.:: Download Myanmar Font (WinKalaw New Version) HERE ::.
Showing posts with label Travelling. Show all posts
Showing posts with label Travelling. Show all posts

Monday, June 12, 2017

Kampung Pelangi

အင်ဒိုနီးရှားမှာ Rainbow Village ဆိုတာလေး အခုတလောမှာ နာမည်ကြီးလာပါတယ်။ Kampung Wonosari လို့ ခေါ်တဲ့ အဲဒီရွာလေးဟာ အင်ဒိုနီးရှားရဲ့ ဆီမာယမ်ဆိုတဲ့အရပ်မှာ တည်ရှိတာပါ။

အဲဒီရွာလေးရဲ့ တောင်စောင်းမှာ ပြွတ်ပြွတ်သိပ်သိပ် ဆောက်ထားတဲ့ အိမ်တွေကို သက်တံရောင်စုံ ဆေးသုတ်တဲ့ စီမံကိန်းကို အဲဒီရွာလေးရဲ့ ဒေသခံလူထုနဲ့ အုပ်ချုပ်သူတွေက စတင်ခဲ့ပါတယ်။ ဒေသခံအစိုးရဟာ အဲဒီစီမံကိန်းအတွက် ဒေါ်လာ နှစ်သိန်းကျော် ကျခံသုံးစွဲခဲ့ပြီး အင်ဒိုနီးရှား ဆောက်လုပ်ရေးအသင်းကလည်း လိုအပ်တဲ့ အိမ်သုတ်ဆေးနဲ့ ကျွမ်းကျင်အလုပ်သမား အကူအညီတွေကို ပေးပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ကို အိမ်အမိုးတွေ အပါအဝင် အိမ်တွေကို အနည်းဆုံး အရောင် ၃ ရောင် ဆေးသုတ်ခိုင်းပါတယ်။ နံရံတွေမှာလည်း 3D ရုပ်လုံးကြွ နံရံပန်းချီတွေလည်း ဆွဲခိုင်းပါတယ်။ ရွာထဲက တံတားတွေနဲ့ ခုံတန်းတွေကိုလည်း ဆေးရောင်စုံတွေ သုတ်ကြပါတယ်။ ဆင်းရဲသား အများစုရှိတဲ့ သာမန်အိမ်လေးတွေနဲ့ ပြည့်ကျပ်နေတဲ့နေရာကို ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်နိုင်ဖို့အတွက် ပြောင်းလဲလိုက်တာပါ။ အရင်က အမှိုက်တွေပွပြီး ညစ်ညမ်းနေတဲ့ မြစ်ကြီးကိုလည်း သန့်ရှင်းအောင် လုပ်နေကြပါပြီ။

အချိန်ကာလ ၁ လကျော် လုပ်ခဲ့တဲ့ စီမံကိန်းကြောင့် အခုဆို အဲဒီရွာလေးဟာ ခရီးသည်တွေ လာရောက် လည်ပတ်တဲ့အတွက် စိုစိုပြေပြေ ဖြစ်လာပါပြီ။ အရင်က ညစ်ပတ်စုတ်ပြတ်နေတဲ့ ရွာလေးကနေ ခရီးသည်တွေကို စွဲဆောင်မှုရှိတဲ့ သန့်ရှင်းတဲ့ ရွာလေးဖြစ်လာပါတယ်။ အရောင်မျိုးစုံနဲ့ လှနေတဲ့ ရွာလေးကို ဓါတ်ပုံဝါသနာရှင်တွေ အများစု လာရောက် လည်ပတ်ကြပါတယ်။ ဒေသခံတွေဟာ ခရီးသည်တွေအတွက် ရောင်းချတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ၊ စားသောက်ဖွယ်ရာတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကနေ ပုံမှန်ဝင်ငွေတွေ ရနေကြပါပြီ။

ဆန်းဆန်းပြားပြား လုပ်ဆောင်ချက်တွေ... ခက်ခဲရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ မပါဝင်ပဲ ရိုးရိုးရှင်းရှင်း လုပ်ဆောင်ချက်လေး ဖြစ်တဲ့ သက်တံရောင်စဉ်ရွာကလေးရဲ့ တဟုန်ထိုး အောင်မြင်မှုဟာ တကယ်ကို အတုယူရမယ့် စီမံကိန်းတခုပါပဲ။

Tuesday, June 6, 2017

Journey with SE7 to HCMC

ရန်ကုန်- မန္တလေး ရထားလိုမျိုး ဗီယက်နမ်မှာ ဆိုင်ဂုံနဲ့ ဟနွိုင်း ပြေးတဲ့ ရထား ရှိတယ်။ နိုင်ငံရဲ့မြို့တော် ဟနွိုင်းက မြောက်ပိုင်းမှာ... စီးပွါးရေးမြို့တော် ဆိုင်ဂုံ (အခု ဟိုချီမင်းမြို့)က တောင်ပိုင်းမှာ ရှိတယ်။ ဆိုင်ဂုံလို့ ပြောရင် ဒေသခံတွေက ပိုသိပါတယ်။ ဟိုချီမင်းမြို့လို့ မသုံးကြပါဘူး။ ဟနွိုင်းက လာတဲ့ ရထားက ဆိုင်ဂုံမှာ ဂိတ်ဆုံးတယ်။ အဲဒီလိုပဲ ဆိုင်ဂုံက လာတဲ့ ရထားက ဟနွိုင်းမှာ ဂိတ်ဆုံးတယ်။ တနေ့ တနေ့ အဲဒီလို အသွားအပြန် ရထားတွေ ၄ စီး ၅ စီးလောက် ရှိတယ်။

