတယ်။ ငါပြောသလို လုပ်... ငါလုပ်သလို မလုပ်နဲ့ အတန်းအစားတစ်ခုက သင်္ကြန်အမြောက်များကို ရည်ရွယ်ပါတယ်။

သြော်... ဒါနဲ့ ကျွန်တော်လည်း IQ နိမ့်တဲ့ သင်္ကြန်အမြောက်ပါပဲ။

Monday, July 21, 2008

Mascots of Beijing Olympics


အိုလံပစ် အဆောင်လက်ဖွဲ့လေးတွေကို ၁၉၆၈ ဆောင်းရာသီ အိုလံပစ်ပွဲတော်က စတင်ပြီး အသုံးပြုခဲ့တာ ယနေ့အထိတိုင်ပါပဲ။ အများအားဖြင့် အဆောင်လက်ဖွဲ့ပုံစံလေးတွေဟာ အိမ်ရှင်နိုင်ငံရဲ့ ဒေသတ၀ိုက်မှာ တွေ့ရှိရတဲ့ တိရစ္ဆာန်တွေ ဒါမှမဟုတ် ရိုးရာဓလေ့ ယဉ်ကျေးမှု ပုံစံတွေကို အဓိကထားလေ့ရှိပါတယ်။ အဲဒီ အဆောင်လက်ဖွဲ့ အရုပ်ပုံစံတွေကို အိုလံပစ် ဖွင့်ပွဲတွေ ပိတ်ပွဲတွေမှာ တွေ့မြင်ရမှာပါ။

၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ်ပွဲတော်အတွက် အဆောင်လက်ဖွဲ့ အရုပ်လေးကတော့ ၅ ကောင်တောင် ရှိပါတယ်။ အဲဒီ အရုပ်အတွဲလိုက်လေးကို ဖူဝါ (Fúwá) လို့ အမည် ပေးထားပါတယ်။ အဲဒါလေးတွေကို the National Society of Chinese Classic Literature Studies က ၂၀၀၅ နိုဝင်ဘာ ၁၁ ရက်နေ့မှာ အိုလံပစ်ပွဲတော် ရောက်ဖို့ ရက်ပေါင်း ၁၀၀၀ အလို အထိမ်းအမှတ်အနေနဲ့ ရွေးချယ်ခဲ့တာပါ။

ဖူဝါမှာ အရုပ် ၅ ရုပ်ပါဝင်ပါတယ်။ ငါး၊ ပန်ဒါ၊ မီးလျှံ၊ တိဘတ် သမင်၊ ပျံလွှားငှက်ရုပ်လေး ငါးခုဟာ အိုလံပစ် ကွင်း ငါးကွင်းကို ကိုယ်စားပြုထားပါတယ်။ သူတို့လေးတွေရဲ့ အမည်ကတော့ ပေပေ၊ ကျင်းကျင်း၊ ၀ှမ်းဝှမ်း၊ ရင်ရင် နဲ့ နီနီတို့ပါပဲ။ သူတို့ အမည်ငါးခုကို ပေါင်းစပ်လိုက်ရင် တရုတ်လို ပေကျင်း ၀ှမ်းရင် နီ (Běijīng huānyíng nǐ) ဆိုတဲ့ စာလုံးလေး ထွက်လာပါတယ်။ အဓိပ္ပါယ်ကတော့ ပေကျင်းမှ သင့်ကို ကြိုဆိုပါတယ်ပေါ့။

ပေပေ Beibei

တရုတ်ရိုးရာဓလေ့နဲ့ အနုပညာတွေမှာ ငါးနဲ့ ရေဆိုတာ အောင်မြင်မှု ဖြစ်ထွန်းမှု အထိမ်းအမှတ်ပါ။ ငါးဆိုတာက တရုတ်ယဉ်ကျေးမှုမှာ ပိုလျှံမှု ကြွယ်ဝမှုကိုလည်း ဖော်ဆောင်ပါသေးတယ်။ နောက်တစ်မျိုးက ကောင်းမွန်သောနှစ်... ကောင်းမွန်သောဘ၀ လို့လည်း မှတ်ယူကြပါတယ်။ ပေပေရဲ့ ခေါင်းပေါ်က ရေလှိုင်းပြာ ပုံစံလေးတွေဟာ တရုတ် ရှေးလက်ရာ ပန်းချီကားတွေမှာ ထင်ရှားကျော်ကြားတဲ့ ပုံစံလေးတစ်ခုပါပဲ။ အခု ဖူဝါအတွဲလေးမှာ ပေပေဟာ ယဉ်ကျေးသိမ့်မွေ့တဲ့ ကောင်မလေး အဖြစ် ပါဝင်မှာပါ။ သူမဟာ ရေနဲ့ ပါတ်သတ်တဲ့ အားကစားနည်းတွေကို စိတ်ဝင်စားပြီး အိုလံပစ်ကွင်းတွေထဲက အပြာရောင်ကွင်းကိုလည်း ကိုယ်စားပြုထားပါတယ်။

ကျင်းကျင်း Jingjing

ကျင်းကျင်းကိုတော့ ကလေးတွေက သဘောကျပါတယ်။ ကျင်းကျင်းကို မြင်ရင် ခလေးတွေ ပြုံးကြပါတယ်။ ဒါကြောင့် ကျင်းကျင်းဟာ သွားလေရာ နေရာတိုင်းမှာ ပျော်ရွှင်မှုတွေကို သယ်ဆောင်လာတဲ့ ကောင်လေးပေါ့။ သူရဲ့ ချစ်စဖွယ် မျက်နှာပေးလေးက ပီတိဖြစ်စရာလေးပါပဲ။ ကျင်းကျင်းရဲ့ ခေါင်းပေါ်က ကြာပွင့်ပုံလေးက Song Dynasty (A.D.960-1234) ခေတ် ကြွေသား ပန်းချီလက်ရာကနေ ဆင့်ပွါးခံစားထားတာပါ။ တရုတ်နိုင်ငံရဲ့ အမျိုးသား ရတနာတစ်ပါး အနေနဲ့ရော... အထူး ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရှားပါး သတ္တ၀ါမျိုးစိတ် တစ်ခုအနေနဲ့ရော... ပန်ဒါဝက်ဝံလေးတွေဟာ လူချစ်လူခင် ပေါများလှပါတယ်။ သဘာဝကို ချစ်မြတ်နိုးဖို့... သဘာဝကို ထိန်းသိမ်းစောင့်ရှောက်ဖို့ နောက်မျိုးဆက်သစ်တွေကို အသိတရား လက်ဆင့်ကမ်းတဲ့အနေနဲ့ ကျင်းကျင်းကို ဖူဝါအတွဲမှာ ရွေးချယ်ခဲ့တာပါ။ ချစ်စရာ ကျင်းကျင်းဟာ မျက်နှာချိုပြီး အကောင်းမြင်တဲ့ ကောင်လေးတစ်ယောက် အဖြစ် ပါဝင်မှာပါ။ ကျင်းကျင်းက ခွန်အားဗလကို အသုံးပြုရတဲ့ အားကစားသမားတွေကို ကိုယ်စားပြုသလို အိုလံပစ်ကွင်းတွေမှာ အနက်ရောင် ကွင်းလေးအနေနဲ့လည်း ရှိနေမှာပါ။

ဝှမ်းဝှမ်း Huanhuan

ဒီဖူဝါအတွဲမှာ ၀ှမ်းဝှမ်းဟာ အကိုအကြီးဆုံးပေါ့။ သူဟာ အိုလံပစ်မီးရှူးတိုင်က မီးတောက်ကလေးပဲပေါ့။ ၀ှမ်းဝှမ်းက အားလုံးရဲ့ အလယ်မှာ နေတာက အိုလံပစ်ပွဲရဲ့ အဓိကဖြစ်တဲ့ အားကစား စိတ်ဓါတ်ကို အထူးပြု ဖော်ဆောင်ချင်လို့ပါ။ ၀ှမ်းဝှမ်းဟာ အပြေးမြန်သလို အမြင့်ကြီးလည်း ခုန်နိုင်ပါတယ်။ သန်လည်း သန်စွမ်းပါတယ်။ နောက်ပြီး သူက အားလုံးကို ပျူငှာစွာ ဖိတ်ခေါ်သမှု ပြုပါသေးတယ်။ သူ့ခေါင်းပေါ်က မီးတောက်ပုံလေးက တရုတ်တွေရဲ့ ရှေးရိုးရာ လာဘ်လာဘပွင့်စေတဲ့ ဒီဇိုင်း ပုံစံလေးကို မှီငြမ်းထားတာပါ။ စိတ်အားထက်သန်တဲ့ ၀ှမ်းဝှမ်းဟာ ဘောလုံးနဲ့ ပါတ်သတ်တဲ့ ကစားနည်းအားလုံးကို သဘောကျပြီး အိုလံပစ်ကွင်းထဲက အနီရောင်ကွင်းကို ကိုယ်စားပြုပေးထားပါတယ်။

ရင်ရင် Yingying

တိဘတ်ဒေသက သမင်တွေလိုပဲ ရင်ရင်ဟာ မြန်တယ်... သွက်တယ်။ လွှားခနဲ လွှားခနဲ ပြေးနေတတ်တဲ့ သူဟာ ကမ္ဘာပတ်ပြီး အပြေးပြိုင်နေ သလားပဲ။ သူဟာ ကျယ်ဝန်းလှတဲ့ တရုတ်ပြည်ရဲ့ မြေပြင်အနေအထားကို ဖော်ဆောင်ပေးပါတယ်။ သမင်တွေဟာ သဘာဝနဲ့ လိုက်လျောညီထွေ တစ်ထပ်တည်း ကျနေတဲ့အတွက် ကျန်းမာခြင်း၊ သန်စွမ်းခြင်း စတာတွေကိုလည်း ဆောင်ကျဉ်းပေးတယ်လို့ တရုတ်တွေက ယူဆကြပါတယ်။ ခုန်ပေါက် မြူးထူးနေတဲ့ သူရဲ့ ပုံစံလေးဟာ တရုတ်ပြည်ရဲ့ ပထမဦးဆုံးသော အထူး စောင့်ရှောက်ခံ ရှားပါး သတ္တ၀ါမျိုးစိတ်ထဲက တိဘတ်ဒေသက မျိုးစိတ် တစ်ခုအနေနဲ့ ပြန်လည် သတိရစေပါတယ်။ သူ့ခေါင်းပေါ်မှာ အလှဆင်ထားတာက ချင်းဟိုင်-တိဘတ် ၊ တရုတ်အနောက်ဒေသ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ယဉ်ကျေးမှု လက်ရာတွေကို ပေါင်းစပ်ထားတာပါ။ သူဟာ ပြေးလမ်းတွေပေါ်မှာ သွက်လက်ထူးချွန်တဲ့ ကောင်လေး တစ်ယောက် ဖြစ်သလို အိုလံပစ် ကွင်းတွေထဲမှာ အ၀ါရောင်ကွင်းကို ကိုယ်စားပြုထားပါတယ်။

နီနီ Nini

နွေဦးပေါက်နဲ့ နွေနှောင်းရာသီတွေမှာ ပေကျင်းမြို့တော်က ကလေးတွေ စွန်ရောင်စုံကို လွှတ်တင်နေကြတာကို တွေ့မြင်ရမှာပါ။ အဲဒီလို စွန်မျိုးစုံကြားမှာ ရွှေရောင်တောင်ပံနဲ့ ပျံလွှားငှက်ပုံစံ စွန်လေးတွေဟာ လူသိများ ထင်ရှားပါတယ်။ နီနီရဲ့ ပုံလေးက အဲဒီ စွန်တွေကနေ အခြေခံထားတာပါ။ သူမရဲ့ ရွှေရောင်တောင်ပံတွေဟာ အဆုံးအစ မရှိတဲ့ ကောင်းကင်ကြီးကို ကိုယ်စားပြုပါတယ်။ အဲဒီလိုပဲ သူမ ပျံသန်းခဲ့သမျှ နေရာတိုင်းမှာလည်း ကံကောင်းခြင်း လက်ဆောင်တွေ ဖြန့်ကျဲချပေးပါတယ်။ ပျံလွှားကို တရုတ်လို ခေါ်ရင် ယန်"yan"လို့ အသံထွက်ပါတယ်။ ပေကျင်းမြို့ကို ရှေးအခါက ယန်ကျင်းမြို့လို့လဲ ခေါ်ခဲ့တယ်ဆိုတာကို ပြန်လည် အမှတ်ရစေတာပေါ့။ ဖူဝါအရုပ်တွေထဲမှာ နီနီဟာ အပြစ်ကင်းတဲ့... ပျော်ရွှင်မှုတွေ ပေးတဲ့ ကောင်မလေးအဖြစ် ပါဝင်မှာပါ။ နီနီဟာ ကျွမ်းဘားလို့ အားကစားနည်းတွေကို နှစ်ခြိုက် သဘောကျပြီး အိုလံပစ်ကွင်းတွေထဲမှာ အစိမ်းရောင်ကွင်းကို ကိုယ်စားပြုထားပါတယ်။

Saturday, July 19, 2008

July 19 (1947-2008)



ဗိုလ်ချုပ်က မသေသေးဘူး...
အခုထိ အသတ်ခံနေရတုန်း...

Friday, July 18, 2008

Bloody Saturday!


ဂြိုလ်မွှေသော ထိုစနေ

“ဗိုလ်ချုပ် ၊ နက်ဖြန် ၀န်ကြီးအစည်းအဝေးလုပ်ဖို့ ချိန်းထားတယ်။
လွှတ်တော်ကော်မတီ အစည်းအဝေးကလည်း နက်ဖြန် ၁၀နာရီပဲ ဖြစ်နေတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ”

“ဟေ ဟုတ်လား ဒါဖြင့် နက်ဖြန် လွှတ်တော်ကော်မတီကိုပဲ တက်မယ်။ အီးစီ (ဘုရင်ခံ၏ အမှုဆောင်အဖွဲ့) ကို စနေနေ့မနက် ပြောင်းလုပ်လိုက်ကွာ”

အထက်ပါမေးခွန်းကို မေးသူမှာ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) ဖြစ်ပြီး အဖြေနှင့်တကွ ညွှန်ကြားချက်ပါ တစ်ပါတည်း ပေးလိုက်သူမှာ ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်သည်။

ထိုနေ့ထိုရက်မှာ ၁၉၄၇ခု ၊ ဇူလိုင်လ ၁၅ရက် အင်္ဂါနေ့ဖြစ်သည်။ ဗြိတိသျှတို့သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည့် (၁၉၄၅ခုနှစ်)နောက်ပိုင်း မြန်မာပြည်အား ဗြိတိသျှဘုရင်ခံတစ်ဦး ခေါင်းဆောင်သည့် ၀န်ကြီးများ အဖွဲ့တစ်ဖွဲ့ကို ဘုရင်ခံ၏အမှုဆောင်အဖွဲ့ဟု အမည်ပေး အုပ်ချုပ်လာခဲ့သည်။

အဆိုပါ ၀န်ကြီးများအဖွဲ့ အစည်းအဝေးများကို ၁၉၄၆ခုနှစ်အထိ အဖွဲ့၏သဘာပတိဖြစ်သော ဘုရင်ခံ၏ အိမ်တော်တွင် ကျင်းပလာခဲ့ရာမှ ၁၉၄၇ခုနှစ်၊ ဇန်န၀ါရီလတွင် အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဘုရင်ခံအိမ်တော်မှ အတွင်းဝန်ရုံးသို့ ပြောင်းရွှေ့ကျင်းပခဲ့ကြသည်။

ထို့ပြင် အထက်ပါ အောင်ဆန်းအက်တလီစာချုပ်အရ မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရတို့က လွတ်လပ်ရေးပေးရန် သေချာသလောက်ဖြစ်နေခဲ့ရာ ၀န်ကြီးများအဖွဲ့၏ သဘာပတိဖြစ်သူ ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ်သည် ၁၉၄၇ခုနှစ် ဇန်န၀ါရီလမှစ၍ ၀န်ကြီးများအစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိတော့ဘဲ ဒုတိယသဘာပတိဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကပင် သဘာပတိအဖြစ် ရှေ့ဆောင်ရှေ့ရွက်ပြုကာ ကျင်းပခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲအဖြစ် တာဝန်ထမ်းဆောင်နေရသော ဗိုလ်ထွန်းလှသည် အထက်ပါ ၀န်ကြီးများ အစည်းအဝေးအပါအ၀င် ဗိုလ်ချုပ်၏ နေ့စဉ်နှင့်အမျှ များပြားလှသော အလုပ်တာဝန်များ၊ ချိန်းဆိုချက်များနှင့် အခြားအရေးတကြီး ဆောင်ရွက်ရန်ရှိသည့် ကိစ္စရက်များကို သူ့နေ့နှင့်သူ၊ သူ့အချိန်နှင့်သူ အံဝင်ခွင်ကျဖြစ်အောင် အတိအကျစီစဉ်မှတ်သားပြီး ဗိုလ်ချုပ်ထံ နေ့စဉ်တင်ပြရသည်။

