.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, July 31, 2009

Summary of July 2009

၂၀၀၉ ဇူလိုင်လတော့ ကုန်ပြန်ပြီပေါ့။ ဇူလိုင်လထဲမှာ ဘာတွေ ဖြစ်ခဲ့ပျက်ခဲ့သလဲဆိုတာ မှတ်မိသလောက်လေး ချရေးကြည့်ထားအုံးမယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေပဲ များမှာပါ။ တခြားဟာတွေကိုလည်း ရေးချင်စိတ်က မရှိတော့ ခက်သား။ တချို့သော အကြောင်းကြောင်းတွေကြောင့် အကြည်ဓါတ်လေး ခမ်းနေတယ်။

ဒီလထဲမှာ ၂ ခါတောင် ဖျားတယ်။ လဆန်းပိုင်းမှာ တစ်ခါ၊ လကုန်ပိုင်းမှာ တစ်ခါ။ လဆန်းပိုင်းက အလုပ်ပိပြီး အိပ်ရေးပျက် ပင်ပန်းတာနဲ့ ဖျားချင်သလိုလို ဖြစ်တာကို ဖျားတယ်လို့ ယူဆပြီး ဖျားလိုက်တယ်။ လကုန်ပိုင်းက ရုံးမှာ ညဘက်အထိ အလုပ် လုပ်နေရတဲ့အချိန် ညစာတောင် ထွက်မစားနိုင်တော့ ဗိုက်ဆာဆာနဲ့ ရေပဲ ဖိသောက်နေလိုက်တာ အာသီးရောင်သွားတယ်။ ရုံးက ရေတွေက ရေခဲရေတွေ။ သာမန်အချိန်မှာ ရေကို ဗူးထဲပဲ ထည့်ထားလိုက်ပြီး အအေးဓါတ်လေး လျှော့သွားမှ သောက်တာ။ အဲဒီညတုန်းကတော့ ဗိုက်ဆာဆာနဲ့ ရေဖိသောက်နေတော့ ရေအေးတဲ့အထိ မစောင့်မိလိုက်ဘူး။ ရလဒ်ကတော့ ဆေးခွင့် ၂ ရက်နဲ့ အိပ်ရာပေါ်မှာ ပက်လက်ကလေးပဲ။ ဘောနပ်စ်အနေနဲ့ ချစ်သူလေးက ကျန်းမာရေး ဂရုမစိုက်လို့ဆိုပြီး ဆူပါသေးတယ်။

ဒီလထဲမှာ ပိုက်ဆံ အတော်လေး ကုန်ပါတယ်။ ကုန်စရာရှိတော့လည်း ကုန်တာပေါ့။ စင်္ကာပူမှာ ဆေးလာကုတဲ့ သူငယ်ချင်းနဲ့ ဒီမှာရှိနေတဲ့ သူငယ်ချင်းတွေ စုပြီး စင်္ကာပူကျွန်းပေါ်မှာ ဟိုဟိုဒီဒီ သွားကြ လည်ကြတော့ ပိုက်ဆံကုန်တာပေါ့။ တက္ကစီဖိုးလည်း မနည်းဘူး။ စင်္ကာပူရဟတ်လည်း ထပ်စီးဖြစ်လိုက်တယ်။ ဒူးရင်းသီးထဲက တရုတ်သံစုံတီးဝိုင်း ဖျော်ဖြေမှုတွေကိုလည်း အားပေးဖြစ်လိုက်တယ်။ ညဘက်ဆိုလည်း ငါးခြင်္သေ့နားက ကော်ဖီဆိုင်မှာ ထိုင်ဖြစ်ကြသေးတယ်။ အဲဒီလိုပဲ ဒီလထဲမှာ အ၀တ်အစားတွေ အတော်လေး ၀ယ်ဖြစ်တယ်။ ကိုယ့်အတွက်ရော သူများအတွက်ရော။ မြှောက်ပေးတဲ့သူကလည်း မြှောက်ပေးကြတယ်။ အဲဒီတော့ ပိုက်ဆံ အတော်ကုန်ခဲ့ပါလေရော။

ဒီလထဲမှာ ဘဏ်စာရင်းထဲကို ငွေတွေ အတော်ဝင်ပါတယ်။ အထင်မကြီးကြပါနဲ့။ ကျွန်တော့်ပိုက်ဆံ မဟုတ်ပါ။ အာရုံဆွမ်းအလှူအတွက် လွှဲထားတဲ့ အလှူငွေတွေပါ။ အင်တာနက်ကနေ ဘဏ်စာရင်း စစ်လို့ရပေမယ့် ကျွန်တော့်မှာ အဲဒါက ပျက်နေပါတယ်။ အဲဒီတော့ ၂ ရက်ခြား တစ်ခါလောက် စင်္ကာပူထုံးစံ ဘဏ်ရှေ့ တန်းစီပြီး ဘဏ်စာအုပ်ကို စာရင်းဖြည့်ပြီး လွှဲထားတဲ့ အလှူငွေကို စစ်ရပါတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင်... အထူးသဖြင့် အခုလို အလှူငွေတွေနဲ့ ပတ်သက်ရင် အတော်လေးကို သတိထားရပါတယ်။ ကိုယ်ပိုင်ငွေ မဟုတ်တော့ အရာရာကို စနစ်တကျ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ လုပ်ရကိုင်ရပါတယ်။ ယုံကြည်လို့ လွှဲထားတာဆိုတော့ သံသယတွေ မရှိစေချင်ဘူး။ ဒါကြောင့် တိတိကျကျ လုပ်မိခဲ့တယ်။ အလှူရှင်တချို့က အဲဒါမျိုး အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အကြောင်းပြန်တာကို ဘာတွေများ ပြဿနာတွေ ရှိနေလို့လဲ ဆိုပြီး လာမေးကြတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဒါဟာ ကျွန်တော့်ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။

ဒီလထဲမှာ ကျွန်တော်တို့ဌာနမှာ ဌာနခွဲမန်နေဂျာအသစ် ထပ်ခန့်တယ်။ လက်ထောက်မန်နေဂျာက ဌာနမှာ ၀ိုင်းကူလုပ်မယ့် မန်နေဂျာ အဆင့်မဟုတ်တဲ့ ၀န်ထမ်းတွေ လိုတယ်ဆိုပြီး မန်နေဂျာကြီးကို တင်ပြထားတာ ကြာပါပြီ။ အဲဒါကို ဘယ်ကနေ ဘယ်လို ရွှေဥာဏ်တော်တွေ စူးရောက်သွားလဲ မသိပါဘူး။ ခန့်လိုက်တော့ လက်ထောက်မန်နေဂျာထက် တစ်ဆင့်မြင့်တဲ့ ဌာနခွဲမန်နေဂျာတဲ့။ ကူဖို့ လူလိုတယ် ပြောတာ ခိုင်းမယ့်လူ ထပ်ခန့်လိုက်တော့ လက်ထောက်မန်နေဂျာလည်း အီလည်လည် ဖြစ်သွားတယ်။ သူ့အတွက် ရာထူးတိုးမယ့် အခွင့်အလမ်း ပိတ်သွားတာပေါ့။ လခနည်းလွန်းလို့ လခတိုးတောင်းထားတဲ့ တရုတ်တစ်ယောက်လည်း ရုံးကို အစာမကြေဖြစ်သွားတယ်။ သူ လခတိုးတောင်းတုန်းက ဘတ်ဂျက်မရှိလို့ပါ ဆိုပြီး ငြင်းထားပြီးတော့ အခုလို ရာထူးကြီးကြီးကို ခန့်နိုင်တဲ့ ဘတ်ဂျက်ကို နားမလည်နိုင်ဘူးပေါ့။ လိုနေတာ မိဖုရား ညားတော့ ဘုရင်မ ဆိုတာ ဒါမျိုးပဲ နေမှာပါ။

ဒီလထဲမှာ မျက်မှန်အသစ်တစ်လက် ထပ်လုပ်ဖြစ်တယ်။ မျက်မှန်လဲဖို့ အစီအစဉ်က ရှိနေပေမယ့် အကြောင်း မတိုက်ဆိုင်တော့ မျက်မှန်ဆိုင် မရောက်ဖြစ်ခဲ့ဘူး။ လကုန်ခါနီးမှာ သူငယ်ချင်းတစ်ယောက်က သူ့မျက်မှန် ကုတင်ပေါ်ကနေ ပြုတ်ကျကွဲသွားလို့ မျက်မှန် လိုက်လုပ်ပေးပါဆိုပြီး အိမ်ရောက်လာတယ်။ အဲဒါနဲ့နောက်နေ့ နေ့လည်မှာ မျက်မှန်ဆိုင်ကို သွားဖြစ်ကြတယ်။ သူငယ်ချင်းလည်း မျက်မှန်လုပ်ဖြစ်သလို ကျွန်တော်လည်း မျက်မှန်အသစ် ထပ်လုပ်ဖြစ်တယ်။ သူလည်း ၂၀၀ နီးပါး ကုန်သွားသလို ကျွန်တော်လည်း ၃၀၀ ကျော် ထွက်သွားတယ်။ ဒီတစ်ခေါက် မျက်မှန်က နေပူထဲရောက်ရင် အရောင်ပြောင်းပေးတဲ့ မှန်ကို တပ်ထားတော့ ဈေးပိုကြီးသွားတယ်။ ကျွန်တော်က မျက်မှန်နဲ့ ပတ်သက်ရင် အရူးအမူးပါပဲ။

ဒီလထဲမှာ ဆုံးပြီလို့ ထင်ထားတဲ့အကြွေးတွေ ပြန်ရလိုက်တယ်။ ၂၀၀၇ ဇန်န၀ါရီ ၂၉ ထဲက ချေးထားတဲ့ အကြွေးကို ၂၀၀၉ ဇူလိုင် ၃၁ မှ ပြန်ရလိုက်တယ်။ အခုချိန် အနေအထားနဲ့ဆို ဒီငွေတွေက မများလှပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၇ ကာလတုန်းကဆို ဒီလိုငွေဆိုတာ ကျွန်တော့်အတွက် အတော့်ကိုများလှတဲ့ ပမာဏ တစ်ခုပါပဲ။ အဲဒီလိုပဲ သူများချေးထားတဲ့ အကြွေးကျပ်နှစ်သိန်းကို ကြားထဲကနေ စိုက်လျှော်ပေးလိုက်ရတယ်။ ရှေ့တစ်ခေါက် ရန်ကုန်ပြန်တုန်းက သူငယ်ချင်းတစ်ယောက် အရင်းအနှီးလုပ်ချင်လို့ အဒေါ်တစ်ယောက်ဆီမှာ ငွေချေးတဲ့အခါ သူ ပုံမှန် ပြန်မဆပ်ခဲ့ရင် ကျွန်တော်ဆပ်ပါမယ် ဆိုပြီး အာမခံပေးခဲ့မိတော့လည်း ကျွန်တော်က စိုက်လျှော်ပေးရပြီပေါ့။ ဘ၀မှာ အခုချိန်အထိ အကြွေးနဲ့ ပတ်သက်ရင် ခံရတာကြီးပဲ။ မိအေးလည်း နာပေါင်း မနည်းတော့ဘူး။ ဒါပေမယ့် အဲဒီမိအေးကိုယ်တိုင်က အမှတ်ကို မရှိဘူး။ အခုတော့ အမှတ် ရှိရတော့မယ်။ ဒါကြောင့် နောက်ဆို ဘယ်သူ့ကိုမှ ပိုက်ဆံ မချေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ အဲဒီလိုမှ မဆုံးဖြတ်မိရင် မိအေးရဲ့ ကလေးတွေကို စာရင်းသွင်းပေးဖို့ သန်းခေါင်စာရင်းဌာနမှာ ၀န်ထမ်းအင်အား တိုးချဲ့ရလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ၂၀၀၉ ဇူလိုင်လတော့ ကုန်သွားပါပြီလေ။ ဖတ်လိုက်ရတာက သြဂုတ်လကို ရွှေ့လိုက်ပါတယ်တဲ့။

Sunday, July 26, 2009

Stop Dengue. Act Now!

ခြင်ဆော်မယ့် စီမံချက်ကို လုပ်မယ် လုပ်မယ်ဆိုပြီး ပြင်နေတာ ကြာပါပြီ။ ရှေ့နှစ်ကတည်းက စိတ်ချင်းနီးတဲ့ လူတစ်စုနဲ့ တိုင်ပင်ဖြစ်ထားခဲ့တယ်။ ဒါပေမယ့် အကောင်အထည် မဖော်ဖြစ်သေးဘူး။ လူဆိုတာ ကိုယ့်အသား မနာသေးသရွေ့ အေးဆေး နေတတ်ကြတာ ဆိုတော့ ကျွန်တော်လည်း လူသားထဲက လူတစ်ယောက်ဆိုတော့ လူပီသမိနေတယ်။ ဟိုလူ့စောင့် ဒီလူ့စောင့်နဲ့ အခုဇူလိုင်လမှ အကောင်အထည် ဖော်ဖြစ်သွားတယ်။

မိုးရာသီရဲ့ ဇူလိုင်၊ သြဂုတ်လတွေက သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ ရာသီတွေပေါ့။ ဇွန်မှာ စတင်သွန်းဖြိုးတဲ့ မိုးရေတွေနဲ့ ရေကြည်အိုင်တွေ ဟိုနားတကွက် ဒီနားတကွက် ကဗျာဆန်ဆန် မြင်ရမှာပါ။ လွမ်းတတ်တဲ့သူအဖို့ ဒီရေကြည်အိုင်တွေက လွမ်းစရာရှုခင်းတစ်ခုလိုလို။ ဒီလိုပဲ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူတွေအတွက် ခြေဆေးလို့လည်း ကောင်းပြန်တယ်။ ဒါပေမယ့် မကောင်းတာက အဲဒီလို ရေကြည်အိုင်သေးသေးလေးမှာ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ အေဒီးစ်ခြင်တွေ စံတင်လောက်တဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဗုန်းဗလောအော ပေါက်ဖွားတာပါပဲ။ တခြား ရေကြည်စုတဲ့ နေရာတွေမှာလည်း ခြင်တွေ ပေါက်ပြန်တယ်။ ခြင်တွေ များလေလေ ခြင်ကိုက်ခံရလေလေပေါ့။

အ.မ.က(၄) အလုံ - ဇူလိုင် ၁၈ ၂၀၀၉

သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်က နေ့ဘက် အလင်းရောင်ရှိတဲ့အချိန်မှာ ကိုက်တတ်ပါတယ်။ ခြင်ထောင် ထောင်အိပ်ဖို့ မဖြစ်နိုင်တဲ့ အချိန်မျိုးပေါ့။ အရေထူနေပြီဖြစ်တဲ့ လူကြီးတွေက အလုပ်တွေများပြီး ဟိုလုပ်ဒီလုပ် ဟိုသွားဒီသွားဆိုတော့ ခြင်က ကိုက်ဖို့ အခွင့်သိပ်မသာရှာဘူး။ ကလေးတွေကတော့ ခြင်ကိုက်လည်း မသိ။ ခြင်အုံနေလည်း မသိ။ ခြင်ဝဲနေလည်း မသိ။ သူ အာရုံဝင်စားနေတဲ့ တစ်ခုခုမှာပဲ စိတ်က ရှိနေတတ်တယ်။ အလုပ်တစ်ဖက်နဲ့ လူကြီးတွေကလည်း ကလေးအနားမှာ အချိန်ပြည့် အသေအချာ ဂရုမစိုက်နိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များလာတယ်။

အ.မ.က(၄) အလုံ - ဇူလိုင် ၁၈ ၂၀၀၉

၂၀၀၇ မိုးစဲနေရဲ့ အလင်းရောင်အောက် နေ့လည်ခင်းမှာ သူငယ်ချင်းတစ်ယောက် အရေးပေါ် သွေး လာတောင်းတယ်။ မူလတန်းကျောင်းက ကျောင်းအုပ်ဆရာကြီးရဲ့ သားအတွက် ဘီသွေး ၆ လုံး လိုတယ်တဲ့။ ဘယ်အတွက် လိုတာလဲ မေးကြည့်တော့ သွေးလွန်တုပ်ကွေးဖြစ်လို့ ကလေးဆေးရုံမှာ တင်ထားတယ်ဆိုပြီး ပြန်ဖြေတယ်။ အဲဒီကလေးက နေမကောင်းဖြစ်တာ ၃ ရက်လောက် ရှိပြီ။ ဒါပေမယ့် သာမာန်ဖျားနာတာလို့ ထင်ပြီး ဆေးမြီးတိုလေးတွေနဲ့ အိမ်မှာပဲ ကုနေခဲ့လိုက်တယ်။ ဒီလိုနဲ့ ကလေးက ကော်ဖီရောင်တွေ အန်နေပြီ။ လက်တွေ ခြေတွေမှာလည်း အနီအစက်ပြောက်လေးတွေ ထွက်လာပြီ။ အဲဒီတော့မှ ဆေးခန်းပို့ပြီး ဆရာဝန် ပြကြည့်တယ်။ ဆရာဝန်က ဆေးရုံ အမြန်တင်ရမယ် ဆိုလို့ သွေးလာတောင်းတဲ့ မနက်မှာမှ ကလေးဆေးရုံကို တင်လိုက်ရတာ။