တခြားရထားတွေအကြောင်း မသိပေမယ့် ကိုယ်စီးခဲ့တဲ့ SE7 အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ SE7 က ဟနွိုင်းကနေ ဆိုင်ဂုံကို သွားတဲ့ ရထားပါ။ အဲဒီရထားကို လမ်းတဝက်ဖြစ်တဲ့ ညချမ်းမြို့ကနေ စီးတာပါ။ ရထားဝင်ချိန် မှန်ပါတယ်။ ၈ နာရီ ၃၅ မိနစ်မှာ ရထားဝင်လာပါတယ်။ အတက်အဆင်း ၁၅ မိနစ်လောက် အချိန်ပေးတဲ့နောက် ဆက်ထွက်ပါတယ်။ ဆိုင်ဂုံကို မရောက်ခင် ကြားထဲမှာ ဘူတာ ၆ ခုလောက် ရပ်ပါတယ်။ ဆိုင်ဂုံက ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဆိုက်ပါတယ်။ ပြောချင်တာက အချိန်တိကျပါတယ်။

ရထားလက်မှတ်ခက ဈေးသင့်ပါတယ်။ လေယာဉ်နဲ့ သွားရင် တယောက်ကို ဒေါ်လာ ၇၀ လောက် ကျပေမယ့် ရထားနဲ့က အိပ်စင်နဲ့အခန်းမှာ တယောက်ကို ဒေါ်လာ ၅၀ လောက်ပဲ ကုန်ပါတယ်။ ၄ နှစ်အောက် ကလေးတွေက လက်မှတ် ဝယ်စရာ မလိုပါဘူး။ အွန်လိုင်းကနေ လက်မှတ် ဝယ်လို့ ရပြီး လက်မှတ်ကို ပရင့်ထုတ်ပြီး ယူသွားနိုင်ပါတယ်။ ခရီးသည်တွေကို ရေသန့်တဗူးစီ ပေးပါတယ်။ ထမင်းစားချိန်မှာ ရထားက ဝန်ထမ်းတွေက ထမင်းဗူးတွေ လိုက်ရောင်းပါတယ်။

ရထားအခန်းထဲမှာ အိပ်စင် ၄ ခု ရှိပါတယ်။ အလယ်မှာ စားပွဲလေး တလုံး ရှိပြီး ပြတင်းတံခါး ရှိပါတယ်။ အခန်းထဲမှာ အဲကွန်းရယ် မီးအားသွင်းဖို့ ပလပ်ပေါက်ရယ်၊ အဝတ်အစား ချိတ်ဖို့ ချိတ်ရယ် ထားပေးထားပါတယ်။ ရထားတွဲတိုင်းမှာ အိမ်သာ ရှိပါတယ်။ အိမ်သာရဲ့ သန့်ရှင်းမှုက အကောင်းဆုံး မဟုတ်ပေမယ့် လက်ခံနိုင်တဲ့ အနေအထားပါ။

ရထားလမ်းတွေ ကောင်းပါတယ်။ ရထားက သိပ် မခုန်ပါ။ ဒါပေမယ့် စင်္ကာပူက ရထားလို အငြိမ်လည်း မဟုတ်ပါ။ ဘယ်ညာ လူးပါတယ်။ ဖွဖွလေး ခုန်ပါတယ်။ အိပ်ချင်နေတဲ့သူအတွက် ချော့သိပ်သလိုပါပဲ။ အခန်းတံခါး ဖွင့်ထားရင် ကော်ရီဒါဘက်က ပြတင်းပေါက်ကနေ တခြားဘက်အခြမ်းက မြင်ကွင်းတွေကို မြင်ရပါတယ်။

ရထားနဲ့ သွားတော့ ရထားလမ်းတလျှောက် ဗီယက်နမ်နိုင်ငံရဲ့ အခြေအနေကို မြင်တွေ့နိုင်ပါတယ်။ တွေ့မိသမျှ တောင်ကုန်း တောင်တန်းတွေဟာ စိမ်းစိုနေပါတယ်။ တောင်ကတုံးတွေ မတွေ့မိဘူး။ လမ်းဘေးတလျှောက်မှာ ရာဘာစိုက်ခင်းတွေ၊ နဂါးမောက်သီး စိုက်ခင်းတွေ၊ သီဟိုဠ်ပင်စိုက်ခင်းတွေ အစီအရီပါပဲ။ လျှပ်စစ်မီးက လမ်းတလျှောက်လုံး ရတာကို ဓါတ်ကြိုးတွေကို မြင်ရင် သိနိုင်ပါတယ်။

မကောင်းတာတွေလည်း ပြောချင်ပါတယ်။ အိပ်ခန်းထဲမှာ ကြွက်ရှိပါတယ်။ တခါတလေ ကုတင်အောက်က ထွက်လာတာကို တွေ့ရပါတယ်။ အခန်းရဲ့ အနံ့အသက်က သိပ်မကောင်းပါ။ ညှီစို့စို့ အနံ့ ရှိပါတယ်။ အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်တွေဟာ ရှေ့က ဆင်းသွားတဲ့ ခရီးသည်တွေ သုံးပြီးသားတွေပါ။ အိပ်ယာခင်းတွေ ညစ်ပတ်ပါတယ်။ ရထားတွဲစောင့်က တံမြက်စည်း လှဲပေမယ့် အခန်းထဲမှာ စည်းမဲ့ကမ်းမဲ့ ပစ်ထားတဲ့ အမှိုက်တွေ ရှိပါတယ်။