သို့နှင့်ပင် ဗိုလ်ထွန်းလှသည် သူ၏နေ့စဉ်လုပ်ငန်းတစ်ခုအဖြစ် ဗိုလ်ချုပ်၏ “အလုပ်တာဝန်ဇယား”ကို စီစဉ်မှတ်သားလာခဲ့ရာမှ ဇူလိုင်လ ၁၆ရက် ဗုဒ္ဓဟူးနေ့အတွက် အစည်းအဝေးနှစ်ခုမှ မမျှော်လင့်ဘဲ အချိန်ချင်း တိုက်ဆိုင်နေသည်ကို တွေ့ရသည်။

ဝန်ကြီးများအဖွဲ့မှာ အရေးပေါ်အစည်းအဝေးများ မှတစ်ပါး သာမန်အစည်းအဝေးများကို တစ်ပတ်လျှင် တစ်ကြိမ်ကျ ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၁၀ နာရီတွင် ကျင်းပမြဲဖြစ်သည်။ သို့သော် ယခုအပတ် ထိုနေ့ ထိုရက် ထိုအချိန်တွင် တိုင်းပြုပြည်ပြု လွှတ်တော်ကော်မတီ အစည်းအဝေးနှင့် အချိန်ချင်းသွားတိုက်ဆိုင်နေသည်ကို တွေ့နေရသဖြင့် ဗိုလ်ထွန်းလှသည် ထိုအကြောင်းကို တစ်ရက်ကြိုတင်၍ ဇူလိုင်လ ၁၅ ရက်နေ့ အင်္ဂါနေ့ နံနက်တွင် ဗိုလ်ချုပ်အောင်ဆန်းအား တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကလည်း အပါးတော်မြဲ ဗိုလ်ထွန်းလှ၏ တင်ပြချက်အပေါ်တွင် ထွေထွေထူးထူး ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ “အီးစီကို စနေနေ့မနက်ပြောင်းလုပ်လိုက်ကွာ”ဟူ၍ အဆုံးအဖြတ်ပေးကာ အမှတ်မထင် ညွှန်ကြားခဲ့သည်။

ယင်းစနေ၊ ထိုစနေကား ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာပြည်ကြီးအား ဂြိုလ်မွှေခဲ့သည့် ဇူလိုင် ၁၉ရက် စနေနေ့ပင်တည်း။

သို့နှင့်ပင် ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အောင်ဆန်း၏ အမိန့်အရ ကတ်ဘိနက် (Cabinet) အဖွဲ့ဝင် ၀န်ကြီးအားလုံးထံ ၀န်ကြီးများအစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် မကျင်းပဖြစ်ဘဲ စနေနေ့တွင်မှ ကျင်းပမည် ဖြစ်ကြောင်း အချိန်မီအကြောင်းကြားနိုင်ခဲ့ပါသည်။

၁၉၄၇ခုနှစ် ၊ ဇူလိုင်လ ၁၉ရက် စနေနေ့

မြန်မာနိုင်ငံ၏ ရာသီဥတု အနေအထားအရ အထူးသဖြင့် အောက်မြန်မာနိုင်ငံ၏ ရာသီဥတုအစဉ်အလာအရ ဇူလိုင်ဆိုလျှင် မိုးဖြိုင်ဖြိုင်ရွာမြဲပင်ဖြစ်သည်။

နေ့စဉ် သတင်းစာများ၌ “ယနေ့ ရန်ကုန်မြိုနှင့် အနီးတစ်ဝိုက်တွင် အများအားဖြင့် တိမ်ထူထပ်နေပြီး မိုးတစ်ပြိုက်နှစ်ပြိုက် ရွာမည်”ဟူ၍ ဖတ်ရှုကြသလို မြန်မာ့အသံမိုးလေ၀သ သတင်းမှနေ၍ “ယနေ့ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးသားများ အုံ့ဆိုင်းပြီးမိုးတစ်ကြိမ် နှစ်ကြိမ် ထစ်ချူန်းရွာဖွယ်ရာ ရှိပါသည်”ဟူသော ကြေငြာချက်ကို နေ့စဉ်ကြားနေကြရသည်။

သို့ဖြင့် နေ့စဉ်နေ့တိုင်း မွန်းလွဲပိုင်းတွင် အုံ့ဆိုင်းမှုန်မှိုင်းနေတတ်ပြီး ညနေစောင်းသည်နှင့်တစ်ပြိုင်နက် အညိုးကြီးစွာ သဲသဲမဲမဲအချိန်မှန်ရွာလေ့ရှိသော ရန်ကုန်မိုးသည် ဇူလိုင်လ ၁၉ရက်နေ့တွင်မူ ထူးထူးခြားခြား နံနက်စောစော အိပ်ရာထချိန်မှစ၍ ဖွဲ့လိုက်သဲလိုက်ဖြင့် ရွာနေခဲ့သည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် ပတ်ဝန်းကျင်တွင် မိုးသားများဖုံး၍ ကောင်းကင်ပြင်တစ်ခုလုံး ညိုမှောင် မှိုင်းပျနေသည်။

အချိန်မှာ နံနက် ၁၀နာရီ ထိုးလုနီးပြီဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ရုံးချိန်ရောက်လာပြီ ဖြစ်သဖြင့် အ၀တ်အစားများလဲကာ တာဝါလိမ်းလမ်း (Tower Lane) နေအိမ်အပေါ်ထပ်မှ လှေကားအတိုင်း ခပ်သွက်သွက်ကလေး ဆင်းလာသည်။

ယနေ့အဖို့ရာ၌ နံနက်စောစောစီးစီး မိုးသားများ အုံ့ဆိုင်းမှိုင်းပျ၍ သဲလိုက်ဖွဲလိုက်ဖြင့် ထူးထူးခြားခြား မိုးများရွာသန်းနေသလို ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ခါတိုင်းကဲ့သို့ ယူနီဖောင်းဝတ်စုံဖြင့် မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောက်လုံချည် ၊ သနပ်ခါးရောင် မန္တလေးပိုးတိုက်ပုံနှင့် အဖြူရောင်သဲကြိုးတပ်ထားသည့် လေယာဉ်ပျံ ဖိနပ်စသည်တို့ဖြင့် မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားသည်ကို ထူးထူးခြားခြားတွေ့ရသည်။

ဗိုလ်ချုပ်သည် နေအိမ်မှအထွက် ကားပေါ်တက်ခါနီးတွင် အငယ်ဆုံးသမီးထွေးလေးကို ခါတိုင်းကဲ့သို့ပင် တယုတယ နမ်းရှုပ်နှုတ်ဆက်ခဲ့သေးသည်။ သို့နှင့်ပင် ဗိုလ်ချုပ်သည် တာဝါလိမ်းနေအိမ်မှ ၁၀နာရီခန့်တွင် သူ၏ ကားနက်ကလေး အာရ်အေ-၂၈၇၄ (RA-2874) ဖြင့် ထွက်လာခဲ့ရာ ၁၀နာရီ ၁၀မိနစ်သာသာ အချိန်တွင် အတွင်းဝန်များရုံး၏ အလယ်ဗဟို၊ လှေကားခြေရင်းသို့ အဆိုပါ ကားနက်ကလေးသည် ငြိမ့်ခနဲ ထိုးဆိုက်လိုက်သည်။

ထိုအချိန်တွင် အတွင်းဝန်များရုံး အပေါ်ထပ်၊ ဗိုလ်အောင်ကျော်လမ်းဘက်ရှိ ကာကွယ်ရေးဝန်ကြီး၏ ရုံးခန်းထဲတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအားလုံး စုံစုံညီညီ ရောက်ရှိနေကြပြီဖြစ်သည်။

ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွင်းဝန် ဦးတင်အုံးနှင့်တကွ ၀န်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော်တို့မှာ ယနေ့နံနက် ၀န်ကြီးများအစည်းအဝေးအတွက် လိုအပ်သော စာရွက်စာတမ်းများ ၊ ဖိုင်တွဲများနှင့် မှတ်တမ်းစာတွဲများကို ရှာဖွေစုဆောင်းကာ အစည်းအဝေးကျင်းပမည့် အခန်းသို့ တစ်ခုပြီးတစ်ခု ပို့ပေးရင်း ၀င်ချေထွက်ချေဖြင့် အလုပ်များနေကြသည်။

ခဏအကြာတွင် လှေကားမှ ခြေသံများကို ကြားကြရပြီး ဗိုလ်ထွန်းလှနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ရှေ့ဆင့်နောက်ဆင့် တက်လာကြသည်ကို တွေ့မြင်ကြရသည်။

ဗိုလ်ထွန်းလှသည် လှေကားပေါ်တွင် ဗိုလ်ချုပ်ရှေ့ကနေ၍ တက်လာခဲ့သည်မှာ အကြောင်းရှိသည်။

သူသည် ယနေ့မှသာမဟုတ်၊ နေ့စဉ် ဗိုလ်ချုပ်အတွင်းဝန်ရုံးသို့ လိုက်ပါလာတိုင်း ဗိုလ်ချုပ်စီးလာသော ကားပေါ်မှ သူအရင်ရှေ့ကဆင်း၍ အတွင်းဝန်ရုံးလှေကားပေါ်သို့ တက်ရာတွင်လည်း သူက ရှေ့က အမြဲတက်ခဲ့လေ့ရှိသည်။

သူသည် ဗိုလ်ချုပ်နှင့် အခြားအစည်းအဝေးများ ၊ ဧည့်ခံပွဲများနှင့် ရံဖန်ရံခါ ညနေခင်း ဟိုဟိုသည်သည် အလည်သွားရာတွင်ဖြစ်စေ၊ ယုတ်စွအဆုံးရုပ်ရှင်စသော ပွဲလမ်းသဘင်များ သွားရာလာရာတွင်ဖြစ်စေ ဗိုလ်ချုပ်၏ အပါးတော်မြဲအဖြစ် နောက်မှအမြဲတစေ လိုက်ပါနေခဲ့ရသည်။

ထိုသို့ သွားလေရာ ဗိုလ်ချုပ်နောက်မှ တကောက်ကောက် လိုက်ပါနေရသော ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အတွက် အစစအရာရာ အမြဲတစေသတိထား၍ ကာကွယ်စောင့်ရှောက်ခဲ့သည်။ အထူးသဖြင့် ဗိုလ်ချုပ်သည် ၁၉၄၆ ခုနှစ်အတွင်း ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဌအဖြစ် မြန်မာပြည်အရပ်ရပ်သို့ မီးရထား ၊ မော်တော်ကား စည်တို့ဖြင့် ကုန်းကြောင်းခရီးမှသော်လည်းကောင်း ၊ သဘောင်္ လှေ သမ္ဗာန် စသည်တို့ဖြင့် ရေကြောင်းခရီးမှ လည်းကောင်း ၊ လေယာဉ်ပျံဖြင့် လေကြောင်းခရီးမှလည်းကောင်း ၊ ခရီးအတန်တန် နေ့ရောညပါ သွားလာ၍ စည်းရုံးရေးဆင်းခဲ့သည်။ ထိုစဉ် ဗိုလ်ထွန်းလှသည် မီးရထား ၊ မော်တော်ကား ၊ သင်္ဘော၊ လေယာဉ်ပျံ စသည်တို့မှ တက်ရာ၌လည်းကောင်း၊ ဆင်းရာ၌လည်းကောင်း ဗိုလ်ချုပ်အရင်တက်၍ ဗိုလ်ချုပ်အရင် ရှေ့ကဆင်းလေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ရာအန္တရာယ် ကျရောက်လာခဲ့ပါက မိမိသာ ရှေ့က အသေခံမည်။ ဗိုလ်ချုပ်ကို လုံးဝမထိခိုက်စေရ... ဟူသော ရဲဘော်စိတ်ဖြင့် ကာကွယ်စောင့်ရှောက်လိုသောကြောင့် ဖြစ်သည်။

အထူးသဖြင့် မိမိအား တက္ကသိုလ်ကျောင်းသားဘ၀က ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်အဖြစ် လည်းကောင်း၊ ဗမာ့တပ်မတော် ရဲဘော်ဟောင်း တစ်ယောက်အနေဖြင့် လည်းကောင်း ချစ်ခင်ရင်းနှီးစွာနှင့် ယုံကြည်စိတ်ချစွာ အပါးတော်မြဲ အတွင်းဝန်တစ်ယောက်အဖြစ် အစစအရာရာ ပုံအပ်ထားခဲ့သည့် ဗိုလ်ချုပ်အတွက် အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်ဟူသော စိတ်ထားမှာ ဗိုလ်ထွန်းလှ၏ ရင်တွင်း၌ အမြဲတစေကိန်းအောင်းနေခဲ့သည်။

သို့ဖြစ်ရာ ဗိုလ်ထွန်းလှသည် ယနေ့အဖို့ရာ၌လည်း အတွင်းဝန်ရုံး လှေကားမှတစ်ဆင့် ၀န်ကြီးများ အစည်းအဝေးကျင်းပရာ ခန်းမဆောင်ထဲသို့တိုင်အောင် ဗိုလ်ချုပ်ရှေ့မှ ၀င်လာခဲ့ပြီးနောက် အစည်းအဝေးအတွက် လိုအပ်သော ဖိုင်တွဲများ၊ မှတ်စုမှတ်တမ်းများကို ဗိုလ်ချုပ်ထိုင်မည့် စားပွဲထိပ်တွင် ချထားပေးလိုက်သည်။

ထို့နောက် စားပွဲထိပ်မှ သဘာပတိထိုင်မည့် ကုလားထိုင်ကြီးကို လူတစ်ယောက်ဝင်သာအောင် နောက်သို့ အနည်းငယ်ဆွဲပေးပြီးနောက် ထိုကုလားထိုင်တွင် ဗိုလ်ချုပ်ဝင်ထိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ဗိုလ်ထွန်းလှသည် အစည်းအဝေးခန်းမမှ သူ၏ရုံးခန်းရှိရာသို့ ထွက်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်တစိုက် ကာကွယ်စောင့်ရှောက်လာခဲ့သော အပါးတော်မြဲ ဗိုလ်ထွန်းလှသည် ထိုအခိုက်တန့်ကလေးတွင် ရန်ကုန်မြို့လယ် အတွင်းဝန်များရုံး အပေါ်ထပ်ဝန်ကြီးများ အစည်းအဝေး ခန်းမတွင်း၌ မည်သို့မျှ အန္တရာယ်ဖြစ်ဖွယ်မရှိဟူသော အတွေးဖြင့် သူ့ရုံးခန်းထဲတွင် စိတ်အေးလက်အေး ရှိနေခဲ့သည်။

သို့သော် သူသည် ဗိုလ်ချုပ်အား အစည်းအဝေးခန်းမထဲတွင် ယခုတစ်ကြိမ် တွေ့မြင်ခဲ့ရခြင်းသည် အသက်ရှင်လျက် နောက်ဆုံးတွေ့ခဲ့ မြင်ခဲ့ရခြင်း ဖြစ်လိမ့်မည်ဟူ၍ ထိုစဉ်က စိုးစဉ်းမျှ မထင်မိခဲ့။

ထို့အတူ ဗိုလ်ချုပ်အဖို့ရာ၌လည်း မိမိသဘာပတိအဖြစ် ဆောင်ရွက်ကျင်းပသော ဤ၀န်ကြီးများ အစည်းအဝေးသည် နောက်ဆုံး အစည်းအဝေးဖြစ်သည်ဟူ၍ လုံးဝရိပ်စားမိရှာခြင်း မရှိခဲ့။ ဗိုလ်ချုပ်သာလျှင် မဟုတ် အစိုးရအဖွဲ့ဝင် အခြားဝန်ကြီးများသည်လည်း ဤအချက်ကို အလျဉ်းမစဉ်းစားမိခဲ့ကြ။