အ.လ.က(၃) အလုံ - ဇူလိုင် ၂၆ ၂၀၀၉

လိုနေတဲ့ ဘီသွေး ၆ လုံးအတွက် သွေးလှူရှင်တွေ ရှာလိုက်ပြီး ကလေးဆေးရုံကို ထွက်လာခဲ့လိုက်တယ်။ ဆေးရုံရောက်တော့ သွေး ၂ လုံးကို ချက်ချင်းသွင်းမယ်ဆိုလို့ သွေးလှူရှင် ၂ ယောက်ကို သွေးစစ်တယ်။ သွေးအဖြေ ထွက်လာတော့ အားလုံးအိုခေတယ် ဆိုတာနဲ့ သွေးချက်ချင်း ဖောက်ထုတ်ပြီး ကလေးလူနာမှာ သွေးသွင်းကုသပေးတယ်။ မွေးချင်းမရှိ၊ တစ်ဦးတည်းသော သားဖြစ်တဲ့အပြင် အသက်ကြီးမှ ရထားတဲ့ ကလေးဖြစ်လို့ ဆရာကြီးတို့ခမျာ ရတက်ပွေနေရှာတယ်။ သွေး ၂ လုံး သွင်းပြီးတဲ့နောက် ကလေးက နေလောင်ပန်းလို နွမ်းနေတာကနေ မိုးဆန်းပန်းလို လန်းစပြုလာတယ်။ ကလေးအဖေဖြစ်တဲ့ ဆရာကြီးလည်း မျက်နှာလေး ရွှင်လာတယ်။ ဆရာဝန်တွေ သူနာပြုဆရာမတွေ သွေးလှူရှင်တွေကို ကျေးဇူးတင်စကားတွေ ဘာတွေ ပြောနိုင်လာတယ်။

အ.လ.က(၃) အလုံ - ဇူလိုင် ၂၆ ၂၀၀၉

ညပိုင်းမှာ သွေး ထပ်သွင်းဖို့အတွက် သွေးမလှူရသေးတဲ့ သွေးလှူရှင် ၄ ယောက်ကို သွေးနမူနာ ဖောက်ပြီး သွေးစစ်ထားမယ်တဲ့။ အဲဒီအတွက် စောင့်နေပါအုံးဆိုလို့ ဆေးရုံဓါတ်ခွဲခန်းရှေ့မှာပဲ ထိုင်စောင့်နေလိုက်တယ်။ ပထမဦးဆုံး သွေးလှူရှင် ၂ ယောက်ကို သွေးနမူနာ ယူတယ်။ နောက်ထပ် ၂ ယောက်ကို သွေးဖောက်ဖို့ လုပ်နေတုန်း ကလေး ရှော့ခ်ဖြစ်လို့ ဆရာဝန်တွေ အလုပ်ရှုပ်နေတယ် ဆိုတဲ့အကြောင်း သွေးဖောက်ခန်းထဲကို သတင်းဝင်လာတယ်။ ခဏကြာတော့ ကလေးလေး ဆုံးသွားပြီဆိုတဲ့အကြောင်း လာပြောတဲ့ သတင်းဆိုးနဲ့ပဲ ဆရာကြီးခမျာ အထူးကြပ်မတ်ကုသဆောင် အရှေ့မှာတင် အရုပ်ကြိုးပြတ် ဘုံးကနဲကို လဲပါလေရော။ ဒီလိုနဲ့ ဆရာကြီးကို သတိရအောင် လုပ်ရပြန်တယ်။ သတိရလာတဲ့နောက် ဆရာကြီးက ဆရာဝန်တွေ အနောက်ကို တကောက်ကောက်လိုက်ပြီး သူ့သားလေးကို အသက်ရှင်လာအောင် ထပ်ကြိုးစားပေးဖို့ မျက်ရည်လည်ရွှဲနဲ့ လိုက်ပြောနေတယ်။ သွေးသွင်းပြီးတဲ့ နေ့လည်ကမှ အကောင်း၊ ညနေလည်း ရောက်ရော ရုတ်တရက်ကြီး ကြွေလွင့်သွားရတာကို လက်မခံနိုင်ရှာဘူး ဖြစ်နေတယ်။ လက်တွေ့မှာတော့ အသားဖြူဖြူ ၀၀တုတ်တုတ် ချစ်စရာ ကလေးတစ်ယောက် ပါးစပ်တွေ၊ နှာခေါင်းတွေမှာ သွေးတွေ ယိုစီးပြီး အသက်ဝိဥာဉ် ကင်းမဲ့နေရှာပြီ။

ဒီလိုမျိုးနဲ့ အပြာရောင်မိုးသားအောက်မှာ လောကကြီးကို အလှဆင်မယ့် ရောင်စုံပန်းဖူးလေးတွေ ဝေမလိုနဲ့ ကြွေခဲ့ရတာ မရေမတွက်နိုင်အောင်ပဲ။ အချိန်နဲ့အမျှ ကြွေပြီးရင်း ကြွေနေဆဲပဲ။ အဲဒါဆို ပန်းခြွေတဲ့လေက ဆေးမြီးတိုလား။ သွေးလွန်တုပ်ကွေးလား။ အေဒီးစ်ခြင်လား။

လက်ညိုးတွေ ထိုးဖို့လွယ်ပါတယ်။ ပြောရတာတွေလည်း လွယ်ပါတယ်။ တကယ် ထလုပ်ဖို့က ခက်ပါတယ်။ ကမ်းခြေတလျှောက်မှာ ကြယ်ငါးတွေ အများကြီးပါပဲ။ ကျွန်တော်တို့ အကုန် မကောက်နိုင်ပါဘူး။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ နိုင်သလောက်နဲ့ စ ကြည့်လိုက်ပါ။ အမြင့်ကြီးကို မမှန်းပါနဲ့။ ပင်ပန်းပါတယ်။

"Just made a difference to that one!"


ကျွန်တော်တို့ ပန်းခြွေတဲ့လေ ကို ဘယ်လို တားကြမလဲ။ ပန်းပျိုးတဲ့လက် ဖြစ်အောင် ဘာတွေ လုပ်နိုင်ကြမလဲ။ ကျွန်တော်ကတော့ ဆင်သတ်ပြီး အရပ်မဝေဘူး။ ခြင်သတ်ပြီး အမျှဝေမယ်ဗျာ။

ကဲ... ဘာလုပ်နိုင်ကြမလဲဆိုတာ နဖူးပေါ် လက်တင်ပြီး မျက်လုံးလေးမှိတ် စဉ်းစားကြည့်ကြပါလား ခင်ဗျာ။

~~~~~~~
မောင်ရင်ငတေ မိုက်ကန်းသည် ဆိုသလိုမျိုး မိုက်ဖော်မိုက်ဖက်များ...
အဖူးကြွေ (ရွာသားလေး YTU)
တထောင့်တနေရာ ရှိပါတယ် (ရွှေပြည်သူ)
ကွက်လပ်ဖြည့်ကြစို့ (ဖိုးသင်္ကြန်)

Saturday, July 25, 2009

Funny poetry

ဇီဇ၀ါက မြန်မာပြည်က ကလေးတွေ ဘယ်လိုပေါက်တက်ကရ ကဗျာတွေ အော်ခဲ့ရွတ်ခဲ့ပြီး ကြီးခဲ့သလဲဆိုတာ သိချင်လို့ ရေးပေးပါဆိုပြီး ကျွန်တော်ဇူလိုင်ကို တက်ဂ်ပါတယ်။ ကျွန်တော်က ကဗျာနဲ့ ပတ်သက်ရင် အတော်လေးကို ပါရမီ နည်းလှပါတယ်။ ကဗျာဖတ်ရမှာ စိတ်ကို မ၀င်စားခဲ့ဘူး။ ဆယ်တန်းမှာ မြန်မာစာ အမှတ်ကောင်းဖို့အတွက်သာ ကဗျာတွေ ဖိကျက်ခဲ့တာပါ။ ကဗျာထက် စကားပြေတွေကို ဖတ်ချင်မိတယ်။

ဘ၀မှာ ကဗျာကို စိတ်ဝင်စားမိတဲ့ တစ်ချိန်ပဲ ရှိခဲ့တယ်။ လေတိုက်လို့ သစ်ရွက်တွေ လှုပ်နေတာကို ကြည့်ပြီး ရီချင်တယ်ဆိုကြတဲ့ မီးကောင်ပေါက်စ ဘ၀အခိုက်အတန့်မှာ ရည်းစားစာရေးဖို့ ၀တ္ထုထဲက ကဗျာလှလှတွေ ထိုင်ကူးတဲ့ အချိန်လေးပါ။ ဒီလိုနဲ့ လိုတိုးပိုလျှော့ ဟိုဖြတ်ဒီညှပ် ကိုယ်ပိုင်ကဗျာတွေလည်း စုတုပြုဖြစ်တယ်။ ကျန်တဲ့အချိန်မှာ ကဗျာတွေဆို ကျော်ဖတ်လေ့ရှိတယ်။ ကာရံညီတဲ့ ကဗျာအတိုတွေကိုတော့ မျက်စိအောက်ကို ရောက်လာရင် ဖတ်ဖြစ်လိုက်တယ်။ တကူးတကတော့ ရှာဖတ်မနေပါဘူး။

ကလေးဘ၀က အော်ခဲ့ရွတ်ခဲ့တဲ့ ပေါက်တက်ကရ ကဗျာတွေကို ပြန်စဉ်းစားပြီး ရေးရမှာဆိုတော့ အတော်ကို ဂွကျလှပါတယ်။ အဲဒီလို ကဗျာတွေ အော်ခဲ့ရွတ်ခဲ့တာ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒါတွေကို မှတ်ထားတဲ့ ဦးနှောက်က အစပြန်ဖော်ပေးဖို့မှာ ရူးချင်ယောင်ဆောင်နေတယ်။ တကယ် ရူးသွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့လည်း မနည်းဖျစ်ညှစ် စဉ်းစားရပြီပေါ့။

ငယ်ငယ်တုန်းက ရန်ကုန်မှာ အခုခေတ်လောက် မီးမပျက်ပေမယ့် မီးအားကျတာကို ကြုံဖူးကြမယ် ထင်တယ်။ မီးအားမြှင့်စက်တွေမှ မရှိရင် စာကြည့်မီးထွန်းဖို့တောင် အနိုင်နိုင်ပါ။ မီးပေးတဲ့ ထရန်စဖော်မာပေါ် မူတည်ပြီး တစ်လမ်းနဲ့ တစ်လမ်း မီးအားရတာချင်း မတူပါဘူး။ တစ်လမ်းတည်းဆိုပေမယ့်လည်း ဟိုဘက်လမ်းထိပ်နားက အိမ်နဲ့ ဒီဘက်လမ်းထိပ်နားက အိမ် မီးအားပြည့်တာချင်း မတူကြပါဘူး။ ညဘက်မှာ မီးလာပေမယ့်လည်း တချို့အိမ်တွေခမျာ ဖယောင်းတိုင် ထွန်းပြီး နေကြရတယ်။ မီးအားမြှင့်စက် မ၀ယ်နိုင်တာလည်း ဖြစ်နိုင်သလို၊ ၀ယ်ထားတဲ့ မီးအားမြှင့်စက်က မီးမြှင့်အား မကောင်းလို့လည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ မနှင်းတို့အိမ် ကဗျာလေးကို ဖျက်ပြီး ကလေးအချင်းချင်း လမ်းထဲမှာ ဆော့ရင်း စကြ နောက်ကြတယ်။

ဟိုဘက်လမ်းက မီးမှိန်မှိန်
ဒီဘက်လမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန် လင်းပါတဲ့
အောင်နက်တို့ အိမ်...

ကျောင်းတုန်းက အတန်းထဲမှာ အသင်းတွေ ဖွဲ့ရပါတယ်။ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ ဆိုပြီး အသင်းတွေခွဲပြီး သောက်ရေအိုးဖြည့်၊ တံမြည်စည်းလှည်း၊ ကျောက်သင်ပုန်းဖျက်၊ ဘုရားပန်းကပ် စတဲ့ အတန်းတာဝန်တွေကို တစ်လှည့်စီ တာဝန်ယူကြရပါတယ်။ တချို့ကျောင်းတွေက အနီအသင်း အစိမ်းအသင်း ဆိုပြီး အရောင်တွေနဲ့လည်း ဖွဲ့ကြပါသေးတယ်။ ကလေးသဘာဝ တစ်သင်းနဲ့ တစ်သင်း ပြိုင်ကြပါတယ်။ စာပြိုင်တယ်။ ဘက်စုံပညာရေး ပြိုင်တယ်။ သန့်ရှင်းရေး အမှတ်၊ လုပ်အားပေး အမှတ် ပြိုင်ကြတယ်။ အဲဒီလိုပဲ တစ်သင်းနဲ့ တစ်သင်း မခံချိမခံသာဖြစ်အောင် ကဗျာတွေ ရွတ်ပြီး စ နောက်ကြတယ်။

ဘုရင့်နောင်
ပုလင်းထောင်
ပုလင်းကွဲ
ဒူးပြဲ...

ဗန္ဓုလ
မခံဘူးကွ
ပြန်ချ
ခံရ...

မှတ်မိတဲ့ နောက်တစ်ခုက အလယ်တန်းကျောင်းသားဘ၀မှာ ရည်းစားထားချင်ချင် ဖြစ်နေကြတဲ့ မိန်းခလေး သူငယ်ချင်းတွေကို စနောက်တဲ့ ကဗျာလေးပါ။ ဒါပေမယ့် အဲဒါကို တချို့က သီချင်းလို့လည်း ပြောကြတယ်။ ကဗျာလား သီချင်းလားဆိုတာ အသေအချာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ငယ်ဘ၀မှာ အဲဒါလေးကို ပေါက်တက်ကရ အော်ဟစ်ရွတ်ဆိုခဲ့ဖူးတယ်။ အစခံရတဲ့ မိန်းခလေးတွေကတော့ ဆွေ့ဆွေ့ကို ခုန်ရောပဲ။

စိန်ကြည်နော် စိန်ကြည်နော်
လင်ယူပက်စက်သနော်
ဂျပန်ကြီး တိုကျိုပြန်
ဗိုက်တစ်လုံးနဲ့ ကျန်...

နောက်ထပ်တစ်ခုက သီတင်းကျွတ် တန်ဆောင်မုန်းနဲ့တွဲပြီး သတိတရရှိလှတဲ့ ကဗျာလေးပါပဲ။ အဲဒါကို အငြိမ့်လူရွှင်တော်တွေ ပြက်တဲ့ ပြက်လုံးတွေကနေပဲ ကြားဖူးတာလည်း ဖြစ်နိုင်ပါတယ်။ ငယ်ငယ်တုန်းက အဲဒါမျိုးကဗျာတွေ ရွတ်ရင် လူကြီးတွေက ပေါက်တက်ကရတွေ ဆိုပြန်ပြီလို့ ဆူကြပါတယ်။

အဘိုးကြီးအို ခါးကုန်းကုန်း
မသေပါနဲ့အုံး
နောင်နှစ်ခါ တန်ဆောင်မုန်း
ပွဲကြည့်ပါအုံး..

မကြည့်နိုင်ဘူး သမီးရယ်
ဘိုးဘိုး သေတော့မယ်..

ဘိုးဘိုးသေရင် ဘယ်လိုလဲ
ပိုးလို့ပက်လက်လဲ...

မှတ်မိသလောက်တော့ ဒီလောက်ပါပဲ ခင်ဗျ။ တခြား ပေါက်တက်ကရ ကဗျာတွေလည်း အများကြီး ရှိအုံးမှာပါ။ ကျွန်တော့်မှတ်ဥာဏ်မှာ အစပြန်ဖော်လို့ မရတဲ့အတွက် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါတော့ဗျာ။

အစဉ်အလာအရ လက်ဆင့်ကမ်းရမယ်ဆိုရင်တော့
ကဗျာတွေနဲ့ နုနေတတ်တဲ့ မမသီရိ

Friday, July 24, 2009

That day - 4

"မိခင်ကို ပူဇော်ဖို့လား၊ ဒါက သီတင်းကျွတ်လပြည်နေ့ ရှိပါပကော"

"သီတင်းကျွတ်လက ၀ါကျွတ်ပွဲပဲ၊ ဆရာသမား မိဘ ကန်တော့ကြတယ်၊ ၀ါဝင်ဝါထွက် ကန်တော့တယ် ဆိုပေမယ့် မီးထွန်းပွဲတော်နဲ့ ဆက်စပ်နေပါသေးတယ်။ မိခင်အအတွက် သီးသန့် သက်သက်တော့ မဆိုနိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် နှစ်စဉ် မေလဒုတိယအပတ် တနင်္ဂနွေနေ့ကို ကမ္ဘာမှာ 'ကမ္ဘာ့မိခင်များနေ့'လို့ အထူးသတ်မှတ် ကျင်းပနေသလို မြန်မာပြည်မှာလည်း 'မြန်မာမိခင်များနေ့'ကို အထူးသီးသန့်နေ့အဖြစ် ပြာသိုလပြည့်နေ့ကို သတ်မှတ်ချင်ပါတယ်။ အဲဒီနေ့ဟာ နေ့လွတ်လည်း ဖြစ်နေပါတယ်၊ ရာသီဥတု အေးမြတယ်၊ သာယာ ကြည်လင်တယ်၊ ဒါတွေဟာ မိခင်ရဲ့ မေတ္တာ စေတနာကို တင်စားဖို့ အကောင်းဆုံးလို့ ယူဆပါတယ်"

"ကဲ- ဆက်စမ်းပါဦးဗျာ"

"ဦးစွာပထမ တိုင်းပြည်က လေးစားကြည်ညိုကြတဲ့ ပညာရှိ အမျိုးသမီး အမျိုးသားကြီးများကို တောင်းပန်ပြီး အမှုဆောင်အဖွဲ့တစ်ခု ဖွဲ့စည်းပေးမယ်၊ ကလေးသူငယ်များကို မိခင်ရဲ့ ကျေးဇူးမေတ္တာအတွက် တုံ့ပြန် ၀တ်ပြုသောအားဖြင့် သောက်ရေကလေး တစ်ခွက်ကအစ ပန်းကလေး တစ်ပွင့်ကအစ တတ်နိုင်သမျှ လှူဒါန်း ပူဇော်ကြအောင် တစ်ပြည်လုံးကို ဆော်သြ တိုက်တွန်းပေးစေချင်တယ်။ အချို့က ရေခပ်ပေးခြင်း သနပ်ခါးသွေးပေး အ၀တ်အစား လျှော်ပေး အနှိပ်အနင်းပြုပေး စသည်အားဖြင့်ပေါ့ဗျာ"

"ခု ခင်ဗျား ပြောသလိုဖြင့် ငွေကုန်စရာမှ မလိုဘဲ"

"နေပါဦးလေ၊ ခုဟာက ကလေးအရွယ်တွေကို ပြောနေတာမို့ပါ။ ကဲ- ကုန်စရာတွေ လာတော့မယ်၊ အဲဒီနေ့မှာ မိခင်ရဲ့ ဂုဏ်ကျေးဇူးနဲ့ ပတ်သက်ပြီး အဟောအပြော ပြိုင်ပွဲ၊ သီချင်းအရေးအဆိုပြိုင်ပွဲ၊ ၀တ္ထုဆောင်းပါးပြိုင်ပွဲ၊ ဓါတ်ပုံရုပ်ရှင်ပြိုင်ပွဲ အဲသလိုပြိုင်ပွဲတွေကို ထိုက်ထိုက်တန်တန် အနည်းဆုံး ဆုငွေတစ်ထောင်က တစ်သောင်းအထိ ပွဲကြီလမ်းကြီးနဲ့ ခမ်းခမ်းနားနား ချီးမြှင့်ပြီး အများအားကျအောင် ဆောင်ရွက်ကြစေချင်တယ်၊ ဒါကြောင့် ငွေတစ်သိန်းဆိုတာ နည်းတောင် နည်းနေဦးမယ်"

"အင်း- ခင်ဗျားစိတ်ကူးယဉ်တာ ဆိုးတော့ ဆိုးလှဘူး။ နိုင်ငံတော်ယဉ်ကျေးမှုဌာနကတောင် စိတ်ဝင်စားမယ်ဆို စိတ်ဝင်စားလောက်တယ်"

"ဒါကတော့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတို့လိုပေါ့ဗျာ။ တစ်ဦးကောင်း နှစ်ဦးကောင်း လုပ်ရင်းက ဒိဌ အကျိုးသက်ရောက်လာတာ တွေ့ရင် အစိုးရက ဘယ်ကြည့်နေတော့မှာလဲ၊ အသိအမှတ်ပြုပြီး ရုံးပိတ်ရက်အဖြစ်တောင် ဂုဏ်ပြုချင် ပြုလာမှာ၊ ပထမ စရမှာတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ"

"အေးဗျာ မိခင်ကို ရိုသေဖို့ကတော့ လက်ဝဲလက်ယာမရွေး အရှေ့အနောက်မရွေး လူမျိုးဘာသာမရွေး ထောက်ခံ အားပေးကြမှာပေါ့၊ ကျုပ်ပါ ငွေနှစ်ကျပ်နဲ့ ကံစမ်းဦးမှပဲ"

"ဒီမှာ မိတ်ဆွေ၊ လောကမှာ အမေကိုမှ မချစ်ဘူး၊ မသိတတ်ဘူးဆိုတဲ့ လူဟာလေ သူကိုယ်တိုင် ဘယ်သူ့ကိုမှ ချစ်လိမ့်မယ် မထင်နဲ့၊ တိုင်းပြည်ကိုလည်း မချစ်ဘူး၊ ဘယ်သူ့ကိုမှလည်း ရိုသေမှာ မဟုတ်ဘူး။ ဘယ်သူ့ ကျေးဇူးကိုမှလည်း သိတော့မှာ မဟုတ်ဘူးဆိုတာ စိတ်သာချ၊ ဒိဌ ဒိဌ အမှန်ပါပဲဗျာ"

(၂၃.၇.၇၀ ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှ)
~~~