နောက်တချက်က ဆေးလိပ်မသောက်ရ ဆိုတဲ့ ရထားတွဲထဲမှာ ဗီယက်နမ်တွေ ဆေးလိပ် သောက်ကြပါတယ်။ ဘယ်အခန်းက သောက်နေမှန်း မသိရပေမယ့် လမ်းတလျှောက်မှာ ဆေးလိပ်နံ့ ၃ ခါလောက် ရပါတယ်။ ကလေးတွေ လူကြီးတွေ ဆူညံ့အော်ဟစ် စကားပြောကြပါတယ်။ တခြားအခန်းက လူတွေကို အားနာမှု မရှိပါဘူး။ အခန်းတံခါးကို မှားဖွင့်မိရင်လည်း ပြန်မပိတ်ပေးမယ် ခပ်တည်တည်နဲ့ ဆက်ထွက်သွားတာလည်း ရှိပါတယ်။

ရထားလမ်းတလျှောက် မြို့ရွာတွေကို ဖြတ်သွားရင် ဘာတွေ့ရသလဲ ဆိုတော့ ရထားလမ်းဘေးမှာ အမှိုက်ပစ်တာကို တွေ့ရပါတယ်။ လမ်းတခုပဲ ခြားတဲ့ အိမ်ကနေ ရထားလမ်းဘက်မှာ အမှိုက်တွေ လာသွန်တာကို ရထားပေါ်ကနေ တွေ့ရပါတယ်။ မြစ်ချောင်းတွေမှာလည်း မြစ်ထဲ ချောင်းထဲကို အမှိုက်ပစ်ချတာကို မြင်ရပါတယ်။

ဗီယက်နမ်ရဲ့ လူနေမှုမြင်ကွင်း အတွေ့အကြုံ လိုချင်ရင်တော့ ရထားစီးသင့်ပါတယ်။ လေယာဉ်စီးတာက ဘာမှ မမြင်လိုက်ရဘူးလေ။ ဒါပေမယ့် မကောင်းတဲ့အချက်တွေကို သည်းခံနိုင်မှ ရထားစီးဖို့ အကြံပေးချင်ပါတယ်။

Tuesday, May 30, 2017

Need to learn the second Language


ညနေရုံးဆင်းပြီး ဟိုတယ်ပြန် ရေမိုးချိုး... ညစာ ထွက်စားပြီးတော့ People Committee Hall ရှေ့မှာ လမ်းဘေးဈေးသည်တွေ ရောင်းတဲ့ Vietnamese Pizza လို့ အလွယ်ခေါ်ကြတဲ့ Banh Trang Nuong ကို ဝယ်နေတုန်း မုန့်သည်ကြီး မုန့်လုပ်နေတာကို အဖြူအဖိုးကြီးတယောက်က ဘီယာဗူးကိုင်ပြီး စိတ်ဝင်တစား လာရပ်ကြည့်နေတယ်။ အဲဒီမုန့်က ဘာမှန်းလဲ မသိ... ဘာတွေနဲ့ လုပ်နေမှန်းလည်း မသိ... သူမြင်တာကတော့ ကော်ပြန့်ဖတ်ကြီးကို မီးဖုတ်နေတာပဲ တွေ့ရသေးတယ်။

မိနစ်အနည်းငယ်ကြာတော့ ကိုယ့်ကို အင်္ဂလိပ်လို ပြောတတ်သလား လာမေးတယ်။ အဲဒါနဲ့ ကိုယ်လည်း သိသလောက် မုန့်အကြောင်းနဲ့ ဘာတွေ ပါသလဲ ဆိုတာကို ရှင်းပြလိုက်တော့ သဘောတွေကျပြီး ထွက်သွားတယ်။ သူ သိချင်တဲ့ဟာကို သိလိုက်ရလို့ သူ့မျက်နှာလေး ပြုံးရွှင်သွားတာကို သတိထားမိတယ်။

အင်္ဂလိပ်စကား ပြောတတ်ရင် ခရီးထွက်ရတာ အနည်းနဲ့အများ အဆင်ပြေတယ်။ သူ့ဒေသရဲ့စကား ကိုယ်နားမလည်... ကိုယ့်စကား သူနားမလည်တဲ့ ဘဝကနေ အင်္ဂလိပ်စကားကို ကြားခံဘာသာအနေနဲ့ သုံးလို့ရရင် စကားပေါက်တယ်။ အင်္ဂလိပ်စကား အားနည်းတဲ့ဒေသမှာ အင်္ဂလိပ်လို့ ပြောလို့ရတဲ့သူနဲ့ တွေ့ရင် အမျိုးတွေနဲ့ တွေ့သလိုပဲ အားရတယ်။ စားသောက်ဆိုင်မှာလည်း အင်္ဂလိပ်လို ပြောတတ်တဲ့ စားပွဲထိုးတွေ ရှိရင် ကိုယ်စားချင်တာ မှာစားရတာ အဆင်ပြေတယ်။

တကယ်တော့ ကိုယ်လည်း အင်္ဂလိပ်စကားက အ-ထစ် အ-ထစ်ပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အင်္ဂလိပ်လို လိပ်ပတ်လည်အောင်တော့ ပြောနိုင်ဆိုနိုင်လာပြီ။ ငယ်တုန်းကဆို အင်္ဂလိပ်စာကို အတော်ကြောက်တယ်။ ဆယ်တန်းမှာလည်း အင်္ဂလိပ်စာက အမှတ်အနည်းဆုံးပဲ။ တက္ကသိုလ် ရောက်လာတော့ တင်ရသမျှ ဘွဲ့ယူစာတမ်းတွေ (Term paper and Thesis) ကိုတော့ အင်္ဂလိပ်လိုပဲ ရေးတင်ဖြစ်တယ်။ အဲဒါကလည်း အင်္ဂလိပ်စာကို ကျွမ်းတဲ့ သူငယ်ချင်းနဲ့ ဆရာတွေက ဝိုင်းပြင် ဝိုင်းစစ်ပေးလို့ လုပ်နိုင်တာ။