ဝန်ကြီးများအစည်းအဝေးကား စတင်ကျင်းပနေလေပြီ။

အပြင်ဘက်တွင်မူ ရန်ကုန်မိုးသည် ခပ်ဖွဲဖွဲကလေး ရွာနေဆဲတွင်ပင် ဖြစ်သည်။ ထိုအခိုက် မိုးထဲရေထဲတွင် ဂျစ်ကားတစ်စီးသည် မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း)အတိုင်း ပန်းဆိုးတန်းထိပ် နာရီစင်ကိုဖြတ်၍ အနောက်မှအရှေ့သို့ မောင်းနှင်လာပြီးနော် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း)သို့ ရောက်သောအခါ ညာဘက်သို့ ချိုးလိုက်သည်။

ကားပေါ်တွင် မောင်းသူအပါအ၀င် လူ ၅ ယောက် လိုက်ပါလာသည်ကို တွေ့ရသည်။ ကားမောင်းသူမှာ ရှပ်အကျီလက်တိုအဖြူ ၊ စစ်ဘောင်းဘီရှည် အစိမ်းရင့်ရောင်ကို ၀တ်ဆင်ထား၍ ကျန် ၄ ယောက်စလုံးမှာမူ အစိမ်းရင့်ရောင် ယူနီဖောင်းများဖြင့် ဖြစ်ကြသည်။

ဂျစ်ကားကလေးသည် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ထဲသို့ ချိုးဝင်လာခဲ့ရာမှ တစ်ဖန် ဖရေဇာလမ်း (ယခု အနော်ရထာလမ်း)ကို ဖြတ်ကျော်လာခဲ့သည်။

ထို့နောက် အတွင်းဝန်ရုံး တောင်ဘက်ဂိတ်ဝသို့ ရောက်လာသည်တွင် စက်အရှိန်ကိုလျှော့ကာ အတွင်းဝန်များ ရုံးဝင်အတွင်းသို့ဝင်ရန် ကားစက်ခေါင်းကို ဘယ်ဘက်သို့ဦးတည်လိုက်သည်။

ထိုအချိန်မှာ ရုံးတက်စအချိန် ၁၀နာရီခွဲခန့်သာ ရှိသေးသည်ဖြစ်ရာ အတွင်းဝန်များရုံး တောင်ဘက်ဂိတ်ဝတွင် အရာရှိကြီးငယ်တို့ ကားကြီး ကားငယ်များ ရှေ့ဆင့်နောက်ဆင့် ၀င်နေကြသဖြင့် ဂျစ်ကားကလေးသည် ဂိတ်ဝတွင် ခေတ္တမျှ ရပ်စောင့်နေရသည်။

ခဏအကြာတွင် မိမိရှေ့မှ ကားများ တစ်စီးပြီးတစ်ပြီး ၀င်သွားကြသဖြင့် ဂျစ်ကားကလေးသည်လည်း ဘီးကို ခပ်ဖြည်းဖြည်းလှိမ့်ကာ အတွင်းဝန်များရုံးသို့ ၀င်လာခဲ့သည်။

ဂျစ်ကားကလေးသည် အတွင်းဝန်များ ရုံးဝင်းအတွင်း တစ်နေရာသို့အရောက်တွင် စက်မရပ်ဘဲ အရှိန်သတ်လိုက်ရာမှ လူ ၄ ယောက်သည် ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလာကြသည်ကို တွေ့ရသည်။

သူတို့၎ယောက်စလုံးသည် အစိမ်းရင့်ရင့် စစ်ယူနီဖောင်းများ ၀တ်ဆင်ထားကြ၍ ပခုံးတွင်လည်း ၁၂ နံပါတ် စစ်တပ် (XII Army) တံဆိပ်တပ်ဆင်ထားကြသည်။ သို့ရာတွင် သူတို့စီးလာကြသော ဖိနပ်များမှာ ကင်းဗတ်ဖိနပ်ရှည် (Canvas Shoes) များ ဖြစ်နေကြသည်။

သူတို့၎ယောက်အနက် ၃ ယောက်မှာ တော်မီသေနတ် (Tomy Gun) များ ကိုင်ထားကြပြီး ကျန်တစ်ယောက်၏ လက်ထဲတွင်မူ စတင်းသေနတ် ( Sterm Gun) တစ်လက်ကို တွေ့ရသည်။

ဂျစ်ကားကလေးသည် သူတို့ ၄ ယောက်ကို ချထားခဲ့ပြီး ထိုနေရာတွင် မရပ်ဘဲ ဆက်လက်၍ မောင်းလာခဲ့ရာ တစ်ယောက်က ကားမောင်းသူအား “ကားကို စက်မရပ်ထားနဲ့” ဟူ၍ လှမ်းပြောလိုက်သည်။

လက်နက်ကိုင် ယူနီဖောင်းဝတ်များ အတွင်းဝန်များရုံး အပေါ်ထပ်သို့ ပြေးတက်သွားကြသော အချိန်တွင် ဂျစ်ကားကလေးသည် ရုံးဝင်းအတွင်းတစ်နေရာ၌ ရပ်စောင့်နေသည်ကို တွေ့ရသည်။ ကားရပ်ထားသော်လည်း စက်သံကိုမူ ခပ်အုပ်အုပ်ကလေး ကြားနေရဆဲပင် ဖြစ်သည်။

မကြာမီ အတွင်းဝန်များရုံး ၀န်ကြီးများ အစည်းအဝေးခန်းမဆီမှ “ ဒိုင်း .. ဒိုင်း . ဒိုင်း … ဒက် … ဒက်” ဟူသော သေနတ်သံများ ဆက်ကာဆက်ကာ ရှေ့ဆင့်နောက်ဆင့် ကြားလိုက်ရသည်။

အပါးတော်မြဲ ဗိုလ်ထွန်းလှသည် သေနတ်သံများကို ကြားလျှင်ကြားချင် ၀န်ကြီးများ အစည်းအဝေးခန်းမဆီမှ ဖြစ်ကြောင်း သိလိုက်ရသည်နှင့် “၀န်ကြီးတွေတော့ အပစ်ခံရပြီ”ဟု ချက်ချင်းတွေးမိကာ သူ့ရုံးခန်းထဲမှ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။

သူနှင့်အတူရှိသော ဗိုလ်သန်းဝင်းမှာလည်း အခန်းအပြင်ဘက်သို့ ၀ုန်းခနဲ ပြေးထွက်လာခဲ့သည်။

ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်တို့ အစည်းအဝေး ကျင်းပနေကြသော အခန်းဝသို့ရောက်လျှင် ရောက်ချင်း “ဆင်နားရွက်” တံခါးလေးကို ကမန်းကတန်းတွန်း၍ အတွင်းသို့ ကြည့်လိုက်မိသည်။

ခပ်စောစောက မောင်းပြန်သေနတ်သံများဖြင့် ဆူညံသွားခဲ့သော အခန်းကြီးမှာ ယခုအခါ တစ်ခန်းလုံး ဘာသံမှ မကြားရတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေလျက် ယမ်းငွေ့ယမ်းနံ့များဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။

ထိုသို့ ယမ်းငွေ့တလူလူ ဖြစ်နေဆဲပင် ရှိသေးသော ခန်းမကြီးထဲတွင် မြင်လိုက်ရသော မြင်ကွင်းကား ဗိုလ်ထွန်းလှအဖို့ သူ့တစ်သက်တာတွင် ဘယ်သောအခါမှ မေ့ရက်စရာမရှိသော မြင်ကွင်းပင်ဖြစ်သည်။

အစည်းအဝေးစားပွဲကြီး၏ တစ်ဖက်တစ်ချက်တွင် ၀န်ကြီးများဖြစ်ကြသော ဒီးဒုတ်ဦးဘချို ၊ သခင်မြ ၊ ဆရာကြီး ဦးရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင်နှင့် မိုင်းပွန်စော်ဘွားကြီးတို့မှာ ကြမ်းပြင်ပေါ်တွင် မကြည့်ရက် ၊ မမြင်ရက်စရာ သွေးသံရဲရဲဖြင့် အတုံးအရုံး လဲကျနေကြလေပြီ။ ပွိုင့် ၄၅ ( .၄၅ ) နှင့် ပွိုင့် ( .၃၅ ) အမျိုးအစား သေနတ်ကျည်ဆံအခွံများမှာလည်း တစ်ခန်းလုံး ကြမ်းပြင်အနှံ့ ပြန့်ကျဲနေတော့သည်။

လျှပ်တစ်ပြက်အတွင်း အိပ်မက်ပမာ ယုံနိုင်ဖွယ်ရှာမရှိဘဲ ကြေကွဲနာကြည်းစရာ ကောင်းသည်နှင့်အမျှ တုန်လှုပ်ချောက်ချားစရာ ကောင်းလှသည့် အနိဌာရုံ မြင်ကွင်းကြီးကို ရုတ်တရက်မြင်လိုက်တွေ့လိုက်ရသော ဗိုလ်ထွန်းလှမှာ ခေါင်းထဲတွင် မိုက်ခနဲဖြစ်ကာ မှင်သက်မိသွားသည်။

ထိုအခိုက် ရုတ်တရက် အသက်မသေသေးဘဲ ရှိနေရှာသေးသော မိုင်းပွန်စော်ဘွားကြီး စောစံထွန်းသည် လဲကျနေရာမှ မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းဖြင့် ဒယိမ်းဒယိုင်ထ၍ ဗိုလ်ထွန်းလှဆီသို့ ကယောင်ကတမ်း လျှောက်လာရာမှ ဗိုလ်ထွန်းလှသည် စောစံထွန်းအား ပြန်၍လဲကျမသွားစေရန် အတင်းပင် အထိုင်ခိုင်းရတော့သည်။

ထို့နောက် သူချစ်ကြည်လေးစားလှသော ဗိုလ်ချုပ်လဲကျနေသော နေရာသို့ အပြေးအလွှား သွားကြည့် လိုက်သည်။

ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာ စားပွဲထိပ်တွင် သူထိုင်သော ကုလားထိုင်ကြီးနှင့်အတူ ပက်လက်လန် လဲကျနေရှာပေပြီ။ သေနတ်ဒဏ်ရာ ၁၃ ချက်ခန့်ဖြင့် ရင်အုံမှထွက်လာသော သွေးများသည် သနပ်ခါးရောင် ပိုးတိုက်ပုံတွင် ရဲရဲနီနေသည်။

ဗိုလ်ထွန်းလှသည် ဒရောသောပါးဖြင့် ဗိုလ်ချုပ်ကိုပွေ့ကာ ကမန်းကတန်း ကိုယ်ကိုစမ်းကြည့်လိုက်သည်။

လုံးဝ သွေးမတိုးတော့ ။ လုံးဝ အသက်မရှိတော့။

ဗိုလ်ချုပ်ကား ကျဆုံးခဲ့လေပြီ။

လွန်ခဲ့သော အင်္ဂါနေ့နံနက်က “အီးစီကို စနေနေ့မနက် ပြောင်းလုပ်လိုက်ပါကွာ”ဟူ၍ ညွှန်ကြားပြောဆိုခဲ့သော ဗိုလ်ချုပ်သည် ထိုစနေဖြစ်သော ဇူလိုင်လ ၁၉ ရက် ၊ နံနက် ၁၀နာရီ ၃၇မိနစ်တိတိ အချိန်မှာပင် မသာမာသူ လူသတ်သမားတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရပေပြီ။

ထိုစနေကား ဂြိုလ်မွှေသော စနေတည်း။

----------------------------------------

လင်းယုန်မောင်မောင်၏ သွေးစွန်းသောနေ့ရက်များ စာအုပ်မှ ကောက်နှုတ် ဖော်ပြထားခြင်းဖြစ်ပါတယ်။
အဲဒီစာအုပ်မှာ ဂန္ဓီ၊ လင်ကွန်း၊ ကနေဒီ တို့ လုပ်ကြံခံရမှုများလည်း ဖော်ပြထားပါသေးတယ်။

Tuesday, July 15, 2008

About Red Cross Emblem- 3

ကြက်ခြေနီအမှတ်အသားကို တလွဲသုံးစွဲတယ်ဆိုတာ ဘာလဲ...

ဥပဒေအရဆိုလိုထားတာက
  • ဂျီနီဗာအများသဘောတူညီချက်များနဲ့ နောက်ဆက်တွဲစာချုပ်တွေ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေအရ ခွင့်မပြုထားတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေက အသုံးပြုခြင်း
    (ဥပမာ... အခကြေးငွေယူတဲ့ ဆေးကုခန်းတွေ)
  • ဥပဒေအရ ခွင့်ပြုထားတဲ့အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေက မလျော်ကန်တဲ့နည်းလမ်းတွေနဲ့ အသုံးပြုခြင်း (ဥပမာ... ကြက်ခြေနီတံဆိပ် တပ်ထားတဲ့ကားနဲ့ သင်္ကြန်ရေပက်ခံထွက်တာမျိုး)
  • ကြက်ခြေနီအမှတ်အသားနဲ့ ဆင်တူတဲ့ လက္ခဏာအမှတ်အသားများကို အသုံးပြုခြင်း

  • စစ်ဆင်ရေးတွင် ရန်သူရဲ့ ယုံကြည်မှုကို အလွဲသုံးစားပြုပြီး ကြက်ခြေနီအမှတ်အသားကို လိမ်လည်လှည့်ဖြားတဲ့ နည်းလမ်းနဲ့ သစ္စာမဲ့စွာအသုံးပြုခြင်း

ဘာကြောင့် ကြက်ခြေနီအမှတ်အသားကို လေးစားသင့်တာလဲ။ ဘာကြောင့် တရားဝင် သုံးစွဲခွင့်ရှိသူတွေပဲ စည်းစနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုသင့်တာလဲ။

ကြက်ခြေနီအမှတ်အသားကို တလွဲအသုံးပြုတာတွေ လိမ်လည်လှည့်ဖြားပြီး အလွဲသုံးစား ပြုတာတွေကြောင့် ကြက်ခြေနီအမှတ်အသားက ပေးတဲ့ အကာအကွယ် ထိရောက်မှုကို ယုတ်လျော့စေပါတယ်။ စစ်ဘေးသင့်နေတဲ့ လူတွေအတွက် အလွန်ကို လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုကို အခြေခံတဲ့ အကူအညီပေးတဲ့ လုပ်ငန်းတွေကို ထိခိုက် ပျက်စီးစေနိုင်ပါတယ်။

ကြက်ခြေနီလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းများအပေါ်မှာ အများယုံကြည်လက်ခံနိုင်မှုနဲ့ အခြေခံမူ ၇ ချက်ရဲ့ အနှစ်သာရတွေကိုလည်း ထိခိုက်စေတဲ့အတွက် ကမ္ဘာပေါ်မှာ လူမှုကရုဏာလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အအောင်မြင်ဆုံး လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ကြက်ခြေနီလှုပ်ရှားမှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါမယ်။ အဲဒါတွေ အပြင် လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ကာလတွေမှာ တပ်မတော် ဆေးဝန်ထမ်းတွေ၊ ကြက်ခြေနီ လခြမ်းနီ အဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ဘေးဒုက္ခသည်တွေရဲ့ လုံခြုံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကြက်ခြေနီအမှတ်အသားကို တလွဲအသုံးပြုခြင်းကို အထူး ရှောင်ကြဉ်သင့်ပါတယ်။

သင့်ကြောင့် ဘေးဒုက္ခသည်များ၏ လုံခြုံရေးကို မထိခိုက်ပါစေနှင့်...