အမေ့ကျေးဇူးကို သိရှိတုန့်ပြန် ပေးအပ်ရေးအတွက် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီး ဦးသုခက ဤဆောင်းပါးဖြင့် စတင် လှုံ့ဆော်ခဲ့ပါသည်။

ချစ်သူလေးက ဇွန်လဆန်းမှာ စင်္ကာပူကို ရောက်လာတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ လူကြုံထည့်ပေးလိုက်တဲ့ ဦးသုခရဲ့ အမေဆိုတဲ့ စာအုပ်လေးထဲက ထိုတစ်နေ့... ဆိုတဲ့ ဆောင်းပါးလေးကို ရင်ခုန်သံ ထပ်တူညီနေလို့ ပြန်လည်ဖော်ပြလိုက်ပါရစေခင်ဗျာ။

Thursday, July 23, 2009

That day - 3

"ဒီမှာ မိတ်ဆွေ... လက်ဝဲစာပေ ကျမ်းကြီး ကျမ်းခိုင်တွေကို ကျွန်တော် နှံ့နှံ့စပ်စပ် မဖတ်ခဲ့ဖူးတာကိုတော့ ၀န်ခံပါတယ်။ ၀တ္ထုတို့ ဆောင်းပါးတို့မှာတော့ မိခင်ဘခင်ကို သိဒ္ဓိတင်ထားတဲ့ အကြောင်းအရာ အရေးအသားတွေ တွေ့ခဲ့ရဖူးပါတယ်။ ရုပ်ရှင်ကားတွေမှာလည်း ထိုနည်းပါပဲ။ ဆိုရှယ်လစ်ဗိသုကာကြီးဖြစ်တဲ့ လီနင်ကိုယ်တိုင် အားထားပေါင်းသင်းခဲ့ရတဲ့ စာရေးဆရာကြီး ဂေါ်ကီဆုရင် မိခင်အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးခဲ့တာတွေ အထင်အရှား ရှိပါတယ်၊ ဆိုရှယ်လစ်နိုင်ငံတွေမှာ လူကြီးမိဘကို တရိုတသေ လုပ်ကျွေးမွေးမြူပြီး သက်တော်ရှည်ပွဲတွေ ကျင်းပကြတာတွေ ရှိပါတယ်"

"ဟာ- ကျုပ်တို့ဆီက မောင်မင်းကြီးသားများနဲ့ ဘာဆိုင်လို့တုံးနော်"

"နေဦး၊ ကျွန်တော် ပြောဦးမယ်၊ ဆိုရှယ်လစ် ဂျော်ဂျီယာပြည်နယ်မှာ တီဘလစ္စီမြို့ကို ၀င်တာနဲ့ ပေ ၁၅၀ လောက် မြင့်တဲ့ အမျိုးသမီး ကျောက်ရုပ်တုကြီးကို တောင်ခါးပန်းတစ်ခုမှာ တွေ့ခဲ့ရတယ်။ လက်တစ်ဖက်က ဓါးကိုကိုင်ပြီး ဘယ်ဖက်လက်က အရက်ခွက်ကို ကိုင်ထားတဲ့ဟန်နဲ့ အတော် အသက်ဝင်ပါတယ်။ အနုပညာ မြောက်လှပါတယ်"

"အဲဒါ ဘာသဘောလဲဗျ"

"အဲဒါ သူတို့ပြည်နယ်ကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ် ရုပ်တုကြီးပေါ့။ မိတ်ဆွေပီသရင် အရက်နဲ့ဧည့်ခံဖို့ အဆင်သင့် ရှိသလို၊ ရန်သူဆိုရင်လည်း ပြတ်ပြတ်သားသား ဓါးနဲ့ သုတ်သင်မယ်ဆိုတဲ့ သဘောကို ပြထားတာပဲ"

"တယ်ပြီး ကောင်းတဲ့ အဓိပ္ပါယ်ပဲနော်"

"အေး- ကျွန်တော်ကတောင် သဘောကျမိကြောင်း ပြောခဲ့မိသေးတယ်။ ခင်ဗျား စဉ်းစားကြည့်လေ၊ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့ အမျိုးသမီး ရုပ်တုကြီးနှစ်ခု တွေ့ခဲ့ဖူးတာရှိပါရဲ့။ တစ်ခုက အလင်းရောင်ကို ပြနေတာနဲ့ တစ်ခုကတော့ တရားမျှတမှုကို ပြနေတာပဲ ရှိတယ်။ သူတို့ ရုပ်တုကတော့ ကျွေးမွေးပြုစုချင်တဲ့ မိခင်စေတနာမျိုး ပါဝင်နေတယ်လေ"

"မိခင်ဆန်တယ်လို့ ဆိုနိုင်တာပေါ့ဗျာ၊ ဟုတ်ပါရဲ့"

"သူတို့ပြည်နယ်ဟာ ဆိုရှယ်လစ်အမိနိုင်ငံပါတဲ့၊ အဖနိုင်ငံလို့ မခေါ်ပါဘူးတဲ့"

"ဟောဗျာ ဒါလည်း အဆန်းသားပါကလား"

"ဟုတ်တယ်၊ အမိကို ဘာဖြစ်လို့ ဒီလောက် တွယ်တာရသလဲလို့ ဆိုတော့ လောကမှာ အမိသာလျှင် မဖောက်မပြန် မှန်ကန်သော ထာဝရမေတ္တာရှင် ကရုဏာရှင်ဖြစ်လို့ပါတဲ့"

"ဟာ- သဘာဝကျလိုက်လေဗျာ၊ ဆက်စမ်းပါဦး"

"သူတို့အိမ်ထောင်စုတိုင်းမှာ မိခင်သာလျှင် အိမ်ထောင်တစ်ခုလုံး၏ အချုပ်အချာ အာဏာပိုင် ဖြစ်ရတယ်တဲ့၊ အမိမရှိရင် အစ်မအကြီးဆုံးက မိခင်နေရာကိုယူပြီး အုပ်ချုပ်ကွပ်ကဲရတဲ့ ထုံးစံရှိပါတယ်တဲ့၊ အဲသလောက် နေရာပေးကြတယ်"

"အေးဗျာ ဒါကြောင့် ကမ္ဘာပေါ်မှာ အသက်တစ်ရာ့နှစ်ဆယ် ပုဂ္ဂိုလ်ကြီးတွေ ဂျော်ဂျီယာပြည်မှာ အများဆုံး ရှိတယ်လို့ ဆိုကြတာနေမှာပဲ"

"ကျွန်တော်တို့ဆီမှာလည်း အရင်ကဆို စစ်တိုက်သွားမယ့် သားတွေဟာ အမေ့ထဘီစကို နားဋောင်းပန်သွားကြတာ အများကြီးပေါ့၊ မိဘကို ရိုသေတဲ့ သားသမီးဟာ အသက်ရှည်တယ်၊ ဘေးကင်းတယ်၊ လူနတ်ချစ်ခင်တယ်"

"အင်း- ခင်ဗျား ပြောသလို ၀န်ချတောင်းပန်တဲ့ ကြော်ငြာများ တစ်နေ့နေ့မှာ ဖတ်ရရင် ကျုပ်တို့ ဘယ်လောက် ကျေနပ်ရမယ် မသိဘူး၊ သူတို့အမေဆို မပြောနဲ့"

"ခင်ဗျားက တစ်နေ့နေ့ဆိုလို့ ကျွန်တော် ဖြစ်စေချင်တဲ့ နေ့တစ်နေ့ကို ပြောရဦးမယ်၊ ကျွန်တော်တို့မှာ ဗုဒ္ဓနေ့၊ အလုပ်သမားနေ့၊ အာဇာနည်နေ့၊ စာဆိုတော်နေ့ ဆိုတဲ့ နေ့အတော်များများ ရှိနေကြပါတယ်။ ဒီကြားထဲ နေ့တစ်နေ့ ထပ်တိုးဖို့ အပတ်စဉ် ထီထိုးခဲ့တာ ကြာပါပြီ၊ မပေါက်သေးတာနဲ့ အကောင်အထည် မဖော်ရသေးတာ"

"ခင်ဗျားဥစ္စာက ခပ်ဆန်းဆန်းပါလား"

"ခပ်ဆန်းဆန်းဆို ငွေတစ်သိန်း လိုချင်တာကိုးဗျ၊ ငွေမရှိလို့ မဖြစ်ဘူး"

"ရှင်းစမ်းပါဦး"

"မိခင်နေ့ လုပ်ဖို့ပေါ့"