ဒီလိုနဲ့ ကိုယ့်ဘဝဇာတ်ကြောင်းအရ မွေးတမြေခြားမှာ လုပ်ကိုင် စားသောက်ရတော့လည်း ဝက်ဖြစ်မှတော့ မစင် မကြောက်တော့ဘူးလေ။ ခွေးအကြီး လှည်းနင်းထားတဲ့ ဘဝကနေ အခုလို လိပ်ပတ်လည်လာအောင် ကြောက်ကြောက်နဲ့ပဲ ပြောရတာပေါ့။ အဲဒီ အင်္ဂလိပ်စာနဲ့ပဲ အာဆီယံထဲမှာ ဟိုဟိုဒီဒီ သွားလို့လာလို့ ရနေတာ။ ကမ္ဘာပတ်နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို မြင်ရင် တကယ်ကို အားကျမိပါတယ်။ သူတို့ရဲ့ အချိန်၊ စုဆောင်းထားတဲ့ ငွေ၊ ဘာသာစကား အင်အားနဲ့ စိတ်ဓါတ်ခွန်အားကို အသုံးချပြီး ကမ္ဘာအနှံ့ ခြေဆန့်နေတာကို အားကျတာပါ။

ပြောချင်တာကတော့ အင်္ဂလိပ်လို တတ်ရင် ဘယ်နိုင်ငံသွားသွား အနည်းဆုံးတော့ စကားပေါက်ပါတယ်လို့။

Wednesday, December 21, 2016

Complaint Master

တခါတလေ ကိုယ်တွေ မြန်မာအချင်းချင်း သိပ်ခက်တယ်။ ဘာမှ မဟုတ်တာတွေကို ရစ်ကြတယ်။
ရန်ကုန်ဘက်ကို လေယာဉ်စီးတုန်းကပေါ့... လေယာဉ်မယ် လေယာဉ်မောင်တွေက မြန်မာတွေ။ လေယာဉ်ပေါ်မှာ ထမင်းကျွေးတဲ့အချိန် ရောက်တော့... လေယာဉ်မောင်က ကြက်သားနဲ့ ထမင်း စားမလား.... ငါးသားနဲ့ ခေါက်ဆွဲကြော် စားမလား တယောက်ချင်းကို မေးပြီး ဝန်ဆောင်မှုတွေ ပေးတယ်။ တနေရာကို ရောက်တော့ အဲဒီခုံတန်းက ကိုရွှေမြန်မာက ရစ်ပါလေရော။

ကြက်သားက ဟာလာ လုပ်ထားသလားတဲ့။ မေးတဲ့သူက အသံအကျယ်ကြီးနဲ့ မေးပေမယ့် ဖြေတဲ့သူကတော့ တိုးတိုးတိတ်တိတ်ပဲ ဖြေတော့ လေယာဉ်မောင်က ဘာဖြေလိုက်သလဲတော့ မကြားလိုက်ရဘူး။ အဲဒီကနေ ရစ်နေတာ ဖြေရှင်းလို့ မရတော့ ရှေ့ခေါင်းခန်းက ပိုပြီး စီနီယာကျတဲ့ လေယာဉ်မယ်က အဲဒီခုံကို ရောက်လာပြီး ဖြေရှင်းပေးပါတယ်။

သူ စားချင်တာက ငါးထမင်းနယ်တဲ့။ လေယာဉ်မယ်က ပြန်ဖြေပါတယ်။ အဲဒါမျိုးက သီးသန့်ကြိုတင်မှာထားမှ ရပါတယ်ပေါ့။ အခုအခေါက်မှာတော့ ကြက်သားနဲ့ ငါးပဲ ပါတယ် ဆိုတာကို သေချာ ပြန်ရှင်းပြပါတယ်။ အဲဒီအခါ ကိုယ်တော်ချောက အဲဒါဆို သူက Seafood ပင်လယ်စာနဲ့ စားချင်ပါတယ် ဆိုပြီး ပြန်ပြောင်းပြောပြန်ရော။ ကြက်သား မစားတဲ့သူတွေအတွက် ပင်လယ်စာတော့ ရှိသင့်ပါတယ် ဆိုပြီး ထပ်ရစ်တယ်။ သူဟာ Singapore Airlines, Silk Air, Jet Star, Air Asia အကုန်စီးဖူးတယ်။ အဲဒီလေယာဉ်တွေမှာ Seafood ပင်လယ်စာ သီးသန့် လုပ်ပေးထားတယ် ဘာညာတွေ ဆက်ပြီး ရွှီးပြန်လေတယ်။ သူစီးဖူးသမျှ ကိုယ်လည်း စီးဖူးတော့ ရွှီးနေမှန်း သိပ်သိသာလွန်းတယ်။
ဟာလာ မလုပ်ထားတဲ့ ကြက်သားဆိုရင် အဲဒါဟာ ဘာသာရေးကို စော်ကားရာ ရောက်တယ်။ ပင်လယ်စာတွေ ရှိသင့်တယ် ဘာညာတွေ ထပ်ပြောလေရော။ အဲဒီစကားအရ ကိုယ်တွေ ထင်တာက သူက မွတ်စလင် ဘာသာဝင်များလာပေါ့။ နောက်ဆုံး သူ ထပ်ပြောလိုက်မှပဲ ရှင်းသွားတယ်။ သူက မွတ်စလင်ဘာသာဝင် မဟုတ်ပါဘူးတဲ့။ သူများ ဘာသာအတွက် စဉ်းစားမိလို့ အခုလို အကြံပေးရတာပါတဲ့။