Monday, July 14, 2008

About Red Cross Emblem- 2

ကြက်ခြေနီအမှတ်အသားက ဘယ်လို အဓိပ္ပါယ်တွေ ပါဝင်နေလဲ...
ဂျီနီဗာအများသဘောတူညီချက်ကို အတည်ပြု ပြဌာန်းပြီးတဲ့ နောက်မှာ ကြက်ခြေနီအမှတ်အသားတွေကို တစ်ကမ္ဘာလုံးက သိရှိလာကြပါတယ်။ စစ်မက်ဖြစ်ပွါးတဲ့ ကာလအတောအတွင်းမှာ အကာအကွယ်ပေးသင့်တဲ့ ဆေးတပ်ဖွဲ့တွေ၊ သာသနာ့ဝန်ထမ်း ဘုန်းတော်ကြီးတွေ၊ တရားဟောဆရာတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေကို အကာအကွယ်ပေးတဲ့ ကြားနေအမှတ်အသားအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြပါတယ်။ သူတို့တွေဟာ စစ်မြေပြင်မှာ ဒဏ်ရာရသွားတဲ့ စစ်သည်တွေ... နာမကျန်းဖြစ်နေတဲ့ စစ်သည်တွေ... စစ်ဘေးဒဏ်ခံရသူတွေ ဆင်းရဲဒုက္ခ နည်းပါး သက်သာစေဖို့ ကူညီပေးမယ့်သူတွေပါ။ အဲဒီလို ကူညီပေးမယ့်သူတွေကို စစ်ရေးအရ တိုက်ခိုက်တာတွေ မဖြစ်သင့်ပါဘူး။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေနဲ့ အတိအလင်း အကာအကွယ်ပေးထားတာပါ။

စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ လူအားလုံးက ကယ်ဆယ်ရေးလုပ်နေတဲ့ ကြက်ခြေနီအဖွဲ့ဝင်တွေ အပေါ်မှာ ဆင်ဆင်ခြင်ခြင် ပြုမူဖို့... လေးလေးစားစား ဆက်ဆံဖို့စတဲ့ အဓိပ္ပါယ်တွေ ကြက်ခြေနီအမှတ်အသားမှာ ပါဝင်နေပါတယ်။ ကြက်ခြေနီအမှတ်အသားကို နည်းလမ်းတကျ အသုံးပြုဖို့... တလွဲသုံးစွဲတာတွေ မှားယွင်းစွာ အသုံးပြုတာတွေကို အရေးယူ တားမြစ်ပေးဖို့ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ နိုင်ငံတော် ဥပဒေတွေမှာ ပြဌာန်းပေးထားပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွေ၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွါးနေတဲ့ ကာလအတွင်းမှာ လူမှုကရုဏာလုပ်ငန်းတွေ... ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြက်ခြေနီအခြေခံမူ ၇ ချက်နဲ့ အညီလုပ်ဆောင်နေတဲ့ ကြက်ခြေနီလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူအားလုံးက ကြက်ခြေနီအမှတ်အသားကို အသုံးပြုနိုင်ကြပါတယ်။

ဒါဆို ကြက်ခြေနီအမှတ်အသားကို ဘယ်သူတွေကို သုံးခွင့်ပေးထားသလဲ။
  • တပ်မတော် ဆေးဘက်ဆိုင်ရာတပ်ဖွဲ့တွေ၊ ဆေးတပ်ဖွဲ့ဝင်တွေ၊ ဆေးတပ်စခန်းဌာနတွေ၊ ရဟတ်ယာဉ်၊ မော်တော်ယာဉ်တွေ...
  • အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ
  • အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း
  • အမျိုးသားကြက်ခြေနီအသင်းများ

  • အမျိုးသားကြက်ခြေနီအသင်းက အသိအမှတ်ပြုထားပြီး ဆေးကုသခ မယူသည့် ရှေးဦးပြုစုပေးသည့် စခန်းများ

Saturday, July 12, 2008

About Red Cross Emblem- 1

အတော်များများတော့ ကြက်ခြေနီ အမှတ်အသားကို မြင်ဖူးကြမှာပါ။ မြန်မာနိုင်ငံမှာတော့ ကြက်ခြေနီရဲဘော် ရဲမေတွေ အတော်လေးကို ပေါများပါတယ်။ စေတနာ့ဝန်ထမ်း ၀ါသနာပါလို့ လုပ်တဲ့လူရှိသလို ၁၀၉ ၁၁၀ ဝေလေလေတွေလည်း ရှိပါတယ်။ နိုင်ငံရေးအသွေးအရောင် တစ်ခုမှ မပါတဲ့ ဘက်မလိုက် အဖွဲ့ကြီးဟာ မြန်မာပြည်မှာတော့ အစိုးရလက်အောက်ခံ Semi-NGO လူမှုရေးအဖွဲ့အစည်းအဖြစ် တည်ရှိနေရပါတယ်။ တကယ်ဆို ကြက်ခြေနီဆိုတာ အလွန်မွန်မြတ်တဲ့ လူမှုကရုဏာအသင်းကြီးပါ။ ဖြူဖြူလွင်လွင် အောက်ခံပေါ်မှာ အနီရောင် ကြက်ခြေတံဆိပ်ကြီးက အတော်လေးကို ကြည့်လို့ရှုလို့ကောင်းပါတယ်။ ဒါပေမယ့် ကြက်ခြေနီ အမှတ်အသားရဲ့ အဓိပ္ပါယ်၊ အသုံးပြုပုံတွေ၊ အလွဲသုံးစားပြုမှုတွေကို သိတဲ့သူရှိသလို မသိသေးတဲ့သူလည်း ရှိကြမှာပါ။ ဒါကြောင့် ကြက်ခြေနီအမှတ်အသားနဲ့ ပါတ်သတ်ပြီး သိသင့်သိထိုက်တာတွေကို အနည်းငယ် ပြောပြချင်ပါတယ်။

ကြက်ခြေနီအမှတ်အသား ဆိုသည်မှာ အဘယ်နည်း...
ကြက်ခြေနီအမှတ်အသားဆိုတာ ဘေးအန္တရာယ် ကျရောက်ချိန်မှာ... စစ်မက်ဖြစ်ပွါးချိန်မှာ... ကြက်ခြေနီ လှုပ်ရှားမှုမှာ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)နဲ့ အမျိုးသား ကြက်ခြေနီအသင်းတွေက လူပုဂ္ဂိုလ်တွေနဲ့ တပ်မတော် ဆေးဝန်ထမ်းများက လူမှုကရုဏာလုပ်ငန်းတွေမှာ... အသုံးပြုတဲ့ အမှတ်အသားကို ဆိုလိုတာပါ။ ဒါပေမယ့် ကြက်ခြေနီအမှတ်အသားဟာ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေရဲ့ အမှတ်အသား မဟုတ်ပါဘူး။ ကြက်ခြေနီ အမှတ်အသားကို ဘယ်သူတွေက ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုရမယ်..... ဆိုတာကို အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတော်ဥပဒေတွေမှာ ပြဌာန်းပေးလေ့ရှိပါတယ်။
ကြက်ခြေနီအမှတ်အသားကို အသုံးပြုဖို့အတွက် ၁၈၆၄ ခုနှစ် ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ပထမအကြိမ် သံတမန်များဆိုင်ရာ ညီလာခံက သတ်မှတ်ပေးခဲ့ပါတယ်။ ဘာကြောင့် ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ခဲ့ကြတာလဲ...

ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မီတီနဲ့ တပ်မတော် ဆေးဝန်ထမ်းတွေ ဆိုတာကို သိရှိစေဖို့နဲ့ အဲဒီ အမှတ်အသားသုံးစွဲသူတွေကို အကာအကွယ်ပေးဖို့အတွက် ကြက်ခြေနီအမှတ်အသားကို ကြားနေ အမှတ်အသားအဖြစ် ညီလာခံက သတ်မှတ်ပေးခဲ့ပါတယ်။ ဒဏ်ရာရ စစ်သည်တွေနဲ့ ဘေးဒုက္ခခံရသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုအပ်တဲ့ အကူအညီတွေ သွားရောက်ပေးနိုင်ဖို့အတွက် အခုလို ပြဌာန်းခဲ့တာပါ။

ဆွစ်ဇလန်နိုင်ငံအလံကို အရောင် ပြောင်းပြန်လုပ်ပြီး အဖြူရောင် နောက်ခံမှာ အနီရောင် ကြက်ခြေနီကို ကြက်ခြေနီ အမှတ်အသား အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အမျိုးသားကယ်ဆယ်ရေး အသင်းများ (အခုတော့ အမျိုးသား ကြက်ခြေနီအသင်းများ လခြမ်းနီအသင်းများ) ထူထောင်ရေးနဲ့ ပထမအကြိမ် ဂျီနီဗာညီလာခံ ကျင်းပေးရေးမှာ အဓိကအခန်းကနေ ပါဝင်ခဲ့တဲ့ ဆွစ်ဇလန်နိုင်ငံကို ဂုဏ်ပြုခဲ့တာပေါ့ဗျာ။ ကြက်ခြေနီ ဖခင်ကြီး ဟင်နရီဒူးနန့်ကလည်း ဆွစ်ဇာလန်နိုင်ငံသားပဲလေ။

အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေရဲ့အခြေခံဖြစ်တဲ့ ၁၉၄၉ ဂျီနီဗာ အများသဘောတူညီချက်အရ အဲဒီအမှတ်အသားကိုပဲ ဆက်လက်အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြပြီး နောက်ထပ် အမှတ်အသားများဖြစ်တဲ့ အဖြူရောင် နောက်ခံပါ လခြမ်းနီ၊ ခြင်္သေ့နီနဲ့ နေ၀န်းနီ အမှတ်အသားတို့ကိုလည်း အသိအမှတ် ပြုခဲ့ပါတယ်။ ဒါပေမယ့် ခြင်္သေ့နီတို့ နေ၀န်းနီတို့က အသုံးပြုမှု အတော်လေး နည်းပါးပါတယ်။ အခုနောက်ပိုင်းမှာ Red Crystal ဆိုပြီး နောက်တစ်ခု ထပ်ပေါ်လာပါတယ် ခင်ဗျာ။

Friday, July 11, 2008

Is it Ignorance?

မနက် စောစောစီးစီး... စိတ်ထဲက ဖရုဿဝါစာတွေ ရွတ်နေမိတယ်။
သောက်ချိုးမပြေတဲ့ သောက်တရုတ်မ... ဗျိုင်းခြေထောက်နဲ့ ပိန်နာရိုးမ... စင်္ကာပူဖင်ပြားမ... စုံပလုံစိအောင် ဖင်ပြန်ခေါင်းပြန် ရွတ်နေမိတယ်။

ဟာ... ဘယ်လို ဖြစ်တာလဲ... ဘာဖြစ်လို့ စကားကြမ်းကြမ်းကြီးတွေ ပြောနေရသလဲ... မေးကြတော့မယ့် သူတွေအတွက် တစ်ခါတည်း အဖြေပေးပါမယ်။ အဖြေက မသိကျိုးကျွံပြုနေလို့ လျှစ်လျူရှုနေလို့ပါပဲ။

စင်္ကာပူက Bus Interchange တွေမှာ Bus ကားစောင့်ရင် ကိုယ့်စီးမယ့် ကားနံပါတ်အလိုက် တန်းစီ စောင့်ရပါတယ်။ အဲဒီလို ကားစောင့်ဖို့ တန်းစီတဲ့အခါ အချိန်အတန်ကြာ ရပ်စောင့်နေခဲ့ရရင် အဆင်ပြေဖို့ နောက်မှီတန်းလေးတွေ ထားပေးထားပါတယ်။ ကျကျနန ထိုင်လို့ မရပေမယ့် တင်ပါးလွဲထိုင်... မှီထိုင်လို့ ရပါတယ်။ မတ်တပ်ရပ်ပြီး စောင့်နေရတာထက်စာရင် အများကြီးကို သက်တောင့်သက်သာ ရှိပါတယ်။

ဒီမနက်ပေါ့ဗျာ... ကားတန်းစီတဲ့နေရာမှာ လူတွေက အတန်းလိုက်ကြီး မနည်းမနှောပဲ။ အရင်ရက်တွေက အဲဒီလောက်ထိ လူမများပါဘူး။ ဘာဖြစ်နေလို့လဲ ဆိုတာကို သိချင်တာနဲ့ နောက်မှီတန်းရဲ့ ထိပ်ဆုံးပိုင်းကို လှမ်းကြည့်လိုက်တော့ ရည်ရည်မွန်မွန် တရုတ်တစ်ယောက် ထိုင်နေတယ်။ အဲဒီ တရုတ်နဲ့ ဟို ပိန်နာရိုးမ ကြားမှာ ၈ ပေလောက် ခြားနေတယ်။ မရွှေချောက ရှေ့တိုး မထိုင်ပဲ ကြားထဲမှာ နေရာလွတ်ကို ၈ ပေလောက် ခြားထားတော့ ကျန်တဲ့လူတွေက သူ့ဘေးမှာ ကပ်ထိုင်ကြပေမယ့် နေရာတွေ ပုတ်ကုန်တယ်လေ။ အဲဒီတော့ နောက်မှီတန်း နေရာမကျန်တော့တဲ့ လူတွေက မတ်တပ်ရပ်ပြီး ကားစောင့်ပေတော့ပဲ။

အဲဒါများဗျာ... ဘာဖြစ်တာ မှတ်လို့လဲဗျာ ဆိုပြီး အပြစ်တင် မစောပါနဲ့အုံး။ နောက်မှီစရာတန်းနဲ့ ကပ်လျှက်မှာ မတ်တပ်ရပ်စောင့်နေရတဲ့ မလေးအဖိုးကြီး မလေးအဘွားကြီးစုံတွဲရယ်... တရုတ်အဖိုးကြီး တစ်ယောက်ကို တွေ့ရပါတယ်။ သူတို့ အသက်တွေက အတော်ကြီးပါပြီ။ သူတို့လို အသက်အရွယ်ကြီးသူတွေ အနေနဲ့ အကြာကြီး မတ်တပ်ရပ်စောင့်ရတာထက် မှီစရာလေးတစ်ခုမှာ မှီပြီး ကားစောင့်ရတာ ပိုအဆင်ပြေမှာပါ။ သူ အခုလို ထိုင်လိုက်တဲ့အတွက် လူ ၃ ယောက် ၄ ယောက်စာ ထိုင်ဖို့ နေရာပုတ်ကုန်ပါတယ်။ အဲဒီ ၃ ယောက်စာဟာ မတ်တပ်ရပ်နေရတဲ့ သက်ကြီးရွယ်အို ၃ ဦးအတွက် လုံလောက်တဲ့ နေရာပါ။ ဒါပေမယ့် အဲဒါကို မြင်နေရတဲ့ မရွှေချောက အရှေ့ကို နေရာရွှေ့ဖို့ မပြောနဲ့ ဖင်လေးတောင် မကြွပါဘူး။ မသိသလိုလေး ဆက်ထိုင်နေပါတယ်။ Bus ကားလာမှပဲ ရွှေဖင်တော်ကို ကြွတော်မူရှာတယ်။ နောက်မှာစောင့်နေတဲ့ လူတန်းကြီးကိုမှ အားမနာ... ဆင်မယဉ်သာ ခြေလှမ်းလေးနဲ့ တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်းနေပုံလေးက ကျွန်တော့် မုဒိတာတွေကို အားဖြည့်ပေးနေသလိုလို...

သြော်... သူ့အတွက်လည်း အကျိုးယုတ်မှာလဲ မဟုတ်ပဲနဲ့ ဒီလောက်လေးတောင် မလုပ်ပေးပဲ နေနိုင်တဲ့ မသိကျိုးကျွံပြုမှုကို ကျွန်တော် စိတ်ထဲကနေ အားရပါးရ ပယ်ပယ်နယ်နယ် ကောင်းချီးပေးပါတော့တယ်။ တရုတ်မရေ... ညည်းလည်း ဒီအသက်ဒီအရွယ် ရောက်တဲ့အခါမှာ... ဒီလိုတုန်ချိချိဘ၀မှာ... Bus ကားမစီးပဲ ကိုယ်ပိုင်ကား စီးနိုင်ပါစေပေါ့။ အင်း... ဒီလိုမဟုတ်ပဲ Bus ကားပဲ စီးနေရမယ်ဆိုရင်တော့ ညည်း ဖင်ပြားကြီး မှီစရာမရှိတဲ့ ဘ၀မျိုးမှာ ၀ဋ်မလိုက်ပါစေနဲ့လို့ပဲ ပြောလိုက်ချင်ပါတယ်။

လူမှုရေးနားမလည်... အတ္တကိုယ်ကျိုးပဲ ကြည့်... မသိကျိုးကျွံပြုတတ်တဲ့ လူဆိုတာ နိုင်ငံဒေသ လူမျိုးဘာသာ ပညာအရည်အချင်း ဓနဥစ္စာနဲ့ မဆိုင်ဘူး... လူတစ်ဦးချင်းနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အသိကို ကျွန်တော့်ခေါင်းထဲ နက်နက်ရှိုင်းရှိုင်း ထပ်မံ ၀င်ရောက်စေခဲ့တဲ့ ကာရံမဲ့ နံနက်ခင်းလေး တစ်ခုပေါ့ဗျာ။

ကဲ နောက်တစ်ခေါက်...
သောက်ချိုးမပြေတဲ့ သောက်တရုတ်မ... ဗျိုင်းခြေထောက်နဲ့ ပိန်နာရိုးမ... စင်္ကာပူဖင်ပြားမ...
ပြောချင်လို့သာ ပြောတာ... သူက အတော်လေးတော့ ချောတယ်ဗျ။ အဟက်...