(ဆက်ရန်...)
~~~

အမေ့ကျေးဇူးကို သိရှိတုန့်ပြန် ပေးအပ်ရေးအတွက် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီး ဦးသုခက ဤဆောင်းပါးဖြင့် စတင် လှုံ့ဆော်ခဲ့ပါသည်။

ချစ်သူလေးက ဇွန်လဆန်းမှာ စင်္ကာပူကို ရောက်လာတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ လူကြုံထည့်ပေးလိုက်တဲ့ ဦးသုခရဲ့ အမေဆိုတဲ့ စာအုပ်လေးထဲက ထိုတစ်နေ့... ဆိုတဲ့ ဆောင်းပါးလေးကို ရင်ခုန်သံ ထပ်တူညီနေလို့ ပြန်လည်ဖော်ပြလိုက်ပါရစေခင်ဗျာ။

Wednesday, July 22, 2009

That day - 2

"သြော် ဒါတော့ ခင်ဗျားလည်း ခံစားရမှာပါ၊ အထိတ်တလန့်ဖြစ်တာက သားသမီးက မိဘကို ဒီလောက် ရဲရဲတင်းတင်း မိုက်မိုက်ရိုင်းရိုင်း တော်လှန်ဝံ့ကြတာပေါ့။ သူ့အကြောင်းနဲ့ သူ့အကြောင်း၊ အဆိုးနဲ့ အကောင်း ရှိကြမှာကို ကျွန်တော် မငြင်းလိုပါဘူး။ သားသမီးလည်း ပုထုဇဉ်၊ မိဘလည်း ပုထုဇဉ်၊ မှားချင်လည်း မှားကြမှာပေါ့။ စိတ်နာတယ် ရှက်တယ်ပဲထား၊ ကိုယ့်မိသားစုတစ်စုနဲ့သာ သက်ဆိုင် ဖြေရှင်းနိုင်တဲ့ ကိစ္စကို အခုလို တိုင်းသိပြည်ကျော် အကျိုးယုတ် အရှက်ခွဲတာတော့ နည်းနည်းလေးမှ စဉ်းစားလို့ မရဘူး။ ဒါကြောင့် ကိုယ့်ကလေးတွေကို ကြည့်ရင်း ဒင်းတို့ခေတ်ကို အထိတ်တလန့် ဖြစ်မိတာပေါ့ဗျာ"

"နောက်တော့ ၀မ်းနည်းလာတယ်ဆိုပါတော့ဗျာ"

"ဟာ- ဆက်တွေးရင် ၀မ်းနည်းစရာပေါ့။ ကလေးတွေက ကျွန်တော့်မျက်စိအောက်မှာ ပျော်ပျော်ပါးပါး ကစားနေကြတယ်။ စားချိန် သောက်ချိန်ကျပြန်တော့ မြိန်ရေယှက်ရေ ဆူဆူညံညံ စားသောက်နေကြတယ်။ မိဘရဲ့ရင်ခွင်အောက်မှာ ကျေနပ်ခြင်း၊ နှစ်သိမ့်ခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း ဆိုတာတွေကို တွေ့ရတော့ ကိုယ့်မှာ မိဘအနေနဲ့ ကြည်နူးမှု (မုဒိတာ) အပြည့်အ၀ ခံစားခဲ့ရတာချည်းပါပဲ။ ရှေ့ရေးအတွက် ဒီထက်ပြည့်စုံအောင် ကျွေးဖို့ မွေးဖို့ ဆောင်ရွက်ဖို့ စေတနာတွေ တဖွားဖွားရှိခဲ့ရတဲ့ စိတ်မှာ ဒီကြော်ငြာကို တွေ့လိုက်မိပြီ ဆိုတုန်းက မိဘအနေနဲ့ ၀မ်းနည်းမိတာ မျက်ရည်များတောင် လည်မိတာပေါ့ဗျာ" ဟု ကျွန်တော့်မိတ်ဆွေက ပြောရင်းပင် ငိုင်နေမိပါသည်။

"အင်း- အဲဒီတုန်းက အကြော်ငြာခံခဲ့ရတဲ့ မိခင်လည်း ခင်ဗျားတို့ ကျွန်တော်တို့ စေတနာ ထားခဲ့သလို သူ့သားသမီးတွေ အပေါ်မှာ စေတနာ ထားခဲ့မှာပဲနော်"

"ဟာ- ဒါကတော့ လုံးဝ ယုံမှားစရာ မရှိနိုင်ပါဘူး၊ ဟိုတုန်းက ကြော်ငြာခဲ့တဲ့ ကလေးတွေကို ပြန်မေးတောင် သူတို့ကိုယ်တိုင် ၀န်ခံရမှာ သေချာတယ်"

"၀န်ခံရုံတင်မက ပြန်ပြီး တွေးမိချင် တွေးမိရှာကြမှာပါဗျာ"

"တွေးမိရင်လည်း သတင်းစာထဲ မကြော်ငြာခင်က တွေးမိရင် သိပ်ကောင်းမှာပဲနော်၊ ဒါမျိုးတွေ နောက်ကို မပေါ်အောင် ဆောင်းပါးရေးသူက ရေး၊ တရားဟောတဲ့လူက ဟော၊ ရှုတ်ချပွဲတွေတောင် လုပ်ပေးဖို့ ကောင်းမလား"

"ဟာ- ရှုတ်ချပြစ်တင်တဲ့အထိ လုပ်ဖို့တော့ ကျွန်တော် လက်မခံချင်ပါဘူး။ ခင်ဗျားပဲ အခုန ပြောခဲ့တယ်လေ။ သားသမီးလည်း ပုထုဇဉ်၊ မိဘလည်း ပုထုဇဉ်ဆို။ စိတ်ဆိုတာလည်း အတည်အမြဲ မရှိဘူး မဟုတ်လား။ အခု ဒီစိတ်ရှိပေမယ့် နောက်ကို ဒီစိတ်ရှိတတ်တာ မဟုတ်ဘူးလေ။ ဒီတော့ အခုမှန်တယ် ထင်တာ နောင်မှားတယ်လို့ မြင်လာမှာပေါ့။ ဒါကြောင့် အမြင်မှန် မြန်မြန်ရလာကြရအောင် ဖြောင်းဖြောင်းဖျဖျ နားချ သိမ်းသွင်းပေးဖို့သာ လိုပါလိမ့်မယ်။ ဖခင်ကို သတ်တဲ့အထိ မှားခဲ့ဖူးတဲ့ အဇာသတ္တုမင်းဟာ ဗုဒ္ဓကို အကြည်ညိုဆုံး လူပုဂ္ဂိုလ်ဖြစ်ခဲ့သလိုပေါ့။ သူတို့ကို မုန်းတီးစက်ဆုပ်မဲ့အစား မေတ္တာနဲ့ ကရုဏာတရား ၀ိုင်းကူပြကြရမယ်။ အချိန်ကျလို့ 'ကျွန်တော် ကျွန်တော်မတို့ ကြော်ငြာခဲ့သည်များကို ၀မ်းနည်းနောင်တရစွာ ပြန်လည် ရုတ်သိမ်းပါသည်' ဆိုတဲ့ ကြော်ငြာများကို ပြန်ဖတ်ကြရရင် လူ ရှင် ရဟန်း ဘယ်လောက် သာဓု ခေါ်လိုက်ကြမလဲ၊ ခင်ဗျား စဉ်းစားစမ်း"

"အေးဗျ- ဒီလိုကြော်ငြာမျိုးကို မတွေ့ခဲ့ရပေမဲ့ သူတို့မိဘများကိုတော့ ၀န်ချတောင်းပန် အသနားခံပြီးကြပြီလို့ ကျုပ်က ရဲရဲပြောလိုက်ချင်တယ်၊ ဘာဖြစ်လို့လဲ သိလား၊ အဲဒီတုန်းက စိတ်လိုက်မာန်ပါနဲ့ ကြော်ငြာခဲ့တဲ့ ကလေးတွေဟာ အခုဆို လူကြီးဖြစ်နေကြပြီလေ"

"ဟာ- ဟုတ်တာပေါ့။ အချိန်က ၁၅ နှစ်လောက်တောင် လွန်ခဲ့ပြီလေ၊ သတိ နောင်တ ရကုန်ကြတော့မှာပေါ့"

ကျွန်တော်မိတ်ဆွေမှာ စကားမဆက်ဘဲ အတွေးနယ်ချဲ့နေပုံရသည်။ ထို့နောက် ဘ၀င်မကျသော လေသံနှင့် ဆက်၍ ဆိုပါသည်။

"မိဘကို မလေးစားကြတာ လက်ဝဲစွန်းရောက်နေကြလို့များလား"

(ဆက်ရန်...)
~~~

အမေ့ကျေးဇူးကို သိရှိတုန့်ပြန် ပေးအပ်ရေးအတွက် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီး ဦးသုခက ဤဆောင်းပါးဖြင့် စတင် လှုံ့ဆော်ခဲ့ပါသည်။

ချစ်သူလေးက ဇွန်လဆန်းမှာ စင်္ကာပူကို ရောက်လာတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ လူကြုံထည့်ပေးလိုက်တဲ့ ဦးသုခရဲ့ အမေဆိုတဲ့ စာအုပ်လေးထဲက ထိုတစ်နေ့... ဆိုတဲ့ ဆောင်းပါးလေးကို ရင်ခုန်သံ ထပ်တူညီနေလို့ ပြန်လည်ဖော်ပြလိုက်ပါရစေခင်ဗျာ။

Tuesday, July 21, 2009

That day - 1

ထိုတစ်နေ့...

"ဘယ်လိုလဲ ဆရာကြီး၊ ဟောပြောပွဲများ မလုပ်တာ ကြာပါပကော" မိတ်ဆွေတစ်ယောက်က ဤသို့ စကားစ လာသဖြင့် ကျွန်တော်က ကျန်းမာရေး အခြေအနေအရ အနားယူနေရကြောင်း ပြန်ပြောရသည်။

"တတ်နိုင်ရင်တော့ မကြာမကြာ ဟောပေးဖို့ ကောင်းတယ်ဗျာ။ ခင်ဗျားက မိခင်မေတ္တာကို ဦးစားပြုပြီး ဟောပြောလေ့ရှိတယ် မဟုတ်လား"

"အင်း ဟောပြောခဲ့တဲ့ပွဲတွေ တော်တော်များခဲ့ပါတယ်။ အဲဒါက သူများကို သြ၀ါဒပေးတဲ့ သဘောမျိုးထက် အမေ့အပေါ်မှာ ကျွန်တော် ၀တ္တရား ပျက်ခဲ့သမျှ၊ အကြင်နာ မေတ္တာ နည်းပါးခဲ့သမျှ နောင်တရတာတွေကို ၀န်ခံခဲ့တဲ့သဘောနဲ့ ဖွင့်အန် ထုတ်ဖော် ပြောခဲ့တာတွေပါပဲဗျာ"

"အဲဒီလို ခင်ဗျာ့အမှားတွေကို ပြောပြတာတွေကိုက လူငယ်လူရွယ်များ ခင်ဗျားလို မမှားအောင် ဆုံးမတာမျိုး ဖြစ်တာပေါ့ဗျာ၊ နောက်ပြီးတော့ ခင်ဗျားကိုယ်တိုင်က ကိုယ်တွေ့မို့ ခံစားမှု အပြည့်အ၀နဲ့ စိတ်ပါလက်ပါ အားပါးတရ ဟောလေ့ဟောထ ရှိတယ်လေ၊ အဲဒီတော့ နားထောင်ရတဲ့ လူများအဖို့ ခံစားမှုတွေ တဖွားဖွား ပေါ်လာတာပေါ့၊ လူငယ်လူရွယ်တွေအတွက် သင်ခန်းစာရတာပေါ့။ ဒါကြောင့် ခင်ဗျား မဟောဖူးသေးတဲ့ မြို့ရွာနေရာတွေမှာ ခင်ဗျား ကိုယ်တိုင် ဟောနိုင် ပြောနိုင်တုန်း ဟောပြောစေချင်သေးတယ်၊ ခင်ဗျား မှတ်မိဦးမလား မသိဘူး၊ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လုပ်သားသတင်းစာထဲမှာ သားသမီးများက မိဘကို အမွေဖြတ်တဲ့ သတင်းပါလာတယ်လေ"

"ဟာ ကောင်းကောင်း မှတ်မိတာပေါ့ဗျာ။ ၁၉၇၀ ပြည့်နှစ် ဇူလိုင်လထဲကပေါ့"

"အေးဗျာ၊ အဲဒီတုန်းက ကျုပ်ဖြင့် တစ်ဦးတည်းတောင် မကဘူး ထင်တယ်၊ ဒီသတင်းမျိုးတွေ တွေ့ရတာလေ"

"သတင်းမဟုတ်ပါဘူး၊ ကြော်ငြာတွေပါ"

"သတင်းဖြစ်ဖြစ်၊ ကြော်ငြာဖြစ်ဖြစ် ဘာထူးသေးလဲ"

"ကျွန်တော်က ထူးတယ်လို့ ပြောချင်ပါတယ်"

"ရှင်းစမ်းပါဦး၊ သတင်းစာထဲပါတာချင်း အတူတူပဲ မဟုတ်လား"

"သတင်းစာထဲပါတာချင်းတူပေမဲ့ သတင်းတစ်ပုဒ်အနေနဲ့ဆိုရင် အယ်ဒီတာလက်ထဲကမှ ရိုက်နှိပ်ဖြော်ပဖို့ သွားရတယ်။ ဒါကြောင့် တိုင်းပြည်ကို ဖော်ပြဖို့ သင့်မသင့် လျော် မလျော် တည်းဖြတ် သုတ်သင်ရတယ်။ အကယ်၍ သတင်းတစ်ရပ်ကြောင့် ပြည်သူလူထုမှာ အကျိုးမရှိဘူး။ ဒါမှမဟုတ် စိတ်ငြိုငြင်စရာ အကြောင်းရှိတယ် ဆိုရင် ရောက်လာတဲ့ သတင်းဟာ မှန်စေဦးတော့၊ ပယ်ချလေ့ ရှိကြပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ စိတ်မချမ်းသာအောင် တွေ့ခဲ့ရတာတွေက ပိုက်ဆံပေးပြီး ကြော်ငြာတာမို့ အယ်ဒီတာထံ မရောက်ဘဲ ကြော်ငြာတာဝန်ခံလောက်က တန်းချပေးတာမျိုး ဖြစ်ပါလိမ့်မယ်"

"အေးလေ ထားပါတော့၊ ကျွန်တော်ဖြင့် အဲဒီကြော်ငြာကို ဖတ်ရတုန်းက ကစားနေကြတဲ့ သားသမီးတွေကို အထိတ်တလန့်နဲ့ ကြည့်ခဲ့မိတယ်၊ နောက်တော့ ၀မ်းနည်းလာခဲ့တယ်"

"လုပ်စမ်းပါဦး၊ ခင်ဗျားရဲ့ ခံစားမှု"

(ဆက်ရန်...)
~~~

အမေ့ကျေးဇူးကို သိရှိတုန့်ပြန် ပေးအပ်ရေးအတွက် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီး ဦးသုခက ဤဆောင်းပါးဖြင့် စတင် လှုံ့ဆော်ခဲ့ပါသည်။

ချစ်သူလေးက ဇွန်လဆန်းမှာ စင်္ကာပူကို ရောက်လာတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ လူကြုံထည့်ပေးလိုက်တဲ့ ဦးသုခရဲ့ အမေဆိုတဲ့ စာအုပ်လေးထဲက ထိုတစ်နေ့... ဆိုတဲ့ ဆောင်းပါးလေးကို ရင်ခုန်သံ ထပ်တူညီနေလို့ ပြန်လည်ဖော်ပြလိုက်ပါရစေခင်ဗျာ။

Monday, July 20, 2009

Thank you!


Credit: Ko Shwe Htoo (Pyi)

စေတနာပါတဲ့ စကားတွေကြောင့်
ကံဆိုးတဲ့ ဝေဒနာလို့ မခံယူမိပါဘူး...
ဘလော့ကမ္ဘာမှာ ထူးထွေထင်ရှား ချစ်ခင်ကျော်ကြားသော်ငြား
အသက်မငယ်ရှာတော့တဲ့ ကိုယ်ပျောက်ဒေ၀ီကို
ကျွန်တော်ဇူလိုင် ကျေးဇူးတင်ပါတယ် ခင်ဗျ။

မှတ်ချက်။ နာဂစ်အမှတ်တရ ကာတွန်းပြပွဲမှာ ကိုရွှေထူး(ပြည်) ဆွဲခဲ့တဲ့ ကာတွန်းပုံလေးပါ။

Sunday, July 19, 2009

July 19 (1947-2009)


Credit: Min Htet Naing

အာဇာနည်တိုင်း သမိုင်းမသေ... ဆိုပေမယ့်
မသေ သေအောင် သတ်နေကြတုန်းပဲဗျ။

Saturday, July 18, 2009

Some abstracts of July 19

လူသတ်သမားများသည် ၀င်ဝင်ချင်း ခေါင်းဆောင်လုပ်သူ(စိုးကြီး)က ဗိုလ်ချုပ်အား ရှေ့တည့်တည့်မှ စတင် ပစ်လေသည်။ ဗိုလ်ချုပ်က မတ်တပ်ရပ်လိုက်ကာ လက်ကာပြရင်း "ဟေ့... ဟေ့...၊ နေပါအုံး၊ ကျုပ်..." ဟု တစ်စုံတစ်ရာ ပြောမည်လုပ်စဉ် သေနတ်ထိမှန်၍ စားပွဲကို အကာကွယ်ယူလျက် ထိုင်ချလိုက်သည်။ ဤတွင် ကုလားထိုင်ရော ဗိုလ်ချုပ်ပါ လဲကျသွားသည်။ အခြားလူသတ်သမားများကလည်း အခြားဝန်ကြီးများကို ပစ်ကြသည်။

ဝန်ကြီးသခင်မြမှာ ကုလားထိုင်ပေါ်မှ ကြမ်းပြင်သို့ လဲကျကာ လက်ျာဖက်လက်ပေါ်တွင် ပါးတင်၍ ကွေးကွေးကလေး အသက်ပျောက်ရှာသည်။ သခင်မြအနီးတွင် ထိုင်သော အတွင်းဝန်ဦးအုံးမောင်မှာ အရှေ့မြောက်ဘက်သို့ ဦးခေါင်းပြု၍ ပက်လက်သေဆုံးရသည်။ ၀န်ကြီးဦးရာဇတ်မှာ ကုလားထိုင်ပေါ်တွင်ပင် လက်ရမ်းနှစ်ဘက်၌ လက်နှစ်ဖက် တွဲလျောင်းကျ၍ နောက်သို့မှီလျက် ခေါင်းငိုက်စိုက်ကျရင်း ခပ်စောင်းစောင်း ကွယ်လွန်ရှာသည်။ မန်းဘခိုင်မှာမူ လူသတ်သမားများနှင့် အနီးဆုံးဖြစ်၍ မရှောင်တိမ်းသာပဲ ၄င်းကုလားထိုင်ပေါ်တွင် အသက်ပျောက်ရရှာသည်။ ဦးဘချိုမှာ အသက်မသေသေးဘဲ သတိမေ့မျောကာ ကုလားထိုင်ကိုမှီလျက် လက်ရမ်းတစ်ဖက်တွင် ခပ်စောင်းစောင်း ခေါင်းငိုက်စိုက်ကျနေရှိသည်။

လုပ်ကြံမှုမှ လွတ်မြောက်လာသော ဦးဘဂျမ်း ကိုယ်တွေ့ပြောပြချက်များကို ကိုးကားရေးသားထားသော စာရေးဆရာသင်္ခါ၏ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို စာအုပ်မှ ကောက်နုတ်ချက်။

~~~~~~

၁၉၄၇ ဇူလိုင် ၂၁ ရက်နေ့ထုတ် ဟံသာဝတီစာစောင်

အလောင်းရွှေ့ပွဲကြီးကို ဗမာလူမျိုးများက ဂရုပြုကြသည်သာမက အိန္ဒိယသားများ၊ တရုတ်များကအစ မျက်နှာမသာ ညှိုးငယ်ကြင်နာ ၀မ်းနည်းသော အရိပ်အရောင်ကို ဆောင်လျက်ရှိကြ၏။ ...