လေယာဉ်ပေါ်က လူတွေလည်း သူ့ရဲ့ ဟောင်ဖွာဖွာ အသံကြားမှာပဲ မကြားချင်လည်း ကြားနေရတယ်။ လေယာဉ်မယ်ကတော့ အတော်လေး သည်းခံပြီး တောင်းပန်နေတာကို တွေ့ရတယ်။ သူ ဘယ်တော့ ပြန်မလဲ။ ဘယ်အချိန် လေယာဉ်လဲ ဆိုတာကို မေးပြီး ငါးထမင်းနယ် ရအောင် လုပ်ထားပေးပါမယ် ဆိုတာတွေလည်း ပြောနေတာ ကြားရတယ်။

အဲဒီနေရာမှာ မြန်မာမဟုတ်ပဲ တခြား လူမျိုးတွေဆိုရင် အဲဒီလို ရစ်ချင်မှ ရစ်မယ်လို့ ကိုယ်ကတော့ မြင်မိတယ်။ ကိုယ့်မြန်မာအချင်းချင်းမို့လို့ပဲ သတ္တိတွေ ကောင်းပြနေသလားပဲ။ တကယ်ကို တလွဲပါပဲ။ ရှင်းရှင်းပြရရင် အဲဒီသူဟာ သောက်တလွဲကောင်ပါပဲ။

Thursday, September 15, 2011

Lonely night at HCM



မင်း မရှိတဲ့ မြို့တော်မှာ...
ကိုယ်ဟာ ဝမ်းနည်းဆွေးမြေ့မှု
လမ်းတွေမှာ အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေပြီ
ချစ်သူ မင်းကို လွမ်းနေမိ...


မှတ်ချက်။ ဂျေမောင်မောင်ရဲ့ အသည်းကွဲမြို့တော်ထဲက သီချင်းစာသားပါ။

Friday, September 9, 2011

King Naresuan Monument



နရဲစွမ် ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖူးတဲ့သူတွေ ရှိမှာပါ။ ကျွန်တော်ကတော့ မကြည့်ဖူးသေးဘူး။ ဒါပေမယ့် အယုဒ္ဓမြို့ကို အလည်တခေါက် ရောက်တုန်းက သူ့ရဲ့အထိမ်းအမှတ်ရုပ်ထုဆီတော့ ရောက်ခဲ့တယ်။ ဘုရင့်နောင် တည်ခဲ့တဲ့ ရွှေတောင်ဘုရားဆီကို လာတဲ့လမ်းရဲ့ အလည်ကျွန်းမှာ သူ့အထိမ်းအမှတ် ရုပ်ထုကြီးကို ခမ်းခမ်းနားနား ဂုဏ်ပြု ထုလုပ်ထားတယ်။ ထိုင်းတွေအတွက် နရဲစွမ်က သူရဲကောင်းတဦးပါပဲ။

နရဲစွမ်ကို ၁၅၅၅ ဧပြီလမှာ မွေးဖွားတယ်လို့ မှတ်သားဖူးပါတယ်။ ထိုင်းတွေက သူ့ကို မင်းသားနက် လို့ ခေါ်ပြီး သူ့ညီကိုတော့ မင်းသားဖြူလို့ ခေါ်ကြတယ်။ သူ့ညီက အသားဖြူပြီး သူက အသားမည်းလို့ အဲဒီလိုမျိုး အခေါ်ခံရတာလား ဆိုတာတာ့ သေချာ မသိပါ။ သူ့တို့ အစ်မကြီးကိုတော့ ရွှေမင်းသမီးလို့ တင်စားကြတယ်။ သေချာတာကတော့ မောင်နှမ သုံးယောက် ရှိတယ်ပေါ့။

အယုဒ္ဓယမြို့ကို ဗမာတွေ သိမ်းပိုက်ပြီးတဲ့နောက် သူနဲ့ သူ့ညီကို ဘုရင့်နောင်က မွေးစားမယ်ဆိုပြီး ပဲခူးကို ခေါ်သွားပါတယ်။ အဲဒါကိုတော့ ဓါးစားခံ အနေနဲ့ သိမ်းထားတယ်လို့ပဲ ကျွန်တော် မြင်မိပါတယ်။ အဲဒီလို ပဲခူးမှာ ကြီးပြင်းလာခဲ့တဲ့ နရဲစွမ်တယောက် ပေါ်တူဂီတွေရဲ့ ခေတ်မှီလက်နက်တွေ၊ ဗမာတွေရဲ့ စစ်ချီစစ်ခင်း သေနင်္ဂဗျူဟာတွေကို နားလည် တတ်ကျွမ်း သင်ယူနိုင်ခဲ့တယ်။ အဲဒီဟာတွေက အယုဒ္ဓမြို့ လွတ်လပ်ရေး ရဖို့ ဗမာတွေကို တော်လှန်တဲ့အခါမှာ အတော်ကို အသုံးတည့်ခဲ့ပါတယ်။ သူ့အရိုးနဲ့ သူ့ပြန်ထိုးတယ်... ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်။