Wednesday, July 9, 2008

Singapore's Law and You

MOM ကနေ အလကား ရထားတဲ့ Working in Singapore - A Guide for Foreign Workers ဆိုတဲ့ စာအုပ်လေးထဲမှာ ရေးသားဖော်ပြထားတဲ့ အချက်တွေထဲက စင်္ကာပူနိုင်ငံရဲ့ဥပဒေနဲ့ ပါတ်သတ်တာလေးကို စင်္ကာပူမှာ အလုပ်လာလုပ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာပြည်က သူငယ်ချင်းများ... စာရှုသူများ ဗဟုသုတအနေနဲ့ ကြိုတင် သိရှိစေဖို့အတွက် တဆင့်ပြန်လည် ကူးယူဖော်ပြချင်ပါတယ်။

စင်္ကာပူမှာ ပြဌာန်းထားတဲ့ ဥပဒေတွေဟာ စင်္ကာပူနိုင်ငံသားများ၊ အခြေချနေထိုင်ခွင့် ပါမစ်ရရှိထားသူများနဲ့ စင်္ကာပူကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားများ အားလုံးတို့နဲ့ သက်ဆိုင်ပါတယ်။ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ သူများအနေနဲ့ ပြဌာန်းထားတဲ့ ဥပဒေများကို လိုက်နာရန် လိုအပ်ပါတယ်။ လိုက်နာခြင်းမရှိရင် ပြစ်ဒဏ်တွေ ကျခံကြရမှာပါ။

ဥပဒေ ချိုးဖောက်မှုများတွက် ပြဌာန်းထားတဲ့ ပြစ်ဒဏ်များကို ရေးပြချင်ပါတယ်။

အရက်သေစာသောက်စား မူးယစ်ရမ်းကားခြင်း
  • ထောင်ဒဏ်တစ်လအထိ သို့မဟုတ် ငွေဒဏ် စင်္ကာပူဒေါ်လာ တစ်ထောင်အထိ။
လိမ်လည်ထွက်ဆို တိုင်ကြားခြင်း
  • ထောင်ဒဏ်ခြောက်လအထိ သို့မဟုတ် ငွေဒဏ် စင်္ကာပူဒေါ်လာ တစ်ထောင်အထိ သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး။
အိမ်ဖောက်ထွင်းခြင်း
  • ထောင်ဒဏ်နှစ်နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံး။
  • ညအချိန်တွင် ပြစ်မှုကျူးလွန်လျှင် ထောင်ဒဏ် သုံးနှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံး။
ခိုးယူခြင်း (အလစ်သုတ်ခြင်းနှင့် ခိုးယူခြင်း)
  • ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံး။
ခွင့်ပြုကာလထက် ကျော်လွန်နေထိုင်ခြင်း
  • ထောင်ဒဏ်ခြောက်လအထိ သို့မဟုတ် ငွေဒဏ် စင်္ကာပူဒေါ်လာ လေးထောင်အထိ သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံး။
ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်း
  • ထောင်ဒဏ် နှစ်နှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံး။
  • ထောင်ဒဏ် ခုနစ်နှစ်အထိ (သို့မဟုတ် ထို့ထက်ပိုသော ထောင်ဒဏ်) သို့မဟုတ် ငွေဒဏ် သို့မဟုတ် လူသေဆုံးခဲ့လျှင်၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့လျှင်၊ ပိုင်ဆိုင်မှုကို မီးရှို့ဖျက်ဆီးခဲ့လျှင် ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံး။
ထိခိုက်နာကျင်စေခြင်း
  • ထောင်ဒဏ်တစ်နှစ်အထိ သို့မဟုတ် ငွေဒဏ် စင်္ကာပူဒေါ်လာ တစ်ထောင်အထိ သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံး။
  • အပြင်းအထန် ထိခိုက်နာကျင်စေလျှင် ထောင်ဒဏ် ခုနစ်နှစ်အထိနှင့် ငွေဒဏ် သို့မဟုတ် ကြိမ်ဒဏ်။
အထိကရုဏ်းဖြစ်အောင်ပြုလုပ်ခြင်း
  • ကြိမ်ဒဏ်နှင့် ထောင်ဒဏ်ငါးနှစ်အထိ။
  • လက်နက်များ အသုံးပြုခဲ့လျှင် ကြိမ်ဒဏ်နှင့် ထောင်ဒဏ် ခုနစ်နှစ်အထိ။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခြင်း
  • ထောင်ဒဏ်နှစ်နှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံး။
  • စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်မှုဖြစ်စေခဲ့လျှင် ထောင်ဒဏ်နှစ်နှစ်မှ ဆယ်နှစ်အထိနှင့် ကြိမ်ဒဏ်။
  • ပြစ်မှုကျူးလွန်ခြင်းခံရသူသည် အသက် တစ်ဆယ့်လေးနှစ်အောက် ငယ်ရွယ်သူဖြစ်လျှင် သို့မဟုတ် ဓါတ်လှေကားအတွင်းတွင် ပြစ်မှုကျူးလွန်ခဲ့လျှင် ထောင်ဒဏ်သုံးနှစ်မှ ဆယ်နှစ်အထိနှင့် ကြိမ်ဒဏ်။
ဓါးပြတိုက်ခြင်း
  • ထောင်ဒဏ်နှစ်နှစ်မှ ဆယ်နှစ်အထိနှင့် ကြိမ်ဒဏ် အနည်းဆုံး ခြောက်ချက်။
  • ညအချိန်တွင် ကျူးလွန်ခဲ့လျှင် ထောင်ဒဏ်သုံးနှစ်မှ တစ်ဆယ့်လေးနှစ်အထိနှင့် ကြိမ်ဒဏ် အနည်းဆုံး တစ်ဆယ့်နှစ်ချက်။
မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်း
  • သေဒဏ် သို့မဟုတ် ထောင်ဒဏ်အနှစ်နှစ်ဆယ်မှ အနှစ်သုံးဆယ်အထိနှင့် ကြိမ်ဒဏ် တစ်ဆယ့်ငါးချက်။
လူသတ်မှု
  • သေဒဏ်။
ဥပဒေတစ်ခုခုကို ချိုးဖောက်ခဲ့တာနဲ့ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်းခံရမှာပါ။ ဥပဒေ ချိုးဖောက်ခဲ့သူကိုလည်း စင်္ကာပူနိုင်ငံထဲ ပြန်လည် ၀င်ရောက်ခြင်းမျိုးကို ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ဆိုလိုတာက ပြည်ဝင်ခွင့် ဗီဇာ မရတော့ဘူးပေါ့ ခင်ဗျာ။

Monday, July 7, 2008

One year Anniversary

ကျွန်တော်ရဲ့ July Dream Blog လေးကို ၀၇-၀၇-၀၇ မှာ စတင်ခဲ့တာပါ။ ကျွန်တော့်တို့ရဲ့ လက်ရှိသက်တမ်းမှာ ၂၀၀၇ ဇူလိုင်လ ၇ ရက်နေ့ ၇ သုံးလုံး ဆုံတဲ့နေ့ဆိုတာ တစ်ခါပဲ ကြုံဆုံနိုင်တာပါ။ မွေးနေ့အထိမ်းအမှတ် အနေနဲ့ရော... ၀၇-၀၇-၀၇ အမှတ်တရအနေနဲ့ရော ဒီ Blog လေးနဲ့ အလွမ်းမိုးတွေ သည်းနေတဲ့ အညတရ လူသားတစ်ဦးဆီမှာ ဇူလိုင်အိမ်မက်တွေ ဖွားတည်လာပါတော့တယ်။

ဒီလိုနဲ့ ၂၀၀၇ ဇူလိုင်ကနေ မက်လိုက်တဲ့ အိပ်မက်တွေဟာ ၂၀၀၇ ဒီဇင်ဘာအကုန်မှာ စုစုပေါင်း ၁၃၁ ခု ရှိခဲ့ပါတယ်။ ဒီနှစ် ၂၀၀၈ ဇန်န၀ါရီအစကနေ မက်လိုက်တဲ့ အိပ်မက်တွေဟာ အခု ၂၀၀၈ ဇူလိုင် ၇ ရက်နေ့ မှာတော့ စုစုပေါင်း ၁၀၁ ခု ရှိခဲ့ပါတယ်။ ၂၀၀၇ အောက်တိုဘာမှာ အိပ်မက်တွေ အများဆုံး မက်ဖြစ်ခဲ့တယ်။ စုစုပေါင်း ၂၇ ခုတောင် ရှိတယ်။ ၂၀၀၈ မေလကတော့ အိပ်မက် မက်ဖို့ အချိန်မရတဲ့ နာဂစ်မုန်တိုင်းကြားမှာ အိပ်မက်လေး ၆ ခုပဲ မက်နိုင်ရှာခဲ့ပါတယ်။ အင်တာနက် သုံးဖို့မပြောနဲ့ လျှပ်စစ်မီးဆိုတာ ဘာမှန်းတောင် မသိရတော့တဲ့ တောကြီးမျက်မဲထဲက မြို့ပျက်ဘ၀လေးတစ်ခုကို ရက်သတ္တပတ် ၂ ပတ်နီးပါး ရင်ဆိုင် ကျော်ဖြတ်ဖူးသွားတယ်။ ဂျေမောင်မောင်ရဲ့ အသည်းကွဲမြို့တော် သီချင်းလေးကို ဆိုရင်းပေါ့... အဟက်...

ဒီ Blog လေး စစချင်းမှာတော့ ၀င်းကလောဖောင့်ပဲ သုံးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင်ကွန်ပျူတာ တစ်လုံးတောင် မရှိတဲ့ အညတရလေးဆိုတော့ ရုံးက ကွန်ပျူတာနဲ့ပဲ ပို့စ်တွေ ရေးတင်ခဲ့ရတာပါ။ ရုံးက စက်တွေမှာ ဇော်ဂျီကီးဘုတ်ကို Install လုပ်ခွင့်မရလို့ ၀င်းကလောပဲ သုံးဖြစ်ခဲ့တယ်။ အခုနောက်ပိုင်း အလုပ်ကနေ IBM ThinkPadလေး တစ်လုံး စွန့်ကျဲထားလို့ မျောက် အုန်းသီးရသလို ကိုယ့်စိတ်ကြိုက် လုပ်ခွင့်ရသွားတာနဲ့ နောက်ပိုင်းပို့စ်တွေကို ဇော်ဂျီနဲ့ ပြောင်းတင်ဖြစ်သွားတယ်။

ဒီနှစ်မွေးနေ့မှာတော့ Blog ရေးဖို့ အချိန်တောင် မနည်းရှာယူရတယ်။ ရုံးချုပ်မှာ အလုပ်တွေ ပိနေလို့ ညဘက်တောင် ရုံးအလုပ်တွေ လုပ်နေရတယ်။ တချို့ရက်တွေဆို မနက် ၃ နာရီအထိ အလုပ် လုပ်နေခဲ့ရတယ်။ ညလုံးပေါက် လုပ်ရလို့ ရုံးက အနားပေးလားဆိုတော့ မပေးပါဗျာ။ အလုပ်က အရမ်း အရေးကြီးလို့ဆိုပြီး ရုံးကို ၁၀ နာရီ အရောက် တက်စီငှားပြီး လာခိုင်းကြတယ်။ အဲဒီလိုနဲ့ အိပ်ရေးတောင် မ၀ရှာဘူး။ ဇူလိုင်တစ်ယောက် သနားဖို့ ကောင်းရှာပါတယ်။ မျက်နှာချောင်ချောင်လေးမှာ မျက်တွင်းလေး ဟောက်ပက်နဲ့။

ဒါပေမယ့် ကျွန်တော့်ဌာန မန်နေဂျာကြီးက သဘောကောင်းပါတယ်။ မွေးနေ့မှာ ရုံးချုပ်ကနေ ကိုယ့်နဂိုရုံးခွဲကို ပြန်ခေါ်ပြီး မွေးနေ့ပွဲ လုပ်ပေးပါတယ်။ သူဖုန်းဆက် လှမ်းခေါ်တာနဲ့ ညနေ ၄ နာရီလောက် ရုံးချုပ်ကနေ တက်စီငှားပြီး ရုံးခွဲကို ပြန်ရောက်ခဲ့တယ်။ ခဏနေတော့ အစည်းအဝေးခန်းမထဲမှာ မွေးနေ့ကိတ်အကြီးကြီးနဲ့ မွေးနေ့ပွဲ လုပ်ပေးတယ်။ မွေးနေ့ကိတ်ကလည်း မကြီးလို့ မရဘူးလေ။ ဌာနမှာက ၀န်ထမ်းတွေ အများကြီးဗျ။ ကျွန်တော်တို့ ဌာနက ကုလားတွေ များပြီး တရုတ်အရမ်းရှားတယ်။ ရှားရှားပါးပါး တရုတ်က ၄ ယောက်ပဲ ရှိတာ။ အသားမဖွေးကြတဲ့ ကုလားတွေကြားမှာ မွေးနေ့ရှင် ကိတ်မုန့်ခွဲနေတဲ့ပုံက ဆက်ရက်ငှက်တွေကြားမှာ ကြိုးကြာရောက်နေသလိုပါပဲဗျာ။ အဟီး...


ဒီနှစ်မွေးနေ့တော့ သွေးမလှူဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဇွန်လ ၇ ရက်နေ့က လှူထားတော့ ဒီလမှာလှူဖို့ ရက်မပြည့်ဘူးလေ။ ဒီလမှာ လှူရင်လည်း ရပေမယ့် ၁ လ စောင့်ရမှာကို မလိုချင်တာနဲ့ လှူလိုက်တာပါ။ မွေးနေ့အဖြစ် လှူဖို့ ကိုယ်စောင့်နေတဲ့ ၁ လအတွင်းမှာ သွေးလိုနေတဲ့လူနာက ၁ လ ခံမှာ မဟုတ်ဘူးလေ။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘာမှတော့ ထူးထူးခြားခြား မလုပ်ဖြစ်ပါဘူး။ ဂျီတော့ခ်ကနေ အာကြီးကိုလင်းဦး (စိတ်ပညာ) လှမ်းပြောလို့ သိရတဲ့ facemyanmarမှာ မန်ဘာဝင်ထားတာပဲ ရှိတယ်။ အဲဒီမှာ Blogger တွေ ရှိတယ် ဆိုလို့ သွားချောင်းကြည့်တာ တင့်ကားမောင်းနေတဲ့ ဆံရှည်ကိုယ်တော်ကြီးကို တွေ့ခဲ့ရသဗျာ။ အလေးမတဲ့ လေးမလည်း ရှိတယ်ဗျ။ ဖီးနစ်ငှက်ပြာကြီးလည်း တွေ့ခဲ့တယ်။ လူမင်းလိုလို မျိုးကျော့မြိုင်လိုလို ကိုမောင်လှလည်း ရှိနေတယ်ဗျာ။

အင်း... ဘာလိုလိုနဲ့ ကျွန်တော်လည်း အသက် ၁ နှစ်ပိုကြီးသွားသလို Blog လည်း သက်တမ်း ၁ နှစ်ရှိသွားပြီ။ July Dream Blog ကို လာလည်တဲ့သူတွေ အကျိုးမရှိတောင်မှ အကျိုးမယုတ်လောက်ဘူးလို့ ထင်မှတ်ရတာပဲ။ အဆိပ်အတောက် မဖြစ်အောင်တော့ သတိထားနေပါတယ်။ သြော်... ဒါနဲ့ အမြင်တွေ မတူတိုင်းလည်း ရန်သူလို့ သဘောမထားနဲ့ပေါ့။ ကြည့်တဲ့ထောင့်တွေ မတူရင် မြင်ရတဲ့ အမြင်တွေလည်း ကွဲပြားနိုင်ပါတယ်ဗျာ။

ဇူလိုင်အိပ်မက်တွေ ဆက်မက်ဖို့...
..................
.....................
........................
...........................
..............................
.................................
ကျွန်တော်ဇူလိုင်တစ်ယောက်...... အိပ်ရေးဝဖို့ လိုပါသည်။ အဟက်...
(ဘာမှလည်း မဆိုင်ဘူးနော်... ) :P