နေ့လည် ၂ နာရီတိတိအချိန်တွင် တာဝါလိန်းလမ်းအတွင်းမှ ဗိုလ်ချုပ်၏အလောင်းကို ထမ်း၍လာကြ၏။ အလောင်းကို ပြည်သူ့ရဲဘော်၊ ဗမာ့တပ်မတော်နှင့် ရေတပ်မတော်သားများက လမ်းတစ်လျှောက်လုံး တလှည့်စီ ထမ်းဆောင်လာကြသည်။ ...

ညနေ ၃ နာရီ ၄၅ မိနစ်အချိန် ဂျူဘလီခန်းမဆောင်ကြီးအတွင်းသို့ တောင်ဘက်တံခါးပေါက်မှနေ၍ အလောင်းများကို သွင်းလာ၏။ ရှေ့ဆုံးထိပ်က ဗိုလ်ချုပ်အောင်ဆန်း အလောင်းထားပြီး၊ ၄င်းလက်ဝဲ အနောက်နားက ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို ဦးဘ၀င်း၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီးနှင့် ဦးအုန်းမောင်တို့၏ အလောင်းများကို ထား၏။

လက်ယာဘက်တွင်မူ သခင်မြ၊ မန်းဘခိုင်တို့၏ အလောင်းများကို ထားသည့်အပြင် မစ္စတာရာဇတ် ရုပ်ကလာပ် မပါသော ခေါင်းအလွတ်ကို ထား၍လည်းကောင်း၊ မောင်ထွေး၏ အလောင်းအလွတ်ကို ကုတင်လွတ်သာ ထား၍လည်းကောင်း အစီအရီ ထား၏။ မစ္စတာရာဇတ်နှင့် မောင်ထွေးတို့၏ အလောင်း နှစ်လောင်းကို ဂျူဘလီဟောအတွင်းမှ တာမွေ ကင်းဘဲလ်လမ်းရှိ မဟာမေဒင်သင်းချိုင်းသို့ တောက်လျှောက် သယ်ယူသွားကြရာ မြန်မာနှင့် မြန်မာမူဆလင် အမြောက်အများ လိုက်ပါပို့ကြ၏။ အမေရိကန်သံအမတ်နှင့် ဇနီးအပြင် နယ်သာလန်သံအမတ်တို့ကလည်း လိုက်ပါလာကြ၏။

ညနေ ၅ နာရီ ထိုးသွားသည့်တိုင်အောင် လူထုပရိသတ်ကြီးမှာ ဂျူဘလီဟောအတွင်း၌ ရှိသေး၏။ ဗိုလ်ချုပ်အလောင်းနှင့်တကွ အလောင်းများကို လူထု သူ့ထက်ငါ တိုးဝှေ့ကြည့်ကြသည့်အတွက် ၁၀ ယောက် တတွဲစီဖြင့် ၀င်ကြည့်ခွင့် ပြုရတော့၏။ အလောင်းများကို လက်နက်ကိုင် ပုလိပ်များ အစောင့်ချထားတော့၏။

မေမြို့ချစ်ဆွေ ပြုစုသော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း စာအုပ်တွင် ထပ်မံ ဖော်ပြထားသည်မှ ကောက်နှုတ်ချက်။
~~~~~~

အဲဒီအကြောင်းအရာကို မဖတ်ရသေးတဲ့သူတွေအတွက်ရော ဖတ်ပြီးသားဖြစ်နေတဲ့သူတွေအတွက်ရော...
နောက်ပြန်ဖတ်ချင်ရင် ရှာလို့လွယ်အောင် ဒီနေရာလေးမှာ သိမ်းထားလိုက်ပါရစေဗျာ။

Thursday, July 16, 2009

Be elegant or ugly?


ဘုရားရှေ့မှာထိုင်နေတဲ့ ခြင်္သေ့တွေ
ကျက်သရေရှိလား ရုပ်ဆိုးလား
ကြည့်တဲ့ရှုထောင့်မှာ မူတည်ပေမယ့်
ဘုရားရှေ့မှာ မရှိနေတဲ့ ခြသေ့င်္တွေ
ကျက်သရေရှိလား ရုပ်ဆိုးလား
လုပ်တဲ့အပြုအမှုမှာ မူတည်သွားတယ်။

Tuesday, July 14, 2009

A piece of gipsy life-5

ဆယ်တန်းအောင်စာရင်း ထွက်တော့ တက္ကသိုလ်တွေ ပိတ်ထားတုန်းပါပဲ။ အလယ်တန်းကျောင်းတုန်းက ကျောင်းအုပ်ဆရာကြီးက ကျွန်တော် ဝေလေလေဖြစ်မှာ စိုးရိမ်ပြီး ကွန်ပျူတာ သင်တန်းတွေ တက်ဖို့ အိမ်မှာ လာပြောပါတယ်။ ဆရာကြီး ကိုယ်တိုင် အိမ်အထိ လာပြောတယ်ဆိုတော့ အိမ်ကလည်း ခေါင်းမခါတော့ဘူး။ အဲဒီလိုနဲ့ သင်တန်းတွေ စုံစမ်းဖို့ ကေအမ်ဒီကို ပါပါးမာမားနဲ့အတူ ထွက်လာခဲ့တယ်။ ကောင်တာက မသီတာ အပြောကောင်းတာနဲ့ နိုင်ငံတကာ အဆင့်မှီ ဒီပလိုမာ သင်တန်းကို စိတ်ဝင်စားသွားတယ်။ စာမေးပွဲကြေးက ဒေါ်လာနဲ့ သွင်းရမယ်ဆိုတော့ မာမားက မေးသေးတယ်။ စာလိုက်နိုင်မှာ သေချာလားတဲ့။ သင်တန်းကြေးနဲ့ စာမေးပွဲကြေးက မနည်းဘူးနော်တဲ့။

အဲဒီအချိန်တုန်းက အိမ်ရဲ့စီးပွါးရေးက အတော်လေးကို ယိုင်နေတဲ့ အချိန်ပေါ့။ စတိုးဆိုင်လည်း အဆင်မပြေလို့ ပိတ်ထားလိုက်ပြီ။ အိမ်မှာ စုထားသမျှငွေသားက သင်တန်းကြေးနဲ့ စာမေးပွဲကြေး လောက်ငှရုံပဲ ရှိတယ်။ ကျွန်တော်က တက်မယ်ဆိုတော့လည်း အိမ်က ငွေထုတ်ပေးရှာတယ်။ ဒေါ်လာတွေလည်း သွားဝယ်ကြတာပေါ့။ စာမေးပွဲကြေး ဒေါ်လာ ၂၀၀ ကျော်ဆိုတာ ဂဏန်းအရ ကြည့်ရင်သာ နည်းနည်းလေး။ မြန်မာငွေတန်ဖိုးနဲ့ ပြောင်းလိုက်တော့ မနည်းဘူးဗျ။ အစကတော့ ဘယ်လောက်မှ မရှိဘူး ထင်ထားတာ။ တကယ်ကုန်တဲ့ ငွေကို မြင်လိုက်ရမှ လူကြီးတွေ ငွေအတွက် ခေါင်းခဲနေရတဲ့ အနေအထားကို သဘောပေါက်သွားတယ်။

အိမ်က အကုန်အကျခံပြီး ကျောင်းထားပေးမှတော့ ကျွန်တော့်ဘက်ကလည်း စာလိုက်နိုင်အောင် လုပ်ရပြီပေါ့။ ကွန်ပျူတာဆိုတာ တစ်ခါမှတောင် မမြင်ဖူးတဲ့ ကျွန်တော့်အဖို့ အရာရာဟာ အသစ်အဆန်းပါပဲ။ စိတ်ဝင်စားတဲ့ ဘာသာတွေ ရှိသလို၊ စိတ်မ၀င်စားတဲ့ ဘာသာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျောင်းစာတွေကို စာကြွေး မရှိအောင် လုပ်ဖြစ်ခဲ့တယ်။ ညဉ့်နက်တဲ့အထိ စာလုပ်တယ်။ တစ်နေ့စာ တစ်နေ့ ပြန်ပြန်ဖတ်လိုက်တယ်။ ဆယ်တန်းတုန်းက အဲဒီလောက် မကြိုးစားခဲ့တာ အမှန်ပဲ။ အခုမှ ဒေါ်လာ မျက်နှာနဲ့ စာကြိုးစား ဖြစ်သွားတယ်။ ဒီလိုနဲ့ ပထမနှစ်ဝက်ကို ဘာသာစုံ အရောင်တွေပျံပြီး အောင်သွားပြီး အောင်စာရင်းရဲ့ ထိပ်ဆုံး ၁၀ ယောက်ထဲ ၀င်သွားခဲ့တယ်။

ဒုတိယနှစ်ဝက်မှာ ကျောင်းတက်နေတုန်း အင်တာဗျူး ခေါ်တာနဲ့ အတွေ့အကြုံရအောင် ၀င်ဖြေလိုက်တယ်။ မေးသမျှကို စိတ်ထဲမှာ ရှိသမျှ ဖြေတတ်သလို ဖြေလိုက်တာ အလုပ်ရသွားပါလေရော။ အဲဒီလိုနဲ့ ဒုတိယနှစ်ဝက် စာမေးပွဲ ဖြေပြီးတာနဲ့ ချက်ချင်းပဲ အလုပ်ဝင်ခဲ့လိုက်တယ်။ အလုပ်ဝင်ဖြစ်တော့ အိမ်က နောက်တစ်တန်း ဆက်တက်မလားတဲ့။ ဘွဲ့ရတဲ့အထိတော့ မထားနိုင်ပေမယ့် ဒီတစ်တန်းတော့ ထားပေးမယ်တဲ့။ အလုပ်က ရတဲ့လခနဲ့ ပြန်ဆပ်ပေါ့ ဆိုပြီး ဒုတိယနှစ်အတန်းကို ကျောင်းလခ သွင်းပေးခဲ့တယ်။ အဲဒီကနေစပြီး ဘ၀မှာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက် ဖြစ်သွားပါလေရော။

ဒုတိယနှစ်အတွက် စာမေးပွဲကြေးတွေ မသွင်းရသေးခင်မှာ ဘီစီက ပညာသင်စရိတ် စကော်လာပေးမယ် ဆိုပြီး အင်တာဗျူး ခေါ်တယ်။ အဲဒီလိုခေါ်တဲ့အချိန်မှာ ပထမနှစ်ရဲ့ ဒုတိယနှစ်ဝက် အောင်စာရင်းက မထွက်သေးတော့ ပထမနှစ်ဝက် အောင်စာရင်းက အမှတ်အများဆုံး ထိပ်ဆုံး ၁၀ ယောက်ကို အင်တာဗျူး ခေါ်တွေ့ပါလေရော။ ကျွန်တော် အဆင့်က ၇ လား ၈ လား မသိဘူး။ သိပ်မမှတ်မိတော့ဘူး။ သေချာတာက ထိပ်ဆုံး ၅ ယောက်ထဲမှာ မပါဘူး။ ထိပ်ဆုံး ၅ ယောက်ကတော့ ထိပ်ထိပ်ကြဲ စပါယ်ရှယ် တော်ကြတဲ့သူတွေ။ စာဆိုလည်း အတော် ကြိုးစားတယ်။ အင်္ဂလိပ်စာလည်း တော်ကြတယ်။ ကျွန်တော်ကတော့ ဖွတ်ချက် ဖွတ်ချက်လေးပါ။

အင်တာဗျူး မဖြေခင်ကတော့ ရင်ခုန်ဖင်တုန်ပြီး ကြောက်နေပေမယ့် တကယ်တမ်း ဖြေရတော့လည်း ဘာမှ မဟုတ်ဘူး။ အဲကွန်းကလည်း အေးတော့ သေးပေါက်ချင်သလိုလို မီးယပ်ချမ်း ထချင်သလိုလိုပဲ။ ပါးစပ်ကတော့ သံဗုဒ္ဓေဂါထာပဲ တောက်လျှောက် ရွတ်ပြီး ဖြေရမယ့် အလှည့်ကို စောင့်နေလိုက်တယ်။ တစ်ယောက်ပြီးမှ နောက်တစ်ယောက် အခန်းထဲဝင်ပြီး ဖြေရတာဆိုတော့ သူများတကာတွေကို ဘာတွေ မေးလဲတော့ မသိဘူး။ ကျွန်တော့်အလှည့်မှာတော့ ဘယ်မှာနေလဲ။ မိဘတွေက ဘာလုပ်လဲ။ ဆယ်တန်းကို ဂုဏ်ထူး ဘယ်နှလုံး ပါလဲ။ ငယ်ငယ်တုန်းက ဘယ်ကျောင်းမှာ တက်ခဲ့သလဲ။ ဆယ်တန်းကို ဘယ်ကျောင်းက အောင်ခဲ့သလဲ။ အခုရော ဘာလုပ်နေသလဲ။ အရမ်းလွယ်တဲ့ မေးခွန်းတွေ ဆိုတော့လည်း အေးအေးဆေးဆေး ဖြေနိုင်ခဲ့တယ်။

မိဘတွေက လက်ဖက်ရည်ဆိုင် ဖွင့်ပါတယ်။ ကျွန်တော်က နံပြားရိုက်ပါတယ်။ စားပွဲထိုးပါတယ်။ ပန်းကန် ဆေးပါတယ်။ နို့အိုးကျိုပါတယ်။ နို့အိုးတိုက်ပါတယ်။ နေတာကတော့ ရန်ကုန် ဆင်ခြေဖုန်းမှာ နေပါတယ်။ လှိုင်မြစ်ကမ်းဘေးက ဓနိမိုး ထရံကာ မွဲတေတေ ကျောင်းကလေးမှာ ငယ်ငယ်တုန်းက နေခဲ့ရတယ်။ ငွေရှိမှ လူရာဝင်တဲ့ အနံကြီးကွင်းကျယ် အထက်တန်းကျောင်းကြီးကနေ ဆယ်တန်းအောင်တယ်။ ဂုဏ်ထူးကတော့ ဘာသာစုံ မဟုတ်ပါဘူး။ အခုတော့ လခ ၈၀၀၀ ကျပ်နဲ့ ပရောဂျက် ကြီးကြပ်ရေးမှူး လုပ်နေပါတယ်။ အဲဒါလေးပဲ ဖြေလိုက်ရတယ်။ အိုခေ ရပြီ..... ဆိုပြီး ပြန်လွှတ်လိုက်လို့ ကျောင်းကို ပြန်လာခဲ့လိုက်တယ်။ ဒါပေမယ့် အင်တာဗျူးမှာ လှိုင်မြစ်ကမ်းဘေးက ကျောင်းအကြောင်းကိုတော့ အတော်လေး မေးပါတယ်။

အဲဒီလိုနဲ့ နောက်နှစ်ရက်မှာ အဖြေထွက်ပါတယ်။ အားလုံးထဲကနေ ကျွန်တော်ကို ရွေးပါတယ်တဲ့။ အဲဒီလိုနဲ့ ပေးထားပြီးတဲ့ ဒုတိယနှစ် ကျောင်းလခကို ပြန်ထုတ်ပေးပါတယ်။ မသွင်းရသေးတဲ့ စာမေးပွဲကြေးကို သွင်းစရာ မလိုတော့ပါဘူး။ အဲဒီ စကော်လာကို ဘယ်ကနေ ပေးမှန်းလည်း မသိပါဘူး။ ဘွဲ့ရတဲ့အထိ ကျောင်းပြီးအောင် တက်ပါမယ်လို့ပဲ ခံဝန်ကတိ ထိုးခိုင်းပါတယ်။ စာမေးပွဲ ကျခဲ့ရင်လည်း စကော်လာ ဆက်မပေးပါဘူး။ အဲဒီတော့ ဘာသာစုံကို အောင်အောင်ဖြေနိုင်ဖို့ လုပ်ရတာပေါ့။ ဒုတိယနှစ်ကို အလုပ်တစ်ဖက်နဲ့ ကြိုးစားလိုက်ရတာ နှာခေါင်းလေး ဖော်ပြီး အောင်သွားရှာလို့ တတိယနှစ်ကို ဆက်တက်ခွင့် ရလိုက်တယ်။ တတိယနှစ် ရောက်ရင် အိုခေပါပြီ။ စာမေးပွဲကြေးနဲ့ သင်တန်းကြေးက အတော်ကို ဈေးကြီးတာဆိုတော့ အိမ်က မထားနိုင်တာ အသေအချာပါပဲ။ အခုတော့ ဘ၀မှာ မမျှော်လင့်ထား မထင်မှတ်ထားပဲနဲ့ ပညာသင်စရိတ်တွေ စကော်လာရပြီး ကွန်ပျူတာဘွဲ့တစ်ခု ရသွားပါလေရောဗျာ။

Sunday, July 12, 2009

Oh sleep!


Oh sleep! it is a gentle thing,
Beloved from pole to pole.
~Samuel Taylor Coleridge

ဒီရက်တွေမှာ အိပ်ရေးပျက်တာ များလွန်းလို့
အရူးအမူးကို အိပ်ချင်နေသော်လည်း
ဂျူတီချိန်ဟာ ဂျူတီပါ... ၀တ္တရား မပျက်ကွက်ရပါ။

Saturday, July 11, 2009

When I fall in Love



ဘတ်စ်ကားမှာ လက်မှတ်ဖြတ်ရမှာကို မေ့ပြီး ခပ်တည်တည်နဲ့ ကားအပေါ်ထပ်ကို တက်သွားလို့ ဒရိုင်ဘာက အပေါ်ထိတက်လာပြီး လက်မှတ်ဖြတ်ဖို့ခေါ်မှ နဂိုအသိပြန်ကပ်တာမျိုး...

သောက်ရေဘူးထဲကို ရေအေးထည့်ရမှာကို ရေသန့်စက်မှာ ရေပူခလုတ်ကြီး ဖိထားမိလို့ ရေဗူးပူလာတော့မှ နဂိုအသိပြန်ကပ်တာမျိုး...

သောက်ပြီးသားကော်ဖီခွက် ဆေးတုန်းက ရေပူနဲ့ ခွက်ကို ကျင်းပြီး သွန်တဲ့အချိန်မှာ လက်ပေါ်တည့်တည့် သွန်မိလို့ အပူလောင်တော့မှ နဂိုအသိပြန်ကပ်တာမျိုး...

ရေချိုးခန်းထဲ ခေါင်းလျှော်တဲ့အချိန်မှာ ခေါင်းလျှော်ရည် မသုံးမိပဲ ကိုယ်တိုက်ဆပ်ပြာရည်နဲ့ ခေါင်းကို ပွတ်မိပြီး အရင်လောက် ဆပ်ပြာမြှုပ် မထွက်မှန်း သထိထားမိလိုက်မှ နဂိုအသိပြန်ကပ်တာမျိုး...

မျက်နှာသစ်တဲ့အချိန် မျက်နှာဆေးကရင်မ်ဘူးကို လှမ်းမယူမိပဲ သွားတိုက်ဆေးဘူးကို ညှစ်ပြီး ထွက်လာတဲ့ သွားတိုက်ဆေးနဲ့ မျက်နှာသစ်မိလို့ စပ်ဖျင်းဖျင်းဖြစ်မှ နဂိုအသိပြန်ကပ်တာမျိုး...

ဓါတ်လှေခါးထဲ ၀င်ပြီး တက်မယ့်အထပ်ကို ခလုတ်မနှိပ်မိပဲ အတွေးတွေ လွင့်မျှောနေချိန်မှာ အပေါ်ထပ်က အောက်ဆင်းမယ့်သူ ခလုတ်နှိပ်ခေါ်လိုက်လို့ ဓါတ်လှေခါး တက်သွားပြီး တံခါးပွင့်သွားတဲ့အခါ ကိုယ်သွားမယ့် အထပ်မဟုတ်တာ တွေ့လိုက်ရမှ နဂိုအသိပြန်ကပ်တာမျိုး...

ညဘက်ပိုင်း လေ့ကျင့်ခန်းလုပ် ပြေးနေတဲ့အချိန် လှတပတ တရုတ်မလေးတွေ ဖျက်ကနဲမြင်လို့ ငေးမိပြီး တစ်စုံတစ်ယောက်ကို လွမ်းလွမ်းနဲ့ သတိလက်လွှတ် ပြေးနေမိလိုက်တာ ပလက်ဖောင်းပေါ်ကနေ မြက်ခင်းထဲ ရောက်နေမှ နဂိုအသိပြန်ကပ်တာမျိုး...

အဲဒီလိုမျိုးတွေ ဖြစ်ရင်ရော ချစ်မိနေပြီလို့ ပြောလို့ရမလားပဲနော်။