ဘုရင့်နောင်မှာ နန္ဒ လို့ ခေါ်တဲ့ သားတော်ရှိတယ်။ နရဲစွမ်နဲ့ သက်တူ ရွယ်တူ ကစားဖော်ပေါ့။ သူတို့ ကလေးဘဝမှာ ကြက်တိုက်တုန်းက နရဲစွမ်ရဲ့ ကြက်က အနိုင်ရလေ့ရှိတယ်။ အဲဒီကြက်ဝိုင်းမှာ နရဲစွမ်က တချိန်ကျရင် ငါ့မြို့တော်ကို ငါပြန်ပြီး အုပ်ချုပ် မင်းလုပ်မယ်... လို့ ပြောခဲ့တယ် ဆိုပဲ။ အဲဒီကြက်ဝိုင်းမှာ ကျွန်တော် မပါတဲ့အတွက် သူပြောတဲ့ စကားလုံး အတိအကျအတိုင်း မတူနိုင်ပါဘူး။ ဒါပေမယ့် သူပြောခဲ့တဲ့ အဓိပ္ပါယ်ကတော့ အဲဒီလိုမျိုးပဲ။ ကြက်ဝိုင်းနိုင်ခဲ့တဲ့ အောင်စိတ်လေးက သူ့တိုင်းပြည်ကို ပြန်သိမ်းနိုင်တဲ့အထိ အင်အားကြီးခဲ့တယ်လို့ မြင်မိတယ်။

နရဲစွမ်ရဲ့ တိုက်ကြက်က အမြီးဖြူပါတယ်။ ဗမာကြက်လား ထိုင်းကြက်လားတော့ မသိပါ။ အဲဒီ အမြီးဖြူကြက်က ဗမာဘုရင်ရဲ့သား ကိုင်တဲ့ ကြက်ကို နိုင်အောင် ခွပ်နိုင်လို့ဆိုပြီး ထိုင်းတွေက အမြီးဖြူ ကြက်ဖရုပ်ထုတွေကို နရဲစွမ်ရဲ့ အထိမ်းအမှတ် ရုပ်တုနားမှာ ပူဇော်ပသကြပါတယ်။ မျက်နှာစာဘက်မှာ ထားတဲ့ ကြက်ဖရုပ်တုတွေက လူတရပ်မက မြင့်ပါတယ်။ ကြက်ဖရုပ်တု သေးသေးလေးတွေလည်း အများကြီး တွေ့ရပါမယ်။ သမိုင်းကို မသိ နားမလည်တဲ့ သူတွေကတော့ ကြက်ဖရုပ်တုတွေ အများကြီး တွေ့ရလို့ အဲဒီနေရာနဲ့ ဘုရင့်နောင် တည်ခဲ့တဲ့ ဘုရားကို ကြက်ဘုရားလို့ ခေါ်ကြပါတယ်။ ကြက်ဘုရားကို လိုက်ပို့ပေးပါလို့ တက်စီသမားကို ပြောကြည့်ရင် ဘယ်သူမှ သိမယ် မထင်ပါဘူး။ အမှန်ကတော့ နရဲစွမ် ရုပ်တုနဲ့ ရွှေတောင်ဘုရား သီးခြား တခုစီပါပဲ။


နရဲစွမ် အထိမ်းအမှတ်ရုပ်တုကနေ လှမ်းကြည့်ရင် မြင်ရတဲ့ ခပ်စောင်းစောင်း ရွှေတောင်ဘုရား...


ကိုကြီးကျော်နတ်ကို ဗမာတွေ ကိုးကွယ်သလိုမျိုး ထိုင်းတွေကလည်း နရဲစွမ်ကို ပူဇော်ပသကြပါတယ်...


နရဲစွမ်အတွက် ဓါးတွေ ဆက်သထားတာကိုလည်း မြင်ရလိမ့်မယ်...


ဘုရင့်နောင်ရဲ့သားနဲ့ နရဲစွမ်တို့ ငယ်စဉ်ဘဝမှာ ကြက်တိုက်တဲ့ပုံလေးပေါ့...


လူတရပ်မက မြင့်တဲ့ အမြီးဖြူ တိုက်ကြက်ဖရုပ်ထုတွေလည်း အများကြီးပဲ...


နရဲစွမ်အတွက် ပသထားတဲ့ တိုက်ကြက်ဖတွေလည်း တွေ့ရလိမ့်မယ်...

Friday, August 26, 2011

The Golden Mount











အယုဒ္ဓမြို့ရဲ့ မြောက်ဘက်စွန်းစွန်းမှာ တည်ထားတဲ့ စေတီပါ။ Wat Phukhaothong လို့ အမည်တွင်ပါတယ်။ ကွင်းပြင်ကျယ်ကျယ်ထဲမှာ မိုးပေါ်ကို ထိုးတက်နေတဲ့ စေတီဟာ ရွှေတောင်ကြီးတခုအလား ထင်မှတ်စရာ ရှိလို့ ဘုရားကို ရွှေတောင်ဘုရားလို့ ဘွဲ့တော် ပေးခဲ့ပုံပါပဲ။ ဝင်ကြေး ပေးစရာ မလိုတဲ့ ဘုရားလည်း ဖြစ်ပါတယ်။ ဘုရားသမိုင်းကတော့ ၂ မျိုးကွဲနေပါတယ်။