Sunday, July 6, 2008

A silver liner

တိမ်မည်းညိုတိုင်းမှာ ငွေနားကွပ်ရှိတယ်။ ဒုက္ခတိုင်းမှာ ဖြေသိမ့်စရာတစ်ခုရှိတယ်တဲ့။ လပွတ္တာမှာ လုပ်မယ့် ထူထောင်ရေးလုပ်ငန်းမှာ အဆင်မပြေတာတွေ အခက်အခဲတွေ အများကြီး ကြုံတွေ့ရပေမယ့် ကိုယ်တွေ ရည်မှန်းထားရာကို အရောက်ချီတက်ဖို့ တဖြည်းဖြည်း နီးစပ်လာပါပြီ။ ငွေနားကွပ်တွေ မြင်လာရတယ်လို့ပဲ ပြောရမလားပဲ။

တလောက ရန်ကုန်မှာ ငှားထားတဲ့ ရုံးခန်းကိစ္စကို အတော်လေး စကားပြောလိုက်ရတယ်။ လကုန်ခါနီး ၂၉ ရက်ကျမှ အိမ်ရှင်တွေ ပြန်နေမှာဖြစ်လို့ ၃၀ ရက်နေ့ ချက်ချင်းဆင်းပေးပါတဲ့။ အဓိပ္ပါယ် မရှိလိုက်တာဗျာ။ အိမ်ငှားတယ်ဆိုတဲ့ ကိစ္စမှာ ဆက်မငှားဘူးဆိုရင် ချက်ချင်း ဆင်းခိုင်းလို့ရတာမျိုးမှ မဟုတ်တာ။ ၁ လ ကြိုတင် ပြောမှ ရတာမျိုးပါ။ ကိုယ်က ဆက်မငှားလည်း ၁ လ ကြိုပြောရမယ်။ သူတို့က ဆက်မငှားလည်း ၁ လ ကြိုပြောရမယ်။ အဲဒီကိစ္စကို အချေအတင် အတော်လေး ပြောယူလိုက်ရတယ်။ အဲဒါနဲ့ ဇူလိုင်လ ၁ လ ဆက်ငှားခွင့် ရသွားတယ်။ ဇူလိုင်လကုန်ရင်တော့ ပြောင်းရမှာပေါ့။

သစ်ဆိုင်ကလည်း သစ်ဖိုးစရံငွေကို နောက်ထပ် သိန်း ၃၀ ထပ်ပေးပါပဲ ဖုန်းဆက်ပြောနေတယ်။ စရံက ၄ သိန်း တစ်ခါ ပေးထားသေးတယ်။ သူတို့ဆီက ပစ္စည်းတောင် မယူရသေးပါဘူး။ နောက်ပြီး လပွတ္တာမှာ တာဝန်ရှိသူတွေနဲ့ သွားရောက် ညှိနှိုင်းတဲ့အဖွဲ့က ပြန်တောင် မလာသေးဘူး။ ဘာလုပ်ဖြစ်မယ်မှန်း မသေချာသေးတဲ့အချိန်မှာ သူတို့ကို သစ်ဖိုးစရံငွေ သိန်း ၃၀ ဘယ်ပေးထားနိုင်အုံးမလဲ။ သူတို့ကလည်း သစ်တွေက ခွဲပြီးသားဖြစ်နေလို့ ပိုက်ဆံ စရံထပ်ချပေးပါတဲ့။ အဲဒါနဲ့ ပိုက်ဆံ လက်ထဲ မရှိသေးဘူး ဆိုပြီး ခဏ ချွေးသိပ်ထားရတယ်။ အဲဒီလို ရှင်းရတာလည်း ရှိသေးတယ်။ အဟ...

လပွတ္တာက အိမ်ငှားခတွေကလည်း အတော်လေးကို တက်နေပါတယ်။ အစက ၂ သိန်း... နောက် ၃ သိန်း။ အခု နောက်ဆုံး ငှားလိုက်တဲ့ ဈေးနှုန်းက ၅ သိန်းပါ။ အိမ်ဈေးတွေ တက်တာလည်း မထူးဆန်းပါဘူး။ UN တွေ၊ INGO တွေက လပွတ္တာမှာ ရုံးဖွင့်ဖို့ အိမ်တွေကို ဈေးကြီးပေး ငှားနေတော့ ဈေးတတ်ပြီပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေ ပိုင်တဲ့အိမ်တွေ အခုလို ဈေးကောင်းရတာလည်း တစ်မျိုးကောင်းတယ်လို့ တွေးမိပါတယ်။ အဲဒါနဲ့ အိမ်ကို ၂ လ ငှားဖို့ စီစဉ်ထားလိုက်ပါတယ်။ ကိုညီလင်းဆက်တို့ ကူညီပေးလို့ အဲဒီအိမ်ကို ရတာပါ။

ပထမတစ်ခေါက် လပွတ္တာကို သွားတုန်းက ပြန်လည်ထူထောင်ရေးအတွက် စကားပြောခဲ့တဲ့ ဗျူဟာမှုးက အခုမရှိတော့ဘူး။ နောက်ထပ် ဗျူဟာမှုးအသစ်တစ်ယောက် ရောက်နေပါတယ်။ အစတုန်းက ဗျူဟာမှုးနဲ့ တွေ့ခွင့် မရသေးဘူး။ ဗိုလ်ကြီးတစ်ဦးနဲ့ပဲ စကားပြောဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဗိုလ်ကြီးက စီစဉ်ပေးလို့ ဗျူဟာမှုးနဲ့ တွေ့ခွင့်ရပါတယ်။

အခုတစ်ခေါက် တွေ့ခဲ့ရတဲ့ ဗျူဟာမှုးအသစ်လည်း သဘောကောင်းပါတယ်။ အေးဆေးပါပဲ။ သူက... မင်းတို့ ဘယ်နေရာဖြစ်ဖြစ် လိုအပ်တဲ့နေရာမှာ ဆောက်လုပ်မှာဆိုရင် တစ်ခုလောက် အကြံပေးချင်ပါတယ်တဲ့။ လပွတ္တာမြို့အစပ် ချောင်ကျိုချောင်ကြားက ရပ်ကွက်လေးတွေရဲ့ စာသင်ကျောင်းတွေ ပျက်စီးပြီး အခုချိန်အထိ ပြန်မပြင်နိုင်သေးပါဘူးတဲ့။ ကျောင်းကို ပြင်ဖို့ စီစဉ်နေပေမယ့် လောလောဆယ်မှာ အိမ်သာကိုတော့ ဘယ်သူမှ လာမလှူသေးဘူးတဲ့။ အဲဒါ မင်းတို့ လုပ်ပေးနိုင်ရင် ပိုအဆင်ပြေမယ်လို့... ကောင်းကောင်းမွန်မွန် ပြောပါတယ်။

အဲဒါနဲ့ ဗျူဟာမှုးပြောတဲ့ စာသင်ကျောင်းတွေကို သွားကြည့်တော့ အမှန်တကယ်လည်း အိမ်သာတွေ လိုအပ်နေပါတယ်။ ကျောင်းတွေက လပွတ္တာမြို့မှာသာဆိုတာပါ တကယ့် ရွာလေးတွေအတိုင်း အဝေးကြီး သွားရတာပါ။ အခုလောလောဆယ်တော့ ဗျူဟာမှုးက ကျွန်တော်တို့ကို အများသုံးအိမ်သာ လေးလုံးတွဲတွေ ဆောက်ခွင့်ပြုပါတယ်။ ဗျူဟာမှုးက နောက်ထပ် ပြောသေးတာက... မင်းတို့ လှူတယ်ဆိုရင် ကြိုက်တဲ့နေရာမှာ ကြိုက်သလို လှူဒါန်းလို့ ရပါတယ်။ အခု အဘပြောတာကတော့ တကယ်လိုအပ်နေလို့ လုပ်ပေးစေချင်တာပါတဲ့။ ကျောင်းတွေမှာ အိမ်သာ ဆောက်လုပ်ပြီးလို့ ဘတ်ဂျက်ရှိသေးရင်လဲ အခြားလိုအပ်တဲ့နေရာတွေ ရွာတွေမှာ ထပ်ဆောက်ပေါ့။ လိုအပ်တဲ့ အကူအညီ ရှိရင်လည်း ပြောပေါ့တဲ့။

အင်း... ဘာပဲဖြစ်ဖြစ်... လိုအပ်နေတဲ့ နေရာမှာ လိုအပ်သလို ဖြည့်ဆည်းပေးဖို့က အဓိကပဲလေ။ အခုလက်ရှိ ဘတ်ဂျက်အရ ၄ လုံးတွဲ အိမ်သာ ၁၈ လုံးအထိ ဆောက်ဖို့ စီစဉ်နေပါပြီ။ ၁ လုံးစီရေမယ်ဆိုရင် ၇၂ လုံးပေါ့။ အခုချိန်မှာ ကျောင်းတက်နေရပြီဖြစ်တဲ့ ကလေးတွေအတွက် အိမ်သာလိုနေတဲ့ ကျောင်းတွေကို အိမ်သာတွေ ဆောက်ပေးပြီးရင် အဲဒီလို အိမ်သာလိုအပ်တဲ့ အခြားရွာတွေမှာ ဆက်လက် တည်ဆောက်ပေးဖို့ကျွန်တော်တို့ ကြိုးစားကြအုံးမှာပေါ့ဗျာ။

တိမ်မည်းညိုတွေမှာ ငွေနားကွပ်လေးတွေ မြင်ရတော့လည်း စိတ်ချမ်းသာပါတယ်။

Friday, July 4, 2008

Tear on the clock

နာရီပေါ်က မျက်ရည်စက်များ

နာရီသံတွေ ဆူညံလွန်းနေ
ရင်ခုန်သံတွေ မြန်တယ် အချစ်ရေ
ငိုချင်ပါတယ် မျှော်လင့်ခြင်းတွေ
တို့တစ်တွေ ဒီအချိန်ဟာ နောက်ဆုံးလား...
နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း
ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ
အချိန်နာရီတွေပေါ်ကို ကျော်လွန် ရေလိုဖြတ်ပြီး...
စီးဆင်းနေဆဲ...
ချစ်သူရယ် ( နှလုံးသားထဲဆွေး )

ကြင်နာတာတွေ ပြန်လည်တွေးနေ
နာကြင်ပါတယ် ကိုယ့်အသည်းတွေ
ယုံကြည်ချင်တယ် ကံတရားရေ
ပြန်ဆုံနိုင်မယ် ထင်သေးလား...

ငိုရင်ပုလဲ ရယ်ရင်ရွဲ
အရာရာအားလုံး ပြည့်စုံတဲ့ အချစ်နဲ့...
အခြေအနေမဲ့ ရွှေငွေမဲ့
အရာရာအားလုံး ရှုံးနေတဲ့ ...
တို့ နှစ်ယောက်ရဲ့ဘဝ

ဒါဟာနောက်ဆုံးပဲ အချစ်ကလေးရယ်
ဒါဟာနောက်ဆုံးပဲ

ဟန်ဆောင်နေတာ လိမ်ညာခြင်းလေ
ပိုင်ဆိုင်ချင်တာ ၀န်ခံပါရစေ
မဆုံနိုင်တာ ဘာကြောင့်လဲမေ
တို့တစ်တွေ ဒီနေရာမှာ နောက်ဆုံးလား...
နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း
ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ
အချိန်နာရီတွေပေါ်ကို ကျော်လွန် ရေလိုဖြတ်ပြီး
စီးဆင်းနေဆဲ...
ချစ်သူရယ် ( နှလုံးသားထဲဆွေး )

တကယ်ကြင်နာ မြတ်နိုးနေ
မပန်ခင်မှာ မချွေရက်ဘူးလေ...
တစ်ချိန်ချိန်ကို ကိုယ်မျှော်လင့်နေ
ပြန်ဆုံနိုင်မယ် ထင်သေးလား...

ငိုရင်ပုလဲ ရယ်ရင်ရွဲ
အရာရာအားလုံး ပြည့်စုံတဲ့ အချစ်နဲ့...
အခြေအနေမဲ့ ရွှေငွေမဲ့
အရာရာအားလုံး ရှုံးနေတဲ့
တို့ နှစ်ယောက်ရဲ့ဘ၀...

ဒါဟာနောက်ဆုံးပဲ အချစ်ကလေးရယ်
ဒါဟာနောက်ဆုံးပဲ

ဒါဟာနောက်ဆုံးပဲ...

တေးရေး တေးဆို ထူးအိမ်သင်ပါ။ နာရီပေါ်က မျက်ရည်စက်များ တေးစီးရီးထဲက ခေါင်းစဉ်တေးတစ်ပုဒ်ပါ။ အဲဒီ စီးရီးထဲမှာ သူငယ်ချင်းအတွက်၊ စိမ်းရက်လေအား၊ မရိုးသားတော့ဘူး၊ တစ်နေ့နေ့တော့ ချစ်လာလိမ့်မည် စတဲ့ သီချင်းကောင်းတွေ ပါပါတယ်။ ကိုငှက်ကြီးရဲ့ ပထမဆုံးထုတ်တဲ့ စီးရီးဖြစ်မယ်လို့ ထင်ရပါတယ်။ ၁၉၈၇ ခုနှစ်က ထုတ်ခဲ့တယ်... ဂန္ဓာမာတေးသံသွင်းက ဖြန့်ချီတယ်လို့ ထူးအိမ်သင်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အခုတလော အဲဒီသီချင်းလေး ပါးစပ်ဖျားမှာ နေရာယူနေပါတယ်။ တကယ်ကြင်နာ မြတ်နိုးနေ... မပန်ခင်မှာ မခြွေရက်ဘူးလေ... တချိန်ချိန်ကို ကိုယ်မျှော်လင့်နေ... ပြန်ဆုံနိုင်မယ် ထင်သေးလား... ဆိုတာလေးက ကျွန်တော့်ရင်ကို နက်နက်ရှိုင်း ထိရှစေပါတယ်။

အဲ... မေ့လို့ဗျာ။ ပြောဖို့တစ်ခု ကျန်ခဲ့တယ်။ အဲဒီသီချင်းစာသားကို အစအဆုံး ရင်နဲ့ခံစားပြီး ဂျီတော့ခ်ကနေ စာရိုက်ပေးသွားတာကတော့ ထူးအိမ်သင်ဆိုဒ်ကို အချိန်ပေး ထောင်ထားတဲ့ ကိုဖိုးသားပါပဲ။ သူပဲ စာသား အမှားတွေပြင်... သက်ဆိုင်တဲ့ လင့်ခ်တွေ ပေးသွားတာပါ။ သူကတော့ ထူးအိမ်သင် ခရေဇီပါပဲ။ တကယ့်ကို အရူးအမူးပါပဲ။

Thursday, July 3, 2008

Clean Police

တစ်ခါကပါ... ပြည်ထောင်စု အိပ်မက်နိုင်ငံတော်ဆိုတာကြီး ရှိသတဲ့။

အဲဒီ ပြည်ထောင်စုကြီးမှာ မတူတဲ့လူမျိုးတွေလည်း ရှိပြန်သတဲ့...။ တချို့က လူနည်းစု...။ တချို့က လူများစု...။ ဘိုလိုဆိုရင်တော့ မိုင်နာရတီတို့ မေဂျာရတီတို့ပေါ့လေ...။

အဲဒီ ပြည်ထောင်စုအိပ်မက်နိုင်ငံတော်ကြီးမှာ လုပ်စရာ အလုပ်တွေက အတော်များတယ်လို့ ဆိုပါတယ်။ အဲဒီအိပ်မက်နိုင်ငံတော်ကြီးထဲမှာ သင့်ကို ၀န်ကြီးတစ်နေရာ ပေးချင်ပါတယ်။ ဘယ်ဌာနကို သင်လိုချင်ပါသလဲ။ သင်တာဝန်ယူရသော ၀န်ကြီးဌာနကို အကောင်းဆုံးဖြစ်အောင် ဘာတွေ ဆောင်ရွက်ချင်ပါသလဲ။

အဲဒါနဲ့ ပေးတုန်းယူထားအုံးမှ ဆိုပြီး ကျွန်တော် ဇူလိုင်တစ်ယောက် ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ယူပြီး ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ပေါ့။ တိုင်းပြည်အတွက် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ အိမ်မက်ထဲမှာ ဆွဲပါလေရော။