~~~~~~~~~~~~~~~~

မျောက်နှစ်ဖွား မရီတာက ချစ်မိပြီဆိုရင်မှာ လက်ဆော့ထားတာကို ဖတ်လို့ကောင်းကောင်းနဲ့ အားရပါးရ သွားဖတ်မိလိုက်တာ စာတစ်ပုဒ်လုံး ဖတ်ပြီးတော့မှ နောင်တရလိုက်တယ်။ သူက အသက် ၂၀ နှစ်အောက် လူငယ်များအတွက်ပဲ ရေးထားတာဆိုပဲ။ ကျွန်တော်တို့လို အိုကြီးအိုမတွေ ခြင်္သေ့သစ်လို ကလေးအဖေတွေ ဖတ်ဖို့မဟုတ်ဘူးဆိုတော့လည်း ကိုယ့်ဘ၀နဲ့ ကိုယ် ရှိပါစေတော့လေပေါ့ဗျာ။ ဒါပေမယ့် သူတစ်ယောက်ပဲ ချစ်တတ်သလားနော်။ ကျုပ်တို့တွေလည်း ချစ်တတ်ပါတယ်လေ။ အဲဒီတော့ အားကျမခံ ကိုယ့်ပုံစံနဲ့ ကိုယ် ပြန်ရေးလိုက်တာပေါ့ဗျာ။

အရွယ်တော် တစ်စိတ်ဟိုင်း လူပျိုသိုး အပျိုသိုးကြီးများ ဖတ်ရန်လို့ မှတ်ချက်ထား ရေးချင်မိပေမယ့်လည်း တကယ်တမ်းကတော့ ကလေးမသာမျက်နှာနဲ့ ရုပ်ရှိချိန်ပါ ဖိုးသင်္ကြန် အတွက် ရည်စူးပါတယ်ဗျာ။

Thursday, July 9, 2009

Monkey Mind


လူ့စိတ်ဆိုတာ ခက်တော့လည်း ခက်သားဗျ။ တခါတလေမှာ စိတ်ရူးပေါက်ရာလေးတွေလည်း ဟိုဟိုဒီဒီ လုပ်ချင်မိပါတယ်။ စိတ်ကူးနဲ့ စိတ်ရူး မတူပါဘူး။ စိတ်ရူးဆိုတာ အရည်မရ အဖတ်မရ အရူးထတာမျိုးပေါ့။ ကလေးမဟုတ် သူငယ်မဟုတ် ချိုမိုင်မိုင် ကချင်တာမျိုးလည်း စိတ်ရူးထတာလို့ ထင်တယ်။ အသက်ကြီးမှ သနပ်ခါး လိမ်းချင်တာလည်း စိတ်ရူးထတာဖြစ်မယ်။ စိတ်ရူးပေါက်တယ်ဆိုတာ မျောက်စိတ်လိုပဲလား မသိဘူး။ ဒါပေမယ့် ဘ၀မှာ ဘုရားဒကာ ကျောင်းဒကာလိုမျိုး အချိန်ပြည့် အတည်အတန့်ကြီးပဲ နေပေးရမှာလားဗျ။ ပေါ့ပေါ့ပါးပါးလေးတွေလည်း ရှိစေချင်မိတယ်။

တခါတလေတော့လည်း အလေးအနက်ထား လုပ်ချင်မိတာလေးတွေ ရှိတယ်။ လုပ်သင့်ပြီ ထင်လို့ လုပ်ရမယ့် အရာတွေမှာ စိတ်တူကိုယ်တူ ဖြစ်နိုင်မယ်လို့ ယူဆရတဲ့ လူတချို့ကို ပြောဆို တိုင်ပင်မိတယ်။ လူများတော့ ပွဲစည်တယ်ဆိုပြီး တွဲလက်တွေ များစေချင်မိခဲ့တယ်။ နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်မှန်း သိတာပေါ့။ ဒါပေမယ့် ကျွန်တော်က ဆီဖြစ်ချင်တာမှ မဟုတ်တာဗျ။ ဆီဆိုတာ ချောမွေ့တဲ့ သဘောမှာ ရှိတယ်လေ။ ကျွန်တော်က ဆူးတွေ အပြည့်နဲ့ စိတ်ကောင်းဝင်နေတဲ့ မာရ်နတ်လို့ပဲ ပြောရမလားပဲ။ ဆိုးလိုက် ကောင်းလိုက်ပါပဲ။

လူတကာကို အလွယ်တကူ မခင်တတ်ပါဘူး။ အသက် ဘယ်လောက်ရှိပြီလဲ။ အမည်ရင်းက ဘယ်လိုခေါ်လဲ။ ဘယ်မှာ နေလဲ။ ဘာလုပ်နေလဲ။ ဘယ်က ကျောင်းပြီးတာလဲ။ အဲဒါတွေကို တခါမှ မသိဖူး မမြင်ဖူးတဲ့ သူတွေ လာလာမေးရင် ကျွဲမြီးတိုပါတယ်။ အဲဒါတွေ သူတို့ သိတော့ရော ဘာလုပ်လို့ ရမှာလဲ။ ဇူလိုင်ကို ဇူလိုင်လို့ပဲ မှတ်ထားလိုက်ပေါ့။ သူတို့အကြောင်းကျတော့ ဘာတစ်ခုမှ မသိထားရပဲ ရဲစခန်းမှာ အမှုစစ်ရဲက စစ်သလိုမျိုး တစ်ခုပြီး တစ်ခု မေးမြန်း စစ်ဆေးနေတော့ လူက စိတ်မရှည်တော့ဘူး။ အဲဒီလိုအချိန်မှာ စိတ်ရူးပေါက်ပေါက်နဲ့ ပြန်ဘုတောမိတော့ ရိုင်းလိုက်တာတဲ့။ ဘယ်လိုလူလည်း မသိဘူးတဲ့။ ချိုချိုသာသာလေး ပြောဆိုတတ်ပါတယ်။ ငယ်ငယ်တုန်းကပေါ့။ အခုတော့ အသက်က ဦးအရွယ် ဖြစ်နေတော့ စိတ်က လက်တစ်ဆစ်ဖြစ်နေပါပြီ။

သတင်းကြီးတဲ့ မာမီကိုတော့ ခင်ပါတယ်။ ဒါပေမယ့် မာမီက လူသိမခံတဲ့ ရောဂါရှိတယ်။ သူ့ရောဂါကို သူလည်း သိတယ်။ သိရဲ့သားနဲ့ကို ပျောက်အောင် မကုပဲ ပိုဆိုးလာအောင် လုပ်နေသလားပဲ။ မာမီကို facebookက သူငယ်ချင်းစာရင်းထဲမှာ လက်မခံထားပါဘူး။ သူငယ်ချင်းလို့ ပြောလိုက်ရင် ရိုင်းများသွားလေမလားလို့ပါ။ အခင်အမင်တွေ မပျက်စေချင်တော့လည်း တိုးတိတ်စိုးထိတ်မိတယ်။ ဒါပေမယ့် အစ်မလို့တော့ ခေါ်ပါတယ်။ လူကြီးသူမဆိုတာ ရိုသေရမယ်လေ။

အဲဒီလိုပဲ လူ့စိတ်ဆိုတာ ခန့်မှန်းရ ခက်တယ်။ ခင်တာတော့ ခင်ပါတယ်လေ။ တကယ့်ကို မဟားတရားကို ခင်လွန်းမက ခင်လွန်းအားကြီးလို့... ခင်သထက်ခင် မင်သထက်မင်... ခင်မင်မှုတွေ မလျော့ပါးရလေအောင် ခင်မင်မှုတွေကို ဂုဏ်ပြုထားချင်မိတယ်။ ကလေးမဟုတ် သူငယ်မဟုတ်... အရည်မရ အဖတ်မရဆိုတာ သိပေမယ့် စိတ်ရူးထမိတာပါ။ ခွေးလွှတ်ပြီးသာ ကိုက်ခိုင်းလိုက်ပါလေ။ အဲဒီတော့လည်း ဆေးထိုးအပ် တုံးတုံးနဲ့ ချက်ပတ်ပတ်လည် ဆေးထိုးခံရပြီပေါ့။ သနားကြပါခင်ဗျာ။ ၀ဋ်ရှိသရွှေ့တော့ ကျေအောင် ဆပ်ရပြီပေါ့။

အင်း... စိတ်ရူးပေါက်နေတဲ့ အချိန်မှာ တွေးမိပြီး မျောက်လက်နဲ့ ရေးမိပါတယ်။

Tuesday, July 7, 2009

July 7 2009

ဇူလိုင် ၇ ရက်နေ့ အလည်တခေါက် ပြန်ရောက်လာပြန်ပြီ။ ဒီတစ်ခါတော့ အင်္ဂါနေ့ပေါ့။ ဇူလိုင်အိပ်မက်လည်း ဒုတိယနှစ်ထဲ ၀င်လာပြီ။ မြန်မာ့သမိုင်းမှာ ဒေါင်းပျိုတွေ သွေးမြေခခဲ့တဲ့ ဒီနေ့ရက်ကို မမေ့နိုင်ကြသေးသလို အခုချိန်ထိ တိုက်ပွဲဝင်ဆဲ နှစ် ၂၀ က ဒေါင်းပျိုတွေလည်း အိုတော့ပါမယ်။ မျိုးဆက်သစ် ဒေါင်းပျိုတွေလည်း သမိုင်းတာဝန် လက်ဆင့်ကမ်း ယူနေကြတာလည်း တွေ့ရမှာပါ။ နေ့တွေညတွေ တစ်လှည့်စီ ဖြတ်သန်းပြီး အချိန်တွေ ကုန်သွားခဲ့ပေမယ့် လုပ်ရပ်တိုင်းဟာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ခဲ့မှာတော့ ငြင်းမရပါဘူး။