တခုက ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓမြို့ကို အောင်နိုင်ပြီးတဲ့နောက် အောင်ပွဲအထိမ်းအမှတ် အနေနဲ့ တည်ထားတဲ့ စေတီပါ။ ပစ္စယံအဆင့်ဆင့်တွေဟာ မွန်ဗမာ ဗိသုကာလက်ရာတွေပေါ့။ ဘုရားမှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ အစက အဲဒီနေရာက ဘုန်းကြီးကျောင်းပါ။ ဘုရင့်နောင် အယုဒ္ဓမြို့ကို အောင်နိုင်ပြီးတဲ့ နောက်မှ အဲဒီ ကွင်းပြင်ကျယ်မှာ ဘုရားတည်တာပါ။

နောက်တခုကတော့ နရဲစွမ်က ဗမာတွေကို တော်လှန် အောင်မြင်ပြီးတဲ့နောက် အယုဒ္ဓမြို့ လွတ်လပ်ရေး ရတဲ့ အထိမ်းအမှတ်၊ ဗမာတွေကို နိုင်ပြီဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ ဒီဘုရားကို တည်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မွန်ဗမာ လက်ရာဖြစ်တဲ့ ပစ္စယံကို အောက်ခြေမှာ ခံထားပြီး ထိုင်းဗိသုကာ လက်ရာဖြစ်တဲ့ ၁၂ ထောင့် စေတီတော်ကို အပေါ်မှာ တည်ထားတာပါ။ ဗမာက အောက် ထိုင်းက အပေါ်မှာလို့ ဆိုလိုချင်တာပါ။ အဲဒီလိုမျိုး ရေးထားတာကို Ayutthaya - Guide to art & architecture ဆိုတဲ့ စာအုပ်မှာ တွေ့နိုင်ပါမယ်။

အဲဒီစေတီကို ငရဲမကြောက်တဲ့သူတွေက စေတီတော်ရဲ့ အနောက်ဘက် ရင်ပြင်ကနေ ပစ္စယံကို လှိုဏ်ခေါင်းတူးပြီး ဌာပနာဖောက်ဖို့ ကြိုးစားဖူးပါတယ်။ တာဝန်ရှိသူတွေက အဲဒီပစ္စယံက လှိုဏ်ခေါင်းကို ကွန်ကရစ်တွေနဲ့ ပြန်ထည့်ပြီး အစားထိုး ဖာထေးခဲ့ပေမယ့် စေတီဟာ ပစ္စယံထဲကို ၂ မီတာလောက် ကျွံဝင်သွားခဲ့ပြီး ခပ်စောင်းစောင်းလေး ဖြစ်သွားရရှာပါတယ်။ အဝေးတနေရာကနေ လှမ်းကြည့်မယ်ဆိုရင် ပစ္စယံအထက်က စေတီတော် စောင်းနေတယ်ဆိုတာကို မြင်နိုင်ပါတယ်။

အဲဒါဖြစ်ရပ်ကို သေသေချာချာ မသိခဲ့ရင် ဗမာတွေ တည်ထားတဲ့ ပစ္စယံတွေက တည့်မတ်ပြီး ထိုင်းတွေ တည်တဲ့ အပေါ်ပိုင်း စေတီက စောင်းနေတယ်လို့ ပြောဆိုနိုင်ပါတယ်။ ထိုင်းတွေ ဘုရားကို တည့်မတ်အောင် မတည်နိုင်ဘူး ညံ့တယ်ပေါ့လေ။ အမှန်တော့ လှိုဏ်ခေါင်းတူးခဲ့တာကြောင့် စေတီတခုလုံး စောင်းနေပြီး ပစ္စယံတွေပဲ အတည့်အတိုင်း ကျန်ရှိနေတာပါ ခင်ဗျာ။

Sunday, August 21, 2011

City of water













ဒီတခေါက် ထိုင်းကို အလုပ်ကိစ္စနဲ့ ရောက်ရင်း အယုဒ္ဓယမြို့ကို အလည်တခေါက် ရောက်ခဲ့ပါတယ်။ အယုဒ္ဓယမြို့တော်ဆိုတာကို သီတာမြို့လို့ ခေါ်ကြသတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမြို့ကို မြစ်သုံးစင်းက ဝန်းရံပတ်ထားတာ ကျွန်းလေး တကျွန်းလို ဖြစ်နေလို့ပါပဲ။ မိုးတွင်းမှာ ဆိုရင် မြစ်သုံးစင်းက ရေတွေ တက်လာလို့ မြို့ပတ်လည်က လယ်ကွင်းတွေမှာ ရေတဖွေးဖွေးဖြစ်နေတတ်တယ်တဲ့။ ရေတွေ အပြည့်နဲ့ လယ်ကွင်းပြင်ကြီးဟာ စစ်ရေးဗျူဟာအရဆိုရင်တော့ အတော်ကို အရေးပါတဲ့ နေရာတွေပါပဲ။ မြို့ပတ်လည်က တံတိုင်းတွေရယ် ရေပတ်လည် ဝိုင်းနေတာတွေဟာ မြို့တော်ကို တိုက်ခိုက်မယ့် ရန်သူတွေရဲ့ ဘေးကနေ ကာကွယ်ပေးနိုင်တာပေါ့။ မိုးတွင်းကာလ မဟုတ်တဲ့အချိန်မှာ ရန်သူတွေ လာတိုက်ရင်တော့ မြို့အပြင်ဘက် ကွင်းပြင်တွေရဲ့ ဝေးဝေးကနေ မိုးရွာတဲ့အချိန်ထိ ရောက်အောင် အချိန်ဆွဲ ခုံခံလေ့ရှိကြတယ်။ မိုးတွေ ရွာပြီဆိုတာနဲ့ ရန်သူတွေ မြို့ကို ကြာကြာ ဝိုင်းမထားနိုင်ပဲ ပြန်ဆုတ် သွားရတယ်တဲ့။