အိမ်မက်တိုင်းပြည်အတွက် ရဲအဖွဲ့ကို သန့်ရှင်းသော ရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲယူဖို့ အဓိက စဉ်းစားမိပါတယ်။ ဒါကြောင့် ပြည်သူလူထုက အထင်ကြီးအားကိုးတဲ့ ပြည်သူထဲက ပြည်သူ့ရဲတွေ ဖြစ်အောင် ပြောင်းလဲပါမယ်။

ရဲတပ်ဖွဲ့ကို သန့်ရှင်းသော ရဲတပ်ဖွဲ့ Clean Police အဖြစ်ပြောင်းလဲယူဖို့မှာ အဓိကအားဖြင့် လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ကို အဓိကထား တိုက်ဖျက်ပါမယ်။ အဲဒီလိုမျိုးကိုဆောင်ရွက်နိုင်ဖို့ အတွက် လုံလောက်တဲ့ လစာများအပြင် အခြားအပိုခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးဖို့ ဘက်ဂျက် လျာထားပါမယ်။

အဖွဲ့အစည်းအပေါ် ချစ်မြတ်နိုးလာအောင်၊ အဖွဲ့အမည် မပျက်ဆီးဖို့ ထိန်းသိမ်းလာနိုင်အောင် ရဲတပ်ဖွဲ့ဝင်တွေ နေထိုင်ဖို့ အဆင့်မြင့်အိမ်ရာ တိုက်ခန်းတွေ၊ အိမ်အသုံးအဆောင်တွေ၊ ဆက်သွယ်ရေး လွယ်ကူဖို့အတွက် စကားပြောစက်တွေ၊ ဖုန်းတွေ စီစဉ်ပေးပါမယ်။ ယူနီဖောင်းကိုလည်း အဆင့်အတန်းရှိရှိ စနစ်တကျ ချုပ်လုပ်ဝတ်ဆင်စေပါမယ်။ အပြင်ပန်း ၀တ်စားဆင်ယင်မှုကို ကြည့်ကတည်းက သပ်သပ်ရပ်ရပ်နဲ့ ရှုချင်စဖွယ်ဖြစ်အောင် စီစဉ်ပေးထားပါမယ်။

အတွင်းပိုင်းစိတ်ပိုင်းဆိုင်ရာအနေနဲ့ ရဲကျင့်ဝတ်တွေကို ကြက်တူရွေးစာအံသလို မသင်ကြားဘဲ ကျင့်ဝတ် တစ်ခုချင်းစီကို သေသေချာချာ နားလည်သဘောပေါက်အောင် သင်ပြဖို့ ရဲကျောင်းတွေမှာ စီစဉ်ပါမယ်။ ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ပြည်သူတွေကို အမိအဘလို တန်ဖိုးထားတတ်အောင် လေ့ကျင့် ပျိုးထောင်ပေးပါမယ်။ ကူညီပါရစေ..... ဆိုတဲ့အတိုင်း အကူအညီ လိုအပ်နေတဲ့သူ မှန်သမျှကို စိတ်ရောကိုယ်ပါနှစ်ပြီး အချိန်ပေး ကူညီတတ်လာအောင် စိတ်ဓါတ်တွေကို ပြုပြင်ပေးပါမယ်။ မကောင်းမှုကို တားဆီးကာကွယ်သူ အနေနဲ့ မကောင်းမှုကို မိမိကိုယ်တိုင် မပြုလုပ်မိအောင်လည်း မကောင်းမှုပြုခြင်းကို သေမတတ် ရှက်တတ်လာအောင် ခေါင်းထဲ ရိုက်သွင်းပေးပါမယ်။

ရဲတပ်ဖွဲ့ဝင်တိုင်းကိုလည်း သိအပ်တတ်အပ်တဲ့ ကိုယ်ခံပညာ ရဲပညာ အားလုံးကို ကျွမ်းကျင်အဆင့် ထိရောက်အောင် လေ့ကျင့်သင်ကြားပါမယ်။ အချိန်တိုင်း အစဉ်အမြဲ ဆက်လက်လေ့ကျင့်နိုင်ဖို့ တာဝန်ကျရာ စခန်းတိုင်းမှာ လေ့ကျင့်ရေးကွင်းတွေ လေ့ကျင့်ရေးအဆောင်တွေ ဆောက်လုပ်ထားပါမယ်။ နောက်ပြီး ဥပဒေပိုင်းဆိုင်ရာများကိုလည်း နှံ့စပ်တတ်ကျွမ်းအောင် လေ့လာဆည်းပူးစေပါမယ်။ ပညာတွေကို ဆက်လက် ဆည်းပူးနိုင်ဖို့အတွက် ခရိုင်ရဲစခန်းတိုင်းမှာ ခေတ်မှီ အဆင့်မြင့် စာကြည့်တိုက်များကို ထားရှိစေပါမယ်။ ဘာသာရပ်ဆိုင်ရာများအပြင် အခြားသိအပ်တဲ့ သုတရသစာပေအစုံကို ထားရှိစေပါမယ်။ အဲဒီလို ထားရှိပေးသလို ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အားကစားလုပ်နိုင်အောင် စာဖတ်နိုင်အောင် အပန်းဖြေ အနားယူနိုင်အောင် ကိုယ်ပိုင် အချိန်တွေကို အလုံအလောက် ပေးထားပါမယ်။

သက်ဆိုင်ရာရဲစခန်းများကိုလည်း အဆင့်မြင့်ရဲစခန်းအဖြစ် ပြုပြင်မွမ်းမံသွားပါမယ်။ ရဲစခန်းတွေကိုရောက်ရင် စိတ်မသက်မသာ ခံစားစေရတဲ့ အမင်္ဂလာနေရာ မဖြစ်စေရာပဲ အေးအေးဆေးဆေး သက်တောင့်သက်သာ အနေအထားမျိုး ခံစားရအောင် ရုံးအတွင်းပိုင်းတွေကိုလည်း ခေတ်မှီအောင် စနစ်တကျ Interior Decoration လုပ်ပါမယ်။ အချုပ်ခန်းများကိုလည်း သန့်သန့်ရှင်းရှင်း အနံ့ဆိုးကင်း ဂျပိုးကင်း သံကြေးကင်း အချုပ်ခန်းများအဖြစ် ပြောင်းလဲတည်ဆောက်ပါမယ်။ စခန်းမှာ အသုံးပြုဖို့အတွက်၊ နယ်မြေအတွင်း ကင်းလှည့်နိုင်ဖို့အတွက်၊ အရေးပေါ်လိုအပ်ရင် လိုအပ်သလို အချိန်မှီရောက်ရှိ ဆောင်ရွက်နိုင်ဖို့အတွက် အသင့်သုံးနိုင်သော အဆင့်မှီရဲကားများ၊ ရဲဆိုင်ကယ်များကိုလည်း လိုအပ်သလောက် စနစ်တကျ ခွဲတမ်းချပေးပါမယ်။ ရုံးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် ပေးပို့မှုများကိုလည်း လက်ရှိအသုံးပြုနေတဲ့ စာရွက်စာတမ်းအခြေပြုစနစ်မှ ကွန်ပျူတာအသုံးချစနစ်များ အဖြစ်ပြောင်းလဲ အသုံးပြုပါမယ်။

စည်းကမ်းပိုင်းအနေနဲ့ စည်းကမ်းမလိုက်နာတဲ့ ရဲတပ်ဖွဲ့ဝင်ကို ပထမအကြိမ် သတိပေးပါမယ်။ နောက်ထပ် ကျူးလွန်လာရင်တော့ ရဲတပ်ဖွဲ့က ထုတ်ပစ်တဲ့အပြင် ပြစ်မှုပေါ်မူတည်ပြီး ဥပဒေအရ အရေးယူသင့်ရင် အရေးယူ အပြစ်ပေးပါမယ်။ No one above the law... တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာကို ဥပဒေဘက်တော်သားတွေကို စွဲစွဲမြဲမြဲ သိရှိမှတ်သားထားနိုင်အောင် စီမံဆောင်ရွက်ပါမယ်။ နောက်ပြီး ယူနီဖောင်း ၀တ်ဆင်ထားချိန်၊ နောက်တာဝန်ချိန်အတွင်း အရက်သေစာ သောက်စားခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်အရေးယူပါမယ်။ အပြစ်ကျူးလွန်တဲ့ ရဲဝန်ထမ်းများ စာရင်းကို လစဉ် ခရိုင်ရဲတပ်ဖွဲ့မှာ ထုတ်ပြန်ကြေငြာပါမယ်။ အရက်စွဲနေတဲ့ ရဲတပ်ဖွဲ့ဝင်များကိုလည်း ရဲတပ်ဖွဲ့မှာ တာဝန်ဆက်လက် ထမ်းဆောင်စေခြင်း မပြုခိုင်းဘဲ တာဝန်မှ ရပ်နားပါမယ်။

ရဲတပ်ဖွဲ့ ပုံရိပ်ကို မညှိုးနွမ်းစေချင်တဲ့အတွက် ဗိုက်ပူဗိုက်ရွဲနေသော တပ်ဖွဲ့ဝင်များကိုလည်း ဗိုက်ချပ်အောင် အားကစားလေ့ကျင့်ခိုင်းပြီး ပြုပြင်ပါမယ်။ အဂတိလိုက်စားမှု အာဏာအလွဲသုံးမှုတွေကို တွေ့ရှိရင်လည်း နမူနာ စံပြအဖြစ် ထိထိရောက်ရောက် ပြစ်ဒဏ်များ ချမှတ်ဖို့ စီစဉ်ဆောင်ရွက်ပါမယ်။ ပြည်သူတွေအပေါ် အထက်စီး ရိုင်းပြစွာ ဆက်ဆံမှုများကိုလည်း အပြစ်ပေး အရေးယူ ဆောင်ရွက်သွားပါမယ်။

Police Box များကိုလည်း ရပ်ကွက်တိုင်း လူစည်ကားရာနေရာတိုင်းမှာ ထားပေးမှာပါ။ ရဲတစ်ယောက် နှစ်ယောက်စာနေလို့ရတဲ့ သွပ်မိုးအုပ် သစ်သားကင်းတဲ ပိစိကွေးလေးတွေကို စာခြောက်ရုပ်ထားသလို လမ်းဆုံလမ်းထောင့်တိုင်းမှာတော့ ထားမှာ မဟုတ်ပါဘူး။ ရုပ်ဆိုး အကျည်းတန်... ကြည့်ရဆိုးလွန်းလို့ပါ။ ဒါပေမယ့် လူစည်ကားရာနေရာတွေမှာ ရဲတပ်ဖွဲ့ဝင်များကို အချိန်ပိုင်းအလျောက် ကားနဲ့ဖြစ်စေ... ဆိုင်ကယ်နဲ့ဖြစ်စေ... ခြေလျင်ဖြစ်စေ... နေရာယူ ကင်းလှည့်နေစေမှာပါ။ ရဲတပ်ဖွဲ့ဝင်တွေကို တကူးတက သွားရှာစရာ မလိုလောက်အောင် လူမြင်ကွင်းတွေမှာ တာဝန်ပေးထားပါမယ်။ အရေးပေါ်ခေါ်ဆိုလို့ ရတဲ့ တယ်လီဖုန်းလိုင်းကိုလည်း လိုင်းအကျယ် အများအပြားထား ရှိပေးပါမယ်။

အိပ်မက်တိုင်းပြည်ရဲ့ရဲတပ်ဖွဲ့မှာ ယာဉ်ထိန်းရဲ၊ စည်ပင်ရဲ၊ ဘုရားရဲ၊မီးရထားရဲ၊ နယ်စပ်စည်ပင်ရဲ အဲဒီလို ရဲပေါင်းများစွာ ယူနီဖောင်းမျိုးစုံနဲ့ ကွဲပြားနေခြင်းကို လုံးဝ လက်ခံစဉ်းစားခြင်း ပြုမှာမဟုတ်ပါဘူး။ ယူနီဖောင်းဝတ် ရဲတစ်မျိုးတစ်စားတည်း ရှိပါမယ်။ သက်ဆိုင်ရာ တာဝန်ကျနယ်မြေပေါ်မူတည်ပြီး ရဲလုပ်ငန်းတွေကို လုပ်ဆောင်အကူအညီပေးသွားပါမယ်။ ယာဉ်ထိန်းရဲ မရှိပေမယ့် အိပ်မက်နိုင်ငံတော်ရဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်၊ ပို့ဆောင်ဆက်သွယ်ရေးစနစ်၊ ယာဉ်လမ်းကြောင်း ထိန်းသိမ်းတဲ့စနစ်စတဲ့ စနစ်အားလုံးဟာ စီစီတီဗွီ၊ ကွန်ပျူတာစနစ်များဖြင့် အခြေခံတည်ဆောက်ထားမှာ ဖြစ်တဲ့အတွက် ယာဉ်ထိန်းရဲ သီးသန့်ထားရှိရန် မလိုအပ်ဘူးလို့ ယူဆပါတယ်။ ယာဉ်မတော်တဆဖြစ်ခဲ့ရင်လည်း အနီးဆုံး သက်ဆိုင်ရာ လမ်းကြောင်းပေါ်မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်မှ လာရောက်ကူညီ ဖြေရှင်းပေးမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်မယ့်သူဟာ အနိမ့်ဆုံး ပညာအရည်အချင်း အနေနဲ့ ဆယ်တန်းအောင်ရပါမယ်။ တက္ကသိုလ်ဝင်တန်း (သို့) ဆယ်တန်းမအောင်တဲ့ သူများကို တပ်ဖွဲ့မှာ ခန့်ထားခြင်း လုံးဝ ပြုလုပ်မှာ မဟုတ်ပါဘူး။ ပညာအရည်အချင်း နိမ့်ပါးမှုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြသနာများကို ကြိုတင်ဖြေရှင်းတဲ့အနေနဲ့ ပြုလုပ်ရတာပါ။ အဆင့်မြင့် ပညာရပ်များကို ဆက်လက်ဆည်းပူးတဲ့အခါ ပညာအရည်အချင်းက စကားပြောလာပါတယ်။ အဲဒါကြောင့် ပညာအရည်အချင်း နည်းပါးတဲ့သူများကို အိပ်မက်တိုင်းပြည် ရဲတပ်ဖွဲ့မှာ ခန့်အပ်တာဝန်ပေးခြင်း မရှိပါခင်ဗျာ။

အဲဒီလို အိပ်မက်တိုင်းပြည်အတွက် အိပ်မက်တွေ မက်ရင်း...

Tuesday, July 1, 2008

Am I a bad boy?