ဒီနေရာမှာ ကိုယ်ရေးကိုယ်တာတွေ ရေးနေတာ များတော့လည်း အကြွားပိုတယ်ဆိုပြီး အမြင်ကပ်တဲ့သူလည်း ကပ်လောက်ပါပြီ။ ဓါတ်ပုံတွေ ရိုက်ပြီး ရေးချင်တာတွေ လျှောက်ရေးနေခဲ့လို့ မျက်စိနောက်နေတဲ့လူလည်း ရှိလောက်ပါပြီ။ ခြံစည်းရိုး ခွထိုင်လို့ဆိုပြီး ဆဲတဲ့သူတွေလည်း ဆဲကြပါတယ်။ ပေါတောတော လုပ်လိုက် ခပ်တည်တည်ကြီး နေလိုက်နဲ့ စာဖတ်သူတွေလည်း အရူးလင်လုပ်ရသလို ဖြစ်နေပါပြီ။ အဲဒီလို သည်းခံခဲ့ရတဲ့ မကောင်းသူရော ကောင်းသူရော၊ ရှိရှိသမျှ ပုပုကွကွ သွယ်သွယ်လျလျ အိုကြီးရွတ်တွ နုပျိုလှပ စာဖတ်သူ ဆဲသူ သောက်မြင်ကပ်သူ အားလုံးကို ကျွန်တော်ဇူလိုင် ကျေးဇူးမတင် ဖင်လှန်ပြတာမျိုး မဖြစ်ရလေအောင် ကျေးဇူးတင် စကားတော့ ပြောချင်မိပါတယ်။ ဒါပေမယ့် ကျေးဇူးတင်စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်လို့ လိုရင်တိုရှင်းပဲ ပြောလိုက်ပါတော့မယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျ။

ဒီနေ့ဒီရက်မှာတော့ ကျောင်းတော်ကြီးက သူငယ်ချင်းကြီးကို သတိတော့ ရမိသားဗျ။ သူလည်း အကျဉ်းစံ ဒေါင်းပျိုပဲလေ။ အခုချိန်မှာတော့ အင်းစိန် ထောင်တွင်း တစ်နေရာရာမှာပေါ့။ သူက ကျွန်တော့်ထက် အသက် ခုနစ်နှစ်ကျော် ကြီးတယ်။ ကံတရားက မထင်မှတ်ပဲ ဆုံတွေ့ခွင့် ပေးခဲ့တော့လည်း ဟိုမရောက် ဒီမရောက် ဘာမှကို မဟုတ်တဲ့ ကျွန်တော့်လိုကောင်နဲ့ သူငယ်ချင်း လာဖြစ်ကြတယ်။ သူဆိုတာက မျိုးရန်နောင်သိန်းပါ။ စက်မှုတက္ကသိုလ် ဗိသုကာ ကျောင်းသားပေါ့။ ကျွန်တော်တို့ကတော့ သူ့ကို S One (S1) လို့ ခေါ်ပါတယ်။ အတွင်းရေးမှူး ၁ ပေါ့ဗျာ။ သူက ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်းဆောင်လုပ်ခဲ့လို့ ၁၉၉၇ မှာ ထောင် ခုနစ်နှစ် ချခံလိုက်ရပါတယ်။

Photo Credit: Facebook
၂၀၀၃ မှာ ကျွန်တော် နယူးဒေလီက ပြန်လာတော့ သူ... ထောင်က ပြန်လွှတ်လာပြီ။ သူက စတုတ္ထနှစ်မှာ ထောင်ကျသွားတာဆိုတော့ ထောင်က လွှတ်လာတော့ ၀ိုင်တီယူမှာ စတုတ္ထနှစ်ကနေ ပြန်တက်ခွင့်ရပါတယ်။ ကံကောင်းချင်တော့ နည်းပညာတက္ကသိုလ်မှာ နောက်ဆုံးအသုတ်က စတုတ္ထနှစ်ဖြစ်နေပါပြီ။ သူသာ ၂၀၀၄ မှ ထောင်က ထွက်လာရရင် တက်စရာအတန်း မရှိတော့ပါဘူး။ ၀ိုင်အိုင်တီမှာ ဒုတိယနှစ်၊ တတိယနှစ် တက်ရင်းနဲ့ ထောင်ကျခဲ့တဲ့ သူတွေမှာ တက်စရာ အတန်းမရှိတော့လို့ ကျောင်း ဆက်မတက်ဖြစ်တော့ပါဘူး။

ကျွန်တော်လည်း ကုလားပြည်က ပြန်လာတာဆိုတော့ ကျောင်းစာတွေ မစုံပါဘူး။ စာမေးပွဲက နောက်အပတ် တနလာင်္နေ့။ ပြန်ရောက်တာက သောကြာနေ့။ ကြားထဲမှာ စာလုပ်ဖို့ ၃ ရက်ပဲ အချိန်ရှိတယ်။ အဲဒီတော့ မေဂျာတူ သူငယ်ချင်းအရင်းတွေကို အပူကပ်ရတာပေါ့။ မိုင်နာဘာသာတွေအတွက် မြို့ပြအင်ဂျင်နီယာဌာနက ဆရာစိုးစိုးကို အပီအပြင် ဒုက္ခပေးခဲ့တယ်။ ဆရာ့အိမ်မှာပဲ အိပ်ပြီး စာလုပ်ခဲ့တယ်။ စာမေးပွဲ ပြီးတော့လည်း ဒီဇိုင်းပရောဂျက်တွေ လုပ်ဖို့ ကျန်သေးတယ်။ မူလတန်းကျောင်းရယ် စာကြည့်တိုက်ရယ် ဆေးရုံရယ် ဒီဇိုင်း ဆွဲရမယ်။ အဲဒီမှာ မဗေဒါရဲ့အစ်မလတ် နေ့မနား ညမနား ပုံကူဆွဲပေးခဲ့ရှာတယ်။ စာတမ်းတွေလည်း တင်ရသေးတယ်။ ဒီလိုနဲ့ စတုတ္ထနှစ် အောင်စာရင်း ထွက်လာရော။ ကျွန်တော်ကတော့ လွတ်လွတ်ကျွတ်ကျွတ် အောင်ပါတယ်။

အဲဒီမှာ ကိုရန်နောင်ကြီး ကျပါတယ်။ အဲဒီလို ကျတဲ့သူတွေကို စာမေးပွဲ နောက်တစ်ခါ ပြန်ဖြေခွင့် ပေးပါတယ်။ အဲဒီအတွက် သူ ကြိုးပမ်းရှာပါတယ်။ သူငယ်ချင်းတစ်ယောက်က ချိတ်ပေးလို့ သူ့ ကျွန်တော်ဆီမှာ အကူအညီ တောင်းပါတယ်။ ကျောင်းစာတွေ ရှင်းပြပေးဖို့။ စာတမ်းမှာ ၀ိုင်းကူပေးဖို့။ ဒီဇိုင်းတွေအတွက် ပုံကူဆွဲပေးဖို့။ ကျွန်တော်ကလည်း စတုတ္ထနှစ်မှာ ကျောင်းတက်ထားတာ မဟုတ်တော့ သူ့ကို ကူညီပေးဖို့ ခက်လှပါတယ်။ ဒါပေမယ့် ကျွန်တော်က အတန်းထဲက တခြားသူငယ်ချင်းတွေကို သူ့အတွက် အကူအညီ တောင်းပေးနိုင်မှန်း သူသိထားတယ်။ အတန်းထဲက လူတွေက ထောင်ထွက် သူ့ကို နည်းနည်းစိမ်းနေသလားပဲ။ အဆက်အဆံ သိပ်မရှိလှဘူးလို့ ထင်မိတယ်။။ အဲဒီတော့ ကျွန်တော်က ကြားပွဲစား လုပ်ပေးလိုက်ပါတယ်။

စာတော်တဲ့ သူငယ်ချင်းတွေဆီက ကျောင်းစာတွေ မိတ္တူဆွဲပါတယ်။ စာမေးပွဲအတွက် အဓိက လေ့လာရမယ့် အပိုင်းလောက်ပဲ မိတ္တူကူးပြီး တွက်ချက်ပုံတွေကို တခါတည်း ရှင်းပြခိုင်းတယ်။ ပြီးတော့ ကျွန်တော်က ကိုရန်နောင်ကို ပြန်ရှင်းပေးပါတယ်။ စာတမ်းအတွက် သူငယ်ချင်း အချို့ကို ကူခိုင်းပါတယ်။ ကျွန်တော်က စာစီပေးပါတယ်။ ဒီဇိုင်းအတွက်တော့ မယ်ကိုးတို့ မဗေဒါအစ်မတို့ ၀ိုင်းဆွဲပေးကြပါတယ်။ အဲဒါတွေ အချိန်မှီ ပြီးဖို့အတွက် ကြားထဲကနေ တောင်ပြေး မြောက်ပြေး လုပ်ခဲ့ပေးတာကတော့ ကျွန်တော်ဇူလိုင်ပါပဲ။ ကျွန်တော် လုပ်နိုင်သလောက် သူ့ကို လုပ်ပေးလိုက်တာ သူ စတုတ္ထနှစ် စာမေးပွဲ အောင်သွားပါတယ်။ ဌာနက ဆရာ ဆရာမတွေရဲ့ စေတနာလည်း သူ့အပေါ် ရှိကြမှာပါ။ ဒီလိုနဲ့ တစ်တန်းပြီး တစ်တန်း တက်လာခဲ့လိုက်တာ ကိုရန်နောင်တစ်ယောက် နည်းပညာတက္ကသိုလ်ကနေ ဗိသုကာဘွဲ့ ရသွားပါတယ်။

ထောင်ကနေ ထွက်လာအပြီးမှာ ထောင်ကျဆိုပြီး သိမ်ငယ်မနေပဲ ကိုယ့်အောက် အသက်အများကြီး ငယ်တဲ့ အတန်းဖော်တွေရဲ့ အကူအညီနဲ့ ဗိသုကာဘွဲ့ကို ရအောင်ယူပြသွားတဲ့ သူ့ကို လေးစားမိပါတယ်။ ဒူးမထောက် လက်မမြှောက်တတ်တဲ့ သူ့ရဲ့ စိတ်ဓါတ်ကို သဘောကျမိပါတယ်။ သူက စကားပြောရင်လည်း နှိမ့်နှိမ့်ချချ ပြောတတ်ပါတယ်။ သူ့ကို အားကျမိတဲ့ နောက်တစ်ခုက ဘာသာစကား ကျွမ်းကျင်မှုပါ။ အင်္ဂလိပ် ပြင်သစ် စပိန် ဘာသာသုံးမျိုးကို မွှတ်နေအောင် ပြောနိုင်ပါတယ်။ လှည်းတန်းက သူ့အိမ်မှာလည်း စကားပြော သင်တန်းလေး ဖွင့်ထားပါသေးတယ်။

တခါတလေ လှည်းတန်းဘူတာမှာ ဆရာရွှေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင် ကိုရန်နောင်လည်း ပါတတ်တယ်။ ကျောင်းပြီးတဲ့ နောက်ပိုင်းမှာလည်း သူ့အိမ်ကို အလည်အပတ် ရောက်ဖြစ်သေးတယ်။ သူ့ဆီ သွားလည်တိုင်း သူ့အိမ်နားက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် လိုက်တိုက်လေ့ရှိတယ်။ လက်ဖက်ရည်ဆိုင် သွားရင် သူ့ရဲ့တူလေးကို ခေါ်လာတတ်တယ်။ ချမ်းသာလွန်းတာလည်း မဟုတ်ပဲနဲ့ အမြဲတမ်းလိုလို လက်ဖက်ရည်ဖိုး ရှင်းနေလို့ တခါတလေမှာ ကျွန်တော်တို့က လုပြီး ပိုက်ဆံ ရှင်းနေရတယ်။ သူ့ပုံစံက ကာတွန်းဝိဇ္ဇာရေးတဲ့ တာယာပွကြီး ဆိုတဲ့ ဇာတ်ကောင်နဲ့တောင် တူသလိုလိုပဲ။ အဲဒီလိုဆိုတော့လည်း သွားခေါခေါနဲ့ ရုပ်ဆိုးတဲ့ ကျွန်တော်က နေထက်ပူပြင်း ဆိုတဲ့ ဇာတ်ကောင်နဲ့ တူသွားပြန်ရောဗျ။ အခုချိန်မှာ ဗိုက်ကလည်း ပူနေတဲ့အပြင် အပျင်းကလည်း ကြီးနေတော့ ပူပြင်းဆိုတဲ့ ဇာတ်ကောင်နဲ့ ကျွန်တော့်ပုံစံ ကွက်တိဖြစ်နေပြီပေါ့လေ။

သူနဲ့ ပတ်သက်ပြီး သတိထားမိတာက ကျွန်တော်တို့ကို နိုင်ငံရေးအကြောင်း သိပ်မပြောပါဘူး။ နိုင်ငံရေး ဆွယ်တရားတွေလည်း မဟောပါဘူး။ သူ့စကားထဲမှာ လက်ရှိအစိုးရကို အမြင်မကြည်တဲ့ အကြောင်းတော့ အရိပ်အမြွတ်လောက် ပါတာမျိုးပဲ ရှိတယ်။ ဒါတောင် မကျေနပ်ချက်တွေ များလွန်းလို့ ပွင့်အန်ထွက်လာတဲ့ တစ်ခွန်းစ နှစ်ခွန်းစ စကားတွေပါ။ သုမနကျောမှာ အရှိုးရာတွေ မနည်းခဲ့တဲ့ သူဆိုတော့လည်း စကားကို အတော်လေး ထိန်းပြောပါတယ်။ တခါတလေလည်း ဆေးပေါ့လိပ်ခဲပြီး တစ်ခုခုကို တွေးငေးနေတတ်တယ်။

သူ့ကျေးဇူးနဲ့ပဲ ပြည်လမ်းက ကျောင်းမှာ ပြင်သစ်စကား လေ့လာခွင့် ရလိုက်တယ်။သူ့ကျေးဇူးနဲ့ပဲ သံရုံးက ဦးစီးကျင်းပတဲ့ ပွဲလမ်းသဘင်တွေ တက်ဖူးသွားတယ်။ သူ့ကျေးဇူးနဲ့ပဲ ရုပ်သေးပွဲတွေ ကြည့်ဖူးသွားတယ်။ သူ့ကျေးဇူးနဲ့ပဲ ဂီတသံစဉ်တချို့ကို ထိတွေ့ခွင့်ရခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ထောင်တွင်း အတွေ့အကြုံတွေ ကြားဖူးနားဝ ရှိသွားတယ်။ သူ့ကျေးဇူးနဲ့ပဲ ကျွန်တော် မျက်လုံးတွေအောက် ရောက်ခဲ့ရတယ်။ သူ့ကျေးဇူးနဲ့ပဲ ရဲစခန်း ရောက်သွားခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ဒုရဲအုပ်ရှေ့မှာ စစ်ချက် ပေးခဲ့ဖူးတယ်။

သူ... ထောင်က ထွက်လာခဲ့တုန်းက ခြေမသန်တော့ဘူး။ လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ ဖြစ်နေတယ်။ ဆေးပေါ့လိပ်ကလည်း သောက်သေးတယ်။ ဒီတော့လည်း ချောင်းကလည်း ဆိုးတာပေါ့။ ကျန်းမာရေးလည်း ထူထူထောင်ထောင် မရှိလှဘူး။ မြင်လိုက်ရရင် ယဲ့တဲ့တဲ့လေးပါပဲ။ အဲဒီလောက် ဖြစ်နေတာတောင် ၂၀၀၇ စက်တင်ဘာမှာ လမ်းလျှောက် ထွက်လိုက်သေးတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်နဲ့ခန္ဓာကို ချိုးနှိမ်ထားထား ဦးမကျိုးတဲ့ ပုံစံဆိုတာ ဒါမျိုးပဲလား။ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်တဲ့အမှုနဲ့ ကိုရန်နောင်တစ်ယောက် ၂၀၀၇ ဒီဇင်ဘာမှာ ပြန်အဖမ်းခံလိုက်ရတယ်။ ဒုတိယအကြိမ်မြောက် ထောင်ကျသွားပြန်တယ်။ အခုတော့ အင်းစိန် ထောင်ထဲမှာပေါ့။ သေချာပါတယ် သူ... လုံးဝ ဒူးမထောက် လက်မမြှောက်ပါဘူး။ ကျွန်တော်တို့ တစ်နေ့နေ့မှာ ပြန်ဆုံအုံးမှာပါဗျာ။

၂၀၀၉ ဆဲဗင်း ဇူလိုင် အမှတ်တရလေးပါ။

Sunday, July 5, 2009

Green from lonely dark



မှောင်လွန်းတဲ့ အထီးကျန်ညတွေမှာ
ရှင်သန်စိမ်းစို နေနိုင်ဖို့အရေး
သံယောဇဉ် ဆိုင်းကြိုးတွေ
မြဲမြဲခိုင်နေစေ...