အယုဒ္ဓယမြို့ သက်တမ်းက ၄၁၇ နှစ် ကြာခဲ့ပြီး မင်းဆက် ၃၅ ဆက် အုပ်ချုပ်ခဲ့တယ်။ နရဲစွမ်လို့ နာမည်ကြီးတဲ့ ဘုရင်က ၂၀ ယောက်မြောက် ဘုရင်ပေါ့။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေးမှာ ဘုရင်ကတော့ အာဏာ အရှိဆုံး ပုဂ္ဂိုလ်ပါ။ ရှေးဘဝအဆက်ဆက်မှာ ကုသိုလ် ကောင်းမှူ အစုစုကို ပြုကျင့်ဖြည့်တင်းခဲ့တဲ့သူမျိုးမှ ဘုရင်ဖြစ်တယ်လို့ ယုံကြည်ကြလို့ ဘုရင်ဆိုတာ အတော်ကို ဘုန်းတန်ခိုး ကြီးလှပါတယ်။ မြို့မှ လူတန်းစား ၄ မျိုး ရှိတယ်။ ဘုရင့်ဆွေတော်မျိုးတော်၊ မှုးကြီးမတ်ရာ၊ ကုန်သည်နဲ့ သာမန်ပြည်သူတို့ပါ။ အဲဒီအထဲမှာ သာမန် ပြည်သူက လူဦးရေ အချိုးအစား အများဆုံးပေါ့။ တိုင်းပြည်ရဲ့ အင်အားကလည်း သူတို့အပေါ်မှာပဲ မူတည်ပါတယ်။

အယုဒ္ဓယမြို့နဲ့ ပတ်သက်လာရင် ဆင်တွေကိုလည်း ချန်ထားလို့ မရပါဘူး။ အဲဒီခေတ်မှာ ဆင်တွေက အတော်ကို တန်ဖိုးရှိတဲ့ တိရိစ္ဆာန်ပါ။ ဆင်များများပိုင်တဲ့ ဘုရင်က ပိုပြီးဘုန်းကြီးတယ်လို့ မြင်ကြပါတယ်။ ဆင်ဖြူကိုသာပိုင်ခဲ့ရင် အဲဒီဘုရင်မှာ ဆင်ဖြူရှင် ဆိုပြီး ဂုဏ်တခု အပိုတိုးတာပေါ့။ အဲဒီခေတ်မှာ ဆင်ကို သယ်ယူပို့ဆောင်ရေးမှာ သုံးပါတယ်။ စစ်ပွဲတွေမှာလည်း သုံးပါတယ်။ နောက်တခုကတော့ ပြည်ပပို့ကုန်အဖြစ် ဆင်တွေကို ရောင်းပါတယ်။ အိန္ဒိယနဲ့ ပါရှားဘက်က ဆင်အများဆုံး ဝယ်ပါတယ်။ အဲဒီခေတ်မှာ အနည်းဆုံး ဆင်ကောင်ရေ ၃၀၀ ကနေ ၄၀၀ ကြား နိုင်ငံခြားကို တင်ပို့ ရောင်းချခဲ့ပါတယ်။ ဆင်စွယ်ကိုတော့ တရုတ်ပြည်က အဓိက ဝယ်ပါတယ်။

အယုဒ္ဓယမြို့တော် ကျဆုံးပြီးတဲ့နောက် ထိုင်းမင်းဆက်က ဘန်ကောက်ဘက်ကို ပြောင်းရွှေ့ အခြေချပါတယ်။ ရာမဘုရင် (၁) က အယုဒ္ဓယမြို့က အုတ်တွေ ကျောက်တွေကို ဘန်ကောက်မြို့ တည်ဆောက်ရေးမှာ ယူသုံးဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒါကြောင့် ဂူဘုရားစေတီတွေ ကျောင်းဆောင်တွေ ပျက်ဆီးခဲ့ပါတယ်။ ရာမဘုရင် (၃) လက်ထက်မှာလည်း အယုဒ္ဓယမြို့က ဂဝံကျောက်တွေကို ဘန်ကောက်မြို့က အဆောက်အဦးတွေမှာ ယူသုံးဖို့ ခွင့်ပြုခဲ့ပြန်ပါတယ်။ နဂို အပျက်တွေကနေ ပျက်သထက် ပျက် ဖြစ်သွားရရှာတယ်။ ရာမဘုရင် (၄) လက်ထက်မှာတော့ အယုဒ္ဓယမြို့က ရှေးဟောင်း ဘုရားပုထိုး အဆောက်အဦးတွေကို ပြုပြင် ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။ သူ့ ကျေးဇူးကြောင့် အယုဒ္ဓယမြို့က အခုလိုမျိုး ကျန်ရှိနေတာပါ။

ဗမာတွေ စစ်လာတိုက်လို့ အယုဒ္ဓယမြို့ ပျက်ဆီးတယ် ဆိုတာထက် ဘန်ကောက်မြို့ တည်ဆောက်ဖို့ မြို့ဟောင်းက အုတ်တွေ ဂဝံကျောက်တွေ ယူသုံးဖို့ ဘုရင်တွေက ခွင့်ပြုခဲ့လို့ အယုဒ္ဓယမြို့ အခုလို အပျက်အဆီးပုံစံမျိုး ကျန်နေတယ်လို့ မြင်မိပါတယ်လေ။