လူဆိုးလေးလားပေါ့။ ကိုယ့်ဘာသာကိုယ် ခေါင်းစဉ်ပေးပြီး ပြန်ကြည့်မိတော့ မသတီလိုက်တာ။ ဒီအသက် ဒီအရွယ်နဲ့ လူဆိုးလေးတဲ့ အဟက်။ အမှန်ဆိုး လူဆိုးအဖိုးကြီးလားလို့ ရေးရမယ် ထင်တယ်။ အဟား... ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ ပေရှည်နေတာနဲ့ လိုရင်းကို အခုထိ မရောက်သေးဘူး။

ကျွန်တော့်ဘ၀မှာ အတော်လေး လူပေါင်းစုံနဲ့ အသိအကျွမ်း ဖြစ်ခဲ့ဖူးပါတယ်။ ကရကဋ်တို့ရဲ့ နဂိုမူလဗီဇအရ လူတိုင်းကို အလွယ်တကူ ချက်ချင်း လက်ခံစကားပြောလေ့ မရှိပါဘူး။ လူအရမ်းရွေးပါတယ်။ အလွယ်တကူ မခင်တတ်ဘူး အလွယ်တကူ မမုန်းတတ်ဘူးပေါ့ဗျာ။ အဲဒီလိုပါပဲ လူတွေကလည်း မျက်နှာထားတင်းတဲ့ ကျွန်တော့်ကို တော်ရုံတန်ရုံနဲ့လည်း စကားရောဖေါသော မပြောဆိုကြပါဘူး။ ဒါပေမယ့် ကျွန်တော့် အသိမိတ်ဆွေ အပေါင်းအသင်းတွေမှာ လူပေါင်းစုံ ရှိနေပါတယ်။

၆ တန်းတုန်းက သူငယ်ချင်းတစ်ဦး... အမည်ရင်းက မောင်ငယ်လို့ ခေါ်ကြတယ်။ သူက ကျောင်းမှာ မျက်နှာပြောင်လွန်းတယ်။ ရပ်ကွက်ထဲမှာလည်း ခဏခဏ ရန်ဖြစ်တယ်။ လူမိုက်ပေါက်စပေါ့။ ၆ တန်းမှာ ၂ နှစ်ရှိပြီ ကျနေတာ။ ကျွန်တော်က တခြားမြို့နယ်ကနေ မောင်ငယ်တို့ ကျောင်းကို ပြောင်းလာတော့ ကျောင်းသားသစ်တို့ ထုံးစံအတိုင်း နောက်ဆုံးအတန်းကို ရောက်သွားတယ်။ ကျောင်းအပ်တာလည်း နောက်ကျတော့ ကျောင်းဖွင့်ပြီး ၃ ပတ်လောက်မှ ကျောင်းစ တက်ဖြစ်တယ်။ ကျောင်းတက်တော့ ထိုင်စရာခုံက မရှိတော့ဘူး။ နှစ်ကျကြီးတွေ ထိုင်တဲ့ ခုံမှာ ၁ ယောက်စာ လွတ်နေတာနဲ့ အဲဒီမှာပဲ ထိုင်ဖြစ်လိုက်တယ်။ အဲဒီကနေ စပြီး မောင်ငယ်ကို စသိခဲ့ရတယ်။

စစချင်းတော့ သူတို့က နှစ်ကျကြီးတွေ ဆိုတော့ ရှိန်တာပေါ့။ ဒါပေမယ့် မောင်ငယ်က အတော်လေး ခင်ဖို့ ကောင်းပါတယ်။ ကျောင်းတတ်ခဲ့တဲ့ ကာလတစ်လျှောက်လုံး မောင်ငယ်ကပဲ ကျွန်တော့်ကို အနီးကပ် စောင့်ရှောက်ပေးခဲ့ပါတယ်။ သူ့အရှိန်တွေနဲ့ ကျောင်းက အခြား ဂျစ်ကန်ကန် အတန်းကြီးတွေတောင် ကျွန်တော့်ကို မထိရဲပါဘူး။ ကျွန်တော့်အပေါ် တစ်ခုခု အမှားလုပ်မိရင်လည်း လုပ်မိတဲ့ကောင်တွေ နာဖို့သာ ပြင်ပေတော့။ နောက်တစ်ခုက မောင်ငယ်က အဲဒီအချိန်တုန်းက ကျောင်းက မြန်မာစာဆရာမကို ပိုးနေတာ။ ကျွန်တော့်အိမ်မှာ နှင်းဆီပင်တွေက အများသား။ နေ့တိုင်း နှင်းဆီပွင့်တွေ ပွင့်တော့ မောင်ငယ်က ဆရာမကို နှင်းဆီပန်းတွေ ပေးပြီး ပိုးတယ်လေ။ ကျွန်တော်က သူ့အတွက် ပန်းတွေ ပံ့ပိုးပေးရတာပေါ့။

နောက်ပိုင်း သူ ၇ တန်း ၈ တန်းအထိ ကျွန်တော်နဲ့အတူ စာမေးပွဲတွေ အောင်လာခဲ့သေးတယ်။ ၈ တန်းမှာ ကျကျန်ရစ်ခဲ့တယ်။ ကျွန်တော်လည်း အထက်တန်းကျောင်းကို ပြောင်းသွားလိုက်ရတယ်။ အဲဒါနဲ့ သူနဲ့ သိပ်မတွေ့ဖြစ်တော့ဘူး။ နောက်ပိုင်း သူ အိမ်ထောင်ကျသွားတယ်။ ဟိုဘက်ကမ်းကို ပြောင်းသွားတယ်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါဘူး။ အရက် သောက်တတ်လာပြီး အချိန်ပြည့်နီးပါး မူးနေလေ့ရှိတယ်။ ဘယ်လောက်ပဲ သာခွေယိုင်အောင် မူးမူးပါ... ကျွန်တော့်က "ဟေ့... မောင်ငယ်" လို့ ခေါ်လိုက်တာနဲ့ "ဟာ... တရုတ်လေး ဘယ်သွားမလို့လဲ" ဆိုတာကို ပြန်ဖြေစမြဲပါ။

၁၀ တန်းအောင်ပြီးတော့ တက္ကသိုလ်တွေ မဖွင့်သေးတဲ့ ယောင်ချာချာ အချိန်တွေမှာ သူငယ်ချင်းတွေ ဖွန်ကြောင်ရင် အနောက်ကနေ စစ်ကူပေးခဲ့ပါတယ်။ သူငယ်ချင်းတစ်ဦးက မောင်ငယ်တို့ရွာကို ဖြတ်ပြီး သွားရတဲ့ ရွာတစ်ရွာက ကွမ်းတောင်ကိုင်ကို လူပျိုလှည့်နေပါတယ်။ မြစ်ကူးချောင်းကူး သွားရတဲ့အပြင် လယ်ကန်သင်းရိုးတွေပေါ်က ဖြတ်ပြီး ရွာတွေကို သွားရတာပါ။ တစ်နေ့ ရွာက အမူးသမား တစ်ယောက်က ဘာကို အမြင်ကပ်သလဲ မသိဘူး ဒုတ်ကြီးဆွဲပြီး လိုက်ရိုက်ပါလေရော။ ထုံးစံအတိုင်း ဖ၀ါးနဲ့တင်ပါး တစ်ထပ်တည်းကျအောင် ပြေးရတာပေါ့။ လမ်းခုလတ်မှာ မောင်ငယ်နဲ့ တွေ့လို့ ကံကောင်းတာပါပဲ။ မောင်ငယ်အရှိန်နဲ့ အဲဒီ အမူးသမားလည်း နောက်ကြောင်း ပြန်လှည့်သွားတယ်။ မောင်ငယ်ကိုယ်တိုင် လှေဆိပ်အထိ လိုက်ပို့တဲ့အပြင် ဒီဘက်ကမ်းအထိ လှေနဲ့ အတူ လိုက်လာခဲ့ပါသေးတယ်။ စိတ်မချလို့ ဆိုပဲ။ အင်း အခုတော့ အဲဒီ မောင်ငယ်လည်း လူ့လောကကြီးမှာ မရှိတော့တာ ကြာလှပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်မှာပဲ ဆုံးသွားခဲ့ပြီလေ။

၁၀ တန်းတုန်းက ကျွန်တော့် သူငယ်ချင်းတစ်ဦးက လူမိုက်ပါ။ ကျောက်မြောင်း အောင်မင်္ဂလာတ၀ိုက်မှာ အတော်လေး ဆိုးသွမ်းသူပါ။ ဆယ်တန်းကလည်း အခါခါကျနေတော့ အသက်က ကျွန်တော့်ထက် ၅ နှစ်လောက် ကြီးမယ်။ ဘယ်ကနေ ဘယ်လို သူက ကျွန်တော်ကို ခင်မင်နေလဲ မသိပါဘူး။ ကျွန်တော်နဲ့ဆို စကားပြောရင် အကောင်းပဲဗျ။ ကျွန်တော်ကလည်း အဲဒီလို သူများတကာတွေ မပေါင်းချင်တဲ့ အော်ကျောလန် လူတွေကို ပိုပြီး ခင်ခင်မင်မင် စကားပြောလေ့ရှိတယ်။ ကိုယ်တတ်နိုင်တဲ့ ကျောင်းစာဘက်မှာလည်း သူ့ကို အတော်လေး အကူအညီပေးခဲ့တယ်။ အဲဒီကြောင့်ပဲ ကျွန်တော့်ကို ခင်တာလား မသိပါဘူးဗျာ။

ကျူရှင်သွား ကျူရှင်ပြန် သူတို့နဲ့ သွားလာနေလို့ တစ်ခါက အိမ်အပြန်လမ်းမှာ ချောင်းရိုက်ခံရသေးတယ်။ မီးပျက်တဲ့ညမှာ ၀ိုင်းပြီး ပါးတွေ နားတွေ ရိုက်သွားကြတာပါပဲ။ အတော်လေးကို ပူထူသွားပါတယ်။ နောက်တစ်ပါတ် ကျူရှင်မှာ သူတို့နဲ့ တွေ့ဖြစ်တော့ အဲဒီအကြောင်းကို ပြန်ပြောဖြစ်ပါတယ်။ သိပ်တောင် မစောင့်လိုက်ရပါဘူး။ နောက်တစ်နေ့ည ကျူရှင်အပြန်မှာ ပွဲကြီးတစ်ပွဲ ဖြစ်တော့တာပါပဲ။ ဘယ်သူတွေက လူမှားရိုက်လဲဆိုတာ သူတို့ဘာသာ သူတို့သိထားကြပုံပဲ။ ကျူရှင်အချိန်မှာ လူစုပြီး သွားတီးကြတာပဲ။ ကျွန်တော်က ကိုယ့်ဘာသာ ကိုယ်အိမ်ပြန်သွားတော့ ပွဲကို မြင်တောင် မမြင်လိုက်ရဘူး။ သူတို့ လူစုလိုက်တာပဲ သိလိုက်ရတယ်။ ဆယ်တန်းဖြေပြီး နောက်ပိုင်းတော့ သိပ်မတွေ့မိတော့ဘူး။

တက္ကသိုလ်ရောက်တော့လည်း ကျောင်းမှာ ဘယ်သူမှ မပေါင်းတဲ့ ထောင်ထွက် ကျောင်းသားဟောင်းကြီးနဲ့ ပေါင်းဖြစ်တယ်။ သူက စတုတ္ထနှစ်မှာ ထောင်ကျသွားတာ။ ၁၉၉၅ မှာ ထောင်ကျခဲ့တာ ၂၀၀၃ မှာ ပြန်လွတ်လာတယ်။ ထောင်ထဲမှာ ၇ နှစ်တောင် နေခဲ့ရတော့ စာတွေလည်း မေ့ရောပေါ့။ စတုတ္ထနှစ်ကိုလည်း နှစ်ဝက်ကနေ တက်ရတော့ ကြားထဲမှာ လွတ်ထားတဲ့ စာတွေက အများသား။ လွတ်သွားတဲ့စာတွေကို ပြန်ကူးဖို့ ကျောင်းစာအုပ်တွေ ငှားတော့လည်း စာမေးပွဲနီးနေလို့ အတန်းထဲက သိပ်မငှားချင်ကြဘူး။ စာတွေ ရှင်းပြဖို့ကျတော့လည်း အဆက်အဆံ မလုပ်ချင်ကြဘူး။ အဲဒါနဲ့ပဲ ဘယ်သူမှ မပေါင်းတဲ့ လူတွေကျွန်တော်နဲ့ ရင်းနှီးခဲ့တယ်။ ကျောင်းစာတွေနဲ့ ပတ်သတ်ပြီး သူ့အိမ်ကို ၀င်ထွက် သွားလာဖြစ်သွားတယ်။ သူ့ဘွဲရတဲ့အထိ ကျွန်တော်နဲ့ နောက် သူငယ်ချင်းတစ်ဦးက အစွမ်းကုန် ကူညီခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ပြည်လမ်းက ပြင်သစ်ယဉ်ကျေးမှုးသံရုံးမှာ ပြင်သစ်စာ သင်ဖို့ စကော်လာရခဲ့တယ်။ ဒါပေမယ့် စီးပွါးရေးတစ်ဖက်နဲ့ ကျောင်းမှန်အောင် မတက်နိုင်ခဲ့ဘူး။ အဲဒီလိုပဲ သူ့ကျေးဇူးနဲ့ပဲ ရဲစခန်းက ခေါ်စစ်တယ်။ သူ့ကျေးဇူးနဲ့ပဲ သတိပေးခံရတယ်။ စောင့်ကြည့်ခံရတယ်။ သူကတော့ စက်တင်ဘာကတည်းက အထဲ ပြန်ရောက်နေပြီ။

ကျောင်းပြီးတော့ စီးပွါးရေးအသေးလေးကို သူငယ်ချင်းတွေနဲ့ ပေါင်းပြီး လုပ်ဖြစ်သေးတယ်။ ကိုယ်နေတဲ့ လမ်းမှာ မဟုတ်ပဲ အခြားရပ်ကွက်က လမ်းမှာ အလုပ်သွားလုပ်တော့ လမ်းထဲက လူမိုက်ပေါက်စလေးတွေက မိုက်ကြေးခွဲချင်ပါတယ်။ "ခေတ်မကောင်းလို့ ရူးချင်ယောင် ဆောင်နေတာ... ဘာကောင်မှတ်လဲ" ဆိုတာမျိုးလေးတွေနဲ့ မထိတထိ သွေးတိုးစမ်းကြပါတယ်။ ကျွန်တော်ကတော့ ကိုယ့်စီးပွါးရေးက အဓိကဆိုပြီး ဘာမှတော့ သိပ်မပြောပါဘူး။ သူငယ်ချင်းတွေကတော့ လက်ယားနေကြပြီ။ ခက်တာက အဲဒီကောင်လေးတွေ မသိတာက အခု စီးပွါးရေးကို ၀ိုင်းလုပ်နေတဲ့ သူငယ်ချင်းတွေက ဘယ်လို ဇ တွေ ရှိတယ်ဆိုတာ သူတို့ မသိတာပါ။ တခြားရပ်ကွက်ကနေ လာခဲ့တော့ နောက်ကြောင်း ရာဇ၀င်ကို သေချာမစုံစမ်းပဲ လျှော့တွက်တာ သူတို့အမှားပါပဲ။ နောက်ပိုင်းတော့ အစ်ကို ဆိုတာကို ပါးစပ်ဖျားက မချတော့ပါဘူး။ ဘယ်လို ဇ တွေ ရှိတဲ့ ဆိုတဲ့အကြောင်း သဘောပေါက်သွားကြတာကိုး။ သူတို့တွေ ဖင်တုန်အောင် ကြောက်နေရတဲ့ ဆရာကြီးတွေက ကိုယ်တွေနဲ့က ပေါဖော်ပေါဖက်တွေလေ။

အဲဒီလိုနဲ့ သွေးကြွတဲ့ လူငယ်တွေကြားမှာ လူမိုက် လူဆိုး မလုပ်ခဲ့ပေမယ့် သူတို့ကို လမ်းမမှားရအောင်တော့ အတတ်နိုင်ဆုံး နားချပေးခဲ့တယ်။ စကေဘာတွေ ဓါးမြောင်တွေ ဆောင်ထားရင် လက်နက်မှုနဲ့ ဖမ်းခံရမှာ စိုးလို့ ၀က်အူလက်တွေ ပြောင်းဆောင်ခိုင်းတယ်။ မဆောင်ထားပါနဲ့လို့ တားလို့မှ မရတဲ့အဆုံး လက်နက်မှု မမြောက်တဲ့အရာပဲ ဆောင်ခိုင်းထားရတာပဲလေ။ ရန်မဖြစ်နဲ့လို့ မပြောတော့ဘူး။ လက်မလွန်စေနဲ့လို့ပဲ ပြောတော့တယ်။ အရက် မသောက်နဲ့လို့ မမှာတော့ဘူး။ မူးပြီး မရမ်းဖို့ပဲ မှာတယ်။ ဆေးလိပ် မသောက်ဖို့ မဆူတော့ဘူး။ ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားတွေ မသုံးဖို့ပဲ စောင့်ကြည့်တော့တယ်။ အပျော်အပါး မမက်ပါနဲ့။ ပြည့်တန်ဆာတွေဆီ မသွားပါနဲ့လို့ မတားတော့ဘူး။ ကွန်ဒုံးဆောင်ဖို့ပဲ ကွန်ဒုံး အသုံးပြုပုံ မှန်ကန်ဖို့ပဲ သင်ပေးတော့တယ်။ ကွန်ဒုံးပါ အလကား ဝေပေးသေးတယ်။ အဟီး...

အဲဒီလိုနဲ့ပဲ ခပ်ဆိုးဆိုး သူငယ်ချင်းတွေကြားမှာ... ခပ်ပေပေ ခပ်တေတေ လူငယ်တွေကြားမှာ... ဘ၀ကို သိက္ခာရှိရှိ ဂျစ်ပစီတစ်ယောက်လို ဖြတ်သန်းရင်း ကျွန်တော်တစ်ယောက် လူဆိုးတစ်ပိုင်း ယောကျာ်းရိုင်းကြီး ဖြစ်ခဲ့ရသလိုပါပဲ။ ဟုတ်ကဲ့... ကျွန်တော် လူဆိုးလေးလား ခင်ဗျာ။ အဟက်...