Friday, July 3, 2009

Because you're special



ဘာရယ်တော့ မဟုတ်ပါဘူး။ အရည်မရ အဖတ်မရလေးပါပဲ။ ဒါကြောင့် ဘာတစ်ခုမှ မမျှော်လင့်ထားကြပါနဲ့။ မျှော်လင့်ထားပြီး မတွေ့လိုက် မမြင်လိုက်ရရင် စိတ်ပင်ပန်းမှာ စိုးလို့ပါ။ ကိုယ်ချင်းစာလို့ ကြိုပြောထားတာပါ။

ငယ်ငယ်တုန်းက အမှတ်တရ ပို့စ်ကဒ်တွေ၊ အရုပ်လေးတွေ လက်ဆောင်ရတာမျိုးကို မက်မောခုံမင်ခဲ့တယ်။ စားစရာနဲ့ အမှတ်တရ ပစ္စည်းတစ်ခုခု ဘယ်ဟာယူမလဲ မေးရင် ပစ္စည်းတစ်ခုခုကိုပဲ ရွေးမှာ အသေအချာပါပဲ။ အစားဆိုတာ စားပြီးရင် ချီးဖြစ်သွားမှာလေ။ အရွယ်ရောက်လာတော့ အမှတ်တရ ပို့စ်ကဒ်တွေ စာတိုက်ကနေ ပို့ရတာကို သဘောကျလာတယ်။ ခရစ်စမတ်မှာ ကျောင်းက ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတွေအတွက် ခရစ်စမတ်ကဒ်တွေ စာတိုက်ကနေ ထည့်ပေးဖူးတယ်။ သူတို့အိမ်ကို လမ်းလျှောက်ပြီး သွားပေးရင်တောင် ရောက်နိုင်ပေမယ့် စာတိုက်ကနေပဲ တကူးတက ပို့ခဲ့တာမျိုးပါ။ ဒါပေမယ့် ကျွန်တော့်မှာတော့ ဘယ်တုန်းကမှ ပို့စ်ကဒ် လက်ဆောင် ရတယ်ဆိုတာမျိုး မရှိခဲ့ပါဘူး။

မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန် ရှိတယ်ဆိုတာကို လက်ခံနိုင်ဖို့အတွက် ကြိုးစားခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ဖြတ်သန်းခဲ့တဲ့ဘ၀မှာ ကျွန်တော်ဟာ ဖြူစင်တဲ့ အပေးသမား သပ်သပ်ပါပဲ။ ပြန်ရလိုက်တယ်ဆိုတာ ဘာတွေရှိမလဲကို နေ့လည်ခင်း အလင်းအောက်မှာ မီးတုတ်ကိုင်ပြီး ရှာတာတောင် မတွေ့ခဲ့ရသေးပါဘူး။ အဲဒီတော့လည်း မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်ဆိုတာက ကျွန်တော့်အလှည့်ကျမှ ပြဒါးမှိန်သွားတာလားပေါ့။

ကံဇာတာ အလှည့်အပြောင်း ဆိုတာကလည်း မထင်မှတ်တဲ့အချိန်မှာ ဖြစ်တတ်ပြန်တယ်။ အဲဒီတော့လည်း အားမလျှော့တမ်း ဇွဲရှိရှိနဲ့ စောင့်ရအုံးမယ်။ ထူးခြားလာမှာပါလို့ အားတင်းရင်းနဲ့ပေါ့။

အခုတော့... ရောင်ပြန်ဟပ်တဲ့ မွေးနေ့ကဒ်တစ်ခု ရလိုက်ပါပြီလေ။ =)
Thank you, my dear.

Thursday, July 2, 2009

Personal Hygiene

တစ်ကိုယ်ရေ ကျန်းမာရေးစောင့်ရှောက်မှုကို ဂရုတစိုက် ကျင့်သုံးတာဟာ တုပ်ကွေးရောဂါ ကူးစက်မှုနှုန်းကို လျှော့ချနိုင်တဲ့ အဓိကနည်းဗျူဟာတွေထဲက အထိရောက်ဆုံး နည်းတစ်ခုပါပဲ။ အဲဒီနည်းက လူတိုင်းကိုယ်စီ လိုက်လုပ်နိုင်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက် အသုံးဝင်ဆုံးလို့လည်း ဆိုနိုင်ပါသေးတယ်။

လိုက်နာ ကျင့်သုံးသင့်တဲ့ အဓိက အချက်တွေက...

နှာချေ၊ ချောင်းဆိုးချင်တဲ့အခါမှာ နှာခေါင်းနဲ့ပါးစပ်တွေကို လက်နဲ့တိုက်ရိုက်မအုပ်ပဲ တစ်ရှူးစက္ကူစတွေ၊ လက်ကိုင်ပုဝါတွေနဲ့ အုပ်ပြီး နှာချေ ချောင်းဆိုးသင့်ပါတယ်။ တစ်ရှူးတွေ လက်ကိုင်ပုဝါတွေ အဆင်သင့် မရှိရင် အင်္ကျီလက်နဲ့ အုပ်ပြီး နှာချေ ချောင်းဆိုးပါ။ လက်နဲ့ တိုက်ရိုက် မထိတွေ့ခိုင်းတာက အဲဒီလက်ကနေတဆင့် တခြားအရာတွေကို ကိုင်မိတဲ့အခါ ဗိုင်းရပ်စ်ပိုးက အဲဒီမှာ ကျန်ခဲ့ပြီး ပျံ့နှံ့သွားနိုင်လို့ပါ။

နှာချေပြီးတဲ့အခါ တစ်ရှူးစက္ကူစနဲ့ နှာခေါင်းပတ်ဝန်းကျင်ကို သန့်ရှင်းပေးသင့်ပါတယ်။ ပြီးရင် သုံးပြီးသား အဲဒီတစ်ရှူးစကို တွေ့ကရာမှာ စည်းမဲ့ကမ်းမဲ့ မပစ်ရပါဘူး။ အမှိုက်ပုံးထဲမှာ စနစ်တကျ စွန့်ပစ်သင့်ပါတယ်။
နှာချေ၊ ချောင်းဆိုးပြီးတဲ့အခါ ဖြစ်နိုင်ရင် လက်ကို ဆေးကြောသင့်ပါတယ်။ တစ်ရှူးစနဲ့ ဖုံးအုပ်ပြီးမှ နှာချေ ချောင်းဆိုးတယ် ဆိုပေမယ့် အဆင်ပြေရင် လက်ဆေးတာဟာ မမှားပါဘူး။ ကိုယ့်ရှေ့မှာ တစ်စုံတစ်ယောက် အသုံးပြု ကိုင်တွယ်သွားတဲ့ပစ္စည်းကို မဖြစ်မနေ ကိုင်တွယ်ရတဲ့အခါမှာလည်း အဲဒါတွေ ကိုင်တွယ်ပြီးတဲ့အခါ လက်ဆေးသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်သန့်တာပေါ့။

နေမကောင်းတဲ့အခါ တခြားသူတွေဆီကို ရောဂါ မကူးသွားရလေအောင်... နှာခေါင်းစည်းကို သုံးသင့်ပါတယ်။ နှာခေါင်းစည်းကို အသုံးပြုပြီးတဲ့အခါမှာလည်း တွေ့ကရာ နေရာမှာ လွင့်မပစ်ပါနဲ့။ စနစ်တကျ စွန့်ပစ်ပေးပါ။ သုံးပြီးသား နှာခေါင်းစည်းကို ကိုင်တွယ်ပြီးတဲ့အခါမှာလည်း လက်ဆေးဖို့ မမေ့ကြပါနဲ့။

လက်ဆေးတဲ့အခါမှာလည်း ဆပ်ပြာနဲ့ သေသေချာချာ ဆေးသင့်ပါတယ်။ ဆပ်ပြာပွတ်ပြီး.. ပြီးပြီးရောဆိုပြီး ရေဆေးပြီး ထွက်လာတာမျိုး မလုပ်ကြပါနဲ့။ လက်ရဲ့ အပေါ်အောက် မျက်နှာစာနဲ့ လက်ချောင်း အားလုံးကို ဆပ်ပြာနဲ့ ပွတ်တိုက် ဆေးကြောရမှာပါ။ စက္ကန့် ၂၀ စာလောက် အချိန်ပေးလိုက်ပါ။ အပန်းမကြီးလှပါဘူးလေ။

အဲဒါဆို နင်လားဟဲ့ တုပ်ကွေးဆိုပြီး ကမ္ဘာကြီးက စိန်ခေါ်နိုင်ပြီပေါ့ဗျာ။

Wednesday, July 1, 2009

Be flu free

အစကတော့ ၀က်တုပ်ကွေး။ ၀က်တွေမှာတွေ့ရတဲ့ တုပ်ကွေးမိုလို့ ၀က်တုပ်ကွေး။ နောက်တော့ လူတွေဆီ ရောက်လာပြီ။ အခုချိန်မှာတော့ လူတွေကနေ လူအချင်းချင်းကို ကူးကုန်ကြပြီ။ စဖြစ်တဲ့ နိုင်ငံက မက္ကဆီကို။ အဲဒီဗိုင်းရပ်စ် စကာင်္ပူကို ရောက်လာတာက မေလ ၂၇ ရက်နေ့မှာ။ အခုတော့ ရန်ကုန်ကို ဆက်ရောက်သွားပြီ။

ရန်ကုန်ကို ၀က်တုပ်ကွေး ရောက်ပြီဆိုတာ နိုင်ငံပိုင်သတင်းစာက ကြေညာတော့ လူတွေလည်း ဘုမသိဘမသိ အလန့်တကြားတွေဖြစ် ခြောက်ခြားကုန်ပြီ။ နှစ်ပေါင်းများစွာ သတင်းအမှောင်ချခံရတာ များလွန်းတော့လည်း လူတွေလည်း ဟုန်သွား ထုံသွားကုန်တာလား။ ဒါမှမဟုတ် ရေစစ်ဇကာတွေ များလွန်းတဲ့ ပြည်တွင်းမီဒီယာက ပေးသမျှ သတင်းကို မယုံရဲတာလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။

ဝယ်လိုက်ကြတဲ့ နှာခေါင်းစည်းတွေ ပင်ရင်းဒိုင်တွေမှာတောင် ပစ္စည်းပြတ်ကုန်တယ်ဆိုပဲ။ ဈေးတွေကလည်း ခုန်တက်သွားပြီ။ ထုံးစံအတိုင်း ခေတ်ပျက်သူဌေးကြီးတွေ ပေါ်လာအုံးမယ်။ ပွဲလန့်တုန်း ဖျာဝင်ခင်းကြမယ့် အလှူရှင်ကြီးတွေ လာကြအုံးမယ်။ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ပြီး မဏ္ဍပ်တိုင် တက်ပြမယ့် လူကြီးမင်းတွေ တွေ့ရအုံးမယ်။ အော့နှလုံးနာ စိတ်ပျက်စရာတွေက ခြောက်ခြားစရာထက် ပိုမယ်လို့ မြင်နေမိပါတယ်။

စင်္ကာပူကျွန်းမှာ အဲဒီတုပ်ကွေးဗိုင်းရပ်စ် ရောက်နေတာ ၁ လ ကျော်နေပါပြီ။ ကူးစက်တဲ့ ဦးရေလည်း ၈၀၀ နီးပါး ဖြစ်နေပါပြီ။ ကျွန်တော် တွေ့သလောက်တော့ အများစုမှာ တုန်လှုပ်ခြောက်ခြားတဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ နေ့စဉ်ဓူဝ ဖြတ်သန်းနေတဲ့ ပုံစံလေးအတိုင်း ပုံမှန်လေးပဲ သွားလာလှုပ်ရှားနေကြပါတယ်။ မီဒီယာတွေမှာ နေ့စဉ်လိုလို အဲဒီဗိုင်းရပ်စ်အကြောင်း၊ ကူးစက်ခံနေရတဲ့ဦးရေကို သတင်းပေး ဖော်ပြနေလို့ပဲလား။ ဒါမှမဟုတ် စင်္ကာပူရဲ့ ကျန်းမာရေးဝန်ဆောင်မှု အဆင့်အတန်းကို ယုံကြည်အားထားလို့ပဲလား။ အများပြည်သူမြင်ကွင်းမှာ နှာခေါင်းစည်းတွေနဲ့ သွားလာ လှုပ်ရှားနေတာကို တွေ့ရတာ ရှားလွန်းလှပါတယ်။

အဲဒီတုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ပုံကို နားလည်သဘောပေါက်ထားခဲ့ရင် နှာခေါင်းစည်းတစ်ခုတည်းနဲ့ ကာကွယ်လို့ မရဘူးဆိုတာ သဘောပေါက်ကြမှာပါ။ ကူးစက်ပုံက... ဗိုင်းရပ်စ်ရှိနေတဲ့ အရာဝတ္ထုတစ်ခုခုကို လက်နဲ့ကိုင်မိပြီး အဲဒီလက်နဲ့ပဲ နှာခေါင်း၊ ပါးစပ်ကို ထိမိရင် ကူးစက်သွားနိုင်ပါတယ်။ နှာခေါင်းစည်းကြီး ကာထားပြီး ဗိုင်းရပ်စ်ရှိတဲ့လက်နဲ့ ထမင်းစား ရေသောက်ချိန်မှာ နှာခေါင်းတွေ ပါးစပ်တွေကို ထိမိရင်လည်း ကူးနိုင်တာပါပဲ။ အဲဒီတော့ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးဖို့က ပိုပြီး အရေးကြီးပါတယ်။

ကောင်းမွန်မှန်ကန်တဲ့ ကျန်းမာရေး အမူအကျင့်တွေ ရှိရင် ရောဂါကူးစက်မှာကို သိပ်ပြီး တွေးပူစရာ မလိုပါဘူး။ အစာ မစားမီ၊ အိမ်သာက ဆင်းလာတိုင်း၊ နှာချေ၊ ချောင်းဆိုးပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးသင့်ပါတယ်။ နှာချေ၊ ချောင်းဆိုးတဲ့အချိန်မှာ တစ်ရှူးစက္ကူ၊ ဒါမှမဟုတ် လက်ကိုင်ပုဝါနဲ့ ကာပြီးမှ နှာချေ ချောင်းဆိုးသင့်ပါတယ်။ နေမကောင်းဘူးလို့ ခံစားနေရရင် ဆရာဝန်ပြ ကုသသင့်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီကနေ သူများဆီကို မကူးရအောင် ကျောင်းသွားတာတို့၊ အလုပ်သွားတာတို့၊ ဈေးဝယ်ထွက်တာတို့ ရှောင်သင့်ပါတယ်။ အဲဒီအချိန်မှာ နှာခေါင်းစည်းကိုလည်း မဖြစ်မနေ သုံးသင့်ပါတယ်။

အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ နေ့တိုင်းလိုလို စားသင့်ပါတယ်။ ရေများများ သောက်ဖို့လည်း မမေ့သင့်ပါဘူး။ ကိုယ်ခံအားကောင်းဖို့အတွက် အိပ်ရေးဝဖို့ကလည်း အရေးကြီးလှပါတယ်။ အဲဒါကြောင့် အလုပ်ကြီးပဲ ဖိမလုပ်ပဲ အနားယူကြပါ။ သွေးလေလည်ပတ်မှု ကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ၁ နာရီစာကို တစ်ပတ်မှာ ၅ ရက်လောက် လုပ်သင့်ပါတယ်။ ဆေးလိပ်သောက်တာကလည်း ဗိုင်းရပ်စ်ကူးစက်ဖို့ အခွင့်အရေး ပိုများတဲ့အတွက် ဆေးလိပ်သောက်တတ်တဲ့သူတွေ ဆေးလိပ်သောက်တာကို လျှော့သင့်ပါတယ်။

အဲဒီလိုမှန်ကန်တဲ့ ကျန်းမာရေး အမူအကျင့်တွေ ရှိနေရင် ဒီဗိုင်းရပ်စ် ကူးစက်မှာကို တုန်လှုပ်ခြောက်ခြားစရာ မလိုတော့ပါဘူး။ အဲဒီတော့... ဘုမသိဘမသိ ကြောက်လန့်နေမယ့်အစား တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ မျှတကောင်းမွန်တဲ့ စားသောက်နေထိုင်မှုတွေနဲ့အတူ ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ။